Sunday, May 29, 2011

ဂလိုဘယ်လ်အသုံးချအဘိဓမ္မာ




ဂလိုဘယ်လ်အသုံးချအဘိဓမ္မာ



(၁)


မာတရံ ပမုခံ ကတွာ၊ တဿ ပညာယ တေဇသာ။


အဘိဓမ္မာကထာ မဂ္ဂံ၊ ဒေ၀ါနံ သမ္ပ၀တ္တယိ။



(အရှင်မဟာဗုဒ္ဓဃောသ)



ငယ်စဉ်ကိုရင်လေးဘ၀က ဆရာဘုန်းကြီး၏ ရှေ့မှောက်တွင် နှပ်တရှုံ့ရှုံ့ဖြင့် ရွတ်အံခဲ့ရသော ဂါထာလေးကို ပြန်လည်တိုးတိုးရွတ်မိသည်..။ အဘိဓမ္မာသမိုင်းကျဉ်းကို ဂါထာလေးတစ်ဂါထာဖြင့် အဋ္ဌကထာကျမ်းပြုဆရာက လက်စွမ်းပြရေးဖွဲ့ထားခြင်းဖြစ်သည်။



'' မိခင်ကို အမှူးပြု၍ (ဗုဒ္ဓအရှင်၏ ) ပညာတန်ခိုးဖြင့် အဘိဓမ္မာကထာဟူသော လမ်းကို နတ်တို့အတွက် ကောင်းစွာ ဖြစ်စေလေပြီ'' တဲ့။



အခြေပြုမူလတန်းဝင်ရောက်ဖြေဆိုကြမည့် ရှင်ငယ်ရဟန်းငယ်တို့အတွက် ပြဌာန်းထားသော ကျမ်းစာသည် အဘိဓမ္မာဒေသနာတော်၏ အဦးအစဖြစ်သော ဓမ္မသင်္ဂဏီ ကျမ်းမြတ် ဘာသာပြန်စကားပြေနှင့် အရကောက်ကျမ်းကြီးဖြစ်နေသည်။



အဘိဓမ္မာစကားပြေ အရကောက်ကျမ်းများကို ညအခါတွင် မီးအမှောင်ချကာ ရွတ်ဖတ်သရဇ္ဈာယ်


ရသည့်အတွက် ပရိယတ္တိနယ်ပယ်တွင် ည၀ါကျမ်းများဟု အသိများသည်။ ညပိုင်းအမှောင်ထဲ ရွတ်ဖတ်ရသည်ဆိုသော်လည်း ချောင်ခို၍ မရပါ။ သတိရှိ၍ အကင်းပါးလှသော ဆရာဘုန်းတော်ကြီး၏ နားအကြည်ဓါတ်သို့ ရောက်အောင် အသံပေးကြရသည်..။ တခါတရံ အဓိကအဘိဓမ္မာစာသားများကို အတိအကျ မမှတ်မိသောအခါ အဘိဓမ္မာည၀ါဖော်မြူလာစာပိုဒ်ကိုတော့ အသံမြှင့်ပြီး အော်ခဲ့ဖူးလေသည်။



''ဟောတော်မူသည်၏ အခြားမဲ့၌ .......ဟောတော်မူ၏။


ဟောဟန်ကား........................ဟူသည်တည်း။


အရကား..................................ဖြစ်သတည်း။



''ကွက်လပ်နေရာတွင် ခပ်ဝါးဝါးလုပ်ပစ်ခြင်းဖြစ်သည်....။



ပထမဆုံးည၀ါကျမ်း၏ အစတွင် မြန်မာစကားပြေ၏ အရှည်လျားဆုံးစာပိုဒ်ဟု မှတ်တမ်းတင်နိုင်သည့် အဘိဓမ္မာသမိုင်းစကားပြေကို သင်ယူကျက်မှတ်ကြရသည်။ ထိုစာပိုဒ်ရှည်ကြီးကို ၍၊လျက်၊ သော်၊ ပြီး၊ စသောစကားဆက်သမ္ဗန္ဓများစွာကို အသုံးပြုကာ ကျမ်းပြုဆရာက လက်စွမ်းပြရေးသားထားသည်။ စဆိုမိလျှင် ဘယ်နေရာမှာ အဆုံးသတ်ရမည်မသိတော့။



