Tuesday, May 3, 2011

အပင်သေပေမယ့် အစဉ်ဝေနေမယ့် သစ်တစ်ပင်အကြောင်း



အပင်သေပေမယ့် အစဉ်ဝေနေမယ့် သစ်တစ်ပင်အကြောင်း

အမေဆိုတာက သင့်ရဲ့နေ့တွေကို ရောင်စုံ သက်တန့် အလင်းနဲ့ ဝင်းပစေသူပါ။

အမေဆိုတာက သင့်ရဲ့ အိပ်မက် ညတွေကို ပုံပြင်တေး သီချင်းနဲ့ နွေးထွေး လှပစေသူပါ။

အမေဆိုတာက သင့်ရဲ့ မျက်ရည်စကို နှုတ်ခမ်းနဲ့ နမ်းလို့ ခမ်းခြောက်စေတတ်သူပါ။

အမေဆိုတာက…..




တုမမီ

လှပတဲ့ ကောင်းကင်ပြာမှာ

ကြယ်တာရာပေါင်းများစွာ လင်းလက်နိုင်ပါ၊

သမုဒ္ဒရာကမ်းရဲ့ သဲသောင်သာ

ခရုခွံလေးများစွာ ရောင်စုံဖြာ၊

နွေးထွေးတဲ့ နေရောင်ခြည်မှာ

ငှက်ငယ်များစွာ ပျံသန်းတေးဆိုနိုင်ပါ၊

နံနက်ခင်း လင်းအာရုဏ်မှာ

နှင်းစက်များစွာ နှုတ်ဆက်ဝေဖြာ၊

ရောင်စုံပန်းခင်း အလယ်မှာ

ပျားပိတုန်း ကုဋေကုဋာ ဝေ့သီဝဲကာ၊

စိမ်းလန်းတဲ့ မြက်ခင်းပြင်မှာ

လိပ်ပြာငယ်ပေါင်းများစွာ ဝဲပျံနိုင်ပါ၊

ဒါပေမယ့်

ဒီ မဟာပထဝီ မြေကမ္ဘာမှာ

အမေဆိုတာ တစ်ယောက်ထဲပဲ ရှိနိုင်ပါ

အို-အမေဆိုတာ တစ်ယောက်ထဲပဲ ရှိနိုင်ပါ။

ဉာဏ်ဦးမောင်



"အမေဆိုတာ ငါးယောက်ရှိတဲ့ စားပွဲဝိုင်းမှာ "အမေကတော့ ဒီမုန့်ကို မကြိုက်ပါဘူးကွယ်" လို့ပြောပြီး မုန့်ကို လေးစိတ်ပဲ စိတ်တဲ့သူ။ သားသမီးတွေနဲ့ ပတ်သက်လာရင် သူ့အတွက်ဆိုတာကို ဘယ်သောအခါမှ ထည့်မစဉ်း စားတဲ့သူ"-တဲ့။ တင်နေဗာ ဂျော်ဒန်ရဲ့ ဒီစကားလေးဖတ်မိတော့ ငယ်ငယ်က ဟင်းအိုးမှာ ကပ်ကျန်နေတဲ့ ဟင်း ကျန်လေးတွေနဲ့သာ လူးလက်ကာ စားလေ့ရှိတဲ့ အမေ့ပုံကို ပြန်လည်မြင်ယောင်မိတယ်။ ကြည်နူးနေတဲ့ အမေ့ အပြုံးက ကျင်ကနဲဖြစ်ရတဲ့အထိ နှစ်လုံးကို ခုပဲ လာရောက်ထိခတ်သလို ခံစားမိရပြန်တယ်။



