Sunday, October 5, 2014

“ဘိက္ခု” ခေါ်ပုံ


“ဘိက္ခု” ခေါ်ပုံ 

မိုးသည် သည်းသည်းမည်းမည်း ရွာနေ၏။ လေအဝှေ့တွင် ဝါးပင်တို့ ယိမ်းနွဲ့နေကြ၏။ ကလေး အချို့မှာ အိမ်ရှေ့လမ်းပေါ် မိုးရေထဲ ဆော့ကစားနေကြ၏။

ထိုစဉ် ဆွမ်းခံကြွလာသော ရွာဦးကျောင်းက ဦးဇင်း အိမ်ရှေ့သို့ ရောက်ရှိလာသဖြင့် -
“အရှင်ဘုရား .. အထဲမှာ ခဏ ထိုင်ပါဦးလား ဘုရား၊ မိုးက တော်တော်နဲ့ စဲမှာ မဟုတ်ဘူး ဘုရား၊ ကြွပါဘုရား၊ ဟေ့ .. ကလေးတွေ ဆင်းကြ ဆင်းကြ၊ အောက်ကို သွား .. သွား” ဟု ဦးဇင်းကိုလည်း ပင့်ဖိတ်၊ အိမ်ပေါ်တွင် ဆော့ကစားနေကြသော ကလေးများကိုလည်း နှင်ထုတ်လိုက်ရသည်။

“မိုးကလည်း သည်းရန်ကော ဘုရား”
“သူ့ နိယာမပေကိုး”
“အရှင်ဘုရားနဲ့ ကြုံတုန်း တပည့်တော် သိချင်တာလေး မေးစမ်းပါရစေ ဘုရား”
“ဘာများတုန်း ဒကာ၊ ဖြေနိုင်တာကို ဖြေပါ့မယ်”

“အရှင်ဘုရားတို့ကို ‘ဘိက္ခု’လို့ ဘာဖြစ်လို့ခေါ်တာလဲ ဘုရာ့”
“သံသရာဘေးကို ကြောက်တတ်တဲ့ပုဂ္ဂိုလ်၊ နောက်တနည်းက အဝတ်အပိုင်းပိုင်း အပြတ်ပြတ်ကို ဝတ်လေ့ရှိတဲ့ ပုဂ္ဂိုလ်၊ အဲဒီလို ပုဂ္ဂိုလ်မျိုးကို ‘ဘိက္ခု’လို့ ခေါ်တယ် ဒကာ”

“ရဟန်း .. ဆိုတဲ့ အဓိပ္ပာယ်ရော ဘုရာ့”
“အရဟတ္တဓဇလို့ ခေါ်တဲ့ သာသနာ့တံခွန် အဝတ်ကို ဝတ်တဲ့ ပုဂ္ဂိုလ်ပေါ့”

“သမဏဆိုတာကော ဘုရာ့”
“ကိလေသာကို ငြိမ်းအောင် ပြုနေတဲ့ ပုဂ္ဂိုလ်လို့ အဓိပ္ပာယ်ရတယ်”

“ဆွမ်းကွမ်းလုံလောက်ပါရဲ့လား ဘုရား”
“လုံလောက်ပါတယ် ဒကာ”

ဆရာကြီး ဦးသုခ၏ “ရဟန်းစားရသော ဆွမ်းတစ်နပ်”ကို ကြည့်ရှုဖူးလျှင် ဇာတ်အဖွင့်ဖြစ်သော ဤအခန်းကို အမှတ်ရကြပါလိမ့်မည်။

+++++

အတိတ်ဇာတ်ကြောင်း

ကဿပဘုရားရှင်လက်ထက်တုန်းက လယ်သမားဇနီးမောင်နှံ ရွာတစ်ရွာမှာ နေကြသတဲ့။
အဲဒီလို နေကြတုန်း သူတို့ကို ဒိပြင် ရွာတစ်ရွာ သူတို့မိတ်ဆွေက အလှူအတန်း ကုသိုလ်ကောင်းမှု ပြုတဲ့နေရာဖိတ်လို့ သွားကြတာ။ သွားကြတော့၊ သူတို့ရွာက ဒိပြင်ရွာတစ်ရွာ သွားပြီးတော့ အလှူအတန်းကိစ္စပြီးလို့ ထမင်းပါ စားသောက်ပြီး နေ့လယ် ၁၁ နာရီ၊ ၁၂ နာရီပေါ့။ နေပူပူနဲ့ ကိုယ့်ရွာ ကိုယ်ပြန်လာကြတာ။

ပြန်လာတော့ သူတို့ရွာဦးထိပ်မှာ ရဟန်းတော်တွေရဲ့ ကျောင်းတိုက်တစ်တိုက် ရှိတယ်။ အဲဒီ ကျောင်းတိုက်ဘေးနားက နေပြီး သူတို့က ရွာထဲ ဝင်ရမှာဆိုတော့ ကျောင်းဘေးကနေပြီးတော့ လာရင်းနဲ့ ကျောင်းဝင်းရဲ့ ဘေးမှာ သစ်ပင်ကြီးတစ်ပင်ကလည်း ရှိတော့ အရိပ်ကောင်းကောင်း ရှိတာနဲ့ ... ကဲ နားကြအုန်းစို့ရဲ့ကွယ် ... ဆိုပြီးတော့ ဇနီးမောင်နှံနှစ်ယောက် မောမောနဲ့ သစ်ပင်ရိပ် ထိုင်ပြီးတော့ ခဏ အနားယူကြ။

ဒီတော့ နေပူထဲက လာခဲ့ရတာဖြစ်တော့ စိတ်တွေ ဘလောင်ဆန်ပြီးတော့ ပူလောင်ခဲ့ရတာ။ သစ်ပင်ရိပ် ခိုလိုက်ရတော့ စိတ်တွေ အေးပြီးတော့၊ ပြီးတော့ ကျောင်းနားဆိုတော့လဲ ရွာထဲလို ဆူဆူပွက်ပွက် မရှိဘူး။ ငြိမ်ပြီးနေတော့ သူတို့စိတ်ကလေးတွေကို ကြည်လို့ ဖြစ်နေတာ။

