Thursday, May 5, 2011

“ ရဲစိတ်တင့်သူနှင့် ခဲဆိပ်သင့်သူ”



“ ရဲစိတ်တင့်သူနှင့် ခဲဆိပ်သင့်သူ”

လွန်ခဲ့တဲ့ နှစ်လေးဆယ်ကျော် မိမိတို့ သာမဏေအဖြစ်နဲ့ စာသင်တိုက် ရောက်စလောက်က မြန်မာစာ ပေမှာ ထင်ရှားတဲ့ စာရေးဆရာကြီးနှစ်ဦးတို့ တစ်ဖက်စီ ဦးဆောင်ပြီး “ဗီဇနဲ့ ပတ်ဝန်းကျင်” အကြောင်း ငြင်းခုံကြဖူးတယ်။ မှတ်မိသလောက်ကတော့ ဆရာကြီး ဦးတက်တိုးတို့က “ဗီဇ အဓိက”လို့ ဆိုကြပြီး ဆရာကြီးဦးသိန်းဖေမြင့်တို့က “ပတ်ဝန်းကျင်အဓိက”လို့ ငြင်းခုံကြတာပါ။ အမှားအမှန် အနိုင်အရှုံး ရယ်လို့ တော့ အဖြေပေါ်တယ် မကြားမိပါဘူး။


မြတ်ဗုဒ္ဓရဲ့ ဒေသနာတော်များ အလိုအရတော့ ဒီကိစ္စဟာ တရားသေ သတ်မှတ်လို့မရပါဘူး၊ ကုဋေရှစ်ဆယ် သူဌေးသားတို့လို၊ အဇာတသတ် မင်းသားတို့လို ပါရမီမခိုင်မြဲသူများနဲ့ ဉာဏ်နုံ့သူများ အတွက် ပတ်ဝန်းကျင်က ဗီဇကို လွှမ်းမိုးနိုင်တယ်။ အဂ္ဂသာဝက မဟာသာဝကများနဲ့ အရှင်မောဂ္ဂလာန်တို့လို ပါရမီ ခိုင်မြဲတဲ့ ပစ္ဆိမဘ၀ိက သား(ဒီဘ၀မှာ သံသရာဝဋဇာတ် ချုပ်ငြိမ်းရာ အရဟတ္တဖိုလ်ပေါက် ရောက် ရမည့်သူမား) အတွက်ကတော့ ပါရမီဓာတ်နဲ့ လွှမ်းထုံထားတဲ့ ဗီဇဓာတ်ကို ဘယ်လို ပတ်ဝန်းကျင်ကမှ ပြောင်းလဲသွားအောင် မလွှမ်းမိုးနိုင်ကြဘူးလို့ပဲ ဆုံးဖြတ်ရပါလိမ့်မယ်။

ဟုတ်ပါတယ်။ အခုလည်း အဂ္ဂသာဝကကြီးများဖြစ်မယ့် လက်ဝဲရံ လက်ယာရံ အလောင်းတော်နှစ် ဦးတို့ဟာ သူ့ဒေသ သူ့ပတ်ဝန်းကျင်မှာ သူတော်ကောင်းကြီးလို့ အထင်အရှား သတ်မှတ်ကိုးကွယ်ခြင်း ခံခဲ့ရတဲ့ သဉ္ဇဉ်းဆရားကြီးထံ အဦးဆုံး ရောက်ရှိခဲ့ကြပေမယ့် သူတို့ရဲ့ ရင့်ကျင်ခိုင်မာတဲ့ ပါရမီ စွမ်းအားများ က ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး ဖြစ်အောင် တည်ဆောက်နိုင်စွမ်းရှိစေခဲ့လို့ အရှင်အဿဇိနဲ့ တွေ့ခွင့်ရပြီး တရားစစ် တရားမှန်ကို သိမြင်ခွင့် ရသွားကြတာပါ။

အာဇာနည် ယောင်္ကျားမြတ်ဆိုတာ-

မှန်း မှန်အဖြစ်၊ စိစစ်ရဲစေ၊ မှား အမှန် ဝေဖန် သိရဲစေ။

မှား မှန် ဝေခွဲ ပြောရဲတတ်စေ၊ အမှန်း လှန် အမှန်ကျင့်ရဲစေ။ ဆိုတဲ့ “ရဲလေးချက်” နဲ့ ပြည့်စုံသူဖြစ်ရ မယ်ဆိုတဲ့အတိုင်း အာဇာနည်များပီပီ အမှားကို ပယ်လှန်ပြီး အမှန်ကို လက်ခံ ကျင့်သုံးနိုင်စွမ်း ရှိကြတယ် လို့ပဲ မှတ်ချက်ချရပါလိမ့်မယ်။

