လမ်းဆုံလမ်းခွ
ပါဠိလို မဂ္ဂ၊ မြန်မာလို လမ်း၊ လမ်းဟူသည် မိမိအပေါ်၌ သွားလာ နေသူတွေကို
လိုရာခရီးရောက်အောင် ပို့ဆောင်ပေးတတ်သော သဘောရှိသည်၊ သွားလမ်းသာလို့
လာလမ်းဖြောင့်ပါစေ၊ လမ်းမှန်မှ ကမ်း မှန်မည်၊ လမ်းကောင်းမှ
ကားကောင်းဝင်မည်၊ အလျင်လို လမ်းအိုလိုက် စသည်ဖြင့် လမ်းနှင့်စပ်၍
ပြောကြဆိုကြသည်။
ပဋ္ဌာန်း နှစ်ဆယ့်လေး ပစ္စည်းရှိရာတွင် မဂ္ဂပစ္စည်းလည်း တစ်ပါး အပါအ၀င်ဖြစ်သည်၊ မဂ္ဂပစ္စယောကို ရှေးဆရာတို့ အနက် မြန်မာပြန်ဆိုရာ၌ ''ပကတိလမ်း လိုရာမြန်းဖို့ ဆောင်စွမ်းသည့်နှယ် သတ္တိကြွယ် သို့ သွယ်သွယ်တကွ ဖြစ်သမျကို ကိစ္စ အာရုံလိုရာ ကြုံအောင် ပို့ဆောင်နိုင်သော သတ္တိထူးဖြင့် ကျေးဇူးပြုတတ်သော မဂ္ဂင်တစ်ဆယ့်နှစ်ပါး ပစ္စည်း တရားသည် အတ္ထိ-ပုဂ္ဂိုလ်သတ္တ၀ါ ငါသူမနှော တရားသဘော ထင်ရှား ရှိပါသည်တကား''ဟု အနက် မြန်မာပြန်ဆိုသည်။
လူသွားဖို့အတွက် လူသွားလမ်းရှိရမည်၊ လှည်းသွားဖို့အတွက် လှည်းလမ်းရှိရမည်၊ ကားသွားဖို့ အတွက် ကားလမ်း ရှိရမည်၊ ရထားသွားဖို့ အတွက် ရထားလမ်းရှိရမည်၊ ရေကြောင်းမှာလည်း သူ့လမ်းနှင့်သူ၊ လေကြောင်းမှာလည်း သူ့လမ်းနှင့် သူရှိကြသည်၊ လမ်းကောင်းဖို့လို သည်၊ လမ်းညံ့လို့မဖြစ်၊ လမ်းမှန်ဖို့ လိုသည်၊ လမ်းလွဲလို့မဖြစ်၊ လမ်းမှားလို့မဖြစ်။
လမ်းမှန်မှ ကမ်းမှန်မည်၊ လမ်းမမှန်လျင်တော့ ကမ်းလည်း မှန်လိမ့်မည်မဟုတ်၊ ကမ်းဟူသည် ဆိုက်ကပ်ရာ၊ ဆိုက်ရောက်ရာ အရပ်ဖြစ်သည်၊ မှန်သောလမ်းက သွားမှ မှန်သောကမ်းကို ရောက်မည်၊ မိမိတို့ ယခုဘယ်နေရာ ရောက်နေသလဲ၊ ကြည့်လိုက်၊ မိမိတို့ရောက်နေသည့်၊ ရနေသည့်နေရာသည် ကောင်းသလား၊ ဆိုးသလား၊ မှန်သလား၊ မှား သလား၊ ဖြစ်သင့်သည်လား၊ မဖြစ်သင့်သည်လား၊ ကြည့်လိုက်၊ ကောင်းသည်၊ မှန်သည်၊ ဖြစ်သင့်သည်ဟု ယူဆလျင် မိမိတို့ လျောက်ခဲ့သောလမ်း၊ လျောက်နေသော လမ်းသည် ကောင်းသည်၊ မှန်သည်၊ ဖြစ်သင့်သည်ဟု ယုံကြည်လိုက်။