အဲဒီအချိန် ကျောင်းပေါ်က ကိုယ်တော်လေးတွေက စာအံနေတာကိုး။ ကိုယ်တော်လေးက ကျောင်းပေါ်က စာအံ၊ ဇနီးမောင်နှံနှစ်ယောက် အောက်နားက နားထောင်။ ပတ်ဝန်းကျင်ကလည်း ငြိမ်လို့ဆိုတော့ သူတို့ စိတ်ဝင်စား။ ပြီးတော့ ခန္ဓာကိုယ်ကလည်း နည်းနည်း ချမ်းသာနေတယ်လေ၊ အပူထဲက လာပြီးတော့ အရိပ်ထဲ ဝင်လိုက်တာဆိုတော့ စိတ်ရော ကိုယ်ရော အေးပြီး သမာဓိလည်း စိုက်၊ ခါတိုင်းနဲ့ မတူဘူး။

ဟိုက ကိုယ်တော်လေးကလည်း အသံလေး ကောင်းကောင်းနဲ့ “ရူပံ ဘိက္ခဝေ န တုမှာကံ တံ ပဇဟထ - ချစ်သားတို့ ရုပ်တရားသည် သင်တို့ရဲ့ ကိုယ်ပိုင်ဥစ္စာမဟုတ်၊ ပယ်စွန့်ကြ၊ အဲဒီ ရုပ်တရား အပေါ်မှာ ငါ, ငါ့ဥစ္စာ, ငါ့ဟာရယ်လို့ တွယ်တာနေတဲ့ တဏှာ မာန ဒိဋ္ဌိတရားတွေကို စွန့်ကြ ... စွန့်ကြ”

“နာမံ ဘိက္ခေ န တုမှာကံ တံ ပဇဟထ - စိတ်ခေါ်တဲ့ နာမ်တရားဟာလည်း သင်တို့ကိုယ်ပိုင် ဥစ္စာ အစစ်မဟုတ်ဘူး၊ ဒါက ငါ့စိတ်, ငါ့ဟာ, ငါနဲ့ ထင်နေပေမယ်လို့ ကိုယ်ဖြစ်ချင်တိုင်း ဖြစ်တာ မဟုတ်ဘူး၊ သူဖြစ်ချင်တိုင်း ဖြစ်ပြီးတော့ သူ့သဘော သူဆောင်ပြီးတော့ ဖြစ်နေတဲ့တရား၊ အဲဒီတရားပေါ်မှာ တွယ်တာနေတဲ့စိတ်တွေ လောဘ, ဒေါသ, ကိလေသာတွေလည်း ဖြိုဖျက်ကြ ... စွန့်ကြ”။

ကိုယ်တော်လေးက အဲဒီသဘော အဓိပ္ပာယ်သက်ရောက်တဲ့ စာအံနေတော့ သူတို့ ဇနီးမောင်နှံ နှစ်ယောက် နားစိုက်ပြီးတော့ ထောင်နေရင်းနဲ့ စိတ်ဝင်စားလိုက်တာလေ။ ပြီးတော့ သူတို့အချင်းချင်း ပြောသေးတယ်။ ... သြော် ဟုတ်တယ်နော်၊ ဒို့မှားလိုက်တာ ... ဒို့မှာ ဒါငါ့ရုပ် ဒါငါ့ကိုယ် ဒါငါ့အိမ် ငါ့ယာ ငါ့သား ငါ့သမီးနဲ့ ဒို့ရုပ်တွေ ငါ့ဟာ ငါ့ဟာလုပ်ပြီးတော့ နေကြတယ်။ ငါ့အမေ ငါ့အဖေ ငါ့အဘိုး ငါ့အဘွားနဲ့ ဒို့တွယ်တာပြီးတော့ နေကြတယ်။ အဲ သူတို့က သူတို့သဘော သူတို့ ဆောင်ပြီးတော့ ပျက်ချိန်ကျ ပျက်ကြ၊ သေချိန်ကျ သေတဲ့သူက သေကြ၊ ရုပ်တွေ နာမ်တွေ ပျက်စီးချင်တဲ့အချိန် ပျက်စီးကုန်ကြတယ်။ ဒို့ကသာ ငါ့ဟာ ငါ့ဟာ အော်နေတယ်။ ငါ့ဟာ အစစ်မဟုတ်ဘဲနဲ့ ဒို့ ငါ့ဟာ ထင်နေကြပါလား။

သြော် လောကကြီး ရှိသမျှ ရုပ်နာမ် ဓမ္မသဘာဝတွေက သူ့သဘောသူဆောင်နေတဲ့ ဓာတ်ကောင်တွေ ဓာတ်ရုပ်တွေ၊ ဟန်ဆောင်နေတဲ့ အရုပ်အကောင်တွေပဲ။ ဒို့က ဒို့ဟာ ထင်၊ ကိုယ်ပိုင်တယ် ထင်၊ ကိုယ်ဖြစ်ချင်တိုင်း ဖြစ်မယ် ထင်၊ ကိုယ်လုပ်သလို ရမယ် ထင်။ အဲဒီလိုနဲ့ ဒို့ ပင်ပန်းပြီးတော့ နေကြရပါလား ... တဲ့။

ကိုယ်တော်လေး စာအံတာကို၊ နာမ်ရုပ်နှစ်ပါးအကြောင်း ‘နတုမှာကသုတ်တော်’အံတာကို အောက်ကနေပြီးတော့ စိတ်ဝင်စားပြီးတော့ တခါတည်း သမာဓိစိုက်ပြီးတော့ ဉာဏ်သက်ဝင် နေကြတယ်။