'' ဤကမ္ဘာမှ ပြန်၍ ရေသည်ရှိသော် ကမ္ဘာတစ်သိန်းအလွန်ရှိသော လေးသင်္ချေထက်၌ သုမေဓာရှင်ရသေ့ဖြစ်၍ ဒီပင်္ကရာမြတ်စွာဘုရား၏ ခြေတော်ရင်း၌ နိဗ္ဗာန်ဆုကို ယူတော်မူသည်ရှိသော် ရအပ်သောအားအစွမ်းရှိသော ယောက်ျားမြတ်ဖြစ်လျက် ကိုယ်တော်အထီးတည်း နိဗ္ဗာန်ဆုကို ယူသဖြင့် ဘယ်အကျိုးအံ့နည်း ဝေနေယျသတ္တ၀ါ အပေါင်းတို့ကို သံသရာတည်းဟူသော ရေအလျဉ်မှ ထုတ်၍ နိဗ္ဗာန်တည်းဟူသော ကျည်းကုန်းထက်သို့ တင်အံ့ဟု ကာမောဃ ဘဝေါဃ ဒိဋ္ဌောဃ အ၀ိဇ္ဇောဃ သြဃလေးဖြာ သံသရာ၌ နစ်မွန်းမျောပါကြကုန်သော သတ္တ၀ါအပေါင်းတို့ကို သနားကြင်နာတော်မူလှသည်ဖြစ်၍........''



အဘိဓမ္မာည၀ါဆရာ၏ ရှည်လျားထွေပြားသည့်တိုင် ဖတ်မငြီးသော အဘိဓမ္မာသမိုင်းဟု ဆိုရမည့် မဟာနိဒါန်းကြီးကို ဆိုကြည့်မိတော့ ခပ်ရေးရေးမျှ....။ အတိအကျလည်း မရတော့ပြီ။ လွန်ခဲ့သော နှစ်ပေါင်း နှစ်ဆယ့်ခြောက်နှစ်ကျော်က ရှေးဟောင်းကျောင်းအိုကြီး၏ ကြမ်းပြင်ပေါ်တွင် ကျုံ့ကျုံ့လေးထိုင်လျက် နှုတ်တက်ရွရွ ဆောင်ခဲ့ဖူးသော စာ...မေ့လောက်ပြီပေါ့..။ သို့သော် စွဲကျန်ရစ်ခဲ့သော ဝေါဟာရများစွာ ရှိသည်။ သုမေဓာရှင်ရသေ့၊ ဒီပင်္ကရာဘုရား၊ ပါရမီဆယ်ပါး၊ စွန့်ခြင်းကြီးငါးပါး၊ စရိယသုံးပါး၊ မယ်တော်မိနတ်သား၊ ကျေးဇူးဆပ်ခြင်း၊ တာဝတိံသာစသည်...။



အဓိကစွဲထင်နေအောင် ကျက်မှတ်ရသည်က....


ကုသလာဓမ္မာ(ကုသိုလ်ဖြစ်သော တရားအစု)


အကုသလာဓမ္မာ(အကုသိုလ်ဖြစ်သော တရားအစု)


အဗျာကတာဓမ္မာ(ကုသိုလ်အကုသိုလ်မဟုတ်သော တရားအစု)



ဤသည်ပင် ဘ၀အတွက် အရေးပါလှသော အဘိဓမ္မာဟု မသိခဲ့။ ပုလုကွေးကိုရင်လေးတစ်ပါး၏ အဇ္ဈတ္တမှတ်သိစိတ်တွင် ပါဠိပထမပြန်စာမေပွဲအတွက် ဆယ်မှတ်တန်မေးခွန်းများ၏ အဖြေအဖြစ်မှတပါး အခြားတန်ဖိုးကို မမြင်ခဲ့..။ အရွတ်အဖတ်အဘိဓမ္မာမျှသာ.....။



(၂)


