အောင်ပွဲရှင်တို့ အောင်ပွဲဆင်ဖို့
မြတ်စွာဘုရားရှင် ဘုရားအဖြစ်ရောက်တော်မူပြီးစ ပထမ၀ါကို
မိဂဒါဝုန်တောမှာ ၀ါဆိုဝါကပ်တော်မူပြီး တရားဓမ္မများဟောကြားတော်မူခဲ့တာ
ဝါတွင်းသုံးလပြည့်တော့ ပဉ္စ၀ဂ္ဂီငါးဦးအမှူးပြုတဲ့ တပည့်ရဟန္တာပေါင်း
ခြောက်ကျိပ် (၆၀) ရရှိတော်မူပါတယ်။
သီတင်းကျွတ်လပြည့်နေ့မှာ ရဟန္တာခြောက်ကျိပ်တို့ အချင်းချင်း
ဖိတ်မန္တကပြုတဲ့ “ပ၀ါရဏာပွဲ’’ ဆင်နွှဲကြပါတယ်။ ပ၀ါရဏာပွဲဆိုတာ တစ်ဦး နဲ့တစ်ဦး
အမြင်မတော်၊ အကြားမတော်တဲ့ကိစ္စတို့၊ အများကသံသယဖြစ်စရာ ပြောဆို၊ ပြုမူ၊
နေထိုင်မှုတို့တွေ့ခဲ့ရင် အချင်းချင်း ပြောဆိုဆုံး မကြဖို့
ဖိတ်ကြားတဲ့ပွဲပါပဲ။ဖိတ်ကြားသူက ရိုးသားစွာဖိတ်ကြားသလို ဆုံးမသူကလည်း ကရုဏာရှေ့ထားပြီး အကျိုးလိုလားတဲ့စိတ်နဲ့ ပြော ဆိုဆုံးမပေးဖို့ အချင်းချင်း ကတိက၀တ်ပြုတဲ့သဘောဆောင်ပါတယ်။ အနှစ်ချုပ်ကတော့ ရိုးသားမှုကို ရိုးသားမှုနဲ့ဖိတ်ကြားတဲ့ပွဲပါပဲ။
အချင်းချင်းဖိတ်ကြားကြလို့ပြီးတဲ့အခါ မြတ်စွာဘုရားရှင်က -“ချစ်သားတို့ … ငါဘုရားရှင်ဟာ ကိလေသာကျော့ကွင်းအားလုံးက လွတ်မြောက် အောင်မြင်တော်မူပြီးသလို သင်ချစ်သားတို့လည်း ကျော့ကွင်းအားလုံးက လွတ်မြောက်အောင်မြင်ပြီးတဲ့ အောင်ပွဲရှင်များဖြစ်ကြပြီ။ အောင်ပွဲ ရှင်တို့အောင်ပွဲဆင်ကြရအောင် အရပ်ဒေသအသီးသီးကို ခရီးတစ်ကြောင်း တစ်ပါးစီ လှည့်လည်ကြရမယ်။
ဒီခရီးဟာ အောင်ပွဲဆင်ရမည့် ခရီးဖြစ်တဲ့အတိုင်း အရေးအကြီးဆုံး ပထမအချက်က ကိုယ်ရေးကိုယ်တာ ကိုယ်ကျိုးဆိုတာကို လုံးဝမငဲ့ကွက် မတောင့်တပဲ လောကကို သနားစောင့်ရှောက်ဖို့နဲ့ လောကအားလုံးရဲ့အကျိုးစီးပွားကို ဆောင်ရွက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ထားရမယ်။
နောက်တစ်ချက်က လူတိုင်းအတွက် ကိုယ်ကျင့်တရား ခိုင်မာမှု (အစ)၊ စိတ်ဓာတ်ရင့်ကျက်တည်ငြိမ်မှု (အလယ်)၊ အသိပညာမြင့် မားတိုး တက်မှု (အဆုံး) ဆိုတဲ့ ကောင်းခြင်းသုံးဖြာနဲ့ ပြီးပြည့်စုံတဲ့တရားကို ဟောကြပါ။
