Tuesday, May 31, 2011

ပေထက်အက္ခရာတင် နောက်ကျပေမယ့်

ပေထက်အက္ခရာတင် နောက်ကျပေမယ့်



ရိုသေစွာ လျှောက်ထားအပ်ပါသည်ဘုရား၊
(၁) တပည့်တော် သိရသလောက် ဗုဒ္ဓရားတော်များကို ဗုဒ္ဓဘုရားရှင် ပရိနိဗ္ဗာန် စံပြီးနောက် နှစ်ပေါင်း များစွာ ကြာပြီးမှ စာအုပ်အဖြစ်နှင့် ရေးသား မှတ်တမ်းတင်သည်ဟု ကြားဖူးပါသည်။ သို့ဖြစ်၍ ဗုဒ္ဓရဓမ္မ အတွင်းသို့ အခြားဘာသာ တရားမှ အယူအဆများ ဝင်ရောက် ရောထွေးခြင်းမှ ကင်းလွတ်နိုင်ပါမည်လော။ နှောင်းခေတ်မှာလည်း ဓမ္မရေးရာ အဓိပ္ပာယ် ကောက်ယူမှု ကွဲလွဲသောကြောင့်ပင် ဗုဒ္ဓဘာသာ ဂိုဏ်းကွဲများ ဖြစ်ပေါ်လာသည်ဟု ယူဆပါသည်။
(၂) တပည့်တော်တို့ မြန်မာလူမျိုးများသည် ကမ္ဘာပေါ်မှာ ဗုဒ္ဓဝါဒကို အကြည်ညို ဆုံး ပုဂ္ဂိုလ်များ ဖြစ်ကြပါသည်။ သို့ဖြစ်ပါလျက် တပည့်တော်တို့ မြန်မာနိုင်ငံ ဆင်း
ရဲ မွဲတေပြီး အောက်တန်းကျနေရပါသနည်း။ ဖိနှိပ်မှု အမျိုးမျိုးမှ မလွတ်မြောက်ဘဲ ရှိရပါသနည်း။ ဗုဒ္ဓရောစဲး့ တရားတော်ကြောင့် တပည့်တော်တို့ မြန်မာနိုင်ငံ ချမ်းသာ
ကြွယ်ဝသင့်သည် မဟုတ်ပါလော ဘုရား။ ဆရာတော်ရဲ့ အမြင်ကို သိပါရစေ။
(နယူးယောက်)

အာဂုံဆောင် အစဉ်အလာ
ဗုဒ္ဓရောစဲး့ နောက်က အမြဲလိုက်ပါရတဲ့ အရှင်အာနန္ဒာဟာ ခုခေတ် အသံဖမ်းစက်လို ဗုဒ္ဓဟောသမျှ တရားတွေကို စိတ်အာရုံမှာ အတိအကျ မှတ်တမ်းတင်နိုင်ခဲ့တယ်။
မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်စံလို့ သုံးလအကြာမှာ ရဟန္တာငါးရာ စည်းဝေးပြီး ဗုဒ္ဓရဓမ္မကို နိကာယ် အနေနဲ့ ငါးရပ်၊ ပိဋကတ်အနေနဲ့ သုံးပုံလို့ စနစ်တကျ စုစည်းကြတဲ့အခါ
အရှင်အာနန္ဒာလဲ ပါတာပေါ့။ အဲဒီ အစည်းအဝေးကပဲ 'အရှင်ဥပါလိကို ဝိနယပိဋက၊ အရှင်အာနန္ဒာကို ဒီဃနိကာယ်၊ အရှင်သာရိပုတ္တရောစားရဲ့ တပည့်တွေကို မဇ္ဈိမ
နိကာယ်၊ အရှင်မဟာကဿပကို သံယုတ္တနိကာယ်၊ အရှင်အနုရုဒ္ဓါကို အင်္ဂုတ္တရ နိကာယ်ကို သင်ကြားပေးဖို့ တာဝန်ပေးခဲ့တယ် (ဒီ-ဋ္ဌ ၁၊ ၁၅)'။

ခုဒ္ဒကနိကာယ်ကို မည်သူ့အား တာဝန်ပေးကြောင်း မသိရပေမဲ့ အဘိဓမ္မာပိဋကကိုတော့ အရှင်သာရိပုတ္တရောစဲး့ တပည့်တွေကပဲ တာဝန်ယူ ပို့ချခဲ့ကြဖွယ် ရှိပါတယ်။ သင်ကြားပုံက ကျောက်သင်ပုန်းနဲ့ ပေရွက်နဲ့ မဟုတ်ဘူး။ မူရင်း ပါဠိတော်ကို ဆရာက နှုတ်တိုက်ချပေးလိုက်၊ အဲဒီ ပါဠိတော်ရဲ့ အနက်အဓိပ္ပာယ်ကို ရှင်းပြ
လိုက်နဲ့ တပည့်တွေကို သင်ပေးကြတာ။ ဆရာစဉ်ဆက် ဒီလိုပဲ ပို့ချလာလိုက်တာ အသောကမင်းလက် ထက် တတိယသံဂါယနာ တင်ချိန်ထိ အိန္ဒိယမှာ ဆရာစဉ်
ငါးဆက် (နှစ်ပေါင်း ၂၃ဝ) ကျော် ကြာတယ်။
အာဂုံဆောင်တာဟာ စာကြည့်တိုက်က စာအုပ်တွေထက် အားကိုးရတယ် ဆိုတဲ့ သီအိုရီကို ကြားဖူးပါတယ်။ စာကြည့်တိုက်ကို မီးလောင်ရင် နာရီပိုင်းအတွင်း
စာအုပ်တွေ ပျက်စီးသွားနိုင်တာပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်း လေးဆယ်ကျော် လောက်က ကွက်စိပ်ဟောဆရာ ဦးလေးဝမ်းကွဲ နှုတ်တိုက် သင်ပေးခဲ့တဲ့ ပဒုမပေါင်တို
ဇာတ်ထဲက စာသားတစ်ချို့ကို ဘုန်းကြီး ယနေ့တိုင် ဦးလေးရဲ့ လေယူလေသိမ်းအတိုင်း အလွတ်ရနေပါတယ်။ ငယ်ငယ်က ရေးကူးထားတဲ့ စာအုပ်တွေတော့
ပျောက်ပျက်သွားပါပြီ။ ဒါကိုကြည့်ရင် အဲဒီ သီအိုရီကို ထောက်ခံ ရပါလိမ့်မယ်။


ဗုဒ္ဓရဓမ္မကို အက္ခရာနဲ့ ရေးချိန်
အသောကမင်းရဲ့ သားတော် အရှင်မဟိန္ဒ ဦးဆောင်တဲ့ မထေရ်ငါးပါးဟာ တတိယသံဂါယနာမှာ အတည်ပြုတဲ့ ပိဋကတ်သုံးပုံနဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက် (အဋ္ဌကထာ)
တွေကို ဗုဒ္ဓလွန်ပြီး ၂၃၆ နှစ်အကြာ (မဟာဝံသ မှတ်တမ်းအရ) မှာ အိန္ဒိယကနေသီဟိုဠ်ကို နှုတ်နဲ့ပဲ သယ်ယူခဲ့ကြတယ်။ အရှင်မဟိန္ဒဟာ သီဟိုဠ် အနုရာဓမြို့မှာ
မဟာဝိဟာရကျောင်း တိုက်ကြီးကို တည်ထောင်တယ်။ အဲဒီ ကျောင်းတိုက်ကြီးမှာပဲ အိန္ဒိယက အမွေရခဲ့တဲ့ ပိဋကတ်သုံးပုံနဲ့ အဋ္ဌကထာတွေကို နောက်ထပ်
နှစ်ပေါင်း နှစ်ရာကျော်ကြာ ဆရာစဉ်ဆက် နှုတ်တိုက်ပို့ချခဲ့ကြတယ်။ ဒီအချိန်ထိဗုဒ္ဓရဓမ္မကို အက္ခရောစားနဲ့ မရေးရသေးဘူး။ ဝဋဂါမဏိမင်းလက်ထက် (ဘီစီ ၂၉-၁၇)
သီဟိုဠ်မှာ ကြီးမားတဲ့ စစ်မက်ဘေး၊ ငတ်မွတ်ခေါင်းပါးဘေးတွေနဲ့ ကြုံလို့ ပါဠိအဋ္ဌကထာကို နှုတ်လွတ်ဆောင်ဖို့ ခဲယဉ်းတာကို ရဟန္တာမထေရ်ကြီးတွေ သတိပြု
မိသွားပြီး ပိဋကတ်သုံးပုံနဲ့ အဋ္ဌကထာကို ပေပေါ်မှာ ရေးတင်ပါတယ်။ ဒါကိုစတုတ္ထ သံဂါယနာတင်တာလို့လဲ ခေါ်ပါတယ်။ ဗုဒ္ဓဘုရားရှင် ပရိနိဗ္ဗာန် စံလွန်ပြီး
နောက် နှစ်ပေါင်း ၄၅ဝ လောက် အကြာမှာလို့ အကြမ်းဖြင်း ဆိုနိုင်ပါတယ်။

သုံးသပ်ချက် နှစ်မျိုး
၁) အဲဒီလောက် ကြာတဲ့ နှစ်ကာလအတွင်း ထေရဝါဒ မဟုတ်တဲ့ စာပိုဒ်တွေ အယူအဆတွေ သုတ္တန်တွေ ပိဋကတ်သုံးပုံထဲမှာ မရောနှောဘဲ ရှိပါ့မလား၊ စတုတ္ထ သံဂါယနာမှာ ရေးတင်တယ်ဆိုတဲ့ ပိဋကတ်သုံးပုံကော ယနေ့ခေတ် ပိဋကတ် သုံးပုံနဲ့ ဘယ်လောက်များ တူညီနိုင်ပါ့မလဲလို့ အနောက်တိုင်းသားတွေက ဝေဖန်လေ့ ရှိပါတယ်။ သမိုင်းရှုထောင့်နဲ့ သုတေသနအမြင်အရ အဲဒီလို ဝေဖန်ခွင့် ရှိပါတယ်။

ဒါပေမဲ့ ၄င်းတို့အနေနဲ့ 'ကောင်းကင် တစ်နေရာမှာ နေတယ်ဆိုတဲ့ ဘုရားသခင်က တမန်တော်တွေကို ကျမ်းမြတ်တွေ သင်ပေးတာကို တမန်တော်တွေက
ရေးမှတ်ထားတယ်' ဆိုတာကို မျက်စိမှိတ် ယုံကြည်နိုင်ပေမဲ့ ဗုဒ္ဓရောစဲး့ တပည့်တွေက ဗုဒ္ဓ ဟောတဲ့ တရားတွေကို တိတိကျကျ အာဂုံ ဆောင်လာတယ် ဆိုတာကိုတော့
မယုံကြည်နိုင်ဘဲ ဖြစ်နေတယ်လို့တော့ ထောက်ပြရလိမ့်မယ်။
၂) ရဟန္တာကြီး အရှင်မောဂ္ဂလာန် မထေရ်ဟာ ဓားပြတွေ ရိုက်နှက်လို့ရတဲ့သေလောက်အောင် ပြင်းထန်တဲ့ ဒဏ်ရာကို ဖလသမာပတ် သမာဓိနဲ့ တည်ငြိမ်စွာသည်းခံနိုင်တယ်။ (အနောက်တိုင်းသား ဆရာဝန် တစ်ယောက်တောင် လူနာကိုသတိပဋ္ဌာန်နည်းနဲ့ တရားမှတ်ခိုင်းပြီး စမ်းသပ် ခွဲစိတ်တဲ့ သတင်းကို မကြာခင်က
ဖတ်ရတယ်)။ ဗုဒ္ဓ ဓမ္မကို နှုတ်ငုံဆောင်ကြတဲ့ ဗုဒ္ဓရဲ့ တပည့်တွေဆိုတာက အဲဒီလိုပုဂ္ဂိုလ်တွေပါ။ ရန်သူတွေ နှိပ်စက်ခံရလို့ အသက်ကုန်ခါနီးမှာ 'ကြီးသော အသံ'နှင့်
အဖဘုရားသခင်ကို အော်ဟစ်တမ်းတတဲ့ တမန်တော်၊ စစ်တိုက်တဲ့ တမန်တော်တွေမှာ အဲဒီလို အထက်တန်းကျတဲ့ စိတ်ပိုင်းဘဝ လေ့ကျင့်မှု အရည်အချင်းမျိုး
မရှိလို့ ဘုရားသခင်က ပေးတယ်ဆိုတဲ့ ကျမ်းမြတ်တွေမှာလည်း လောဘရိပ ဒေါသရိပ်၊ မောဟရိပ်တွေ များစွာ လွှမ်းမိုးနေတာကို တွေ့နိုင်ပါတယ်။


ဗုဒ္ဓဝါဒီ ပညာရှင်ရဲ့ အမြင်
'အရှင်မဟာဗုဒ္ဓဃောသနဲ့ တရုတ်ရဟန်းတော် ဖာဟီယန်တို့ အေဒီ ငါးရာစုမှာအိန္ဒိယကနေ သီိဟိုဠ်ကို ရောက်လာကြတာဟာ (သီဟိုဠ်မှာ ရှိနေတဲ့) လက်ရှိ ပိဋကတ်ကို ရှေးဟောင်း ထေရဝါဒ အမှန်ဖြစ်တယ်လို့ ယုံကြည်ကြလို့ပဲ။ ထေရဝါဒရဟန်းတော်တွေဟာ စကားလုံး တစ်လုံးတလေရဲ့ သန့်ရှင်းမှု (အနက်အဓိပ္ပာယ်မချွတ်ယွင်းစေမှု) ကိုပင် အထူးဂရုစိုက်ကြတယ်ဆိုတဲ့ ရှုထောင့်ကနေ ကြည့်ရင်ပိဋကတ်ကျမ်း စာတွေဟာ အထည်ကိုယ်အနေနဲ့ တစ်စုံတစ်ရာ ပြောင်းလဲခြင်းဖြစ် နိုင်ဖွယ် မရှိ။ (Malalasekera, Pali Literatur of Ceylon, p. 44 )}

ဂိုဏ်းကွဲတာ ဘာကြောင့်
ဗုဒ္ဓဝါဒမှာ ဂိုဏ်းကွဲရတာဟာ ဓမ္မရေးရာ အဓိပ္ပာယ် ကောက်ယူမှု မတူတာကစတင်ခဲ့တာ မဟုတ်ဘူး။ ဝိနယအယူအဆနဲ့ လိုက်နာကျင့်ကြံရေး အလျော့အတင်းကွဲပြားတာက စတင်ခဲ့တာပါ။ ဂိုဏ်းကွဲပြီးနောက် ဓမ္မရေးရာ အယူအဆတွေလဲတဖြည်းဖြည်း ကွဲလွဲသွားတယ်။ ဒါတောင် အခြေခံဖြစ်တဲ့ မဂ္ဂင်ရှစ်ပါး၊ သစ္စာလေးပါး၊ ပဋိစ္စသမုပ္ပါဒ်၊ ဘဝသံသရာ ယူဆချက်တွေဟာ အတူတူပဲ။ ယုံကြည်မှု သို့မဟုတ် ဗုဒ္ဓဘာသာ ဟူသောအကြောင်းကြောင့် ဗုဒ္ဓဝါဒီတွေ အချင်းချင်း စစ်မက်ဖြစ်ခြင်း ရာဇဝင်မှာ မရှိဖူးပါဘူး။

မြန်မာပြည် ဘာကြောင့် ဆင်းရဲ
ကမ္ဘာပေါ်မှာ မြန်မာတွေလောက် ဘယ်သူမှ ဗုဒ္ဓဝါဒကို မယုံကြည် မကိုးကွယ်ပါဘူး ဆိုတာကို ဘုန်းကြီး လက်မခံဘူး။ အနည်းဆုံး သီရိလင်္ကာနဲ့ ထိုင်းလောက်ကို
သွားပြီး စနစ်တကျ လေ့လာကြည့်ပါ။ ဗုဒ္ဓဝါဒဆိုင်ရာ သမိုင်းအရရော ယုံကြည်မှုအရပါ မြန်မာနိုင်ငံအောက် မညံ့ဘူးဆိုတာကို တွေ့ရပါလိမ့်မယ်။ ပြီးတော့ လွန်ခဲ့
တဲ့ နှစ်ပေါင်း လေးဆယ်လောက်က မုန့်ဟင်းခါး တစ်ပွဲကို ငါးပြားနဲ့ အဝစားနိုင်ခဲ့တာ၊ ရွှေတစ်ကျပ်သားကို နှစ်ရာ့ငါးဆယ်ကျပ် လောက်နဲ့ ဝယ်ယူနိုင်ခဲ့တာတွေ
ကို အမှတ်ရရင် ယခုမြန်မာနိုင်ငံ ဆင်းရဲနေရတာ ဗုဒ္ဓဝါဒနဲ့ မဆိုင်ဘူးလို့ ဆင်ခြင်နားလည်နိုင်ပါလိမ့်မယ်။
နိုင်ငံ ကြီးပွားချမ်းသာအောင်နဲ့ ဖိနှိပ်မှုတွေ လွတ်မြောက်အောင် လုပ်ရမှာက ပုဂ္ဂိုလ်ကိုယ်စီတို့ရဲ့ လုံ့လအားထုတ်မှု၊ ပါဝင်ပတ်သက်မှု အပေါ်မှာပဲ တည်မှီပါလိမ့်မယ်။ ဗုဒ္ဓဟောတဲ့ ကမ္မဝါဒကို လက်ခံယုံကြည်ရင်ပေါ့လေ ... ။ 




