Sunday, April 29, 2012

လူငယ်ဆိုတာ အဖြူထည်လေးတွေပါ

 
လူငယ်ဆိုတာ အဖြူထည်လေးတွေပါ
 
တစ်ခါတလေ အွန်လိုင်းမှာ စာတွေရေးနေတဲ့ ဘုန်းဘုန်းကို တစ်ချို့က လူငယ်တွေနဲ့ ပတ်သက်ပြီး ဆုံးမစာတွေ များများလေး ရေးပေးဖို့ လျှောက်ထားတောင်းဆိုတာတွေ ရှိတတ်ပါတယ်။ အထူးသဖြင့် ပြည်ပရောက် မြန်မာလူငယ်များအကြောင်း၊ မြန်မာတွေရဲ့ အသောက်အစား၊ လောင်းကစားနဲ့ အပျော်အပါးတွေမှာ အလွန်အကျွံ ဖြစ်နေတဲ့အကြောင်း၊ ကိုယ့်ကျင့်တရားတွေ ပျက်ပြားနေပြီး ဘာသာတရားနဲ့ ဝေးကွာနေတဲ့အကြောင်း စသဖြင့် သူတို့သိနေတာလေးတွေ ပြောပြရင်း ဘုန်းဘုန်းရဲ့ ကလောင်အားနဲ့ တားဆီးပေးဖို့ လျှောက်ထားလာကြပါတယ်။ လူတွေဆိုတာက လူအချင်းချင်းပြောရင် လက်မခံချင်တဲ့ သဘောတွေရှိတဲ့အတွက် ဘုန်းဘုန်းတို့လို သာသနာ့ဝန်ထမ်း ရဟန်းတော်တွေရဲ့အားနဲ့ အမှားလေးတွေကို ပြုပြင်ပေးစေချင်တဲ့ သဘောပဲ ဖြစ်ပါတယ်။ ကောင်းစေချင်တဲ့ စေတနာ အရင်းခံ လျှောက်ထားလာတာဖြစ်လို့ ဘုန်းဘုန်းတို့ အနေနဲ့လည်း အမှန်ကိုပြောရင် မကြိုက်တတ်တဲ့ လောကကြီးမှာ မကြိုက်တာကို ဘေးဖယ်ပြီး ကောင်းတာလေးတွေနဲ့ ပြောင်းစရာလေးတွေကို ပေးနိုင်အောင် ကြိုးစားရတာ ဖြစ်ပါတယ်။
အမှန်တော့ အကျင့်ပျက် ချစားပြီး မကောင်းမှုတွေမှာ အားပါကာ ဘာသာတရားနဲ့ ဝေးလာနေကြတဲ့ သူတွေဟာ လူငယ်တွေချည်းပဲ မဟုတ်ပါဘူး။ လူရွယ်လူကြီးတွေလည်း အများကြီး ရှိနေတတ်ပါတယ်။ လူလတ်ပိုင်းနဲ့ လူကြီးပိုင်းတွေက ပိုလို့တောင် ဆိုးနေမလားပဲ။ တစ်ခါတလေ လူငယ်တွေ ပြောင်းလဲပျက်ဆီး စေတဲ့အကြောင်းတွေထဲမှာ အဲဒီလူရွယ်၊ လူကြီးတွေရဲ့ နည်းပေးလမ်းပြမှုတွေက အများကြီး ပါနေတာကို တွေ့ရတတ်ပါတယ်။ ကလျာဏမိတ္တဆိုတဲ့ မိတ်ကောင်းဆွေကောင်း နည်းပေးလမ်းပြမှု ကောင်းထဲမှာ မပါဝင်တဲ့ လူရွယ်လူကြီးတွေနဲ့ တွေ့ဆုံပေါင်းသင်းမိကြတဲ့ လူငယ်များဟာ အဲဒီ စီနီယာကြီးတွေရဲ့ အားပေးအားမြောက် ပြုမှုတွေကြောင့် တစ်ခါမှမလုပ်ဖူးတဲ့ အသောက်အစား၊ အလောင်းအစားနဲ့ အပျော်အပါးတွေမှာ လုပ်လာတတ်တော့တာ ဖြစ်ပါတယ်။ အလုပ်ပင်ပန်းတာရယ်၊ စိတ်ဖိစီးမှု များနေတာရယ်၊ လွတ်လပ်တာရယ်၊ ဘာသာတရား၊ အသိပညာ အခြေမခိုင်တာတွေရယ်၊ မကောင်းတဲ့ မိတ်ဆွေအပေါင်း အသင်းကို ပေါင်းမိတာတွေရယ် စတာတွေက လူငယ်တွေကို မကောင်းတဲ့ဘက်မှာ ရုန်းမထွက်နိုင်အောင် ဖြစ်စေတတ်တဲ့ သဘောတွေ အများကြီးရှိပါတယ်။
တကယ်တမ်း ပြောရရင် လူငယ်လေးတွေဟာ အဖြူထည်လေးတွေပဲ ဖြစ်ပါတယ်။ ပတ်ဝန်းကျင်ကောင်းရင်၊ မိတ်ဆွေအပေါင်းအသင်းကောင်းရင်၊ ပင်ကိုသဒ္ဓါတရား အားကောင်းရင် အလွယ်တကူ ပြုပြင်ပြောင်းလဲနိုင်တဲ့ အဖြူထည်ကောင်းလေးတွေပဲ ဖြစ်ပါတယ်။ တစ်ခါတလေ သူတို့ကို ဆုံးမဖို့ ပြောကြပေမယ့် သူတို့ကိုယ်တိုင်ကတော့ ဘုန်းဘုန်းတို့ ဆုံးမတဲ့ အဆုံးအမ၊ အသိပညာပေးမှု အပိုင်းတွေမှာ မသိကြလို့ မဟုတ်ကြပါဘူး။ လူငယ်အတော်များများ သိကြပါတယ်။ သူတို့လေးတွေရဲ့ လုပ်ရပ်လေးတွေ မကောင်းဘူးဆိုတာလည်း သူတို့ကိုယ်တိုင် သိကြပါတယ်။ ခက်တာက အဲဒီ အသိနောက်ကို ကိုယ်ကိုယ်တိုင်ကလိုက်ပြီး ရုန်းမထွက်နိုင်ကြတာပဲ ဖြစ်ပါတယ်။ ရုန်းထွက်မယ်လို့ ကြံမိရင်လည်း ခုနပြောခဲ့တဲ့ စီနီယာကြီးတွေရဲ့ အဆွယ်အပြောလေးတွေကြောင့် မရုန်းထွက်နိုင်ဘဲ ဖြစ်နေတာလည်း ရှိနေတတ်ပါတယ်။
ဘုန်းဘုန်းအနေနဲ့ ဘာဖြစ်လို့ လူငယ်တွေဟာ အဖြူထည်လေးတွေပါလို့ ပြောရတာလည်းဆိုရင် လူငယ်လေးတွေဟာ ကလျာဏမိတ္တကောင်းတွေကိုသာ ပေါင်းသင်းဆည်းကပ်မိလိုက်ရင် အပြောင်းအလဲကောင်းတွေနဲ့ အားအင်တွေကို ဖြစ်ထွန်းစေလို့ပဲ ဖြစ်ပါတယ်။ ဘုန်းဘုန်းမြန်မာပြည်မှာ နယ်လှည့်တရားပွဲတွေ ကြွတဲ့အခါ တရားပွဲတွေမှာရော၊ လူမှုကူညီရေး အသင်းတွေမှာရော၊ အများအကျိုးပြု လုပ်ငန်းလေးတွေမှာရော တက်တက်ကြွကြွ ပါဝင်လှုပ်ရှားနေတဲ့ လူငယ်တွေကို အများကြီး တွေ့ကြုံခဲ့ရပါတယ်။ သူတို့လေးတွေကိုလည်း အားပေးစကား၊ ဆုံးမစကားလေးတွေ အများကြီး ပြောခဲ့ဖူးပါတယ်။ အဲဒီ ကလေးတွေဟာ အသက်အရွယ်ပိုင်းအရ ကြည့်မယ်ဆိုရင် အခုပြည်ပမှာ အလုပ်လာလုပ်နေကြတဲ့ လူငယ်တွေ အရွယ်လောက်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့နေတဲ့ ပတ်ဝန်းကျင် သူတို့တွဲနေတဲ့ ကလျာဏမိတ္တ၊ သူတို့ကိုယ်တိုင်ရဲ့ ခံယူလုပ်ဆောင်ချက်တွေကြောင့် ငယ်ပေမယ့် အတော်အားရှိကြတဲ့ လူငယ်လေးတွေ ဖြစ်နေတာကို တွေ့နေရတာ ဖြစ်ပါတယ်။ ပြည်ပမှာ ရောက်နေတဲ့ လူငယ်လေးတွေထဲမှာလည်း အဲဒီလို မိတ်ကောင်းဆွေကောင်း၊ အပေါင်းအသင်းကောင်းနဲ့၊ ပင်ကိုယ်သဒ္ဓါတရား အခြေခံကောင်း ရှိနေကြတဲ့ လူငယ်လေးတွေ အများကြီး ရှိနေတတ်ပါတယ်။ အလုပ်ပင်ပန်းတဲ့ကြားက အမျိုးဘာသာ၊ သာသနာတော်အတွက် အားကျိုးမာန်တက် ဆောင်ရွတ်နေကြတဲ့ လူငယ်လေးတွေဟာလည်း အများကြီးပဲ ဖြစ်ပါတယ်။
ဆိုတော့ကား လူငယ်လေးတွေဟာ အဖြူထည်လေးတွေ ဖြစ်တဲ့အတွက် ဘဝမှာ ပြုပြင်လိုက်မယ်ဆိုရင် မဖြစ်နိုင်တာ ဘာမှမရှိဘူးဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။ လူငယ်သဘာဝ ပျော်တတ်ပါးတတ်ကြပေမယ့် ကိုယ့်ရဲ့အပျော်အပါးကို အလွန်အကျွံ မဖြစ်စေဖို့ ကိုယ်ကိုယ်တိုင် ပြုပြင်နိုင်အောင် ကြိုးစားကြဖို့ပဲ ဖြစ်ပါတယ်။ အဖြူထည်ဆိုတဲ့ ငယ်ရွယ်တဲ့ဂုဏ်ကို အရင်းပြုပြီး ကိုယ့်ရဲ့ငယ်ရွယ်တဲ့ အချိန်တွေကို အကျိုးရှိအောင် အသုံးချဖို့ပဲ ဖြစ်ပါတယ်။ တကယ်လို့ အပျော်အပါးများပြီး အချိန်ကုန်တာတွေ၊ ဘဝမှာ ဆုံးရှုံးတာတွေ ရှိနေတယ်ဆိုရင်လည်း အချိန်မီ ရုန်းထွက်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ မမှားသော ရှေ့နေ မသေသော ဆေးသမားဆိုတာ မရှိတဲ့အတွက် အမှားတစ်ခုခုကို လုပ်မိတဲ့အခါမှာလည်း အဲဒီအမှားကို မှားမှန်းသိသိနဲ့ ဆက်လျှောက်နေတဲ့ အဖြစ်မျိုး မဖြစ်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ပျက်အစဉ် ပြင်ခဏဆိုသလို အပျက်တွေရှိနေရင်လည်း ကိုယ့်ကိုယ်ကို ပြင်နိုင်အောင် အားထုတ်ကြရမှာ ဖြစ်ပါတယ်။
သေချာတွေးကြည့်ရင် ဒီနေ့ခေတ် လူငယ်အတော်များများ လိုအပ်နေတာက ကိုယ့်ကိုယ်ကို ပြုပြင်နိုင်တဲ့ စွမ်းအားပဲ ဖြစ်ပါတယ်။ ဘယ်သူတွေဘာပြောပြော လူဟာ ကိုယ့်ကိုယ်ကို အသိဆုံးပဲ ဖြစ်ပါတယ်။ ကိုယ့်မှာဘာဖြစ်နေတယ်၊ ကိုယ့်မှာဘာရှိနေတယ်၊ မရှိဘူးဆိုတာ၊ ကိုယ်ဘာလုပ်တယ်၊ မလုပ်ဘူးဆိုတာ ကိုယ်ကိုယ်တိုင်ပဲ အသိဆုံးဖြစ်ပါတယ်။ ဒီလို ကိုယ့်ကိုယ်ကို အသိဆုံးဖြစ်တဲ့အတွက် ကိုယ့်ရဲ့စိတ်ကို အကောင်းဆုံး ပြုပြင်ထိန်းကျောင်းဖို့ဟာလည်း ကိုယ့်မှာပဲ တာဝန်အရှိဆုံး ဖြစ်ပါတယ်။ အဓိကက ကိုယ့်ကိုယ်ကို သိအောင်ကြိုးစား၊ ပြီးရင် ပြုပြင်နိုင်အောင် အားထုတ်၊ နောက် ဒီအကောင်းဆုံး အခြေအနေကို မပျောက်ပျက်အောင် ဆက်လက်ထိန်းသိမ်း။ ဒါဆိုရင် လူငယ်တိုင်းဟာ တန်ဘိုးရှိတဲ့ အဖြူထည် လူငယ်လေးတွေ ဖြစ်နေကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ အဲဒီလိုမှ ကိုယ့်ကိုယ်ကို မသိဘူးဆိုရင် ဒါဟာ ဘာဝမှာ ကျရှုံးဖို့နဲ့ မထူးဇာတ်ခင်းဖို့အတွက် တွန်းအားတွေပဲ ဖြစ်စေတော့တာ ဖြစ်ပါတယ်။
လူအတော်များများက ပြောတတ်ကြပါတယ်။ ပြည်ပရောက် လူငယ်အတော်များများဟာ ပျက်ဆီး နေတတ်ကြတယ်တဲ့။ ပျက်ဆီးတတ်တာကတော့ ပြည်တွင်းမှာ ရှိနေတဲ့သူတွေလည်း ပျက်ဆီးနေတာပါပဲ။ အဓိကကတော့ ကိုယ့်ကိုယ်ကို ပြုပြင်ထိန်းသိမ်းနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို ထိန်းသိမ်းဖို့ဆိုတာကလည်း ထိန်းသိမ်းပြုပြင်နိုင်တဲ့ အသိပညာရှိဖို့ပဲ ဖြစ်ပါတယ်။ အသိရှိဖို့ဆိုတာ ဒီအတိုင်း နေလို့ကတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။ အသိရှာမှ အသိရမှာဖြစ်ပါတယ်။ အသိရှာချင်ရင် စာများများဖတ်ဖို့လိုပါတယ်။ နိုင်ငံတကာနဲ့ ယှဉ်ရင် မြန်မာလူမျိုးတွေဟာ စာဖတ်အလွန် အားနည်းတာကို တွေ့ရတတ်ပါတယ်။ စာဖတ်အားနည်းတဲ့သူဟာ အသိပညာ အားနည်းတတ်ပြီး အသိပညာ အားနည်းရင် ဆင်ခြင်တုံတရားနဲ့ ထိန်းသိမ်းပြုပြင်မှု တရားပါ အားနည်းတတ်တဲ့အတွက် ကိုယ့်ကိုယ်ကို ပြုပြင်နိုင်မှု၊ အမှားအမှန်ကို ခွဲခြားနိုင်မှုဟာလည်း လျော့နည်းလာနေတော့တာ ဖြစ်ပါတယ်။
