Sunday, May 8, 2011

အနှိုင်းမဲ့ မေတ္တာရှင်သို့တမ်းချင်း




အနှိုင်းမဲ့ မေတ္တာရှင်သို့တမ်းချင်း

အမေ

ဇမ္ဗူတိုင်းမှာ အဖြေညှိပြရရင်၊

အပူလှိုင်းဖြာ ဝေဒနိကတွေနဲ့

လူတိုင်းမှာ အမေရှိကြတယ်၊

မရေမရာ ပဟေဠိတွေကြောင့်၊

ဇဝေဇဝါ အဖေမသိတောင်မှ

အမေဆိုတာ အသေအချာရှိခဲ့ကြတယ်။

(အောင်လှိုင်ထွန်း)

အမေ့မေတ္တာနှင့် ဤလောက

အမေ…. ၊ လူတိုင်းမှာ အမေနှင့် မကင်းကြ။ သားသမီးတိုင်းမှာ အမေရှိကြ၏။ အမေအကြောင်း ဆိုလျှင် လူတိုင်း စိတ်ဝင်စားကြ၏။ အမေသမိုင်းဆိုလျှင် လူတိုင်းခေါင်းထောင်ကြည့်ကြ၏။ အမေဇာတ်လမ်းဆိုလျှင် လူတိုင်း အလုအယက်ကြည့်ကြ၏။ ပြီးလျှင် အမေမေတ္တာကို တသသခံစားပြီး သနားကရူဏာပိုစွာ မျက်ရည်လည်ရွဲ ငိုပွဲဆင်ရမြဲပင်တည်း။ အဘယ့်ကြောင့် ဤသို့ ခံစားချက်ခြင်း တူညီနေကြရသနည်း ဟူမူ…အမေသည် တစ်သီးပုဂ္ဂလ ပိုင်ဆိုင်မှု၏ သင်္ကေတ မဟုတ်။ အများဆိုင် အများပိုင်သင်္ကေတ တစ်ခုသာဖြစ်၏။

ထို့အတူ အမေသည် သားသမီးဟူသော ပန်းကလေးများကို ဖူးပွင့်စေသောကြောင့် ဥယျာဉ်မှူးလည်း မည်၏။ အမေသည် သားသမီးများကို အတွေးအမြင် လှပအောင်၊ အကောင်း အဆိုး အမှားအမှန် ခွဲခြားဝေဖန်တတ်အောင်၊ အသိအလိမ္မာရှိ၍ ရည်ရွယ်ချက်နှင့် စေတနာ ကောင်းမြတ် မှန်ကန်အောင် အမြဲ တည့်မတ်ပေးခဲ့၏။ ထို့ကြောင့် အမေသည် အနာဂတ်ကို ကြီးကျယ် ခမ်းနားအောင် ပန္နက်ချပေးနေသည့် ဗိသုကာလည်း မည်၏။ သားသမီးများကို သွန်သင် ဆုံးမရာ၌ ချော့သင့်လျှင် ချော့၏။ ခြောက်သင့်လျှင် ခြောက်၏။ ချော့တစ်ခါ ခြောက်တစ်လှည့်ဖြင့် လိုသလို ပုံသွင်းခဲ့၏။ ထို့ကြောင့် အမေသည် အလွန်နူးညံ့သော အနုပညာရှင်လည်း မည်ပါ၏။

အမေ့မေတ္တာသည် သားသမီးတိုင်းအပေါ် လွှမ်းခြုံရစ်ပတ်ကာ အန္တရာယ်အပေါင်းမှ ကာကွယ်ပေး၍ အေးချမ်း ကြည်လင် ချမ်းမြေ့မှုကို ဖြစ်စေသည်သာတည်း။ ကျွန်တော့်အမေ၊ ခင်ဗျား အမေ၊ သူ့ အမေ၊ တစ်ခြားသူတို့၏ အမေ၊ လူသားအားလုံး၏ အမေ၊ ထိုထိုသို့သော အမေအားလုံး၏ မေတ္တာတရားတို့ဖြင့် လွှမ်းခြုံထားသော ဤကမ္ဘာလောကကြီးသည် ဘေးရန်အပေါင်းမှ ကင်းဝေးကာ ငြိမ်းချမ်းနေဦးမည်မှာ သံသယဖြစ်ဖွယ် မရှိပါပေ။ မိသားစုတွင်းဝယ် အခန့်မသင့်၍ ခိုက်ရန်ဖြစ်ကြလျှင်သော်မှ အမေ့မေတ္တာရေနှင့် ဖြန်းပက်လိုက်လျှင် ချက်ချင်း ငြိမ်းပျောက် သွားသကဲ့သို့ လူသားတို့၏ လောဘ၊ ဒေါသ၊ အာဃာတများကြောင့် ခိုက်ရန်ဖြစ်မှုများ၊ စစ်ဖြစ်မှုများ ရှိနေစေဦးတော့ အမေတိုင်း၏ မေတ္တာရေဖြင့် ဖြန်းပက်နိုင်မည်ဆိုလျှင် ဤကမ္ဘာလောကကြီးသည် အေးချမ်းငြိမ်သက်ကာ ဆက်လက်တည်တံ့နေဦးမည်မှာ မြေကြီးလက်ခတ် မလွှဲပင်တည်း။ အမေကမွေးသော သားသမီးများက ဤကမ္ဘာလောကကြီးကို တည်ဆောက်နေကြ၊ အုပ်ချုပ်နေကြ၊ ဆက်လက်တည်တံ့အောင် ဆောင်ရွက်နေကြသောကြောင့် ဤကမ္ဘာလောကကြီးကို အမေများ၏ မေတ္တာတရားတို့ဖြင့် တည်ဆောက်ထားသည်ဟုဆိုလျှင်လည်း လွန်အံ့ မထင်ပါပေ။

နှိုင်းဆ မကုန် မိဘဂုဏ်

(၁)“ပထ၀ီ ဝေဠုက ပတ္တံ”

ယူဇနာ နှစ်သိန်း လေးသောင်း အထုရှိသော ဤမဟာ ပထ၀ီ မြေကြီးသည် မိဘ မေတ္တာနှင့် နှိုင်းယှဉ်လိုက်ပါက ၀ါးရွက်ငယ်တမျှသာ ရှိပေ၏။