အဘိဓမ္မတ္ထသင်္ဂဟေ၊ သဂြိုဟ်ကို ၀ိုက်သိုင်းလို့၊ ကိုးပိုင်းလုံး မွှေခဲ့မည်၊ စေ့ရေ မူလ၊ ပညာရှိ ငါဟဲ့နော်လို့၊ အာဘော်ကို ပြပြီးလျှင်၊မာနဖိစီး၊ မနှီးမနှော၊ တစ်ယောက်နှင့် တစ်ယောက်၊ အာပေါက်အောင်ပြောကြ၊ သောမနဿသဟဂုတ်၊ လဘက်က သုံးလေးလုပ်၊ ဒိဋ္ဌိဂတ သမ္ပယုတ်၊ ကြက်သွန်ကြော်များများနှင့်၊ ဗိုက်ကားအောင် တုတ်ပြီးလျှင်....။(ဦးပုည)



မြန်မာနိုင်ငံ၏ ပရိယတ္တိပညာရေးသင်ရိုးညွှန်းတန်းတွင် အဘိဓမ္မာကျမ်းများကို ဦးစားပေးပြဌာန်းထားသည်။


အခြေပြုမူလတန်းတွင် ဓမ္မသင်္ဂဏီကျမ်းစကားပြေနှင့်အရကောက်ကျမ်းပထမငယ်တန်းတွင် ဓာတုကထာကျမ်းစကားပြေနှင့်အရကောက်ကျမ်းပထမလတ်တန်းတွင် ယမကကျမ်းစကားပြေနှင့် အရကောက်ကျမ်းနှင့်ပထမကြီးတန်းတွင် ပဋ္ဌာန်းကျမ်းစကားပြေနှင့် အရကောက်ကျမ်း..ပထမကြီတန်းအောင်မြင်ပြီးသော ရှင်ငယ်ရဟန်းငယ်တစ်ပါးအနေဖြင့် အဘိဓမ္မာကျမ်းကြီး (၄)ကျမ်းကို သင်ယူတတ်မြောက်ပြီးဖြစ်နေသည်။ အတန်းတိုင်းတွင်လည်း ရှင်အနုရုဒ္ဓါ၏ သင်္ဂြီုဟ်ဟု ထင်ရှားသည့် အဘိဓမ္မာအကျဉ်း (အဘိဓမ္မတ္ထသင်္ဂဟကျမ်း)ကို သင်ယူကြရသည့်အတွက် မြန်မာနိုင်ငံ၏ အဘိဓမ္မာပညာရေး သည် အခြားသော ထေရ၀ါဒနိုင်ငံများထက် ပြည့်စုံမြင့်မားမှုရှိသည်ဟု ဆိုနိုင်သည်။ ဓမ္မာစရိယစာချတန်း ရောက်သည့်အခါတွင်မူ သုတ္တန်နှင့် အဘိဓမ္မာကို ဆက်စပ်သင်ယူကြရပြန်သည်။



ဗုဒ္ဓအရှင်ဟောကြားသည့် ပိဋကတ်သင်နည်းသုံးမျိုးတွင် အလဂဒ္ဒူပမာစာသင်နည်းဖြင့် အဘိဓမ္မာကို ချဉ်းကပ်မိလျှင် အဘိဓမ္မာအသိလေးကြွယ်လာသည်နှင့် အမျှ စကားလုံးများ၏ အရိပ်အယောင်ကလည်း ထွားကျိုင်း ၀င့်ဝါလာတတ်သည်။ ပညာပြိုင်ဆိုင်သည့်သဘောဖြင့် ပိဋကတ်ချင်း နှောကြ၊ စကားချင်းသောကြသည်။ သူသည်လည်း ထိုသို့သော စကားဝိုင်းမျိုးတွင် ၀င်ထိုင်ခဲ့ဖူးသည်။ ၀င်ငြင်းခုန်ခဲ့ဖူးသည်။ နောက်ဆုံးကောက်ချက်ချတော့ လူမုန်းသာအဖတ်တင်ခဲ့၏။ အလဂဒ္ဒူပမာစာသင်နည်း၏ အပြစ်ကို သူ မကြာခဏသိရှိဆင်ခြင်ဖူးပါသည်။ ထိုသို့ဆင်ခြင်မိသည့်ကြားမှပင် သူက မြွေဖမ်းချင်နေသည်။