သာသနာ့လက်ရုံးနှစ်ဆူ ဖြစ်ကြမယ့် အာဇာနည် သူမြတ်နှစ်ဦးတို့ဟာ အမြိုက်တရားမှန်ကို သိရှိခံ စားကြရတဲ့အခါ အောက်လူများကိုလည်း ထောက်ထား ငဲ့ညှာ၊ ဆရာသမားကိုလည်း လေးစားကော်ရော် ပူဇော်တတ်တဲ့ အာဇာနည် ယောက်ျားမြတ်များပီပီ ဥပတိဿ ပရဗိုဇ်က “ အဆွေတော်ကောလိတ.. တပည့် ပရဗိုဇ် ၂၅၀ တို့ဟာ ငါတို့ကို အမှီပြု အကဲခတ်ပြီး နေကြသူတွေ ဖြစ်ကြတဲ့အတွက် သူတို့ကိုလည်း ပန်ကြားပြောဆိုမှတော်မယ်။ ဒါမှသာ သူတို့ သဘောကျသလို ဆုံးဖြတ်ပြုလုပ်ခွင့်ရကြ ပေလိမ့်မယ်။ ပြီးတော့ ငါတို့ သိမြင်ရရှိထားတဲ့ အမြိုက်နိဗ္ဗာန် တရားမှန်ကို ငါတို့ရဲ့ ဆရာကြီး သဉ္စည်းပရဗိုဇ် ကိုလည်း ပြောကြားကြဦးစို့၊ ဉာဏ်ရှိသူဖြစ်ရင်တော့ ဆရာကြီးလည်း တို့လိုပဲ အမှားကို ရဲရဲကြီး ပယ်လှန်ပြီး အမှန်ကို ၀ံ့ဝံ့စားစား လက်ခံဖို့ မြတ်စွာဘုရားထံ လိုက်လာမှာပေါ့”လို့ တိုင်ပင် ပြောဆိုပါတယ်။

ပရဗိုဇ်တို့နေရာကို ရောက်တဲ့အခါမှာတော့ တပည့်ပရဗိုဇ် ၂၅၀ တို့က “အို. အရှင်တို့၊ ကျွန်ုပ်တို့က အရှင်တို့ အရိပ်အကဲကိုသာ အမြဲကြည့်နေ ကြသူတွေပဲဟာ၊ အရှင်တို့နှစ်ဦး မြတ်စွာဘုရားထံမှာ အကျင့် မြတ်ကို ကျင့်သုံးကြမယ်ဆိုရင် ကျွနိုပ်တို့အားလုံးလည်း အတူတူပဲ လိုက်ပြီးကျင့်သုံး ကြမှာပေါ့”လို့ ပြန်ပြော ကြပါတယ်။

သိဉ္စည်းဆရာကြီးကတော့ “အမောင်တို့ရဲ့ ၊ လောကမှာ လူမိုက်နဲ့ လူလိမ္မာ ဘယ်ဟာကများသလဲ ကွဲ့”လို့ မေးတယ်။ “လူမိုက်က များပြီး ပညာရှိက နည်းပါတယ်”ဆိုတော့ “ဒါဖြင့် လူလိမ္မာ ပညာရှိတွေက ပညာရှိတဲ့ ရဟန်းဂေါတမဆီ သွားကြလိမ့်မယ်။ ပညာမဲ့ လူမိုက်တွေက ငါ့ဆီလာကြလိမ့်မယ်၊ အမောင်တို့ သာ သွားကြ၊ ငါကတော့ ဘယ်နည်းနှင့်မှ မလိုက်နိုင်ဘူး။ လူမိုက်တွေရှိနေသမျှ ငါ့အတွက် အလုပ်ဖြစ်မြဲ ဖြစ်နေမှာပဲ၊ ငါ့အတွက် ဘာမှမပူကြနဲ့”ဆိုပြီး ယတိပြတ် ပြောချလိုက်ပါတယ်။ ကိုယ့်ဇာတ်က မျောက်ပွဲပဲ ကနေနေ၊ ကိုယ့်ဇာတ်မှာ ဇာတ်အုပ် မင်းသားကြီးဖြစ်နေပြီးခါမှ သူများဇာတ်မှာ ကားဆွဲ သေတ္တာ ထမ်းအဖြစ်နဲ့ မလိုက်လိုတော့ဘူးဆိုတဲ့ မာနမျိုးပေါ့။

