Saturday, April 21, 2012

အဆင်ပြေအောင် နှလုံးသွင်း အနုပညာ


 အဆင်ပြေအောင် နှလုံးသွင်း အနုပညာ

ယောနိသော မနသိကာရ ဆိုတဲ့ ပါဠိစကားလုံးကို အဆင်ပြေအောင် နှလုံးသွင်းခြင်းလို့ ဘာသာပြန်ပါတယ်၊ လူမှုပေါင်းသင်းဆက်ဆံရေး မိသားစုအရေး ဘာသာရေး ဘယ်နေရာမှာမဆို နှလုံးသွင်းမှန်ကန်သူများဟာ စိတ်ကျေနပ်မှုကို ရနိုင်ပေမယ့် အယောနိသော မနသိကာရ နှလုံးသွင်း မမှန်ကန်သူ အဆင်ပြေအောင် နှလုံးမသွင်းနိုင်သူများကတော့ စိတ်ကျေနပ်မှုနဲ့ဝေး ပျော်ရွှင်မှုနဲ့လဲ ဝေးနေတတ်ပါတယ်၊

လောကအရေးဖြစ်ဖြစ် လောကုတ္တရာအရေး မှာဘဲဖြစ်ဖြစ် အဆင်ပြေအောင် နှလုံးသွင်းတတ်အောင် စိတ်ကိုလေ့ကျင့်ထားသင့်ပါတယ်၊ ယောနိသော မနသိကာရရှိသူများဟာ လောကုတ္တရာအရေးမှာလဲ တရားအသိတွေ ဖြေးဖြေးချင်း မြှင့်တင်ခွင့်ရ မြင့်ခွင့်ရကြတယ်.( ကိုရင်လေး ပဏ္ဍိတ ကိုရင်သုခတို့လို့ တွေ့သမျှ အာရုံကို အကောင်းဖက်ဆွဲယူ ဥာဏ်ယှဉ်ပြီးတွေးနိုင်တော့ တရားထူးတောင်ရသွားကြပါတယ်) ဘုရားရှင်ရဲ့ လမ်းညွှန်ချက်မှာတော့ ယောနိသော မနသိကာရ မရှိရင် မဖြစ်သေးတဲ့ အကုသိုလ်တွေဖြစ်တယ် ဖြစ်ပြီးသား အကုသိုလ်တွေ တိုးပြီးဖြစ်တယ်လို့ မိန့်တော်မူပါတယ်..

မှန်ပါတယ်.. ဘုရားရှင် တရားဟောတော်မူတာနဲ့ ပတ်သက်ပြီး တိတ္ထိတွေက ‘ ဂေါတမဗုဒ္ဓက တရားဟောတောင် မျက်နှာလိုက်ပြီး ဟောတယ် သူ့တပည့်တွေကျတော့ တရားတွေအများကြီး ဟောပြီး သူတို့ကိုတော့ နည်းနည်းလေးပဲ တရားဟောတယ် လို့ ကဲ့ရဲ့ပစ်တင်ကြပါတယ်.. ဒီနေရာမှာ တိတ္ထိတွေရဲ့ နှလုံးသွင်းကို သတိထားနိုင်ပါတယ်..တခါတရံ ကိုယ့်အလိုကျ မဖြစ်တိုင်း စွပ်စွဲပြောဆိုချက်တွေဟာ အမှန်တရားနဲ့ ဝေးနေတတ်သလို ကာယကံရှင်ကိုယ်တိုင်လဲ အကုသိုလ်တိုးပွားရပါတယ်။
အပြောခံရသူက ဘာမှမဖြစ်ပေမယ့် ပြောတဲ့လူ နှလုံးသွင်းမမှန်တဲ့လူကတော့ မပြောခင်လဲ စိတ်ဆင်းရဲရ ပြောပြီးပြန်တော့လဲ နောင်တတွေ တပွေ့တပိုက်ဖြစ်နေတတ်တယ်.ဒါဟာ အာရုံတွေအပေါ်မှာ အဆင်ပြေအောင် နှလုံးမသွင်းတတ်လို့ပဲ ဖြစ်ပါတယ်။

ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က အတုလဆိုတဲ့ ဒကာတစ်ယောက်ဟာ သူ့တပည့်ငါးရာနဲ့အတူ တရားနာဖို့ ကျောင်းကိုရောက်လာပါတယ်..ပထမဆုံး တွေ့ရတဲ့ မထေရ်က အရှင်ရေ၀တ တဲ့.ဒီမထေရ်က သမာပတ်ဝင်စားပြီး အေးဆေးစွာနေတတ်တဲ့ မထေရ်ဖို့ တရားမဟောပါဘူး. အတုလ က မကျေမနပ်ဖြစ်ပြီး အရှင်သာရိပုတ္တရာဆီသွားပါတယ်..အရှင်သာရိပုတ္တရာကတော့ အဘိဓမ္မာနဲ့ဆက်စပ်တဲ့ သိမ်မွေ့တဲ့ သဘောတရားတွေပဲ ဟောပြတော့ ..ဒီလောက်ခက်ခဲတဲ့ တရားတွေကိုပဲ ဟောရသလားဆိုပြီး မကျေမနပ်ဖြစ်ပြန်ပါတယ်..

အရှင်အာနန္ဒာဆီရောက်တော့  အရှင်အာနန္ဒာက လွယ်ကူတဲ့ တရားကို ခပ်တိုတိုပဲ ဟောပြတော့ အရှင်ဘုရားရယ် တရားဟောတာက တိုလိုကတာဆိုပြီး မကျေမနပ် ဖြစ်ပြန်ပါတယ်..နောက်ဆုံးတော့ ဘုရားရှင်ဆီရောက် ဖြစ်ကြောင်းကုန်စင်ပြန်လျှောက်ပြတော့..ဘုရားရှင်က..လောကမှာ ဘယ်သူမှ အကဲ့ရဲ့ခံရတာ မလွတ်နိုင်ဘူး လို့ ဟောပြလိုက်ပါတယ်..ဒီနေရာမှာ အတုလ ဒကာရဲ့ နှလုံးသွင်းကို တွေ့မြင်နိုင်ပါတယ်.. တရား မဟောတော့ မဟောဘူး.. တရားရှည်ပြန်တော့ ရှည်လိုက်တာ..တရားတိုတိုပဲ ဟောတော့ တိုလိုက်တာတဲ့… လောကမှာ အတုလလို လူတွေ ရှိနေပါတယ်.. ဘာဘဲလုပ်လုပ် မကျေနပ်နိုင်တာ..တခါတရံ ကိုယ်တိုင်လုပ်တဲ့ အလုပ်တစ်ခုကိုတောင် မကျေမနပ်ဖြစ်ပြီး ကိုယ့်ဟာကို စိတ်တိုနေတတ်ပြန်တယ်.. မိသားစုအတွင်းမှာလဲ မနက်မိုးလင်းအိပ်ယာထ ပြီးဆိုကတည်းက ..တပူပူ တဆူဆူ လုပ်တတ်တဲ့သူတွေကို တွေ့မြင်နိုင်ပါတယ်.. ကျက်သရေရှိတဲ့ တနေ့တာ မနက်ခင်းဟာ ဒီလို ဆူညံ ပူညံသံတွေကြောင့် အကျဉ်းတန်ရပါတယ်..