အလဂဒ္ဒူပမာစာသင်နည်းဆိုသည်က အလမ္ပါယ်ဆရာတစ်ယောက်က မြွေဖမ်းသလို ပြောဖို့နှင့် ပြဖို့အတွက် သင်ယူခြင်းမျိုးဖြစ်သည်။ မကျွမ်းကျင်သော အလမ္ပါယ်ဆရာသည် မြွေကိုက်၍ သေတတ်သကဲ့သို့ ပရိယတ်တရားကိုလည်း သူတပါးတို့ အယူဝါဒကို ပြစ်တင်ရှုံ့ချရန်၊ ပြိုင်ဆိုင်ကဲ့ရဲ့ရန်၊သူတပါးတို့ မိမိအယူဝါဒကို ပြစ်တင်လာသော် ဖယ်ရှောင်ရှား၍ ချေပနိုင်ရန်၊ ကျော်စော ထင်ရှား၍ လာစေရန်၊ လာဘ်လာဘပေါများ စေရန်၊ ရည်ရွယ်လျက် သင်ယူလျှင် စိတ်ထား မကောင်းခြင်းကြောင့် အပါယ်ငရဲကျကာ ဆင်းရဲဒုက္ခ ရောက်တတ်လေသည်။



ခေတ်အဆက်ဆက် အဘိဓမ္မာစကားဖောင်ဖောင်ပြောတတ်သော လက်ဘက်ရည်ဝိုင်းများရှိခဲ့သည်ကို ဦးပုည၏ ကဗျာတွင် ဖတ်ရသည့်အခါ ပြုံးမဲ့မဲ့ဖြစ်ရသည်။ ''သောမနဿ သဟဂုတ်၊ လက်ဘက်က သုံးလေးလုပ်၊ ဒိဋ္ဌိဂတ သမ္ပယုတ်၊ ကြက်သွန်ကြော်များများနှင့် ဗိုက်ကားအောင် တုတ်ပြီးလျှင်....'' ။ အော် မြွေဖမ်းကြသူတွေပဲ..။ သို့သော် အဘိဓမ္မာတရားဒေသနာကို ပြန့်ပွားစေလို၊ နားလည်သိမြင်လိုစိတ်ဖြင့် ဆွေးနွေးကြသည်ကိုတော့ ကြိုဆိုရပေမည်။ ဤသို့ဖြစ်သည့်တိုင် အပြောအပြအဘိဓမ္မာနယ်ပယ်တွင်သာ ရှိသေးသည်။



(၃)


ယခုခေတ်၏ အဖြစ်အပျက်ကို လေးနက်စွာ စဉ်းစားသောအခါ များစွာသော လူသတ္တ၀ါတို့၌ မေတ္တာ၊ကရုဏာ၊မုဒိတာဟူသော ဗြဟ္မစိုရ်တရားများ ကွယ်ပျောက်၍ သွေ့ခြောက်နေသကဲ့သို့ ထင်ရလေသည်။ ထိုသူတို့၏ ခြောက်သွေ့သွေ့အပူဓါတ်သည် သူတော်ကောင်းတို့၌ပင် အရှိန်ဟတ်သဖြင့် သွေ့ခြောက်လုမတတ် ရှိရလေပြီ။ ထိုအပူဓါတ်ဟူသည်လည်း တစ်ယောက်နှင့် တစ်ယောက်မညှာတာနိုင်အောင် ဖြစ်နေသော လောဘဒေါသမာန်မာနနှင့် ဣဿာမစ္ဆရိယ စသည်တို့ပင်တည်း။အရှင်ဇနကာဘိဝံသ (ကိုယ်ကျင့်အဘိဓမ္မာ)



အဘိဓမ္မာထွန်းကားရေးဟူသည် ဗြဟ္မစိုရ်တရားထွန်းကားရေးပင် ဖြစ်သည်။ ၀ိပဿနာ ကျင့်ကြံခြင်း ဟူသည်မှာလည်း ဗြဟ္မစိုရ်တရားကို ခိုင်မာမြဲမြံအောင် ပွားများခြင်းသာ ဖြစ်လေသည်။ အရိယာအဖြစ်ကို ရောက်သည်နှင့် အစမ်းသပ်ခံ ဗြဟ္မစိုရ်တရားပိုင်ရှင်ဖြစ်သွားသည်။ ယဉ်ကျေးသော လူ့အဖွဲ့အစည်းဆိုသည်မှာ မတုန်လှုပ် မဖောက်ပြန်သော ဗြဟ္မ၀ိဟာရတရားများ ထွန်းကားရာနယ်ပင်ဖြစ်သည်။