လောကမှာ တုံးပေကတ်သတ် လူမိုက်(အန္ဓဗာလ)များဟာ

မှား မှန်အဖြစ် စိစစ်ခဲသည်၊ မှား အမှန် ဝေဖန် သိခဲသည်။

မှား မှန် ဝေခွဲ ပြောခဲဘိသည်၊ အမှားလှန် အမှန်ကျင့်ခဲသည်။ ဆိုတဲ့ “ခဲ”လေးရပ်နဲ့ ငြိကပ်ပြီး ခဲဆိပ်သင့်ကာ ဒုက္ခရောက်ကြရမြဲ ဖြစ်တယ်ဆိုတဲ့ အတိုင်း အလောင်းတော် သူမြတ်နှစ်ပါးနဲ့ နောက်ပါ ပရဗိုဇ် ၂၅၀ တို့ မြတ်စွာဘုရားရှိရာ ဝေဠုဝန်ကျောင်းဆီ ထွက်သွားချိန်ကစပြီး ပရဗိုဇ်တို့ နေရာ အရံကြီး တစ်ခုလုံး ကျီးနဲ့ ဖုန်ဖုန်လို့ ဆိုရလောက်အောင် ဆိတ်သုဉ်းသွားချိန်မှာတော့ သိဉ္စည်းဆရာကြီးရင်ထဲမှာ မချိတင်ကဲ သောကမီးစွဲပြီး ခံတွင်းက သွေးပွက်ပွက် အန်ထွက်ပါသတဲ့။

ရဲစိတ်ပြည့်သူများဟာ ရဲစိတ်ကြောင့် ပြည့်စုံတင့်တယ် အေးချမ်းမှုကို ရကြပြီး ခဲဆိပ်သင့်သူက ခဲဆိပ်ကြောင့် မပြည့်စုံ မတင့်တယ်ဘဲ ပူပန်ဆင်းရဲရတဲ့ ဓမ္မတာနိယာမပါပဲ။

လက်ဝဲရံ လက်ယာရံ အလောင်းတော်နှစ်ဦးနဲ့ နောက်ပါ ပရဗိုဇ် ၂၅၀တို့ မဟာသက္ကရာဇ် ၁၀၃ ခု၊ တပိုတွဲလဆန်း ၁ ရက်နေ့ လောက်မှာ ဘုရားရှင်ရှိရာ ရာဇဂြိုဟ်မြို့၊ ဝေဠုဝန်ကျောင်းတိုက်ကို ရောက်ရှိကြလို့ ပရိသတ်အလယ်မှာ ထိုင်နေတော်မူတဲ့ ဘုရားရှင်ကို ရှိခိုးဦးညွတ်ကြပြီး ရဟန်းအဖြစ်ကို တောင်းခံတဲ့အတွက် အားလုံး “ဧဟိ ဘိက္ခု” ရဟန်းအဖြစ်ကို ရရှိကြပါတယ်။ စရိုက်နဲ့ လျော်ကန်မယ့် တရားဓမ္မကို တိုးချဲ့ဟောကြားတော်မူတဲ့ အဆုံးမှာတော့ နောက်လိုက်တပည့် ၂၅၀တို့ အဲဒီတစ်ထိုင်တည်း နဲ့ပဲ အရဟတ္တဖိုလ်ပေါက် ရဟန္တာအဖြစ် ဆိုက်ရောက်ကြပါတယ်။