အဲလိုဖြစ်ရတာဟာ ကာယကံရှင်ရဲ့ အာရုံတစ်ခု အပေါ်မှာ နှလုံးသွင်း မမှန်ကန်တဲ့အတွက်ကြောင့်ဖြစ်ရသလို ပတ်ဝန်းကျင်ကြောင့်လဲ ဖြစ်တယ်လို့ ဘုရားရှင်ဟောပြတော်မူပါတယ်.. အကောင်းမြင်ဝါဒ မရှိသူ ဆူညံပူညံလုပ်တတ်သူနဲ့ နေတာများလာတော့.. ဆူညံပူညံသံပဲကြားရ..ဆူညံ ပူညံသံကြားမှာ နေရတဲ့သူဟာလဲ သူကိုယ်တိုင် ဘ၀အတွက် ယုံကြည်မှုနည်းပါး..ယုံကြည်မှုနည်းပါးလာတော့ အာရုံတွေသမျှကို အဆင်ပြေအောင် နှလုံးမသွင်းနိုင်တော့ပါဘူး..

အာရုံတွေအပေါ်မှာ အဆင်ပြေအောင် နှလုံးသွင်းနည်း အနုပညာတစ်ခု ရဖို့အတွက်.
.

သူတော်ကောင်းကို ပေါင်းသင်းရပါမယ်..
သူတော်ကောင်းကို ပေါင်းသင်းမှ သူတော်ကောင်းတွေရဲ့ အသံ..သူတော်ကောင်းတွေရဲ့ တရားကို နားထောင်ခွင့်ရပါမယ်..
ဒီလိုနားထောင်ခွင့်ရမှ ယုံကြည်မှုတိုးတက်ပါမယ်
ယုံကြည်မှုတိုးတက်မှ အဆင်ပြေအောင် နှလုံးသွင်းတတ်ပါမယ်
အဆင်ပြေအောင် နှလုံးသွင်းတတ်မှ သတိသမ္ပဇဉ် ဥာဏ်ယှဉ်နိုင်ပါမယ်
ဒီလို ဥာဏ်ယှဉ်နိုင်မှ ကိုယ့်ကိုယ်ကို စောင့်စည်းနိုင်ပါမယ် ဒီလိုစောင့်စည်းနိုင်ပါမယ် ကောင်းတာလုပ်နိုင် ပြောနိုင် ကြံစည်နိုင်ပါမယ်..
ဒီလို လုပ်ပြောကြံစည်နိုင်မှ ဘ၀လွတ်မြောက်ရေးအတွက် ကြိုးစားနိုင်မှာဖြစ်ပါတယ်..ဒါကတော့ ဘုရားရှင်အလို အဆင်ပြေအောင် နှလုံးသွင်းခြင်း အနုပညာတစ်ရပ်ပါပဲ။

တိုတောင်းတဲ့ ဘ၀မှာ ပျော်ရွှင်အောင်နေနိုင်ဖို့ အဆင်ပြေအောင် နှလုံးသွင်းတတ်ဖို့လိုသလို ဘ၀လွတ်မြောက်ဖို့အတွက်လဲ အဆင်ပြေအောင် နှလုံးသွင်းတတ်ဖို့ အရေးကြီးလှပါတယ်.  အတ္တ မာနလွန်ကဲလာရင် အပေါင်းအသင်းကောင်းတွေကို လက်လွတ်ဆုံးရှုံးနိုင်ပါတယ်. အပေါင်းအသင်းကောင်း ရှားပါးသူမှာလဲ အာရုံတွေပေါ်မှာ အဆင်ပြေအောင် နှလုံးသွင်းနိုင်ဖို့ မဖြစ်နိုင်ပါဘူး.ယောနိသော မနသိကာရ မရှိလေ ဘ၀ဟာ ပိုပြီး အထီကျန်ဆန်လေဖြစ်တော့မှာပါ.ဒါကြောင့် တွေ့သမျှ အာရုံတွေအပေါ်မှာ ဥာဏ်ယှဉ်ပြီး အဆင်ပြေအောင် နှလုံးသွင်းနိုင်အောင် ကြိုးစားကြပါစို့လို့ တိုက်တွန်းချင်ပါတယ်။

အရှင်တိက္ခဥာဏာလင်္ကာရ