မိမိတို့စိတ်သည် အိပ်ချိန်မှအပ ကျန်အချိန်တွင် တွေးတော ကြံဆနေသည်၊ နှုတ်ကလည်း ပြောဆိုနေသည်၊ လက်ကလည်း လုပ်ကိုင်နေသည်၊ ထိုသို့ မနောကံ ၀စီကံ ကာယကံတွေ အချိန်ပြည့် ဖြစ်နေသည်၊ ထိုကံသုံးပါးသည် လမ်းဖောက်နေ ခြင်း၊ လမ်းထွင်နေခြင်းဖြစ်သည်။
လူတိုင်း ကိုယ့်လမ်းကိုယ်ဖောက် နေကြသည်၊ လမ်းကောင်းမှ ကမ်းလည်း ကောင်းမည်၊ လမ်းမှန်မှ ကမ်းလည်း မှန်မည်၊ ကိုယ့်လမ်း ကိုယ်ဖောက်တော့ ကိုယ့်စခန်းကိုယ် ရောက်ကြမည်မှာ အမှန်ဖြစ်သည်၊ အရေးကြီးတာက ကိုယ်ဖောက်သည့်လမ်းနှင့် ကိုယ်လျောက်သည့် လမ်းကို မှန်မှန်ကန်ကန် သိဖို့ ဖြစ် သည်၊ နောက်တစ်ခုက ကိုယ်ဘယ်နေရာ ရောက်နေတာလဲ ဆိုတာ သိဖို့လိုသည်၊ ကိုယ်ရောက်နေသည့် နေ ရာကိုသိလျင် ကိုယ်လျောက်ခဲ့သည့် လမ်းကိုလည်း မြင်နိုင်သည်။
သရဏဂုံအစ အရဟတ္တဖိုလ် အကျဗုဒ္ဓလမ်းစဉ်ဆုံး၊ ဗုဒ္ဓလမ်းစဉ် လျောက်နေလျင် လူတွင်အမြတ်ဆုံး ဟု ဆရာမြတ်တို့ ဆိုခဲ့ကြ၏၊ ဗုဒ္ဓ လမ်းစဉ်သည် ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမံ္မ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိဟူသော သရဏဂုံသုံးပါးက စ၏၊ အရဟတ္တဖိုလ်တွင် ဆုံး၏၊ ဗုဒ္ဓ ချမှတ်ခဲ့သော လမ်းစဉ်ပေါ်တွင် လျောက်နေသူသည် အမြတ်ဆုံး လူသားဟု ဆို၏။
ဗုဒ္ဓဘာသာဝင်တို့သည် ဘုရား တရား သံဃာ ရတနာမြတ်သုံးပါးမှ တစ်ပါးကိုးကွယ်ရာမရှိ၊ ကိုးကွယ်ရာ မရှာကောင်း၊ အခြားနတ်စသည်၊ ပုဂ္ဂိုလ်ထူးစသည်တို့သည် ပူဇော် ကောင်း၏၊ ပသကောင်း၏၊ အားကိုးချင်သပ ဆိုလျင်လည်း အားကိုးလို့ရ၏၊ သို့သော် မကိုးကွယ်ကောင်း၊ အထွတ်အမြတ် မထားကောင်း၊ အထွတ်အမြတ် ထားခဲ့လျင်၊ ကိုးကွယ်ခဲ့လျင် သည်ကစ၍ လမ်းကမှားပြီ၊ လမ်းကလွဲပြီ။
ဗုဒ္ဓ၏ မဇ္ဈိမပဋိပဒါလမ်းစဉ်သည် သဿတဒိဋ္ဌိ-တည်မြဲအစွန်း
လည်းလွတ်၏၊ ဥစ္ဆေဒဒိဋ္ဌိ- ပြတ်စဲ အစွန်းလည်း လွတ်၏၊ တည်မြဲသည်ဟု ယူဆ၊
တည်မြဲအောင် ကြံဆောင်၊ တည်မြဲအောင် လုပ်လျင် သဿတဒိဋ္ဌိ အစွန်းဖြစ်၏၊
ပြတ်စဲသည်ဟု ယူဆ၊ ပြတ်စဲရမည်ဟု ကြံ ဆောင်၊ ပြတ်စဲအောင် လုပ်လျင် ဥစ္ဆေဒဒိဋ္ဌိ
