Tuesday, September 11, 2012

သောကဖြစ်လေ...ကုသိုလ်ဝင်..


 သောကဖြစ်လေ...ကုသိုလ်ဝင်..
နှလုံးသားမှာ ဓမ္မတံဆိပ်ကပ်ထားလိုက်ရင်...သောကဆိုတဲ့အပူတွေလာရောက်မကပ်ငြိနိုင်ပါဘူး။ နှလုံးသားမှာ အချစ်(တဏှာ)တံဆိပ်ကပ်ထားနေသမျှတော့ သောကဆိုတဲ့အပူတွေတငွေ့ငွေ့လောင်မြိုက်နေဦးမှာပါပဲ..။
       
တစ်ခါတုန်းက ဘုရားလောင်းအမည်ရှိသော သုဇာတသည် သူကြွယ်မျိုး၌ဖြစ်ပါတယ်။ တနေ့သောအခါ အဘိုးကွယ်လွန်ခဲ့ရာ ဖခင်ဖြစ်သူမှာ သောကပူလောင်ပြီး သောကပြေစေရန် ဖခင်၏အရိုးကြွင်းများကို ဥယျာဉ်ထဲမှာ အရိုးအိုးစေတီအဖြစ် တည်ထားလိုက်ပါတယ်။ ဖခင်ဖြစ်သူမှာ နေ့စဉ် ထမင်းမစား၊ ရေမသောက်ဘဲ နေ့စဉ်သာငိုကြွေးနေပါတော့တယ်။ အဲဒါကို သားဖြစ်သူ သုဇာတက ဖခင်ဖြစ်သူကို ဒီလိုကြီးထားလို့တော့မဖြစ်သေးဘူး တစ်ခုခုတော့လုပ်ဦးမှာပဲဆိုပြီးစိတ်ကိုဆုံးဖြတ်လိုက်ပါတယ်။
 
နောက်တစ်နေ့ နွားသေကောင်းတစ်ကောင်ရှေ့၌ မြက်နှင့်ရေးများကိုချပေးပြီး “ဟ နွား စားစမ်းပါ၊ သောက်စမ်းပါ”ဟု တိုက်တွန်းစကားပြောနေလိုက်ပါတယ်။ အဲဒါကို လမ်းသွားလမ်းလာများကမြင်ပြီး မောင်သုဇာတတော့ ရူးပြီးထင်တယ်ဟေ့ဆိုပြီး သတင်းပျံ့နှံသွားပါတော့တယ်၊ ဒါပေမယ့် မောင်သုဇာတအရေးမစိုက်ကျွေးနေမြဲကျွေးနေဆဲပင်ဖြစ်ပါတယ်။ လူသတင်းလူချင်းဆောင်သလို သတင်းစကားကို ဖခင်ကြားသွားပါတော့တယ်။ ဖခင်ဖြစ်သူက” ငါ့သား ငါ့သားက ပညာရှိမဟုတ်ပါလား၊ ဘာလို့နွားသေကောင်းကို မြက်နှင့်ရေများကို ပေးနေကျွေးနေရတာလဲ၊ ဒီလောက်တောင်ပညာနည်းပါရသလား”ဟု ပြောလိုက်ပါတယ်။
 
သားဖြစ်သူမောင်သုဇာတကလည်း” အဖေ ဒီနွားမှာက ခြေ၊လက်၊ဦးခေါင်းစသည့်ကိုယ်အင်္ဂါတွေရှိနေသေးသောကြောင့် ပြန်ထလာနိုင်သေးတယ်မို့လား၊ သေလွန်ပြီးသော သား၏အဘိုးမှားမူ မည်သည့်ကိုယ်အင်္ဂါများမှမရှိတော့ပါ၊ စေတီရင်းမှာ သွားသွားငိုနေသော အဖေသည်သာလျှင်ပညာနည်းသူဖြစ်နေတာမို့လား” လို့ပြန်ပြောလိုက်ပါတယ်။ အဲဒီအခါကျမှ ဖခင်ဖြစ်သူသတိသံဝေဂ အသိမှန်တွေစပြီးတော့ရသွားလျှက် ဘယ်တော့မှမငိုတော့ဘဲ သားမြတ်ရတနာ မောင်သုဇာတ၏ သောကဖြေနည်းနိဿရည်ကိုသဘောကျကာ သောကမျက်ရည်တွေရပ်စဲသွားပါတော့တယ်။
ဇာတ်လမ်းလေးကတော့ ဒီလောက်ပါပဲ၊ အထက်ပါဇာတ်လမ်းလေးကို စဉ်းစားကြည့်ရအောင်ပါ။ သောက လူတိုင်းခံစားဖူးတယ်၊ ပူသလား,အေးသလားလူတိုင်းသိတယ်။ မိမိက သောကဖိစီးနေရပြီးဆို မောင်သုဇာတ နည်းလမ်းလေးကို ကျင့်သုံးသွားဖို့ပဲ။ ခံစားနေမည့်အစား တစ်ခြားသောနည်းလမ်းဖြင့် ဖြေဖျောက်လိုက်ပါ။ ဒါဆိုရင် အနည်းနဲ့အများတော့ ပြေပျောက်သွားမှာသေချာပါတယ်။ ကိုယ်ကပုထုဇဉ်ပဲ သောကဖြစ်မှာပေါ့၊ မထူးစမ်းပါဘူး။ တစ်မဂ်တစ်ဖိုလ်မရသေးသမျှတော့ တစ်နည်းမဟုတ်တစ်နည်းပြဿနာမျိုးဆုံးဖြင့် တွေ့နေရမှာပါပဲ။ 
 
