Monday, May 2, 2011

အိုခြင်းဇရာကို ဟန့်တားရန် ကြိုးစားခြင်း






အိုခြင်းဇရာကို ဟန့်တားရန် ကြိုးစားခြင်း

ယခုခေတ်တွင် လူသားတို့သည် ကံ၊ စိတ်၊ ဥတု၊ အာဟာရ အကြောင်း (၄)ပါးကြောင့် ဖြစ်ပေါ်ရရှိလာသော မိမိတို့၏ ရုပ်ရည် ရူပကာယကို အားရတင်းတိမ်မှု မရှိဘဲ၊ မိမိတို့၏ မူရင်းရုပ်ကို လှပစေရန် ဆေးဝါးဖြင့်လည်း ပြုပြင်နေကြ၏။ ခွဲစိပ်ကုသ၍လည်း ပို၍လှစေရန် ပြင်ဆင်နေကြ၏။ ထိုသို့ ပို၍လှစေရန်၊ အလှမပျက်စေရန်၊ ဆက်လက်ကာ လှပနေစေရန် အမျိုးမျိုးသောနည်းဖြင့် ကြံဆောင်နေကြ၏။ ပြုပြင်နေကြ၏။ တစ်နည်းအားဖြင့်မူ ထိုသို့ပြုလုပ်နေခြင်းသည် အိုခြင်း(ဇရာ)ကို ဟန့်တားရန် ကြိုးစားနေခြင်းပင် မဟုတ်ပါလော။

သိပ္ပံပညာရှင်များ၏ အယူအဆ

ကျန်းမာရေး သိပ္ပံပညာရှင်တို့သည် လူ့သက်တမ်း အချိန်နာရီလက်တံကို နှေးကွေးစေ၍ လောကကြီးတွင် ကြာကြာနေနိုင်ရန် နည်းလမ်းများကို စမ်းသပ် ရှာကြံခဲ့ကြသည်။

မကြာသေးမီက မျိုးရိုးဗီဇလေ့လာရေး ဓာတ်ခွဲခန်းတစ်ခုတွင် တစ်မီလီမီတာ အရွယ်ရှိ တုတ်ကောင်အသေးလေးများကို စမ်းသပ်ကြည့်ခဲ့ကြသည်။ အရွယ်သေးလွန်းသဖြင့် မျက်စိဖြင့် မနည်းကြည့်မှ မြင်နိုင်၏။ ထိုအကောင်လေးများကို စမ်းသပ်ဖန်ခွက်ထဲတွင် အာဟာရဓာတ်အချို့နှင့်အတူ ထည့်၍စမ်းသပ်ခဲ့သည်။ ပုံမှန်အားဖြင့် ထိုအကောင်လေးများသည် အပြင်တွင် (၉)ရက်မျှသာ အသက်ရှည်ကြသော်လည်း ထိုဖန်ခွက်များထဲ၌ ရက်ပေါင်း(၅၀)အထိ သက်တမ်းရှည်ကြောင်း တွေ့ရှိခဲ့၏။ သူတို့၏သက်တမ်းတိုးတက်မှု သာဓကကိုကြည့်၍ လူ့သက်တမ်းနှင့် အချိုးကျ နှိုင်းယှဉ်ကြည့်ပါက လူတစ်ဦးလျှင် သက်တမ်းနှစ်ပေါင်း(၄၂၀)ကြာမှ အသက်ရှည်နိုင်မည် ဖြစ်ပါ၏။ ထိုတွေ့ရှိချက်မှာ မွန်ထရီယယ်မြို့ တက္ကသိုလ်သိပ္ပံဋ္ဌာနမှ ဖြစ်ပါ၏။

အခြားစမ်းသပ်မှုတစ်ခုမှာ ကာလီဖိုးနီးယား တက္ကသိုလ်တွင် ဖြစ်၏။ ဇီဝဗေဒပညာရှင်တစ်ဦးက သစ်သီးယင်ကောင်ပေါင်း တစ်သန်းမျှကို မွေးထားပြီး၊ စမ်းသပ်ခဲ့၏။ သစ်တောထဲတွင် သက်တမ်း ရက်ပေါင်း(၇၀)မျှ အသက်ရှည်ကြသော ယင်ကောင်များသည် ရက်ပေါင်း (၁၄၀)အထိ နေရကြောင်း တွေ့ရသည်။ လူ့သက်တမ်းနှင့်နှိုင်းယှဉ်ကြည့်လျှင် နှစ်ပေါင်း(၁၅၀)မျှ နေရသည်နှင့် အလားတူသည်။

