အမြင်လည်းကောင်းစေ၊ အကောင်းလည်းမြင်စေ
နိန္ဒာပသံသာ ဟု ကဲ့ရဲ့ခြင်းနှင့် ချီးမွမ်းခြင်း လောကဓံနှစ်မျိုးတွင် လူတိုင်းက ကဲ့ရဲ့မခံချင်ကြ၊ ချီးမွမ်းတာကိုသာ ခံချင်ကြသည်။ ချီးမွမ်းခံလိုခြင်းသည် အကောင်းမြင်ခံလိုခြင်း ဖြစ်သည်။ အကောင်းမြင်ခံလိုလျှင်ဖြင့် အမြင်ကောင်းဖို့ လိုပေလိမ့်မည်။ အမြင်ကောင်းအောင် လုပ်ပြဖို့လိုပေလိမ့်မည်။ အမြင်ကောင်းအောင် လုပ်ပြနိုင်မှ အကောင်းမြင်နိုင်ကြပေလိမ့်မည်။ အကောင်းမြင်တာ မမြင်တာက မြင်သူအပိုင်း၊ အမြင်ကောင်းအောင် လုပ်နေဖို့က ကိုယ့်အပိုင်းဖြစ်သည်။ ဒါကြောင့် အမြင်ကောင်းဖို့က ပထမ၊ အကောင်းမြင်ဖို့က ဒုတိယ ဖြစ်သည်။
လူတို့ကြားတွင် အကောင်းမြင်သမား၊ အဆိုးမြင်သမား၊ အကောင်းမြင်ဝါဒ၊ အဆိုးမြင်ဝါဒ ဟူ၍ ရှိသည်။ အကောင်းမြင်သမား တွေလည်း တွေ့ကြုံဖူးသည်။ အဆိုးမြင်သမားတွေလည်း တွေ့ဖူးပါသည်။ ပါဠိတော်မှာတော့ အဆိုးမြင်သမားကို အပေါက်အကြားရှာလေ့ရှိသူ ဟုဆိုပါသည်။ ပုဂ္ဂိုလ်ကြီး တစ်ဦးတွေ့ဖူးသည်။ ရှေ့မီနောက်မီ၊ စာလေးပေလေး အတော်အသင့် တီးမိခေါက်မိရှိသည်။ စာပေလောကတွင် ထင်ရှားသော (ကွယ်လွန်/လက်ကျန်) ဆရာကြီးအများစု သူ့အမြင်အရဆိုလျှင် ကောင်းတာတစ်ယောက်မျှ မရှိတော့။ “ ကောင်းကွက်ကိုရှာမေတ္တာ” ဆိုသည့်သဘောကို ထိုပုဂ္ဂိုလ်ကြီးအား ပြောပြရသည်။
“သူတပါးအပြစ်ကိုသာ ရှုလေ့ရှိသော၊ အမြဲကဲ့ရဲ့လေ့ရှိသော သူအား အကုသိုလ်တရားတွေသာ တိုးပွားကြသည်။ အကုသိုလ်အာသဝေါ တရားတွေ ကုန်ဖို့ဆိုတာက ဝေးပါသေး၏ ”ဟု ဘုရားမိန့်တော်မူသည်။ ရှေးတုန်းက သူတော်စင် ရသေ့နှင့် ပြည့်တန်ဆာမတို့သည် မနီးမဝေး၌ နေကြ၏။ သူတော်စင်လုပ်သူ ရသေ့က ပြည်တန်ဆာမကို ယောက်ျားတစ်ယောက် ၀င်တိုင်း ကျောက်ခဲတစ်လုံးချချပြီး မှတ်ထားလေရာ မကြာခင်မှာပဲ ကျောက်ခဲပုံကြီး ဖြစ်သွားသတဲ့၊ ထိုအခါရသေ့က ပြည်တန်ဆာမခေါ်ပြီး “သင့်မကောင်းမှုတွေဟာ ဒီကျောက်ခဲပုံကြီးလောက် များပြားလေပြီး” ဟု ပြောသတဲ့။
ရသေ့နှင့် ပြည့်တန်ဆာမတို့ ကွယ်လွန်ကြပြီးနောက် ပြည့်တန်ဆာမက နတ်ပြည်ရောက်ကာ ရသေ့က ငရဲကို ရောက်သွားသတဲ့။ ဤကား အဆိုးမြင်သမား၊ အဆိုးမြင်ဝါဒ၏ ဆိုးရွားလှပုံကို ပုံပမာပြုခြင်း ဖြစ်၏။