အစွန်းဖြစ်၏၊ ထိုအစွန်းနှစ်ပါး ကနေလွတ်မှ သမ္မာဒိဋ္ဌိ ဖြစ်၏၊ တစ်နည်းအားဖြင့်
အစွန်းနှစ်ပါးသည် တပ်စွဲအစွန်းနှင့် ပြတ်စဲအစွန်းဖြစ် ၏၊ တပ်စွဲနေလျင်လည်း
အစွန်းဖြစ် ၏၊ ပြတ်စဲ ဆိုလျင်လည်း အစွန်းဖြစ် ၏၊ ထိုနှစ်ပါးကိုရှောင်မှ
မဇ္ဈိမပဋိပဒါ၊ အစွန်းလွတ်၏၊ တစ်နည်းခံစားမှု (ဇိမ်ခံမှု) အစွန်းနှင့် အငတ်ခံ
(အငတ်ထား)အစွန်းဖြစ်၏၊ ဇိမ်ခံလျင်လည်း အစွန်းဖြစ်၏၊ အငတ်ခံလျင် လည်း
အစွန်းဖြစ်၏။
သိဒ္ဓတ္ထသည် ထီးနန်းစိုးစံစဉ် က ဇိမ်ခံခဲ့သဖြင့် တောထွက်သော အခါ အငတ်ခံ၍ ကျင့်ကြည့်၏၊ နှစ်ခုလုံးမှာ အစွန်းထွက်နေ၏၊ လမ်းလွဲနေ၏၊ လမ်းမှားနေ၏၊ ထို့ကြောင့် ဇိမ်ခံရာလည်းမရောက်၊ အငတ်ခံရာ လည်းမရောက်၊ အလယ်အလတ်၊ မျမျတတ၊ မဇ္ဈိမ ပဋိပဒါကျကျ ကျင့်ပါမှ လမ်းမှန်ရောက်၍ စခန်းမှန် ပေါက်ကာ ဘုရားဖြစ်ခဲ့၏။
ပဉ္စ၀ဂ္ဂီတို့အား ငါသည် လမ်းမှန်တွေ့ခဲ့ပြီဟု မိန့်ကာ မဇ္ဈိမပဋိပဒါ လမ်းစဉ်ကို ချပြတော်မူသည်။ ထို မဇ္ဈိမပဋိပဒါ လမ်းစဉ်၏ အစသည် သရဏဂုံ သုံးပါးဖြစ်၏၊ အဆုံးကား အရဟတ္တဖိုလ်ဖြစ်၏၊ ထို့ကြောင့် ဆရာမြတ်တို့က သရဏဂုံအစ အရဟတ္တဖိုလ် အကျ ဗုဒ္ဓလမ်းစဉ်ဆုံး၊ ဗုဒ္ဓလမ်းစဉ် လျောက်နေလျင် လူတွင် အမြတ်ဆုံးဟု မိန့်ခဲ့ကြသည်။
ဗုဒ္ဓ၏ မဇ္ဈိမပဋိပဒါ လမ်းစဉ် သည် နေရာတိုင်း၊ ကိစ္စတိုင်း၌ အသုံးဝင်၏၊ နေရာတိုင်း၊ ကိစ္စတိုင်းမှာ မဇ္ဈိမပဋိပဒါကျကျ ကျင့်သုံးမှသာ အောင်မြင်၏၊ မဇ္ဈိမပဋိပဒါမကျ လျင် အစွန်းထွက်နေသည်၊ အစွန်း ထွက်နေလျင် ထိုအစွန်းက တစ်စုံ တစ်ဦးကို ထိခိုက်မှုရှိမည်မှာ အမှန် ဖြစ်သည်၊ သက်ရှိပုဂ္ဂိုလ်တို့၏ ပယောဂကြောင့် တစ်စုံတစ်ဦးမှာ ထိခိုက်မှု၊ နစ်နာမှု၊ ဆုံးရှုံးမှုရှိသည် ဆိုလျင် အစွန်းထွက် နေခြင်းကြောင့် သာဖြစ်၏။
အမှန်ကို အမြန်မလိုက်လို့ မမီနိုင်၊ မှန်မှန်လျောက် ခရီးရောက် ဟူသော စကားရပ်တို့၌ အမှန်ဟူသည် မဇ္ဈိမပဋိပဒါဖြစ်၏၊ နေရာတိုင်း၊ ကိစ္စတိုင်းမှာ မဇ္ဈိမပဋိပဒါ လွတ်၍မရ၊ လွတ်ခဲ့လျင် အစွန်းရောက်တော့သည်သာ၊ အစွန်းရောက် လျင်လည်း ထိခိုက်နစ်နာမှုရှိတော့ မည်သာ။