"သားတို့စားပါ၊ အမေက ခုနကမှ ထမင်းချက်ရင်း ထမင်းကြမ်းလေးစားထားလို့ သိပ်မဆာဘူးလို့ ပြောတတ်"တဲ့ အမေ။ တကယ်တော့ ရှိသမျှ ထမင်းနဲ့ ဟင်းကျန်ကို ကိုယ်တို့ညီအကိုတွေ အကုန်စားပစ်လို့ ဘာထမင်းမှ ကျန် မနေခဲ့ပါဘူး။ ဒါပေမယ့် နွမ်းပါးလှတဲ့ မိသားစုမှာ မလောက်မင တိုင်းကာချက်ရတတ်လို့ သားသမီးတွေ စိတ် ဖြောင့်ဖြောင့် စားနိုင်စေဖို့ အမေက သိပ်မဆာဘူးရယ်လို့ ဆိုပြီး ဟင်းအိုးကျန်လေးကိုသာ လူးပြီးစားခဲ့တဲ့ အမေ့ မေတ္တာ။ ဒီမေတ္တာကို ငယ်ရွယ်စဉ် အဲဒီအချိန်က ကောင်းကောင်းနားမလည်နိုင်ခဲ့ဘူး။



အမေဆိုတာကတော့ အမေပါပဲလေ။ ခိုင်းစရာ၊ နှိုင်းစရာ ဘယ်မှာ စကားလုံးဥပမာဆိုတာ ရှာလို့ရနိုင်ပါမတဲ့လဲ။ ဆိုဖီယာလောရင်ဆိုတဲ့ အမျိုးသမီးကြီးတစ်ဦးက ပြောဖူးတယ်။ "သင်သာ မိခင်တစ်ယောက်ဖြစ်နေတယ်ဆို လျင် သင့်အတွေးထဲမှာ ဘယ်သောအခါမှ တစ်ယောက်ထဲ အတွက် ဆိုတာ မရှိနိုင်ပါဘူးတဲ့။ မိခင်ဆိုတာ အမြဲ တမ်း နှစ်ယောက်အတွက် တွေးတတ်တယ်။ တစ်ယောက်က သူကိုယ်တိုင်အတွက်နဲ့ တစ်ယောက် ကတော့ သူ့ရဲ့ သားသမီးများအတွက်ပါ"-တဲ့။ ဒို့တတွေ တွေးတဲ့အခါမှာရော။ ဒို့မိခင်တွေ တွေးသလို နှစ်ယောက်အတွက် များ တွေးခဲ့ဖူးပါသလား။ ဒို့တွေ မြတ်နိုးနှစ်သက်တဲ့အရာတစ်ခုကို ဒို့အတွက် စဉ်းစားတဲ့အခါမှာ "ဒါလေးကို တော့ ဒို့အမေလည်း နှစ်သက်မှာပဲရယ်"လို့ အမေ့အတွက်ဆိုတဲ့ အတွေး ဘယ်နှစ်ခါများ ဒို့တွေက တွေးခဲ့ဖူးပါ သလဲ။



အမေဆိုတာ ငါဘယ်တော့မှ ပြည့်စုံအောင် ဖွဲ့သီနိုင်မယ် မဟုတ်တဲ့ကဗျာတစ်ပုဒ်ပါ၊ ဒါပေမယ့် ငါရေးဖွဲ့သမျှက တော့ အမေ့အဖို့ လှပပြည့်စုံနေတဲ့ ကဗျာတွေချည်းသာပါ။ (ရှယ်ရွန် ဒေါ်ဘီယာဂို) မိခင်တစ်ယောက်ရဲ့ အကြင်နာ၊ မိခင်တစ်ယောက်ရဲ့ မေတ္တာ။ မိခင်တစ်ဦးရဲ့ စွန့်လွှတ်ပေးဆပ်နိုင်မှုနဲ့ အနစ်နာခံနှိုင်မှု အလှတွေကို ဘယ်လို သား သမီးတစ်ဦးတစ်ယောက်ကများ ပြည့်ဝကုန်စင်အောင် ကဗျာနဲ့ စာနဲ့ ဖွဲ့သီနိုင်ပါ့မလဲ။