ပေါ်လီယာနာကို သူ့ဖခင်က မှာခဲ့သော မှာတမ်းလေး တစ်ခုရှိ၏။ “၀မ်းသာစရာအကြောင်းကို ရှာတတ်လျှင် ၀မ်းသာစရာ အကျိုးဖြစ်ပေါ်သည်” ဟူ၍ ဖြစ်၏။ ပေါ်လီယာနာသည် သူ့ဖခင်မှာတမ်းကို တစ်သက်လုံး လိုက်နာကျင့်သုံး၏။ သူ့ဘ၀တစ် လျှောက်လုံး ၀မ်းနည်းစရာတွေ့တိုင်း ၀မ်းသာစရာ ကိုရှာကြံတွေးပြီး ပျော်ပျော် နေလေ့ရှိ၏။ စိတ်ညစ်စရာတွေ့တိုင်း စိတ်ချမ်းသာစရာကို ရှာကြံတွေးပြီးပျော်ပျော်နေလေ့ရှိ၏။
သူ့အတွက်မှမဟုတ်၊ သူများအတွက်လည်း ထိုသို့ပင်နှစ်သိမ့်အား ပေးလေ့ရှိ၏။ တခါက ခြံထဲမှာ မြက်ရှင်းနေသော ခါးကုန်းကုန်း အဖိုးအိုကို “ အဘရယ်... အဘခါးကိုင်းနေတော့ ပေါက်တူးပေါက်ရတာ ခါးကုန်ရ တစ်ဝက် သက်သာသွားတော့ ၀မ်းသာစရာ မဟုတ်လား... အဘရယ်” ဟု ဆိုလေ၏။
တဖန် အိပ်ရာပေါ်မှာ တစ်သက်လုံး နေသွားရတော့မည့် လူမမာ တစ်ယောက်ကိုလည်း “ဒေါ်ဒေါ်ရယ်... သူများတကာ ဒေါ်ဒေါ်လို ဖြစ်မနေတာက ၀မ်းသာစရာပဲပေါ့၊ သူတို့ဘ၀ကို တွေးပြီး သူ့တို့အတွက် ၀မ်းသာပေးလိုက်ပါ” ဟုပြောဆိုနှစ်သိမ့်လေ၏။ အကောင်းဘက် ကလှည့်၍ တွေးရာ မြင်ရာ ကြည့်ရာ မှာတော့ ပေါ်လီယာနာသည် ရှာမှရှားဟု ဆိုရမည်။
တခါက ဆရာတော် တစ်ပါးသည် သူ့ဆွမ်းခံအိမ်က အဖိုးတန် နွားကြီးတစ်ကောင် သေသွားကြောင်း လျှောက်ထားသောအခါ သာဓု သာဓု ပတ္ထနာ ပြုသတဲ့၊ နောက်သားလေး အမြင့်က ပြုတ်ကျပေါင်ကျိုးတော့လည်း သာဓု ခေါ်သတဲ့၊ အဲသလို သာဓုခေါ်တာကို ဒကာက မကျေနပ်လို့ ဆွမ်းခံလမ်းတစ်နေရာကနေ ရိုက်ဖို့ချောင်းနေရာ ဆရာတော်က သူ့ သပိတ်ကြီး ကျကွဲတော့လည်း သာဓုခေါ်သတဲ့။
ထိုအခါ ဒကာကြီးက နားမလည်နိုင်လို့ အကြောင်းစုံကို မေးလျောက်သည့်အခါ “အေး.. အဲဒီတုန်းက နွားမသေရင် လူသေမှာကွ၊ လူသေတာနဲ့ စာရင် နွားသေတာက တော်သေးတာပေါ့၊ ဒါကြောင့် သာဓုခေါ်တာ၊ ဒကာ့သားငယ် ခြေကျိုးတုန်းကလည်း ကလေးမကျိုးရင် လူကြီးကျိုးမှာ၊ ဒါကြောင့် သာဓုခေါ်တာ။ အခုလည်း သပိတ်မကွဲရင် ငါ့ခေါင်းကွဲမှာကွ၊ ဒါကြောင့် သာဓု ခေါ်တာ ” လို့ ရှင်းပြသတဲ့။ အရာရာတိုင်း၌ အဆိုးထဲမှာ အကောင်းရှိတတ်သလို ထိုအဆိုး၏ အခြား တစ်ဖက်၌လည်း အကောင်းရှိနေ တတ်ပါသည်။ ထိုအကောင်းကို ထွင်းဖေါက်မြင်တတ်လျှင် အကောင်းမြင်ဖြစ်သည်။