တရားဟောတဲ့အခါ သူတစ်ပါးက ဖြည့်စွက်စရာ၊ ပယ်ဖျက် ငြင်းဆန်စရာမရှိအောင် ခိုင်မာတိကျဖို့အတွက် အနက်အဓိပ္ပာယ်နဲ့လည်း ပြည့်စုံသလို ငါဘုရားရှင်ဟောညွှန်ခဲ့တဲ့ အဆိုအမိန့် အထောက် အထားပါဠိများလည်း အခိုင်အမာ ပြည့်စုံကြပါစေ။
နောက်ဆုံး အလေးအနက်သတိပြုရမည့်အချက်ကတော့ ချွတ်ယွင်းချက်မရှိ ပြီးပြည့်စုံတဲ့ အကျင့်မြတ်ရဲ့ စင်ကြယ်မှု၊ ငြိမ်းချမ်းမှုကို ထင်ရှား ပြကြပါ’’လို့ တိုက်တွန်းမိန့်ကြားတော်မူပါတယ်။ အရပ်ဒေသအသီးသီးဆီကို သာသနာပြုခရီးထွက်ကြဖို့ စေလွှတ်တိုက်တွန်းတော်မူတာပါပဲ။
ရရှိနိုင်တဲ့ အကျိုးကျေးဇူးနဲ့ ဖြစ်ပေါ်လာနိုင်တဲ့အန္တရာယ်များ၊ ပြဿနာများကို ကြိုတင်သိမြင်တော်မူနိုင်စွမ်းတဲ့ ဘုရားရှင်ရဲ့သာသနာပြုခရီးညွှန်သြ၀ါဒတော်ဟာ အပေါက်အကြားမရှိလောက်အောင်ကို စေ့စပ်သေချာလှပါတယ်။
ဒီညွှန်ကြားချက်ထဲမှာ သဘောပေါက်ဖို့လိုအပ်တဲ့အချက်ကတော့ “အကျင့်မြတ်ရဲ့ စင်ကြယ်ငြိမ်းချမ်းမှုကို ထင်ရှားပြကြ’’ ဆိုတဲ့အချက်ပါပဲ။ တစ်ဦးတစ်ယောက်ရဲ့ အတွင်းစိတ်ဓာတ်ကို ထင်ရှားပြဖို့ဆိုတာ သူ့ရဲ့ ကာယကံ ၀စီကံများနဲ့ပဲ ပြသနိုင်မှာဖြစ်လို့ အတွင်းစိတ်ဓာတ် စင်ကြယ် ငြိမ်းချမ်းသလို အပြင်က သိသာမြင်သာတဲ့ ကာယကံ ၀စီကံများလည်း “စင်ကြယ်ငြိမ်းချမ်းရမယ်၊ ရင့်ကျက်တည်ငြိမ်ရမယ်၊ ယဉ်ကျေးသိမ် မွေ့ရမယ်’’လို့ ဆိုလိုတဲ့သဘောပါပဲ။
မြတ်စွာဘုရားရှင်ရဲ့ ဒီညွှန်ကြားချက်များဟာ အောင်ပွဲရှင်များပီပီ သိက္ခာရှိရှိ အောင်ပွဲဆင်နိုင်ရေးအတွက် ခြွင်းချက်မရှိ လိုက်နာရမည့် အချက်များဖြစ်ပါတယ်။ ဒီအချက်များထဲက တစ်ခုခုကိုပဲဖြစ်ဖြစ် အရေးမထား မလေးမစားလုပ်ခဲ့ရင် အောင်ပွဲရှင်ဖြစ်သော်လည်း အောင်ပွဲ မဆင်နိုင်ဘဲ အရှက်တကွဲအကျိုးနဲ ကြုံရပြီး အောင်ပွဲအပြင်ရောက်သွားရတဲ့ သာဓကတွေ ပိဋကတ်တော်မှာထင်ရှားရှိပါတယ်။