ဒီတော့ကား လူငယ်တွေ ကိုယ့်ကိုယ်ကို ပြုပြင်နိုင်စွမ်းတွေ ရှိလာအောင် အသိပညာ ဗဟုသုတ များများ ရှာကြဖို့ပဲ ဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ အသိပညာရှာဖို့ဆိုတာ နိုင်ငံခြား ရောက်နေသူတွေအတွက် အလွန်လွယ်ကူတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ အိုင်တီခေတ်ကြီးမှာ အင်တာနက်ကို အသုံးပြုပြီး အသိပညာ ဗဟုသုတ ရှာဖွေကြမယ်ဆိုရင် လိုချင်တဲ့ ပညာရပ်ကို အကုန်လုံး ရှာဖွေနိုင်တာ ဖြစ်ပါတယ်။ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး စသဖြင့် ဘယ်လိုပညာရပ်မျိုး မဆို လူငယ်တွေအနေနဲ့ ငယ်တုန်းမှာ၊ အခွင့်အရေးရှိတုန်းမှာ ကြိုးစား ရှာဖွေကြရမှာ ဖြစ်ပါတယ်။ အပျော်အပါးတွေကို လျော့ပြီး ကိုယ့်ဘဝအတွက် ရသင့်ရထိုက်တာ၊ ရှိသင့်ရှိထိုက်တာကို အချိန်ပေးပြီး ရှာဖွေနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ တိုးတက်လွန်းတဲ့ ခေတ်ကြီးမှာ ရုပ်ပိုင်းဆိုင်ရာနောက်ကိုပဲ လိုက်မနေဘဲ စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ကျင့်တရားပိုင်း ဆိုင်ရာတွေ နောက်ကိုလည်း လိုက်နိုင်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ၊ အကျင့်တရားပိုင်းဆိုင်ရာ တိုးတက်စေဖို့အတွက် ဘာသာရေး အသိဟာလည်း သိပ်ကို အရေးကြီးလှတာ ဖြစ်ပါတယ်။
လူငယ်တွေအနေနဲ့ တို့အရွယ်ဟာ ငယ်ပါသေးတယ်၊ ဘာသာရေးဟာ တို့အတွက် မလိုအပ်ဘူးလို့ မတွေးလိုက်ပါနဲ့။ ငယ်ရွယ်သူတွေ အတွက်လည်း ဘဝမှာ တရားလေးတွေနဲ့ တွဲထားနိုင်မှ အချိန်မရွေး ပြောင်းလဲနေတဲ့ ဘဝအပြောင်းအလဲကို ခံလာနိုင်မှာ ဖြစ်ပါတယ်။ ငယ်ရွယ်သူတွေရဲ့ ဘဝမှာ တရားဓမ္မ တွဲထားခိုင်းတာဟာ တောထွက်ပြီး လွှတ်မြောက်ရာကို ရှာဖို့မဟုတ်ပါဘူး။ ရှေ့ဆက်ပြီး ဘဝမှာ ဖြတ်သန်းရမယ့် အချိန်တွေအတွက် ဘဝအတက်အကျ အနိမ့်အမြင့်ကို ခံနိုင်ရည်ရှိအောင်နဲ့ ဘဝတစ်ခု ယိမ်းယိုင်မှု မပြုနိုင်အောင် ဘာသာတရားနဲ့ အားပြုထားတဲ့ သဘောပဲ ဖြစ်ပါတယ်။ ဗုဒ္ဓရဲ့ အဆုံးအမ တရားတော်တွေဟာ အရွယ်တိုင်းမှာ လိုအပ်နေတဲ့ တရားတော်တွေ ဖြစ်တဲ့အတွက် လူငယ်တွေအတွက်လည်း ဘုရားအဆုံးအမတွေကို နှလုံးသားမှာ အသုံးချ ဘာသာရပ် တစ်ခုအနေနဲ့ ထည့်သွင်းတည်ဆောက်ထားရမှာ ဖြစ်ပါတယ်။ ဒီလို တရားဓမ္မနဲ့ နေနိုင်ဖို့အတွက်လည်း အဓိက လိုအပ်တာက ကိုယ့်ကိုယ်ကို ပြုပြင်နိုင်မှု၊ မိတ်ကောင်းဆွေကောင်းကို ပေါင်းသင်းနိုင်မှုပဲ ဖြစ်ပါတယ်။
