Saturday, May 28, 2011

သာသနာအတွက် ဆိုရေးရှိက ဆိုရပေတော့မည်




သာသနာအတွက် ဆိုရေးရှိက ဆိုရပေတော့မည်




မြတ်စွာဘုရား သာသနာတော်တွင် သာသနာ့ဝန်ထမ်း ရဟန်းတစ်ပါး အနေဖြင့် သာသနာတော်နှင့် ပတ်သက်လာလျှင် ဆိုရေးရှိက ဆိုရပေတော့မည်။ မြတ်စွာဘုရားရှင် ပွင့်တော်မူခြင်းသည် ဝေနေယျသတ္တ၀ါများ ကိုယ်စိတ်နှစ်ပါး ချမ်းသာခြင်းနှင့် နိဗ္ဗာန်ချမ်းသာအတွက်၊ တရားတော်များ ဟောကြားတော်မူခြင်းသည် ဝေနေယျသတ္တ၀ါများ၏ လောကီနှင့် လောကုတ္တရာအကျိုးအလို့ငှာနှင့် သံဃာတော်များ တည်ရှိခြင်းသည် ဝေနေယျသတ္တ၀ါများ ကုသိုလ်ကောင်းမှုပြုလုပ်နိုင်ရန်နှင့် မြတ်စွာဗုဒ္ဓ၏ စစ်မှန်သော တရားတော်များ မကွယ်ပျောက်ရေး တနည်းအားဖြင့် သာသနာတော်ကို ဖျက်လိုဖျက်စီးသည့် ကိစ္စရပ်များ ပေါ်ပေါက်လာပါက ကာကွယ်ရမည့် တာဝန်များကို ထမ်းဆောင်နေကြခြင်း ဖြစ်ပေသည်။



ဤကဲ့သို့သော ရည်ရွယ်ချက်နှင့် အကြောင်းတရားတို့ကြောင့် လတ်တလော မြင်နေရ ကြားနေရသည့် ဖြစ်ရပ်များကို အခြေခံ၍ မြတ်စွာဘုရားရှင်၏ စာပေကျမ်းဂန်တို့မှ ကောက်နှုတ်ကာ ဖြေရှင်းရပေတော့မည်။ မြတ်စွာဘုရား၏ သာသနာတော်သည် ဖြူစင်သန့်ရှင်း၍ နည်းမှန်လမ်းမှန်ဖြင့် ကျင့်ကြံကျိုးကုတ် အားထုတ်ပါက လက်တွေ့အကျိုးကို မုချခံစားရသည်ကိုလည်း သန္ဒိဌိက ဆိုသည့် စကားဖြင့် အာမခံချက် ပေးထားပေသည်။ နည်းလမ်းမမှန်ဘဲ ဟောပြောကျင့်ကြံပါကလည်း မကောင်းကျိုးတို့ကို လက်တွေ့ဘ၀တွင်ပင် ကြုံတွေ့ရပါလိမ့်မည်။ သို့သော် ထို့သို့ ကျင့်ကြံကြရာတွင် စည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာဖို့ကလည်း အရေးကြီးပါသည်။ ဆိုလိုသည်ကား ရဟန်းဖြစ်လျှင် ၂၂၇ သွယ်သော ရဟန်းစည်းကမ်း၊ သာမန် ဒကာ ဒကာမများအတွက်လည်း (သီလ) ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ကိုးပါးသီလ တို့ဖြင့် ပညတ်ခဲ့ပေသည်။ မြတ်စွာဘုရားရှင် အနေဖြင့် စည်းကမ်းများ သတ်မှတ်ခြင်းသည်ကား စိတ်တည်ငြိမ်ရန် (သမာဓိ)နှင့် အမှန်တရားကို အမှန်တရား၊ မှားယွင်းသည်ကို မှားယွင်းသည့်အလျှောက် သိတတ်မြင်တတ်သည့် (ပညာ)များ တိုးပွားရန်အတွက်သာ ဖြစ်ပေသည်။