လူတို့၌ ရိုးရိုးစဉ်ဆက် သက်တမ်းနှစ်ဆ၊ သုံးဆတိုးစေရန်အတွက် အထက်ပါစမ်းသပ်မှုမျိုးကို လုပ်ကိုင်နေကြသော သိပ္ပံပညာရှင်နှင့် ဓာတ်ခွဲစမ်းသပ်ဋ္ဌာနများ အများအပြားရှိနေကြသည်။ ပိုးမွှားတိရစ္ဆာန်များ၏ ခန္ဓာကိုယ်ကို ပြုပြင်ပေးနိုင်လျှင် လူတို့၌လည်း အောင်မြင်နိုင်စရာရှိသည်ဟု ယူဆကြသည်။ အကြောင်းမှာ အမျိုးအစားနှင့် မျိုးရိုးကိုလိုက်၍ အိုမင်းရင့်ရော်မှုသဘာဝမှာ တူညီသောကြာင့် ဖြစ်၏။ သို့ဖြစ်၍ “အဘယ့်ကြောင့် အိုမင်းရင့်ရော်ရသနည်း။ အိုမင်းခြင်းကို မည်သို့ပြုပြင်နိုင်သနည်း” ဟူ၍ အဖြေရှာနေကြသည်။

တွေ့ရှိရသည်မှာ သက်ရှိတို့၏ မီးစာကုန်ဆီခမ်းဖြစ်စဉ်မျိုး၌ လောင်နေသော မီးစာကို ငြိမ်းသက်ခြင်းဖြင့် ဇရာဖြစ်စဉ်ကို ရပ်တန့်စေနိုင်မည့် အလားအလာဖြစ်သည်။ အချို့စမ်းသပ်မှုများတွင် ကိုယ်တွင်းဆဲလ်များကို လေ့လာရာ၌ ဆဲလ်က အာဟာရသုံးစွဲပြီးလျှင် ကြွင်းကျန်ရစ်သော အမှိုက်သရိုက် အကြွင်းအကျန်တို့ကြောင့် ခန္ဓာကိုယ်တွင် အဆိပ်သင့်ပြီး အိုမင်းရင့်ရော်ရခြင်းသဘောကို တွေ့ရသည်။ ထိုအမှိုက်သရိုက် အကြွင်းအကျန်တို့ကို သန့်စင်ဖယ်ရှားနိုင်ပါက တစ်ကိုယ်လုံး နုပျိုသန်စွမ်းလာနိုင်ကြောင်း သဘောပေါက်ကြသည်။ နောက်ထပ်စမ်းသပ်မှုမှာ ဆဲလ်များ၌ မည်သည့်အစိပ်အပိုင်းက အိုမင်းခြင်းကို ဖန်တီးသည်ဟု လက်သည်ရှာကာ အကြောင်းရင်းခံကို ပြုပြင်၍ တားဆီးနိုင်ရန် ကြိုးစားခြင်းဖြစ်သည်။ အသက်ရှည်ခြင်းအပြင်၊ အရေပြား မတွန့်ခြင်း၊ ကြွက်သားများ ပျဉ်းတွဲမကျခြင်း၊ မျက်စိမမှုန်ခြင်းတို့လည်း ပါဝင်ပြီးဖြစ်သည်။ ကိုယ်လက်တို့ သန်စွမ်းခြင်းရှိပါမှ ဘ၀ရသပေါ်နိုင်သည်ဖြစ်ရာ ထိုအကျိုးများ ပါဝင်နိုင်ရေးကို အဖြေရှာနေကြသည်။ လူ့သက်တမ်းမှာ ယခုခေတ် ပျှမ်းမျှသက်တမ်းခန့်သာ အကန့်အသတ်ရှိသည်ဟူ၍ သဘာဝက သတ်မှတ်ချက် အထောက်အထားမရှိသဖြင့် ရာကျော်အရွယ်အထိ အသက်ရှည်ရေးကို ကြိုးစားသင့်ကြောင်း ဂျိမ်းဗောပဲလ်ဆိုသူ လူဦးရေ လေ့လာရေး သိပ္ပံပညာရှင်တစ်ဦးက ပြောလေသည်။