တောင်မြို့ဆရာတော် အရှင်ဇနကာဘိဝံသက ကိုယ်ကျင့်အဘိဓမ္မာကို နိဒါန်းပျိုးရာတွင် ဗြဟ္မ၀ိဟာရ ချို့တဲ့မှု၏ အပြစ်အနာအဆာကို ဦးတည်ဖွင့်ဆိုခဲ့သည်။ လောဘ၊ဒေါသ၊မောဟနှင့် အကုသိုလ်တရားအစုမှန်သမျှ၏ အပူငွေ့ကြောင့် ကမ္ဘာမြေမငြိမ်းချမ်းမှု၊ ရာသီဖောက်ပြန်မှုနှင့် နျူကလီးယားစစ်ပွဲအထိ စိတ်မချရသော အခြေအနေတွင် အဘိဓမ္မာတရားကို သင်ယူရုံမျှမက နေ့စဉ်လက်တွေ့ဘ၀တွင် အသုံးချခြင်းသည် သာ ဗုဒ္ဓအရှင်၏ အလိုတော်ကျဖြစ်လိမ့်မည်။ နိဿရဏစာသင်နည်း၏ ပြီးပြည့်စုံသော ပန်းတိုင်ကို ဆွတ်ခူးနိုင်ပေလိမ့်မည်။



သီလ၊သမာဓိ၊ပညာ၊ ၀ိပဿနာ တရားအမှန်တို့ကို သိရှိတတ်ကျွမ်းကာ မဂ် ဖိုလ် ရယူနိုင်ရန် ကျင့်ကြံ အားထုတ်ရေး ရည်မှန်းချက်ဖြင့် သင်ယူလျက် မြင့်မြတ်သော စိတ်ထားကြောင့် ၀ဋ်ဒုက္ဓမှ ထွက်မြောက်နိုင်ခြင်းသည် နိဿရဏစာသင်နည်းဖြစ်သည်။



အဘိဓမ္မာကို ဗုဒ္ဓနည်းကျ နိဿရဏစာသင်နည်းဖြင့် အမှန်တကယ် သင်ယူတတ်မြောက်ခဲ့ပြီဆိုလျင် ငြိမ်းချမ်းမှုကို လိုလားသည်နှင့် အမျှ ပဋိပက္ခနှင့် ၀ိရောဓိပြဿနာများကို တရားနည်းလမ်းကျစွာ ကျော်လွှား ဖယ်ရှားနိုင်သည့် တန်ဖိုးရှိသောနိုင်ငံသား၊ သို့မဟုတ် ကမ္ဘာသား တစ်ဦး မွေးဖွားလာခြင်းပင်ဖြစ်လိမ့်မည်။



မစိုးရိမ်ဆရာတော်ဘုရားကြီးသည်လည်း အဘိဓမ္မာပြန့်ပွားရေးကို စိတ်အားထက်သန်လှသည်။ မင်းကွန်း တိပိဋကဆရာတော်ကြီးက အစ လမ်းဘေးဂွေလှိမ့်နေသည့် ကလေးများအဆုံး အဘိဓမ္မာကို သင်ပေးလေ့ရှိသည်။ (မင်းကွန်းတိပိဋကဆရာတော်ကြီးက မစိုးရိမ်ဆရာတော်ဘုရားကြီးခြေတော်ရင်းတွင် အဘိဓမ္မာပဋ္ဌာန်းဒေသနာ သင်ယူခဲ့ဖူးသည်။ ) မစိုးရိမ်ဆရာတော်ဘုရားကြီး၏ သင်ပြမှုကြောင့် ကလေးသူငယ်များ အဘိဓမ္မာစကားလုံးများနှင့် ရင်းနှီးလာသည်။ ကလေးသူငယ်များက အဘိဓမ္မာကို နေစဉ်ဘ၀တွင် လက်တွေ့အသုံးချသုံးစွဲ ပြောဆိုသည့်အတွက် လူကြီးသူမများ မျက်နှာပူကြရသည်အထိပင်..။