(၂)“သိနေရု ဦန၀မ္မိကံ”

ယူဇနာ ရှစ်သောင်း လေးထောင် အမြင့်ဆောင်သော မြင်းမိုရ်တောင်သည် မိဘ မေတ္တာနှင့် နှိုင်းစာပါက နွားချို ပမာဏသာ ရှိလေသည်။

(၃)“သမုဒ္ဒေါ ပါတိကံ ယထာ”

အလွန်တရာ ကျယ်ဝန်းလှသော မဟာသမုဒ္ဒရာသည် မိဘ မေတ္တာ နှင့် နှိုင်းစာပါက မိုးရေစက် တစ်စက်မျှလောက်သာ ဖြစ်ပေ၏။

(၄)“စက္က၀ါဠ သူစိဃရံ”

အလွန်ကျယ်ပြန့်သော အတိုင်းအဆ မရှိသော စကြာဝဠာသည် မိဘ မေတ္တာနှင့် နှိုင်းစာပါက အပ်နဖားပေါက်လောက် ပမာဏသာ ရှိပေ၏။

(မာတုပေါသကသုတ်၊ သဂါထာ-သံ၊ ပါ၊ ၁၈၃၊ ဋ္ဌ၊ ၂၄၄။)

*အနန္တဂိုဏ်းဝင်၊ မိဘပင်၊ ဂုဏ်အင်ကြီးမားသည်။

*မိဘဂုဏ်ကို၊ ယှဉ်ပြိုင်လို၊ မြင်းမိုရ်တောင်က ငယ်လိမ့်မည်။

*မိဘဂုဏ်အင်၊ ပြိုင်လာလျှင်၊ ကောင်းကင်ပြင်က ကျဉ်းလိမ့်မည်။

*မိဘဂုဏ်စု၊ ပြိုင်လာတု၊ မြေထုမြေလွှာ ပါးလိမ့်မည်။

*မိဘဂုဏ်မှာ၊ ပြိုင်လို့လာ၊ အဏ္ဏဝါက ကျဉ်းလိမ့်မည်။

*မိဘဂုဏ်က၊ ပြိုင်မရ၊ အဆရာထောင် သာလိမ့်မည်။

ထိုမျှမက မိဘမေတ္တာနှင့် နှိုင်းယှဉ်လာသည့် ပန်းရွှေကြာနှင့် စမ်းရေပြာသည်လည်းကောင်း၊ ဒေါင်းဖလ်ဝါနှင့် စန်းစန္ဒာတို့သည်လည်းကောင်း ကြည်ဖြူစွာနှင့်ပင် သူ့အလိုလို အရှုံးပေးသွားခဲ့ကြပြန်၏။ စမ်းရေပြာကိုလည်း ကြည့်ပါဦး။ တသွင်သွင်စီးဆင်းကာ အေးမြပုံချင်းတူသော်လည်း မိဘမေတ္တာကား သားသမီးအပေါ် အမြဲစီးဆင်းနေသော စမ်းချောင်းကလေးအသွင်ဖြစ်ပါ၏။ ပကတိစမ်းချောင်းခေါ်သည့် စမ်းရေပြာမှာမူကား နွေအခါဆို အလိုလိုခန်းခြောက်တတ်သောကြောင့် မိဘမေတ္တာကို မယှဉ်နိုင်သည်မှာ အထူးပြောဖွယ် မလိုအောင်ပင်။

ဖခင်က သားသမီးတို့အပေါ် ရဲရင့်နွေးထွေးသော မေတ္တာဓာတ်ကို ပေးသောကြောင့် နေတစ်စင်းနှင့် အလားတူကြောင်းကိုလည်းကောင်း၊ မိခင်က အေးမြသောမေတ္တာဓာတ်ကို ပေးသောကြောင့် လတစ်မင်းနှင်း အလားတူကြောင်းကိုလည်းကောင်း နှိုင်းယှဉ်ကြည့်နိုင်ပါ၏။

*မေမေ့မေတ္တာ နှိုင်းဆိုရာသည် ညဥ့်အခါလရောင်ခြည်တည်း။

*ဖေဖေ့မေတ္တာ ဥပမာသည် နေ့အခါနေမင်းရောင်ခြည်တည်း။

မှန်ပါ၏။ နေမင်းသည်လည်း အချိန်တန်တော့ အနောက်ဂေါယာကျွန်းသို့ ယွန်းရစမြဲ။ လမင်းသည်လည်း တစ်ခါတစ်ရံ “တိမ်ဖုံးပါလို့ လမသာ” ဆိုတာမျိုး ဖြစ်တတ်ပြန်၏။ မိဘတို့ မေတ္တာအလေင်းရောင်သည်ကား သားသမီးတို့အပေါ်မှာ အချိန်အခါမရွေး ရင်းသွေးများ၏ ဘဝလမ်းခရီးတစ်လျှောက်မှာ အမြဲတမ်း ထွန်းလင်းတောက်ပနေမည်သာ ဖြစ်ပါ၏။ ထို့ကြောင့်ပင်

မိဘတို့၏ ကျေးဇူးတရားကို ယှဉ်ပြိုင်လာသည့် အရာအားလုံး အရှုံးပေးသွားကြရစမြဲ ထုံးစံပင်တည်း။

*မိဘမေတ္တာ၊ ပန်းရွှေကြာနှင့်၊ ပမာနှိုင်းဆို၊ မတိုင်းလိုဘူး၊ ထိုပန်းရွှေကြာ နွမ်းတတ်လို့။

* မိဘမေတ္တာ၊ စန်းစန္ဒာနှင့်၊ ပမာယှဉ်ဆို၊ မမြင်လိုဘူး၊ ထိုစန်းတိမ်လွှာ ဖုံးတတ်လို့။

* မိဘမေတ္တာ၊ စန်းရေပြာနှင့်၊ ပမာခိုင်းဆို၊ မနှိုင်းလိုဘူး၊ ထိုစန်းနွေမှာ ခမ်းတတ်လို့။

* မိဘမေတ္တာ၊ ဒေါင်းဖလ်ဝါနှင့်၊ နှိုင်းကာယှဉ်ဆို၊ မပြောလိုဘူး၊ ညဆိုနေမင်း ကွယ်တတ်လို့။