အိုခြင်းဇရာကို တားမြစ်ခြင်းနှင့် ဗုဒ္ဓကျမ်းစာအဆို

အသက်တမ်းရှည်သည်၊ တိုသည်၊ တတ်သည်၊ ဆုတ်ယုတ်သည်ဟူရာ၌ ကံဟောင်းသည် ပဓါနမဟုတ်။ အဇ္ဈတ္တသြဇာ၊ ဗဟိဒ္ဓသြဇာဟူသော ဓာတ်ဆီနှင့် အဇ္ဈတ္တဓာတ်မီး၊ ဗဟိဒ္ဓဓာတ်မီးတို့သည်သာ ပဓာနဖြစ်ကြကုန်၏။ ထိုဓာတ်ဆီနှစ်မျိုးနှင့် ဓာတ်မီးနှစ်မျိုးတို့ အဆင့်ဆင့် သိမ်မွေ့သဖြင့် အားအင်တိုးတက်၍သွားလျှင် အသက်တမ်းတိုးးတက်သည်။ အသက်ရှည်သည်။ အဆင့်ဆင့်ကြမ်းတမ်းသဖြင့် အားအင်ဆုတ်ယုတ်သွားလျှင် အသက်တမ်းဆုတ်ယုတ်သည်။ အသက်တိုသည်။

ဇရာယ၊ အိုခြင်းအမှု၌။ ပဋိကမ္မံ၊ မအိုရအောင် ကြံဆောင်ကုစားခြင်းအမှုကို။ ကာတုံ၊ ပြုခြင်းငှါ။ သက္ကတေ၀၊ တတ်ကောင်းသည်သာတည်း။ မရဏဿပန၊ သေခြင်း၏ကား။ ပဋိကမ္မံ၊ မသေရအောင် ကြံဆောင် ကုစားခြင်းအမှုကို။ ကာတုံ၊ ပြုခြင်းငှါ။ နသက္ကတေ၀၊ မတတ်ကောင်း။ ရသာယနဘေသဇ္ဇံပန၊ ရသာဓာတ်ကို အစဉ်တိုးပွါးစေနိုင်သော အာယုဝဍ္ဎနဆေးဝါးများသည်ကား။ သုစိရမ္ပိကာလံ၊ အလွန်ရှည်ကြာသော ကာလတိုင်အောင်လည်း။ ဇီဝိတံ၊ အသက်ကို။ ပဝတ္တေတုံ၊ တည်စေခြင်းငှါ။ သက္ကောတိယေဝ၊ တတ်နိုင်သည်သာတည်း။

အိုခြင်းအမှု၏ မအိုရအောင် ကြံဆောင် ကုစားခြင်းအမှုကို ပြုခြင်းငှါ တတ်ကောင်းသည်သာတည်း။ သေခြင်း၏ကား မသေရအောင် ကြံဆောင် ကုစားခြင်းအမှုကို ပြုခြင်းငှါ မတတ်ကောင်း။ မသေရအောင် ပြုခြင်းငှါ မတတ်ကောင်း ဟူသည်မှာ အမြဲနေရအောင်ဟု ဆိုလိုသည်။ မအိုရအောင် ပြုခြင်းငှါ တတ်ကောင်း၏ ဟူသည်မှာ မသေမီအတွင်း သွားကျိုးခြင်း၊ ဆံဖြူခြင်း၊ အရေတွန့်ခြင်း၊ နားလေးခြင်း၊ မျက်စိမှုန်ခြင်း၊ အားခွန်ဗလ လျှော့ပါးခြင်းများကို သေခါနီးတိုင် မရှိရအောင် ကြံဆောင်ခြင်းငှါ တတ်ကောင်း၏ဟု ဆိုလိုသည်။ ဤစကားဖြင့်ပင် မနာရအောင်လည်း ပြုခြင်းငှါ တတ်ကောင်း၏ဟူသော အနက်အဓိပ္ပါယ်သည်လည်း ပါဝင်ပြီးဖြစ်၏။ ရသာဓာတ်ကို ကာလရှည်ကြာ တိုးပွါးစေနိုင်သော အာယုဝဍ္ဎနဆေးဝါးများသည်ကား အလွန်ရှည်သည့်တိုင်အောင်လည်း အသက်ကို တည်စေခြင်းငှါ တတ်နိုင်သည်သာတည်း။

ဤတွင် သိပ္ပံနည်းအားဖြင့် ကျန်းမာစွာ အိုခြင်းကင်းလျက် အသက်ရှည်ရေးကို သုတေသနပြုလုပ်ကြိုးစားအားထုတ်မှုသည် မကြာမြင့်သောအချိန်တွင် အောင်မြင်နိုင်စရာရှိသည် ဆိုသောအချက်ကို ဗုဒ္ဓကျမ်းစာများ(ကလည်း ထောက်ခံသလိုဖြစ်၍)အဆိုအရ ပိုမို၍ ယုံကြည်အားထားဖွယ်ရာပင် ဖြစ်သည်။ သို့ရာတွင် သေဖို့ရာအကြောင်းတို့သည်လည်း များပြားလှချေ၏။ ကိဗ်မြို့ရှိ အိုမင်းခြင်း သုတေသနပြုဋ္ဌာန၏ စာရင်းအင်းများအရဆိုလျှင် လူသားတို့သည် (၅)ရာနှုန်းမျှသာ အသက်ကြီးကာ အိုမင်းခြင်းကြောင့် သေဆုံးကြရ၏။ ခန့်မှန်းခြေအားဖြင့် လူသားဦးရေ၏ (၃)ပုံ (၁)ပုံမှာ မအိုမီ ငယ်ရွယ်စဉ်ကပင် သေဆုံးကြရသည်ဆို၏။