အဲဒါပဲ သူတို့၊ အဲဒီ တစ်ချီပါပဲ။ သူတို့ စိတ်ဝင်စားပြီး စူးစူးစိုက်စိုက် စိတ်ဝင်စားလိုက်တာ။ နောက်တော့လည်းပဲ သူ့အကြောင်းနဲ့ သူနဲ့၊ လယ်ယာကိုင်းကျွန်းလုပ်ရ၊ သားရေး သမီးရေး ရပ်ရေး ရွာရေး မင်းရေး စိုးရေးနဲ့ နောက်တော့လည်း သူတို့ တယ်ပြီးတော့ တရားတွေ ဘာတွေ နာလား ပြုလား မရှိပါဘူး။ ဒီတစ်ချက်ကလေး သူတို့ ကောင်းကောင်း မျိုးစေ့ ဝမ်းထဲမှာ ကျသွားတာ။ အဲဒီမျိုးစေ့က အောင်တာပဲ သူ။ မျိုးစေ့ကောင်းဆိုတာ တခါလောက် ကိုယ့်သိမ်းထားလို့ရှိရင် အကြောင်းညီညွတ်လို့ မြေနဲ့ ရေနဲ့ မိုးနဲ့ အကြောင်းညီလို့ ချစိုက်ရင် ပေါက်တာပဲ။ မျိုးစေ့ ကောင်းကောင်း သိမ်းထားဖို့သာ လိုတယ်။

+++++

ပစ္စုပ္ပန်ဇာတ်ကြောင်း

မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်က သာဝတ္ထိမြို့ ဇေတဝန်ကျောင်း သီတင်းသုံးနေတော့၊ တစ်ခုသော မနက် နံနက်စောစော အရုဏ်တက်မှာ ဘုရားတို့ ဓမ္မတာ ကျွတ်ထိုက်တဲ့ သတ္တဝါ ကမ္ဘာလောကထဲ သဗ္ဗညုတဉာဏ် ဖြန့်ကျက်ပြီးတော့ ရှာလိုက်တော့ သာဝတ္ထိမြို့စွန် လယ်ယာကိုင်းကျွန်း လုပ်ကိုင် စားသောက်တဲ့ ပုဏ္ဏားဇနီးမောင်နှံနှစ်ဦး ဉာဏ်ထဲ ထင်လာတယ်။

သူတို့နှစ်ဦးက နာမည် ဘယ့်နှယ်တွင်နေတုန်းလို့ဆိုတော့ ‘ပဉ္စဂ္ဂဒါယက’ပုဏ္ဏားဇနီးမောင်နှံလို့ အရပ်ထဲက သိနေကြတယ်။ ဘာပြုလို့ သူတို့ကို ပဉ္စဂ္ဂဒါယက ခေါ်တုန်းဆိုတော့ သူတို့က လယ်ယာလုပ်ငန်းနဲ့ အသက်မွေးတာဖြစ်တော့၊ သူတို့က စပါးကောက်ဦးပေါ်လာရင် သံဃာတော်တွေကို ဦးဦးဖျားဖျား လှူလေ့ရှိတယ်။ အဲဒီလို ကောက်ဦးပေါ်ရင်၊ တလင်းဦးပေါ်ရင်၊ တလင်းစလုပ်တဲ့အချိန်၊ လယ်စဆင်းတဲ့အချိန်နဲ့ အဲဒီလို ဘာလုပ်ငန်းလုပ်လုပ်ပေါ့လေ သူက လယ်စထွန်တော့မယ်ဆို ထွန်ခါနီး လယ်ထွန်ဦးဆိုပြီးတော့ ဆွမ်းကျွေးလိုက်သေး။ တတ်နိုင်သမျှ တစ်ပါးပဲ တတ်နိုင် တတ်နိုင် သူက ဆွမ်းလောင်းသေးတယ်။

ဒီလိုနဲ့ စပါးတွေရိတ်တော့မယ်ဆိုရင် ရိတ်ဦးအလှူဆိုပြီးတော့ ဒီလို လုပ်လိုက်သေးတယ်။ ကောက်လှိုင်းတွေ အိမ်တိုက်လာပြီဆိုရင် ကောက်လှိုင်းပုံတိုက်ဦးအလှူ၊ စပါးတွေ နယ်ပြီဆိုတော့ နယ်ဦးအလှူနဲ့၊ ဒီလို သူက ဦးဦးဖျားဖျား လှူဖို့တန်းဖို့ ကုသိုလ်ကောင်းမှုပြုဖို့ လုပ်လေ့လုပ်ထရှိလို့ သူတို့ကို ပဉ္စဂ္ဂဒါယက။

ပဉ္စ-ငါးမျိုးသော လယ်ဦး၊ တလင်းဦး၊ နယ်ဦး၊ ထမင်းအိုးသို့ ထည့်ဦး၊ ထမင်းပွဲသို့ ခူးဦး။ အဂ္ဂ-အဦးအဖျား။ ဒါယက-လှူလေ့တန်းလေ့ရှိတဲ့ ပုဏ္ဏားဇနီးမောင်နှံ လို့ နာမည်တွင်နေတယ်။ အဲ .. သူတို့ နှစ်ယောက်ပဲ ဉာဏ်ထဲဝင်လာတယ် .. ဘုရားက။

ထင်လာတော့ .. သြော် ပုဏ္ဏားဇနီးမောင်နှံနှစ်ယောက် ဉာဏ်ထဲ ထင်လာတယ်။ သူတို့ ငါသွားချွတ် ရမှာပါလား။ သူတို့ ဘယ်ပုံ ချွတ်ရပါလိမ့်မတုန်း .. လို့ ချွတ်ရမယ့်အချိန် တရားဟောရမယ့်အချိန် ဘုရားရှင်များက ကြည့်ရသေးတာ။