(အရှင်သီရိကဉ္စနညဘိဝံသ)

ဤမာတုပေါသကသုတ်အရ မိဘမေတ္တာသည် ယူဇနာ နှစ်သိန်း လေးသောင်း အထုရှိသော ဤမဟာ ပထ၀ီ မြေကြီးထက်လည်း ကြီးမားလှပါ၏။ ယူဇနာ ရှစ်သောင်း လေးထောင် အမြင့်ဆောင်သော မြင်းမိုရ်တောင်ထက်လည်း မြင့်မားလှပါ၏။ အလွန်တရာ ကျယ်ဝန်းလှသော မဟာ သမုဒ္ဒရာ ထက်လည်း ကျယ်ဝန်းလှပါ၏။ အလွန်ကျယ်ပြန့်သော အတိုင်းအဆ မရှိသော စကြာဝဠာ ထက်လည်း ပို၍ ကျယ်ပြန့်လှပါ၏။ အဘယ့်ကြောင့်ဟူမူ အဆိုပါ မဟာ ပထ၀ီ မြေကြီး၊ မြင်းမိုရ်တောင်၊ မဟာ သမုဒ္ဒရာ၊ စကြာဝဠာတို့သည် တိုင်းတာ တွက်ဆ၍ ရကောင်း ရနိုင်မည် ဖြစ်သော်လည်း မိဘ မေတ္တာ၏ အတိုင်း အတာ ထုထည် ပမာဏကိုကား တိုင်းတာ တွက်ဆ၍ မရနိုင်သောကြာင့် ဖြစ်ပါ၏။

မြင်းမိုရ်တောင်ဦး မကကြူးသည့် ကျေးဇူးရှင် မိခင် ဖခင်

ဘုရားရှိခိုးပြီးတိုင်း အမျှပေးဝေရာတွင် “ကြီးထမြင့်ခေါင်၊ မြင်းမိုရ်တောင်ဦး၊ မကကြူးသား၊ ကျေဇူးအရှင်၊ မွေးမိခင်နှင့်၊ ဖခင်တို့အား၊ ရငြားပါစေ၊ အမျှဝေ၏။” ဟု ဗုဒ္ဓစာပေ များတွင် မိဘ မေတ္တာ ကြီးမားကြောင်းကို တင်စားရာ၌ ဇမ္ဗုဒိပ်ကျွန်းတွင် အကြီးဆုံး၊ အမြင့်ဆုံးအဖြစ် ထင်ရှားသော မြင်းမိုရ်တောင်ဖြင့် ဥပမာပြု တင်စားလေ့ ရှိပါ၏။

ဘုရားရှိခိုးတိုင်း အနန္တ (၅) ပါးဖြင့် ရှိခိုးလေ့ရှိသလို ဘုရားရှိခိုးပြီးတိုင်း အမျှပေးဝေရာတွင်လည်း အနန္တ (၅) ပါးတို့အနက် မိဘ နှင့် ဆရာတို့ကို အမျှဝေလေ့ ရှိပါ၏။ ထို အနန္တ (၅) ပါးတို့တွင် ဘုရား၊ တရား၊ သံဃာ တို့ကိုမူ အမျှပေးဝေရန် မလိုအပ်ပေ။ အဘယ့်ကြောင့်ဆိုသော် ထိုဘုရား၊ တရား၊ သံဃာ တို့သည် အမျှဝေခြင်းစသည့် သူတစ်ပါး၏ အကူအညီကို ယူဖွယ် မလိုသောကြောင့်ပင် ဖြစ်ပါ၏။(ဤနေရာ၌ သံဃာအရ အရိယာ သံဃာကို ရည်ရွယ်၍ ဆိုသည်။) မိဘနှင့် ဆရာတို့မှာမူ ဇနီး မယား သံယောဇဉ်၊ သမီး သား သံယောဇဉ်၊ ပစ္စည်း ဥစ္စာ သံယောဇဉ် စသည်ဖြင့် သံယောဇဉ် အနှောင် အဖွဲ့တို့မှ မလွန်မြောက်နိုင်သေးရကား အမျှဝေခြင်းစသည့် သူတစ်ပါး၏ အကူအညီကို ယူရန်လိုအပ်သောကြောင့် ဖြစ်ပါ၏။

အနှိုင်းမဲ့မေတ္တာရှင်

အမေသည် အနန္တောအန န္တ(၅)ပါးတွင် ပါဝင်၏။ အမေ (သို့မဟုတ်) မိဘတို့၏ ကျေးဇူးတရား အဆုံးအပိုင်းအခြားမရှိအောင် များပြားလွန်းသောကြောင့် “အန န္တ” ဟု စကားလုံးတစ်လုံးတည်း သုံးရသည်ကိုပင် အားမရနိုင်၊ မကျေနပ်နိုင်သဖြင့် နောက်ထပ် “အန န္တ”တစ်လုံး ဖြည့်စွက်သုံးကာ ပ်ါဠိသဒ္ဒါနည်းအရ အလယ်တွင်သြသရထည့်၍ “အနန္တောအန န္တ” ဟု သုံးနှုန်းခေါ်ဝေါ်ခြင်းဖြစ်ပါ၏။ “ပရိယာယ်နှစ်ချက်ဆင့် အနက်မြင့်ရမြဲ”တဲ့။ ပရိယာယ်တူပုဒ် နှစ်ခါထပ်ပြောလျှင် “အလွန်”ဟူသော အနက်အဓိပ္ပါယ်ထွက်၏။ ဥပမာ။ ။မဟာ-ကြီးသည်၊ မဟာ့မဟာ-အလွန်ကြီးသည် ဟူလို။ အဆုံးအပိုင်းအခြားမရှိအောင်၊ ရေတွက်ခြင်းငှါ မစွမ်းသာအောင် ကျေးဇူးတရားတရား များပြားကာ နှိုင်းတု၍မရသောကြောင့် “အနှိုင်းမဲ့မေတ္တာရှင်” ဟု အမေကို တင်စားကာ ဂုဏ်ပြုခေါ်ဝေါ်ခဲ့ကြပါ၏။

