ဂါရဝေါစ နိဝါတောစပါတဲ့ခင်ဗျာ
(၁)
သီတင်းကျွတ်ပြီ။ သီတင်းကျွတ်ပြီ။ဝါလလွတ်ကင်း
သီတင်းကျွတ်ပြီ။သီတင်းကျွတ်ပြီဆိုတော့ ရိုးရာဓလေ့နဲ့အညီ အသက်ကြီးသူတွေကို ငယ်သူတွေက
ကန်တော့ကြတာပ။ တချို့တွေကျတော့ ညွတ်ညွတ်နူးနူး ဦးချကန်တော့ကြတာ။ တချို့ကတော့ အစဉ်အလာမို့
ဝတ်ကျေတမ်းကျေ။ ဘာပဲဖြစ်ဖြစ်ဗျာ သီတင်းကျွတ်တာနဲ့ ဆရာသမားလူကြီးတွေကို ကန်တော့ဖို့
မေ့နေရင်တောင်မှ သတိရအောင် လှုံ့ဆော်ပေးနေတာတော့ သဘောအကျသား။
(၂)
“ဘာရယ်ဗျ၊ အသက်ကြီး ၀ါကြီးတွေကို
ကန်တော့ဖို့၊ ဂါရ၀ပြုဖို့၊ အရေးထားဖို့ လေးစားဖို့ ဟုတ်လား၊ တော်စမ်းပါဗျာ။ တစ်နှစ်လုံး
မေ့နေတာတွေ ဒီလမှ ခဏလေး ဘုရားစူးလွတ်၊ ကျမ်းစူးလွတ် တစ်ရေးနိုးတာများ”
မိတ်ဆွေကြီးတစ်ယောက်က
စကားစဆက်ပါတယ်။ ခြေဆင်းစပြီဆိုတော့ ဆက်တိုက်လာတော့မှာ သိလို့ အသာလေးငြိမ်ပြီး နားထောင်နေလိုက်ပါတယ်။
“ကျုပ်နမူနာတစ်ခု ပြောပြမယ်။
အဲဒီပုဂ္ဂိုလ်လေဗျာ၊ သိတယ်မဟုတ်လား”
သူပြောတဲ့နာမည်ကို မသိပေမယ့်
စကားထောက်လိုက်တယ်။
“ဆိုပါဦးဗျာ”
“သူက နိုင်ငံခြားမှာ ကြီးပွားနေပြီဗျာ၊
ကျုပ်က သူ့ထက် အသက်လည်းကြီး၊ ၀ါလည်းကြီးပါတယ်။ သူ့ဘ၀ ခရီးတစ်ထောင့် တစ်နေရာမှာ ကျုပ်ကူညီခဲ့ဖူးတာကတော့
ထားပါတော့ဗျာ။ ဖြူဖြူစင်စင်နဲ့ ကူညီခဲ့တာ။ သူနေတဲ့မြို့ကို မကြာခဏရောက်တော့ ဖုန်းဆက်တယ်။
နှုတ်ဆက်တယ်ပေါ့ဗျာ။ ဆက်တဲ့အခါတွေမှာ ဖုန်းရတဲ့အခါရ၊ မရတဲ့အခါ မရနဲ့ပေါ့ဗျာ။ ဒါပေမဲ့
ဖုန်းရတဲ့ အခါတွေမှာတော့ ကောင်းကောင်းမွန်မွန် ပြောပါတယ်။ ဘယ်တုန်းက ရောက်သလဲ၊ မြန်မာပြည်
ဘယ်တော့ပြန်မှာလဲ၊ ဆုံရအောင်၊ ထမင်းကျွေးမယ်၊ လာခဲ့ပါ၊ ဘာညာနဲ့ပေါ့ဗျာ”
“အဲဒီတော့”
“ပထမတော့ သွားတာပေါ့ဗျာ၊
တွေ့တာပေါ့။ စကားတွေဘာတွေ ပြောကြပေါ့။ စားကြတာပေါ။ နောက်တော့ တဖြည်းဖြည်းတွေးမိတယ်။