ဘုရားရှင်လက်ထက်က အရှင်ပုဏ္ဏသည် သုနာပရန္တတိုင်းကို သွားဖို့လျှောက်တော့ ဘုရားက သုနာပရန္တာတိုင်း သားတွေက ရိုင်းစိုင်းမိုက်မဲကြကြောင်း သင့်ကိုဆဲရေးလျှင် ဘယ်လို လုပ်မလဲဟု မိန့်သောအခါ ကိုယ်ထိလက်ရောက် မစော်ကားလျှင်တော်ပါပြီးဘုရား ဟု လျောက်ထားသည်။ ကိုယ်ထိလက်ရောက် စော်ကားလျှင် ဘယ်လိုလုပ်မလဲ ဟုမေးတော့ ခဲနှင့် မပေါက်လျှင် တော်ပါပြီးဘုရား ဟုလျှောက်သည်၊ ခဲနှင့် ပေါက်လျှင်ကော မေးတော့ တုတ်နှင့်မရိုက်လျှင်တော်ပါပြီးဘုရား၊ တုတ်နှင့်ရိုက်လျှင်ရော မေးတော့ ဓါးနဲ့ မခုတ်လျှင်တော်ပါပြီဘုရား ဟုလျှောက်သည်။ ဓါးနှင့်ခုတ်လျှင်ကော၊ အသက်မသေရင် တော်ပါပြီး။ အသေသတ်လျှင်ကော ဆိုတော့ တချို့သူတွေမှာ ဘ၀ကို ငြီးငွေ့ပြီး မိမိကိုယ်ကို အဆုံးစီရင်ကြပါသည်။ အခုကိုယ်တိုင်စီရင်ဖို့ မလိုဘဲ သူတို့အဆုံး စီရင်ပေးတာကိုပဲ ကျေးဇူးတင်နေပါမည်ဘုရား ဟုလျှောက်ထားလေသည်။
အရှင်ပုဏ္ဏ၏ အကောင်းမြင်သဘောတရားကို ဘုရားက သာဓု သုံးကြီး ခေါ်တော်မူ၏။ အကောင်းမြင်ဝါဒ ဟူသည် သဘောထားကြီးနိုင်မှ ဖြစ်မည်။ အကောင်းမြင်လေ့ရှိသူတိုင်း စိတ်ထားသဘောထားကြီးကြသည်။
အကောင်းမြင်ဝါဒနှင့် ယောနိသော မနသိကာရသည် တူသယောင်ယောင် ရှိသော်လည်း လုံးဝချွတ်စွပ်တူသည်တော့ မဟုတ်၊ အကောင်းမြင်ဝါဒမှာ အားနည်းချက်တွေ ရှိသလို၊ အမှားတွေလည်း ရှိနိုင်သည်။ ယောနိသော မနသိကာရ မှာတော့ အားနည်းချက်လည်း မရှိ၊ အမှားလည်း မရှိ၊ မိဘအများစုသည် ကိုယ်သားသမီး ဘယ်လောက်ဆိုးဆိုး သူစိမ်းနှင် ယှဉ်က အကောင်းမြင်ကြသည်သာ၊ ထိုအမြင်သည် ယောနိသော မနသိကာရ မဖြစ်နိုင်၊ အတ္တစွဲနှင့် ဘက်လိုက်မှုရှိနေသည်။ ယောနိသော မနသိကာရကို တိပိဋကပါဠိမြန်မာ အဘိဓါန်က “သင့်လျော်မှန်ကန်သော အကြောင်းနည်းလမ်းအားဖြင့် ဖြစ်သော နှလုံးသွင်းခြင်း ရှိသော ပညာ” ဟု ဖွင့်ဆိုသည်။