လူကြီးများ၏ မျက်နှာရိပ်မျက်နှာကဲနှင့် ဟန်ပန်အမူအရာကို အကဲခတ်ကာ အရမ်းကာရော စားနေပြီဆိုလျင် လောဘကြီးနေပြီ၊ စကားများငြင်းခုန်ကြပြီဆိုလျင် ဒေါသကြီးနေပြီ၊ တမေ့တမောအိပ်နေပြီဆိုလျင် မောဟကြီးနေပြီ စသည်ဖြင့် အဘိဓမ္မာဝေဘန်ရေးလုပ်ကြခြင်းဖြစ်သည်..။ ရင်းနှီးသော ဒကာတစ်ယောက်က'' ဆရာတော် ကလေးတွေကို အဘိဓမ္မာသင်တာတော့ ကောင်းပါရဲ့၊ ဒါပေမယ့် ကလေးတွေက လူကြားထဲ ထထပြောတော့ အခက်သားဘုရား'' ဟု ဆရာတော်ကြီးအား လျှောက်ထားသည့်အခါ ''အေး ကလေးတွေ အပြောမခံချင်ရင် မင်းတို့ကောင်းအောင်နေကြပေါ့ကွ '' ဟု မိန့်သော ဟူ၏။ အော် အသုံးချအဘိဓမ္မာ..။



(၄)


မင်းတို့ရှင်ဘုရင်ကို ပြောလိုက်ကြ..စိတ္တံ၊ စိတ်တဲ့ကွယ်(ညောင်ကန်ဆရာတော် ဦးဗုဓ်)



ယခုရက်ပိုင်းတွင် သူနေထိုင်လျက်ရှိသော ဗာရာဏသီမြို့ပြသည် နွေရာသီအပူငွေ့ဖြင့် တရိပ်ရိပ် လောင်မြိုက်နေသည်။ သူကတော့ မကြာမီ ရွှေပြည်ကြီးသို့ ပြန်ရလေမည်ဖြစ်၍ မဇ္ဈိမနွေကို မျက်ကွယ်ပြုကာ စီစဉ်ဖွယ်ရှိသည်များကို အပြေးအလွှားစီမံနေခဲ့သည်။ လေယာဉ်လက်မှတ်၊ ခြောက်လတာ မပျက်မကွက်သောက်ရမည့် ဆေး၊ တက္ကသိုလ်ရေးရာများ..စသည်..။



ထိုအချိန်နှင့် တိုက်ဆိုင်စွာ စင်ကာပူနိုင်ငံမှာ ဖွဲ့စည်းတည်ထောင်ထားသည့် အဘိဓမ္မာအသင်းကြီး၏ ပန္နက်တင်မင်္ဂလာပွဲတော်ကို ကဆုန်လပြည့်ဗုဒ္ဓပုဏ္ဏိမာအခါတော်သမယတွင် မြန်မာနိုင်ငံ၊ရွှေတိဂုံ စေတီတော်မြတ်ကြီး၌ သိုက်မြိုက်စွာ ဆင်ယင်ကျင်းပကြမည်..ဟူသော ဓမ္မသတင်းစကားကို ကြားရသည်။ ထိုနေ့မှာပင် အဘိဓမ္မာအသင်းကြီး၏ အင်တာနက်ဝက်ဘ်ဆိုဒ်တစ်ခုကိုလည်း အချိန်ကိုက် ဖွင့်လှစ်ကာ အဘိဓမ္မာသာသနာကို အချိန်နှင့် နေရာ (Time and Space) မှန်သမျှသို့ ရောက်ရှိပြန့်ပွားအောင် လွှတ်တင် သာသနာပြုကြပေလိမ့်မည်။ ဗုဒ္ဓအရှင်၏ အဘိဓမ္မာဟောကြားတော်မူသည့် အသံတော်သည် လည်း စကြာဝဠာနံရံများတွင် ပဲ့တင်ထပ်နေဆဲဖြစ်သည်။