သွားရတာ အချိန်ကုန်တယ်။ တက္ကစီခ ကုန်တယ်။ နည်းတာမဟုတ်ဘူး။ ကိုယ့်ဘာသာလည်း စားနိုင်သောက်နိုင်တာပဲဟာ။
ကိုယ်ကချည်း သွားတွေ့နေရတာ ကြာတော့ ကိုယ်ကပဲ သူကျွေးတာမွေးတာ စားချင်သောက်ချင်လို့
ဖြစ်လာရော”
“ခင်ဗျားကလည်းဗျာ၊ သူကအလုပ်ကြီး
အကိုင်ကြီးနဲ့ဆိုတော့ မအားလို့ နေမှာပေါ့ဗျာ”
“ဟုတ်ပါတယ်။ ကျုပ်လည်း
အဲသလို အောက်မေ့လို့ နားလည်စွာနဲ့ သွားသွားတွေ့တာပေါ့ဗျာ။ သံယောဇဉ်လည်း ရှိတာကိုး။
ဒါပေမဲ့ နောက်တော့ တွေ့လာရတာက သူ့အလုပ်နဲ့ ဆက်စပ် ပတ်သက်သူတွေ၊ သူ့အတွက် တစ်စုံတစ်ရာ
အကျိုးပြုနိုင်သူတွေကိုကျတော့ မြစ်ကူး ချောင်းခြားလည်း သွားတွေ့သဗျ၊ ဧည့်ခံသဗျ”
“ဒါနဲ့...”
“သြော် ကိုယ်က သူ့ကို
အကျိုးမှ မပြုနိုင်တာလေ။ ဒီလိုပဲ ရှိပေမပေါ့။ အသက်တွေ၊ ၀ါတွေ ကျေးဇူးတွေ မေ့ထားလိုက်တော့ဆိုပြီး
ဖုန်းလည်းမဆက်၊ သွားလည်းမတွေ့တော့ဘူးဗျာ။ အနည်းဆုံး အလုပ်ရှုပ်စရာ တစ်ခုလျော့သွားတယ်။
တက္ကစီခကုန်မှာ ကိုယ့်ဘာသာ ကောင်းကောင်းစားလိုက်တယ်”
(၃)
“ခင်ဗျားက အသက်တွေ၊ ၀ါတွေပြောနေ
ကျုပ်က ဂုဏ်ပါကြီးတာဗျ”
နောက်တစ်ယောက်က စကားဝိုင်းထဲ
ဝင်လာတယ်။
“သူငယ်ချင်းသံယောဇဉ်နဲ့
ကူညီပြီး ဘကြီးနွား အငှားကျောင်းပေးတာကို သူ့တပည့်တွေက သူ့ဆရာရဲ့ အမှုထမ်းလိုမျိုး ဆက်ဆံလိုဆက်ဆံ၊
စော်ကားတဲ့စကားပြောလို ပြောနဲ့ဗျာ”
“ခင်ဗျားကမှ အနေမတတ်တာကိုး။
စကတည်းက ဘာမှမစခဲ့ရင် ပြီးနေတဲ့ဟာကို”
အောင်မြင်ကြီးပွား ပုဂ္ဂိုလ်များကို
ရိုးသားစွာ သူငယ်ချင်းသံယောဇဉ်နဲ့ ၀င်ထွက်လုပ်ကိုင်ပေးတာကို အဲသလိုမြင်ကြ ဆက်ဆံကြဆိုတော့လည်း
ခံရသူခမျာ အောင့်ရှာမှာပေါ့လေ။
(၄)
လူငယ်တွေ၊ ကလေးတွေမပြောနဲ့၊