ဖွဲ့သီလို့ရော ရနိုင်ကောင်း ပါ့မလဲ။ ဒါပေမယ့် မိခင်တွေအဖို့တော့ သားသမီးများရဲ့ ရေးဖွဲ့သီကုံးသမျှဟာ တကယ့်ကိုပြည့်ဝကောင်းမွန်လွန်း လှတဲ့ ကဗျာတွေချည်းသာ ဖြစ်နေနိုင်တယ်လေ။ တကယ်တော့ အမေဆိုတာ သားသမီးတွေရဲ့စာကို မျက်လုံးနဲ့ ဖတ်တာမှ မဟုတ်တာ။ နှစ်လုံးသားနဲ့ ဖတ်ကြတာပဲဟာကိုး။ သားသမီးတို့ရဲ့စကားကိုလည်း နားနဲ့ ကြားတတ်ကြ တာမျိုးမှ မဟုတ်တာ။ နှစ်လုံးသားနဲ့ နားထောင်တတ်ကြသူတွေပဲလေ။



ဟယ်ရီထရူမင်းက ပြောခဲ့ဘူးတယ်။ အမေ့နေရာကို ဘယ်သူတစ်ဦးယောက်နဲ့မှ အစားထိုးလို့ မရနိုင်ပါဘူးတဲ့။ သင်မှားချင် မှားမယ်၊ မှန်ချင်မှန်မယ်။ ဒါပေမယ့် အမေရဲ့အမြင်မှာတော့ သင့်ဖက်က အမြဲမှန်တယ်လို့ မြင်တယ် တဲ့။ နောက်ပြီး အမေတွေဆိုတာ သားသမီးတွေရဲ့ သေးသေးငယ်ငယ် အပြစ်လေးတွေအတွက် မြည်တွန် တောက်တီးကောင်း တောက်တီးမယ်။ ဒါပေမယ့် သားသမီးတွေရဲ့ ကြီးမားတဲ့ အပြစ်တွေအတွက်တော့ ဘယ် သောအခါမှ ပြစ်တင်စကား ဆိုမယ် မဟုတ်ဘူးတဲ့။ အမေဆိုတာ ခွင့်လွှတ်အနစ်နာခံတတ်မှုရဲ့ ဥပမာတစ်ခုပါ။



အမေဆိုတာက သင့်ရဲ့နေ့တွေကို ရောင်စုံသက်တန့်အလင်းနဲ့ ဝင်းပစေသူပါ။

အမေဆိုတာက သင့်ရဲ့အိပ်မက်ညတွေကို ပုံပြင်တေးသီချင်းနဲ့ နွေးထွေးလှပစေသူပါ။

အမေဆိုတာက သင့်ရဲ့မျက်ရည်စကို နှုတ်ခမ်းနဲ့နမ်းလို့ ခမ်းခြောက်စေတတ်သူပါ။

အမေဆိုတာက…..



ကိုယ်ဖတ်ခဲ့ဘူးတဲ့ ကိုးရီယားမိခင်တစ်ယောက်အကြောင်းကို ကိုယ်ပြောပြချင်နေမိတာ ကြာပြီ။ ဒါပေမယ့် ကိုယ် ပြောပြလို့ ဒီအကြောင်းဖတ်မိတဲ့ မိခင် တစ်ယောက်ရဲ့ပါးပြင်စမှာ မျက်ရည်တစ်စ ကျသွားခဲ့ရင် နာကျင်သွားချည် ရဲ့ဆိုတဲ့အတွေးနဲ့ မိခင်တွေအတွက် စာနာပေးခဲ့လို့ မရေးဖြစ်ခဲ့၊ မပြောဖြစ်ခဲ့ဘူး။ ဒါပေမယ့် မိခင်မေတ္တာအပေါ် သံသယရှိနေမယ့် တစ်ယောက်ယောက်အတွက်များ မိမေတ္တာကို မှန်းဆရာမှာ အထောက် အကူဖြစ်စေမလား ထင်မိလို့ ခုတော့ ပြောပြချင်မိပါတယ်။



"ကျနော့မိခင်က မျက်လုံးတစ်ဖက်သာ ရှိသူပါ။ တစ်ဖက်ကန်းအမေ့ကို ကျနော် သိပ်မုန်းခဲ့တယ်။ မျက်လုံးတစ် ဖက်နဲ့ အမေဟာ ကျနော့်အတွက် အလွန်စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ်။ အမေ့မှာ လမ်းဘေးဈေးလေးမှာ ပစ္စည်း ဟောင်းတွေရောင်းတဲ့ ဈေးဆိုင်လေးရှိပါတယ်။ သိပ်အသုံးမဝင်လှတဲ့ အသေးစား ပစ္စည်းဟောင်းလေးတွေကို ကောက်ယူသိမ်းဆည်းပြီး ပြန်ရောင်းတာပါ။ အမေရောင်းသမျှငွေအားလုံးဟာ ကျနော်တို့ လိုအပ်သမျှကို ဖြည့် ဆည်းဖို့ သက်သက်ပါ။