ဘယ်အချိန် သူတို့ဆီ သွားရမယ်၊ တရားက ဘယ်လို ဟောရမယ်။ လယ်ထဲကနေ ပြန်လာတဲ့အချိန် ငါသွားရမှာပါလား၊ သူတို့အိမ် ဆွမ်းခံသွားရင် အိမ်ပေါက်က ရပ်ပြီးတော့ ငါတရားဟောရမှာပါလား၊ ဘာတရားဟောရမှာပါလားနဲ့ ဘုရားက မြင်ပြီးတော့မှ။

အဲဒါ မြတ်စွာဘုရားက အဲဒီနေ့ ဒိပြင် ရဟန်းတော် သံဃာတော်တွေ မြို့ထဲ ရွာထဲ ဆွမ်းခံကြွတဲ့ အချိန် ဘုရားက ဆွမ်းခံ မလိုက်တော့ဘူး။ အဲဒီနေ့ ဂန္ဓကုဋိတံခါးလေး စေ့ထားတယ်။ ဘုရား သီတင်းသုံးတဲ့ ဂန္ဓကုဋိတံခါးမ စေ့ထားလိုက်တယ်။ အဲဒီလို တံခါးမ စေ့ထားရင် သံဃာတော်တွေက သိတာပဲ။ မြတ်စွာဘုရားက သံဃာတော်တွေနဲ့ နေ့စဉ် ထုံးစံအတိုင်းလို ခုလို မနက်စောစော ၆ နာရီခွဲ ၇ နာရီ မြို့ထဲ ဆွမ်းခံဝင်မယ်ဆိုရင် ဘုရားက ဂန္ဓကုဋိတံခါးမကို ဖွင့်ထားတယ်။ ဖွင့်ထားရင် သံဃာတော် တွေက ဘုရားကျောင်းနား လာပြီးတော့ သင်္ကန်းရုံပြီးတော့ သပိတ်နဲ့ စောင့်နေကြတယ်။

ဘုရားရှင် ကိုယ်တော်မြတ်ကြီး မြို့ထဲ ဆွမ်းခံလိုက်လိမ့်မယ်၊ သံဃာတော်များရဲ့ ရှေ့တော်ဖျားက မားမား မတ်မတ် ရွှေတောင်ကြီးလို ကြွတော်မူလိမ့်မယ်လို့ ဒီလို သိတယ်။ ဟာ .. တံခါးလေး စေ့ထားရင် တော့ အဲဒါ ဒီနေ့ ဘုရားဆွမ်းခံ မကြွဘူး၊ အကြောင်းထူးတစ်ခုရှိတယ်လို့ ဒီလို သိတယ်၊ ဒါ ထုံးစံ။ ဒီတော့ ဘုရားက အဲဒီနေ့ တံခါးစေ့ထားတော့ သံဃာတော်တွေက သြော် .. ဘုန်းတော်ကြီးဘုရား ဒီနေ့ အကြောင်းကိစ္စရှိတယ် ထင်တယ်၊ ဒို့နဲ့ ဆွမ်းခံမလိုက်တော့ဘူး ဆိုပြီးတော့ သံဃာတော်တွေက ဆွမ်းခံဝင်သွားကြ။

အဲ ... သံဃာတော်တွေ ဆွမ်းခံပြန်လို့ ၉ နာရီ ၁၀ နာရီလောက်ကို ရှိမှ မြတ်စွာဘုရား တစ်ပါးတည်း သပိတ်ပိုက်ပြီးတော့ ခုနက ပဉ္စဂ္ဂဒါယက ပုဏ္ဏားဇနီးမောင်နှံ အိမ်ပေါက် ဆွမ်းသွားရပ်။ အဲဒီအချိန်မှာ လယ်ရှင် ခင်ပွန်းသည်ဖြစ်တဲ့ ပုဏ္ဏားက လယ်ထဲက ပြန်လာပြီးတော့ မောမောပန်းပန်းနဲ့ အိမ်မှာ ထမင်းစားနေတဲ့ အချိန်။ ဇနီးသည်ဖြစ်တဲ့ ပုဏ္ဏေးမကလည်း ထမင်း ဟင်း ခူးခပ်ပြီးတော့ သူ့ခင်ပွန်းသည်ကို ထမင်းကျွေးရင်းနဲ့ ဘေးနားက ယပ်ခတ်ပေးနေတဲ့အချိန်။ ပုဏ္ဏားက ထမင်း စားနေတာက အိမ်ဝင်းခြံပေါက်ဘက်ကို ကျောပေးပြီးတော့ စားနေတာ။ ဇနီးသည်ကတော့ ခြံဘက်ကို မျက်နှာမူပြီးတော့ သူ့ခင်ပွန်းသည် ထမင်းတို့ ဘာတို့ ကုန်ရင် ထည့်ပေးဖို့ ယပ်တောင်လေး ဘာလေး ခတ်ရင်းနဲ့ ဘေးနားက စကားပြောရင်းနဲ့ ထိုင်ပြီး ထမင်းကျွေးနေတဲ့ အချိန်။ ဘုရားက အိမ်ပေါက်ကနေ ဆွမ်းရပ်ပါရော။

ဆွမ်းလာရပ်တော့ ပုဏ္ဏားကတော့ အိမ်ခြံပေါက် ကျောပေး စားနေတာဆိုတော့ မသိဘူးပေါ့။ ပုဏ္ဏေးမက မြင်တယ်။ ‘သြော် ... ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဆွမ်းလာရပ်နေပါလား၊ ... သူ မလောင်းချင်လို့တော့ မဟုတ်ဘူး၊ သဒ္ဓါတရားကတော့ ရှိတယ်၊ ထမင်းတွေ ဟင်းတွေကလည်း ကုန်ပြီ၊ ငါ့အတွက်ကလည်း ငါက စောစောက စားပြီးပြီ၊ အခု ခင်ပွန်းသည်အတွက် တစ်ယောက်စာ ကျန်တာလည်း ခုခူးခပ်ကျွေးလို့ အိုးထဲလည်း မကျန်တော့ဘူး၊