နမူနာ တစ်ခု ကို ထုတ်ပြရမယ်ဆိုရင်တော့ …
မြတ်စွာဘုရားရှင် စေတိယတိုင်းကို ဒေသစာရီကြွတော်မူတဲ့အခါ ဘဒ္ဒ၀တိကဆိုတဲ့ ရွာကြီးကိုရောက်ပါတယ်။ နွားကျောင်းသား၊ ဆိတ် ကျောင်းသားတွေနဲ့ လယ်သမားတွေက မြတ်စွာဘုရားရှင်ကို အဝေးကနေလှမ်းမြင်တဲ့အခါ ပြေးသွားကြပြီး မြတ်စွာဘုရားရှင်ကို “အရှင် ဘုရား သရက်ပင်ဆိပ်ဘက်ကိုတော့ မသွားပါနဲ့ဘုရား၊ အဲဒီမှာ ရသေ့ရဲ့ကျောင်းသင်္ခမ်းနားက နဂါးကြီးဟာ တန်ခိုးလည်းကြီး အဆိပ်လည်း အလွန်ပြင်းထန် လျှင်မြန်ပါတယ်။ အဲဒီနဂါးကြီးက အရှင်ဘုရားကို နှိပ်စက်ပါလိမ့်မယ်’’ ဆိုပြီးလျှောက်ထားကြပါတယ်။ သုံးကြိမ်တိုင်တိုင် လျှောက်ထား တားမြစ်ကြပေမယ့် ဘုရားရှင်ကတော့ စကားတုန့် မပြန်ဘဲ ကြွသွားမြဲ ကြွသွားပါတယ်။
မြတ်စွာဘုရားရှင် ဘဒ္ဒ၀တိကကိုရောက်ရှိသီတင်းသုံးနေစဉ်မှာပဲ လောကီဈာန်အဘိညာဉ်ကိုရရှိထားတဲ့ အရှင်သာဂတမထေရ်က သရက် ပင်ဆိပ်မှာရှိတဲ့ ရသေ့ရဲ့ကျောင်းသင်္ခမ်းရှိရာကိုသွားပြီး နဂါးကြီးကို တေဇောဓာတ်အခြေခံတဲ့ ဈာန်အဘိညာဉ်တန်ခိုးနဲ့ နှိမ်နင်းအောင်မြင် လိုက်ပါတယ်။
မြတ်စွာဘုရားရှင်က ခရီးစဉ်အတိုင်း ကောသမ္ဘီပြည်ကို ကြွတော်မူတဲ့အခါ နောက်ပါသံဃာများထဲမှာ အရှင်သာဂတမထေရ်လည်း ပါပါ တယ်။
ကောသမ္ဘီကိုရောက်တဲ့အခါမှာတော့ နဂါးကြီးကို နှိမ်နင်းအောင်မြင်တော်မူတဲ့ အရှင်သာဂတရဲ့ဂုဏ်သတင်းက ဟိုးလေးတကျော် ပျံ့နှံ့ပြီး တမြို့လုံး ပြောမဆုံးနိုင်တဲ့ သတင်းထူးကြီးတစ်ခု ဖြစ်နေပါတော့တယ်။ မြို့သူ မြို့သားတွေဟာ မြတ်စွာဘုရားကို ဖူးမြော်ကန် တော့ ပြီးတာနဲ့ အရှင်သာဂတနားမှာပဲ ၀ိုင်းဝိုင်းလည်နေကြပါတော့တယ်။