ဒါကြောင့်မို့လည်းဘုရားကပြောထားတယ်-တဏှာယ ဇာယတီ သောကော-တဏှာကြောင့် စိုးရိမ်မူသောကတွေဖြစ်ရတယ်တဲ့။ အဓိကက မိမိရဲ့ နှလုံးသားထဲမှာ ဓမ္မတံဆိပ်ကပ်ထားမိလိုက်ဖို့ပါ။ မိမိရဲ့ မိတ်ဆွေသူငယ်ချင်းပဲဖြစ်ဖြစ်၊ မိဘပဲဖြစ်ဖြစ် သောကခံစားနေရတာကိုတွေ့သောအခါ နည်းလမ်းကောင်းလေးတွေပေးတတ်ဖို့ပဲလိုပါတယ်။ ဒီနေရာမှာ သားသမီးသုံးမျိုးရှိသည့်အနက်  မောင်သုဇာတလို မိဘထက်သာလွန်ကဲမြတ်သော “အတိဇာတ”သားကောင်းရတနာဖြစ်ဖို့လိုပါတယ်။ ဘာပဲဖြစ်ဖြစ် မိမိစိတ်ထဲမှာသောကဖြစ်နေတယ်ဆိုရင် င့ါဘာကြောင့်သောကဖြစ်တာလဲလို့ အရင်စဉ်းစားလိုက်ပါ၊ အကြောင်းအရင်းကိုရှာ၊ သောကကိုနည်းအောင်လုပ်၊ မလျော့ချင်နေ မတိုးမိစေနှင့် အဲဒါကို မိမိက ကျော်ဖြတ်နိုင်ပါမှ တကယ်အောင်နိုင်သူစားရင်ထဲပါသွားမှာပါ။ 
 
တစ်နည်း-   ငါသောကဆိုတဲ့ပူလောင်မူ့တွေဖြစ်နေပါလား၊ ငါသောကဆိုတဲ့ပူလောင်မူတွေဖြစ်နေပါလားလို့ ထပ်ခါထပ်ခါ ဆင်ခြင်းပွားများလိုက်ပါ၊ အဲဒါကတော့ သောကကို ၀ိပဿနာဖြင့်ဖြေဖျောက်လိုက်တာပါပဲ။ မကောင်းတဲ့အရာတွေနဲ့တော့ မဖြေဖျောက်လိုက်ပါနဲ့၊ အဲဒီအရာတွေက တစ်ခဏပဲဖြေဖျောက်ပေးနိုင်မှာမို့ပါ။ မိမိက ဘာလုပ်ရမှန်းမသိဘူးဆိုရင် တရားနာပေးပါ၊ ဘုရားခန်းထဲသွားပြီးအနည်းဆုံး ဆယ်မိနစ်ဆယ့်ငါမိနစ်လောက်တရားမှတ်ပေးလိုက်ပါ၊ ဒါဆိုရင်လည်းသောကတွေနည်းနည်းပါးပါးတော့လျော့သွားမှာ သေချာပါတယ်။ သောကဖြစ်လာလျင် မိမိရဲ့ဥာဏ်ကို အသုံးချပြီးပြင်ယူသွားတတ်ဖို့ပဲလိုပါတယ်၊ သောကဖြစ်နေတာပါလာဆိုပြီး ထိုင်တွေးထိုင်ငေးနေလို့လဲ သောကက ပြေပျောက်သွားမှာမဟုတ်ပါဘူး။ စာရေးသူရဲ့ မိတ်ဆွေတစ်ယောက်သူ့အကောင့်မှာရေးထားတာလေးကိုပြေးပြီးမြင်မိတယ်၊ သူရေးထားတာက- ငိုလိုက်လို့သာ သောကအပူတွေနည်းသွားမယ်ဆိုရင် ပင်လယ်သမုဒ္ဒရာကြီးပြည့်သွားအောင် ငိုလိုက်ချင်ပါတယ်တဲ့၊ 
 