အချုပ်ပြောရရင်တော့ လူငယ်တွေ ပျက်ဆီးနေကြတယ်လို့ ပြောနေကြတာတွေ ရှိနေပေမယ့် ဘုန်းဘုန်းအနေနဲ့ကတော့ အဲဒီလို မပြောလိုပါဘူး။ လူငယ်တွေ ကိုယ့်ကိုယ်ကို ပြုပြင်မှု အားနည်းနေကြတယ်လို့ပဲ ကောက်ချက်ပေးလိုတာ ဖြစ်ပါတယ်။ လူငယ်ဆိုတာ ငယ်ရွယ်တဲ့ ဂုဏ်ပိုင်ရှင်တွေ ဖြစ်တဲ့အတွက် အဖြူထည်ဖြစ်နေတဲ့ လူငယ်တွေမှာ လိုအပ်နေတာက ပြုပြင်နိုင်မှုပဲ ဖြစ်ပါတယ်။ အဲဒီလို ပြုပြင်နိုင်ဖို့အတွက် အဓိကက ကိုယ်ကိုယ်တိုင် ပြုပြင်ချင်တဲ့ စိတ်ရှိဖို့နဲ့ ကိုယ့်ကို ပြုပြင်လာနိုင်အောင် အထောက်အကူ ပြုပေးမယ့် ကလျာဏ မိတ္တလို့ခေါ်တဲ့ အပေါင်းအသင်းကောင်း ရှိဖို့ပဲ ဖြစ်ပါတယ်။ အောင်မြင်ချင်ရင် အောင်မြင်မှုကို လမ်းပြပေးနိုင်တဲ့သူနဲ့ ပေါင်းသင်းရမှာ ဖြစ်တဲ့အတွက် ကိုယ့်အပေါင်းအသင်းဟာ အရက်သမားလား၊ ဖဲသမားလား၊ တကယ့်စစ်မှန်တဲ့ မိတ်ကောင်းဆွေကောင်းလား၊ ကိုယ့်ကိုအကျိုးပြုမယ့်သူလား၊ ကိုယ့်ကို ချောက်တွန်းမယ့်သူလား စတာတွေကိုလည်း ကိုယ်ကိုယ်တိုင် ရွေးချယ်ပေါင်းသင်းကြရမှာ ဖြစ်ပါတယ်။ ကိုယ်လည်းပြုပြင်မယ်၊ အပေါင်းအသင်းကလည်း ပြုပြင်ပေးတယ်ဆိုရင် လူငယ်တွေဟာ အမှန်တကယ်ပဲ တန်ဘိုးရှိတဲ့ အဖြူထည်တွေဖြစ်နေမှာ အသေအချာပဲ ဖြစ်ပါတယ်။
ဒါကြောင့် ဘဝမှာ လူငယ်တွေပဲ ဖြစ်ဖြစ်၊ လူရွယ်တွေပဲ ဖြစ်ဖြစ်၊ အိုပယ်တွေပဲ ဖြစ်ဖြစ် ကိုယ့်ကိုယ်ကို ပြုပြင်နိုင်မယ်ဆိုရင် မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိတဲ့အတွက် လူငယ်မှသည် အဖြူထည်၊ လူရွယ်မှသည် အဖြူထယ်၊ အိုပယ်မှသည် အဖြူထည်ဆိုတဲ့ အပြစ်ကင်းဆုံး၊ အဖြူစင်ဆုံး ဘဝတွေကို ပိုင်ဆိုင်ကြတဲ့ အဖြူထည် လူသူကြွယ်တွေဖြစ်အောင် ကိုယ့်ကိုယ်ကို အသိသတိ အမြဲရှိပြီး အကောင်းဆုံး ပြုပြင်ထိန်းကျောင်း နိုင်တဲ့သူများ ဖြစ်အောင်သာ အချိန်ရှိခိုက် ကြိုးစားလိုက်ကြဖို့ အလေးအနက် တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။