အဘိဓမ္မာအသင်းသူတစ်ဦးဖြစ်သူ မဆုရည်မွန်က သူ့ထံမှ အဘိဓမ္မာအကျဉ်းချုပ်ဆောင်းပါးတစ်ပုဒ် ရလိုပါကြောင်း လျှောက်ထားသည့်အခါ ဤစာစုကို ထရေးဖြစ်သည်။ ယခုရေးနေသော ၀ါကျများသည် အဘိဓမ္မာအကျဉ်းချုပ်ကို ဖော်ပြနိုင်သော စာတမ်းတစ်စောင်မဟုတ်၊ အဘိဓမ္မာဒေသနာကို ဖွင့်ဆိုနိုင်သည့် ဒီပနီ သို့မဟုတ် ဋီကာလည်း မဟုတ်ပေ..။ အဘိဓမ္မာအသင်းကြီးကို ဂုဏ်ပြုလိုသည့်အတွက် စိတ်နှလုံးကို ဖွင့်ချရာမှ ထွက်ကျလာသော စကားလုံးအချို့၏ စုစည်းမှုသာ ဖြစ်ပေလိမ့်မည်။



မည်သို့ဆိုစေ အဘိဓမ္မာအကျဉ်းချုပ်ဟူသော အတွေးစကို ဆွဲထုတ်မိတော့ ဆရာတော်ဦးဗုဓ်၏ စကားအလင်္ကာကို နောက်ဆုံးကိုးကားဖြစ်သွားသည်။ ညောင်ကန်ဆရာတော်ဦးဗုဓ်က နန်းမတော် မယ်နုလှူဒါန်းသည့် အုဋ္ဌ်ကျောင်းကြီးတွင် စံပျော်သည့် ကျမ်းပြုအကျော် ဆရာတော်တစ်ပါးဖြစ်သည်။ ပိဋကတ်အဖွင့်ကျမ်းများစွာကို ရေးသားပြုစုနေသည်နှင့်အမျှ အချိန်ကို တန်ဖိုးထားတတ်သော ဆရာတော်တစ်ပါးလည်း ဖြစ်သည်။



တစ်နေ့တွင် နန်းတော်သို့ ဆွမ်းစားကြွရသည်။ ဘုရင်မင်းမြတ်က အချိန်မီထွက်မလာပါ..။ သို့နှင့် အချိန်မဖြုန်းလိုသော ဦးဗုဓ်က ''မင်းတို့ရှင်ဘုရင်ကို ပြောလိုက်ကြ..စိတ္တံ၊ စိတ်တဲ့ကွယ်" ဟု မှာကြားကာ ကျောင်းတော်သို့ ပြန်ကြွသွားလေသည်။ ဘယ်လောက်များ တိုတောင်းလှသော အဘိဓမ္မာတရားပါလဲ..။



သာမန်ပုထုဇဉ်တစ်ဦး၏ နေ့စဉ်ဘ၀တွင် ကုသိုလ်နှင့် အကုသိုလ်တရားနှစ်ပါး၏ အဖြူအမဲ စုတ်ချက်များကို ပုံဖော်နေရသည်။ ကုသိုလ်ဖြစ်လိုက်၊ အကုသိုလ်ဖြစ်လိုက်...။ ကုသိုလ်က အပြစ်ကင်းသော အန၀ဇ္ဇတရား။ ကောင်းသော အကျိုးကို ပေးခြင်းလက္ခဏာရှိသည်။ အကုသိုလ်က အပြစ်မကင်းသော သာဝဇ္ဇတရား၊ မကောင်းသော အကျိုးကို ပေးခြင်းလက္ခဏာရှိသည်။



ကုသိုလ်၊ အကုသိုလ်ဖြစ်ပွားခြင်းကို အဘိဓမ္မတ္ထသင်္ဂြီုဟ်ဆရာ အရှင်အနုရုဒ္ဓါက လဒ္ဓပစ္စယံ (အကြောင်းအားလျော်စွာ)ဟူသော ပါဠိဝေါဟာရလေးဖြင့် ဖွင့်ပြသည်။ ယောနိသောမနသိကာရ ဟူသော အကြောင်း၊ အယောနိသော မနသိကာရဟူသော အကြောင်း..။ သင့်သောအားဖြင့် နှလုံးသွင်းသော စိတ်၊ မသင့်သောအားဖြင့် နှလုံးသွင်းသော စိတ်....။ ကုသိုလ်ပဲ ဖြစ်ဖြစ် အကုသိုလ်ပဲ ဖြစ် သည်စိတ်သာ ပြဌာန်းသည်..။ သည်တော့လည်း ဆရာတော်ဦးဗုဓ်က အဘိဓမ္မာကို ချုပ်လိုက်ပြီ၊ စိတ္တံ စိတ်တဲ့ကွယ် တဲ့။