အဲဒီနောက်ပါသံဃာတွေထဲမှာ နေရာတကာ ပေါ့ပျက်ပျက် ရွှတ်နောက် နောက်လုပ်လေ့ရှိတဲ့ ဆဗ္ဗဂ္ဂီဆိုတဲ့ ရဟန်းခြောက်ပါးတို့လည်း ပါပါတယ်။ မြို့သူမြို့သားတွေက အရှင်သာဂတကို ဂုဏ်ပြုချင်ကြလွန်းလို့ “အ ရှင်မြတ်တို့မှာ ရလည်း ရခဲ၊ အရှင်မြတ်တို့လည်း နှစ်သက်မယ့် ဘယ်လိုအစားအသောက်များနဲ့ စီစဉ်ပူဇော်ရပါမလဲ’’ လို့ လျှောက်ထားကြ တဲ့အခါ ဆဗ္ဗဂ္ဂီရဟန်းများက ခိုခြေထောက်လိုနီမြန်းတဲ့ စိမ်ရည်အရက်များနဲ့ စီစဉ်ပူဇော်ဖို့ အကြံပေးလိုက်ကြပါတယ်။ အဲဒီအချိန်မှာ ရဟန်း တော်များအတွက် “အရက်သေစာ မသောက်ရ’’ ဆိုတဲ့သိက္ခာပုဒ်က မပညတ်ရသေးပါဘူး။
ဒါနဲ့ပဲ နောက်တစ်နေ့မှာတော့ အိမ်ပေါက်စေ့လိုလို ခိုခြေနီအရက်တွေစီစဉ်ကြပြီး အရှင်သာဂတကို ဆက်ကပ်ပူဇော်ကြပါတယ်။ လောကီ အဘိညာဉ်လောက်သာရရှိပြီး တကယ်တရားအနယ်ထိုင် တည်ကြည်မှုကိုမရသေးတဲ့ အရှင်သာဂတလည်း ချီးကျုးထောမနာ သြဘာသံ ကြားမှာနစ်မျောပြီး အိမ်ပေါက်စေ့က ဂုဏ်ပြုပူဇော်တဲ့ ခိုခြေနီအရက်တွေကို တစ်အိမ်တက်ဆင်းသောက်လိုက်တာ နောက်ဆုံးမြို့က အ ထွက်မှာတော့ မြို့တံခါးအနီးမှာပဲ ကျွမ်းထိုးမှောက်ခုန် ပစ်လဲသွားပါတော့တယ်။
မြတ်စွာဘုရားရှင်နဲ့ ရဟန်းအများတို့မြို့ထဲက ပြန်ကြွလာချိန်မှာ အရှင်သာဂတကိုတွေ့ရတော့ မြတ်စွာဘုရားရှင်ရဲ့ မိန့်ကြားချက်အရ ရ ဟန်းများက အရှင်သာဂတကိုတွဲခေါ်ကြတယ်။ ကျောင်းထဲရောက်တဲ့အခါ အရှင်သာဂတကို ဘုရားရှိရာဦးခေါင်းပြုပြီး လှဲအိပ်စေနေပါတယ်။ ဒါပေမယ့် အရှင်သာဂတကတော့ အမူးမပြေသေးတဲ့အတွက် ဟိုဟိုဒီဒီ လူးလှိမ့်ရင်း ဘုရားရှင်ရှိရာဘက်ခြေပစ်ပြီး အိပ်နေပါတော့တယ်။
မြတ်စွာဘုရားရှင်က ရဟန်းတို့ကို “ချစ်သားတို့… အရင်က သာဂတဟာ မြတ်စွာဘုရားကို သိပ်ပြီးရိုသေလေးစားပေမယ့် အခုတော့ ဒီလို မဟုတ်တော့ဘူး မဟုတ်လား။ အရင်က သာဂတဟာ သရက်ပင်ဆိပ်က အဆိပ်ပြင်းထန်လှတဲ့နဂါးကြီးကိုတောင် အနိုင်ယူခဲ့တဲ့ အောင်ပွဲ ရှင်ကြီးဖြစ်ခဲ့ပေမယ့် အခုအခါမှာတော့ သူ့ကိုယ်ပေါ်တက်နေတဲ့တီကောင်ကိုတောင် ဖယ်ရှားနိုင်သေးရဲ့လား။ ဒါဟာ အရက်သေစာ သောက်စားတဲ့အတွက် ပင်ကိုယ်စိတ်ပျောက်သွားတာပဲ။