ထိုမျှမကသေး သာသနာကွယ်ကြောင်းတရားအပေါင်း ၁၅ မျိုးကိုလည်း မြတ်စွာဘုရားက အင်္ဂ္ဂုတ္တရ နိကာယ်ကျမ်းတွင် အတိအလင်း ဟောဖော်ညွန်ပြထားပါသည်၊ ၄င်း သာသနာကွယ်ကြောင်းတို့ကို ဤနေရာ၌ စာမျက်နာ အခက်ခဲကြောင့် အကုန်လုံးကို ရေးမပြတော့ပါ၊ (သိလိုပါက ဆက်သွယ်မေးမြန်းနိုင်ပါသည်၊)
သာသနာပျက်စီး ကွယ်ပျောက်ခြင်း အကြောင်းတို့တွင် သာသနာတော်၏ မှတ်ကျောက်ဖြစ်သည့် သင်္ကန်းကို ၀တ်ရုံထားပါလျှက် တရားဆွေးနွေးမှု မရှိခြင်း၊ ဗုဒ္ဓစာပေတို့ကို စနစ်တကျ မသင်ကြားဘဲ ဟောပြောစည်းရုံးခြင်း၊ သင်္ကန်းကိုဝတ်ရုံထားပါလျှက် ဗုဒ္ဓသာသနာတော်ကို လေးစားမှု အလျဉ်းမရှိမူ၍ ဘာသာတရား၏ ဆန့်ကျင်ဘက်အကျင့်များကို ဟောပြောပို့ချခြင်းတို့သည် သာသနာတော်အတွက် အင်မတန်မှ အန္တရာယ်ကြီးပါသည်၊ မြတ်စွာဘုရားရှင်ကလည်း ဝေနေယျသတ္တ၀ါများအား အကျိုးမရှိမည့်စကားကို ဘယ်တော့မှ မဟောကြားခဲ့ပေ၊ သီချင်းဆိုခြင်း ကခြင်းကြောင့် စိတ်ဓာတ်တည်ငြိမ်၍ ကောင်းကျိုးရနိုင်သည့် အကြောင်းကိုလည်း ဟောတော်မမူသည့်အပြင် နိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်း၏ ဆူးငြောင့်ခလုတ် ဖြစ်သည်ဟု ဟောကြားခဲ့ပေသည်၊ (နစ္စ ဂီတ ၀ါဒိတ - ကခြင်း သီဆိုတီးမှုတ်ခြင်းတို့သည် ၀ိသုက- ဆန့်ကျင်ဘက် ဆူးငြောင့်ခလုတ်တို့ကို ဒဿန- ကြည့်ရှုခြင်း နားထောင်ခြင်း)၊ ထို့အပြင် ဗုဒ္ဓဘာသာ ရှုထောင့်မှကြည့်လျှင် သီချင်းဆိုခြင်းသည် ငိုခြင်းဖြစ်၍ ကခုံခြင်းသည် ရူးသွပ်ခြင်း စသဖြင့် မြတ်စွာဘုရား ဟောကြားခဲ့ပါသည်၊ (ရုဏ္ဏမိဒံ ဘိက္ခဝေ ယဒိဒံ ဂီတံ- ဥမ္မတ္တကမိဒံ ဘိက္ခဝေ ယဒိဒံနစ္စံ- အင်္ဂ္ဂုတ္တရပါဠိတော် ရုဏ္ဏသုတ္တံ)။
ယင်းသို့ မြတ်စွာဘုရားက ရဟန်းတော်များ လိုက်နာရမည့် ဥပဒေသများကို ပညတ်ထားပါလျှက် လိုက်နာခြင်းမရှိ၊ နိဗ္ဗာန်ရောက်ကြောင်း နည်းလမ်းကောင်းများကို အတိအကျ ဟောကြားထားပါလျှက် လေ့လာလိုက်စားခြင်းမရှိဘဲ သာသနာတော်၏ ဆန့်ကျင်ဘက် အကျင့်တို့ကို ဟောပြောပို့ချခြင်းသည် လက်ခံနိုင်စရာအကြောင်းလုံးဝမရှိပါ၊ မြတ်စွာဘုရားရှင်၏ အန္တိမ ပန်းတိုင်မှာ အတုမရှိ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင်ရန် အတွက်သာဖြစ်သော်လည်း လူမှုရေး၊ စီးပွားရေး၊ ကျမ္မာရေး၊ ပညာရေးတို့ကို လျစ်လျူရှု မထားပေ၊ သိင်္ဂါလောဝါဒ သုတ္တံ၌ ဆိုင်ရာကျင့်ဝတ်တို့ကို ဟောကြားထားသလို မဂ္ဂင်ရှစ်ပါးလမ်းစဉ်ကိုလည်း ရှင်းလင်းစွာ ဟောကြားထားပါသည်။