အရှင်ကေလာသ


USA

Monday, May 30, 2011

ဦးဗုဓ်မှတ်စု

ဦးဗုဓ်မှတ်စု


ဖတ်ခဲ့ဖူးတဲ့ စာအုပ်လေး တစ်အုပ်ထဲက ယူခဲ့တဲ့ မှတ်စုပါ။ စာအုပ်နာမည် နဲ့ စာရေးသူအမည်ကို မမှတ်ခဲ့မိတဲ့အတွက် ကပျက်ကချော် လုပ်ရာရောက်သွားပါတယ်။ ဒါပေမယ့် အကြောင်းအရာ ကျန်သေးတာကိုပဲ တော်သေးတယ်လို့ အောက်မေ့ရပါတယ်။ ဆရာတော် ဦးဗုဓ်အကြောင်းပါ။ ဆရာတော်ရဲ့ ဂုဏ်ကို လူရောရှင်ပါ လေးစားအားကျ အတုယူ နိုင်ကြစေဖို့ ဖြစ်ပါတယ်။ သင်ပုန်းပေါ်မှာ ကန့်ကူဆံနဲ့ စာရေးခဲ့ရတဲ့ခေတ်က အဖြစ်အပျက်ဟာ ကွန်ပျူတာ ဆက်စပ်ပစ္စည်း အပျော့ထည် အမာထည် အမျိုးမျိုးနဲ့ အင်တာနက် စာမျက်နှာတွေမှာ အကြောင်းအရာ အမျိုးမျိုးကို မှတ်တမ်းတင် သိုလှောင်ထားနိုင်တဲ့ ဒီနေ့ခေတ်အတွက် ဘယ်လိုအသုံးဝင်မလဲ ဆိုတာကတော့ ဖတ်ရှုသူ စားသုံးသူ အပေါ်မှာပဲ မူတည်တယ်လို့ ဆိုချင်ပါတယ်။
ဆရာတော်ဦးဗုဓ်ဆိုတာက အင်းဝခေတ်နှောင်းပိုင်းနဲ့ အမရပူရ(ရတနာပုံ)ခေတ် စောစောပိုင်း တွေမှာ နေတစ်ဆူ လတစ်ဆူ ထင်ရှားတော်မူခဲ့တဲ့ သာသနာ့ဥသျှောင် သာသနာ့အာဇာနည် မင်းအကိုးကွယ်ခံ မြန်မာရဟန်းတော်တစ်ပါး ဖြစ်ပါတယ်။ (၁) ဗုဒ္ဓရှင်တော်မြတ်၊ (၂) အဋ္ဌကာဆရာ အရှင်မဟာ ဗုဒ္ဓဃောသ နဲ့ (၃) ဆရာတော် ဦးဗုဓ်တို့ကို ရည်ရွယ်ပြီး ‘‘ဗုဓ်စ၊ ဗုဓ်လယ်၊ ဗုဓ်ဆုံး’’ရယ်လို့ မြန်မာ့သာသနာ့ဝေါဟာရတစ်ခု ရှိပါတယ်။
ဆရာတော်ဦးဗုဓ်ရဲ့ သီလ သမာဓိ ပညာ၊ အထူးသဖြင့် ပရိယတ်ကျွမ်းကျင်မှုကို ခပ်မြင့်မြင့် ဂုဏ်ပြုတဲ့စကား ဖြစ်ပါတယ်။ ဘုတလင်မြို့နယ် (မောင်းထောင်) ညောင်ကန်ရွာက ဦးအိုနဲ့ ဒေါ်မွှေးတို့က ၁၁၄၉-ခုနှစ် နယုန်လပြည့်ကျော် (၈)ရက်အင်္ဂါနေ့မှာ မွေးဖွားခဲ့တဲ့ ဆရာတော်ရဲ့ ငယ်နာမည်ဟာ မောင်ပုပ်ဖြစ်ပါတယ်။ နောက်ကျတော့ ပညာတော်တာကို အကြောင်းပြုပြီး မောင်ဗုဓ် (မောင်ပညာ)လို့ ဖြစ်လာခဲ့ပါတယ်။ ဘိုးတော်ဘုရား(ဗဒုံမင်း)ရဲ့ မြေးအိမ်ရှေ့မင်း၊ စစ်ကိုင်းမြို့စား ဘ၀ကနေ ဘုရင်တက်ဖြစ်လာတဲ့ စစ်ကိုင်းမင်းရဲ့ မိဖုရားခေါင် နန်းမတော်မယ်နုက ကိုးကွယ်လို့ ၁၁၉၂-ခုနှစ်မှာ မင်းဆရာတော် ဖြစ်လာတော့လည်း ဆရာတော်ဟာ ဘွဲ့တော်ရင်း ရှင်စက္ကိန္ဒအဖြစ်နဲ့ မကျော်ကြားဘဲ ဆရာတော်ဦးဗုဓ်လို့ပဲ ကျော်ကြားခဲ့ပါတယ်။
ပထမဆုံး ရာဇောဝါဒကထာ
ဒီနေ့ စစ်ကိုင်းနားက အင်းဝမြို့ဟောင်းမှာ မယ်နုအုပ်ကျောင်းလို့ လူသိများတဲ့ မင်းနဲ့မိဖုရားတို့ရဲ့ မဟာကောင်းမှုတော်၊ မဟာအောင်မြေဘုံစံ အုတ်ကျောင်းတော်ကြီးကို ဆရာတော်ဦးဗုဓ် အလှူခံတော်မူခဲ့တဲ့ နေ့ကပေါ့။ ၁၁၉၂-ခုနှစ် တန်ဆောင်မုန်းလမှာ ကျောင်းရေစက်ချပွဲ, ကျောင်းတင်ပွဲ ပြုလုပ်တော့ မင်းမိဖုရားတို့က မင်းဆရာတော်ဘုရားကို သြ၀ါစကား မိန့်ကြားဖို့ လျှောက်ထားကြပါသတဲ့။ အဲဒီတော့ ဆရာတော်က ‘‘မင်းနှင့်တူအောင်ကျင့်ရင် ငါတို့ ဆုံးမသြ၀ါဒ ပေးစရာ မလို။ မင်းနှင့်တူအောင် မကျင့်ရင် ငါတို့နဲ့ မဆိုင်၊ အ၀ိစိနဲ့သာဆိုင်တယ်။’’လို့ တိုတိုတုတ်တုတ် မိန့်တော်မူလိုက်ပါသတဲ့။ အဓိပ္ပာယ် ဖွင့်စရာ မလိုအောင် ရှင်းလင်းပြတ်သားတဲ့ ဒီသြ၀ါဒကို မင်း မိဖုရားနဲ့တကွ အားလုံးက သဘောကျကြပါသတဲ့။ သြ၀ါဒပေးသူကိုရော သြ၀ါဒခံသူကိုပါ သာဓုမခေါ်သင့်ဘူးလား။
နောက်ဆုံး ရာဇောဝါဒကထာ
နောက်ဆုံးသြ၀ါဒနဲ့ ဆက်စပ်မှု ရှိနေတဲ့ အင်းဝရာဇင်ထဲက အဖြစ်အပျက်တစ်ချို့ကို အရင်ဆိုပါရစေ။ ၁၁၈၇-ခုနှစ်မှာ နယ်ချဲ့ အင်္ဂလိပ်နယ်တို့ရဲ့ အလိုကျ ချုပ်ဆိုခဲ့ရတဲ့ ရန္တပိုစာချုပ် ချုပ်ဆိုပြီးတဲ့နောက် စစ်ကိုင်းမင်းဟာ သာသနာရေး ကုသိုလ်ရေးဘက်မှာသာ အားစိုက်ခဲ့ပြီး တိုင်းရေးပြည်ရေးမှာ အားစိုက်မှု နည်းလာခဲ့ပါသတဲ့။ ၁၁၉၆-ခုနှစ်ကစပြီး စစ်ကိုင်းမင်း ကျန်းမာရေး ချွတ်ယွင်းလာတဲ့အတွက် အင်းဝရွှေနန်းတော်ရဲ့ နိုင်ငံတော်အုပ်ချုပ်ရေးကို မိဖုရားခေါင်ကြီး နန်းမတော်မယ်နု၊ မိဖုရားရဲ့မောင်တော် စလင်းစား ဦးအိုနဲ့ ဘုရင့်ညီတော် အိမ်ရှေ့စံ သာယာဝတီ မင်းသားတို့က ကိုင်တွယ်ရတဲ့အထိ ဖြစ်လာခဲ့ပါသတဲ့။ အဲဒီတော့ မိဖုရားနဲ့ သူ့မောင်တော်တို့က တစ်ဘက် အိမ်ရှေ့မင်းနဲ့ မင်းဆွေမင်းမျိုးတို့က တစ်ဘက် နှစ်ဦးနှစ်ဘက်တို့ဟာ နိုင်ငံတော်အာဏာကို အပိုင်ရဖို့ အပြိုင်ချကြပါလေရောတဲ့။
ဒီပြိုင်ဆိုင်မှု အပြင် မူလပိုကျတဲ့ နန်းတွင်း မကျေနပ်မှုလည်း ရှိပါသေးတယ်။ နန်းမတော် မယ်နုဆိုတာက ပေါင်းတည်မြို့စား မယ်ပုရဲ့တူမ၊ တောင်သင်းမှူး သီဟကျော်စွာရဲ့သမီး နန်းမဆန်တဲ့ တောသူဇာတိပါ။ ရွှေဘိုနယ်က ဖလံခုံရွာသူ မယ်နုဟာ အဒေါ်ဖြစ်သူ မယ်ပုရဲ့ မစမှုကြောင့် အင်းဝရွှေနန်းတော်ထဲကို အပျိုတော်ကလေးအဖြစ်နဲ့ ၀င်ရောက်လာခဲ့ ပါသတဲ့။ တစ်နေ့တော့ အိမ်ရှေ့စံ စစ်ကိုင်းမင်းသားက တစ်ခြား အပျိုတော်တွေထက် ထင်ထင်ပေါ်ပေါ် ခန္ဓာကိုယ်အလှ ရုပ်လုံးကြွှနေတဲ့ မယ်နုကို မျက်စိကျသွားပြီး မိဖုရားငယ်အဖြစ် သိမ်းပိုက်လိုက်ပါသတဲ့။ အဲဒီအချိန်မှာ အိမ်ရှေ့မင်းရဲ့ မိဖုရားခေါင်ကြီးကတော့ ဆင်ဖြူမယ် ဖြစ်ပါသတဲ့။ စစ်ကိုင်းမင်း ထီးနန်းရပြီးတဲ့နောက် ၁၁၇၄-ခုနှစ်မှာ ဆင်ဖြူမယ် မိဖုရားကြီးဟာ သားတော်စကြာမင်းကို ဖွားမြင်ပြီး ကံကုန်ခဲ့ပါသတဲ့။
အဲဒီတော့ စစ်ကိုင်းမင်းက သားတော်လေးကို ညောင်ရမ်းမြို့ အပိုင်စားစေပြီး နန်းသွေးမပါတဲ့ မယ်နုကိုတော့ မိဖုရားခေါင်ကြီးအဖြစ် တင်မြှောက်လိုက်ပါသတဲ့။ နန်းသွေးမပါတဲ့သူ မိဖုရားခေါင် ဖြစ်လာတာကို နန်းဆွေနန်းမျိုးတွေက မကျေနပ်ကြဘူးတဲ့။ ဒါပေမယ့် မကျေနပ်မှုရဲ့ ဦးစီးခေါင်းဆောင်များ ဖြစ်ကြတဲ့ ဆင်ဖြူမယ်ရဲ့ ခမည်းတော် ပြည်မြို့စားနဲ့ ဘထွေးတော် တောင်ငူစားတို့ကို ဖမ်းဆီးချုပ်နှောင်၊ နောက်ပြီး တောင်ငူစားကို အဆုံးစီရင်လိုက်တော့ မိဖုရားနဲ့ ပတ်သက်တဲ့ နန်းတွင်းမကျေနပ်မှုလည်း ငြိမ်ဝပ်ပိပြား သွားခဲ့ပါသတဲ့။
၁၁၉၈-ခုနှစ်မှာတော့ မိဖုရားတို့ အုပ်စုက သာယာဝတီမင်းသားကို ရာဇပရိယာယ်နဲ့ ဖမ်းချုပ်ဖို့ ကြိုးစားကြပါသတဲ့။ အဲဒါကို ရိပ်မိတဲ့ မင်းသားဟာ လူစုပြီး ရွှေဘိုကို ထွက်ပြေးပါသတဲ့။ ရွှေဘိုကို ခြေကုတ်ယူပြီး ပုန်ကန်လိုက်တာ ၁၁၉၉-ခုနှစ်မှာ အလိုတော် ပြည့်ခဲ့ပါသတဲ့။ နန်းတော်ကို သိမ်းပိုက်နိုင်ခဲ့ ပါသတဲ့။ သာယာဝတီမင်းဟာ နောင်တော်နဲ့ မိဖုရားကို အသက်ချမ်းသားပေးပြီး အိမ်နိမ့်စံ အဖြစ်နဲ့ပဲ အရာချထားးလိုက် ပါသတဲ့။
၁၁၉၉-ခုနှစ်မှာတော့ သာယာဝတီမင်းဟာ ညောင်ရမ်းမင်းသားလေးကိုလည်း ထီးနန်းကြံစည်မှုနဲ့ ရေချသုတ်သင်လိုက်ပါသတဲ့။ ရက်စက်တယ်နော်။ အာဏာအတွက်တဲ့။
၁၂၀၁-ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀-ရက် ၊ သောကြာနေ့မှာတော့ နန်းစည်းစိမ်ကို ပြန်ရချင်တဲ့ မိဖုရားရဲ့ အစီအစဉ်နဲ့ မူးမတ်ဝန်းထမ်းဟောင်းတွေ တိုင်ပင်စုရုံးပြီး အင်းဝကို ပုန်ကန်ကြပါသတဲ့။ ရှမ်း-မြန်မာသူပုန် ၁၅၀၀-ကျော်ဟာ မတ္တရာမြို့ကို သိမ်းပိုက်နိုင်ခဲ့ပါသတဲ့။ ဒါပေမယ့် တန်ခူးလဆန်း (၃)ရက်မှာ တော့ ဘုရင့်တပ်က မတ္တရာကို ပြန်လည်သိမ်းပိုက် နိုင်ခဲ့ပါသတဲ့။ ကဆုန်လဆန်း (၅)ရက်နေ့မှာ မတ္တရာတိုက်ပွဲဝင် ပုန်ကန်သူတွေကို ကွပ်မျက်လိုက်ပြီး နန်းမတော် မယ်နုကိုလည်း ထုံးစံအတိုင်း ရေချအဆုံးစီရင်ဖို့ မြို့ဝန်လက်ထဲ လွှဲအပ်လိုက်ပါသတဲ့။ ရေချဖျောက်ဖျက်တာ ခံရမယ့် နေ့မှာတော့ နန်းမတော်မယ်နုက သူကိုးကွယ်တဲ့ ဆရာာတော်ဦးဗုဓ်ကို နောက်ဆုံး ဖူးတွေ့ခွင့် ရလိုပါကြောင်း အသနားခံ တောင်းဆိုပါသတဲ့။
တင်ခဲ့ဖူးတဲ့ ကျေးဇူးကို ထောက်ညှာတဲ့ အနေနဲ့ မြို့ဝန်က တောင်းဆိုမှုကို လိုက်လျောပေးခဲ့ပါသတဲ့။ ဆရာတော့်ရှေ့မှောက်မှာ နန်းမတော်မယ်နုက ‘‘သာယာဝတီမင်း တန်ခိုးလွှမ်းမိုးလာလို့ သူ့အာဏာစက်နဲ့ တပည့်တော် အဆုံးစီရင်ခံရပါတော့မယ် ဘုရား . . .။’’လို့ လျှောက်ထားပါသတဲ့။ အဲဒီတော့ ဆရာတော်က ‘‘ဟဲ့ မယ်နု . . .၊ သူ့ကြွေးရှိရင် ဆပ်ရပေလိမ့်မယ်။’’လို့ နောက်ဆုံး ရာဇောဝါဒကထာကို ခပ်ကျဉ်းကျဉ်း မိန့်ကြားတော်မူလိုက်ပါသတဲ့။ တိုတိုနဲ့ ထိရောက်တဲ့ ဆရာတော့်စကားထဲမှာ သံဝေဂပွားစရာ ရက်စက်တဲ့ ရာဇ၀င်ပုံရိပ်တွေ ထင်ဟပ်မနေဘူးလား။ တူဖြစ်တုန်းက ထုခဲ့တဲ့ မိဖုရားဟောင်းကြီးရဲ့ ပေဘ၀ကလည်း သံဝေဂယူစရာ မကောင်းပေဘူးလား။ ကပ်ကပ်သတ်သတ် မြင်တတ်ရင်တော့ မြို့ဝန်မင်းရဲ့ ကျေးဇူးသိတတ်မှုက ချီးကျူးစရာ ပါပဲ။
အလှူရေစက်ရဲ့ အကျိုးတစ်စက်
တစ်နေ့တော့ အလှူရေစက် အလွန်ဝါသနာထုံတဲ့ နန်းမတော် မယ်နုဟာ သူပြုခဲ့တဲ့ အလှူမျိုးစုံကို ဖော်ကျူးရေတွက်ပြပြီး ဘယ်လိုအကျိုးအာနိသင်တွေ ရရှိခံစားရပါမလဲလို့ ဆရာတော်ဦးဗုဓ်ကို မေးမြန်း လျှောက်ထားပါသတဲ့။ အဲဒီတော့ ဆရာတော်က ကျောင်းအစ်မကို ရေတစ်ခွက် အခပ်ခိုင်းလိုက်ပါသတဲ့။ နောက်ပြီး ခပ်လာတဲ့ရေကို တစ်စက်မှ မကျန်အောင် သွန်ပစ်ခိုင်းပြန်ပါသတဲ့။ ပြီးတော့မှ ‘‘သွန်ပစ်လိုက်တဲ့ရေဟာ လှူလို့ကုန်သွားတဲ့ ပစ္စည်းတွေနဲ့ တူတယ်။ ရေခွက်မှာ ကပ်ကျန်ခဲ့တဲ့ ရေဟာ မိဖုရား ရလာမယ့် အကျိုးနဲ့ တူတယ်။’’လို့ အနုမောဒနာတရား ဟောတော်မူပါသတဲ့။ စည်းစိမ်းချမ်းသာ အကျော်အစောကို မျှော်မောပြီး ပြုလုပ်တဲ့ အလှူဟာ ယုတ်ညံ့တယ်လို့ ဆရာတော်က ဆိုလိုတာပါ။ ဘယ်လိုရည်ရွယ်ချက်နဲ့ အလှူဒါန ပြုလုပ်ကြမလဲ။ လူအထင်ကြီးရုံသက်သက် ရည်ရွယ်ပြီး အရင်းများပေမယ့် အမြတ်နည်းမယ့် အလှူမျိုးတော့ မလုပ်သင့် ပါဘူး။
ပထမကျော်ဝိနိစ္ဆယ
ဒီကိစ္စကတော့ စစ်ကိုင်းမင်းရဲ့ညီတော် သာယာဝတီ အိမ်ရှေ့မင်းနဲ့ မိဖုရားခေါင်း နန်းမတော် မယ်နုရဲ့မောင် မင်းသားကြီး ဦးအိုတို့ နှစ်ယောက်ကြား အားပြိုင်ရာက ဖြစ်လာတဲ့ ပြဿနာပါ။ အဲဒီအချိန်က ပထမကျော်ဘွဲ့ဟာ တော်တော်ရေးပန်းစားခဲ့ဟန် တူပါတယ်။ အပြိုင်အဆိုင် လိုချင်ကြတဲ့ ဘွဲ့ပေါ့။ အိမ်ရှေ့မင်းကလည်း သူကိုးကွယ်တဲ့ကျောင်းက ပထမကျော် ထွက်စေချင်တယ်။ မင်းသားကြီး ဦးအိုကလည်း သူကိုးကွယ်တဲ့ကျောင်းက ပထမကျော် ထွက်စေချင်တယ်။ အဲဒီ အခြေအနေမှာ ဦးအို ကိုးကွယ်တဲ့ ကျောင်းက ပထမကျော်ထွက်မယ့် အလားအလား မရှိဘဲ အိမ်ရှေ့မင်း ကိုးကွယ်တဲ့ ကျောင်းမှာတော့ ပထမကျော်ဘွဲ့ရဖို့ သေချာနေတဲ့ ဦးဇင်းတစ်ပါး ရှိပါသတဲ့။ ဒီတော့ ဦးအိုက အဲဒီကိုယ်တော်ကို သူ့ကျောင်းရောက်လာအောင် လုပ်ရောတဲ့။ ကျောင်းထိုင်ဆရာတော်ဆီ ကပ်လျှောက်ပြီး ပထမကျော်လောင်းလျာကို သူ့ကျောင်းပင့်သွားသတဲ့။ ဒီမသမာမှုက စာမေးပွဲနီးမှ ပေါက်ကြားသွားသတဲ့။ ပထမကျော်လောင်းလျာ ခိုးယူမှုဟာ မင်းနားအထိ ပေါက်ကြားသွားခဲ့ပါသတဲ့။
ဒီကိစ္စကို ဘုရင်က ခေါင်းရှောင်သွားတဲ့အတွက် သုဓမ္မာဆရာတော်တွေဆီ ရောက်သွားပြန်သတဲ့။ ဓားနှစ်ဘက်ကြားမှာ ရှိနေတဲ့ ဆရာတော်တွေလည်း ဒီကိစ္စကို မကိုင်ရဲကြဘူးဆိုတော့ နောက်ဆုံး ဆရာတော်ဦးဗုဓ်က ဘယ်သူမှ နင့်နင့်နာနာ မဖြစ်ကြရအောင် ကြားချ ဖြေရှင်းပေးရသတဲ့။ ‘‘ဒီအမှုဟာ ဘုရင်နဲ့လည်း မဆိုင်ဘူး၊ မိဖုရားနဲ့လည်း မဆိုင်ဘူး၊ အိမ်ရှေ့မင်းနဲ့လည်း မဆိုင်ဘူး၊ မင်းသားကြီးနဲ့လည်း မဆိုင်ဘူး။ ဘုန်းကြီးချင်းသာ ဆိုင်တယ်။ တပည့်လက်သား ဖြားယောင်းသွေးဆောင်တဲ့အတွက် ‘န ဘိက္ခဝေ အညဿ ပရိသာ အပလာဠေတဗ္ဗာ၊ ယော အပလာဠေယျ အာပတ္တိ ဒုက္ကဋဿ’ဆိုတဲ့ ၀ိနည်းပညတ်အချက်အရ မင်းသားကြီးကိုးကွယ်တဲ့ ကျောင်းဘုန်းကြီး ဒုက္ကဋ်အာပတ်သင့်တယ်။ ဒေသနာကြားလိုက်။ အနားက ဘုန်းကြီးတစ်ပါးက ဒေသနာခံလိုက်။ ပထမကျော်ပြန်မယ့် ရဟန်းကတော့ ဆန္ဒာဂတိလိုက်ပြီး သူတစ်ပါး ဖြားယောင်းရာ လိုက်ပါတဲ့အတွက် ဒီနှစ် ပထမကျော် မပြန်ဆိုရ။ ရပ်ရွာပြန်စေ။’’ လို့ ဆုံးဖြတ်ချက် ချတော်မူပါသတဲ့။
ဒီကိစ္စမှာ ပထမကျော်လောင်းလျာ အနေနဲ့ ဘာမသိညာမသိ လုပ်ခဲ့ရတာ ဖြစ်ချင်ဖြစ်မယ်၊ သိသိကြီးနဲ့ ရူးချင်ယောင် ဆောင်ခဲ့တာလည်း ဖြစ်ချင်ဖြစ်မယ်။ ဖိအားတစ်ခုခု အပေးခံခဲ့ ရတာလည်း ဖြစ်နိုင်တာပဲ။ ဘာပဲဖြစ်ဖြစ် အဂတိလိုက်တယ်လို့ ဆုံးဖြတ်ခံခဲ့ရတဲ့ သူ့ရဲ့ ပညာရေးခရီးကိုတော့ သမိုင်းမှတ်တမ်းမှာ အစရှာလို့ မရသေးပါဘူး။ နန်းတွင်းအရာရှိတို့ရဲ့ အားပြိုင်မှုကတော့ နီးးစပ်သူတွေကို ဂယက်ဆိုး ရိုက်ခတ်ခဲ့တာပါ။ ထိတ်လန့်စရာ မကောင်းဘူးလား။ နောက်ပြီး ဆရာတော် ဦးဗုဓ်ရဲ့ သင့်တင့်လျော်ကန်တဲ့ အကိုးအကားနဲ့ ဘယ်သူမှ အလွန်အကျွံ မနင့်နာရအောင် ဆုံးဖြတ်ပြီး အကြဉ်းအကြပ်က ရှောင်ထွက်ပုံ နည်းလမ်းကရော အတုယူစရာ မကောင်းဘူးလား။
မီးမီးလေးလား
ဆရာတော်ဦးဗုဓ်ရဲ့ ထူးခြားချက်တွေထဲမှာ စကားနည်းတာ၊ စကားကို တုတ်နဲ့ထိုးသလို တဲ့ထိုးပြောတတ်တာလည်း ပါတယ်တယ်။ တစ်နေတော့ ဘုရင်နဲ့ မိဖုရားတို့ဟာ နှုတ်နည်းတဲ့ ဆရာတော်ကြီးကို စကားပြောအောင်လုပ်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သမီးတော်လေး တိလောကမြတ်စွာ (မင်းတုန်းမင်းရဲ့ မိဖုရားခေါင်ကြီး ဆင်ဖြူမရှင် လောင်းလျာ)ကိုပါ ခေါ်ခဲ့ပြီး ကျောင်းတော်ကို သွားကြပါသတဲ့။ ကျောင်းရောက်တော့ ဆရာတော်ကို ဦးချပြီး သမီးတော်လေးကို လွှတ်ပေးထားလိုက်ကြပါသတဲ့။ ကလေး သဘာဝ ကြောက်ရရွံ့ရမှန်း မသိတဲ့ သမီးတော်လေးဟာ ဆရာတော်ကြီး စာကြည့်နေတဲ့ ဘေးနားက ပေစာရွက်တွေကို မွှေနှောက်ဆွဲကိုင် ကြည့်ပါလေရောတဲ့။ အဲဒီတော့ ဆရာတော်ကြီက ‘‘ဟဲ့ . . .၊ ဟိုနားက တစ်ချောက်ချောက်နဲ့ ဘယ်ကဟာလေးလဲ’’လို့ မေးတော်မူသတဲ့။ ‘‘သမီးတော်လေးပါ ဘုရား . . .’’လို့ ပြန်လျှောက်ကြတော့ ဆရာတော်ကြီးက စာကြည့်မပျက်ဘဲ ‘‘သမီးတော်ကလေးကလည်း တယ် ကမြင်းကြော ထသကိုး’’လို့ မှတ်ချက်ချတော် မူလိုက်ပါသတဲ့။
မင်းနဲ့မိဖုရားတို့လည်း ကလေးကို အသာ ခေါ်ပြီး ခပ်မြန်မြန် ပြန်ခဲ့ကြရ ပါသတဲ့။ အပြန်လမ်းမှာ ဘုရင်ကြီးက ‘‘ဆရာတော်က ငါတို့ကိုသာ စကားမပြောတာ သမီးတော်လေးကိုတော့ စကားပြောဖော် ရသားပဲ’’လို့ ကျေနပ်အားရ ရယ်ရယ်မောမောနဲ့ မှတ်ချက်ချတော် မူပါသတဲ့။ ဆရာတော်ကြီးရဲ့ မှတ်ချက်ကို အလင်္ကာမဲ့တယ်လို့ ဆိုနိုင်ပေမယ့် ဂန္ထဓူရ, စာပေကိစ္စ အပျက်ခံပြီး မင်းပရိတ်သတ်ကိုတောင် စကားရောဖောရော မလုပ်တတ်တဲ့ ဆရာတော်ကြီးရဲ့ ပရိယတ္တိဂုဏ်ရည်က ကြည်ညိုစရာ မကောင်းဘူးလား။ ဆရာတော်အကြောင်း အတွင်းသိ အစင်းသိမို့ ပြောမနာဆိုမနာ ဆရာတော်ကြီးကို နားလည်မှု အပြည့်နဲ့ ကြည်ညိုတတ်တဲ့ ဘုရင်းကြီးရဲ့ သဘောထားကရော ချစ်စရာ မကောင်းဘူးလား။
ဘုရားသာသနာမှာ ငါနေတယ်
၁၁၉၄-ခုနှစ်မှာ ဘုရင်နဲ့ မိဖုရားတို့က ဆရာတော်ဦးဗုဓ်ရဲ့ကျောင်းမှာ ကထိန်ခင်းလှူကြသတဲ့။ အဲဒီကထိန်ပွဲမှာ သံဃာတော်တွေ စုဝေးနေကြတုန်း သံဃာ့ပရိသတ်ထဲက သင်္ကန်းအစုတ်လေး ၀တ်ထားတဲ့ ဦးဇင်းတစ်ပါးကို ဆရာတော်ဦးဗုဓ်က ကထိန်သင်္ကန်း ပေးတော်မူလိုက်သတဲ့။ အဲဒီတော့ ဘေးက ပင့်သံဃာ ဆရာတော်ကြီးတွေက ‘‘မိဖုရားကြီးက ကိုယ်တော့်ကို ရည်စူးပြီး အဖိုးတန်ပစ္စည်း လှူတာ၊ အဲဒါကို သာမန်ဦးဇင်းလေး ပေးလိုက်တော့ မိဖုရားကြီး စိတ်ကောင်းပါ့မလား။’’လို့ အပြစ်ဆိုကြသတဲ့။ ဆရာတော်ကလည်း ‘‘ကိုယ်တော်တို့က ဘုရားသာသနာမှာ နေတာလား၊ မိဖုရားသာသနာမှာ နေတာလား။’’လို့ ပြန်မေးတော် မူလိုက်သတဲ့။ အောက်လက်ငယ်သား တပည့်သားမြေးကို စောင်မတတ်တဲ့ ဆရာတော်ကြီးရဲ့ လုပ်ဆောင်ချက်က အတုခိုးစရာ မကောင်းဘူးလား။ ဘေးကနေပြီး မျက်နှာလို မျက်နှာရ စိတ်ထားနဲ့ အတွေးခေါင်တော်မူ, အတွေးတိမ်တော်မူကြတဲ့ ဆရာတော်ကြီးတွေရဲ့ လုပ်ပုံက ရယ်စရာ မကောင်းဘူးလား။
ဘုရားသားလား မင်းသားလား
အင်းဝကို အမရပူရအဖြစ် ပြောင်းရွှေ့နန်းစိုက်ပြီး နေပြည်တော်ကို သာယာဝတီမင်း စိုးစံတော်မူတဲ့အချိန်, ဆရာတော်ဦးဗုဓ် မင်းဆရာ ဖြစ်နေဆဲ အချိန်မှာ (၁၁၄၅-ခုနှစ် နယုန်လဆန်း ၁၂-ရက်မှာ ဘိုးတော်ဗဒုံမင်းဟာ နေပြည်တော်ကို အင်းဝကနေ အမရပူရဘက် ပြောင်းရွှေ့ခဲ့ပါတယ်။) သာယာဝတီမင်းရဲ့သားတော် ပြည်မြို့စားကလည်း ညောင်ကန်ရွာက ဆရာတော် ဦးမေဓာကို နေပြည်တော်ပင့်ပြီး ကိုးကွယ်ပါသတဲ့။
အမရပူရ ရွှေမြို့တော် ရောက်လာတဲ့ ဦးမေဓာဟာ မင်္ဂလာဘုံကျော် ကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ ဆရာတော် ဦးဗုဓ်ကို သွားရောက်နှုတ်ဆက် ဂါရ၀ပြုပါသတဲ့။ အဲဒီအခါမှာ ဆရာတော် ဦးဗုဓ်က ဦးမေဓာကို ငယ်နာမည်ခေါ်ပြီး ‘‘မောင်ကြီး . . .၊ အခု ပြည်မင်းသား ပင့်ကိုးကွယ်လို့ မင်းဆရာ ဖြစ်လာပြီ။ ဘုရားအလိုတော်အတိုင်း လိုက်နာကျင့်သုံးမှ ဘုရားသားတော်ဖြစ်မယ်။ မင်းအလိုလိုက်ပြီး မင်းအကြိုက် နေလို့ကတော့ မင်းသားပဲ ဖြစ်လိမ့်မယ်။’’လို့ သတိပေး ဆုံးမတော်မူပါသတဲ့။
ထေရ်ကြီးဝါကြီးကို အသိအမှတ်ပြု ဂါရ၀ပြုတတ်တဲ့ ဆရာတော် ဦးမေဓာကို အားမကျသင့်ဘူးလား။ ပုထုဇဉ်ရဟန်းတို့ သဘာဝ အခွင့်အရေး ရတယ်ဆိုရင် မင်းကျွမ်းဝင်ပြီး ရာဇ၀လ္လဘ ဖြစ်တတ်တာကို ကြိုတွေးဆုံးမတော် မူတတ်တဲ့ ဆရာတော်ရဲ့ အမြော်အမြင် ကြီးမားမှုကရော အားကျကြည်ညိုစရာ မကောင်းလိုက်ဘူးလား။
သာသနာ့အာဇာနည် မင်းဆရာတော် ဦးဗုဓ်နဲ့ ပတ်သက်တဲ့ လောကအရေး ဓမ္မအရေး စိတ်ဝင်စားစရာ အရေးအရာတွေ အများကြီး ရှိပါသေးတယ်။ တစ်ချို့လည်း တွေးစရား ပြုံးစရာ၊ တစ်ချို့လည်း ထိတ်လန့်သံဝေဂ ရစရာတွေပါ။ ကျန်တာတွေကိုတော့ အဆင်သင့်မှပဲ တင်ပြပါဦးမယ်။ (စာအုပ်လည်း မရှိတော့။ နောက်ထပ် တင်ပြစရာလည်း မရှိတော့ပါ။)
အမျိုးဘာသာသာသနာအကျိုး သည်ပိုးထမ်းရွက်နိုင်တဲ့ လူကောင်းသူကောင်း ရှင်ကောင်းရဟန်းကောင်း မင်းကောင်းမင်းမြတ်များ ထွန်းကားပါစေသတည်း။
:)
ရှင်အာစာရ
ကျမ်းညွှန်း။ ။ စာမျက်နှာ၊ စာအုပ်အမည်၊ စာရေးသူအမည် နှင့် အခြားပုံနှိပ်မှတ်တမ်းများ မှတ်မထားမိလိုက်သော စာအုပ်တစ်အုပ်

အိမ်စောင့် မြေးထိန်း သာသနာပြု




အိမ်စောင့် မြေးထိန်း သာသနာပြု


“ မိဘနဲ့ ဆရာသမားတို့ရဲ့ အဆုံးအမကို မခံရဘဲ သင်္ချိုင်းမှာ စွန့်ပစ်ထားတဲ့ကြက်ဟာ တွန်ချိန် စည်းကမ်း မရှိတဲ့အတွက် ပျက်စီးသွားရတာ ဇာတ်တော်မှ ပါသမို့လားကွဲ့” ( ကျည်တောင်ကန်တိုက်သစ် ဆရာတော်ကြီး )
“ ကိလေသာတွေ ထိန်းကျောင်းရမယ့် ကျောင်းကို ကိလေသာဘေးမဲ့တောလို သဘောထားနေကြတယ်” ဆိုတဲ့ သြ၀ါဒကို မိန့်ကြားခဲ့တဲ့ ကျည်တောင်ကန်တိုက်သစ်ကျောင်း ဆရာတော်ကြီးအကြောင်းကို အရင်က တစ်ခါ အတွေးသစ်ဂျာနယ် အတွဲ( ၅ )၊ အမှတ်( ၂၂၀ ) မှာ ရေးခဲ့ဖူးပါတယ်။
ခုတစ်ခေါက် ဆရာတော်ကြီးထံ သွားတဲ့အခါမှာတော့ ကျောင်းတိုက်ရဲ့ အ၀င်ဝနားမှာ တည်ထားတဲ့ အုတ်ရေအိုးစင်မှာ ကွမ်းသွေးတွေ ပေကျံနေ တာကို ပွတ်တိုက်ဆေးကြောပြီး ဆေးရောင်အသစ် ပြန်လည်သုတ်ဖို့ စီစဉ်ညွှန်ကြားနေတုန်းမှာ ရောက်သွားပါတယ်။ စီစဉ်ညွှန်ကြားတဲ့ ကိစ္စ ပြီးတဲ့အခါမှာတော့ ဆရာတော်ကြီးက…….
‘ အဲဒါပဲ ကြည့်တော့လေကွာ၊ သူများက ခရီးသွား ခရီးလာ သန့်သန့်ရှင်းရှင်း သောက်ရအောင် ဆိုပြီး အုတ်ရေအိုးစင် သပ်သပ်ရပ်ရပ်နဲ့ ရေမပြတ် ကုသိုလ် လုပ်ထားတာကို လူတွေက ကွမ်းသွေးတွေ ပလုတ်ကျင်းပြီး အုတ်နံရံကို ထွေးထားတာ မြင်မကောင်း ရှုမကောင်းကို ဖြစ်လို့ကွာ။ ငါလည်း အမြင်မတော်တာနဲ့ သန့်ရှင်းပြီး ဆေးအသစ် ပြန်သုတ်ခိုင်းနေရတယ်။ ဒါတင်မကသေးဘူး မောင်ရ၊ ဟိုလမ်းဘေးက ဇရပ်ကိုလည်း သွားကြည့်ဦး။ အယုတ္တ အနတ္တတွေ မီးသွေးနဲ့ ရေးထားလိုက်ကြတာ တိုင်ကော၊ တန်းကော၊ ခါးပန်းကော၊ ကြမ်းကော ကွက်လပ်မကျန်အောင် ပြည့်လို့။ အဲဒါ လူ့အဆင့်အတန်းနိမ့်ကျတဲ့ သင်္ကေတတွေပဲမို့လားကွ…..
‘ ဒါနဲ့များ လူတွေက ပြောကြသေးတယ်။ “ လောကကြီးက ဆုတ်ကပ်ကြီးဖြစ်လို့ ဘာမဆို ပျက်စီးပြီး အကျည်းတန်ကုန်ပြီ” တဲ့။ မင်းပဲ စဉ်းစား ကြည့်လေကွာ၊ လောကကြီးဟာ ဘယ်အချိန်မှာများ ဆုတ်ယုတ်တယ်၊ အကျည်းတန်တယ်လို့ ရှိလို့တုံး။ ရေမြေတောတောင်တွေ ဆိုတာလည်း သူ့သဘာဝနဲ့သူ သူ့ရာသီနဲ့သူ လှနေတာပဲ။ နေ့တစ်နေ့ တည်းကိုပဲကြည့်၊ အရုဏ်တက်ချိန်က နေ၀င်ချိန်အထိ သူ့အလှနဲ့ သူ ဘာများ ပျက်စီးလို့လဲ။ အဲ…….ဆုတ်ယုတ်ပျက်စီးနေတာက လူတွေ၊ စည်းကမ်းမဲ့လို့ လောကကြီး ဆုတ်ယုတ်ပြီး အကျည်းတန်နေတာ’ ဆိုပြီး မကျေမနပ်တဲ့ သဘောနဲ့ မိန့်ကြားနေပါတယ်။ မိမိကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆရာတော်ကြီးရဲ့ သဘောထားနဲ့ အဆုံးအမကို နာယူလိုတဲ့အတွက်……
‘ ဆရာတော် ဒီကိစ္စမျိုးတွေက နေရာတိုင်းလိုလိုမှာ ကြုံတွေ့နေရတဲ့ ပြဿနာပဲဘုရာ့။ အဲဒါ ဘယ်လိုက ဘယ်လိုစပြီး ဖြေရှင်းရမယ်ဆိုတာ ဘယ်သူမှ မစဉ်းစားတတ်အောင် ဖြစ်နေပုံရတယ်’ လို့ လျှောက်ထားလိုက်ပါတယ်။
ဆရာတော်ကြီးက………
‘ မင်းနှယ် ခက်ပါပကော။ ဟိုဇာတ်တော်ထဲမှာ ကြားဖူးတယ်မို့လားကွ။ သင်္ချိုင်းကုန်းမှာ မိမရှိ ဖမရှိ လွှတ်ထားတဲ့ ကြက်တစ်ကောင်ဟာလေကွာ၊ အမိအဖ ဆရာသမားတို့ထံက အတုမရတော့ တွန်ချိန်ကို နားမလည်ဘူး။ တက္ကသိုလ် ဒိသာပါမေက္ခဆရာကြီးထံမှာ ပညာသင်နေကြတဲ့ တပည့်တွေက အချိန်မှန်တွန်နေကျ ကြက်ကြီးသေဆုံးသွားတော့ အဲဒီကြက်ကို သွားဖမ်းပြီး မွေးထားကြတယ်။ အချိန်မသိ အခါမသိ တွန်ချင်သလို တွန်နေတော့ ညအခါမှာ ကြက်တွန်ချိန်ကို အမှတ်အသားပြုပြီး မန္တန်တွေရွတ်ဖတ်ရတဲ့ ကျောင်းသားတွေ အိပ်ချိန်မမှန်၊ ရွတ်ဖတ်ချိန် မမှန်ဖြစ်ပြီး ပညာတွေ မတိုးတက်တော့လို့ နောက်ဆုံးရိုက်သတ်လိုက်ကြရတာလေကွာ။ ဒီအကြောင်းကို ဆရာကြီးသိတော့ ဘာပြောလဲ၊