တစ်နေ့ကိုတော့ ကျနော်ကောင်းကောင်း မှတ်မိနေပါသေးတယ်။ အဲဒီနေ့က ကျနော်တို့ မူလတန်းကျောင်းလေး ရဲ့ ပြင်ပလေ့လာရေး ခရီးထွက်တဲ့ နေ့တစ်နေ့ပေါ့။ ကျနော်နဲ့ ကျနော့်သူငယ်ချင်းတွေ ရှိတဲ့နေရာကို အမှတ်မထင် အမေရောက်လာခဲ့ပါတယ်။ ခုလို အမေကျနော့ ဆီကို ရောက်လာတဲ့အတွက် ကျနော်သိပ်ကို စိတ်ဆိုးဒေါသ ဖြစ်ခဲ့တယ်။ ဘာကြောင့် ခုလိုကျနော်ရှိရာနေရာကို အမေရောက်လာရတာလဲ။ ကျနော်ရဲ့ နာကျည်းမုန်းတီးတဲ့ အကြည့်က အမေ့ဆီကို ဆိုက်ရောက်ခဲ့ပါတယ်။ ဒါကို အမေကောင်းကောင်းနားလည်ပုံပါပဲ။



နောက်တစ်ရက် ကျောင်းရောက်တဲ့အခါမှာတော့ "မင်းအမေက မျက်စိတစ်ဖက်တည်းရှိတာ၊ မင်းက မျက်ကန်း မ သားပဲ"ရယ်လို့ သူငယ်ချင်းတွေက စနောက်ကြပါတယ်။ အဲဒီအချိန်မှာ ကျနော်အတောင့်တဆုံးဆန္ဒဟာ ကျ နော့်အမေ ဒီကမ္ဘာမြေပေါ်က ဘယ်သောအခါမှ ပြန်လည် မပေါ်လာနိုင်တော့ တဲ့ ပျောက်ကွယ်သွားခြင်းမျိုးနဲ့ ပျောက်ကွယ်စေချင်တာပါပဲ။ ဒါကြောင့် ကျနော်က အမေ့ကို "အမေ ဘာဖြစ်လို့ အမေ့မှာ မျက်လုံးက တစ်ဖက် တည်းပဲ ရှိရတာလဲ။ အမေဟာ ကျနော့်ကို အခြားသူတွေရဲ့ လှောင်ပြာင်ကဲ့ရဲ့ခံရစေဖို့ သက်သက်ဖြစ်နေသလိုပဲ။ အမေဘာကြောင့် ခုထိ မသေနိုင်ရသေးတာလဲ" လို့ နာကျည်းစွာ ပြောခဲ့ပါတယ်။



ကျနော့စကားကို အမေက လုံးဝ မတုံ့ပြန်ခဲ့ပါဘူး။ ကျနော် ကိုယ့်ကိုယ်ကို အပြစ်အနည်းငယ် ရှိတယ်ရယ်လို့ တော့ ခံစားမိပါတယ်။ ဒါပေမယ့် ဒီအချိန်ဟာ ကိုယ်ပြောချင်တဲ့ စကားတွေကို အမေ့ကို ပြောဖို့အခွင့်အခါကောင်း ပဲဆိုပြီး ကျနော်မျိုသိပ်ထားခဲ့သမျှ၊ မကျေနပ်တာမှန်သမျှကို အမေ့ကို ပြောပြစ်ခဲ့ပါတယ်။ အဲဒီတုံးကတော့ ကျ နော်ခုလို နာနာကျည်းကျည်း ပြောဖြစ်ခဲ့တာဟာ အမေက ကျနော့ကို ဘာမှ အရေးမယူ အပြစ် မပေးလို့လို့ ထင် ခဲ့တာပါ။ ဒါပေမယ့် ကျနော့စကားတွေက အမေ့ကို အသဲခိုက်မတတ် နာကျင်စွာ ခံစားခဲ့ရပေလိမ့်မယ်ဆိုတာ ကျနော်လုံးဝ လုံးဝကို မတွေးခဲ့ပါဘူး။