သာဂတဟာ ပင်ကိုယ်စိတ်ပျောက်သွားတဲ့အတွက် အောင်ပွဲရှင်အဖြစ်ကနေ အောင်ပွဲအပြင်ရောက်သွားရပြီ။ ဒါဟာ မကြည်ညိုသေးသူ တွေကို ကြည်ညိုစေဖို့မဆိုထားနှင့် ကြည်ညိုပြီးသူတွေကိုပင် အကြည်ညိုပျက်သွားစေတဲ့ ကိစ္စဖြစ်တယ်။ သေရည်သေရက်ဆိုတာ ရဟန်း တော်များနှင့် လားလားမှမသင့်လျှော် မအပ်စပ်တဲ့ကိစ္စလည်းဖြစ်တယ်။ ဒါကြောင့် “ရဟန်းတော်များ သေအရက်ကိုသောက်သုံးရင် ပါစိတ် အာပတ်သင့်စေ’’လို့ သိက္ခာပုဒ်ကိုပညတ်တော်မူလိုက်ပါတယ်။
အရှင်သာဂတမထေရ် အောင်ပွဲရဲ့အပြင်ကိုရောက်သွားရခြင်းရဲ့အကြောင်းရင်းများကို စိစစ်ကြည့်မယ်ဆိုရင် မြတ်ဗုဒ္ဓညွှန်ကြားတဲ့အတိုင်း “ကိုယ်ကျိုးကို လုံးဝမငဲ့ကွက်ရ’’ ဆိုတာနဲ့ဆန့်ကျင်ပြီး ကိုယ်ကျိုးငဲ့ကွက်ခဲ့တာရယ်၊ “ကောင်းခြင်းသုံးဖြာနဲ့ပြည့်စုံတဲ့ တရားကို ဟောကြားပါ’’ ဆိုတာနဲ့ဆန့်ကျင်ပြီး တရားမဟောဘဲ တန်ခိုးဣဒ္ဓိပါဒ်ကို ပြခဲ့တာရယ်၊ (အမှန်ကတော့ တန်ခိုးဣဒ္ဓိပါဒ်ဆိုတာ အထင်ကြီးမှုကိုသာဖြစ်စေပြီး အသိတိုးမှုကိုမဖြစ်စေနိုင်တဲ့အတွက် အသိဉာဏ်နည်းပါးတဲ့ပတ်ဝန်းကျင်မှာ အဆန်းတကြယ်အံ့သြဖွယ်များကိုပြခြင်းဟာ အသိဉာဏ်ကို ပိုပြီးကန်းသွားစေတတ်လို့ မှားယွင်းတုံ့ပြန်မှုများကို ရရှိတတ်တယ်ဆိုတာ အရှင်သာဂတ သတိမထားမိတာပါ) “အကျင့်မြတ်ရဲ့ စင်ကြယ် ငြိမ်းချမ်းမှုကို ထင်ရှားပြကြ’’ ဆိုတာနဲ့ ဆန့်ကျင်ဘက်အကျင့်မြတ်ကို အထင်အမြင်သေးစေတဲ့ ကာယကံအမှား၊ ၀စီကံအမှားတွေကို ကျူး လွန်မိခဲ့တာရယ်ဆိုတဲ့ ချွတ်ယွင်းချက်များကို တွေ့မြင်ရမှာဖြစ်ပါတယ်။
ဒီဖြစ်ရပ်မှာ မြတ်စွာဘုရားရှင်ဟာ မြို့တံခါးဝမှာ မြင်မကောင်း၊ ရှုမကောင်းဖြစ်နေတဲ့တပည့်ကို ကျောင်းအထိသယ်ဆောင်စေပြီး ဒီဖြစ်ရပ်ရဲ့ အကျိုးအပြစ်များကို တပည့်သားအားလုံး ရှောင်ကြဉ်စေလာအောင် ဆုံးမတော်မူတာရယ်။ ဒီအဖြစ်မျိုး သံဃာ့အဖွဲ့အစည်းထဲမှာ နောက်ထပ် မဖြစ်ပေါ်စေရအောင် သိက္ခာပုဒ်ပညတ်တော်မူခဲ့တာရယ်ကတော့ ခေါင်းဆောင်ကောင်းတို့အတွက် အားကျအတုယူစရာ စံနမူနာကောင်း တစ်ခု ဖြစ်ပါတယ်။