အစားထိုး၍ မရနိုင်သော အရာ

လောကမှာ ဥစ္စာ စီးပွါး၊ ပညာ အသိတရား၊ သြဇာ အာဏာ များဖြင့် မည်သည့်အရာမဆို ပြုလုပ်ကောင်း ပြုလုပ်နိုင်ပါလိမ့်မည်။ လိုတိုင်းရ၊ တတိုင်း ပြည့်စုံကောင်း ပြည့်စုံပါလိမ့်မည်။ အဖေ အမေ တည်းဟူသော မိဘကိုမူ ဘယ်သောအခါမျှ အစားထိုး၍ ရနိုင်မည် မဟုတ်ပေ။ လင်သေလျှင် လင်စား ရနိုင်ပါ၏။ မယားသေလျှင်လည်း မယား အစား ရနိုင်ပါ၏။ သား သမီး သေလျှင်သော်မှ သား သမီး အစား ရနိုင်သည်သာ ဖြစ်ပါ၏။ မိဘများ သေသွားလျှင် မိဘနေရာကို အစားထိုး၍ ရနိုင်မည် မဟုတ်ပေ။ အမေမရှိလျှင် အမေကို အစားထိုးကာ အတုပြုလုပ်၍ ရနိုင်မည် မဟုတ်ပါပေ။

မိဘတို့၏ မေတ္တာသည် အစားထိုး၍ မရသော မေတ္တာများသာ ဖြစ်ပါ၏။ မိဘ မေတ္တာကို နှစ်နှစ်ကာကာ ခံစားရသူသည် မိုးကြီး သည်းထန်စွာ ရွာသွန်းပါက မြစ်ချောင်း အင်းအိုင်တို့တွင် မိုးရေတို့သည် မို့မောက် ပြည့်လျှံရုံမက ယိုဖိတ် စီးဆင်းကုန်ဘိသကဲ့သို့ မကုန်နိုင် မခမ်းနိုင်အောင် ပြည်လျှံစွာ ခံစားရပါ၏။ မိဘမေတ္တာ မရှိတော့ဟု ဆိုလျှင်လည်း မည်သည့် ပစ္စည်း မည်သည့် အရာဝတ္ထုနှင့်မျှ အစားထိုး၍ မရနိုင်တော့ပေ။ မိဘသည် မည်သည့်နေရာတွင် မဆို ကိုယ်စားဝင်ယူနိုင်၏။ မိဘနေရာကိုကား မည်သူမျှ ကိုယ်စား မ၀င်နိုင်ပေ။ ထိုကြောင့် အမေ့မေတ္တာသည် နေရာတိုင်းမှာ ရှိပြီး အမေ့မေတ္တာသည် အရာအားလုံး၏ ကိုယ်စားပြု နိမိတ်ပုံပင်တည်း။

မိမိအသက်စွန့်၍ မိဘကျေးဇူးကြွေးကို ပေးဆပ်ခြင်း

မိဘတို့အား ကောင်းစွာလုပ်ကျွေးခြင်းသည် ကောင်းမြတ်သော မင်္ဂလာမည်၏ဟု ၃၈-ဖြာမင်္ဂလာ တရားတော်တွင် ဖော်ပြထားပေး၏။ ထိုမင်္ဂလာတရားတော်နှင့်အညီ တိရစ္ဆာန်ပင် ဖြစ်လင့်ကစား မိခင်မျောက်အိုမကြီးကို ကောင်းစွာလုပ်ကျွေး၍ အသက်ပေးစွန့်ခဲ့သော မျောက်ညီနောင် အကြောင်းကို ဒုကနိပါတ်၊ စူဠနန္ဒိယဇာတ်တော်တွင် ဘုရားရှင်က ဟောပြတော်မူခဲ့ပါသည်။

ဗာရာဏသီပြည်တွင် ဗြဟ္မဒတ်မင်းကြီး မင်းပြုချိန်၌ ဘုရားလောင်းသည် ဟိမ၀န္တာအရပ်တွင် မဟာနန္ဒိယအမည် ရှိသော မျောက်ဖြစ်လေ၏။ မဟာနန္ဒိယတွင် သူဠနန္ဒိယ အမည်ရှိ ညီငယ်မျောက်မင်းလည်း ရှိလေသည်။ ထိုမျောက်ညီနောင်တို့သည် မျောက်ရှစ်သောင်းကို ခြံရံအုပ်ချုပ်၍ မျက်မမြင်မိခင် မျောက်အိုမကြီးကို လုပ်ကျွေးပြုစုနေကြလေ၏။

မျောက်ညီနောင်သည် မိခင် မျက်မမြင် မျောက်အိုမကြီးကို ချုံတနေရာတွင် နေရာချထားပြီး မျောက်အပေါင်းကို ခြံရံကာ တောထဲသို့ နေ့စဉ်ဝင်ရောက် အစာရှာကြကုန်၏။ မျောက်ညီနောင်သည် ချိုမြိန်သော သစ်သီးသစ်ဖုများကို မိခင်ထံသို့ အခြံအရံမျောက်တို့အား ပို့ဆောင်စေလေ၏။ အခြံအရံမျောက်တို့သည် မျောက်ညီနောင်၏ မိခင်အား ချိုမြိန်သော သစ်သီးသစ်ဖုများကို မပေးဘဲ မာကျောရင့်ရော်သော သစ်သီးသစ်ဖုများကိုသာ ပေးပို့ပြီး ကောင်းမွန်သော သစ်သီးသစ်ဖုများကို မိမိတို့ဘာသာ စားလိုက်ကြလေ၏။

မိခင်မျက်မမြင် မျောက်အိုမကြီးမှာ မာကျောရင့်ရော်သော သစ်သီးများကို မစားနိုင်သောကြောင့် အစာရေစာငတ်သဖြင့် ခန္ဓာကိုယ်သည် အရိုးအရေမျှသာ ရှိလေ၏။ တနေ့တွင် မဟာနန္ဒိယမျောက်မင်းသည် မိခင်ထံသို့ သွားရောက်သည့်အခါ အရိုးအရေမျှသာရှိသော မိခင်ကို တွေ့ရလျှင်- မိခင်၊ ကျွန်ုပ်တို့သည် မိခင်ထံသို့ နေ့စဉ် ကောင်းမွန်လတ်ဆတ်သော သစ်သီး သစ်ဖု များကို ပို့သစေပါ၏။ မိခင်သည် အဘယ်ကြောင့် အရိုးအရေမျှသာ ရှိရပါသနည်း-ဟု မေးလေသည်။