အဲဒီညမှာပဲ ညလယ်မှာ ကျနော် အိပ်ရာက နိုးခဲ့ပါတယ်။ ရေဆာတာနဲ့ ရေသောက်ဖို့ မီးဖိုထဲကိုအသွားမှာ မီးဖို ထောင့်မှာ တိုးတိုးတိတ်တိတ် ရှိုက်ကြီးတငင် ကြိတ်ပြီးငိုနေတဲ့ အမေ့ကိုတွေ့ရပါတယ်။ အမေငိုနေတာကို မသိ ယောင်ဆောင်ပြီး ကျနော်လှည့်ထွက်ခဲ့ပါတယ်။ ပြောခဲ့သလိုပါပဲ။ ကျနော့်သူငယ်ချင်းတွေရဲ့ အလယ်မှာ ကျနော့ ကို ရယ်စရာဖြစ်နေခဲ့တာကြောင့် အမေဟာ ကျနော့နှစ်လုံးသား ဒဏ်သင့်နာကျင်စေခဲ့သူ တရားခံလို့ ထင်နေခဲ့တာပါ။ ဒါကြောင့် မျက်လုံးတစ်လုံးတည်းနဲ့ ငိုနေတဲ့ အမေ့ရဲ့ ငိုကြွေးမှုက ကျနော့ကို အမေ့ကို ပိုမိုမုန်းတီးစေဖို့ တွန်းအားပေး သလို သာ ဖြစ်စေခဲ့ပါတယ်။ ဒါကြောင့်ပဲ "ငါမြန်မြန်ကြီးပြင်းဖို့ လိုတယ်။ ငါဟာအောင်မြင်သူ တစ် ယောက်ဖြစ်ဖို့လိုတယ်။ ငါဟာ ငါ့အမေ တစ်ဖက်ကန်း ကို မုန်းတီးတယ်ဆိုရင် အမေ့အိမ်ကနေထွက်ပြီး သီးသန့် ရပ်တည်နိုင်အောင် ကျိုးစားဖို့လိုမယ်" လို့ ကျနော့်ကို ကျနော် ပြန်ပြောမိပါတယ်။



အဲဒီနောက်မှာတော့ ကျနော် အပြင်းအထန် ကြိုးစားခဲ့တယ်။ ကျနော် အမေ့ကိုစွန့်ခွါခဲ့ပြီး ဆိုးလ်ကိုပညာသင်ဖို့ ထွက်လာခဲ့တယ်။ ဆိုးလ်တက္ကသိုလ် ကနေ လက်ခံခဲ့လို့ တက္ကသိုလ်ကိုတက်ရောက်ပြီး အဲဒီကနေ ဘွဲ့ရခဲ့တယ်။ ကိုယ်ကိုယ်ကို ယုံကြည်မှုတွေလည်း ရှိလာခဲ့တယ်။ အဲဒီနောက် ကျနော် ကျနော့ချစ်သူနဲ့ လက်ထပ်ခဲ့ပါတယ်။ ကျနော်တို့အတွက် ကိုယ်ပိုင်အိမ်တစ်လုံးကိုလည်း ဝယ်ယူနိုင်ခဲ့ပါတယ်။ သားသမီးတွေလည်း ရလို့ အောင်မြင် တဲ့ အိမ်ထောင်တစ်ခုကို လှလှပပ တည်ဆောက်နိုင်တဲ့ အိမ်ထောင်ဦးစီးကောင်း တစ်ယောက်အဖြစ် ဂုဏ်ယူနိုင် ခဲ့ပါတယ်။ ကျနော့်ရဲ့ တစ်ဖက်ကန်းအမေကို ပြန်လည်သတိမရစေနိုင်ခဲ့တာကြောင့် ဒီဘဝ အနေအထားလေးကို ကျနော်သိပ်ကျေနပ် နှစ်သက်ခဲ့ပါတယ်။