မြတ်စွာဘုရားသည် သူ၏ တပည့်ရဟန်းများကို အမြင်ကောင်းအောင် ညွှန့်ကြားသည်။ ယထာဘူတဒဿန ဉာဏ်ရရှိရေးကိုလည်း အထူးအလေးပေးမြွက်ကြားပြန်သည်။
ယထာ ဘူတဒဿန ကို တိပိဋကပါဠိမြန်မာ အဘိဓါန်က
(၁) မဖေါက်မပြန် ဟုတ်မှန်သည့် အတိုင်း မှန်မှန်ကန်ကန် သိမြင်ခြင်း၊
(၂) မဖေါက်မပြန် ဟုတ်မှန်သည့် အတိုင်း မှန်မှန်ကန်ကန် သိမြင်တတ်သော ဉာဏ် ဟုဖွင့်သည်။
ကောင်းသည်ဖြစ်စေ ဆိုးသည် ဖြစ်စေ အရှိကို အရှိအတိုင်းသာ သိမြင်တတ်သော သဘောကို ယထာဘူတဒဿန ဟုခေါ်သည်။
ဥပမာ။ ။ ရေတစ်ဝက်ရှိသော ပုလင်းကို ရှုမြင်ရာ၌ အဆိုးမြင်သမားက “ဟင် ရေက တ၀က်ပဲရှိတော့တယ်”၊ အကောင်းမြင်သမားက “ ဟာ ရေတွေ တစ်ဝက်ကြီးများတောင် ရှိသေးတယ်”၊ ယထာဘူတဒဿနသမားက “ ရေတစ်ဝက်ရှိတယ်”ဟု အရှိကို အရှိအတိုင်းမြင်သည်။
မိမိတစ်ဦးတည်း ပုဂ္ဂလိက အတွက်ဆိုလျှင်တော့ အကောင်းမြင်ဝါဒရှိတာက ကောင်းပါသည်။ သို့သော အများအတွက်ဆိုလျှင်တော့ အရှိကို အရှိအတိုင်းမြင်သော ယထာဘူတဒဿနက ပို၍ အသုံးတည့်သည် ပို၍ အကျိုးရှိသည်။
“ရွာ၏ အဆင်းဘုရားဝင်း၊
ကျောင်း၏အဆင်း ကျောင်းတလင်း၊
ဘုန်းကြီးအဆင်း ခေါင်းဝင်းဝင်း” ဟု ဆိုရာ၌ အမြင်ကောင်းဖို့ ညွှန်းဆိုခြင်း ဖြစ်သည်။ မည်သို့ဆိုစေ အမြင်ကောင်းဖို့လိုသလို အကောင်းမြင်ဖို့လည်း လိုပါသည်။ အန္ဓသုတ္တန်ဒေသနာနှင် ညှိ၍ သေချာကြည့်လျှင် ဒွိစက္ခု- နှစ်ဖက်အမြင်ပုဂ္ဂိုလ်၏ အမြင်ဖြစ်သော ပစ္စုပ္ပန်သံသရာ မျှ၍ မြင်ခြင်း၊ သူ့ဖို့ကိုယ့်ဖို့ မျှ၍ မြင်ခြင်း ဟူသောအမြင်နှင် လုပ်ကိုင်ဆောင်ရွက်မည်ဆိုပါက အမြင်လည်းကောင်း၊ အကောင်းလဲမြင်ပါလိမ့်မည်။ “အမြင်လည်း ကောင်းကြပါစေ၊ အကောင်းလည်း မြင်ကြပါစေ။”
အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)
မှတ်ချက်။ ။ ဤဆောင်းပါသည် အောက်တိုဘာ ၇ရက်နေ့ထုတ်ဝေသော weekly Eleven ဂျာနယ်မှ ဆရာတော် အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်) ရေးသားသော “အမြင်လည်း ကောင်းစေ၊ အကောင်းလည်းမြင်စေ” ကို ဖတ်ပြီး မှတ်သားစရာ ကောင်းလို့ ထပ်ဆင့်မျှဝေလိုက်ရပါသည်။