အို ချစ်သား မဟာနန္ဒိယ၊ သင်တို့ပို့သစေသော သစ်သီးသစ်ဖုကို ငါမရ-ဟု ဖြေလေသည်။ ထိုအခါ မဟာနန္ဒိယမျောက်မင်းသည် မျောက်အပေါင်းတို့အကျိုးကို ဆောင်ရွက်သည်ရှိသော် ငါ၏မိခင် ပျက်စီး ဆုံးရှုံးရပေတော့မည်။ မျောက်အပေါင်းတို့ကို စွန့်လွှတ်ကာ မိခင်ကိုသာ ပြုစု လုပ်ကျွေး ပါတော့မည်-ဟု ကြံစည်လေ၏။

ထို့နောက် ညီငယ် စူဠန္ဒိယကိုခေါ်ကာ မျောက်အပေါင်းကို ဦးစီးအုပ်ချုပ်စေရန် အပ်နှံလေ၏။ ညီငယ် စုဠနန္ဒိယကလည်း လက်မခံဘဲ မိခင်ကိုသာ လုပ်ကျွေးလိုပါသည်-ဟု ဆိုသဖြင့် မျောက်ညီနောင် တို့သည် မျေက်အပေါင်းကိုစွန့်ကာ မိခင်ကိုခေါ်၍ ဟိမ၀န္တာအရပ်မှ ဆင်းသက်လာခဲ့ကြ၏။ အစွန်အဖျား အရပ်တခုဖြစ်သော ပညောင်ပင်၌နေကြ၍ မိခင်မျောက်အိုကြီးကို ပြုစုလုပ်ကျွေးလေ၏။

ထိုအချိန်တွင် ဗာရာဏသီမြို့နေ ပုဏ္ဏားလုလင်တဦးသည် အခြားအတတ်ပညာဖြင့် အသက်မွေးမြူရန် မတတ်နိုင်သောကြောင့် လေးအတတ်ဖြင့် မုဆိုးလုပ်၍ အသက်မွေးရန် စိတ်ကူးမိလေ၏။ ထို့နောက် လေးမြားကိုလွယ်ကာ တောထဲသို့ဝင်၍ သားကောင်အမျိုးမျိုးသတ်ပြီး အသားရောင်းသောအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုလေသည်။

တနေ့တွင် ပုဏ္ဏားမုဆိုးသည် တောလယ်မှအပြန် သားကောင်တစုံတရာ ရရှိမလာသောကြောင့် ဟိုဟိုသည်သည် ကြည့်ရှု၏။ ထိုအခါ ကွင်းပြင်အစွန်အဖျား၌ရှိသော ပညောင်ပင်ကိုမြင်လျှင် ဤပညောင်ပင်၌ သားကောင်တစုံတရာ ရှိကောင်းရှိမည်-ဟု သံသယရှိကာ ပညောင်ပင်သို့ ရှေးရှုလာခဲ့သည်။

ထိုအချိန်တွင် မျောက်ညီနောင်တို့သည် မိခင်မျောက်အိုမကြီးကို သစ်သီးရှာကျွေးပြီး သစ်ခွကြား၌ နားနေချိန်ဖြစ်၏။ ပုဏ္ဏားမုဆိုး ပညောင်ပင်သို့ လာနေသည်ကို မြင်သောအခါ မျောက်ညီနောင်တို့သည် မိခင်မျောက်အိုမကြီးကို ခွကြား၌ထားခဲ့ပြီးလျှင် ပညောင်ပင်ရွက်ကြား၌ ပုန်းအောင်းနေလေ၏။

မုဆိုးသည် မျောက်အိုမကြီးကို ပညောင်ပင်၌ တွေ့သောအခါ ငါ လက်ချည်းပြန်သွားလျှင်ကား အဘယ်အကျိုးရှိတော့အံ့နည်း။ ဤမျောက်အိုမကြီးကိုဖမ်းသွားမည်-ဟု ကြံစည်ကာ မျောက်အိုမကြီးကို ပစ်ရန် လေးတင်လေသည်။

မဟာနန္ဒိယမျောက်မင်းသည် မုဆိုးလေးတင်သည်ကို မြင်လျှင် ညီတော် စူဠနန္ဒိယ၊ ဤယောက်ကျားသည် ငါ၏မိခင်ကို ပစ်လို၏။ ငါသည် မိခင်အတွက် အသက်ပေးလှူပါအံ့။ သင်သည် ငါသေသွားသောအခါ မိခင်ကို လုပ်ကျွေးပါလော့-ဟု မှာကြားပြီးလျှင် သစ်ရွက်ကြားမှ ထွက်ကာ အို-အသင်မုဆိုး၊ ငါ၏မိခင်ကို မပစ်ပါနဲ့။ ငါ၏မိခင်သည် ကန်းလဲကန်း၏။ အိုလဲ အိုပါ၏။ ငါသည် မိခင်အတွက် အသက်ပေးလှူပါမည်။ သင်သည် ငါ၏မိခင်ကို မသတ်ဘဲ ငါ့ကိုသာသတ်၍ ယူပါ-ဟု ဆိုကာ မုဆိုးထံ ၀န်ခံကတိယူ၍ မြားရှေ့တည့်တည့်တွင် ရပ်လေ၏။