ကမ္ဘာအရပ်ရပ်တွင် ဆင်းရဲနွမ်းပါးသော လူများစွာတို့မှာ ခေတ်မီကောင်းမွန်သော အစာအာဟာရတို့ကို မစားသောက်နိုင်ကြပေ။ ငတ်မွတ်ခြင်း၊ လူနေမှု အဆင့်အတန်းနိမ့်ကျလွန်းခြင်း၊ ရောဂါဘယထူပြောခြင်းများ၏ ဒဏ်ရာဒဏ်ချက်များကို ခံစားနေကြရသည်။ ထိုအချက်များသည်လည်း အသက်ကိုတိုစေနိုင်၏။ ထို့ပြင် ထိခိုက်ဒဏ်ရာရရှိခြင်း၊ စစ်ပွဲများဖြစ်ခြင်း၊ စသောဘေးအန္တရာယ်များကြောင့်လည်း သေဆုံးကြရသေးသည်။ အထက်၌ဖေါ်ပြခဲ့သော အို၍သေကြရသော (၅)ရာခိုင်နှုန်းနှင့် ငယ်ရွယ်စဉ်ဘ၀၌ သေဆုံးရမှု လူဦးရေ၏ (၃)ပုံ (၁)ပုံမှ ကျန်ရှိသောသူများမှာ အဆိုပါအကြောင်းများကြောင့် သေဆုံးကြရခြင်းဖြစ်သည်။

သို့ဖြစ်ရာ နောက်မကြာမြင့်သောအချိန်ကာလတွင် အိုမင်းခြင်းသုတေသနပြုမှု အောင်မြင်ခဲ့လျှင်သော်မှ ထိုသုတေသန၏အကျိုးဆက်ကြောင့် လူဦးရေ အနည်းငယ်ခန့်သာလျှင် မအိုမနာဘဲ အသက်ရှည်ကြာ နေနိုင်ကြရမည် ဖြစ်သည်။ အများစုသော လူတို့မှာမူ ဆင်းရဲနွမ်းပါးသဖြင့် မစားနိုင်၊ မသောက်နိုင်၊ (သို့မဟုတ်) အနေအထိုင် မဆင်ခြင်ဘဲ ပေါက်လွှတ်ပဲစားနေချင်သူများသည် အသက်တမ်းတိုမြဲ၊ ရောဂါဘယထူပြောမြဲ အတိုင်းနှင့်ပင် ရှိနေကြရလိမ့်မည်ဟု ယူဆရပေသည်။

နောက်တစ်ဘက်မှ စဉ်းစားကြည့်လျှင် လူသားတို့သည် ခေတ်မီတိုးတက်ရေးအတွက် အမျိုးမျိုးသုတေသနပြုကြ၊ စမ်းသပ်ကြ၊ တည်ထွင်ခဲ့ကြ၏။ သို့သော် လူတို့တည်ထွင်ခဲ့သော ထိုခေတ်မှီပစ္စည်းဝတ္ထုများကြောင့်ပင် လူတို့မှာ တဖန်ပြန်ပြီး ဘေးအန္တရာယ်ဖြစ်ကြရ၏။ ရောဂါသင့်ရောက်ခဲ့ကြရ၏။ ဥပမာ။ ။ ရှရှားနိုင်ငံ၊ ဂျပန်နိုင်ငံတို့တွင် နျူကလီးယား ဓါတ်ပေါင်းဖိုပေါက်ကွဲမှုကြောင့် ဓါတ်ရောင်ခြည်သင့်ကာ ရောဂါရမှု၊ အစာ ရေများအဆိပ်သင့်မှု စသည်တို့ဖြစ်ပါ၏။ ထိုင်ဝမ်နိုင်ငံတွင်လည်း သစ်သီးဝလံ ပန်းမာလ်တို့ကို ငယ်တာကိုကြီအောင်၊ ကြီးတာကို ငယ်အောင်တစ်မျိုး၊ အချင်းချင်း မျိုးစပ်၍တစ်ဖုံ တည်ထွင် စမ်းသပ်ခဲ့ကြ၊ သုတေပြုခဲ့ကြ၏။ အကျိုးဆက်အဖြစ် ထိုသစ်သီးဝလံတို့ထဲတွင် ဓါတုဗေဒဓာတ်များပါဝင်နေ၍ တဖန် ရောဂါရကြရပြန်၏။