မြတ်ဗုဒ္ဓရဲ့ ညွှန်ကြားချက်များအတိုင်း အတိအကျလိုက်နာကျင့်သုံးခဲ့တဲ့အတွက် အောင်ပွဲရှင်ပီပီ အောင်ပွဲတွေ အလီလီဆင်ခဲ့ရတဲ့ သာဓက အနေနဲ့တော့ မြတ်စွာဘုရားရှင်ရဲ့ ပထမဆုံးသာသနာပြုစေလွှတ်တဲ့ တပည့်ရဟန္တအရှင်မြတ်များထဲက ရာဇဂြိုဟ်ဝန်းကျင်ကို သာသနာပြုကြွ တော်မူတဲ့ အရှင်အဿဇိမထေရ်မြတ်နဲ့ နောင်အခါ သာသနာတော်မှာ အမြတ်ဆုံးတပည့်ကြီး (အဂ္ဂသာဝက) ဖြစ်လာကြမယ့် သာရိပုတြာပရိဗိုဇ်တို့တွေ့ဆုံပုံကလည်း ထင်ရှားပါတယ်။
မသေရာ အမြိုက်တရားကို လှည့်လည်ရှာဖွေနေတဲ့ သာရိပုတြာပရိဗိုဇ်ဟာ ရာဇဂြိုဟ်မြို့ထဲမှာ ဆွမ်းခံကြွတော်မူတဲ့ အရှင်အဿဇိမထေရ် မြတ်ရဲ့ စက္ခုစတဲ့ ဣနြေ္ဒအားလုံး အေးချမ်းတည်ငြိမ်တဲ့ သွားလာလှုပ်ရှားပုံနဲ့ ကြည်လင်အေးချမ်းလှတဲ့ မျက်နှာတော်ကို မြင်လိုက်ရုံနဲ့ “မသေရာ အမြိုက်တရားမြတ် မုချရရှိပိုင်ဆိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်ရမယ်’’လို့ သိလိုက်ရပြီး အရှင်မြတ်နောက်ကို လိုက်ပါဖူးမြင်တွေ့ဆုံပါတယ်။ တရားမြတ်ကိုနာယူတဲ့အခါ ဂါထာထက်ဝက် (အက္ခရာ ဆယ့်ခြောက်လုံး) မျှ နာကြားရရုံနဲ့ သောတာပန်ဖြစ်သွားပါတယ်။
အဲဒီနောက်မှာတော့ တရားရှာဖတ်ဖြစ်တဲ့ မောဂ္ဂလာန်ပရိဗိုဇ်ကိုပါခေါ်ပြီး သာသနာဘောင်ဝင်ရောက်တဲ့အခါမှာ အဂ္ဂသာဝကဆိုတဲ့ လကျာ် ရံ၊ လက်ဝဲရံ အမြတ်ဆုံးတပည့်ကြီးမျာ ဖြစ်သွားကြပါတယ်။ သာသနာ့ထုံးစံအရ ဘုရားရှင်မှာတပည့်ပေါင်း ဘယ်လောက်များနေနေ အဂ္ဂ သာဝကဖြစ်တဲ့ လကျာ်ရံ၊ လက်ဝဲရံတို့ရှိပြီးမှသာ တပည့်သံဃာရဲ့အင်္ဂါရပ် ပြည့်စုံပါတယ်။
ခုတော့ အရှင်အဿဇိမထေရ်မြတ်ရဲ့ မှန်ကန်တဲ့ သာသနာပြုမှုကြောင့် တပည့်သံဃာအင်္ဂါရပ် ပြည့်စုံသွားပါပြီ။ ဒါကြောင့် အရှင်အဿဇိမထေရ်မြတ်ရဲ့ ဣနြေ္ဒသိက္ခာ ရင့်ကျက်တည်ငြိမ် အေးချမ်းစွာ သွားလာလုပ်ကိုင်ပြောဆိုမှုများဟာ ဘုရားရှင်ရဲ့သာသနာတော်မှာ တပည့်သာဝကအင်္ဂါရပ်ကို ပြည့်စုံစေလောက်အောင်အထိ အောင်ပွဲတွေဆင်နိုင်ခဲ့ပါတယ်။