အဂ္ဂသာဝက အလောင်းအလျာ နှစ်ပါးတို့ကတော့ ကြီးမားတဲ့ မျိုးစေ့များ အပင်ပေါက်ခဲသလို ဒီတစ်ထိုင်မှာ အထက်မဂ်သုံးပါးထိ မရောက်ကြပါဘူး။ အဲဒီနောက် ခုနှစ်ရက် အကြာမှာတော့ မဂဓတိုင်း “ ကလ၀ါလပုတ္တ”ဆိုတဲ့ ရွာငယ်လေးကို ဂေါစရဂံ (ဆွမ်းခံရွာ) ပြုလုပ်ပြီး ခုနှစ်ရက်ပတ်လုံး စကြံကြွရင်း တရားအားထုတ်နေတဲ့ အရှင်မောဂ္ဂလာန်မထေရ်မြတ်က ပင်ပန်းနွမ်းနယ်လှတဲ့အတွက် စကြံစွန်းမှာ ငိုက်မျဉ်းနေတုန်း မြတ်စွာဘုရားရှင်ကြွလာပြီး--

“ချစ်သား ငိုက်မျဉ်းခြင်းကို ဖြစ်စေမည့်(၁) မအိပ်ရတာ ဘယ်လောက်တောင်ကြာခဲ့ပြီစတဲ့ အမှတ် သဘာတို့ကို နှလုံးမသွင်းနဲ့၊ (၂)ဒီလိုနဲ့ အငိုက်မပြေရင် နာကြားပြီးတဲ့ တရားစာကို စိတ်နဲ့နှလုံးသွင်းရွတ် ဆိုနေ၊(၃) ဒါနဲ့ မရသေးရင် နှုတ်ကနေ အသံထွက်ရွတ်နေ၊ (၄) ဒါနဲ့လည်း မရသေးဘူးဆိုရင် ကိုယ့်နားရွက် ကိုယ်ဆွဲလိမ်၊ (၅)ဒါနဲ့တောင် ငိုက်ချင်တုန်းဆိုရင် မျက်နှာသစ်ပြီး ဟိုဟိုဒီဒီ နက္ခတ်တာရာ တွေကို လှည့်ကြည့်၊ (၆) ဒါနဲ့မရရင် အလင်းရောင်ကို နှလုံးသွင်း မှန်သားတဲ့ အာလောကသညာ ကမ္မဋ္ဌာန်းနဲ့ “နေ့ခင်းကြောင်တောင်” ဆိုတဲ့ အမှတ်ကို ဆောက်တည်၊ (၇) ဒါနဲ့မှ မရရင်တော့ ရှေးအကြောင်း နောက်အကြောင်းတွေကို စဉ်းစားရင်း စကြံသွား။ ဒါနဲ့မှ မရရင်လည်း ထရမယ့်အချိန်ကို မှန်သားပြီး ခဏလောက် သတိရှိရှိနဲ့ အိပ်လိုက်ပေါ့။ နိုးလာရင်တော့ ဟိုလူးဒီလှိမ့် ပျင်းကြော ဆွဲမနေဘဲ မြန်မြန်ထမယ်ဆိုပြီး နှလုံးသွင်းအားထုတ်ပါ” လို့ ဆုံးမပါတယ်။ အဲဒီနေ့မှာပဲ ဘုရားရှင်ပေးတဲ့ ဓာတ်လေး ပါး ကမ္မဋ္ဌာန်းကို နားကြားနှလုံးသွင်းပြီး အရဟတ္တဖိုလ်ပေါက် ရဟန်းကိစ္စ ပြီးမြောက်ပါတယ်။

အရှင်သာရိပုတ္တရာ မထေရ်မြတ်ကတော့ ရဟန်းဖြစ်ပြီး ၁၅-ရက်မြောက်တဲ့ တပိုတွဲ လပြည့်နေ့ ရောက်မှာ ဂိဇ္ဈကုဋ်တောင်၊ ၀က်တူးလိုင်မှာ တူတော်စပ်တဲ့ ဒီဃနခ ပရဗိုဇ်အတွက် ဘုရားရှင် ဟောကြားတဲ့ ဝေဒနာပရိဂ္ဂဟသုတ်ခေါ် ဒီဃနခသုတ်ကို နာယူနှလုံးသွင်းရင်း ရဟန်းကိစ္စပြီးမြောက် အထွတ်အထိပ် (အရဟတ္တဖိုလ်)ရောက်ရှိခဲ့ပါတယ်။

ဒီနေရာမှာ မေးစရာရှိတာက ပကတိ သာဝကတွေက တစ်ထိုင်တည်းနဲ့ ရဟန္တာဖြစ်တယ်။ လက်ဝဲရံ က ခုနှစ်ရက်ကြာမှ ရဟန္တာဖြစ်တယ်။ ဉာဏ်ပညာအကြီးဆုံး အဂ္ဂသာဝကကြီးက ၁၅-ရက်ကြာမှ ရဟန္တာ ဖြစ်တယ်။ ဒါ ဘယ်လိုဖြစ်တာလဲ၊ ဘာကြောင့်လဲ ဆိုတာပါပဲ။