ဗုဒ္ဓ၏ မဇ္ဈိမပဋိပဒါလမ်းစဉ် ဟူသည် အများသိနေကြသော မဂ္ဂင်ရှစ်ပါးသာတည်း။ သမ္မာဒိဋ္ဌိ- အမြင်မှန် ရမည်၊ အမှန်မြင်ရမည်၊ အယူအဆမှန်ရမည်၊ သမ္မာသင်္ကပ္ပ- အတွေးအခေါ်မှန်ရမည်၊ သမ္မာဝါ စာ- အမှန်ပြောရမည်၊ သမ္မာ ကမ္မန္တ- အမှန်လုပ်ရမည်၊ သမ္မာအာ ဇီဝ- သူတစ်ပါးတို့ ထိခိုက် နစ်နာမှုကင်းသော အသက်မွေးမှုရှိရမည်၊ သမ္မာဝါယမ- အားထုတ်မှု၊ ကြောင့်ကြစိုက်မှု မှန်ရမည်၊ သမ္မာသတိ- စိတ်နေမှန်ရမည်၊ သမ္မာသမာဓိ- စိတ်ထားမှန်ရမည်။
လောကုတ္တရာ လမ်းစဉ်၌လည်း ထိုရှစ်ပါးနှင့် ညီရမည်၊ လောကီ လမ်းစဉ်၌လည်း ထိုရှစ်ပါးနှင့်ညီရ မည်၊ လောကုတ္တရာ နိဗ္ဗာန်ကိုလည်း ထိုလမ်းကသာ သွားရမည်၊ လောကီ နိဗ္ဗာန်ကိုလည်း ထိုလမ်းကသာသွား ရမည်၊ လောကီနိဗ္ဗာန်ဟူသည် စားဝတ်နေရေး ပြည့်စုံချမ်းသာ၍ နေလို့ ထိုင်လို့ လုပ်လို့ကိုင်လို့ ရှာလို့ဖွေလို့ ကောင်းသော အရပ်တည်း။
လမ်းဟူသည် ဖြောင့်သော လမ်းရှိသည်၊ ကွေ့သော လမ်းရှိ သည်၊ ကောက်သော လမ်းရှိသည်၊ ညီသော လမ်းရှိသည်၊ မညီသော လမ်းရှိသည်၊ လမ်းဆုံလမ်းခွလည်း ရှိသည်၊ စာရေးသူတို့ ငယ်ငယ် အမရပူရ၌ နေစဉ်က လမ်းငါးခွ သည် အများသိသော နာမည်ကြီး အရပ်ဖြစ်သည်၊ ရန်ကုန်၌လည်း ယခင်တာမွေအ၀ိုင်း၊ ယခု တာမွေ လမ်းဆုံသည် လမ်းငါးခွ ရှိသည်၊ လမ်းဆုံလမ်းခွဟု ခေါ်ရသည်၊
လူ့ဘုံ လူ့ဘ၀သည်လည်း သုံးဆယ့် တစ်ဘုံ၏
လမ်းဆုံလမ်းခွဖြစ်သည်၊ အထက်ဘ၀ဂ်ကို တက်ချင်သလား၊ အောက်အ၀ီစိကို
ဆင်းချင်သလား၊ သွားလိုရာ သွားလို့ရသည်၊ မိမိတို့သည် ဘယ်လမ်းကို ဖောက်မလဲ၊
ဘယ်လမ်းကို လျောက်မလဲ၊ စိတ်ကောင်း စေတနာကောင်းနှင့် လမ်းဖောက်လျင်
အထက်ကိုတက်သွား မည်၊ အမြင့်ကို ရောက်သွားမည်မှာ သေချာသည်၊ စေတနာမပါ၊
စိတ်ကောင်းမရှိ၊ သစ္စာမေတ္တာ နတ္ထိ ဆိုလျင်တော့ အောက်ရောက်ရမည်မှာ သေချာသည်။
ယခုဘ၀၊ ယခုအချိန်၊ ယခုလက်ရှိ အနေအထားသည်ကား လမ်းဆုံလမ်းခွ ဖြစ်ပါသည်၊
ကြိုက်ရာလမ်းကို ရွေးချယ်ကြဖို့ ဖြစ်သည်။