စိတ်ကောင်းထားလျှင် ချမ်းသာရမည် စိတ်ဓာတ်မကောင်းလျှင် ဆိုးကျိုးရတတ်သည့် အကြောင်းကို ဓမ္မပဒ ပါဠိတော် ပထမဆုံး ၀တ္ထုတွင် ဟောကြားထားပေသည်၊ စိတ္တေန နိယတေ လောကော - လောကကြီးတစ်ခုလုံးကို စိတ်ကသာလျှင် ဆောင်ကျဉ်းပေးသည် ဟု ဆိုထားသောကြောင့် စိတ်ထားဖြူစင်ရန်အတွက် ကျင့်ရမည့် အရာမှာ မိမိတို့၏ စိတ်ထဲတွင် အဘိဇ္ဈာ ဗျာပါဒ မိစ္ဆာဒိဌိ တရားသုံးပါး မရှိစေရန် သို့မဟုတ် မဖြစ်ပေါ်စေရန်အတွက် ကျင့်ကြံရမည်ဟု လမ်းညွန်ခဲ့ပါသည်၊
လူအဖြစ် မွေးဖွားလာပြီဆိုလျှင် ဘာသာတရားသည်လည်း လွတ်ကင်း၍ မဖြစ်နိုင်တော့ပေ၊ အထူးသဖြင့် အရဟဒ္ဓဇ ဟု ခေါ်သည့် သင်္ကန်းကို ၀တ်ရုံထားသည့် ရဟန်းတော်များအတွက် ပို၍ပင် ထိတွေ့ရပေတော့မည်၊ ရဟန်းတော်များ၏ နှုတ်ဖျားမှ ထွက်သည့် စကားလုံးတိုင်းသည် ဝေနေယျသတ္တ၀ါတို့၏ ကောင်းကျိုးကို ရှေးရှုသည့် ဘာသာရေး စကားလုံးများ ဖြစ်နေရပေမည်၊ အဘယ့်ကြောင့်ဆိုသော် သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ - ပေးစရာ လက်ဆောင်တို့တွင် ဘာသာတရား လက်ဆောင်သည်သာ အကောင်းဆုံးဟု ဆိုထားသောကြောင့်တည်း၊




ဗုဒ္ဓဘာသာတွင် တရားဟောပြီးသည်၏ အဆုံး၌ အနုမောဒနာ ပြုခြင်းသည်ကား မြတ်စွာဘုရား လက်ထက်တော်ကတည်းက ရှိခဲ့ပေသည်၊ သာဓုတီ - သာဓု သာဓု သာဓု ဟူ၍ ဆိုသောစကားရပ်သာ ကျမ်းဂန်များ၌ ပါရှိပါသည်၊ လက်ခုပ်တီး၍ ၀မ်းသာခြင်းမျိုးကို မဆိုလိုပေ၊ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်ပင် ရဟန်းတော်များ သို့မဟုတ် တစ်စုံတစ်ယောက်က ကောင်းမှုလုပ်တာကို မြင်ရလျှင် သာဓု သာဓု ဘိက္ခု - ကောင်းလေစွ ကောင်းလေစွ ချစ်သားရဟန်းဟု၎င်း သာဓု သာဓု ဥပါသကာ - ကောင်းလေစွ ကောင်းလေစွ ဒကာ ဟူ၍၄င်း ကောင်းချီးပေးတော်မူပေသည်၊ ထိုကဲ့သို့ လုပ်ထုံးလုပ်နည်းများ အတိအလင်း ရှိပါလျှက် အဘယ်ကြောင့် ဆန့်ကျင်ဘက်ကို လုပ်ဆောင်နေကြသနည်း၊
ယနေ့ခေတ်တွင် ဗုဒ္ဓဘာသာကို အသေးစိတ်လေ့လာ သုံးသပ်၍ စတင်လက်ခံလာနေသည့် အချိန်တွင် ဗုဒ္ဓဘာသာဖြစ်သည့် ရဟန်းတော်များ ဒကာ ဒကာမများအနေဖြင့် သူတပါး အမြင်စောင်းစေမည့် လုပ်ဆောင်ချက်တို့ကို မလုပ်ဆောင်သင့်ပေ၊ တရားဂုဏ်တော်များတွင် ပါဝင်သည့် ဧဟိပဿကော - လာပါ ရှုပါ စမ်းသပ်ပါ ဆိုသည့် အာမခံချက်ရှိသည့်အတိုင်း တရားဂုဏ်တော် မညှိုးမှိန်အောင် ထိန်းသိမ်းရန် အင်မတန်မှ အရေးကြီးပါသည်။




ဦးအဂ္ဂ၀ံသ (ဓမ္မာစရိယ)BA,MA& M-Phil thesis,



ခေတ္တ သီရိလင်္ကာ