အဲဒီစာသားလေးကိုနှစ်သက်မိတယ်၊ သောကအပူတွေငိုလိုက်လို့သာ ပြေပျောက်သွားမယ်ဆိုရင် စာရေးသူလည်း ငိုသာချလိုက်ချင်ပါတော့တယ်။ ပြောချင်တာက ငိုလိုက်လို့သောကတွေပြေပျောက်သွားမယ်ဆိုရင်တော့ငိုသာချလိုက်ပါ။ နောက်ဆုံးမိမိက သောကကို ၀ိပဿနာဖြစ်သာအနိုင်ယူပြီးဖြေဖျောက်နိုင်မယ်ဆိုရင် သောကဖြစ်လေ ကုသိုလ်တွေဝင်နေမှာမို့ ဖြစ်လိုက်စမ်းပါသောကရယ်ဆိုပြီးဝမ်းတောင်သာလာနိုင်ပါတယ်။ အတွေးတစ်ချက်ထပ်ဝင်လာက မောင်သုဇာတက ပတ်ဝန်းကျင်ရဲ့ရိုက်ခတ်သံတွေကို နားမယောင်ဘဲ မိမိလုပ်စရာရှိတာကိုသာလုပ်လိုက်သောကြောင့် သူ့ရဲ့စိတ်ကူးတွေကအောင်မြင်ခဲ့ရတာပါ၊ အဲဒိတော့ မိမိက ဘာပဲလုပ်လုပ် ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်သံတွေကိုခံနိုင်ရည်ရှိအောင်ကြိုးစားသင့်တယ်ဆိုတာလေးကိုလည်း မှတ်သားသင့်တဲ့အချက်တစ်ခုပါဆိုတာ မိမိရင်ထဲထည့်ထားစေလိုပါတယ်။
 
 ကဲ..စာဖတ်သူရေ.. သောကဆိုတဲ့ပူပန်မူ ဖြစ်လာပြီးဆိုတိုင်း ခံစားနေမည့်အစား တနည်းနည်းဖြင့်ဖြေဖျောက်နိုင်ပါစေလို့ဆန္ဒပြုရင် သောကဖြစ်လေကုသိုလ်တွေဝင် သို့မဟုတ် သောကဖြေဖျောက်နည်း ဆိုတဲ့ဆောင်းပါးကိုလင်္ကာလေးဖြင့်အဆုံးသတ်လိုက်ရပါတော့တယ်..။ နှလုံးသားမှာ ဓမ္မတံဆိပ်ကပ်ထားလိုက်ရင်...သောကဆိုတဲ့အပူတွေလာရောက်မကပ်ငြိနိုင်ပါဘူး။ နှလုံးသားမှာ အချစ်(တဏှာ)တံဆိပ်ကပ်ထားနေသမျှတော့ သောကဆိုတဲ့အပူတွေတငွေ့ငွေ့လောင်မြိုက်နေဦးမှာပါပဲ..။
  စာဖတ်သူအားလုံး ဒီဆောင်းပါးလေးကို ဖတ်ပြီးအသိဥာဏ်လေးတွေရသွားကြပါစေ..ရသည့်အလျောက်ကျင့်နိုင်ကြပါစေ...
ကျင့်သည့်အလျောက်မဂ်ဖိုလ်နိဗ္ဗာန်ရဲ့အထောက်အပံ့ကောင်းတွေဖြစ်ကြပါစေ….။
 
လပြည့်ဝန်း(သာစည်)
ဘ၀အရေး စိတ်အေးရဖို့ ဓမ္မအသိရှိလျက်နေကြစို့။
ကျမ်းကိုး        ။ မဏိကုဏ္ဍလ၀ဂ်၊ သုဇာတဇာတ်တော်။
                   ။ဓမ္မပဒ (၂၁၆)