‘ မိနဲ့ဖနဲ့ ဆရာသမားနဲ့ မနေခဲ့ရတဲ့အတွက် အချိန်နဲ့ စည်းကမ်းကို နားမလည်လို့ ဒီကြက်ပျက်စီးရတယ်’ လို့ ဆိုသမို့လား။ အဲဒါပေါ့ကွ၊ မိဘဘိုးဘွား၊ ဆရာသမားတွေက စပြီး သင်ကြားပြုပြင်ပေးရမှာပေါ့။
တော့်တော်စဉ်တုန်းက ငါ့ရွာက ညီဝမ်းကွဲတစ်ယောက် ရောက်လာတယ်ကွ။

ငါက “ မင်း အသက်အရွယ်လည်း ကြီးလာပြီ၊ တရားလေး ဘာလေးအားထုတ်ရင်း၊ ဒီမှာ တစ်လ ကိုးသီတင်းလောက် နေပါလား” လို့ တိုက်တွန်းတယ်။ ဘာပြန်ပြောတယ် မှတ်သလဲ။ “ အိမ်မှာ အိမ်စောင့် မြေးထိန်းအလုပ်တွေနဲ့ မအားလို့” တဲ့။ ဒါနဲ့ ငါက “ မင်းတို့မြေးကို ဘယ်လိုထိန်းကြတုံး” ဆိုတော့ “ ဒီလိုပဲ ချော့လိုက် ငေါက်လိုက် အော် လိုက် ဟစ်လိုက်ပေါ့ဘုရား၊ ဘယ့်နှယ် ထိန်းရဦးမှာတုံး” တဲ့ဗျာ။ ကဲ မှတ်ကရော……….။
‘ ဟ…….မင်းတို့က မဟုတ်သေးပါဘူးကွ၊ အရွယ်ကြီးတော့ အိမ်စောင့်၊ ကြက်နှင်၊ မြေးထိန်း၊ ခွေးမောင်းဘ၀နဲ့ပဲ အချိန်ကုန်နေရတယ် ဆိုတော့ စဉ်းစားကြည့်ကြစမ်းပါဦး။ မင်းတို့ဘ၀က အရွယ်ကောင်းတုန်းကတော့ အိမ်ကြီးရှင်၊ အရွယ်အိုတော့ အိမ်ကျွန်’ ဆိုတာမျိုး ဖြစ်မနေ ဘူးလား လို့ ပြောရတယ်။
“ ကိုယ့်ဘိုးကိုယ့်ဘွားတွေလည်း ဒီအတိုင်းပဲ ဟာ ကိုယ်လည်း ဒီအတိုင်းပေါ့ဘုရား” လို့ ဆင်ခြေပေးတယ်။ “ မဟုတ်ဘူးကွ၊ မင်းတို့ ငါတို့ ငယ်စဉ်ဘ၀ကို သေချာပြန်စဉ်းစားကြည့်၊ တို့ဘိုး တို့ဘွားတွေဟာ အရွယ်ကောင်းတုန်းမှာ “ အိမ်ကြီးရှင်” ၊ အရွယ်ကြီးတော့ မြေးထိန်း သာသနာပြု “ အိမ်ကြီးသခင်” အဖြစ်နဲ့ နေသွားကြတာ ဆိုပြီး ပြန်ရှင်းပြရသေးတယ်။ သူလည်း သာသနာပြု အိမ်ကြီးသခင် ဖြစ်အောင် ကြိုးစားပါ့ မယ်တော့ ပြောတာပဲကွာ။ ဟုတ်မဟုတ် တော့လည်း မသိဘူးပေါ့” လို့ မိန့်ကြားပြီး ခဏစဉ်းစားသလို တွေးရင်း နားနေတယ်။
‘ ဆရာတော် မြေးထိန်းသာသနာပြု အိမ်ကြီးသခင် ဖြစ်ပုံလေးလည်း နည်းနည်းရှင်းပြပါဦးဘုရား’ လို့ လျှောက်ထားတော့မှ…….
‘ ဒီ့ပြင်ဟာ မကြည့်နဲ့လေကွာ။ တို့ငယ်ငယ်တုန်းကလည်း နေ့လယ်နေ့ခင်း မိဘတွေတောထဲတောင်ထဲ အလုပ်သွားနေကြတဲ့အခါ အိမ်မှာ အဘိုးအဘွားတွေနဲ့ပဲ နေခဲ့ရတာပဲမို့လားကွ။ အဘိုးအဘွားတွေက တို့ကို အော်နေ ငေါက်နေတယ်ရယ်လို့ တယ်မရှိပါဘူး။ ကလေးဆိုတာတော့ ကလေးလောက်ပဲ သိပြီး ကလေးပီပီ ဆော့တာပါပဲ။ အဲ…….မတော်မလျော်တာ တွေ့တော့မှ ဘယ်လိုမလုပ်ရဘူး၊ ဘယ်လိုလုပ်ရတယ်ဆိုပြီး ဆုံးမတာပါပဲ။ ကလေးဆိုတော့ ဆိုင်းထဲမှာ ရကွင်း ( လင်းကွင်း ) တီးတာ ကြည့်ပြီး “ စလောင်းဖုံးနှစ်ချပ်တီး ကျားကြီးကိုက်တတ်တယ်” လို့ ခြောက်လှန့်ပြီး ဆုံးမတာမျိုး၊

“ မီးဖိုမှာ နှစ်ယောက်ဆိုင်ပြီး မီးမှုတ်ရင် သူငယ်နာဖမ်းတတ်တယ်” ဆိုတာမျိုးတော့ ရှိတာပေါ့။ ဒါက သူ့အရွယ်နဲ့ သူ လိုက်နာလွယ်အောင် ပြောတာ လေကွာ။ သိတတ်လာတဲ့ အခါကျတော့ “ မြေစလောင်းကို တီးရင် ကွဲတတ်လို့” “ မျက်နှာချင်းဆိုင် မီးမှုတ်ရင် မျက်စိထဲ ပြာတွေ မီးပွားတွေ ၀င်မှာ စိုးလို့” ဆိုတာ သိလာပါတယ်။
ခုခေတ်လူတွေကတော့ “ ဒီလိုဆုံးမတာဟာ သိပ္ပံနည်းမကျဘူး၊ ကလေးတွေကို ကြောက်အောင်ခြောက်ရာ ကျတယ်” ဘာညာနဲ့ ပြောကြတာပဲကွာ၊ ဒါဟာ ကလေးတွေကို သိပ္ပံနည်းသင်နေတာ မဟုတ်ဘူး၊ လိမ္မာအောင် သင်နေတာကွ၊ ဒီလို ဆုံးမခံခဲ့ရလို့ တို့ဖြင့် ကြီးတဲ့အထိ ကြောက်လန့့် နေတယ်လို့ မရှိပါဘူးကွာ။
သူ့အရွယ်ရောက်တော့ သူဆိုလိုတဲ့ အဓိပ္ပာယ်ကို သိတာပါပဲ။ ဒါမျိုးတွေကို သိပ္ပံနည်း မကျဘူး ဆိုတဲ့ ခုခေတ် မိဘ ဘိုဘွားတွေကျတော့ မြေးတွေကို ဘာတွေသင်သလဲ၊ “ ဘယ်မင်းသားလို လက်သီးထိုးလိုက်စမ်း၊ ဘယ်သူ့ကို ဘယ့်နှယ် လုပ်ပြလိုက်စမ်း” ဆိုတာတွေ သင်ကြသတဲ့လေကွာ။ အဲဒါကတော့ သိပ္ပံနည်းလား၊ ယဉ်းကျေးလိမ္မာနည်းလား၊ ကဲ…..ပြောစမ်းပါဦး။
အဲ……..ပြီးတော့ ဘာသာရေးအခြေခံ ဆိုတာလည်း ဘိုးဘွားတွေကပဲ သင်ပေးကြတာပဲကွ။ ငယ်ငယ်တုန်းကဆို ဘိုးဘွားတွေက ရေသောက်ချင် လို့ ရေလေးခပ်ပေးလိုက်ရင် “ အေးကွယ်…..သာဓု …..သာဓု………သာဓု……ငါ့မြေးက လိမ္မာတယ်ဟေ့၊ ဘုန်းကြီးပါစေ၊ သက်ရှည်ပါစေကွယ်” ဆိုပြီး ဆုပေးတယ်။
“ ဘုန်းကြီးတယ်” ဆိုတာ ဘာမှန်း မသိသေးပေမယ့် ဒီလိုဆုပေးသံ ကြားရင် ၀မ်းသာတာပဲ။ အနားမှာ ရှိတဲ့ တခြားမြေးတွေက ဘိုးဘိုး ကျွန်တော် တို့ကော “ ဘုန်းကြီးမှာလားဟင်” လို့ မေးလိုက်ရင် “ အေး…..လိမ္မာတဲ့ လူမှန်သမျှ ဘုန်းကြီးတယ်၊ သက်ရှည်တယ် ကွဲ့” လို့ ပြောကြတော့ “ ဒီလိုဆို ကျွန်တော်တို့လည်း လိမ္မာမယ်” နဲ့ ဖြစ်ကုန်ကြတာပဲ။
ပြီးတော့မှ “ အေး လိမ္မာချင်ရင် ဘယ်လိုမလုပ်ရဘူး…….မပြောရဘူး၊ ဘယ်လိုလုပ်ရ ပြောရမယ်” ဆိုတာတွေ၊ ပြီးတော့ ဘုရား၊ တရား၊ သံဃာ ဆိုတာကို ဦးချကန်တော့ပုံတွေ “ ဘုရားစာ” လို့ ခေါ်တဲ့ “ သြကာသ” တို့ “ သရဏဂုံ” တို့ “ ဂုဏ်တော်” တို့ “ သမ္ဗုဒ္ဓေ” တို့ ဆိုတာတွေ တစ်နေ့ နည်းနည်းချပေးရင်း နောက်တော့ အာဂုံရလာကြတာပဲကွ။
မိုးချုပ်စာ စားပြီးပြီဆိုရင် အဘိုးအဘွားတွေက “ပုံတွေ ဇာတ်နိပါတ်တွေ” ပြောပြကြတာကို ကြာတော့ “ စွဲ” လာတယ်။ နေ၀င်ပြီဆို ထမင်းမြန်မြန် စားပြီး ဘိုးဘွားတွေနား ၀ိုင်းနေကြတာပဲ။ ပုံပြင်နားထောင်ချင်ကြလို့။ ဒီလို ပျော်မွေ့တတ်တဲ့ အလေ့အကျင့် ရလာတော့ ကိုယ့်ဘာသာကိုယ် စာဖတ်တတ်တဲ့ အခါကျတော့လည်း “ ငါးရာ့ငါးဆယ်” တို့ “ ဇာတ်ကြီး ဆယ်ဘွဲ့” တို့ကို ဖတ်ရတာ ပျော်နေတော့တာပဲ။
ဘယ်သူမဆို မိဘဘိုးဘွား ကျောင်းထွက်ကောင်းတွေဖြစ်မှ ဆရာသမားကျောင်းရောက်တော့လည်း ကောင်းတာမျိုးလေကွာ။

“ ဆရာသမားဆိုတာ ပန်းပုဆရာ၊ ပန်းပဲဆရာနဲ့ တူတယ်” လို့ ဆိုသမို့လား။
“ သစ်” ကောင်း “ သံ” ကောင်းဖြစ်မှ ပုံကောင်း၊ ဓားကောင်းဖြစ်မှာပေါ့။ အမျက်အဆွေးတွေ အကြော် လိမ်တွေပါတဲ့ သစ်သားကို ပန်းပုထုရင် လက်ရာကောင်းပေမယ့် အဆွေး၊ အအက်၊ အနာတွေနဲ့ ဖြစ်နေရင် ပုံကောင်း ဘယ်ဖြစ်ပါ့မလဲ။
သံကြွပ် သံဆွေးဆိုရင်လည်း ပန်းပဲဆရာ ဘယ်လောက်ကောင်းကောင်း ပုံစံကောင်း လက်ရာကောင်းသာ ဖြစ်မယ်။ ဓားကောင်းဘယ်ဖြစ်မလဲ။ သုံးလိုက်ရင် တွန့်သွား၊ ပဲ့သွားတဲ့ ဓားမျိုးပဲ ဖြစ်နေမယ် မဟုတ်လားကွ။ ဆရာ့ဆီရောက်လာတဲ့ တပည့်ချင်းတူပေမယ့် အရည်အချင်း မတူကြတာ။ အဲဒါတွေ ကွာတယ်ဆိုတာ သတိမထားကြတော့ဘူးကွ။
အဲ…….ဆရာသမားများကလည်း သစ်ကြော သံကြောတော့ သဘောပေါက်ဖို့ လိုတာပေါ့ကွာ ( ဘုန်းကြီးကျောင်းမှာ သင်ကြားဆုံးမပုံကို သီးခြားတင်ပြပါမယ်။ )
အတိုချုပ်ကတော့ကွာ……..ဘိုးဘွားတွေက လောကရေး၊ ဓမ္မရေးနဲ့ ပတ်သက်ပြီး အဲဒီလို သွန်သင်ဆုံးမ ပေးတဲ့အတွက် ကလေးတွေမှာ လည်း လောကစည်းကမ်း၊ ဓမ္မစည်းကမ်းကို အငယ်ကတည်းက စွဲသွားတယ်ကွ။ ဘာမဆို “ ငယ်စွဲကမှ တကယ်မြဲတာ” မို့လား။
ဘိုးဘွားတွေအနေနဲ့ ကြည့်မယ်ဆိုရင်လည်း သက်ကြီးရွယ်အိုဖြစ်နေချိန်မှာ “ တို့နားကို ဘယ်သားသမီးတော့ လာကြပါဦး၊ ဘယ်မြေးတော့ လာကြပါဦး” လို့ အထူးဖိတ်ခေါ်စရာ မလိုဘူး။ မြေးတွေက ၀ိုင်းဝိုင်းလည်နေပြီ ဆိုမှတော့ သားသမီးက ဘာပြောစရာလိုမလဲကွ မင်းနှယ်။
ကဲ…….အဲဒါ မင်းပဲ စဉ်းစားကြည့်ပေါ့။ ဒီလို သွန်သင်ဆုံးမတာဟာ အိမ်စောင့်၊ မြေးထိန်းရင်း သာသနာပြုရာ လည်း မကျဘူးလား။ ဒီလို သာသနာပြုပေးတဲ့အတွက် သားသမီးမြေးမြစ်တွေကပါ မပြတ်ဆည်းကပ် လေးစားခြင်း ခံရလို့ “ အိမ်ကြီးရှင်” ဆိုတာထက် တစ်ဆင့်တက်ပြီး “ အိမ်ကြီးသခင်” ဖြစ်သွားတယ်လို့ကော မဆိုနိုင်ပေဘူးလားကွ။

ငါ့ညီကို ငါက အဲဒါတွေ ရှင်းပြလိုက်တာပါ။ သူလည်း သဘောပေါက်တယ် လို့ ပြောတာပဲလေကွာ။ တကယ် သဘောပေါက်ပြီး ကျင့်သုံးမယ်ဆိုရင်တော့ အိမ်ကျွန်အဖြစ်ကနေ အိမ်ကြီးသခင် ဖြစ်သွားလို့ လောကရေးကော ဓမ္မရေးပါ ကောင်းသွားမှာပေါ့” လို့ မိန့်ကြားပါတယ်။
ဆရာတော် မိန့်ကြားချက်များကို တိပိဋက “ ယော” ဆရာတော်ရဲ့ စကားနဲ့ ကောက်ချက်ချလိုက်မယ်ဆိုရင် တော့ အိမ်စောင့် မြေးထိန်းရုံသက်သက် လုပ်နေရတဲ့ ဘ၀ကနေ အိုချိန်မှာ အပယ်ခံထားရတဲ့ “ အိုပယ်ဘ၀”၊ အိမ်စောင့်မြေးထိန်း သာသနာပြုဘ၀မျိုးက အိုပေမယ့် အခြံအရံတွေနဲ့ ကြွယ်ဝနေလို့ “ အိုကြွယ်ဘ၀” လို့ပဲ ဆိုရပါလိမ့်မယ်။


အိုပယ် အိမ်ကျွန်ဘ၀က လွတ်မြောက်ပြီး အိုကြွယ် အိမ့်သခင်များ ဖြစ်နိုင်ကြပါစေ။


ဓမ္မဘေရီ အရှင်ဝီရိယ ( တောင်စွန်း )

Sunday, May 29, 2011

ဂလိုဘယ်လ်အသုံးချအဘိဓမ္မာ




ဂလိုဘယ်လ်အသုံးချအဘိဓမ္မာ



(၁)


မာတရံ ပမုခံ ကတွာ၊ တဿ ပညာယ တေဇသာ။


အဘိဓမ္မာကထာ မဂ္ဂံ၊ ဒေ၀ါနံ သမ္ပ၀တ္တယိ။



(အရှင်မဟာဗုဒ္ဓဃောသ)



ငယ်စဉ်ကိုရင်လေးဘ၀က ဆရာဘုန်းကြီး၏ ရှေ့မှောက်တွင် နှပ်တရှုံ့ရှုံ့ဖြင့် ရွတ်အံခဲ့ရသော ဂါထာလေးကို ပြန်လည်တိုးတိုးရွတ်မိသည်..။ အဘိဓမ္မာသမိုင်းကျဉ်းကို ဂါထာလေးတစ်ဂါထာဖြင့် အဋ္ဌကထာကျမ်းပြုဆရာက လက်စွမ်းပြရေးဖွဲ့ထားခြင်းဖြစ်သည်။



'' မိခင်ကို အမှူးပြု၍ (ဗုဒ္ဓအရှင်၏ ) ပညာတန်ခိုးဖြင့် အဘိဓမ္မာကထာဟူသော လမ်းကို နတ်တို့အတွက် ကောင်းစွာ ဖြစ်စေလေပြီ'' တဲ့။



အခြေပြုမူလတန်းဝင်ရောက်ဖြေဆိုကြမည့် ရှင်ငယ်ရဟန်းငယ်တို့အတွက် ပြဌာန်းထားသော ကျမ်းစာသည် အဘိဓမ္မာဒေသနာတော်၏ အဦးအစဖြစ်သော ဓမ္မသင်္ဂဏီ ကျမ်းမြတ် ဘာသာပြန်စကားပြေနှင့် အရကောက်ကျမ်းကြီးဖြစ်နေသည်။



အဘိဓမ္မာစကားပြေ အရကောက်ကျမ်းများကို ညအခါတွင် မီးအမှောင်ချကာ ရွတ်ဖတ်သရဇ္ဈာယ်


ရသည့်အတွက် ပရိယတ္တိနယ်ပယ်တွင် ည၀ါကျမ်းများဟု အသိများသည်။ ညပိုင်းအမှောင်ထဲ ရွတ်ဖတ်ရသည်ဆိုသော်လည်း ချောင်ခို၍ မရပါ။ သတိရှိ၍ အကင်းပါးလှသော ဆရာဘုန်းတော်ကြီး၏ နားအကြည်ဓါတ်သို့ ရောက်အောင် အသံပေးကြရသည်..။ တခါတရံ အဓိကအဘိဓမ္မာစာသားများကို အတိအကျ မမှတ်မိသောအခါ အဘိဓမ္မာည၀ါဖော်မြူလာစာပိုဒ်ကိုတော့ အသံမြှင့်ပြီး အော်ခဲ့ဖူးလေသည်။



''ဟောတော်မူသည်၏ အခြားမဲ့၌ .......ဟောတော်မူ၏။


ဟောဟန်ကား........................ဟူသည်တည်း။


အရကား..................................ဖြစ်သတည်း။



''ကွက်လပ်နေရာတွင် ခပ်ဝါးဝါးလုပ်ပစ်ခြင်းဖြစ်သည်....။



ပထမဆုံးည၀ါကျမ်း၏ အစတွင် မြန်မာစကားပြေ၏ အရှည်လျားဆုံးစာပိုဒ်ဟု မှတ်တမ်းတင်နိုင်သည့် အဘိဓမ္မာသမိုင်းစကားပြေကို သင်ယူကျက်မှတ်ကြရသည်။ ထိုစာပိုဒ်ရှည်ကြီးကို ၍၊လျက်၊ သော်၊ ပြီး၊ စသောစကားဆက်သမ္ဗန္ဓများစွာကို အသုံးပြုကာ ကျမ်းပြုဆရာက လက်စွမ်းပြရေးသားထားသည်။ စဆိုမိလျှင် ဘယ်နေရာမှာ အဆုံးသတ်ရမည်မသိတော့။



'' ဤကမ္ဘာမှ ပြန်၍ ရေသည်ရှိသော် ကမ္ဘာတစ်သိန်းအလွန်ရှိသော လေးသင်္ချေထက်၌ သုမေဓာရှင်ရသေ့ဖြစ်၍ ဒီပင်္ကရာမြတ်စွာဘုရား၏ ခြေတော်ရင်း၌ နိဗ္ဗာန်ဆုကို ယူတော်မူသည်ရှိသော် ရအပ်သောအားအစွမ်းရှိသော ယောက်ျားမြတ်ဖြစ်လျက် ကိုယ်တော်အထီးတည်း နိဗ္ဗာန်ဆုကို ယူသဖြင့် ဘယ်အကျိုးအံ့နည်း ဝေနေယျသတ္တ၀ါ အပေါင်းတို့ကို သံသရာတည်းဟူသော ရေအလျဉ်မှ ထုတ်၍ နိဗ္ဗာန်တည်းဟူသော ကျည်းကုန်းထက်သို့ တင်အံ့ဟု ကာမောဃ ဘဝေါဃ ဒိဋ္ဌောဃ အ၀ိဇ္ဇောဃ သြဃလေးဖြာ သံသရာ၌ နစ်မွန်းမျောပါကြကုန်သော သတ္တ၀ါအပေါင်းတို့ကို သနားကြင်နာတော်မူလှသည်ဖြစ်၍........''



အဘိဓမ္မာည၀ါဆရာ၏ ရှည်လျားထွေပြားသည့်တိုင် ဖတ်မငြီးသော အဘိဓမ္မာသမိုင်းဟု ဆိုရမည့် မဟာနိဒါန်းကြီးကို ဆိုကြည့်မိတော့ ခပ်ရေးရေးမျှ....။ အတိအကျလည်း မရတော့ပြီ။ လွန်ခဲ့သော နှစ်ပေါင်း နှစ်ဆယ့်ခြောက်နှစ်ကျော်က ရှေးဟောင်းကျောင်းအိုကြီး၏ ကြမ်းပြင်ပေါ်တွင် ကျုံ့ကျုံ့လေးထိုင်လျက် နှုတ်တက်ရွရွ ဆောင်ခဲ့ဖူးသော စာ...မေ့လောက်ပြီပေါ့..။ သို့သော် စွဲကျန်ရစ်ခဲ့သော ဝေါဟာရများစွာ ရှိသည်။ သုမေဓာရှင်ရသေ့၊ ဒီပင်္ကရာဘုရား၊ ပါရမီဆယ်ပါး၊ စွန့်ခြင်းကြီးငါးပါး၊ စရိယသုံးပါး၊ မယ်တော်မိနတ်သား၊ ကျေးဇူးဆပ်ခြင်း၊ တာဝတိံသာစသည်...။



အဓိကစွဲထင်နေအောင် ကျက်မှတ်ရသည်က....


ကုသလာဓမ္မာ(ကုသိုလ်ဖြစ်သော တရားအစု)


အကုသလာဓမ္မာ(အကုသိုလ်ဖြစ်သော တရားအစု)


အဗျာကတာဓမ္မာ(ကုသိုလ်အကုသိုလ်မဟုတ်သော တရားအစု)



ဤသည်ပင် ဘ၀အတွက် အရေးပါလှသော အဘိဓမ္မာဟု မသိခဲ့။ ပုလုကွေးကိုရင်လေးတစ်ပါး၏ အဇ္ဈတ္တမှတ်သိစိတ်တွင် ပါဠိပထမပြန်စာမေပွဲအတွက် ဆယ်မှတ်တန်မေးခွန်းများ၏ အဖြေအဖြစ်မှတပါး အခြားတန်ဖိုးကို မမြင်ခဲ့..။ အရွတ်အဖတ်အဘိဓမ္မာမျှသာ.....။



(၂)


အဘိဓမ္မတ္ထသင်္ဂဟေ၊ သဂြိုဟ်ကို ၀ိုက်သိုင်းလို့၊ ကိုးပိုင်းလုံး မွှေခဲ့မည်၊ စေ့ရေ မူလ၊ ပညာရှိ ငါဟဲ့နော်လို့၊ အာဘော်ကို ပြပြီးလျှင်၊မာနဖိစီး၊ မနှီးမနှော၊ တစ်ယောက်နှင့် တစ်ယောက်၊ အာပေါက်အောင်ပြောကြ၊ သောမနဿသဟဂုတ်၊ လဘက်က သုံးလေးလုပ်၊ ဒိဋ္ဌိဂတ သမ္ပယုတ်၊ ကြက်သွန်ကြော်များများနှင့်၊ ဗိုက်ကားအောင် တုတ်ပြီးလျှင်....။(ဦးပုည)



မြန်မာနိုင်ငံ၏ ပရိယတ္တိပညာရေးသင်ရိုးညွှန်းတန်းတွင် အဘိဓမ္မာကျမ်းများကို ဦးစားပေးပြဌာန်းထားသည်။


အခြေပြုမူလတန်းတွင် ဓမ္မသင်္ဂဏီကျမ်းစကားပြေနှင့်အရကောက်ကျမ်းပထမငယ်တန်းတွင် ဓာတုကထာကျမ်းစကားပြေနှင့်အရကောက်ကျမ်းပထမလတ်တန်းတွင် ယမကကျမ်းစကားပြေနှင့် အရကောက်ကျမ်းနှင့်ပထမကြီးတန်းတွင် ပဋ္ဌာန်းကျမ်းစကားပြေနှင့် အရကောက်ကျမ်း..ပထမကြီတန်းအောင်မြင်ပြီးသော ရှင်ငယ်ရဟန်းငယ်တစ်ပါးအနေဖြင့် အဘိဓမ္မာကျမ်းကြီး (၄)ကျမ်းကို သင်ယူတတ်မြောက်ပြီးဖြစ်နေသည်။ အတန်းတိုင်းတွင်လည်း ရှင်အနုရုဒ္ဓါ၏ သင်္ဂြီုဟ်ဟု ထင်ရှားသည့် အဘိဓမ္မာအကျဉ်း (အဘိဓမ္မတ္ထသင်္ဂဟကျမ်း)ကို သင်ယူကြရသည့်အတွက် မြန်မာနိုင်ငံ၏ အဘိဓမ္မာပညာရေး သည် အခြားသော ထေရ၀ါဒနိုင်ငံများထက် ပြည့်စုံမြင့်မားမှုရှိသည်ဟု ဆိုနိုင်သည်။ ဓမ္မာစရိယစာချတန်း ရောက်သည့်အခါတွင်မူ သုတ္တန်နှင့် အဘိဓမ္မာကို ဆက်စပ်သင်ယူကြရပြန်သည်။



ဗုဒ္ဓအရှင်ဟောကြားသည့် ပိဋကတ်သင်နည်းသုံးမျိုးတွင် အလဂဒ္ဒူပမာစာသင်နည်းဖြင့် အဘိဓမ္မာကို ချဉ်းကပ်မိလျှင် အဘိဓမ္မာအသိလေးကြွယ်လာသည်နှင့် အမျှ စကားလုံးများ၏ အရိပ်အယောင်ကလည်း ထွားကျိုင်း ၀င့်ဝါလာတတ်သည်။ ပညာပြိုင်ဆိုင်သည့်သဘောဖြင့် ပိဋကတ်ချင်း နှောကြ၊ စကားချင်းသောကြသည်။ သူသည်လည်း ထိုသို့သော စကားဝိုင်းမျိုးတွင် ၀င်ထိုင်ခဲ့ဖူးသည်။ ၀င်ငြင်းခုန်ခဲ့ဖူးသည်။ နောက်ဆုံးကောက်ချက်ချတော့ လူမုန်းသာအဖတ်တင်ခဲ့၏။ အလဂဒ္ဒူပမာစာသင်နည်း၏ အပြစ်ကို သူ မကြာခဏသိရှိဆင်ခြင်ဖူးပါသည်။ ထိုသို့ဆင်ခြင်မိသည့်ကြားမှပင် သူက မြွေဖမ်းချင်နေသည်။