အင်း ... ဘုရားဆွမ်းရပ်နေတယ်လို့ ငါပြောလိုက်လို့ရှိရင်လည်း ငါ့ခင်ပွန်းသည်က အခုစားနေတဲ့ လက်စ ဆွမ်းတွေ ဟင်းတွေ လောင်းတော့မှာပဲ၊ အဲ သူလောင်းတာ ကိစ္စမရှိဘူး၊ လောင်းပြီး သူ့စားဖို့အတွက် ငါက ပြန်ချက်ရလိမ့်မယ်၊ အဲဒါလေး ပြန်ချက်ပေးရမှာ သူနည်းနည်း ပျင်းတယ်၊ နေကလည်း မြင့်နေပြီဆိုတော့ တယ်မချက်ချင်ဘူး။

ဒါနဲ့ ... ကဲလေ ငါလည်း မမြင်ချင်ယောင် ဆောင်ပြီးတော့ ခေါင်းငုံ့နေမယ်။ ဒါမှ ဘုရား ကြာကြာတော့ မရပ်တန်ရာပါဘူး။ ဒီတော့ ဆွမ်းလောင်းမယ့်ပုံ မပေါ်လို့ရှိရင် ကြွလိမ့်မယ်ပေါ့ ဆိုပြီးတော့ သူက ဘုရားဆွမ်းရပ်တာ မမြင်ချင်ယောင် ဆောင်ပြီးတော့ ငုံ့နေတယ်။ ပုဏ္ဏားကြီး ကတော့ သူ့ဘာသူ ရိုးရာအတိုင်းပေါ့လေ ... ကျောပေး စားနေတာဆိုတော့ မမြင်ဘူး။ ထမင်းစားနေတာ ပုဏ္ဏားတို့ ထုံးစံအတိုင်း ကြေးလင်ပန်းကြီးနဲ့ ... ဒီလို စားတာကိုး။

ဒါပေမယ့် ဘုရားကလည်း အတော်နဲ့ မကြွဘူး။ ပုဏ္ဏေးမကလည်း လှမ်းကြည့်လိုက်။ ဘုရားကလည်း မကြွနိုင်။
‘အင်း ဒုက္ခပါပဲ၊ ပုဏ္ဏာကြီး လှည့်ကြည့်ရင်တော့ မြင်တော့မှာပဲ’ ... သူကလည်း စိတ်တွေကို ဘလောင်းဆံနေပြီ။ ဒါနဲ့ ဘုရား ... လှမ်းကြည့်လိုက်တော့လည်း ကြွမယ့်ပုံ မပေါ်ဘူး။

ဒါနဲ့ ဘုရားမြင်လောက်အောင် သူက နည်းနည်း၊ သူက ... ဟို ကိုယ်ဟန်လေး ပြပြီးတော့၊ ကန်တော့ဆွမ်းပါလို့ဆိုတာကို ပါးစပ်က ပြောလိုက်ရင် ပုဏ္ဏား သိသွားမှာ စိုးလို့၊ အသံထုတ်ပြီး ပြောရင်လည်း ပုဏ္ဏားသိသွားမှာ စိုးလို့၊ အသံတော့ မထုတ်ဘဲနဲ့ သူက ခေါင်းရမ်းပြပြီးတော့၊ နည်းနည်း .. လက်ကလေး၊ ယပ်တောင်လေးနဲ့ ရမ်းပြပြီးတော့ ... သွားပါအုန်းပေါ့ ..လေ။ ကန်တော့ဆွမ်းပါဆိုတဲ့ အနေမျိုးဟန်နဲ့ သူက ပြလိုက်တယ်။

ဒီတော့ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးကလည်း ပြန်ပြီးတော့ ‘မသွားဘူး’တဲ့ ... ခေါင်းပြန်ရမ်းပြတယ်။ ဒီတော့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးလို တကယ့်ပုဂ္ဂိုလ်ထူးကြီးက မသွားဘူးဆိုတဲ့ အနေနဲ့ ခေါင်းပြန်ရမ်းပြလိုက်တော့ ပုဏ္ဏေးမက မနေနိုင်ဘူး၊ သူက ရယ်ချင်နေတာ။ ဒါနဲ့ သူက ဟက်ဟက်ပက်ပက် ရယ်လိုက်မိတယ်။

အဲဒီလို ရယ်လိုက်တော့မှ ပုဏ္ဏားက “ဟဲ့ ... ဘာတုန်း ရှင်မရ”ဆိုပြီးတော့ လှည့်ကြည့်တော့မှ ဘုရားမြင်တော့ ‘အို ... မြတ်စွာဘုရား ဆွမ်းလာရပ်နေပါလား၊ ဒို့ စားစရာ သောက်စရာက ငါထမင်းတွေ စားနေတာက တစ်ဝက်တောင် ကျိုးလာပြီ၊ ဘယ့်နှယ် လုပ်ရပါမတုန်း’ ဆိုပြီး ကဗျာကယာနဲ့ သူ့ထမင်းလင်ပန်းကြီး မ,သွားပြီးတော့ -

“အရှင်ဘုရား၊ တပည့်တော် စားနေတာလည်း တစ်ဝက်ကျိုးနေပြီ ဘုရား၊ အရှင်ဘုရားများ ဒီလို စားလို့ ကျန်တဲ့ တစ်ဝက်ကျန်ကိုလည်း အလှူများ ခံပါသလား ဘုရား” မေးတော့၊ ဘုရားရှင်က “ပုဏ္ဏား ... တဲ့၊ ဒို့အလှူခံစားဆိုတာ တစ်ဝက်ကျန်လှူလည်းပဲ အလှူခံပါတယ်၊ သုံးပုံပုံ တစ်ပုံကျန်နေတာ လှူလည်းပဲ အလှူခံပါတယ်၊ ဒို့ အလှူခံဆိုတာ သူတပါးနဲ့ စပ်ပြီးတော့ အသက်မွေးရတာဖြစ်တော့ လောင်းသမျှ လှူသမျှ အလှူခံပါတယ်၊ သုံးဆောင်ပါတယ်” လို့ ပြောလိုက်တော့ ပုဏ္ဏားဝမ်းသာလိုက်တာ။