ကျနော့ရဲ့ ပျော်ရွင်မှုတွေဟာ တဖြေးဖြေးတိုးတိုးပြီးသာ လာခဲ့ပါတယ်။ မမျှော်လင့်တဲ့သူ တစ်ဦးကို အမှတ်မထင် တွေ့လိုက်ရတဲ့ အချိန်ထိအောင်ပေါ့။ ဒီတစ်ဦးကလား။ ဘယ်သူဖြစ်ရဦးမှာလဲ။ ကျနော့ရဲ့ မျက်လုံးတစ်ဖက်သာ ရှိတဲ့အမေပေါ့။ ကျနော့အိမ်တံခါးဝမှာ အမေ့ကို ကျနော်တွေ့လိုက် ရတဲ့အချိန်မှာတော့ ကောင်းကင်ကြီးတစ်ခုလုံး ကျနော့ကိုယ်ပေါ် ပြိုကျလာသလို ခံစားလိုက်ရပါတယ်။ ကျနော့ရဲ့ သမီးငယ်က မျက်လုံးတစ်ဖက်နဲ့ အမေ့ကို မြင်ပြီး ကြောက်လန့်လွန်းလို့ အော်ငိုခဲ့ပါတယ်။



ကျနော်က အမေ့ကို မသိယောင်ဆောင်ပြီး ခင်ဗျားဘယ်သူလဲ။ ဘာကြောင့် ဒီကိုလာရတာလဲ။ ခင်ဗျားကို ကျ နော်မသိဘူးလို့ ငေါက်ငန်းထုတ်ပါတယ်။ ဘာကြောင့် သူများအိမ်ကို ဝင်ရောက်ပြီး ခုလိုကြောက်လန့်တုန်လှုပ် အောင် ခြောက်လှန့်ရတာလဲ။ ခုချက်ခြင်းထွက်သွားလို့ အော်ငေါက်ခဲ့ပါတယ်။ အမေက"အို ဝမ်းနည်းပါတယ် ကွယ်။ အိမ်မှားပြီး ဝင်လာမိတာပါ" လို့ နူးညံ့စွာပြောပြီး ပြန်လည်ထွက်ခွါသွားပါတယ်။ အဲဒီကနောက် သူဘယ် တော့မှ ပြန်လည်ပေါ်မလာတော့ပါဘူး။ ဒီအတွက် ဘုရားသခင် ကို ကျေးဇူးတင်မိပါတယ်။



သူကျနော့ကို တကယ်မမှတ်မိလောက်ဖူးရယ်လို့လဲ ကိုယ့်ကိုယ့်ကို ညာနေမိပါတယ်။ ဒီအတွက်လည်း ဘာမှ အထူးအထွေ မခံစားရပါဘူး။ အို သိတော့လည်း ဘာအရေးစိုက်နေစရာလိုလဲလို့ ကိုယ့်လုပ်ရပ်ကို ဂုဏ်ယူကျေ နပ်နေမိတယ်။ ဒါဟာ ဒီဘဝအတွက် နောက်ဆုံးတွေ့ ဆုံခြင်း ပဲ ဖြစ်မှာပဲဟာ။



ကျနော့မိသားစုဘဝလည်း ပိုမိုပြီးသာ တစ်နေ့တခြား လှပလာခဲ့ပါတယ်။ တစ်နေ့မှာတော့ ကျနော့အိမ်ကို စာ တစ်စောင် ရောက်လာ ပါတယ် ။ ကျောင်းသားဟောင်းများ ပြန်လည်တွေ့ဆုံကြမယ့်ပွဲအတွက် ဖိတ်စာပါ။ ကျ နော်က ဇနီးသည်ကို အလုပ်ကိစ္စအတွက် ခရီးထွက်ဖို့ ရှိတယ် လို့ ပြောပြီး မွေးရပ်မြေကို ပြန်ခဲ့ပါတယ်။ သူငယ် ချင်းတွေ မိတ်ဆုံပွဲအပြီးမှာတော့ ကျနော်နေထိုင်ခဲ့ရာ တစ်ချိန်ကတော့ အိမ်လို့ခေါ်ခဲ့တဲ့ တဲငယ်လေး ဆီ သွားခဲ့တယ်။ နေထိုင်ခဲ့တဲ့ နေရာလေး အခြေအနေ ဘယ်လိုများရှိနေသလဲလို့ စုံစမ်းရန်သက်သက်မျှသာပါ။ တဲထဲက အလွန်အေး စက်နေတဲ့ မြေမြင်ပေါ်တော့ ကျနော့်အမေ တစ်ယောက်ထဲ လဲနေတာကို တွေ့ရပါတယ်။ ဒီ အတွက် ကျနော့မှာ ဘာမှ အထူးမခံစားရပါဘူး။ မျက်ရည် တစ်ပေါက်မှလဲ မကျခဲ့ပါဘူး။ အမေ့လက်မှာတော့ စာရွက်လေးတစ်ရွက်ကို ဆုတ်ကိုင်ထားပါတယ်။ ဒီစာလေးက ကျနော့်အတွက် ရေးထားတဲ့ စာလေးပါ။