အလဂဒ္ဒူပမာစာသင်နည်းဆိုသည်က အလမ္ပါယ်ဆရာတစ်ယောက်က မြွေဖမ်းသလို ပြောဖို့နှင့် ပြဖို့အတွက် သင်ယူခြင်းမျိုးဖြစ်သည်။ မကျွမ်းကျင်သော အလမ္ပါယ်ဆရာသည် မြွေကိုက်၍ သေတတ်သကဲ့သို့ ပရိယတ်တရားကိုလည်း သူတပါးတို့ အယူဝါဒကို ပြစ်တင်ရှုံ့ချရန်၊ ပြိုင်ဆိုင်ကဲ့ရဲ့ရန်၊သူတပါးတို့ မိမိအယူဝါဒကို ပြစ်တင်လာသော် ဖယ်ရှောင်ရှား၍ ချေပနိုင်ရန်၊ ကျော်စော ထင်ရှား၍ လာစေရန်၊ လာဘ်လာဘပေါများ စေရန်၊ ရည်ရွယ်လျက် သင်ယူလျှင် စိတ်ထား မကောင်းခြင်းကြောင့် အပါယ်ငရဲကျကာ ဆင်းရဲဒုက္ခ ရောက်တတ်လေသည်။



ခေတ်အဆက်ဆက် အဘိဓမ္မာစကားဖောင်ဖောင်ပြောတတ်သော လက်ဘက်ရည်ဝိုင်းများရှိခဲ့သည်ကို ဦးပုည၏ ကဗျာတွင် ဖတ်ရသည့်အခါ ပြုံးမဲ့မဲ့ဖြစ်ရသည်။ ''သောမနဿ သဟဂုတ်၊ လက်ဘက်က သုံးလေးလုပ်၊ ဒိဋ္ဌိဂတ သမ္ပယုတ်၊ ကြက်သွန်ကြော်များများနှင့် ဗိုက်ကားအောင် တုတ်ပြီးလျှင်....'' ။ အော် မြွေဖမ်းကြသူတွေပဲ..။ သို့သော် အဘိဓမ္မာတရားဒေသနာကို ပြန့်ပွားစေလို၊ နားလည်သိမြင်လိုစိတ်ဖြင့် ဆွေးနွေးကြသည်ကိုတော့ ကြိုဆိုရပေမည်။ ဤသို့ဖြစ်သည့်တိုင် အပြောအပြအဘိဓမ္မာနယ်ပယ်တွင်သာ ရှိသေးသည်။



(၃)


ယခုခေတ်၏ အဖြစ်အပျက်ကို လေးနက်စွာ စဉ်းစားသောအခါ များစွာသော လူသတ္တ၀ါတို့၌ မေတ္တာ၊ကရုဏာ၊မုဒိတာဟူသော ဗြဟ္မစိုရ်တရားများ ကွယ်ပျောက်၍ သွေ့ခြောက်နေသကဲ့သို့ ထင်ရလေသည်။ ထိုသူတို့၏ ခြောက်သွေ့သွေ့အပူဓါတ်သည် သူတော်ကောင်းတို့၌ပင် အရှိန်ဟတ်သဖြင့် သွေ့ခြောက်လုမတတ် ရှိရလေပြီ။ ထိုအပူဓါတ်ဟူသည်လည်း တစ်ယောက်နှင့် တစ်ယောက်မညှာတာနိုင်အောင် ဖြစ်နေသော လောဘဒေါသမာန်မာနနှင့် ဣဿာမစ္ဆရိယ စသည်တို့ပင်တည်း။အရှင်ဇနကာဘိဝံသ (ကိုယ်ကျင့်အဘိဓမ္မာ)



အဘိဓမ္မာထွန်းကားရေးဟူသည် ဗြဟ္မစိုရ်တရားထွန်းကားရေးပင် ဖြစ်သည်။ ၀ိပဿနာ ကျင့်ကြံခြင်း ဟူသည်မှာလည်း ဗြဟ္မစိုရ်တရားကို ခိုင်မာမြဲမြံအောင် ပွားများခြင်းသာ ဖြစ်လေသည်။ အရိယာအဖြစ်ကို ရောက်သည်နှင့် အစမ်းသပ်ခံ ဗြဟ္မစိုရ်တရားပိုင်ရှင်ဖြစ်သွားသည်။ ယဉ်ကျေးသော လူ့အဖွဲ့အစည်းဆိုသည်မှာ မတုန်လှုပ် မဖောက်ပြန်သော ဗြဟ္မ၀ိဟာရတရားများ ထွန်းကားရာနယ်ပင်ဖြစ်သည်။



တောင်မြို့ဆရာတော် အရှင်ဇနကာဘိဝံသက ကိုယ်ကျင့်အဘိဓမ္မာကို နိဒါန်းပျိုးရာတွင် ဗြဟ္မ၀ိဟာရ ချို့တဲ့မှု၏ အပြစ်အနာအဆာကို ဦးတည်ဖွင့်ဆိုခဲ့သည်။ လောဘ၊ဒေါသ၊မောဟနှင့် အကုသိုလ်တရားအစုမှန်သမျှ၏ အပူငွေ့ကြောင့် ကမ္ဘာမြေမငြိမ်းချမ်းမှု၊ ရာသီဖောက်ပြန်မှုနှင့် နျူကလီးယားစစ်ပွဲအထိ စိတ်မချရသော အခြေအနေတွင် အဘိဓမ္မာတရားကို သင်ယူရုံမျှမက နေ့စဉ်လက်တွေ့ဘ၀တွင် အသုံးချခြင်းသည် သာ ဗုဒ္ဓအရှင်၏ အလိုတော်ကျဖြစ်လိမ့်မည်။ နိဿရဏစာသင်နည်း၏ ပြီးပြည့်စုံသော ပန်းတိုင်ကို ဆွတ်ခူးနိုင်ပေလိမ့်မည်။



သီလ၊သမာဓိ၊ပညာ၊ ၀ိပဿနာ တရားအမှန်တို့ကို သိရှိတတ်ကျွမ်းကာ မဂ် ဖိုလ် ရယူနိုင်ရန် ကျင့်ကြံ အားထုတ်ရေး ရည်မှန်းချက်ဖြင့် သင်ယူလျက် မြင့်မြတ်သော စိတ်ထားကြောင့် ၀ဋ်ဒုက္ဓမှ ထွက်မြောက်နိုင်ခြင်းသည် နိဿရဏစာသင်နည်းဖြစ်သည်။



အဘိဓမ္မာကို ဗုဒ္ဓနည်းကျ နိဿရဏစာသင်နည်းဖြင့် အမှန်တကယ် သင်ယူတတ်မြောက်ခဲ့ပြီဆိုလျင် ငြိမ်းချမ်းမှုကို လိုလားသည်နှင့် အမျှ ပဋိပက္ခနှင့် ၀ိရောဓိပြဿနာများကို တရားနည်းလမ်းကျစွာ ကျော်လွှား ဖယ်ရှားနိုင်သည့် တန်ဖိုးရှိသောနိုင်ငံသား၊ သို့မဟုတ် ကမ္ဘာသား တစ်ဦး မွေးဖွားလာခြင်းပင်ဖြစ်လိမ့်မည်။



မစိုးရိမ်ဆရာတော်ဘုရားကြီးသည်လည်း အဘိဓမ္မာပြန့်ပွားရေးကို စိတ်အားထက်သန်လှသည်။ မင်းကွန်း တိပိဋကဆရာတော်ကြီးက အစ လမ်းဘေးဂွေလှိမ့်နေသည့် ကလေးများအဆုံး အဘိဓမ္မာကို သင်ပေးလေ့ရှိသည်။ (မင်းကွန်းတိပိဋကဆရာတော်ကြီးက မစိုးရိမ်ဆရာတော်ဘုရားကြီးခြေတော်ရင်းတွင် အဘိဓမ္မာပဋ္ဌာန်းဒေသနာ သင်ယူခဲ့ဖူးသည်။ ) မစိုးရိမ်ဆရာတော်ဘုရားကြီး၏ သင်ပြမှုကြောင့် ကလေးသူငယ်များ အဘိဓမ္မာစကားလုံးများနှင့် ရင်းနှီးလာသည်။ ကလေးသူငယ်များက အဘိဓမ္မာကို နေစဉ်ဘ၀တွင် လက်တွေ့အသုံးချသုံးစွဲ ပြောဆိုသည့်အတွက် လူကြီးသူမများ မျက်နှာပူကြရသည်အထိပင်..။



လူကြီးများ၏ မျက်နှာရိပ်မျက်နှာကဲနှင့် ဟန်ပန်အမူအရာကို အကဲခတ်ကာ အရမ်းကာရော စားနေပြီဆိုလျင် လောဘကြီးနေပြီ၊ စကားများငြင်းခုန်ကြပြီဆိုလျင် ဒေါသကြီးနေပြီ၊ တမေ့တမောအိပ်နေပြီဆိုလျင် မောဟကြီးနေပြီ စသည်ဖြင့် အဘိဓမ္မာဝေဘန်ရေးလုပ်ကြခြင်းဖြစ်သည်..။ ရင်းနှီးသော ဒကာတစ်ယောက်က'' ဆရာတော် ကလေးတွေကို အဘိဓမ္မာသင်တာတော့ ကောင်းပါရဲ့၊ ဒါပေမယ့် ကလေးတွေက လူကြားထဲ ထထပြောတော့ အခက်သားဘုရား'' ဟု ဆရာတော်ကြီးအား လျှောက်ထားသည့်အခါ ''အေး ကလေးတွေ အပြောမခံချင်ရင် မင်းတို့ကောင်းအောင်နေကြပေါ့ကွ '' ဟု မိန့်သော ဟူ၏။ အော် အသုံးချအဘိဓမ္မာ..။



(၄)


မင်းတို့ရှင်ဘုရင်ကို ပြောလိုက်ကြ..စိတ္တံ၊ စိတ်တဲ့ကွယ်(ညောင်ကန်ဆရာတော် ဦးဗုဓ်)



ယခုရက်ပိုင်းတွင် သူနေထိုင်လျက်ရှိသော ဗာရာဏသီမြို့ပြသည် နွေရာသီအပူငွေ့ဖြင့် တရိပ်ရိပ် လောင်မြိုက်နေသည်။ သူကတော့ မကြာမီ ရွှေပြည်ကြီးသို့ ပြန်ရလေမည်ဖြစ်၍ မဇ္ဈိမနွေကို မျက်ကွယ်ပြုကာ စီစဉ်ဖွယ်ရှိသည်များကို အပြေးအလွှားစီမံနေခဲ့သည်။ လေယာဉ်လက်မှတ်၊ ခြောက်လတာ မပျက်မကွက်သောက်ရမည့် ဆေး၊ တက္ကသိုလ်ရေးရာများ..စသည်..။



ထိုအချိန်နှင့် တိုက်ဆိုင်စွာ စင်ကာပူနိုင်ငံမှာ ဖွဲ့စည်းတည်ထောင်ထားသည့် အဘိဓမ္မာအသင်းကြီး၏ ပန္နက်တင်မင်္ဂလာပွဲတော်ကို ကဆုန်လပြည့်ဗုဒ္ဓပုဏ္ဏိမာအခါတော်သမယတွင် မြန်မာနိုင်ငံ၊ရွှေတိဂုံ စေတီတော်မြတ်ကြီး၌ သိုက်မြိုက်စွာ ဆင်ယင်ကျင်းပကြမည်..ဟူသော ဓမ္မသတင်းစကားကို ကြားရသည်။ ထိုနေ့မှာပင် အဘိဓမ္မာအသင်းကြီး၏ အင်တာနက်ဝက်ဘ်ဆိုဒ်တစ်ခုကိုလည်း အချိန်ကိုက် ဖွင့်လှစ်ကာ အဘိဓမ္မာသာသနာကို အချိန်နှင့် နေရာ (Time and Space) မှန်သမျှသို့ ရောက်ရှိပြန့်ပွားအောင် လွှတ်တင် သာသနာပြုကြပေလိမ့်မည်။ ဗုဒ္ဓအရှင်၏ အဘိဓမ္မာဟောကြားတော်မူသည့် အသံတော်သည် လည်း စကြာဝဠာနံရံများတွင် ပဲ့တင်ထပ်နေဆဲဖြစ်သည်။



အဘိဓမ္မာအသင်းသူတစ်ဦးဖြစ်သူ မဆုရည်မွန်က သူ့ထံမှ အဘိဓမ္မာအကျဉ်းချုပ်ဆောင်းပါးတစ်ပုဒ် ရလိုပါကြောင်း လျှောက်ထားသည့်အခါ ဤစာစုကို ထရေးဖြစ်သည်။ ယခုရေးနေသော ၀ါကျများသည် အဘိဓမ္မာအကျဉ်းချုပ်ကို ဖော်ပြနိုင်သော စာတမ်းတစ်စောင်မဟုတ်၊ အဘိဓမ္မာဒေသနာကို ဖွင့်ဆိုနိုင်သည့် ဒီပနီ သို့မဟုတ် ဋီကာလည်း မဟုတ်ပေ..။ အဘိဓမ္မာအသင်းကြီးကို ဂုဏ်ပြုလိုသည့်အတွက် စိတ်နှလုံးကို ဖွင့်ချရာမှ ထွက်ကျလာသော စကားလုံးအချို့၏ စုစည်းမှုသာ ဖြစ်ပေလိမ့်မည်။



မည်သို့ဆိုစေ အဘိဓမ္မာအကျဉ်းချုပ်ဟူသော အတွေးစကို ဆွဲထုတ်မိတော့ ဆရာတော်ဦးဗုဓ်၏ စကားအလင်္ကာကို နောက်ဆုံးကိုးကားဖြစ်သွားသည်။ ညောင်ကန်ဆရာတော်ဦးဗုဓ်က နန်းမတော် မယ်နုလှူဒါန်းသည့် အုဋ္ဌ်ကျောင်းကြီးတွင် စံပျော်သည့် ကျမ်းပြုအကျော် ဆရာတော်တစ်ပါးဖြစ်သည်။ ပိဋကတ်အဖွင့်ကျမ်းများစွာကို ရေးသားပြုစုနေသည်နှင့်အမျှ အချိန်ကို တန်ဖိုးထားတတ်သော ဆရာတော်တစ်ပါးလည်း ဖြစ်သည်။



တစ်နေ့တွင် နန်းတော်သို့ ဆွမ်းစားကြွရသည်။ ဘုရင်မင်းမြတ်က အချိန်မီထွက်မလာပါ..။ သို့နှင့် အချိန်မဖြုန်းလိုသော ဦးဗုဓ်က ''မင်းတို့ရှင်ဘုရင်ကို ပြောလိုက်ကြ..စိတ္တံ၊ စိတ်တဲ့ကွယ်" ဟု မှာကြားကာ ကျောင်းတော်သို့ ပြန်ကြွသွားလေသည်။ ဘယ်လောက်များ တိုတောင်းလှသော အဘိဓမ္မာတရားပါလဲ..။



သာမန်ပုထုဇဉ်တစ်ဦး၏ နေ့စဉ်ဘ၀တွင် ကုသိုလ်နှင့် အကုသိုလ်တရားနှစ်ပါး၏ အဖြူအမဲ စုတ်ချက်များကို ပုံဖော်နေရသည်။ ကုသိုလ်ဖြစ်လိုက်၊ အကုသိုလ်ဖြစ်လိုက်...။ ကုသိုလ်က အပြစ်ကင်းသော အန၀ဇ္ဇတရား။ ကောင်းသော အကျိုးကို ပေးခြင်းလက္ခဏာရှိသည်။ အကုသိုလ်က အပြစ်မကင်းသော သာဝဇ္ဇတရား၊ မကောင်းသော အကျိုးကို ပေးခြင်းလက္ခဏာရှိသည်။



ကုသိုလ်၊ အကုသိုလ်ဖြစ်ပွားခြင်းကို အဘိဓမ္မတ္ထသင်္ဂြီုဟ်ဆရာ အရှင်အနုရုဒ္ဓါက လဒ္ဓပစ္စယံ (အကြောင်းအားလျော်စွာ)ဟူသော ပါဠိဝေါဟာရလေးဖြင့် ဖွင့်ပြသည်။ ယောနိသောမနသိကာရ ဟူသော အကြောင်း၊ အယောနိသော မနသိကာရဟူသော အကြောင်း..။ သင့်သောအားဖြင့် နှလုံးသွင်းသော စိတ်၊ မသင့်သောအားဖြင့် နှလုံးသွင်းသော စိတ်....။ ကုသိုလ်ပဲ ဖြစ်ဖြစ် အကုသိုလ်ပဲ ဖြစ် သည်စိတ်သာ ပြဌာန်းသည်..။ သည်တော့လည်း ဆရာတော်ဦးဗုဓ်က အဘိဓမ္မာကို ချုပ်လိုက်ပြီ၊ စိတ္တံ စိတ်တဲ့ကွယ် တဲ့။



ယနေ့ အဘိဓမ္မာအသင်းကြီးကတော့ ဗုဒ္ဓအရှင်၏ ထူးမြတ်လှသော အဘိဓမ္မာသာသနာအတွက် ပေါ်ထွန်းလာခဲ့ပြီ။ နိဿရဏစာသင်နည်းဖြင့် အဘိဓမ္မဒေသနာကို ချဉ်းကပ်ကာ အရွတ်အဖတ် အဘိဓမ္မာ(Memorization and oral recitation of Abhidhamma) အပြောအပြအဘိဓမ္မာ( Talk and Discussion on Abhidhamma) နှင့် အသုံးချအဘိဓမ္မာ (Applied Abhidhamma) အဆင့်ဆင့်ဖြည့် ကျင့်နိုင်ကြသည့် အမျိုးကောင်းသားအမျိုကောင်းသမီးတို့ ပေါ်ထွန်းလာရေး ဆောင်ရွက်ကြစေလိုကြောင်း ဆုတောင်းလျက် ညောင်ကန်ဆရာတော်ဘုရားကြီး ဦးဗုဓ်၏ သြ၀ါဒစကားအတိုင်း. ဂလိုဘယ်လ်ခေတ်ကြီး၏ နေ့စဉ်ဘ၀လှိုင်းတံပိုးကြားထဲ '' စိတ္တံ၊ စိတ်တဲ့ '' ဟုသာ..။



ဓမ္မဂင်္ဂါ အရှင်ဝိစိတ္တသာရ


(၉-၅-၂၀၁၁)



မှတ်စု(၁) အလဂဒ္ဒူပမာ ပရိယတ္တိ၊ မြွေဖမ်းသူသည် (အဖမ်း မတတ်လျှင်) ထို မြွေကိုက်၍ ဒုက္ခရောက်ရသလို ပရိယတ်တရားကိုလည်း သူတပါးတို့ အယူဝါဒကို ပြစ်တင်ရှုံ့ချရန်, ပြိုင်ဆိုင်ကဲ့ရဲ့ရန်, သူတပါးတို့ မိမိအယူဝါဒကို ပြစ်တင်လာသော် ဖယ်ရှောင်ရှား၍ ချေပနိုင်ရန်, ကျော်စော ထင်ရှား၍ လာစေရန်, လာဘ်လာဘပေါများ စေရန်, ရည်ရွယ်လျက် သင်ယူလျှင် စိတ်ထား မကောင်းကြောင့် အပါယ်ငရဲကျ-ဆင်းရဲဒုက္ခရ၍ အလဂဒ္ဒူ ပမာ-ပရိယတ္တိဟုခေါ်ဆိုသည်။



(၂) နိဿရဏတ္ထ- ပရိယတ္တိ၊ သီလ-သမာဓိ- ပညာ။ ၀ိပဿနာ တရားမှန်တို့ကို သိရှိတတ်ကျွမ်း၍ မဂ် ဖိုလ် ရယူနိုင်ရန် ကျင့်ကြံအားထုတ်ရေးအတွက် သင်ယူလျက် မြင့်မြတ်သော စိတ်ထားကြောင့် ၀ဋ်ဒုက္ဓမှ ထွက်မြောက်ရာ နိဿရဏတ္ထ- ပရိယတ္တိမျိုးမည်၏။



(၃) ဘဏ္ဍာဂါရိက- ပရိယတ္တိ၊ မြတ်စွာဘုရားသခင်၏ ဓမ္မက္ခန္ဓာအပေါင်း တိမ်းစောင်း ပျောက်ပျက်ခြင်း မရှိရအောင် ထိန်းသိမ်း စောင့်ရှောက်ရန် သင်ကြားမှုမျိုးကို မင်း၏ ဘဏ္ဍာစိုးနှင့် တူသောကြောင့် ဘဏ္ဍာဂါရိက ပရိယတ္တိမျိုးမည်၏။



Posted by ဓမ္မဂင်္ဂါ

Saturday, May 28, 2011

သာသနာအတွက် ဆိုရေးရှိက ဆိုရပေတော့မည်




သာသနာအတွက် ဆိုရေးရှိက ဆိုရပေတော့မည်




မြတ်စွာဘုရား သာသနာတော်တွင် သာသနာ့ဝန်ထမ်း ရဟန်းတစ်ပါး အနေဖြင့် သာသနာတော်နှင့် ပတ်သက်လာလျှင် ဆိုရေးရှိက ဆိုရပေတော့မည်။ မြတ်စွာဘုရားရှင် ပွင့်တော်မူခြင်းသည် ဝေနေယျသတ္တ၀ါများ ကိုယ်စိတ်နှစ်ပါး ချမ်းသာခြင်းနှင့် နိဗ္ဗာန်ချမ်းသာအတွက်၊ တရားတော်များ ဟောကြားတော်မူခြင်းသည် ဝေနေယျသတ္တ၀ါများ၏ လောကီနှင့် လောကုတ္တရာအကျိုးအလို့ငှာနှင့် သံဃာတော်များ တည်ရှိခြင်းသည် ဝေနေယျသတ္တ၀ါများ ကုသိုလ်ကောင်းမှုပြုလုပ်နိုင်ရန်နှင့် မြတ်စွာဗုဒ္ဓ၏ စစ်မှန်သော တရားတော်များ မကွယ်ပျောက်ရေး တနည်းအားဖြင့် သာသနာတော်ကို ဖျက်လိုဖျက်စီးသည့် ကိစ္စရပ်များ ပေါ်ပေါက်လာပါက ကာကွယ်ရမည့် တာဝန်များကို ထမ်းဆောင်နေကြခြင်း ဖြစ်ပေသည်။



ဤကဲ့သို့သော ရည်ရွယ်ချက်နှင့် အကြောင်းတရားတို့ကြောင့် လတ်တလော မြင်နေရ ကြားနေရသည့် ဖြစ်ရပ်များကို အခြေခံ၍ မြတ်စွာဘုရားရှင်၏ စာပေကျမ်းဂန်တို့မှ ကောက်နှုတ်ကာ ဖြေရှင်းရပေတော့မည်။ မြတ်စွာဘုရား၏ သာသနာတော်သည် ဖြူစင်သန့်ရှင်း၍ နည်းမှန်လမ်းမှန်ဖြင့် ကျင့်ကြံကျိုးကုတ် အားထုတ်ပါက လက်တွေ့အကျိုးကို မုချခံစားရသည်ကိုလည်း သန္ဒိဌိက ဆိုသည့် စကားဖြင့် အာမခံချက် ပေးထားပေသည်။ နည်းလမ်းမမှန်ဘဲ ဟောပြောကျင့်ကြံပါကလည်း မကောင်းကျိုးတို့ကို လက်တွေ့ဘ၀တွင်ပင် ကြုံတွေ့ရပါလိမ့်မည်။ သို့သော် ထို့သို့ ကျင့်ကြံကြရာတွင် စည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာဖို့ကလည်း အရေးကြီးပါသည်။ ဆိုလိုသည်ကား ရဟန်းဖြစ်လျှင် ၂၂၇ သွယ်သော ရဟန်းစည်းကမ်း၊ သာမန် ဒကာ ဒကာမများအတွက်လည်း (သီလ) ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ကိုးပါးသီလ တို့ဖြင့် ပညတ်ခဲ့ပေသည်။ မြတ်စွာဘုရားရှင် အနေဖြင့် စည်းကမ်းများ သတ်မှတ်ခြင်းသည်ကား စိတ်တည်ငြိမ်ရန် (သမာဓိ)နှင့် အမှန်တရားကို အမှန်တရား၊ မှားယွင်းသည်ကို မှားယွင်းသည့်အလျှောက် သိတတ်မြင်တတ်သည့် (ပညာ)များ တိုးပွားရန်အတွက်သာ ဖြစ်ပေသည်။




ထိုမျှမကသေး သာသနာကွယ်ကြောင်းတရားအပေါင်း ၁၅ မျိုးကိုလည်း မြတ်စွာဘုရားက အင်္ဂ္ဂုတ္တရ နိကာယ်ကျမ်းတွင် အတိအလင်း ဟောဖော်ညွန်ပြထားပါသည်၊ ၄င်း သာသနာကွယ်ကြောင်းတို့ကို ဤနေရာ၌ စာမျက်နာ အခက်ခဲကြောင့် အကုန်လုံးကို ရေးမပြတော့ပါ၊ (သိလိုပါက ဆက်သွယ်မေးမြန်းနိုင်ပါသည်၊)
သာသနာပျက်စီး ကွယ်ပျောက်ခြင်း အကြောင်းတို့တွင် သာသနာတော်၏ မှတ်ကျောက်ဖြစ်သည့် သင်္ကန်းကို ၀တ်ရုံထားပါလျှက် တရားဆွေးနွေးမှု မရှိခြင်း၊ ဗုဒ္ဓစာပေတို့ကို စနစ်တကျ မသင်ကြားဘဲ ဟောပြောစည်းရုံးခြင်း၊ သင်္ကန်းကိုဝတ်ရုံထားပါလျှက် ဗုဒ္ဓသာသနာတော်ကို လေးစားမှု အလျဉ်းမရှိမူ၍ ဘာသာတရား၏ ဆန့်ကျင်ဘက်အကျင့်များကို ဟောပြောပို့ချခြင်းတို့သည် သာသနာတော်အတွက် အင်မတန်မှ အန္တရာယ်ကြီးပါသည်၊ မြတ်စွာဘုရားရှင်ကလည်း ဝေနေယျသတ္တ၀ါများအား အကျိုးမရှိမည့်စကားကို ဘယ်တော့မှ မဟောကြားခဲ့ပေ၊ သီချင်းဆိုခြင်း ကခြင်းကြောင့် စိတ်ဓာတ်တည်ငြိမ်၍ ကောင်းကျိုးရနိုင်သည့် အကြောင်းကိုလည်း ဟောတော်မမူသည့်အပြင် နိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်း၏ ဆူးငြောင့်ခလုတ် ဖြစ်သည်ဟု ဟောကြားခဲ့ပေသည်၊ (နစ္စ ဂီတ ၀ါဒိတ - ကခြင်း သီဆိုတီးမှုတ်ခြင်းတို့သည် ၀ိသုက- ဆန့်ကျင်ဘက် ဆူးငြောင့်ခလုတ်တို့ကို ဒဿန- ကြည့်ရှုခြင်း နားထောင်ခြင်း)၊ ထို့အပြင် ဗုဒ္ဓဘာသာ ရှုထောင့်မှကြည့်လျှင် သီချင်းဆိုခြင်းသည် ငိုခြင်းဖြစ်၍ ကခုံခြင်းသည် ရူးသွပ်ခြင်း စသဖြင့် မြတ်စွာဘုရား ဟောကြားခဲ့ပါသည်၊ (ရုဏ္ဏမိဒံ ဘိက္ခဝေ ယဒိဒံ ဂီတံ- ဥမ္မတ္တကမိဒံ ဘိက္ခဝေ ယဒိဒံနစ္စံ- အင်္ဂ္ဂုတ္တရပါဠိတော် ရုဏ္ဏသုတ္တံ)။
ယင်းသို့ မြတ်စွာဘုရားက ရဟန်းတော်များ လိုက်နာရမည့် ဥပဒေသများကို ပညတ်ထားပါလျှက် လိုက်နာခြင်းမရှိ၊ နိဗ္ဗာန်ရောက်ကြောင်း နည်းလမ်းကောင်းများကို အတိအကျ ဟောကြားထားပါလျှက် လေ့လာလိုက်စားခြင်းမရှိဘဲ သာသနာတော်၏ ဆန့်ကျင်ဘက် အကျင့်တို့ကို ဟောပြောပို့ချခြင်းသည် လက်ခံနိုင်စရာအကြောင်းလုံးဝမရှိပါ၊ မြတ်စွာဘုရားရှင်၏ အန္တိမ ပန်းတိုင်မှာ အတုမရှိ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင်ရန် အတွက်သာဖြစ်သော်လည်း လူမှုရေး၊ စီးပွားရေး၊ ကျမ္မာရေး၊ ပညာရေးတို့ကို လျစ်လျူရှု မထားပေ၊ သိင်္ဂါလောဝါဒ သုတ္တံ၌ ဆိုင်ရာကျင့်ဝတ်တို့ကို ဟောကြားထားသလို မဂ္ဂင်ရှစ်ပါးလမ်းစဉ်ကိုလည်း ရှင်းလင်းစွာ ဟောကြားထားပါသည်။