ဒီတော့ ပုဏ္ဏေးမကလည်း အဲဒီကျတော့ စိတ်ထဲ နည်းနည်း အေးသွားတယ်။ ဒါနဲ့ သူတို့ဇနီးမောင်နှံနှစ်ယောက် ဝမ်းမြောက်ဝမ်းသာနဲ့ ပုဏ္ဏားက သူစားလို့ ကျန်နေတဲ့ တစ်ဝက်ကျန် ထမင်းတွေ ဟင်းတွေ ဘုရားသပိတ်ထဲ လောင်းထည့်၊ ဘုရားက သပိတ်ဖွင့်ပေး၊ ဖွင့်ပေးတော့မှ လောင်းထည့်ပြီးတော့ တကတည်း ဝမ်းသာလိုက်တာ။ အဲဒီတင် လင်ပန်းလေး ပြန်ချ၊ လက်ကလေး သုတ်ပြီးတော့ ဘုရားကို ဝတ်ချတယ်။

ဝတ်ချပြီးတော့မှ ပုဏ္ဏားက ဖျတ်ကနဲဆိုပြီး သူက သတိရတယ်။
“မှန်လှပါ ဘုရား၊ တပည့်တော် အရှင်ဘုရားနဲ့ တွေ့ရင် မေးချင်နေတာလေး ပြဿနာလေးတစ်ရပ် တပည့်တော် မေးချင်နေတာ၊ စိတ်ထဲ ကြာပြီဘုရား၊ မေးချင်နေတာ အဲဒါလေး မေးပါရစေ”

“မေးပါ ... မေးပါ ... မေးပါ” ဘုရားက ဒီလို ပြဿနာမေးလိမ့်မယ်ဆိုတာ ဘုရားက မြင်ပြီးသား။
ဒီတော့ “မေး ... မေး ... ဘာမေးချင်တုန်း”ဆိုတော့မှ ပုဏ္ဏားက မေးတယ်။

“အရှင်ဘုရားရဲ့ သာသနာတော်ကို ဝင်လာတဲ့ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းကို ဘယ်လို အမျိုးကပဲ ဝင်လာလာ၊ ‘ဘိက္ခု’လို့ အရှင်ဘုရားက ခေါ်တော်မူတယ်၊ နာမည်ပေးတော်မူတယ်၊ မင်းမျိုးစိုးမျိုးက ဝင်လာလည်းပဲ အရှင်ဘုရား သာသနာတွင်း ဝင်လာရင် ယောက်ျားပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် ‘ဘိက္ခု’လို့ နာမည်ပေးလိုက်တယ်၊ ပုဏ္ဏားမျိုးက ဝင်လာတဲ့သူလည်း ဘိက္ခု၊ တောင်သူ လယ်ယာ ကိုင်းကျွန်းလုပ်ကိုင်တဲ့သူပဲဖြစ်ဖြစ် သူဌေးသူကြွယ်က လာတဲ့သူပဲဖြစ်ဖြစ် ရဟန်းယောက်ျား ရဟန်းမဖြစ်ရင် ဘိက္ခုလို့ချည်း ခေါ်တယ် ဘုရား၊ အဲဒါ ဘာပြုလို့ ဘိက္ခု ... ဘိက္ခုလို့ ခေါ်တာတုန်း၊ ဘာပြုလို့ ဘိက္ခုခေါ်တာတုန်း၊ ဘိက္ခုဆိုတာ ဘယ်လိုပုဂ္ဂိုလ် ခေါ်တာတုန်း”လို့ မေးတာ ... ပုဏ္ဏားက။

ဒီတော့ ဘုရားက -
ပုဏ္ဏား ... တဲ့၊ ဘိက္ခု .. ဘိက္ခုလို့ ခေါ်တယ်ဆိုတာ ကိလေသာစု ဖြိုဖျက်မှုပြုတဲ့သူတိုင်း၊ ကိလေသာကို ပယ်ရှင်းမှု ပြုတဲ့ သူတိုင်း ဘိက္ခုလို့ ခေါ်တယ်။ ငါဘုရားရဲ့ သာသနာတော်ဝန်ကို ထမ်းလာတဲ့ ပုဂ္ဂိုလ်တွေကိုသာ ဘိက္ခုခေါ်သည် မဟုတ်၊ ဆံမုတ်ဆိတ်ကျင်စွယ် ရိတ်ပယ်ပြီးတော့ ဝါဝါဝတ်ကို ပြောင်းဝတ်လာတဲ့ ပုဂ္ဂိုလ်တွေမှသာ ဘိက္ခုခေါ်သည် မဟုတ်၊ ကိလေသာစု ဖြိုဖျက်မှု ပြုတဲ့ သူတိုင်းကို ဘိက္ခုလို့ ခေါ်တယ် ပုဏ္ဏား။

ငါဘုရားသာသနာတော် ဝင်လာတဲ့ ပုဂ္ဂိုလ်တွေကတော့ သူတို့က အထူးကို ကိလေသာဖြိုဖျက်မှုကို ပြုလို့ သူတို့ကို ဘိက္ခုလို့ နာမည်ပေးလိုက်တာပဲ။

အမှန်စင်စစ်ကတော့ အခု သင်တို့ ဇနီးမောင်နှံဟာ အခု ငါဘုရားရဲ့ သပိတ်ထဲမှာ ထမင်းကျန် ဟင်းကျန်ကို လောင်းပြီးတော့ နေတဲ့အချိန် ဘိက္ခုပဲ ... တဲ့။ ဘိက္ခုပဲ ... သင်တို့နှစ်ယောက်။