အမေက ခုလို ရေးထားပါတယ်။ "ချစ်ရတဲ့ သားလေး။ မေမေထင်ပါတယ်။ မေမေ့ရဲ့အရွယ်က ခုလောက်ဆို သေပျော်ပါပြီ။ မေမေ ဘယ်တော့မှ ဆိုးလ်ကို အလည်မလာတော့ပါဘူး သား။ ဒါပေမယ့် ဒီအချိန်မျိုးမှာ ငါ့သား လေး မေ့မေ့ဆီကို ခဏတာလေးမျှ တစ်ခေါက်လောက် အလည်လာ ခဲ့ပါလို့ မေမေက တောင်းဆိုခဲ့မယ်ဆိုရင် မေ့မေ့တောင်းဆိုချက်က များမယ် မထင်ပါဘူး သားရယ်။ မေမေ သားကို အရမ်းလွမ်းတာပဲ သားရယ်။ သား မိတ်ဆုံပွဲကို ပြန်လာမယ်ဆိုတာ ကြားရလို့ မေမေ သိပ်ဝမ်းသာတာပဲ သား။ ဒါပေမယ့် မေမေ ဒီမိတ်ဆုံပွဲရှိရာ ကျောင်းကို မသွားဖို့ ဆုံးဖြတ်ထားပါတယ် သား။



မေမေ့သားအတွက် မေမေ့မှာ မျက်လုံးတစ်ဖက်တည်း ရှိနေခဲ့ရတာကို အရမ်းဝမ်းနည်းမိပါတယ် သား။ ဒီအ တွက်လည်း မေမေ့သား အတွက် မေ့မေ့မှာ အမြဲတမ်း စိတ်မကောင်းဖြစ်မိရပါတယ်။ ဒါကလည်း ဒီလိုကြောင့်ပါ သားရယ်။ သားငယ်ငယ်ကဆော့လို့ ထိခိုက်မှုတစ်ခုကြောင့် သားမျက်လုံးတစ်လုံး ကွယ်သွားခဲ့တယ်လေ။ အမေတစ်ယောက် အနေနဲ့ သားလေးမှာ တစ်သက်လုံး မျက်လုံးတစ်ဖက်တည်းနဲ့ ကြီးပြင်း ရမှာမျိုးကို မေမေ ဘယ်လိုကြည့်ရက်နိုင်ပါ့မလဲ သားရယ်။ ဒါကြောင့် မေ့မေ့မျက်လုံးတစ်လုံးကို သားအတွက် မေမေပေးခဲ့ပါတယ်။ ဒီမျက်လုံးနဲ့ မေမေ့ အတွက် သားက ကမ္ဘာကြီးတစ်ခုလုံးကို ပြည့်ပြည့်ဝဝ ကြည့်ပေးနိုင်တာအတွက် မေမေသိပ် ကျေနပ်ဂုဏ်ယူပါတယ် သား။ မေမေ့အပေါ်မှာ သားပြုမူခဲ့ တာတွေပတ်သက်ပြီး မေမေဘယ်တော့မှ စိတ်မဆိုးခဲ့ပါဘူး သား။ မေမေ့အပေါ် သားစိတ်ဆိုးတဲ့အခါတိုင်း သားမေ့မေ့ကို ချစ်လို့ဆိုးတာပဲ လို့ မေမေအမြဲထင်နေပါ တယ် သားရယ်။ မေမေ့အတွက်တော့ သားက မေ့မေ့အနားမှာ အမြဲတမ်းရှိပြီး ငယ်ရွယ်နုပျိုနေတဲ့ ပီဘိကလေး ငယ်လေး တစ်ယောက်သာပါပဲ သားရယ်"။