စိတ်ကောင်းထားလျှင် ချမ်းသာရမည် စိတ်ဓာတ်မကောင်းလျှင် ဆိုးကျိုးရတတ်သည့် အကြောင်းကို ဓမ္မပဒ ပါဠိတော် ပထမဆုံး ၀တ္ထုတွင် ဟောကြားထားပေသည်၊ စိတ္တေန နိယတေ လောကော - လောကကြီးတစ်ခုလုံးကို စိတ်ကသာလျှင် ဆောင်ကျဉ်းပေးသည် ဟု ဆိုထားသောကြောင့် စိတ်ထားဖြူစင်ရန်အတွက် ကျင့်ရမည့် အရာမှာ မိမိတို့၏ စိတ်ထဲတွင် အဘိဇ္ဈာ ဗျာပါဒ မိစ္ဆာဒိဌိ တရားသုံးပါး မရှိစေရန် သို့မဟုတ် မဖြစ်ပေါ်စေရန်အတွက် ကျင့်ကြံရမည်ဟု လမ်းညွန်ခဲ့ပါသည်၊
လူအဖြစ် မွေးဖွားလာပြီဆိုလျှင် ဘာသာတရားသည်လည်း လွတ်ကင်း၍ မဖြစ်နိုင်တော့ပေ၊ အထူးသဖြင့် အရဟဒ္ဓဇ ဟု ခေါ်သည့် သင်္ကန်းကို ၀တ်ရုံထားသည့် ရဟန်းတော်များအတွက် ပို၍ပင် ထိတွေ့ရပေတော့မည်၊ ရဟန်းတော်များ၏ နှုတ်ဖျားမှ ထွက်သည့် စကားလုံးတိုင်းသည် ဝေနေယျသတ္တ၀ါတို့၏ ကောင်းကျိုးကို ရှေးရှုသည့် ဘာသာရေး စကားလုံးများ ဖြစ်နေရပေမည်၊ အဘယ့်ကြောင့်ဆိုသော် သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ - ပေးစရာ လက်ဆောင်တို့တွင် ဘာသာတရား လက်ဆောင်သည်သာ အကောင်းဆုံးဟု ဆိုထားသောကြောင့်တည်း၊




ဗုဒ္ဓဘာသာတွင် တရားဟောပြီးသည်၏ အဆုံး၌ အနုမောဒနာ ပြုခြင်းသည်ကား မြတ်စွာဘုရား လက်ထက်တော်ကတည်းက ရှိခဲ့ပေသည်၊ သာဓုတီ - သာဓု သာဓု သာဓု ဟူ၍ ဆိုသောစကားရပ်သာ ကျမ်းဂန်များ၌ ပါရှိပါသည်၊ လက်ခုပ်တီး၍ ၀မ်းသာခြင်းမျိုးကို မဆိုလိုပေ၊ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်ပင် ရဟန်းတော်များ သို့မဟုတ် တစ်စုံတစ်ယောက်က ကောင်းမှုလုပ်တာကို မြင်ရလျှင် သာဓု သာဓု ဘိက္ခု - ကောင်းလေစွ ကောင်းလေစွ ချစ်သားရဟန်းဟု၎င်း သာဓု သာဓု ဥပါသကာ - ကောင်းလေစွ ကောင်းလေစွ ဒကာ ဟူ၍၄င်း ကောင်းချီးပေးတော်မူပေသည်၊ ထိုကဲ့သို့ လုပ်ထုံးလုပ်နည်းများ အတိအလင်း ရှိပါလျှက် အဘယ်ကြောင့် ဆန့်ကျင်ဘက်ကို လုပ်ဆောင်နေကြသနည်း၊
ယနေ့ခေတ်တွင် ဗုဒ္ဓဘာသာကို အသေးစိတ်လေ့လာ သုံးသပ်၍ စတင်လက်ခံလာနေသည့် အချိန်တွင် ဗုဒ္ဓဘာသာဖြစ်သည့် ရဟန်းတော်များ ဒကာ ဒကာမများအနေဖြင့် သူတပါး အမြင်စောင်းစေမည့် လုပ်ဆောင်ချက်တို့ကို မလုပ်ဆောင်သင့်ပေ၊ တရားဂုဏ်တော်များတွင် ပါဝင်သည့် ဧဟိပဿကော - လာပါ ရှုပါ စမ်းသပ်ပါ ဆိုသည့် အာမခံချက်ရှိသည့်အတိုင်း တရားဂုဏ်တော် မညှိုးမှိန်အောင် ထိန်းသိမ်းရန် အင်မတန်မှ အရေးကြီးပါသည်။




ဦးအဂ္ဂ၀ံသ (ဓမ္မာစရိယ)BA,MA& M-Phil thesis,



ခေတ္တ သီရိလင်္ကာ

Friday, May 27, 2011

လာရာ လားရာ အလားအလာ





ကိစ္စတစ်စုံတရာ သို့မဟုတ် တစ်စုံတစ်ဦးနှင့် ဆက်စပ်သောအခါ လာရာကိုလည်း ကြည့်ကြသည်။ အလားအလာကိုလည်း မှန်းဆကြသည်။ အလားအလာကို မှန်းဆခြင်းသည် လားရာကို သိလိုမှုကြောင့် ဖြစ်သည်။ ပီဘိ မည်သည့်အရာမဆို လာရာက လည်း အရေးကြီးသည်။ လားရာကလည်း အရေးကြီးသည်။ အလားအလာကလည်း အရေးကြီးသည်။ အကျိုးလို၍ ညောင်ရေလောင်း ဟူသည်မှာလည်း အလားအလာကို အလေးဂရုပြုသောကြောင့် ဖြစ်သည်။ အဆိပ်ပင်ကို ရေမလောင်း ဟူသည်မှာလည်း အလားအလာကို အဓိကထားသောကြောင့် ဖြစ်သည်။ အများစုသည် အလားအလာကို ပဓာနထားသောကြောင့် မြေစမ်း ခရမ်းပျိုးရသည်မျိုးကို ဖြစ်နိုင်လျှင် ရှောင်ရှားလိုကြသည်။


ရုပ်နာမ်နှစ်ပါး တစ်ဆက်တည်း ဆက်ကာဆက်ကာ ဆက်၍စပ်၍ ဖြစ်နေခြင်းကို ''သံသရာ''ဟု ခေါ်ရသည်။ ထိုသံသရာသည် အနမတဂ္ဂ သံသရာ ဖြစ်၏။ အဓိပ္ပာယ်က မသိအပ်သော အစ ရှိသော သံသရာ၊ အစကို မသိနိုင်သော သံသရာ၊ ဘုရားရှင်သည် သံသရာ၏ အစကို ကြည့်သောအခါ အစကို မတွေ့ရ၊ ထို့ကြောင့် ''အနမတဂ္ဂသံသရာ''ဟုသာ မိန့်ခဲ့သည်။ သံသရာ၏အစသည် အ၀ိဇ္ဇာနှင့်တဏှာဟုသာ ဆိုနိုင်သည်။ ထို့ထက်ပို၍ ရှာလို့မတွေ့။


လူနတ်ဗြဟ္မာ သတ္တ၀ါ တို့သည် သံသရာ ရေအလျဉ်ကြော၌ မျောပါနေကြသော ဒုက္ခသည်များ ဖြစ်ကြ၏။ သက်ညှာစွာပြောတော့ သံသရာခရီးသည်။ သံသရာခရီးသွားများ ဖြစ်ကြ၏။ မိမိတို့သည် ကံကောင်းထောက်မစွာ လူရယ်လို့ ဖြစ်ကာ လူ့လောကထဲသို့ ရောက်လာခဲ့ကြ၏။ မိဘ၊ အစ်ကို၊ အစ်မ စသူတို့၏ ပြုစုစောင့်ရှောက်မှုဖြင့် လူလားမြောက်ခဲ့သည်။ လူ့သဘာဝ ပတ်ဝန်းကျင်၏ တောင်းဆိုမှုကြောင့် ပညာတွေ သင်ကြရသည်။ ဥစ္စာတွေ ရှာကြရသည်။
ဂုဏ်တွေ၊ လာဘ်တွေ၊ ပကာသနတွေ၊ အောင်မြင်ကျော်ကြားမှုတွေ ပိုင်ဆိုင်နိုင်အောင် လုပ်ကြရသည်။ အများနည်းတူ ရုန်းကန်ကြိုးစား၊ ဘ၀တစ်ခုထူထောင်။


အချိန်တန်လျင်တော့ အိမ်ပြန်ကြရဦးမည်။ သို့သော် ကိုယ့်အိမ်က ဘယ်ဝယ်ဘယ်ဆီ ဘယ်ရပ်ဘယ်ဌာနီ ဟူ၍ ဘယ်သူမှ ရေရေရာရာ မသိ။ ရက်ကန်းသည်မလေးကို ဘုရားရှင်က ''သမီး...ဘယ်ကလာခဲ့တာလဲ''ဟု မေးတော့''မသိပါဘုရား...''ဟု ဖြေခဲ့သည်။ သူမခမြာ လာရာကို မသိရှာ၊ ဘုရားက ဆက်ပြီးတော့ ''ဘယ်ကို သွားမှာလဲ''ဟု မေးတော့ ''မသိပါဘုရား''ဟုပဲ ဖြေနိုင်သည်။ သူမခမြာ လားရာကိုလည်း မသိရှာ၊ လားရာကိုမသိတော့ အလားအလာကိုလည်း မမြင်နိုင်ဘဲ ရှိတော့သည်။ အများစုလည်း မေးလာခဲ့လျှင် ရက်ကန်းသည်မလေးလိုသာ ဖြေကြရလိမ့်မည်။


အဋ္ဌကထာ ဆရာကတော့ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ နေသူတို့၏ ကိုယ်ပိုင်အိမ်ကား အပါယ်လေးပါးသာ ဖြစ်သည်ဟု မိန့်ခဲ့၏။ အသိဉာဏ်ဦးမစီး၊ မောဟအားကြီး၊ မေ့မေ့လျော့လျော့နေ၊ ပေါ့ပေါ့ဆဆ လုပ်သူတို့၏ လားရာကား အပါယ်လေးပါးမှတပါး အခြား မရှိချေ။
ဘာတစ်ခုမျှ မသေချာ မရေရာ လှသည့် ဘ၀မျိုးမှာ မရေရာ မသေချာသော အလုပ်တွေကို လုပ်နေပြီး ရှေ့ဆက်လျှောက်ရမည့် ဘ၀သံသရာ ခရီးကလည်း ဘာမျှ ရေရေရာရာ သေသေချာချာ မရှိတော့ ထို့ထက် မျှော်လင့်ချက် ကင်းမဲ့သည့် ဘ၀ကား မရှိတော့ချေ။ အမှန်ကို မမြင်နိုင်တာ၊ မမြင်ရတာ တော်တော်ခက်လှသည်၊ မြင်ပါသော်လည်း မမြင်ချင်ဟန်ဆောင်၍ နေရထိုင်ရတာ မအီမသာ ရှိလှသည်။ မချစ်သော်လည်း အောင့်ကာနမ်းရသည့်ဘ၀ တော်တော်ဆိုးသည့် ဒုက္ခ။(အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော)
လူ့ဘ၀လေး ရောက်တုန်းရောက်ခိုက် လာလမ်းကို မပြန်ရသေးမီ အချိန်ပိုင်းအတွင်း အများစုဆိုသည့် အများစုကြီးမှာဖြင့် အေးအေးလေး နေရလား၊ မနေရ၊ သက်သက်သာသာလေး နေရလား၊ မနေရ၊ ချမ်းချမ်းသာသာလေး နေရလား၊ မနေရ၊ ပျော်ပျော်ရွှင်ရွှင်နှင့် နေရလား၊ မနေရ၊ ဘယ်မှာလဲ လူ့စည်းစိမ်၊ ဘယ်မှာလဲ လူ့ချမ်းသာ၊ စေ့စေ့တွေးက ရေးရေးပေါ်ပါလိမ့်မည်။


တဖြည်းဖြည်းနှင့် ပတ်သက်မှုတွေ စပ်ယှက်မှုတွေက တိုးလာ၊ သိမ်းပိုက်မှု၊ ပိုင်ဆိုင်မှုတွေကများလာ၊ ချစ်စရာတွေက တိုးလာ၊ အချစ်တွေကပွားလာ၊ ခေါင်းထဲထည့်ရတာတွေက မနိုင်မနင်း ဖြစ်လာ၊ နှောင်ကြိုး အထပ်ထပ် ချည်မိ၊ တုပ်မိလျက် ဖြစ်သွား၊ အမယ်ဘုတ် ဇာတ်ထုပ်ကို သူခင်း၊ မိုးလင်းအောင်သူက၊ မရှိခင်ကတောင့်တ၊ ရှိပြန်တော့ကြောင့်ကြ၊ လောဘဒေါသတွေကကြီး၊ သောကမောဟတွေက ဖိစီး၊ ဣဿာ မစ္ဆရိယတွေက အားကြီး၊ ဒေါမနဿမီးတွေက တငြီးငြီး၊ ပူလိုက်သည့် ဖြစ်ခြင်း၊ လောင်လိုက်သည့် ဖြစ်ခြင်း၊ တကယ်တော့ ဘ၀ဆိုသည်မှာ ကိလေသာ မီးလျှံများ တဟုန်းဟုန်း စွဲလောင်နေသည့် မီးလောင်ကွင်းမျှသာ။(သဗ္ဗံ ဘိက္ခဝေ အာဒိတ္တံ)
ပြုံးစရာတွေ့က ပြုံးလိုက်ကြ၊ ရယ်စရာတွေ့က ရယ်လိုက်ကြ၊ မဲ့စရာတွေ့က မဲ့လိုက်ကြ၊ မုန်းစရာတွေ့က မုန်းလိုက်ကြ၊ မလိုတစ်မျိုး၊ လိုတစ်မျိုး၊ မလိုတော့ ဒေါသ၊ လိုတော့ လောဘ၊ ပုထုဇဉ် အရူးဘ၀၊ ပုံစံ အမျိုးမျိုးနှင့်သူက၊ တစ်ခါတလေတော့ ဇာတ်လိုက် (မင်းသား၊ မင်းသမီး)၊ တစ်ခါတလေတော့ ဗီလိန်၊ တစ်ခါတလေတော့ လူကြမ်း၊ တစ်ခါတလေတော့ လူရွှင်တော်၊ လူပြက်၊ (အများစုကတော့ လူပျက်) ဘ၀ဇာတ်ခုံပေါ်မှာ အခန်းကဏ္ဍ မျိုးစုံအောင် သရုပ်ဆောင်ပြခဲ့ရသည်။ ကံကုန်လို့ မိုးချုပ်၊ တွဲရွှေလက်ကို ဖြုတ်လိုက်ရတော့ အဖော်မပါ တစ်ကိုယ်တည်း ကိုယ့်ခရီး ကိုယ်ဆက်ရလေသည်။


ဘုရားရှင်၏ တမောတမသုတ္တန် ဒေသနာ အသွားနှင့် ကြည့်လိုက်တော့ လူသားအားလုံး လာရာနှစ်ခုကနေ လားရာနှစ်ခုဆီသို့ သွားနေကြ၏။ ခွဲလိုက်လျှင်တော့ တစ်အုပ်စုက အမှောင်မှ အမှောင်သို့ သွားနေကြလေ၏။ တစ်အုပ်စုက အမှောင်မှ အလင်းသို့ သွားနေကြလေ၏။ တစ်အုပ်စုက အလင်းမှ အမှောင်သို့ သွားနေကြလေ၏။ တစ်အုပ်စုက အလင်းမှ အလင်းသို့ သွားနေကြလေ၏။


ကံဆိုးမိုးမှောင်ကျသည်ဟု ဆိုသည့်အတိုင်း အမှောင်ဟူသည် ကံဆိုးလို့ မှောင်ရ၏။ လူဖြစ်သော်လည်း ကံကဆိုးတော့ အမျိုးက ညံ့ဖျင်းသည်၊ ယာစကာမျိုး၊ မုဆိုးတံငါမျိုး၊ ဆင်းရဲသားမျိုး၌ လူဖြစ်ရ၏။ အမျိုးက ယုတ်ညံ့ရသည့်အထဲ ရုပ်ကလည်း ဆိုး၊ ကျန်းမာရေးကလည်း ညံ့၊ ခြေလက်အင်္ဂါက မသန်စွမ်း၊ လူချင်းမတူ၊ သူချင်းမမျှသည့် ဘ၀၊ ဥစ္စာမရှိ၊ ပညာမတတ်၊ လူရာမ၀င်၊ ဘ၀အမှောင်ထုက မိုက်လွန်းလှသည်။ ထို့အပြင် လူရယ်လို့ ဖြစ်လာလူမည်ကာမတ္တ၊ လူကိုလူဟု အသိအမှတ်ပြု မခံရ၊ လူ ကို လူလို မဆက်ဆံကြ၊ လူကို လူနေရာမှာ မပေးကြ၊ လူတစ်ဦး ရသင့်ရထိုက်သည့် အခွင့်အရေးတွေ လက်လွှတ်ဆုံးရှုံး၊ သေတော့သာ သေသွားရ၊ လူ့ဘ၀အရသာ ဘာမှန်း မသိလိုက်ရ၊ သနားစရာ သူတို့ဘ၀။
သမ္ပတ္တိနှင့် ၀ိပတ္တိ နှစ်မျိုးတွင် သမ္ပတ္တိ-ပြည့်စုံမှုက အလင်းဖြစ်သည်။ ၀ိပတ္တိ - ချို့တဲ့မှုက အမှောင် ဖြစ်သည်၊ ဒုဂ္ဂတိနှင့် သုဂတိ နှစ်မျိုးတွင် သုဂတိ - လူနတ်စသည် ကောင်းရာသုဂတိက အလင်း ဖြစ်သည်။ ဒုဂ္ဂတိ-ငရဲ တိရစ္ဆာန် စသည် ဒုဂ္ဂတိက အမှောင် ဖြစ်သည်။ ဒုက္ခနှင့်သုခ နှစ်မျိုးတွင် သုခက အလင်း ဖြစ်သည်။ ဒုက္ခက အမှောင် ဖြစ်သည်။


လူဖြစ်သော်လည်း ကံဆိုးတော့ အစစအရာရာ ၀ိပတ္တိနှင့် တိုးရသည်။ အနိမ့်ဆုံးအဆင့်၊ အခြေခံလူတန်းစား၊ နင်းပြားဘ၀မျိုး၌ လူဖြစ်ရသည်။ ဥပဓိကလည်း ၀ိပတ္တိ၊ ဒေသကလည်း ၀ိပတ္တိ၊ ကာလကလည်း ၀ိပတ္တိ၊ ဥစ္စာကလည်း ၀ိပတ္တိ၊ ပညာကလည်း ၀ိပတ္တိ၊ အရာရာမှာ ၀ိပတ္တိနှင့်သာ ကြုံရသည်။ ဤကား ဘ၀၏ ကံဆိုးမိုးမှောင်ကျမှုပင် ဖြစ်သည်။
ထိုသို့ ဘ၀က အမှောင်ကျနေသဖြင့် မောဟကကြီးစိုး၊ မောဟအမှောင်တိုက်ထဲမှာ အသိအလိမ္မာ မရှိ၊ မိုက်လုံးကြီး မိုက်တွင်းနက်သည်။ ညှဉ်းပန်းနှိပ်စက်ဖို့၊ သတ်ဖို့၊ ဖြတ်ဖို့ လက်မနှေး၊ ခိုးဖို့၊ ၀ှက်ဖို့ လက်မတွန့်၊ မဟုတ်တာမှန်သမျှ အကုန်လုပ်သည်။ သူသည် လက်ရှိဘ၀ အမှောင်ကျနေပြီး တမလွန်မှာလည်း အပါယ်လေးပါး အမှောင်သို့ ပြန်သွားနေသူ ဖြစ်သည်။ (အမှောင်မှ အမှောင်သို့)
တစ်ယောက်ကတော့ လက်ရှိဘ၀ အမှောင်ကျနေသော်လည်း ဆင်းရဲလေလေ သံဝေဂရ ဆိုသည့်အတိုင်း မိမိဘ၀၏ လက်ရှိချို့တဲ့မှု၊ ဆင်းရဲနုံခြာမှုကို သင်ခန်းစာယူသည်။ သံဝေဂယူသည်။ ရိုးသားကြိုးစားစွာဖြင့် အတတ်ပညာ၊ အသိပညာတို့ကို ဆည်းပူးလေ့လာသည်၊ ဘာသာတရား ကိုင်းရှိုင်းသည်၊ မဟုတ်၊ မမှန်၊ မသင့်ဟု သိရတာ မှန်သမျှ မပြု၊ မပြောဘဲ ရှောင်ကြဉ်သည်၊ ဟုတ်၊ မှန်၊ သင့်လျော်ရာကို ပြုလုပ် ပြောဆိုသည်။ လူက ချုံကြားမှာ ဖြစ်လင့်ကစား စိတ်ကိုတော့ ၀တိံသာ၌ ထား သည်။ ရိုးရိုးကျင့်သဖြင့် မြင့်မြင့်ကြံနိုင်သည်။ သူသည် လက်ရှိဘ၀မှာ အမှောင်ကျနေသော်လည်း တမလွန် နောက်ဘ၀ ကောင်းရာသုဂတိ အလင်းဆီသို့ သွားနေသူ ဖြစ်သည်။


(အမှောင်မှ အလင်းသို့)
တချို့က ရှေးကံကောင်းခဲ့လို့ ဘ၀က အစစအရာရာ ပြည့်စုံသည်။ ပညာတတ် အမျိုး၊ ဥစ္စာဓန ပြည့်စုံသော အမျိုး၌ လူလာဖြစ်ရ၏။ အမျိုးကကောင်း၊ အသိုင်းအ၀ိုင်းကကောင်း၊ ပညာတတ်၊ ဥစ္စာပေါ၊ ရုပ်ချော၊ ဘ၀မှာ ဘာမျှ လိုလေသေးမရှိ၊ သို့သော် ဆင်သေ စီးလိုက်သည့် ကျီးမိုက်ပမာ ဘ၀ရေစုန်ကို မျှောလိုက်နေသည်။ အဟောင်းစား သက်သက်နှင့်မျိုးစေ့ကို ပြုတ်စားနေသည်။
ဗဟုသုတမလိုက်စား၊ ဘုရားတရားနတ္ထိ၊ အပျော်အပါးနှင့်သာ အချိန်ဖြုန်း၊ အသိအလိမ္မာ မရှိ၊ ရာထူးဂုဏ်၊ ဓနဂုဏ် စသည် တို့ကြောင့် မာန်တက်ချင်တိုင်းတက်၊ မိုက်တွင်းကနက်၊ လက်ရှိဘ၀က ပြည့်စုံနေတော့ တမလွန်ကို ဘေးချိတ်၊ ကံနှင့်ကံ အကျိုးဘေးဖယ်ထား၊ ဒုစရိုက်၊ သုစရိုက် ထည့်မတွက်။ သူသည် ကံကောင်းထောက်မ လက်ရှိဘ၀ အလင်းထဲ ရောက်နေသော်လည်း တစ်ဘ၀ ဇာတ်သိမ်း စာရင်းရှင်းကြသည့်အခါ အပါယ်လေးပါး အမှောင်သို့ သွားရောက်ရမည့်သူ ဖြစ်သည်။ (အလင်းမှ အမှောင်သို့)
တချို့က ရှေးကုသိုလ်ကံလည်းကောင်း၊ လက်ရှိ ပစ္စုပ္ပန်ကံလည်းကောင်း၊ ဘုရားတရား အလေးထားသည့် အသိုင်းအ၀န်း၌ လူဖြစ်လာရ၏၊ ပညာတတ်၊ ရုပ်ချော၊ ကျန်းမာရေးကောင်း၊ အသိုင်းအ၀ိုင်းကတောင့်၊ မျိုးရိုးက ဘာသာတရား လေးစားတော့ ဘာသာတရား ကိုင်းရှိုင်းသည်။ ဘုရားမှန်း၊ တရားမှန်း၊ သံဃာမှန်း သိသည်။ ကံနှင့်ကံ အကျိုးကို အလေးအနက်ထားသည်။


ဒါနသီလက ပြည့်စုံသည်၊ ဘာဝနာကို ထိုက်သည့်အားလျော်စွာ ကျင့်ကြံသည်။ စိတ်ကောင်းနှလုံးကောင်း ရှိသည်။ ရပ်ရေးရွာရေး၊ ဆွေရေးမျိုးရေး ဘယ်တော့မှ လက်မနှေး၊ ကိုယ်ချင်းစာတရား လက်ကိုင်ထားသည်။ သနားကြင်နာတတ်၊ ကူညီ ရိုင်းပင်းတတ်သည်၊ သဘောထားပြည့်၍ အကောင်းမြင်တတ်သည်။ သူ၏ လက်ရှိဘ၀ကလည်း လင်းလက်နေသည်။ တမလွန်ဘ၀ကလည်း လင်းလက်နေသည်၊ အလင်းမှသည် အလင်းဆီသို့ သွားနေသူ ဖြစ်သည်။


(အလင်းမှ အလင်းသို့)
အမှောင်သည် အကြောက်တရားကို ဖြစ်ပေါ်စေသည်။ ဘာမှမမြင်ရ မကြားရသည့် အမှောင်ထဲ၌ နေရလျှင် စိတ်ချောက်ချား၍ အကြောက်တရား ပေါ်လာတတ်သည်။ အမှောင်သည် သံသယကို ပေါက်ဖွားပေးသည့် အပြင် ထိုသံသယကို ကြီးထွားစေတတ်သည်။ ညအခါ ကျက်စားသော ဒုစရိုက်သမားတို့သည် အမှောင်ကို ဖက်တွယ် အားကိုးကြသည်။ အမှောင်ထဲ၌ ဆူးမမြင်၊ ငြောင့်မမြင်၊ ခလုတ်မမြင်၊ ကျင်းမမြင်၊ ချိုင့်မမြင်၊ ချောက်ကမ်းပါးမမြင်နှင့် အန္တရာယ်များလှသည်၊ လော ကီကိစ္စ ဟူသမျှ အမှောင်က ကောင်းကျိုးမပြုနိုင်တာက များသည်။


အလင်းသည် အမှောင်ထဲ၌ ကြုံတွေ့ရသော အကြောက်တရား၊ သံသယ၊ မကောင်းမှု ဒုစရိုက်နှင့် အန္တရာယ် တို့ကို ကာကွယ်ပေးသည်၊ အမှောင်ထဲ၌ စိတ်လုံခြုံမှု မရှိ၊ အလင်းထဲ၌ စိတ်လုံခြုံမှု အပြည့်အ၀ရသည်။ အမှောင်သည် မောဟကို ကိုယ်စားပြုသည်။ အလင်းသည် အမောဟပညာကို ကိုယ်စားပြုသည်။ မျက်စိနှစ်ကွင်းသည် အလင်းရောင်ထဲမှာမှအရှိ မှန်ကို မြင်ရသကဲ့သို့ နားနှစ်ဖက်သည်လည်း အလင်းရောင်ထဲမှာမှ အသံမှန်ကို ကြားရသည်။ ထို့ကြောင့် မျက်စိနှင့်နားအတွက် အလင်းရောင်က မရှိမဖြစ် လိုအပ်သည်။


လူတို့သည် မျက်စိနှင့်နားကို အဓိကထား၍ အလုပ်လုပ်နေကြရသည်။ ဖွံ့ဖြိုးတိုးတက်မှုကို မျက်စိနှင့်နားက အဓိက အထောက်အကူ ပြုသဖြင့် ဖွံ့ဖြိုးတိုးတက်မှု အတွက် မျက်စိနှင့်နားကို အထူးအလေးထား ဖွံ့ဖြိုးစေရမည်။ မြင်သင့်တာ မြင်စေရမည်။ ကြားသင့်တာ ကြားစေရမည်။ လူသားကို ဖွံ့ဖြိုးတိုးတက်စေလိုလျှင် မျက်စိကြီးနားကြီးဘ၀မျိုး ဖန်တီးပေးရမည်။ ဘုရားရှင်ကလည်း အကြားအမြင် များခြင်းသည် မင်္ဂလာတစ်ပါးဟု ဗဟုသုတ ပြည့်စုံကြွယ်ဝမှုကို မင်္ဂလာတစ်ပါး အဖြစ် သတ်မှတ် မိန့်ကြားခဲ့သည်။ အလင်းနှင့် အမှောင်သည် သာမန်အားဖြင့် မျက်စိနှင့်သာ သက်ဆိုင်သလို ရှိသော်လည်း သိပ္ပံခေတ်၊ မီဒီယာခေတ်၊ သတင်းခေတ်ကြီးမှာ နားနှင့်လည်း သက်ဆိုင်လာတော့သည်။ ဖွံ့ဖြိုးတိုးတက်သော ဘ၀တစ်ခု၊ ပတ်ဝန်းကျင် တစ်ခုကို တည်ဆောက်မည် ဆိုလျှင် မျက်စိနှင့်နားကို အဖြစ်နိုင်ဆုံး အလင်းထဲမှာ ထားရှိပေးရမည်၊ မျက်စိလည်းလင်း၊ နားလည်းလင်း၍ အားလုံး မြင်သာထင်သာ ပွင့်လင်းစွာဆိုလျှင် လားရာကား အတော်အသင့် မှန်းဆ၍ ရနိုင်ပေမည်။