ဒီတော့ ပုဏ္ဏားဇနီးမောင်နှံနှစ်ယောက်က စိတ်ပါဝင်စားစွာနဲ့ နားစိုက်နေတယ်။
အလို ... ဒို့လည်း ဘိက္ခုဆိုပါလား၊ ဟင် .. သူ့ရဲ့ ဒီသင်္ကန်းဝင်ဝတ်မှ ခေါင်းတုံးရိတ်မှ ဒို့က ဘိက္ခုထင်နေတာ၊ ကြည့်ပါအုန်း၊ ဒို့လည်း ဘိက္ခုဆိုပါလားနဲ့ စိတ်ထဲက စိတ်ဝင်စားပြီး နားစိုက်နေတယ်။

ဘုရားရှင်ကိုယ်တော်မြတ်ကြီးကလည်း သင်တို့ နှစ်ယောက်ကလည်း အခု ဘိက္ခုပဲတဲ့။ ဘာပြုလို့ တုန်းဆိုတော့ ကိလေသာ ဖြိုဖျက်မှု ပြုလို့လေ။ အခု သင်တို့ ဘာကိလေသာ ဖြိုဖျက်တုန်းဆိုတော့ အခု စားပြီးနေတဲ့ ထမင်းလက်ကျန်၊ ကိုယ့်စားနေတဲ့ ထမင်း အစာအာဟာရအပေါ်မှာ ဒါ ငါ့ပစ္စည်း, ဒါ ငါ့ဟာ, ဒါ ငါ့ဥစ္စာ, ဒါ လောဘ။ အဲဒီ စားနေတဲ့၊ ကိုယ်ထမင်းစားခါနီး စားဆဲ စားလို့ တစ်ဝက်ရောက်နေတဲ့ဟာကို သူများပေးနိုင်တယ်ဆိုတာ နည်းနည်းနောနော သတ္တိမှတ်လို့။ ကိုယ်စားကောင်းနေတုန်းဟာကို သူများ ပေးရတာ၊ လွယ်တဲ့ ကိစ္စမှတ်လို့။

ဒီတော့ အခု ပုဏ္ဏားဇနီးမောင်နှံနှစ်ယောက်က သူတို့စားနေတဲ့ ထမင်းဟင်းကို ပုဏ္ဏားကြီးက ပေးနိုင်တယ်။ ဇနီးက သဘောတူတယ်။ ဒီတော့ ဒီထမင်းအပေါ်မှာ တွယ်တာနေတဲ့ လောဘကို ဖြိုချလိုက်တာပဲ။ လုပ်တာကတော့ ဆွမ်းလောင်းတယ်ဆိုတဲ့ ဒါန ကောင်းမှု ပြုတာ။ အမှောင်ထဲ မီးထွန်းလိုက်သလိုပဲ။ မီးထွန်းလိုက်သည်နဲ့တပြိုင်နက် လောဘဆိုတဲ့ အမှောင်ဓာတ်ကြီး တခါတည်း ဖြိုချလိုက်တယ်။

မြတ်စွာဘုရားက ပုဏ္ဏားဇနီးမောင်နှံကို -

သဗ္ဗသော နာမရူပသ္မိံ၊ ယဿ နတ္ထိ မမာယိတံ၊
အသတာ စ န သောစတိ၊ သ ဝေ ဘိက္ခူတိ ဝုစ္စတိ။

နာမ်ရုပ်တရား နှစ်ပါးအပေါ်မှာ ငါ, ငါ့ဥစ္စာ, ငါ့ဟာ, ငါမို့လို့ဆိုတဲ့ ဒီတရားတွေကို ပယ်ရှား ဖြိုဖျက်နိုင်တဲ့ ပုဂ္ဂိုလ်၊ နာမ်ရုပ်နှစ်ပါး ပျက်စီးသွားလို့လည်းပဲ တောင့်တပြီး သောကပူဆွေး မဖြစ်တဲ့ ပုဂ္ဂိုလ်၊ အထူးသဖြင့်ကတော့ ဒီရုပ်နာမ် နှစ်ပါး အခြေခံပြီးတော့ ဖြစ်နေတဲ့ တွယ်တာမက်မောစရာ သက်ရှိ သက်မဲ့တွေအပေါ်မှာ တွယ်တာမက်မောမှုဆိုတဲ့ လောဘက စပြီးတော့ ကိလေသာစု ဖြိုဖျက်မှု ပြုတဲ့ ပုဂ္ဂိုလ်တိုင်း ဘိက္ခုခေါ်တယ် ... လို့ ဒီလို ဟောလိုက်တာပဲ လိုရင်းက။

အဲဒီလို ဟောလိုက်တယ်ဆိုရင်ပဲ ပုဏ္ဏားဇနီးမောင်နှံ သောတာပန်တည်၊ ပြီးနောက် အနာဂါမ်တည်သွားတယ်။ နာမ်ရုပ်ဆိုတဲ့ အသံလေးကလည်း သူတို့က ကြားတယ်လေ။

+++++

ရဟန်းတော်များက ... ပုဏ္ဏားဇနီးမောင်နှံ သောတာပန်၊ အနာဂါမ်တည် လျင်မြန်ခြင်း၊ စားပြီး တစ်ဝက်ကျန် ဆွမ်းလောင်းလှူ၍ ဂါထာတစ်ပုဒ်မျှ တရားနာကြားခြင်းဖြင့် တရားထူး ရခြင်းအကြောင်း ... မေးမြန်း ပြောဆိုကြရာ ဘုရားရှင်က ရှေးကောင်းမှုဖြစ်သော အတိတ် ဇာတ်ကြောင်းကို ဟောတော်မူ၏။