မေမေ့စာကို ကျနော်ဖတ်လို့ အပြီးမှာတော့ ကမ္ဘာကြီးတစ်ခုလုံး အမှောင်ဖုံးသွားသလို ကျနော်ခံစားရပါတယ်။ ဒီနောက် ကျနော်ယူကြုံးမရ ငိုကြွေးမိပါတယ်။ ကျနော့အမေဟာ ကျနော့ဘဝအတွက်သက်သက်ပဲ အသက်ရှင် သန် နေသွားသူပါလားလို့ ကျနော်နားလည်လိုက်ပါတယ်။ ဒါပေမယ့် ကျနော့အတွက် အချိန်က သိပ်နောက်ကျ နေခဲ့လေပြီလေ။



ဒီဇာတ်လမ်းထဲက သားဟာ သိပ်ဆိုးတာပဲ။ အမေ့ရဲ့ မေတ္တာတရားကို ဒီလောက်တောင် မသိဆိုးဝါးစွာ လျစ်လျူ ပြုနိုင်ကောင်းရဲ့ရယ်လို့ သင်ကတော့ ထင်ကောင်းထင်မှာပါ။ ဒါပေမယ့် သေသေချာချာ စဉ်းစားကြည့်စမ်းပါ။ သင့်အတွက်ကြောင့်၊ သင့်မမြင်ကွယ်ရာမှာ တိတ်တိတ်လေးကြိတ်မှိတ်ကာ မျက်ရည်ကျခဲ့ရတာမျိုး သင့်မိခင် မှာရော မရှိနိုင်တာ သေချာရဲ့လားလို့။



ဆရာကံထွန်းသစ် ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်ရွတ်ပြခဲ့တဲ့ ကဗျာလေးတစ်ပုဒ်။ အမေ့ဂုဏ်ပုဒ်တွေ ဝေလို့။

နို့ဖိုး


ကြီးမြတ်ခြင်း အဝဝ လှပမှု အထွေထွေ

မြတ်မွေးမေ ခြေစုံရင်း

ဝပ်စင်းရပေ၊

မြတ်ဗုဒ္ဓသော်မှ

ဝါသုံးလ ပေးဆပ်ချေ

မကျေခဲ့ မိနို့ဖိုးတဲ့…



ကဗျာဆို သားငမိုက်က

လင်္ကာတို ထွာတစ်ပိုဒ်နဲ့

ဦးခိုက်ကာ လက်စုံယှက်

နို့တစ်စက်ဖိုး။ ။ (ကံထွန်းသစ်)


Mother's Day “အမေနေ့” တဲ့


အမေနေ့မှာ ဒို့တွေက အမေ့အတွက် လက်ဆောင်ကောင်းတစ်ခု ပြန်လည် ပေးကောင်းပေးမယ်။ ဒါပေမယ့် ဒို့တွေပေးတဲ့ ဒီလက်ဆောင်ဟာ အကြင်နာမေတ္တာတွေ အပြည့်ထုံမွှမ်းပြီးတော့ ဒို့အမေက ဒို့ကိုပေးခဲ့တဲ့ "အသက်"ဆိုတဲ့ လက်ဆောင်၊ "ဘဝ"ဆိုတဲ့ လက်ဆောင်နဲ့တော့ဖြင့် ဘယ်လိုမှ ညီမျှနိုင်မယ် မဟုတ်သလို၊ အမေ့ရဲ့ လက်ဆောင်ကိုတော့ဖြင့် ဘယ်တော့မှ မှီနိုင်မယ်လည်း မဟုတ်ပါဘူးလေ။ ။

အရှင်ဉာဏိက

မေတ္တာများဖြင့်