Written by အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)

Thursday, May 26, 2011

ပါရမီ အချစ်








ပါရမီ အချစ်




မေတ္တာ ဆိုတဲ့ ပါဠိရဲ့ အနက်ကို ချစ်ခြင်းလို့ အနက် ပြန်ကြ ပါတယ်။ အချစ်က သုံးမျိုး ရှိပါတယ်။


၁။ ချစ်သူ အချစ်ရယ်


၂။ မိသားစု အချစ်ရယ်


၃။ ပါရမီ အချစ်ရယ် ဆိုပြီး သုံးမျိုး ရှိပါတယ်။


ချစ်သူ အချစ်ဆိုတာ မိန်းမ ယောကျာ်း အပြန်အလှန် ချစ်ကြတဲ့ အချစ်ပါ။မိသားစု အချစ်ဆိုတာက မိဘနဲ့ သားသမီး ညီနဲ့အကို မောင်နဲ့နှမ စသည် မိသားစု အချင်းချင်း ချစ်ကြတဲ့ အချစ်မျိုးပါ။




ပါရမီ အချစ်ဆိုတာက တော့ သူတစ်ပါးရဲ့ အကျိုးကို ဖြစ်ထွန်းမူ့ကို လိုလားတဲ့ အချစ်ပါ ။ပါဠိလို ပြောရင် တော့ တဏှာ ပေမရယ်၊ ဂေဟသိတ ပေမရယ်၊ မေတ္တာ ပေမရယ်ပါ။ မေတ္တာ ပါရမီမှာတော့ နောက်ဆုံး ဖြစ်တဲ့ မေတ္တာ ပါရမီကို ယူရမှာပါ။ ပါရမီ အချစ်ဟာ သူတစ်ပါး အကျိုးကို ငဲ့နေပါတယ်။ မိမိ အကျိုးကို မငဲ့ပါဘူး။ ကိုယ်က သူ့ကို ပါရမီ အချစ်နဲ့ ချစ်ဖြစ်နေရင် သူ ကြီးပွား စေချင်တယ် ၊တိုးတက် စေချင်တယ် ၊ အောင်မြင် စေချင်တယ်။ အစစ အရာရာ အဆင် ပြေစေချင်တယ်။ သူ့ဆီက ဘာတုံပြန်မူ့မှ မမျော်လင့် ပါဘူး ။ ဒါ- ပါရမီ အချစ်ရဲ့ သဘောတွေပါပဲ။




အကြောင်း တစ်ခုခုကြောင့် သိခွင့် ခင်ခွင့် ရကြတဲ့အခါမှာ ကိုယ်ကလည်း သူ့ကို ပါရမီ အချစ်နဲ့ ချစ်မယ်။ သူကလည်း ကိုယ့်ကို ပါရမီ အချစ်နဲ့ ချစ်မယ် နှစ်ဦး စလုံးရဲ့ ခင်မင်မူ့ဟာ အစဉ်အမြဲ ခိုင်မြဲနေတော့ မှာပါ။ တစ်ဆင့်တက်ပြီး သူတရားထူး တရားမြတ် ရဖို့ အတွက်လည်း ကိုယ်က ကူညီမယ်။ ကိုယ်တရားထူး တရားမြတ် ရဖို့အတွက်လည်း သူကကူညီမယ် ဆိုရင် ပါရမီ အချစ်က နိဗ္ဗာန် အထိတောင် ကျေးဇူးပြု


နေတော့တာပါ။




တစ်စုံတစ်ယောက်ကို ကိုယ်က ချစ်တယ်ဆိုရင် ပါရမီ အချစ်နဲ့ ချစ်ပြီး နိဗ္ဗာန်ရဲ့ အထောက်အပံ့တွေ အခါ အားလျော်စွာ ဖန်တီး ပေးနေ နိုင်ရပါမယ်။ ဒီလိုပါပဲ၊ သတ္တ၀ါ အားလုံး အပေါ်မှာ ပါရမီ အချစ်နဲ့ ချစ်နိုင်ရမှာ ဖြစ်သလို၊ ချစ်သူ အချင်းချင်း မိသားစု အချင်းချင်း မှာလည်း ပါရမီ အချစ် ပါတဲ့ အချစ်တွေ တွဲ တွဲ ပါနေပါမှ အစဉ်အမြဲ ခိုင်မြဲနေမှာပါ။ ချစ်သူ အချင်းချင်း ချစ်နေကြတဲ့ နေရာမှာ တဏှာ ရာဂကို အခြေခံတယ် ဆိုပေမဲ့ သူကုသိုလ် ဖြစ်ဖို့ ကိုယ်က ဖန်တီးပေး နေမယ်။ ကိုယ် ကုသိုလ် ဖြစ်ဖို့အတွက် သူက ဖန်တီး ပေးနေမယ် ဆိုရင် ချစ်သူ နှစ်ယောက်အတွက် ရန်ဖြစ်တယ်၊ မုန်းတယ် ဆိုတာ တွေဟာ အိပ်မက်ထဲမှာတောင် ရှာလို့ ရတော့မှာ မဟုတ်တော့ ပါဘူး။ပြီးတော့ ကိုယ့်ရဲ့ မိသား စုဘ၀လေးဟာ ငြိမ်းငြိမ်း ချမ်းချမ်းလေး ရှိနေရုံတင် မကပဲ တရားထူး တရားမြတ် ရဖို့လည်း အထောက် အပံ့တွေ ဖြစ်နေ တော့မှာပါ။ အဆင်မပြေမူ့ တွေဖြစ်တယ်ဆိုတာ တဏှာပေမ အချစ်လောက်နဲ့ပဲ ချစ်နေကြလို.ပါ။ ပါရမီ အချစ် မပါကြ လို့ပါ။




ဒီသဘောလေးကို အာရုံပြုပြီး အစဉ်သဖြင့် ခိုင်မြဲ နေဖို့ ပါရမီ အချစ်လေးပါ တွဲ ပါပေးရပါတယ်။တစ်ချို့ မိသားစုတွေမှာ အဆင်မပြေ ဖြစ်တယ် ဆိုတာလည်း ပါရမီ အချစ် မပါ ကြလို.ပါ။ ကိုယ့်မှာ ပါရမီ အချစ်သာ ရှိနေရင် တဖက်က မသိလို့ မှားတဲ့ အမူအရာကို ပြဦးတော့ သူ.ကို ကိုယ်က ဒေါသမထွက်ပဲ “သြော်..သူမသိလို့ ပဲလေ” ဆိုပြီး ခွင့်လွတ်ပြီးသား ဖြစ်နေ တတ်ပါတယ်။ ပြီးတော့ ဖြစ်ပေါ်လာတဲ့ ပြသနာကို တရား သဘောလေးနဲ့ ဖြေရှင်း တတ်သလို အမှား ပြုသူ တစ်ဖက်သား ကိုလည်း တရားနဲ့ ပြန်လည် ဖေးမ တတ်ပါသေးတယ်။ပြသနာ တစ်ခုခု ဖြစ်လာပြီ ဆိုရင် ကိုယ်ဖတ်ခဲ့ နာခဲ့ ကျင့်ခဲ့တဲ့ တရားတွေ ပြန်အာရုံပြုပြီး တရားသဘောနဲ့ ပြန်ဖြေရှင်းရ ပါတယ်။




တကယ်လို့ မတရားတဲ့ သဘောနဲ့ ပြန်ဖြေရှင်းခဲ့ရင် မတရားတဲ့ ဆိုးကျိုးတွေပဲ ပြန်ဖြစ်တော့တာပါ။ မတရားတဲ့ တုံ့ ပြန်မူ့ တွေဟာ တစ်ဘက်သားမှာ တစ်သက်တာ စိတ်ဒဏ်ရာ ရသွားစေတာပါ။ တစ်သက်တာ ရသွားတဲ့ စိတ်ဒဏ်ရာကို ပြန်ကုဖို့ ခက်သွားပါပြီ။ ဘသဆိုတာ အမြဲတမ်း အဆင်ပြေ မနေ နိုင်ပါဘူး။ တစ်ချိန်ချိန် ကာလ တစ်ခုခုမှာ ကြီးမားတဲ့ အဆင်မပြေ မူ.ကြီးတွေ ဖြစ်လာ နိုင်ပါတယ်။ အဲဒီ အချိန်မျိုးမှာ ကိုယ် ပါရမီ အချစ်နဲ့ ချစ်ခဲ့ရသူတွေက ကိုယ့်အနားကို ပြေးလာကြမှာပါ။




ဘ၀မှာ ကိုယ်က ပါရမီ အချစ်နဲ့ ချစ်ခဲ့ရသူ မရှိခဲ့ဘူး။ ကိုယ့်ကြောင့် စိတ်ဒဏ်ရာ ရစေခဲ့တဲ့ သူတွေပဲ ရှိခဲ့တယ် ဆိုရင် ဘယ်လို လုပ်မလဲ။ အဲဒီ အဆင်မပြေမူ. တွေနဲ့ပဲ သေသွားမယ်ဆိုရင် တရားလည်း မကပ်လိုက်နိုင်ရင် မကောင်းတဲ့ ဂတိ တစ်ခုခုကို ရောက်သွား နိုင်ပါတယ်။ပုထုဇဉ်တွေရဲ့ သဘောက ကိုယ့်အမှားကို ကိုယ်ပြန်မြင်ခဲ ကြပါတယ်။ အဲဒီ အခါမျိုးမှာ ကိုယ့်ကို ပါရမီ အချစ်နဲ့ ချစ်သူ ၊ဒါမှမဟုတ် မိတ်ကောင်း ဆွေကောင်း တစ်ဦးဦးက ကိုယ့်အများကို မြင်ပြီး ပြုပြင် ပေးတဲ့အခါ၊ ပြုပြင်ပေးတဲ့ အတိုင်း လက်ခံ ကျင့်သုံး ရပါတယ်။




မိတ်ဆွေကောင်းတွေ ဥပက္ခာပြု သွားအောင် ပြုပြင်ဖေးမမူ.ကို မျက်ကွယ် မပြုရပါဘူး။ အလေးအနက်ထား ကျင့်သုံး ပေးရပါတယ်။ဒီတော့ ပါရမီ အချစ်ဆိုတာ လူတိုင်း လူတိုင်းအတွက် လိုအပ်နေ တော့တာပါ။ မေတ္တာ ဆိုတာ ကိုယ်ချစ်တဲ့ သူတွေကို ထိုင်ပြီး ပွားနေတာ နဲ့တင် မလုံလောက် သေးပါဘူး။ ထိုင်ပြီး ပွားတာက ပွားမေတ္တာပါ။ ကံအနေနဲ့ ပြောရရင် မနောကံ မေတ္တာပါ။ ပွားမေတ္တာ နဲ့အတူ ထားမေတ္တာ ကိုလည်း ကျင့်သုံး နိုင်ရပါမယ်။သူတစ်ပါး အကျိုးရှိ စေမဲ့ စကားလေးတွေ ပြောပြပေးတာ၊ သူတစ်ပါး အကျိုးရှိ စေမဲ့ အလုပ် ကလေးတွေ ပြုလုပ်ပေးတာ တွေပါ။ ကံအနေနဲ့ ပြောရင်တော့ ၀စီကံ မေတ္တာနဲ့ ကာယကံ မေတ္တာပါ။ ဘယ်လို စကားမျိုးပဲ ပြောရပြောရ မေတ္တာနဲ့ ပြောပေးတာ၊ ဘယ်လို အလုပ်ပဲ လုပ်ရလုပ်ရ မေတ္တာနဲ့ လုပ်ပေးတာ၊ မြန်မာလို ပြောရင် သူတစ်ပါး အကျိုး ငဲ့ငဲ့ပြီး ပြောပေးတာ၊ သူတစ်ပါး အကျိုး ငဲ့ငဲ့ပြီး လုပ်ပေး တာတွေပါ။ ဒါတွေဟာ ထားမေတ္တာ တွေပါပဲ။




တစ်နေ. တစ်နေ. လူမျိုးစုံနဲ့ ဆက်ဆံနေ ကြရတာ ဆိုတော့ ကိုယ်က မေတ္တာ ပါပါလေးသာ ပြောဆို ပြုမူပေးရင် သူတစ်ဖက်သားမှာ အဆင်ပြေပြီး စိတ်တွေ ချမ်းသာ သွားတာပါ။ သူတင်လားဆို ကိုယ်လည်း ထပ်တူ စိတ်ချမ်းသာ ရပြန်တာပါ။ ကိုယ်ကျိုးကို ငဲ့ထားရင် စကားပြောတာ ကအစ ပေါ့ပေါ့ပါးပါး မရှိတော့ပါဘူး။ ဘာဖြစ်လို.လဲ ဆိုတော့ စကားပြောတဲ့ အခါတိုင်း “ငါ့အတွက် ”ဆိုတာကြီးက ရင်ထဲမှာ ရှိနေတာ ဆိုတော့ ပြောရတာ မလွတ်လပ် တော့ပါဘူး။တကယ်တော့ ဒါတွေဟာ ဘာမှ မခက်ပါဘူး။ အိပ်ရာထ ကိုယ်လက် သန့်စင်ပြီးတာ နဲ့ “ငါ ဒီနေ. ဘယ်သူ နဲ့ပဲ တွေ.တွေ. မေတ္တာပါတဲ့ စကားလေးတွေပဲ ပြောပေးမယ်၊ မေတ္တာပါတဲ့ အလုပ်လေးတွေ ပဲလုပ်ပေးမယ်”လို့ စိတ်ထဲက သုံးကြိမ်လောက် အဓိဋ္ဌာန် ထားလိုက်ရင် လူတစ်ယောက်နဲ့ ဆက်ဆံလိုက် ရတာနဲ့ မေတ္တာ ဆိုတာလေးကို ပြေးသတိရ တော့တာပါ။တစ်လလောက် လေ့ကျင့်ပြီး ကျင့်သုံး ကြည့်လိုက်ရင် နောက်ပိုင်း ဆက်ဆံမူ့ တွေဟာ မေတ္တာ ပါပြီးသား ဖြစ်နေတော့မှာပါ။




တစ်ခုတော့ ရှိပါတယ်။ ပုထုဇဉ် တွေဆိုတော့ ကိုယ့်ရဲ့ စိတ်ဟာ အမြဲတမ်းတော့ ဖြူဖွေး သန့်စင် မနေနိုင် ပါဘူး။ တစ်ခါတစ်လေ အာရုံဆိုး တစ်ခုခုကြောင့် ညစ်ထေးသွား တတ်တာတွေလည်း ရှိပါတယ်။ အဲဒီလို အခါမျိုး မှာ “ ငါ မေတ္တာ ပါရမီ ဖြည့်ကျင့်ချင်သူ ၊ငါက မေတ္တာ ပါရမီ ဖြည့်ကျင့်ချင်သူ” ၊လို့ ဆက်ကာ ဆက်ကာလေး ဆင်ခြင်ပေး လိုက်ရင် ပါရမီ ဓတ်တွေ ရင်ထဲကို ပြန်ရောက်လာတာ များပါတယ်။ပါရမီ အချစ်ရဲ့ သဘောက သူတစ်ပါး အကျိုးကို ငဲ့ပါတယ်။ မိမိ အကျိုးကို လုံးဝ မငဲ့ပါဘူး။ ကိုယ်က အခြေခံ သဘောလေး ကို အာရုံပြုထား နိုင်ရပါမယ်။ ဒီတော့ ပါရမီ အချစ်နဲ့ ချစ်နိုင်ဖို့ အသက်ရှင်နေသူ တစ်ဦးချင်း ဆီမှာကို တာဝန်ရှိပါတယ်။ အားလုံး အားလုံးဟာ ပါရမီ အချစ်တွေနဲ.သာ ချစ်နေကြမယ်ဆိုရင် ရုပ်ဝတ္တုတွေ အလျင်အမြန် မတိုးတက်ဦးတော့ စိတ်ပိုင်းဆိုင်ရာတော့ အစဉ်သဖြင့် ငြိမ်းအေး နေမှာပါ။ အဲဒီ ငြိမ်းချမ်းမူ. ကို အခြေခံပြီး ၀ိပဿနာ ဘက်ကို ကူးလိုက်ရင် တကယ့် ပန်းတိုင် အစစ်ရဲ့ လမ်းကြောင်းပေါ်ကို တန်းကနဲ ရောက်သွားတော့ မှာပါ။




သတ္တ၀ါ အားလုံး ပါရမီ အချစ်တွေနဲ့ ပဲ ချစ်နေနိုင်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး၊ ဒါပေမဲ့ မဖြစ်နိုင်သူ တွေကြားထဲမှာ ချစ်တဲ့ စာဖတ်သူ တစ်ယောက်ကတော့ ဖြစ်နိုင်သူ တစ်ယောက် ဖြစ်နိုင်အောင် ကြိုးစားကြ ရပါမယ်။ပါရမီ အချစ်နဲ့ မချစ်ဖူးကြ သေးလို့သာ တစ်ခြား အာရုံတွေကို စိတ်ညွတ် နေကြတာပါ။ ပါရမီ အချစ်ကို ချစ်ဖူး ပြီးသွားရင် ကုန်ခဲ့သမျှ အချိန်တွေကိုတောင် ပြန်နောင်တရ နေတော့မှာပါ။ပုထုဇဉ်ဆိုတော့လည်း ကိလေသာလေး တွေက ရှိနေသေးတာ ဆိုတော့ အမြဲတမ်း ပါရမီ အချစ်နဲ. ချစ်နေနိုင်ဖို. ဆိုတာကတော့ မလွယ်ပါဘူး။ ပါရမီ အချစ်နဲ့ နီးလိုက် ဝေးလိုက်တော့ ဖြစ်နေမှာပါ။ ဒါပေမဲ့ ကိုယ်က အဲဒီ နီးနေတဲ့ သဘောလေး ဝေးနေတဲ့ သဘောလေးကို သတိနဲ့ ပြန်သိနေဖို့ ပါပဲ။


ဘာပဲပြောပြော တွေ.ကြဆုံကြ အခိုက်လေးမှာ အပြန်အလှန် ကိုယ်စီ ပါရမီ အချစ်ကလေး တွေနဲ့ ချစ်နေဖို့ ပါပဲလေ။


ရေးသားသူ - အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ)


ရုပ်ရှင် တေးကဗျာ မဂ္ဂဇင်း


စက်တင်ဘာ ၂၀၀၇

Wednesday, May 25, 2011

ငါစွဲသမားအတွက် နာလဲ အလကားပါပဲ





ငါစွဲသမားအတွက် နာလဲ အလကားပါပဲ


အဿုတံ သုဏာတ-မကြား၊ မနာဖူးသော တရားကို ကြားနာရခြင်း။ သုတံ ပရိယော ဒါပေတိ-ကြားနာဖူးပြီး တရားအပေါ် သံသယကင်း၊ ပိုမိုရှင်းလင်း ကြည်လင်ပြတ်သား သွားစေခြင်း။ ကင်္ခံ ဝိတရတ-ယုံမှားတွေး တောမှု သံသယဝိစိကိစ္ဆာကို ကျော်လွန်နိုင်ခြင်း။ ဒိဌိံ ဥဇုံ ကရောတိ-အယူဖြောင့်မတ် မှန်ကန်စေခြင်း။ အဿ စိတ္တံ ပသီဒတ-တရားနာသူရဲ့စိတ်ကို ကြည်လင်စေခြင်း။ (အဂုၤတၱရနိကာယ၊ ဓမၼႆဝနသုတၱ)





တရားနာသူများမှာ ရရှိနိုင်တဲ့ ကောင်းကျိုးများကို အင်္ဂုတ္တိုရ်ကျမ်းလာအရ အကျဉ်းမျှ ဖော်ပြလိုက်ခြင်းပါ။ ဒီငါး မျိုးဆိုလျင်ကိုပဲ တရားနာလို့ရတဲ့ အကျိုးတွေ များတာကို တွေ့ရမှာပါ။ ဒီငါးမျိုးအခြေခံလို့ ထပ်ဆင့်စဉ်းစား ကြည့်မယ်ဆိုလျင်တော့ တရားနာတဲ့အတွက် ရနိုင်တဲ့အကျိုးတွေက မရေတွက်နိုင်လောက်အောင်ပင် ဖြစ်သွား တာကို တွေ့ရမှာပါ။ ဒီအကျိုးတရားတွေက စာလာပေလာစကား၊ တကယ်လည်း ယုတ္တိရှိ၊ သဘာဝလည်းကျတဲ့ အကျိုးများပါ။ သို့ပေမယ့် နာလေတိုင်း ဒီအကျိုးတရားတွေကို ရရော့လားဆိုရင်တော့လဲ နာသူရဲ့အခြေအနေ၊ နာသူရဲ့ ရည်ရွယ်ချက်စတာတွေနဲ့လည်း ဆိုင်ပါလိမ့်မယ်။



ဒီကောင်းကျိုးတရားများနဲ့ ဆန့်ကျင်ဖက်ဖြစ်နေတတ်သူတွေနဲ့လည်း မကြာမကြာ တွေ့ရတတ်ပါတယ်။ ပိုပြီး ရှင်းရှင်းလင်းလင်းပြောရလျင် တရားနာခြင်းကြောင့် ကြားဖူးတရား ပိုမိုကြည်လင်ပြတ်သား နားလည်သွားရ မည့်အစား ပိုမိုရှုပ်ထွေး၊ ရတက်မအေး ဖြစ်နေတတ်သူတွေ။ သို့လောသို့လော ယုံမှားဒွိဟ သံသယ မိုများလာ သူတွေ၊ အမြင်အယူ အူတူတူဖြစ်သွားသူတွေ၊ စိတ်ဓာတ်တွေ မကြည်လင် မအေးမြ၊ ပိုပြီး အတ္တမာန်မာန ကြီး လာတတ်ကြသူတွေကိုလည်း မကြာမကြာ တွေ့တွေ့နေရပြန်ပါတယ်။ ဘယ်ဆရာတော်နည်းကမှ အမှန်။ ဘယ် နည်းကတော့ လွဲမှားနေလို့ တရားမရနိုင်ဘူး။ ဘယ်နည်းက စာနဲ့ကိုက်တယ်။ ဘယ်ဟာက စာမှာ မရှိ။ စသဖြင့် လည်း ဆရာ့စကားကို ကိုးကားလို့ ကျမ်းတတ်ကြီးများပမာ ပြောတတ်တာကိုလည်း ကြားရဖူးပါတယ်။ သူတို့ ခမျာ တရားဆိုလည်း နာလိုက်ရ။ တိတ်ခွေများက တဆင့်၊ လူကိုယ်တိုင်ကတသွယ်။ အားရ နားရတယ်မရှိ။ ကျင့်စဉ်တွေဆိုတာကလည်း နည်းလမ်း အသွယ်သွယ်။ တစ်နည်းချင်းစီကိုသာ အရောင်ချယ်ရမည်ဆိုလျင်ဖြင့် သက်တန့်ရောင်စဉ် ဆယ်စဉ် မကပင် ရှိမည်ထင်ရမလောက်ပါ။



ခုလို ကံဆိုးလှစွာ တရားနာခြင်းကြောင့် ကောင်းကျိုးတွေတိုးလာရမည့်အစား၊ ဆိုကျိုးတွေ တိုးတိုးနေ တာက တော့ တကယ့်တရားတံခိုး၊ တရားနာကျိုးကြောင့်တော့ ဟုတ်မယ်လို့ မထင်မိပါဘူး။ တခုခုတော့ လွဲမှားချွတ် ချော်နေလို့ဖြစ်မယ်ရယ်လို့ ယူဆမိပါတယ်။ သူတို့အတွက် ကယ်တယ်ရှင် လုပ်လိုလို့ ဒီစာကို ရေးတာတော့ မဟုတ်ပါဘူး။ ကယ်တင်နိုင်တဲ့စွမ်းရည် ရှိသူလည်း မဟုတ်ပါဘူး။ တကယ်တော့ ဓမ္မကို ဓမ္မနည်းလမ်းကျ ကျင့် သုံးခြင်းကို၌ကပင်လျင် ကယ်တယ်ရှင်ဝါဒကို မျက်ကွယ်ပြုခြင်းပဲ မဟုတ်လား။



ခုလို တရားနာကာမှ နာကြားတဲ့တရားက ကွယ်ကာထားသလိုဖြစ်လို့ အမှန်တရားကို မမြင်နိုင်တဲ့သူ အချို့ကို တွေ့ရတော့ သဗွတ်အူပေါက်ဆိုတဲ့ စကားက ခေါင်းထဲအလိုလို ဝင်ရောက်လာပါတယ်။ တရား အူပေါက်သူတွေ များ ဖြစ်နေကြလေရော့သလားလို့လည်း တွေးမိပါတယ်။



ငယ်ငယ်က အဖွားနဲ့အချိန်များများ နေခဲ့ရတယ်။ နွေအခါ တောင်သူလုပ်ငန်းခွင် နားချိန်များမှာ အဖွားက ရက် ကန်းခတ်ပါတယ်။ ချည်ကိုဝယ်ပြီး ရက်ကန်းခတ်တာ မဟုတ်ပါဘူး။ ဝါအကြမ်းကိုဝယ်ပြီး ဝါဖတ်၊ ချည်ငင်တာက စလို့ ကိုယ်တိုင်ပြုလုပ်တာပါ။ ဒါကြောင့် ဗိုင်းငင်တဲ့အလုပ်ကိုလည်း လုပ်ရပါတယ်။ ဗိုင်းငင်တဲ့အခါမှာ ဝါဂွမ်းကို အလိပ်အတောင့်လေးတွေလုပ်ထားတဲ့ ဗိုင်းတောင့်ကို ရစ်လို့ခေါ်တဲ့ ဘီးတစ်လုံးတပ် လက်လှည့်စက်ရဲ့ တစ် ဖက်စွန်းက သံဝင်ရိုးမှာတပ်ပြီး ကန်တော့ပုံ၊ ခေါင်းလောင်းပုံ ချည်လုံးလေးတွေ လုပ်ယူရပါတယ်။ ဒီချည်လုံး တွေကိုတော့ ချည်ဝင်လို့ခေါ်ပါတယ်။ အဲဒီချည်ဝင်မှာ ဗိုင်းငင်စဉ်က သံဝင်ရိုးစွပ်ထားတဲ့ အူကြောင်းသဏ္ဌာန် အခေါင်းလေးတစ်ခု ထင်ကျန်ရစ်ပါတယ်။



ချည်ဝင်လေးတွေက ချည်ကို အထပ်ထပ်ရစ်ပတ်ထားတာမို့ ချည်ခင်လုပ်ဖို့ ပြန်လည်ဖြေတဲ့အခါမှာ အပြင်ဖက် ကနေ သူ့အလွှာအတိုင်း အလိုက်သင့်ပြန်ဖြေရပါတယ်။ ကံဆိုးလျင်တော့ အကြောင်း တစ်ခုခုကြောင့် အစဉ် အတိုင်းဖြေရမည့်အစား အလည်အူကြောင်းက ချည်စတွေထွက်လာပြီဆိုလျင် ဘယ်လိုမှ ပြန်လည်ဖြေလို့ မရ နိုင်အောင် ချည်ဝင်က ရှုပ်ထွေးသွားတတ်ပါတယ်။ အဲဒါကိုတော့ ချည်ဝင်အူပေါက်တယ်လို့ ခေါ်ပါတယ်။ အူ ပေါက်တဲ့ချည်ဝင်ကတော့ ယက္ကန်းလုပ်ငန်းစဉ်မှာ ဘာမှဆက်သုံးလို့ မရတော့ပါဘူး။ အဖွားရဲ့ ချည်ဝင်တွေကို အများဆုံးအူပေါက်အောင် နှောင့်ယှက်သူက အနီးအနားမှာနေတဲ့ သူ့မြေး စာရေးသူပဲဆိုတာကတော့ အထူး ပြောဖို့လိုမယ် မထင်ပါဘူး။