+++++

အထက်ပါ အမရပူရမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက် နာယကချုပ်ဆရာတော် ‘အရှင်ကုဏ္ဍလာ ဘိဝံသ’၏ “ပဉ္စဂ္ဂဒါယကဝတ္ထု - ဘိက္ခုခေါ်ပုံတရားတော်” ကောက်နုတ်ချက် အတိတ်ဇာတ်ကြောင်း၊ ပစ္စုပ္ပန်ဇာတ်ကြောင်း ဟောစဉ်တရားကို ဖတ်ရှု နာယူပြီး၊ ‘ဒီပဲယင်း ဆရာတော်ဘုရားကြီး’၏ “ပရမတ္ထစက္ခုကျမ်း”လာ ဤဝတ္ထုအကြောင်း ဆရာတော်ကြီး အနှစ်ချုပ်ရေးသားထားသည်ကို အောက်တွင် ဖတ်ရှု ကြည်ညိုစေလိုပါသည်။

+++++

သာဝတ္ထိပြည်တွင် ဥစ္စာပေါများ ပုဏ္ဏားသူကြွယ် လင်မယား ထမင်းစား၍နေရာ
ဘုရားမြတ်စွာ ဆွမ်းရပ်လာသည်ကို မယားက သိ၍ လင်မသိလေအောင် မျက်စောင်းကိုညိတ် မျက်ရိပ်ပြ၍ ကန်တော့လေသော် ဆွမ်းမရလျှင် ငါမသွားဟု ဘုရားက ခေါင်းခါသည်ကို ရယ်မိ၍ လင်သိလေလျှင်

စားဆဲ ထမင်းပွဲကို ချီ၍ “ဘုန်းတော်ကြီးသော အရှင်ဘုရား၊ စား၍ ထက်ဝက်ကျချေပြီ၊ အလှူခံကောင်းလျှင် အလှူခံတော်မူပါဘုရား”ဟု လျှောက်ထားသောအခါ

“ဒကာပုဏ္ဏား၊ ငါတို့ဘုရားမည်သည်မှာ သူတောင်းစားနှင့် အလားတူသည်။ အဦးကို လှူလျှင်လည်း အလှူခံကောင်း၏။ စား၍ ထက်ဝက်ကို လှူလျှင်လည်း အလှူခံကောင်း၏။ စား၍ အကြွင်းအကျန်ကို လှူလျှင်လည်း အလှူခံကောင်း၏”ဟု မိန့်တော်မူလျှင် ဝမ်းမြောက်ဝမ်းသာ လှူပြီးမှ

“အရှင်ဘုရား၊ အရှင်ဘုရား၏ တပည့်သား ရဟန်းတော်တို့ကို အဘယ်ကြောင့် ဘိက္ခုခေါ်ပါသလဲ ဘုရား”ဟု လျှောက်ထားလေ၏။

ထိုအခါ -

သဗ္ဗသော နာမရူပသ္မိံ၊ ယဿ နတ္ထိ မမာယိတံ၊
အသတာ စ န သောစတိ၊ သ ဝေ ဘိက္ခူတိ ဝုစ္စတိ။

ဗြာဟ္မဏ၊ သူကြွယ်ပုဏ္ဏား။ ယဿ၊ အကြင်မိန်းမ အကြင်ယောက်ျားအား။ နာမရူပသ္မိံ၊ နာမ်ရုပ်၌။ မမာယိတံ၊ ငါ, ငါ့ဟာဟူ၍ တွယ်တာ မြတ်နိုးခြင်းသည်။ နတ္ထိ၊ အခါခပ်သိမ်း မရှိ။ အသတာ စ၊ ပျောက်ခဲ့ ပျက်ခဲ့သော်လည်း။ န သောစတိ၊ မပင်မပန်း မစိုးရိမ်။ သ-သော၊ ထိုကဲ့သို့သော မိန်းမ ယောက်ျားကို။ တေန၊ ထိုအတွယ်အတာ အစိုးအရိမ် မရှိခြင်းကြောင့်။ ဝေ၊ စင်စစ်။ဘိက္ခူတိ၊  ဘိက္ခုဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။

ဤလို ဤဂါထာကို ဘုရားဟောလိုက်လျှင် လင်မယား နှစ်ယောက်လုံး ဂါထာအဆုံး၌ သောတာပန်၊ သကဒါဂါမ် အစဉ်အလျောက် အနာဂါမိဘုံသို့ ဆိုက်ရောက်ကြကြောင်းကို ဓမ္မပဒအဋ္ဌကထာ (ဓမ္မ၊ ဋ္ဌ၊ ၂။ ၃၆၉။)၌ ဆိုသည်။

ဤဝတ္ထု၌ လင်မယားနှစ်ယောက်တို့ ဉာဏ်အမြင်ထက်သန်သည့်အတွက် ရုပ်ဟူသော အသံ၊ နာမ်ဟူသောအသံကို ကြား၍ စဉ်းစားဆင်ခြင်သော် အကြောင်း အကျိုးဖြစ်သော နာမ်ရုပ်အစစ်ကို အမှန်ကျ တရှိန်တည်း သိနိုင်သော ယထာဘူတဉာဏ်၊ ငြီးငွေ့ခြင်း နိဗ္ဗိန္ဒဉာဏ် ဤနှစ်တန်သော ဝိပဿနာဖြင့် လောကီကို ကျော်ဖောက်၍ လောကုတ္တရာဘက်သို့ ရောက်နိုင်ကြသည် ဟူ၍ မှတ်ရမည်။

ဘိန္ဒတီတိ ဘိက္ခု။ (ဝိဂြိုဟ်)။
ဘိန္ဒတိ၊ ငါ, ငါ့ဟာဟူ၍ ထင်မှတ်စွဲလမ်းတတ်သော တဏှာ မာန ဒိဋ္ဌိကို ဖျက်ဆီးတတ်၏။ ဣတိတသ္မာ၊ ထို့ကြောင့်။ ဘိက္ခု၊ ဘိက္ခုမည်၏။ (အနက်)

+++++

စာကိုး
‘အရှင်ကုဏ္ဍလာဘိဝံသ’၏ “ဟောစဉ် တရားပေါင်းချုပ် အမှတ် (၄)”
‘ဒီပဲယင်းဆရာတော်ဘုရားကြီး’၏ “ပရမတ္ထစက္ခုကျမ်း”


Posted by  LokaChantha