တဖန် လူသားအများစုသည် မွေးလာသည်မှ သေသည်အထိ ဖြစ်သလိုနေ၊ ဖြစ်သလိုစား၊ ကျန်းမာရေးနှင့် အသက်ရှည်ရေးကို ဂရုမထားဘဲ နေကြသည်ကိုသာ တွေ့မြင်နေရပေသည်။ မကျန်းမမာဖြစ်မှ၊ ရောဂါစွဲကပ်လာမှသာလျှင် ဆေးဝါးကို မှီဝဲရသည်၊ ဆေးဆရာထံချဉ်းကပ်ရသည်ဟု ထင်မှတ်နေကြသည်။ ရောဂါကို ကြိုတင်ကာကွယ်ရမှန်း မသိကြသူ များနေပေသည်။ သိကြလျှင်လည်း ဂရုမစိုက်ဘဲ၊ အမှုမဲ့ အမှတ်မဲ့သာလျှင် နေထိုင်လျက်ရှိကြသည်။ အမှန်မှာ အသက်ရှည်ရာ အနာမဲ့ကြောင်း နည်းလမ်းကောင်းများကို မိမိတို့ လက်လှမ်းမှီသလောက် ရှာကြံကြရမည်။ သိအောင်ကြိုးစားကြရမည်။

ကြိုတင်ကာကွယ် လိုက်နာကျင့်သုံးကြရမည်သာ ဖြစ်ပါသည်။ ကျန်းမာရေးအသိ ဆေးပညာသည် တိုက်ရိုက်အနေနှင့် ဇရာ(အိုခြင်း)နှင့် ဗျာဓိ(နာခြင်း)ကို ကာကွယ်ပေးသော ပညာရပ်မျိုးဖြစ်၏။ ဇာတိ(မွေးဖွားခြင်း)နှင့် မရဏ(သေခြင်း)ကို သွယ်ဝိုက်သောအနေဖြင့် ကာကွယ်ပေးသော ပညာရပ်မျိုးဖြစ်၏။ မမွေးဖွါးမီ ပဋိသန္ဓေ မပျက်စီးစေရန် ကာကွယ်ရာ၌လည်းကောင်း၊ သေရာ၌ပင် ပင်ပန်းဆင်းရဲစွာ မသေကြရဘဲ၊ သတိရှိစွာ တရားနှလုံးသွင်းလျှက် သက်သာစေရန် ဆောင်ရွက်မှုကိုလည်းကောင်း၊ ထောက်ဆသော် လူသားတိုင်းတွေ့ကြုံကြရမည့် ပဋိသန္ဓေ၊ အို၊ နာ၊ သေရေး ဒုက္ခဘေးကြီး(၄)ရပ်ကို ကာကွယ်နိုင်သော ပညာသည် ကျန်းမာရေးအသိ၊ ဆေးပညာသာဖြစ်၍ လူတို့သည် ဘ၀ခရီးသည်များဖြစ်ကြသဖြင့် ကျန်းမာရေးအသိပညာနှင့် ဆေးပညာသည် အရေးကြီးဆုံးဖြစ်သည်မှာ ထင်ရှားပါသည်။ သို့ဖြစ်၍ မိမိ မိသားစမှသည် မိမိလူမျိုး၊ မိမိတိုင်းပြည်ုကြီးပွါးတိုးတက်မှုတိုင်အောင် အပြည့်အဝ ဆောင်ရွက်လိုသူတိုင်းသည် အဓိက ပဓါနအကျဆုံးဖြစ်သော ကျန်းမာရေးအသိပညာနှင့် ဆေးပညာကို လေ့လာဆည်းပူးကာ လိုက်နာကျင့်ကြံသင့်ပါကြောင်း နှိုးဆော်တိုက်တွန်းလိုက်ရပါသည်။

အရှင်ဥက္ကံသ သာသနတက္ကသီလ မဟာဓမ္မာစရိ. M.A. (Buddhism)

ကျမ်းကိုး။ ။ လယ်တီဆရာတော်၊ ဝိဇ္ဇာမဂ္ဂဒီပနီ၊ ၈။ လက္ခဏဒီပနီ၊ ၁၂၂။

New clue to Eternal life, by Frentarna. FATE.

How to live to 120, by James langton (The daily telegraph) The Nation, 6 Jan 1997.