ချည်ဝင်လေးတွေက ဆန်ကောထဲကို မှောက်ချထားရင် အချို့က ကန်တော့လေး မှောက်ထားသလို။ အချို့က တော့ ခမောက်လေးတွေ၊ ခေါင်းလောင်းလေးတွေနှယ်။ အချို့ကတော့ ဘုရားစေတီထိပ်က ထီးတော်လေးတွေ ပုံစံ။ အောက်ပိုင်းဝိုင်းဝိုင်းအပေါ်မှာ ထိပ်ဖျားမှာ ချည်စအချွန်လေးက ကွေးကွေးညွတ်ညွတ်လေး။ ရွာဦးကျောင်း က ဘုရားစေတီနှစ်ဆူမှာရှိတဲ့ ထီးတော်ရဲ့အဖျားတွေ ကိုင်းညွတ်နေတာကို ပြန်တည့်ပေးချင်စိတ်ရှိတဲ့ ကိုယ်က စေတီထီးတွေ ပြန်တည့်မတ်လာအောင် ဘာမှ မတတ်နိုင်တော့ ကိုယ်တတ်နိုင်တဲ့ အဖွားရဲ့ ချည်ဝင်ထိပ်ဖျားက ချွန်ချွန်ကောက်ကောက်လေးတွေကိုပဲ ထီးတော်အမှတ်နဲ့ ဆွဲဆွဲဆန့်ကာ တည့်မတ်တတ်ပါတယ်။ ဒီတော့ ချည် ဝင်အဖျားလေးတွေကို တည့်အောင်လို့ ဆွဲမတ်လေ၊ အစတွေက ရှည်ရှည်ထွက်လာပြီး ပိုပိုကိုင်းညွတ်လေ ဖြစ်လာပါတယ်။ အဆုံးမတော့ ချည်ဝင်တစ်ခုလုံး ရှင်းမရအောင် အူပေါက်ကာ ရှုပ်ထွေးသွားတတ်ပါတယ်။ အဖွားက သူ့ချည်ဝင်တွေကို ဆော့ရကောင်းလားဆိုပြီး ဆူပူကာ အနီးနားက ယောက်လုံးတွေ၊ လွန်းတွေနဲ့ ရွယ် လေတိုင်း အဖွားကလည်း မြေးက ဘုရားထီးလေးတွေကို မတ်ပေးတာပါ။ ဆော့တာမှ မဟုတ်ပဲလို့ ပြောလိုက် ရင်ဖြင့် ကိုယ့်လိုပဲ ရွာဦးကျောင်းရှိ ဘုရားစေတီက ယိမ်းညွတ်နေတဲ့ ထီးတွေကို တည့်မတ်ပေးဖို့ စိတ်ကူးရှိတဲ့ အဖွားက ရွယ်နေတဲ့ သူ့လက်တွေကို ရုပ်သိမ်းသွားတတ်စမြဲပါပဲ။



ဒီချည်အူပေါက်တယ်ဆိုတဲ့ စကားလေးကိုယူပြီး ဖြေရှင်းလို့မရနိုင်အောင် ရှုပ်ထွေးတဲ့ ပြဿနာတစ်ခုခုကိုလည်း အူပေါက်တယ်လို့ သုံးနှုန်းကြတာဖြစ်မယ်ထင်ပါတယ်။ ဥပမာပြောရရင် သဘွတ်အူပေါက်၊ ရာဇဝင်အူပေါက် စသဖြင့်ပေါ့။ အလွန်ရှုပ်ထွေးတဲ့အခြေအနေကို ကြားရမြင်ရတိုင်း ချည်ဝင်အူပေါက်ကို ပြန်လည်မြင်ယောင် မိပါ တယ်။ ခုလည်း ဟိုတရားတွေနာ၊ ဒီတရားတွေနာ၊ အယူဝါဒအမျိုးမျိုးတွေကြားမှာ ဘယ်ဟာက အမှန်တရား လဲလို့ မသိနိုင်လောက်အောင် ဖြစ်နေကြတဲ့သူတချို့ကို တွေ့နေရတော့ ငယ်ငယ်က ချည်ဝင်အူပေါက်တာကို သွားသတိရမိပါတယ်။ သူတို့တွေကိုတော့ တရားအူပေါက်နေကြသူတွေလို့ ဆိုရမလားပါ။



ကိုယ့်အတွေ့အကြုံအရ မကြာမကြာ အမေးခံရတဲ့ပြဿနာများက ကျင့်ပွားရေးအပိုင်းအတွက် သင်ကြားချက် များမှာ ပိုများပါတယ်။ ကျင့်ဖို့နာရာမှာ နာယူတဲ့အဆင့်မှာပင်လျင် ရှုပ်ထွေးနေကြလျင် ဘယ်လိုအကျင့်မှန် အထိ အရောက်လှန်းနိုင်ပါ့မလဲ။ တကယ်တော့ တရားနာရခြင်းရဲ့ အကျိုးတရားတွေထဲမှာ ယုံမှားသံသယကို ကင်းစင်စေတယ်လို့ ဆိုထားတာပါ။ ခုတော့ တရားနာကာမှ ပိုပြီးသံသယတွေ များများလာ၊ ပွားပွားလာတယ် ဆိုတော့ တစ်ခုခု လွဲနေလို့သာ ဖြစ်ပါလိမ့်မယ်။



ဗုဒ္ဓရွှေလက်ထက်တော်အခါက အယူဝါဒတွေ အမျိုးမျိုးကြားမှာ ဘယ်ဟာ အမှန်တရားလဲလို့ မသိနိုင်လောက် အောင် ရှုပ်ထွေးနေတဲ့ ကာလာမရွာသားတွေလို ဖြစ်နေကြပုံပါပဲ။ ဗုဒ္ဓကတော့ ကာလာမတွေရဲ့ အရှုပ်အထွေး ကို သဗ္ဗညုတဉာဏ်တော်စွမ်းအားနဲ့ နည်းကောင်းတွေပေးကာ ဖြေရှင်းတော်မူခဲ့တယ်။ ဗုဒ္ဓရဲ့ အဲဒီနည်းကောင်း တွေက ခုတိုင် ယုတ္တိဗေဒနဲ့ လက်တွေ့ကျမှုကိုမြတ်နိုးတဲ့ ပညာရှင်တွေကြား၊ ဆန်းစစ်မှုနဲ့ လေ့လာမှုကို ဦးစား ပေးတဲ့ ဝေဖန်သူတွေကြားမှာ ခိုင်မာတိကျတဲ့ စံနည်းလမ်းကောင်းများအဖြစ် ဆန်းသစ်နေဆဲ။ အလေးထားနေ ကြရဆဲပါပဲ။



ဗုဒ္ဓရဲ့ တပည့်ငယ်တဦးမျှသာဖြစ်တဲ့ စာရေးသူကတော့ ဒီလူတွေရဲ့ စရိုက်ကိုလည်း မသိသလို သူတို့နဲ့ ကိုက်မည့် စကားမျိုးပြောပြပြီး ညွှန်ကြားနိုင်လောက်အောင် အစွမ်းအစလည်း မရှိပါဘူး။ နောက်ပြီး နဂိုက ရှုပ်ထွေးနေတဲ့ အပေါ်မှာ ပိုမိုရှုပ်ထွေးသွားမှာစိုးလို့ ဝါဒသစ်တစ်ခုကိုလည်း ထည့်မပေးချင်ပါဘူး။ သို့ပေမယ့် အားလုံးနဲ့ သင့် တင့်နိုင်လောက်မယ့် အကြံပြုစကားလေးတော့ ပြောချင်ပါတယ်။ ဒါကလည်း ကိုယ့်အယူအဆကို ပြောပြတာမို့ ဧကန်ဧက အမှန်လို့တော့ မမှတ်ထင်စေချင်ပါဘူး။ အသုံးဝင်က အသုံးချ နိုင်ဖို့ပါ။ အသုံးမကျပါကလည်း ရဲရဲ သာ စွန့်ပယ်လိုက်ပါ။ ငါ့မိတ်ဆွေ၊ ငါ့သူငယ်ချင်း၊ ငါ့ဘုန်းကြီး၊ ငါ့ဆရာ စကားဆိုပြီး အတင်းကြီး စွဲမထားစေချင် ပါဘူး။ ဒါကလည်း ကာလာမရွာသားတွေကို ဗုဒ္ဓညွှန်ကြားခဲ့တဲ့စကားကိုပဲ တိုက်ရိုက်ယူပြီး သုံးလိုက်တာပါ။



တရားဟောပြောရာမှာ တချို့က အသိဉာဏ်ပေးပါတယ်။ သို့သော် ဘယ်လိုကျင့်ရမယ်ဆိုပြီး ကျင့်စဉ်ကို တိတိ ကျကျ မညွှန်ပြပါဘူး။ တချို့က ကျင့်စဉ်ကို ဟောပါတယ်။ သို့ပေမယ့် ဗဟုသုတဖြစ်ဖွယ် စကားကို များများ စားစား မပြောပါဘူး။ တချို့က ပစ္စုပ္ပန်ဘဝမှာ စိတ်ချမ်းချမ်းသာနေထိုင်နိုင်ရေး လမ်းပြပါတယ်၊ တချို့က ဘဝမှာ ပြည့်ပြည့်စုံစုံ နေထိုင်နိုင်ရေးကို ဦးစားပေးပါတယ်။ သံသရာကထွက်မြောက်ရေးကို ဦးစားသိပ်မပေးပါဘူး။ အဲ-တချို့ကျပြန်တော့လည်း လောကီလူမှုဘဝ စိတ်ချမ်းချမ်းသာသာ နေထိုင်နိုင်ရေးထက် လာမယ့်သံသရာဘဝ ကောင်းစားရေးအတွက်၊ သံသရာဘဝ မဆက်ကြရေးအတွက် ဦးစားပေးဟောပါတယ်။ လောကတန်ဖိုးကို လုံးဝ စွန့်ပယ်သူအချို့ရဲ့ ဟောပြောချက်များမှာဆိုလျင် လက်ရှိ ရရှိနေတဲ့ ဘဝဆိုတာ ဘာမှ အဓိပ္ပါယ်မရှိ၊ ဘာတန်ဖိုးမှ မရှိ၊နှစ်သက်စွဲလမ်းစရာ မရှိ၊ အရာအားလုံးဟာ ပျက်သုဉ်းမှုရဲ့ ယာယီခဏ ဟန်ပြအလှ တည်တန့်မှုလို့လည်း ဟောပါတယ်။ တချို့ဆရာများရဲ့ အပျက်မြင်တတ်လွန်းခြင်းက အမြင်ပျက်သည်အထိ အစွန်းရောက်အောင် ပို့ ဆောင်သလိုဖြစ်တာမျိုးကိုပင် နာကြားရဘူးပါတယ်။ ဘဝထဲမှာနေပြီး ဘဝကို အပျက်မြင်လွန်းလျင်ဖြင့် ဘဝဆီ က ဘယ်လိုအလှကို ရနိုင်ပါ့မလဲလို့ သံသယ ဖြစ်မိပါတယ်။ အနည်းဆုံး ဘဝထဲကနေ အလှတစ်ခုခုတော့ ရအောင် ဖော်ထုတ်နိုင်တယ်ဆိုတာလောက်တော့ အသိပေးသင့်မယ်လို့ ထင်ပါတယ်။



ခုလို ကိုယ်သန်ရာသန်ရာကို ဟောပြောကြတာ ပြဿနာ မဟုတ်ပါဘူး။ နာယူကြတာလည်း ပြဿနာ မဟုတ်ပါ ဘူး။ သတ္တဝါတွေဆိုတာက အမျိုးမျိုးအဖုံဖုံ။ စရိုက်ကလည်း အထွေထွေ အပြားပြား။ အချို ကြိုက်သူက ကြိုက်။ အချဉ်စားချင်သူက စားချင်။ အခါးလေးကိုမှ တမ်းတသူကလည်း တမ်းတမ်းတတ ရှိတတ်မှာပါပဲ။ ဒီအထဲ ဉာဏ် အဆင့်အတန်းဆိုတာကလည်း မတူခြားနား။ သဒ္ဓါ-ယုံကြည်မှု၊ ဝီရိယ-ကြိုးစားအားထုတ်လိုမှုစတဲ့ ဣနြေ္ဒတရား များရဲ့ အနုအရင့်၊ အနိမ့်အမြင့်ကလည်း ကွာခြားသေး မဟုတ်လား။



ကျင့်စဉ်ပိုင်းနဲ့ပတ်သက်ပြီးတော့လည်း မြတ်ဗုဒ္ဓကိုယ်တိုင်ပင်လျင် ပုဂ္ဂိုလ်အစားစား မတူကွဲပြားတာကို ဟော ထားတာပါပဲ။ တချို့က တရားကို ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း ကျင့်ပါမှ တရားရနိုင်တဲ့သူ။ တချို့ကြတော့လည်း ပင်ပင်ပန်းပန်း ကျင့်နေဖို့ မလိုပါပဲ အလွယ်တကူနဲ့ တရားရနိုင်တဲ့သူ။ တချို့ကြ မြန်မြန်၊ အချို့က နှေးနှေး။ သူ့စရိုက် သူ့ပါရမီနဲ့သူ။ ဒီတော့ ကိုယ့်အတွက် ဒီနည်းက ကောင်းပေမယ့် အခြားသူအတွက် အခြားနည်းက ကောင်းကောင်း ကောင်းနိုင်တာပါပဲ။ ဒီတော့ ကိုယ်နဲ့ မသင့်ရုံမျှနဲ့ ဒီနည်းလမ်းက အမှားရယ်လို့ လွယ်လွယ်နဲ့ ဆုံးဖြတ်သင့်မယ် မထင်ပါဘူး။ နောက်ပြီး အများစုက အကျိုးရှိတယ်လို့ အများကိုယ်တွေ့အရ လက်ခံထားတဲ့ နည်းလမ်းတစ်ခုကို အချိန်ပေးပြီး လက်တွေ့စမ်းသပ် မကြည့်ပါပဲနဲ့ အကျိုးမရှိဘူးရယ်လို့ အလွယ်တကူ မပြော ဆိုသင့်ပါဘူး။ မတူခြားနားသူတွေအတွက် ဘယ်မှာလာလို့ ပုံသေ တသဘောတည်းထားလို့ ဖြစ်နိုင်ပါ့မလဲ။



အယူအဆအမျိုးမျိုး၊ သဘောထားအမျိုးမျိုးနဲ့ ဟောကြ နာကြတာပဲ ဖြစ်မှာပါ။ ကိုယ်တိုင်လေ့လာ ကျင့်ကြံကာ ဟောပြောသူတွေ ရှိသလို လေ့လာကျင့်ကြံရင်း နာကြားနေသူတွေလည်း ရှိမှာပါ။ ဒီအထဲကမှ ကိုယ်ကိုယ်တိုင် မကျင့်ကြံဘူးသော်ငြား လေ့လာသင်ကြားထားမှုကို အခြေခံပြီး ဟောပြောနေသူတွေ၊ နာရုံမျှသာ နာပြီး လက် တွေ့ကျင့်ကြံမှု အဆင့်ထိ မရောက်သေးသူတွေလည်း ရှိမှာပါပဲ။ ဒီအထဲမှာ ဘုရားထီးတွေ ငိုက်နေတာကို ပြုပြင်ရန် ဘာမှ မတတ်နိုင်လို့ ချည်ဝင်ထိပ်ဖျားကို ဘုရားထီး အမှတ်နဲ့ ဆွဲဆွဲပြီး တည့်မတ်အောင် ဆန့်ခဲ့တဲ့ ကိုယ်ငယ်ငယ်ကလိုပဲ တရားတွေ စောင်းနေတယ်၊ မှားနေတယ်လို့ ယူဆပြီး တရားမှန်ဖြစ်လာအောင် မတ်ပေး ချင်နေတဲ့ ဟောသူ နာသူတွေလည်း ရှိမှာပါပဲ။ သဘောထားက အမျိုးမျိုး မဟုတ်လား။ ကိုယ်ဆွဲဆန့်ခဲ့တဲ့ ချည် ဝင်တွေ အူပေါက်ကုန်သလို တရားက မှားနေတယ် အထင်နဲ့ အမှန်တည့်စေဖို့ ပြင်လေကာမှ အူပေါက်သွား တာမျိုးလည်း ရှိနိုင်မှာပဲရယ်လို့ ဝမ်းနည်းစွာနဲ့ တွေးမိပါသေးတယ်။



ဘာတွေဘယ်လိုပင် ကွဲပြားကွဲပြား။ ဘယ်လိုစရိုက်တွေပဲ မတူမတူ။ တရားနာခြင်းကြောင့် ငြင်းခုံစရာတွေသာ များလာမယ်။ အတ္တကို အခြေခံတဲ့ ငါ့တရားမှ အမှန်၊ သူ့ဟာက အမှား။ ငါ့ဆရာသမားမှ သူတော်စဉ်၊ သူ့ဆရာ ကဖြင့် မသူတော်ကြီး၊ စသဖြင့် မာနတွေပွား၊ ဒေါသတွေများသထက် များလာမယ်ဆိုရင်တော့လဲ ငါစွဲသမား အတွက်တော့ နာလဲ အလကားပဲ-ဆိုတာကိုတော့ဖြင့် သတိပေးစကား ပြောပြချင်ပါရဲ့။ ငြင်းဖို့ မဟုတ်၊ တိုက် ခိုက်ဖို့ မဟုတ်၊ ယှဉ်ပြိုင်စိန်ခေါ်ဖို့ မဟုတ်။ ငါသိ ငါတတ်လုပ်ဖို့ မဟုတ်။ ရှင်တော်ဘုရား၊ ဟောကြား အမှန်၊ တရားမှန်၊ ကျင့်ရန် နာပါသည်ဆိုတဲ့ သူတော်ကောင်းစိတ်ဓာတ် အခြေခံလေး မွေးမြူကာ တရားနာတတ်ကြပါ စေရယ်လို့ အမှတ်တရ အသိပေးစကားလေးလည်း ပြောချင်ပါသေးတယ်။ ။

အရှင်ဉာဏိက

အိုခြင်းရဲ့ အလှ (၂)



အိုခြင်းရဲ့ အလှ (၂)
ဘဝတစ်ခုဆိုတာ နေ့တစ်နေ့နဲ့ ပမာတူတယ်လို့ ဆိုချင်ပါတယ်။ ဒါကြောင့် “တစ်ဘဝတာ” သက်ရှင် နေထိုင်ရတာကို “တစ်နေ့တာ” လို့ပဲ ဆိုကြပါစို့နော်။

တစ်နေ့တာဆိုတဲ့ အချိန်ကာလ အတွင်းမှာ အလှဆုံး အချိန်နှစ်ချိန် ရှိပါတယ်။ အရုဏ် ဆည်းဆာချိန်နဲ့ နေညို ဆည်းဆာချိန်တို့ ဖြစ်ပါတယ်။........

ဒါကို အာရှနွယ်ဖွား မြန်မာပြည်သားများ အနေနဲ့ သတိထားမိသူတိုင်း သိသာ ခံစားနိုင်ကြ ပါလိမ့်မယ်။ “အာရှနွယ်ဖွားများ”လို့ ကန့်သတ် ပြောရ တာကတော့ သဘာဝက ပေးအပ်တဲ့ ဒီဆည်းဆာအလှ ခွဲတမ်းကို အာရှသားများကသာ ဝေစုအများဆုံး ရယူခံစားနိုင်ကြလို့ပါ။


အားလုံး အထူးသဖြင့် အင်္ဂလိပ်ဘာသာစကား ပြောကြတဲ့ ဒီကလူတွေ သိကြတဲ့ အတိုင်းပဲ ဥရောပတို့၊ အမေရိကတို့ လို နေရာတွေမှာက ဆည်းဆာ အလှ ခွဲတမ်း ခံစားနိုင်ခွင့် အတော်နည်းပါး ကြပုံရပါတယ်။ ဒါကြောင့်လည်း လူချင်းတွေ့တဲ့အခါမှာ အချိန်အား လျော်စွာ “ကောင်းတဲ့ နံနက်ခင်းဖြစ် ပါစေ၊ ကောင်းတဲ့ ညနေချမ်းဖြစ်ပါစေ” ဆိုပြီး တကူးတက နှုတ်ဆက် ဆုတောင်း ပေးနေကြရတယ် ထင်ပါတယ်။ မြန်မာပြည်မှာကတော့ နံနက် တိုင်းလိုလိုက ကောင်းလွန်းနေတော့ နေ့အခါဆို ကျောကော့ အောင် ပူလွန်းလို့၊ နံနက်ခင်းရောက်ရင် မိုးတိမ်တွေ မြူတွေကင်းတဲ့ နံနက်ခင်းကြီး မဖြစ်ဘဲ တိမ်ထူမိုးရွာတဲ့ နံနက်ခင်းဖြစ်ပါ စေလို့တောင် ဆုတောင်းရမလိုလို ဖြစ်နေကြရတာကိုး။


ဒါကြောင့် ယဉ်ကျေးလိမ္မာ သင်တန်းတွေမှာ ကလေးတွေနဲ့ စကားစပ်မိတဲ့အခါ ရယ်စရာသဘောမျိုးနဲ့ “မင်းတို့က ဘိုဆန်ဆန် မနက်ခင်းလူတွေ့တိုင်း ဂွတ်မောနင်းတွေ လျှောက်လျှောက် လုပ်မနေကြနဲ့။ ဒါက နံနက်ခင်းအလှနဲ့ ကြုံရခဲတဲ့ ဒေသတွေမှာ ဆုတောင်း နှုတ်ဆက်ရတာ။ တို့ဆီမှာက နံနက် တိုင်းနေသာပြီး နေ့ခင်းဆို ပူလွန်းလို့ မိုးရွာတဲ့ နံနက်ခင်းဖြစ်ပါစေ၊ တိမ်ထူတဲ့ နံနက်ခင်းဖြစ် ပါစေ” လို့တောင် ဆုတောင်း ရမလိုကြီး ဖြစ်နေတာဗျ။


ညနေ အလုပ်ဆင်းချိန်လည်း ဒီအတိုင်းပဲ။ သူတို့ဆီမှာ ရာသီဥတု သာယာကြည်လင်တဲ့ ညနေခင်းက အရှားသားကိုး။ တို့ဆီမှာကဒါမျိုး မလိုဘူးလေ။ အဲ လိုင်းကားနဲ့ သွားရ ပြန်ရသူအတွက်တော့ ကားထိုင်ခုံရ ဖို့ ရည်ရွယ်ပြီး “ကောင်းသောညနေ ခင်းဖြစ်ပါစေ” လို့ ဆုတောင်းပေးချင် လည်း ပေးပေါ့။ သူတို့ဆီလို ရာသီဥတုဆိုးဝါးမှုကင်းဖို့တော့ ဆုတောင်း စရာမလိုဘူး။ သဘာဝက အပြည့်အဝ ပေးပြီးသား။



ဒါက သူတို့ဆီထက် တို့ဆီရဲ့ အားသာချက်ပဲ။ အဲ သူတို့ဆီမှာ တို့ဆီထက် အားသာချက် အနေနဲ့ ဆုတောင်းဖို့ မလိုတာကတော့ “ကောင်းသော ညချမ်းပါ”ဆိုတဲ့အချက် ပဲ။ သူတို့ဆီမှာ ဒီအတွက် ဆုတောင်း ဖို့ မလိုအပ်လှဘူး။ မီးမှ မပျက်ဘဲကိုး။ အေး မင်းတို့ ဘိုဆန်ချင်လို့ တကယ်ဆုတောင်း ချင်တယ်ဆိုရင် တို့ဆီမှာ ဆုတောင်းစရာဆိုလို့ (ဂွတ်နိုက်) ကောင်းသော ညချမ်းပါ ဆိုတဲ့ တစ်ခုပဲရှိမယ် ဆိုတဲ့အကြောင်း ပြောပြရသေးတယ်။


ထားပါတော့၊ အာရှသားများ၊ အထူးသဖြင့်တော့ မြန်မာပြည်သားများဟာ ရာသီဥတု၊ ရေမြေ တောတောင်စတဲ့ သဘာဝ လက်ဆောင်တွေ အခြားနိုင်ငံသားများထက် ပိုမို ရရှိကြသူများဖြစ်လို့ နေ့တစ်နေ့ရဲ့ အလှဆုံးနှစ်ချိန်ဆိုတာကို လူတိုင်းလိုလို တွေ့ဖူးကြုံဖူး၊ ခံစားဖူးကြမယ်ထင်ပါတယ်။ တစ်နေ့တာလုံးကို သတိထား အကဲခတ်ကြည့်မယ်ဆိုရင် နံနက်အရုဏ်ဆည်းဆာ သာယာ လှပတဲ့နေ့မှာ နေ့ခင်းချိန်တွေလည်း သာယာကြည်လင် တတ်ပါတယ်။ နေ့ခင်းမှ ကြည်လင်တောက်ပတဲ့ နေ့မှာ ညနေ ဆည်းဆာကလည်း ပိုပြီးလှပလေ့ရှိပါတယ်။


ရှေးလူကြီးများကတော့ နေ့အခါ နေသာတဲ့နေ့တွေရဲ့ ညနေဆည်းဆာ ဟာ တိမ်နီ၊ တိမ်ပြာ၊ တိမ်မိလ္လာ၊ တိမ်ခရမ်း၊ တိမ်မကန်းကွက်တွေပါ ပိုပြီး စုံညီတဲ့အတွက် အရုဏ်ဆည်း ဆာထက်တောင်ပိုပြီး လှတယ်လို့ ယူဆကြပုံရပါတယ်။



ညနေဆည်းဆာဟာ သူကိုယ်တိုင် လှပရုံမကဘူး သူ့ရဲ့အရောင်နဲ့ ထိတွေ့တဲ့အရာဝတ္ထု တိုင်းကိုလည်း သူ့နဂိုရှိပြီးသားထက် အလှ တိုးစေတတ် တာမို့ အတော်အတန် ရွက်ကြမ်း ရေချို အလှမျိုးရှိတဲ့ မိန်းကလေးများကိုတောင် မြင်ရသူ ကာလသားတွေရဲ့ စိတ်ထဲမှာ “ ကောင်းခြင်းငါးဖြာ၊ ကင်းကွာ ခြောက်ပြစ်၊ နတ်အစစ်လား၊ လူပဲ လား” လို့ ခွဲခြားမရနိုင်ဘဲ ဇွတ်အတင်း ဆွဲပြေးချင် စိတ်တွေ ဖြစ်စေတတ်တာကြောင့် “ နေဝင်ရင် တိမ်တောက်တော့ ပျိုကြောက်တဲ့ ဒီအချိန်” ဆိုပြီး မှတ်ချက်ချခဲ့ကြတာပေါ့။


ဒါတွေကို အခု ပူဇော်ပွဲလုပ်နေ ကြတဲ့ လူငယ်တွေက သိချင်မှသိမယ်။ အပူဇော်ခံ မြန်မာပြည်သား ကြီးတွေကတော့သိကြမှာပါ။ နေ့တစ်နေ့မှာ နှစ်ချိန် လှပသလို ဘဝတစ်ခု မှာလည်း အချိန်ကာလနှစ်ခုဟာ တကယ်လှပကြရစမြဲအမှန်ပါ။ ဘဝရဲ့ အရုဏ်ဆည်းဆာလို့ ဆိုရမယ့် ငယ်ရွယ်စဉ်အချိန် ကာလနဲ့ ဘဝရဲ့ နေညိုဆည်းဆာလို့ခေါ်ရမယ့် အခုလို အပူဇော်ခံ အရွယ် ရောက် လာတဲ့အချိန် ကာလနှစ်ခုပေါ့။


ဒီနေ့ ပူဇော်ပွဲပြုလုပ်ကြတဲ့ လူငယ်လူရွယ်တို့ အနေနဲ့ နည်းနည်း ပြန်စဉ်းစားကြည့်ပါ။ ကိုယ့်ဘဝရဲ့ အရုဏ်ဆည်းဆာ အရွယ်ဟာ “လိုတရ” ဆိုရလောက်အောင် တကယ်လှပခဲ့ကြပါတယ်။ လူတိုင်းရဲ့ အရုဏ်ဆည်းဆာ အရွယ်ဆိုတာ တကယ် တွက်ကြည့်ရင် လူဖြစ်ကျိုး အနပ်ဆုံးနဲ့ လူတန်းစား အညီမျှဆုံး အရွယ်လို့တောင် ဆိုနိုင်ပါတယ်။ ဟုတ်တယ်လေ...ဘယ်သူမဆို ငါဟာ ဆင်းရဲသား သားသမီးလား၊ သူဌေးသား သမီးလား၊ အလုပ်သမား သားသမီးလား၊ အရာရှိ သားသမီးလား ဆိုတာ ဘာမှကို ခွဲခြား စဉ်းစား နေစရာမလိုကြပါဘူး။ “ အူဝဲ ” ဆိုတဲ့ အသံတစ်ခုဟာ မိဘတို့အပေါ် တစ်ချက်လွှတ် အာဏာတည်တဲ့၊ ဩဇာပြည့်၊ အာဏာပြည့်၊ ပါဝါ အပြည့်ပါတဲ့ အမိန့်တစ်ခုလိုဖြစ်ခဲ့ကြ သူချည်းပါပဲ။