ယနေ့ အဘိဓမ္မာအသင်းကြီးကတော့ ဗုဒ္ဓအရှင်၏ ထူးမြတ်လှသော အဘိဓမ္မာသာသနာအတွက် ပေါ်ထွန်းလာခဲ့ပြီ။ နိဿရဏစာသင်နည်းဖြင့် အဘိဓမ္မဒေသနာကို ချဉ်းကပ်ကာ အရွတ်အဖတ် အဘိဓမ္မာ(Memorization and oral recitation of Abhidhamma) အပြောအပြအဘိဓမ္မာ( Talk and Discussion on Abhidhamma) နှင့် အသုံးချအဘိဓမ္မာ (Applied Abhidhamma) အဆင့်ဆင့်ဖြည့် ကျင့်နိုင်ကြသည့် အမျိုးကောင်းသားအမျိုကောင်းသမီးတို့ ပေါ်ထွန်းလာရေး ဆောင်ရွက်ကြစေလိုကြောင်း ဆုတောင်းလျက် ညောင်ကန်ဆရာတော်ဘုရားကြီး ဦးဗုဓ်၏ သြ၀ါဒစကားအတိုင်း. ဂလိုဘယ်လ်ခေတ်ကြီး၏ နေ့စဉ်ဘ၀လှိုင်းတံပိုးကြားထဲ '' စိတ္တံ၊ စိတ်တဲ့ '' ဟုသာ..။



ဓမ္မဂင်္ဂါ အရှင်ဝိစိတ္တသာရ


(၉-၅-၂၀၁၁)



မှတ်စု(၁) အလဂဒ္ဒူပမာ ပရိယတ္တိ၊ မြွေဖမ်းသူသည် (အဖမ်း မတတ်လျှင်) ထို မြွေကိုက်၍ ဒုက္ခရောက်ရသလို ပရိယတ်တရားကိုလည်း သူတပါးတို့ အယူဝါဒကို ပြစ်တင်ရှုံ့ချရန်, ပြိုင်ဆိုင်ကဲ့ရဲ့ရန်, သူတပါးတို့ မိမိအယူဝါဒကို ပြစ်တင်လာသော် ဖယ်ရှောင်ရှား၍ ချေပနိုင်ရန်, ကျော်စော ထင်ရှား၍ လာစေရန်, လာဘ်လာဘပေါများ စေရန်, ရည်ရွယ်လျက် သင်ယူလျှင် စိတ်ထား မကောင်းကြောင့် အပါယ်ငရဲကျ-ဆင်းရဲဒုက္ခရ၍ အလဂဒ္ဒူ ပမာ-ပရိယတ္တိဟုခေါ်ဆိုသည်။



(၂) နိဿရဏတ္ထ- ပရိယတ္တိ၊ သီလ-သမာဓိ- ပညာ။ ၀ိပဿနာ တရားမှန်တို့ကို သိရှိတတ်ကျွမ်း၍ မဂ် ဖိုလ် ရယူနိုင်ရန် ကျင့်ကြံအားထုတ်ရေးအတွက် သင်ယူလျက် မြင့်မြတ်သော စိတ်ထားကြောင့် ၀ဋ်ဒုက္ဓမှ ထွက်မြောက်ရာ နိဿရဏတ္ထ- ပရိယတ္တိမျိုးမည်၏။



(၃) ဘဏ္ဍာဂါရိက- ပရိယတ္တိ၊ မြတ်စွာဘုရားသခင်၏ ဓမ္မက္ခန္ဓာအပေါင်း တိမ်းစောင်း ပျောက်ပျက်ခြင်း မရှိရအောင် ထိန်းသိမ်း စောင့်ရှောက်ရန် သင်ကြားမှုမျိုးကို မင်း၏ ဘဏ္ဍာစိုးနှင့် တူသောကြောင့် ဘဏ္ဍာဂါရိက ပရိယတ္တိမျိုးမည်၏။



Posted by ဓမ္မဂင်္ဂါ