မုဆိုးယုတ်သည် မဟာနန္ဒိယမျောက်မင်းကို ပစ်ယူလေ၏။ ထို့နောက် ၀န်ခံကတိကိုဖျက်ကာ မိခင်မျောက်အို မကြီးကို ပစ်ရန် လေးကိုထပ်တင်ပြန်၏။ ထိုအခါ ညီငယ် စူဠနန္ဒိယက ဤယောက်ျားသည် ငါ၏မိခင်ကို ပစ်လို၏။ ငါသည်လည်း ငါ၏မိခင်အတွက် အသက်ပေးလှူအံ့-ဟု ဆုံးဖြတ်ကာ သစ်ရွက်ကြားမှထွက်၍- အို အသင်မုဆိုး၊ ငါ၏မိခင်ကို မပစ်ပါနဲ့။ ငါသည် ငါ၏မိခင်အတွက် အသက်ပေးလှူပါမည်။ သင်သည် ငါတို့ညီနောင်ကို ယူပါ။ ငါ၏ မိခင်ကို အသက်ချမ်းသာပေးပါလော့-ဟု ၀န်ခံကတိတောင်းလေ၏။ မုဆိုးယုတ်သည် စူဠနန္ဒိယ မျောက်မင်းကို မြားဖြင့်ပစ်ပြန်၏။ ထို့နောက် ၀န်ခံကတိကိုဖျက်ကာ မျက်မမြင် မျောက်အိုမကြီး ကိုလည်း ပစ်ပြန်လေ၏။ မုဆိုးယုတ်သည် မျောက် ၃-ကောင်ကိုထမ်းကာ အိမ်သို့ ၀မ်းသာ ပျော်ရွှင်စွာ ပြန်လေ၏။

ထိုအချိန်၌ပင် မုဆိုးပုဏ္ဏားနေထိုင်သော အိမ်ကို မိုးကြိုးပစ်ချခံရ၍ တအိမ်လုံး မီးလောင် သွားလေသည်။ မုဆိုး၏ မယားနှင့် သားငယ်နှစ်ယောက်တို့လည်း မီးထဲသို့ ပါသွားလေသည်။ အိမ်နေရာ၌ ခေါင်းတိုင်တို့သာ ကျန်ရှိတော့သည်။ မုဆိုးလည်း ရွာတံခါးအရောက်တွင် ရွာသားအသိတယောက်က အကြောင်းစုံ အဖြစ်အပျက်ကိုပြောပြ၏။ မုဆိုးလည်း ပြင်းစွာသော စိုးရိမ်ခြင်းဖြစ်သဖြင့် အမဲနှင့်တကွ ထမ်းပိုး၊ လေးမြားတို့ကို ပစ်ချကာ အိမ်သို့ ပြေးဝင်လေသည်။ ထိုအချိန်၌ ခေါင်းတိုင်တို့သည် ပြုတ်ကျ၍ မုဆိုးဦးခေါင်းကို ခွဲလေသည်။ မြေကြီးသည်လည်း အက်ကွဲလာပြီး မီးလျှံများတတ်ကာ မုဆိုးကို မြေမျိုလေသည်။
(စူဠနန္ဒိယ၊ မဟာနန္ဒိယဇာတ်၊)

ဤဇာတ်တော်ကို ကြည့်လျှင် မျောက်တို့သည် တိရိစ္ဆာန်ပင် ဖြစ်သော်လည်း မျက်စိ မမြင်သော မိခင်အိုကြီးကို မိမိအသက်ကိုပင် စွန့်၍ ဘေးအန္တရာယ်မှ ကာကွယ်ပေးကာ သား သမီးတို့၏ မိဘအပေါ် လုပ်ကျွေး ပြုစုသော စေတနာ နှင့် စိတ်ဓာတ်ကို အတုယူဖွယ်ရာအဖြစ် တွေ့မြင်နိုင်ပါသည်။ မိမိတို့လူသားများသည် တိရစ္ဆာန်ထက် အသိဉာဏ်ပိုသာ သူများ ဖြစ်ကြသောကြာင့် အမေ၏ကျေးဇူးကို ပိုမိုနားလည်သင့်သလို ပိုမို၍လည်း ပေးဆပ်ရမည် ဖြစ်ပါသည်။

“ကတညုတ ကတဝေဒီ”

“ကတညုတ” ဟူသည် မိဘတို့၏ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ စေတနာ စသော ကျေးဇူးတရားကို သိနားလည်ခြင်းပင် ဖြစ်ပါ၏။

“ကတဝေဒီ” ဟူသည် ထိုမိဘတို့၏ အနန္တ ကျေးဇူးတရားကို ပြန်လည် ပေးဆပ်ခြင်းပင် ဖြစ်ပါသည်။

ထို့ကြောင့် မိဘတို့၏ အနန္တ မေတ္တာကို ရှေးဦးစွာ သိနားလည်ရမည် ဖြစ်ပါ၏။ နားမလည်သေးပါကလည်း နားလည်အောင် ကြိုးစားရမည် ဖြစ်ပါ၏။ ထိုသို့ သိရှိ နားလည် သဘောပေါက်ပြီးသောအခါ မိဘတို့၏ ကျေးဇူးကို ပြန်လည် ပေးဆပ်ရမည် ဖြစ်ပါသည်။ ကျေးဇူးကြွေးကို ကျေလည်အောင် မပေးဆပ်နိုင်သော်မှ မိမိစွမ်းနိုင်သမျှ ပေးဆပ်ရမည်သာတည်း။ ဤသို့ ပြုလုပ်ခြင်းသည် လောကီ၊ လောကုတ္တရာ နှစ်ဖြာ ကြီးပွါးတိုးတတ်ကြောင်းကို ပြုလုပ်သည် မည်ပါသည်။

ဆောင်ပုဒ်။ ။ ကတညုတ၊ ကတဝေဒိ၊ မသိတတ်သူ၊ လူမသမာ၊ ထိုများစွာတို့၊

ဥစ္စာစီးပွါး၊ လျော့ပါးယိမ်းယိုင်၊ မြဲမခိုင်ဘူး၊ ဓမ္မကရိုဏ်စစ်ရေ၊ ကျဖျားရေသို့၊

သရေမတိုး၊ ဘုန်းရောင်ညိုးလျက်၊ တန်ခိုးနေ့ည၊ ဆုတ်လပမာ၊ ယုတ်တတ်စွာ၏။ (မဃဒေ၀ လင်္ကာ၊၁၉၀။)