ဒီအသံကြားလိုက်တယ်ဆိုရင် မိဘတိုင်းက “ မရှိလို့၊ မပြည့်စုံလို့၊ မအားလပ်သေးလို့” စတဲ့ ဘယ်လို ဆင်ခြေဆင်လက်မှ ပေးမနေကြသလို ညဥ့်နက်သန်းခေါင် အချိန်မျိုးမှာ ဖြစ်စေဦးတော့ “ အအိပ်ပျက်တယ်တွေ၊ စိတ်ပျက်တယ်တွေ” ဘာမှ ညည်းညူ မနေကြဘဲ အခြေအနေကိုကြည့်ပြီး ဆာပုံပေါ်ရင် နို့တိုက်၊ ချမ်းပုံပေါ်ရင် ထွေးလိုက်၊ ပူအိုက်ပုံပေါ်ရင် ယပ်ခတ်၊ အိပ်ချင်ပုံပေါ်ရင် ပုခက်မှာလွှဲ၊ မှတ်၊ ခြင်၊ ယင် ကိုက်ပုံပေါ်ရင် ဖုံးကာဆိုတဲ့ တာဝန်တွေကို ပျာပျာသလဲ လုပ်ဆောင်ပေးခဲ့ ကြတာချည်းပါပဲ။


ဖြည်းဖြည်းလေး ပြန်စဉ်းစား ကြည့်ပါ။ မိမိတို့ဘဝရဲ့ အရုဏ်ဆည်းဆာမှာ ရောင်စုံတိမ်ပန်းတို့နဲ့ လှပသာယာအောင် ဘယ်သူက ဆေးရောင်

ခြယ်ပေး ခဲ့သလဲဆိုတာ သဘောပေါက်လာမှာပါ။ အဲဒီအလှရောင်စုံတွေဟာ မိဘတို့ရဲ့ မေတ္တာစုတ်တံ နဲ့ ခြယ်မှုန်းခဲ့ကြလို့ပဲ မဟုတ်လား။


ပဋ္ဌာန်းပစ္စည်းနဲ့ ပြောရမယ်ဆိုရင်တော့ မိဘဆိုတဲ့ ပုရေဇာတပစ္စည်းတို့ မေတ္တာအပြည့်နဲ့ အားကောင်းခဲ့ကြလို့ဆိုတာ လူတိုင်း သဘောပေါက်ကြမှာပါ။


နေ့တစ်နေ့မှာ အရုဏ်ဆည်းဆာ လှပမှ နေသာနိုင်သလိုပါပဲ။ ဘဝရဲ့ အရုဏ်ဆည်းဆာမှာ မိဘတို့ရဲ့ ပုရေဇာတပစ္စယသတ္တိ များနဲ့ ပြည့်စုံ ကြွယ်ဝ လှပခဲ့ကြလို့လည်း ပညာသင်ကြရမယ့် အချိန်မှာလည်း မချို့မတဲ့ သာယာလှပကြရပြီး အခုလို ဘဝရဲ့နေသာချိန် ကာလတွေမှာ အသက်မွေးမှုတစ်ခု ပညာကိုယ်စီ ပါနိုင်အောင် ပြည့်စုံသာယာလှပ နေကြတာပဲ မဟုတ်လား။ ဒီနေ့ ငါလူလားမြောက်နေတာ၊ လူရာဝင် နေတာတွေဟာ မိဘနဲ့ဆရာသမား ဆိုတဲ့ ပုရေဇာတပစ္စည်း စွမ်းအားတွေက အဓိက အခန်းက ပါဝင်ခဲ့ကြ လို့ဆိုတာကို သဘောပေါက် လောက်ပါတယ်။


အခု ဒီနေ့ ဒီနေရာမှာ အပူဇော်ခံများအဖြစ် ပင့်ဖိတ်ထားကြတဲ့ မိဘတွေ၊ ဆရာသမားတွေ၊ သက်ကြီး ရွယ်အိုတွေဆိုတဲ့ ပုဂ္ဂိုလ်တွေကတော့ ဘဝရဲ့နေညိုဆည်းဆာ အရွယ်ရောက် နေကြတဲ့ ပုဂ္ဂိုလ်တွေပါ။


သူတို့တွေ အားလုံးဟာ အခု ပူဇော်ပွဲကို ကမကထ ပြုကြသူတွေ၊ ပူဇော်ကြသူတွေရဲ့ အရုဏ်ဆည်းဆာကို အလှဆင်ပေး ခဲ့ကြတဲ့ ကျေးဇူးရှင် ပုရေဇာတပစ္စည်းများပဲ ဖြစ်ကြပါတယ်။


ကိုယ့်ဘဝရဲ့ အရုဏ်ဆည်းဆာကို အလှဆင်ဖို့ တာဝန်ကျေခဲ့ကြတဲ့ ပုဂ္ဂိုလ်များရဲ့ နေညိုဆည်းဆာကို အရုဏ်ဆည်းဆာထက် သာလွန်လှပ အောင် အလှဆင်ကြရမှာက သား သမီးတွေ၊ တပည့်တွေ၊ လူငယ် လူရွယ်တွေဆိုတဲ့ ပစ္ဆာဇာတပစ္စည်းများရဲ့ အလှည့်ပါပဲ။


ဒီလို သူ့အလှည့်၊ ကိုယ့်အလှည့်၊ သူ့တာဝန်၊ ကိုယ့်တာဝန်တွေ ကိုယ် စီရှိကြတဲ့အတိုင်း ရှိတဲ့တာဝန်ကိုသိ၊ သိတဲ့အတိုင်းလည်း တာဝန်ကျေအောင် ဆောင်ရွက်ဖော်ရကြတဲ့ ဒီပူဇော်ပွဲကြီးဟာ “သက်ကြီးပူဇော်ပွဲ ကြီး” လို့ ခေါ်ဆိုနိုင်သလို ပဋ္ဌာန်း ပစ္စည်းဆက်သွယ်နည်းအရစပြောရ မယ်ဆိုရင်တော့ “ပစ္ဆာဇာတပစ္စယ သတ္တိအစွမ်းပြပွဲကြီး” လို့လည်း ဆိုနိုင်ကြပါတယ်။



ကျေးဇူးခံ ကျေးဇူးစားတို့ အခုလို တာဝန်ကျေကြတာကို “ ကတညုတ ကတဝေဒီ (ပြုဖူးတဲ့ ကျေးဇူးကိုသိရှိ ပေးဆပ်ခြင်း) မင်္ဂလာ ဖြစ်တယ်လို့လည်း ဘုရားရှင်က ချီးကျူး မှတ်ချက်ပြုတော်မူခဲ့ပါတယ်။


အမှန်ကတော့ အခုပြုလုပ်တဲ့ ပူဇော်ပွဲဟာ မိမိတို့ရဲ့ရှေးက ပုရေဇာတ ပစ္စည်းသဘောမျိုးနဲ့ ကျေးဇူးပြုပေးခဲ့ သူတို့ကို ထောက်ဆ လိုက်ရင် မိမိတို့က ပစ္ဆာဇာတပစ္စယသတ္တိနဲ့ ကျေးဇူး တုံ့ပြန်ပြုပေးတယ်လို့ ဆိုနိုင်သလို မိမိတို့ရဲ့ နောင်လာ နောက်သားများ အတွက်လည်း ပုရေဇာတပစ္စယ သတ္တိအသစ်တစ်ခု ထပ်မံပြုလုပ်ပေး ခြင်းလည်းမည်ပါတယ်။ ဘာကြောင့် လဲဆိုတော့ ဒီနေ့ပြခဲ့တဲ့ စံနမူနာ ကောင်းသည်ပင် နောင်လာ နောင်သားတို့ အတွက် အားကျလိုက်နာဖွယ်ရာ မီးရှူးတန်ဆောင် သဖွယ် ဖြစ်နေလို့ပါပဲ။


ဒါကြောင့် ဒီပွဲကြီးဟာ သက်ကြီးရွယ်အိုတို့ရဲ့ နေညို ဆည်းဆာကို အလှဆင်ပေးတဲ့ပွဲ ဖြစ်သလို မိမိတို့ကိုယ်တိုင်လည်း နောင်တစ်ချိန်မှာ မုချရောက် ရှိကြုံတွေ့ရမယ့် နေညိုဆည်းဆာအတွက် ကြိုတင်အလှပြင်တဲ့ပွဲလို့ဆိုရင်လည်း မှားနိုင်စရာ မရှိပါဘူး။ သူတစ်ပါး အကျိုးဆောင်ခြင်း သည်ပင် ကိုယ့် အကျိုးအတွက် အောင်ရာအောင် ကြောင်းဖြစ်တယ်ဆိုတာ ဒီသဘော မျိုးကိုပြောတာပဲ ဖြစ်တယ်ထင်ပါတယ်။


မှန်ပါတယ်။ မိမိတို့ကိုယ်တိုင် ပစ္ဆာဇာတပစ္စယသတ္တိအစွမ်းပြရမယ့် အလှည့်မှာ စံနာမူနာကောင်းများပြနိုင် ကြမှသာ မိမိတို့ကိုယ်တိုင်ပစ္ဆာဇာတ ပစ္စယသတ္တိကောင်းများနဲ့ ကျေးဇူးတုံ့ ပြန်ခြင်းလို ခံကြရမှာပါ။ မိမိတို့က ဆိုးဝါးတဲ့ ပစ္ဆာဇာတ ပစ္စယသတ္တိများ ကို ပြမိခဲ့ရင်တော့ မိမိတို့ အလှည့် ရောက်တဲ့ အခါမှာလည်း နောင်လာ နောက်သားများက ပိုမိုဆိုးဝါးတဲ့သတ္တိ များနဲ့ တုံ့ပြန်ခြင်းကိုခံရမှာ မလွဲပါဘူး။


စောစောကပြောခဲ့တဲ့အတိုင်း ဒီ ခန္ဓာကိုယ်ကြီးမှာ ပစ္ဆာဇာတပစ္စည်း များဖြစ်တဲ့ နာမ်တရားတို့ ဆက်လက် ဖြစ်ပေါ်မှုမရှိခဲ့ရင် ပုရေဇာတပစ္စည်း ဖြစ်တဲ့ ရုပ်တရားတို့ ဆက်လက်ရှင် သန်ရပ်တည်နိုင်စွမ်းမရှိတော့ဘဲ ဒီခန္ဓာ ကိုယ်ကြီးတစ်ခုလုံးဟာလည်း အသေကောင်ကြီးသက်သက်ပဲ ဖြစ်သွားနိုင် သလိုပါပဲ။ လူ့လောကမှာလည်း နောင်လာနောက်သား ပစ္ဆာဇာတ ပစ္စည်းတွေ တာဝန်ပျက်ကွက်သွား ပြီဆိုရင် စိတ်ဓာတ်၊ သတ္တိ၊ ကျေးဇူး သစ္စာနဲ့ ယဉ်ကျေးမှုများ မြင့်မားတိုး တက်တယ်ဆိုတဲ့ လူ့ဂုဏ်ပုဒ် တွေလည်း အကုန်လုံးပျက်စီးသွားနိုင်တဲ့အတွက် သုဂတိ လူ့ဘုံလူ့ဘဝ ဆိုတာဟာလည်း ကျောက်ဖြစ်ရုပ်ကြွင်းများသဖွယ် ပြောစရာသာရှိပြီ ဖြစ်တည် နိုင်မှုမရှိတော့တဲ့ အသေကောင်များအဖြစ် ရောက်သွားနိုင်ပါတယ်။ စိတ်ဓာတ်မြင့်မားမှု၊ သူရသတ္တိကြီးမားမှု၊ ကျေးဇူးသစ္စာကြီးမားမှု၊ ယဉ်ကျေး လိမ္မာမှုတို့ဆိုတာပြောစရာသာရှိပြီး လက်တွေ့ပြယုဂ်ကင်းမဲ့သွားပြီဆိုရင် အဲဒီ အချိန်မှာ သုဂတိလူသားဆို တာဟာလည်း အသေကောင်ကြီး များနဲ့ ဘာမှထူးခြားတော့မှာ မဟုတ်ပါဘူး။


ဒီနေရာမှာ မိမိတို့ရဲ့ ပစ္ဆာဇာတ ပစ္စယသတ္တိ အကောင်းအဆိုးသည်ပင် နောင်လာနောက်သားတို့အတွက် စံနမူနာဖြစ်တယ် ဆိုတဲ့အချက်နဲ့ ပတ်သက်လို့ ကြားဖူးဖတ်ဖူးခဲ့တဲ့ ဂျပန် ပုံပြင်ကလေးတစ်ခုလိုလည်း သတိရမိပါတယ်။


ရှေးခေတ်က ဂျပန်ပြည်မှာ စားဝတ်နေရေး ရှာဖွေစားသောက်ရတာ အလွန်ကိုခက်ခဲသတဲ့။ တစ်ယောက်လုပ် တစ်ဝမ်းစာရဖို့ တောင်မနည်း ကြိုးစား လုပ်ကိုင်စားသောက်ကြရတာဆိုတော့ မိသားစုထဲမှာ လူအိုလူပိုတွေကိုတင်ပြီး ကျွေးမထားနိုင်ကြဘူးတဲ့။ ဒီတော့ အိမ်မှာမလုပ်နိုင်မကိုင် နိုင်တဲ့ မိအိုဘအိုတွေရှိလာပြီဆိုရင် သားတွေက ပုတ်တောင်းကြီးတွေ ရက်ကြတယ်။ ပြီးတော့မှ မိအိုဘအို တွေလို ပုတ်တောင်းနဲ့ထည့်ပြီး မြစ် ထဲမျှောကြသ တဲ့။ မြစ်ရဲ့အဆုံး ပင်လယ်ဝက ကျွန်းကြီးတစ်ကျွန်း ရောက်သွားတဲ့ အခါမှာတော့ ဒီကျွန်းပေါ်မှာ ရှင်ဘုရင်တို့၊ ပစ္စည်းဥစ္စာ ကြွယ်ဝသူတို့က တာဝန်ပေး ထားသူ တို့က ဒီပုတ်တောင်းကြီးတွေကို ဆယ်ယူပြီး လူအိုတွေကို ကျွေးမွေးစောင့်ရှောက်ကြတာတဲ့။


တစ်ခါတော့ လူရွယ် တစ်ယောက်က သူ့အဖေအိုကြီးကို မျှောဖို့ပုတ်တောင်းကြီး ရက်နေသတဲ့။ သူ့မှာ ရှစ်နှစ်ကိုးနှစ်အရွယ် သားကလေး တစ်ယောက် လည်း ရှိသတဲ့။ အဲဒီလူ ပုတ်တောင်းရက်နေရာကို သားကလေးရောက်လာပြီး “ အဖေ- ဘာလုပ်နေ တာလဲ” လို့ မေးသတဲ့၊ “ပုတ်ရက်နေတာကွ” ဆိုတော့ “ဘာလုပ်ဖို့လဲ” လို့ ဆက်မေးသတဲ့။ “ မင်းအဘိုးက အိုပြီလေကွာ ဘာမှ မလုပ်နိုင်တော့ဘူး။ အဖေလည်း သူ့အတွက် ရှာမကျွေးနိုင်တော့လို့ မင်း အဘိုးကို ဒီပုတ်ကြီးထဲထည့်ပြီး မြစ် ထဲမျှောမလို့ကွ။ ဟိုး-ပင်လယ်ဝမှာ “ မပြန်ကျွန်း” ဆိုတဲ့ ကျွန်းကြီးရှိတယ်။ အဲဒီရောက်တဲ့အခါ တတ်နိုင်တဲ့ လူတွေက မင်းအဘိုးကို ဆယ်ယူ ပြီးကျွေးမွေးကြမှာပေါ့” ဆိုတော့ သားလေးက ခဏငြိမ်ပြီးစဉ်းစားနေသတဲ့။ ပြီးတော့မှ “ အဖေ...ဒီလိုဆို ရင် ပုတ်နှစ်လုံး ရက်ထားပါ” လို့ တိုက်တွန်းသတဲ့။ “ ဟ...မင်းအဘိုးက တစ်ယောက်ပဲရှိတာ ပုတ်တစ်လုံးဆို လုံလောက်ပြီပဲကွ၊ နောက်ထပ် တစ်လုံးက ဘာလုပ်ဖို့ရက်ရမှာလဲ” ဆိုတော့ “ မဟုတ်ဘူးလေ...အဖေ့ အလှည့်ကျတော့သားက ပုတ်မရက်တတ်ဘူး။ ဒါကြောင့် ခုကတည်းက တစ်လုံးပိုရက် ထားပါလို့ပြောတာ” လို့ ပြန်ပြောလိုက်သတဲ့။


အဲဒါပါပဲ။ မိမိတို့ရဲ့ ပစ္ဆာဇာတ ပစ္စယသတ္တိဟာ နောင်လာနောက် သားများအတွက် အတုယူရမယ် စံနမူနာသစ်ဖြစ်သွားလို့ နောင်လာ နောက်သား တို့ရဲ့ ပုရေဇာတပစ္စယ သဘောပဲဆောင်သွားပါလိမ့်မယ်။ အဲဒါ သိပ်အရေးကြီးပါတယ်။ တကယ်လို့ မိမိတို့ အနေနဲ့ ပစ္ဆာဇာတ ပစ္စယသတ္တိကောင်းများ ကို မပြုနိုင် ကြဘူးဆိုရင်တော့ ရွေးချယ်စရာသုံးခု ပဲရှိပါတယ်။ ပုတ်တစ်လုံး အပိုရက် ထားမလား။ ခုကတည်းကရေကူး လေ့ကျင့်ထားကြမလား။ ဒီအတိုင်း စုံးစုံးမြုပ်ကြမလား။ ဒီသုံးမျိုးကလွဲလို့ ရွေးချယ် စရာ မရှိနိုင်တော့ပါဘူး။


ဒါကတော့ ပစ္ဆာဇာတပစ္စယ သတ္တိ ဆိုးပြသူတွေအတွက် ပြောတာပါ။ ဒီနေ့ဒီပွဲမှာ ဆင်နွှဲကြတဲ့ လူငယ် လူရွယ်များ အနေနဲ့ကတော့ ပစ္ဆာဇာတ သတ္တိကောင်းကို ပြကြသူတွေဖြစ်လို့ ဒီသုံးမျိုးအတွက် တွေးတောပူပင်စရာ အကြောင်းမရှိပါဘူး။ မိမိတို့ရဲ့ ပုရေဇာတ မိဘ၊ ဆရာသမား၊ ဘိုး ဘွားတို့ ရဲ့ နေညိုဆည်းဆာကို လှပစေကြသူများပီပီ မိမိတို့ကိုယ်တိုင်ကြုံ တွေ့ရမယ့် နေညိုဆည်းဆာများဟာလည်း တိမ်ပန်းတွေနဲ့ ဝေဆာလှပနေ ကြမှာ မလွဲပါပဲ။


တစ်နေ့တာရဲ့ အလှနှစ်ချိန်ထဲမှာ ညနေဆည်းဆာဟာ အရုဏ်ဆည်း ဆာထက် ကိုယ်တိုင်လည်း အလှပို သလိုထိတွေ့တဲ့ အရာဝတ္ထုတွေ အပေါ်မှာလည်း အလှကူးစေတယ်ဆိုတဲ့ အချက်ကလေးကိုရော အလေးအနက်သတိပြုမိကြသလားပဲ။ ဒါကလည်း တကယ်ကို အလေးထားရမယ့် အချက်ပါ။ ဟုတ်ပါတယ်။ ဘဝရဲ့အလှ နှစ်ချိန်မှာလည်း သက်ကြီးရွယ်အိုခေါ်တဲ့ နေညိုဆည်းဆာ၊ ငယ်ရွယ်နုပျိုတဲ့ အရုဏ်ဆည်းဆာထက် အဆရာထောင်မက အလှ ပိုတာကိုတွေးကြည့်ရင် သိပ်ပြီး သိသာပါတယ်။


“ကလေးသူငယ်ချစ်စဖွယ်” ဆိုတဲ့ အရုဏ်ဆည်းဆာက နုပျိုခြင်း၊ လန်းဆန်းခြင်း၊ မျှော်လင့်ချက် ရောင်ခြည်တို့ရဲ့ ရှေ့ပြေးပုဗ္ဗနိမိတ်ကောင်းဖြစ်ခြင်း ဆိုတဲ့ အလှအပသက် သက်ကြောင့် ချစ်စရာကောင်းရုံလောက်သာ လှပတာပါ။


နေညိုဆည်းဆာဖြစ်တဲ့ သက်ကြီးရွယ်အိုတို့ရဲ့အလှက သူတို့ဘဝနဲ့ ရင်းနှီးရယူသိုလှောင်ထားတဲ့ အတွေ့ အကြုံတွေ၊ အသိဉာဏ်ဗဟုသုတတွေ ၊ ရှောင်စရာဆောင်စရာသင်ခန်းစာတွေအပြင် “သဒ္ဓါ ” အစရှိတဲ့ သုံးအားများနဲ့ ကြိုးစားအားထုတ် ထားတဲ့ ဒါန၊ သီလ၊ ဘာဝနာ၊ တရားရတနာတွေနဲ့ ပါ ပြည့်စုံကြွယ်ဝလှတာမို့ “ကြည့်မဝ” အလှမျိုးထက် အဆရာထောင်မက သာလွန်လှပတဲ့ “ပြည့်ဝ” အလှ ပိုင်ရှင်တွေ ဖြစ်လာကြလို့ တကယ့်ကို မှကြွဝလှပတဲ့ အိုကြွယ် အလှပိုင်ရှင်တွေလို့ ဆိုရမှာပါ။


အလှကြည့်ဖို့သာမက ဘဝဖြည့်ဖို့ပါ အားကိုးရတဲ့ အလှသူကြွယ်တွေလည်း ဖြစ်ပါတယ်။ မှန်ပါတယ်- ဒီနေ့ ခေတ်မီတိုးတက်တဲ့ ပညာရပ်တွေ၊ ဆန်းသစ်တီထွင် အောင်မြင်မှုတွေနဲ့ ပြည့်စုံ ကြွယ်ဝနေကြတယ် ဆိုတာ ဟာ ရှေးရှေးက ပုရေဇာတပစ္စည်းကြီးများရဲ့ ဘဝပြည့်အောင် လေ့လာ ဆည်းပူးခဲ့တဲ့ အမွေအနှစ်တွေကို လက်ခံရယူ အားဖြည့်ပြီး တော့မှ ဆက်လက်တီထွင် ကြံဆကြိုးစားခဲ့ကြတာတွေချည်း မဟုတ်ပါလား။ “အိုကြွယ်” တွေကို “ အိုပယ်” အဖြစ် ပစ်မထား ကြဘဲ သူတို့နဲ့ ထိတွေ့ခွင့်ရအောင် အလေးအနက်ထားကြမယ်ဆိုရင် နေညိုဆည်းဆာရဲ့အလှလိုပဲ ထိတွေ့တဲ့ လူတိုင်းကို အလှတွေ ကူးစက်ပြီး ဘဝကိုပိုလို့ ပြည့်စုံစေမှာမလွဲပါဘူး။


ငယ်ငယ်တုန်းက ဖတ်ရဖူးတဲ့ စာတစ်ပုဒ်မှာ “ခေါင်းတစ်လုံးနဲ့ စဉ်းစားလို့ မရနိုင်တဲ့ ပြဿနာကြုံလာရင် ခေါင်းသုံးလုံးနဲ့ လူကိုရှာပြီး ဆည်းကပ် မေးမြန်းပါ” ဆိုတဲ့ နီတိစကား အတိုင်း ပြဿနာ အခက်အခဲနဲ့ကြုံရ တဲ့အခါ ခေါင်းသုံးလုံးနဲ့လူကို လှည့် လည်ပြီးရှာရတယ်။


တစ်နေရာမှာ အလွန်အိုမင်းနေပြီဖြစ်တဲ့ အဘိုးအို တစ်ဦးထိုင်နေတဲ့အခါ သူ့ရဲ့ခါးက အတော်ကြီးကို ညွတ်ကိုင်းနေတဲ့ အတွက် ဦးခေါင်း ကထောင်နေတဲ့ ဒူးနှစ်လုံးကြားမှာရောက်နေတော့ အဝေးကမြင်လိုက်ရတဲ့အခါ ခေါင်းသုံးလုံးနဲ့လူလို့ ထင်ရတယ်။ ဒါနဲ့ သူ့အနားချဉ်းကပ်ပြီး ပြဿနာ ကို စပြောပြလိုက်တော့ အဘိုးအိုက ပြဿနာကိုမဆိုင်းမတွဘဲ အဖြေပေး လိုက်သတဲ့။ ဒါဟာ ဘဝ နေညို ဆည်းဆာတို့ဆီက ထိတွေ့ရယူတဲ့ အလှတရားပဲမဟုတ်လား။


ဒါကြောင့် အြွိုကယ်အလှသူဌေးတွေကို အိုပယ်တွေဖြစ်အောင် ပစ်မထားကြဘဲ အခုလို ထိတွေ့ပူဇော်ကြတာဟာ သူတို့ဆီကြွယ်ဝတဲ့ အလှ တရားတွေကိုလည်း ထိတွေ့ကူးယူတဲ့သဘောဖြစ်လို့ ဒီနေ့ပြုလုပ်တဲ့ပွဲကို “ အလှကူးပွဲ”လို့လည်း ဆိုနိုင်မယ် ထင်ပါတယ်။


ပူရေဇာတလူကြီးများ နဲ့ ပစ္ဆာဇာတလူငယ်တို့ တာဝန်ကိုယ်စီ ကျေပွန်ထိတွေ့ကြပြီး အလှချင်း ကူးလူးယှက်နွှယ် အလှကြွယ်ကြပါ စေလို့ ဆုတောင်းရင်းနိဂုံးချုပ်ပါတယ်။ ဆည်းဆာတိုင်းလှပကြပါ စေဆိုပြီး အနုမောဒနာစကားကို အဆုံးသတ် ခဲ့ပါတယ်။


အနုမောဒနာစကားပြောပြီးတဲ့ အခါမှာ အပူဇော်ခံအဘိုးအဘွားတွေ အားလုံးကိုတစ်ဦးချင်းဆီ အရောက် သွားပြီးတော့လည်း“ ဆည်းဆာတိုင်း လှပကြပါစေ” လို့ ဆုတောင်းနှုတ်ဆက်တဲ့အခါ လူမျိုးစုံ၊ ဘာသာစုံ အားလုံးကလည်း ဝမ်းပန်းတသာ ပြန်လည် နှုတ်ဆက်ကြပါတယ်။


အဲဒီညက သင်တန်းသားထက် ဝက်ကျော်က သက်ကြီးပူဇော်ပွဲ ရောက်နေကြလို့ ပဋ္ဌာန်းသင်တန်းကို နောက်ကျပြီး ပြုလုပ်ရတဲ့ အတွက် ည ၉ နာရီခွဲလောက်မှ ပြီးဆုံးပါတယ်။ သင်တန်းပြီးချိန်မှာ သက်ကြီးပူဇော်ပွဲ ကမကထပြုလုပ်တဲ့ လူငယ်တစ်ဦး ရောက်လာပြီး ဒီပူဇော်ပွဲကို မြန်မာ ပြည်မှာ မြန်မာ စာ အဓိကနဲ့ မဟာဝိဇ္ဇာ ဘွဲ့ရခဲ့ပြီး ဆစ်ဒနီတက္ကသိုလ်မှာ အလုပ်လုပ်နေတဲ့ ဂျပန်အမျိုးသမီး တစ်ဦးလည်း တက်ရောက်တယ်။ သူကမြန်မာစကားကို ကောင်းကောင်း နားလည်ပါတယ်။


“ဒီပွဲမှာ ပြောသွားခဲ့တဲ့ တစ်နေ့တာ အလှနှစ်ချိန်နဲ့ တစ်ဘဝရဲ့အလှ နှစ်ချိန်ဆိုတာကို အခုမှကြားဖူးရလို့ ဝမ်းသာတယ်။ ပြန်တဲ့အခါ သက်ကြီး ရွယ်အိုများဆီသွားပြီး တစ်ဦးချင်းဆီကို တလေးတစား နှုတ်ဆက်တာ တွေ့ရတာကလည်း တကယ့်ကို မြန်မာ့အလှစစ်စစ်ကို မြင်ရတာဖြစ်လို့ ကြည်နူးလို့ မဆုံးပါဘူးတဲ့။ ဒီနေ့ကျင်းပတဲ့ပွဲနဲ့ ဒီနေ့ပြော ခဲ့တဲ့ အကြောင်းအရာများကို ဂျပန် ဘာသာနဲ့ ပြန်ရေးပြီး ဂျပန်တို့ကိုလည်း လက်ဆင့်ကမ်း လိုပါတယ်၊ ခွင့်ပြုပါ” ဆိုပြီး ခွင့်တောင်းပါတယ်။


မိမိက “တတ်သမျှဘာသာ စကားနဲ့ ကြိုက်သလိုဖြန့်ဝေပေးပါ၊ ခွင့်လည်းပြုပါတယ်။ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူသားဆည်းဆာ တွေ လှပနေရင် သုဂတိလူ့ဘုံဆိုတဲ့ ဂုဏ်ပုဒ်ကလည်းပိုပြီး အဓိပ္ပာယ်ရှိတာပေါ့” ဆိုတဲ့ အကြောင်းပြန်ပြောလိုက်ပါတယ်။


ဆည်းဆာတိုင်း လှပကြပါစေ။

အိုခြင်းရဲ့အလှတရားများကို ရှာဖွေခံစားတတ်ကြပါစေ။

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)