အဲဒီလို တပည့်အင်္ဂါရပ် ပြည့်စုံသွားလို့လည်း အဲဒီမဟာသက္ကရာဇ် ၁၀၃ ခု၊ တပို့တွဲလပြည့်နေ့မှာ ပထမဦးဆုံး သာဝကစုံညီစည်းဝေးပွဲကြီးကို ကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်။
အဲဒီအစည်းအဝေးကြီးမှာပဲ နောင်အခါ မြတ်စွာဘုရားရှင်တို့ရဲ့ အဆုံးအမ အနှစ်ချုပ်အဖြစ်နဲ့ ထင်ရှားတည် တန့်မည့် …
သဗ္ဗပါပဿ အကရဏံ = မကောင်းမှုရှောင်
ကုသလဿ ဥပသမ္ပဒါ= ကောင်းမှုဆောင်
သစိတ္တ ပရိယောဒပနံ = ဖြူအောင်စိတ်ကိုထား
ဧတံဗံဗုဒုဒ္ဓါန သာသနံ = ဒီသီသုံးပါးဟာ ဘုရားရှင်တိုင်းရဲ့ဆုံးမစကား ..စတဲ့
သြ၀ါဒပါတိမောက်ကို ဟောညွှန်ပြတော်မူပါတယ်။ ဒီအဆုံး အမသုံးခုဟာ သာသနာတော် အရှည်ခန့်ပြီး တည်တံ့ခိုင်မြဲရခြင်းရဲ့ အဓိကခြေထောက်သုံးချောင်းဆိုရင်လည်း မမှားပါဘူး။
ဒီလို သာသနာ့အခြေခံကြီးပေါ်ထွန်းပြီး သာသနာစဉ်ဆက် တည်တံ့ပြန့်ပွားလာသည်အထိ အောင်ပွဲအဆင့်ဆင့်တွေကို ဆင်မြန်းနိုင်ခဲ့ခြင်းဟာ အရှင်အဿဇိမထေရ်မြတ်က ဘုရားရှင်ရဲ့အဆုံးအမအတိုင်း လိုက်နာပြီး အကျင့်မြတ်ရဲ့ စင်ကြယ်အေးချမ်းမှုကို ထင်ရှားပြခဲ့လို့ဆိုတာက တော့ အထူးပြောစရာလိုမယ်မထင်တော့ပါဘူး။ “အနှစ်သာရ တိုးတက်မြင့်မားရေးမှာ အသွင်သဏ္ဌာန်ဟာလည်း အရေးကြီးတယ်’’ ဆိုတဲ့ အချက်ကိုလည်း အရှင်မြတ်က ထင်ရှားပြလိုက်တာပါ။
ဘုရားရှင်ရဲ့ သာသနာပြုလမ်းညွှန်ချက်များနဲ့ တပည့်ကောင်းတို့ရဲ့ကောင်းမွန်တဲ့ လိုက်နာကျင့်သုံးမှုများဟာ အောင်ပွဲအဆင့်ဆင့် ဆင်လိုကြ တဲ့ အောင်ပွဲရှင်တိုင်း အလေးထားလိုက်နာစရာလမ်းညွှန် အမြုတေရတနာများဖြစ်တယ်လို့သာ ထပ်ဆင့်အသိပေးလိုက်ပါရစေ။
အောင်ပွဲရှင်တို့ အောင်ပွဲဆင်နိုင်ကြပါစေသော် … ။
ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း)
ဧပြီ ၁၂၊ ၂၀၁၂
ဧပြီ ၁၂၊ ၂၀၁၂