မိဘတို့၏ ကျေးဇူးကို မသိတတ်သော၊ ကျေးဇူးမဆပ်သော သားသမီးမိုက် သူယုတ်မာတို့သည် ဥစ္စာစီးပွါးများကို ရှာဖွေစုဆောင်းနိုင်ငြားလည်း ထိုစည်းစိမ်ဥစ္စာတို့သည် တည်မြဲလိမ့်မည် မဟုတ်ပါပေ။ ရေစစ်နှင့် ရေခပ်သလို၊ အိတ်ပေါက်နှင့် ဖားကောက်သလို ရှာဖွေရသမျှ ကုန်ဆုံးပျောက်ပျက်ရမြဲ ဓမ္မတာတည်း။ ကောင်းကျိုးအဖြာဖြာ ကျက်သရေမင်္ဂလာတို့သည်လည်း တစ်နေ့တစ်ခြား ညိုးမှိန်လာကာ လဆုတ်ရက်မှာ ထွက်ပေါ်လာသောလပမာ တစ်ဖြည်းဖြည်း ကွယ်ပျောက်ရမြဲပင်တည်။

အမေနှင့် အမေများသို့

အမေအကြောင်းဖတ်ရလျှင် စာရေးသူသည်လည်း အမေကို သတိရမြဲ။ အမေဇာတ်လမ်း ကြည့်ပြီးတိုင်း ဝမ်းနည်းမျက်ရည် လည်ရမြဲပင်။ ထိုကြောင့် “အမေနေ့”ရောက်တိုင်း အမေ့အတွက် အမေအကြောင်း ရေးမိပြန်ပါကော အမေ။ ဒါပေမဲ့ သားမောင် ရေးသော ဤစာကို တမလွန်ဘဝသို့ ရောက်နေပြီဖြစ်သော အမေကတော့ မြင်နိုင်၊ သိနိုင်၊ ဖတ်နိုင်တော့မည် မဟုတ်ပါပေ။ သို့သော်လည်း နှစ်စဉ်နှစ်တိုင်း ဤအချိန် ဤနေ့ ဤရက် ရောက်ပြီဆိုလျှင် သားမောင် မနေနိုင်ခဲ့။ အမေအတွက် သားလုပ်ရမည့် တာဝန်တစ်ခုဟု ခံယူကာ လုပ်နေမိမြဲပင်။ ရှိပါစေတော့ အမေအတွက် သားနှလုံးသွေးနှင့်ရေးသော ဤစာကို အမေ မဖတ်နိုင်လျှင်သော်မှ လောကထဲမှာရှိနေကြသော သူ့အမေ၊ ခင်းဗျားအမေ၊ တစ်ခြားသူ၏အမေ စသည့်စသည့် အမေများစွာ ကျန်ရှိနေကြပါ၏။ ထိုအမေများသည် ဤစာကိုဖတ်မိ သိရှိလျှင်လည်း အမေကိုယ်တိုင် ဖတ်သလို၊ အမေကိုယ်တိုင် သားရဲ့ခံစားချက်ကို နားလည်ကာ အသိအမှတ်ပြုသလို အတူတူပင်ဖြစ်ပါ၏။ ထိုကြောင့်ပင် စာရေးသူသည်လည်း……

…………………………..

ရွာပြန်လျှင် အမေကြိုလို့

စားလိုရာ အမေကျွေးပါတဲ့

အေးမြတဲ့ အမေ့မျက်နှာ

ခုခါတော့ ပျောက်ဆုံး။

သို့လည်းလေ

မေ့သား သည်လိုဖြေမပေါ့

သည်ရပ်မြေ ကျန်ဒေသဆီက

မိခင်တွေ ဟူသမျှကိုလ

မွေးမိခင် ထင်ကာမှတ်မယ်ပေါ့

ကမ္ဘာ့ ဤရေမြေ၌

အမေ မသေသေးချေဟု

သားလူပေ စိတ်ဖြေတွေးလို့ရယ်

ဆွေးရိပ်ကိုဖုံး။ ။

( တင်မိုး)

အမေ၏ ဂုဏ်ကျေးဇူးတို့ကို ဖော်ထုတ်တင်ပြရလျှင် ကုန်နိုင်ဖွယ် မမြင်။ သက်တမ်းရှည်၍ တန်ခိုးကြီးသော ဗြဟ္မာတို့က လျှာပေါင်းကုဋေ ဖန်ဆင်း၍ မိဘဂုဏ်ကျေးဇူးကို ပြောကြားလျှင်သော်မှ သက်တမ်းသာ ကုန်ဆုံးသွားမည် မိဘတို့၏ ဂုဏ်ကျေးဇူးကား မကုန်ဆုံးနိုင်ပေ။ ထို့ကြောင့်ပင် “မာတာပိတုဂုဏော အနန္တော” ဟု အနန္တဂိုဏ်းဝင် ဘုရား၊ တရား၊ သံဃာ၊ ဆရာတို့နှင့် တစ်တန်းစားတည်းထားကာ ဗုဒ္ဓဘုရားရှင်က မိန့်တော်မူခဲ့ခြင်း ဖြစ်ပါသည်။

သရီရဿ ဂုဏာနဉ္စ၊ ဒူရမစ္စ န္တ မန္တရံ။

သရီရံ ခဏ၀ိဒဒ္ဓံသီ၊ ကပ္ပ န္တဋ္ဌာယီနော ဂုဏာ။

(ဟိတောပဒေသ၊ မိတ္တလာဘ၊ ဂါထာ ၄၉)

သရီရဿစ၊ ခန္ဓာကိုယ်၏လည်းကောင်း။ ဂုဏာနဉ္စ၊ ခန္ဓာကိုယ်၌ တည်ရှိသော ဂုဏ်ကျေးဇူးတို့၏ လည်းကောင်း။ အန္တရံ၊ တစ်ခုနှင့် တစ်ခု ခြားနားခြင်းသည်။ အစ္စ န္တံ စင်စစ်။ ဒူရံ၊ ဝေးကွာလှ၏။ သရီရံ၊ ခန္ဓာကိုယ်သည်။ ခဏ၀ိဒ္ဓံသီ၊ နှစ်တစ်ရာအတွင်း တစ်ချိန်ချိန်၌ ပျက်စီးခြင်းသဘော ရှိ၏။ ဂုဏာ၊ သမ္ပတ္တိအဖုံဖုံ ဂုဏ်ကျေးဇူးအစုံစုံတို့သည်ကား။ ကပ္ပ န္တဋ္ဌာယိနော၊ ကမ္ဘာဆုံးသည့်တိုင်အောင် ရှိကြကုန်လတ္တံ့။