အဖြေကတော့ “ရှင်ဘုရင် တစ်ခါထွက် ပဲကြီးတစ်လှေချက်” ဆိုသလိုပဲ အဆောင်အယောင် အခမ်းအနား ပြင်ဆင်ဖွယ်ရာ ကြီးကျယ်သူများက အထနှေးခြင်း ဖြစ်တယ်လို့ ဆိုရမှာပါပဲ။ ပကတိ သာဝကများက နီဝရဏစတဲ့ ကိလေသာကုန်ရင် ပြီးစတမ်းဆိုပြီး မဂ်ဖိုလ်အသိရရုံပဲ ၀ိပဿနာကို အလွယ်ကူဆုံး အကျဉ်းရုံးပြီး ရှုလို့မြန်တယ်။ လက်ဝဲရံမထေရ်မြတ်က ပကတိသာသကတို့ထက် အသေးစိတ်တယ်။ သူ့သန္တာန်၊ ကိုယ့်သန္တာန်မှာရှိတဲ့ သင်္ခါရတရားတွေကို အစုံမစေ့မဟုတ်တောင် အတော်လေးစုံအောင် နှလုံးသွင်းလို့ ခနစ်ရက်လောက်အထိ ကြာတယ်။ ပညာအသာဆုံးဖြစ်တဲ့ လက်ယာရံမထေရ်မြတ်ကတော့ ပညာကြီးသူပီပီ မိမိသန္တာန်မှာရှိတဲ့ သင်္ခါရတရား၊ သူတစ်ပါး သန္တာန်မှာ ရှိတဲ့ သင်္ခါရတရားတို့ကို အသေးစိတ် အစုံအစေ့ နှလုံးသွင်း ဆင်ခြင်တဲ့အတွက် ၁၅-ရက်အထိ ကြာတယ် လို့ အဋ္ဌကထာ ဆရာတော်ကြီးက ရှင်းပြပါတယ်။

လက်ယာရံမထေရ်မြတ်ကြီး ရဟန္တာဖြစ်တော်မူတဲ့နေ့မှာ--

(၁) တပိုတွဲလပြည့်နေ့ဖြစ်ခြင်း၊

(၂)ဥရုဝေလ ကဿပညီနောင် ရဟန်းတစ်ထောင်နဲ့ အဂ္ဂသာဝကကြီးတို့ အဖွဲ့ ရဟန်း ၂၅၀ အားဖြင့်

ရဟန်းပေါင်း ၁၂၅၀ (တစ်ထောင့်နှစ်ရာ ငါးကျိပ်)တို့ ဘယ်သူကမျှ မပင့်မဖိတ်ရဘဲ မိမိတို့သဘောအလျောက် စုဝေးမိခြင်း၊

(၃)ရဟန်းအားလုံး ဧဟိဘိက္ခု ရဟန်းချည်းဖြစ်ခြင်း၊

(၄) ရဟန်းအားလုံးပင် အဘိညာဉ်ခြောက်ပါးနဲ့ ပြည့်စုံတဲ့ ဆဠဘိညရဟန္တာချည်း ဖြစ်ခြင်းဆိုတဲ့

အင်္ဂါလေးပါးနဲ့ ပြည့်စုံတဲ့ သာဝက သန္နိပါတ( သာသက စုံညီ အစည်းအဝေးကြီး) ပြုတော်မူပြီး အဂ္ဂသာဝကကြီးနှစ်ပါးတို့ကို လက်ဝဲရံ လက်ယာရံအရာအပ်နှင်း ချီးမြှောက်ပါတယ်။ အဲဒီနေ့မှာပဲ ဘုရားတိုင် မစွန့်မပယ် ပြုမြဲဖြစ်တဲ့ သြ၀ါဒ ပါတိမောက်ခေါ် အပါယ်လွတ်ကြောင်း သာသနာ့အခြေခံ သြ၀ါဒတရားကို မြွက်ကြား ဆုံးမတော်မူပါတယ်။

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

အတွေးသစ်ဂျာနယ်