“အရှည်မကြာ၊ ကိုယ်ခန္ဓာကား၊ တစ်ရာအနှစ်၊ ကိုယ်၌ဖြစ်သား၊

ပြန်စစ်နှိုင်းလျော်၊ ကျေးဇူးသော်မှ၊ ကျူးကျော်ကုန်ခမ်း၊ ကမ္ဘာကျွမ်းလည်း၊

ဥဒါန်းမကျေ၊ လူ့ပြည်နတ်ရပ်၊ ပဲ့တင်ထပ်လိမ့်။”

(၀ိဓူရပျို့)

အမေ၏ ကိုယ်ခန္ဓာကား အနှစ်တစ်ရာအတွင်း (အသက်တမ်းကုန်လျှင်) တစ်ချိန်ချိန်၌ ပျက်စီး ချုပ်ငြိမ်းသွားနိုင်၏။ သို့သော် အမေ၏ အန န္တ ဂုဏ်ကျေးဇူးတော်တို့ကား ကမ္ဘာ ပျက်သည့်တိုင်အောင် ပျောက်ကွယ်သွားမည် မဟုတ်ပေ။ မိဘကျေးဇူးကို မည်သည့်အရာကမျှ ပျောက်ပျက်သွားအောင် ဖျောက်ဖျက်နိုင်စွမ်းမည် မဟုတ်ပါပေ။ လောကတွင် ကျေးဇူးတရားကို သိသူရှား၏။ ထို့ထက် သိသောကျေးဇူးကို ထုတ်ဖော် ပြောဆိုသူ ရှား၏။ ထို့ထက် ကျေးဇူးတရားကို တုန့်ပြန် ပေးဆပ်နိုင်သူသည် အရှားဆုံးပင် ဖြစ်၏ဟု ပညာရှိတို့ မိန့်ဆိုတော် မူခဲ့ကြသည်။

မိမိသည် အမေကမွေး၍ လူ့လောကထဲသို့ရောက်ခဲ့ရ၏။ အမေကကျွေး၍ လူလားမြောက်ခဲ့ရ၏။ အမေ၏ ညွှန်ပြမှုဖြင့် လူတစ်လုံး သူတစ်လုံး ဖြစ်ခဲ့ရ၏။ အမေ၏လမ်းညွှန်မှုဖြင့် ခရောင်းလမ်းကို ကျော်လွှား၍ ပန်းခင်းလမ်းကို လျှောက်လှမ်းကာ ပန်းလေမွှေးကို ရှူရှိုက်ခဲ့ရသလို စမ်းရေအေးကို သောက်သုံးခွင့် ရခဲ့၏။ အမေမြှင့်၍ မိမိဘဝ တင့်တယ် ထယ်ဝါခဲ့ရ၏။ မိမိသည် အမေ့ခြေရင်းတွင် နေထိုင်ကာ ကြားနာ မှတ်သားခဲ့ရသော အဆုံးအမများသည်လည်း မိမိ နှလုံးသားတွင် ထာဝစဉ် စွဲထင်လျက် ရှိခဲ့ပါပြီ။ မိမိဘဝတစ်ခုလုံးသည်ပင် အမေကျေးဇူးတရားနှင့် ကင်းသောအရာ၊ အမေ့မေတ္တာမှ ကွက်ကျန်ခဲ့သောအရာ တစ်ခုမျှ ရှိမည်မထင်ပါပေ။

သို့သော် အမေ့ကျေးဇူးကို သိကားသိ၏။ ထုတ်ဖော် ပြောဆိုခြင်း၊ တုန့်ပြန် ကျေးဇူဆပ်ခြင်းကို မိမိစိတ်မှာ ကျေနပ်လောက်အောင် မပြုနိုင်ခဲ့ပေ။ အမေကား မြန်မာပြည် အလယ်ပိုင်းက မထင်မရှား တောရွာလေးတစ်ခုမှာ နေ၏။ မိမိကား အမေနှင့် ဝေးကွာလှသော နိုင်ငံရပ်ခြား တိုင်းတစ်ပါးတွင် ရုန်းကန်လှုပ်ရှား ကြိုးစားနေရ၏။ အမေ၏ အန န္တ ကျေးဇူးတရားကို သိသော်လည်း အမေ့အနားမှာနေ၍ ကိုယ်ဖိရင်ဖိ မပြုစုနိုင်ခဲ့၊ ရေပူရေချမ်း မကမ်းလှမ်းနိုင်ခဲ့ပေ။ အမေ၏ ရင်အပူကို ဖေးမကူနိုင်ရှာခဲ့ပေ။ အမေသေခါနီးသော်မှ အနားတွင်နေကာ အမေ့လက်ကို ဆုပ်ကိုင်လို့ အားမပေးနိုင်ရှာခဲ့ပေ။ မိမိသည် “အမေများနေ့”မှာ အမေ့အတွက်ရေးသော ဤဆောင်းပါးဖြင့် မိဘတို့၏ ဂုဏ်ကျေးဇူးတို့ကို တစ်စိတ် တစ်ဒေသ ထုတ်ဖော်တင်ပြ၍ အမေ၏ အနှိုင်းမဲ့ဂုဏ်ကို အာရုံပြုပြီး၊ ဦးနှိမ်မာန်လျှော့ကာ ကန်တော့လိုက်ပါ၏။ အမေ့မွေးကျေးဇူးကို ကုန်စင်အောင် တုန့်ပြန် မဆပ်နိုင်သော်ငြားလည်း ဤသို့ နှိုင်းဆမကုန်သော အမေ့ဂုဏ်ကျေးဇူးတော်တို့ကို ထုတ်ဖော် ရေးသားပြခြင်းကြောင့် အမေ၏ ကြီးမားလှသော အနန္တကျေးဇူးတော်တို့မှ မြူတစ်မှုန်စာမျှ ကျေသည်ဆိုလျှင်ပင် မိမိဘ၀ တစ်သက်တာတွင် ကြည်နူးကျေနပ်စွာဖြင့် ထာဝရ ၀မ်းမြောက်နေမည်သာ ဖြစ်ပါသတည်း။


(အမေများနေ့ကို ဂုဏ်ပြုလျက် အမေအားလုံးကို ဤဆောင်းပါးဖြင့် ကန်တော့လိုက်ပါသည်။)

တက္ကသိုလ် မောင်ကိုရင်