လူလတ်ပိုင်းတွေမှာတောင်မှ အမြင်တွေ၊ ခံယူချက်တွေ မဟုတ်ချင်တော့တာ တွေ့ရပါတယ်။ ရာခိုင်နှုန်း
အနည်းအကျဉ်းလောက်ပဲဖြစ်မယ်လို့ ယူဆ ယုံကြည်မိပေမယ့် အရင်ကထက် ပိုများလာကြောင်း သတိထားမိပါတယ်။
မယဉ်ကျေးတဲ့ အပြုအမူတွေ မြင်တွေ့လာရတယ်။ မယဉ်ကျေးတဲ့ စကားတွေကြားလာရတယ်။ မယဉ်ကျေးတဲ့
အတွေးအခေါ်တွေ သိလာရတယ်။
မယဉ်ကျေးတဲ့နောက်မှာ ပါလာတာက မလေးစားတာကြီးသူကို
အရေးမထားဘူး။ ရွယ်တူကို မလေးစားဘူး။ ငယ်သူကို သနားညှာတာခြင်း မရှိဘူး။ ဒါကြီးတွေများ
အရေးထားစရာ၊ လေးစားစရာလားဆိုတဲ့ စကားကို မကြာခဏ ကြားဖူးတယ်။(၅)အဲသလိုမျိုး လူလတ်ပိုင်းတွေက
မွေးလာတဲ့ ကလေးတွေကျတော့ရော ဘာတွေဖြစ်လာသလဲ။ မျက်စိရှေ့တင် မြင်နေရတာ များပါပြီ။
‘ဒီဘဲကြီး’ ‘ဒီအဘိုးကြီး’
‘ဒီအဘွားကြီး’ ‘ဒီစော်ကြီး’ စတဲ့အသုံးအနှုန်းတွေ သုံးစွဲပြီး မိကြီး၊ ဘကြီး၊ ဘိုးကြီး၊
ဘွားကြီးတွေကို ခေါ်တာတွေ ကြားရတယ်။ ခေါ်မထူးမေး မဖြေခိုင်းမလုပ်တွေ တွေ့လာရတယ်။
“ဟုတ်သဗျ။ ကျုပ်လေယာဉ်စီးတော့
တွေ့ခဲ့တာဗျာ။ ကျုပ်က လမ်းနံဘေးခုံမှာ ထိုင်တာ။ အဲဒီချာတိတ်အသက်က ၁၁ နှစ်လောက် ၁၂ နှစ်လောက်ရှိမှာပေါ့။
အပေါ့သွားဖို့ ထွက်တာဖယ်ပေးဖို့ ခွင့်မတောင်းဘူး၊ ပြန်လာတော့လည်း ၀င်ဖို့နေရာဖယ်ပေးဖို့
ခွင့်မတောင်းဘူး။ ကျုပ်က အလိုက်တသိနဲ့ ခါးပတ်ဖြုတ်ပြီး ထပေးရဖယ်ပေးရတာ။ ကျေးဇူးတင်စကား
ပြောဖို့ဆိုတာဝေးရော”ပြီးတော့ ဆက်ပြောပါတယ်။
“၀တ်ထားတာက စွပ်ကျယ်လက်ပြတ်နဲ့ဗျာ”
(၆)
“ခင်ဗျားဗျာ၊ ကိုယ့်အထက်အရာရှိကို
စွပ်ကျယ်လက်ပြတ်နဲ့ လာတွေ့ရသလား။ မလေးမစားနဲ့ဗျာ၊ သွား အခုပြန်အင်္ကျီဝတ်ချေ”
နောင်တော်ကြီးတစ်ယောက်
သစ်တောဝန်ထောက်ဘ၀က သူ့သစ်တောပျိုးဥယျာဉ်ကို သစ်တော ၀န်လာစစ်ရာမှ စွပ်ကျယ်လက်ပြတ်ဝတ်ပြီး
သွားတွေ့တော့ အပြောခံရတဲ့စကား မှတ်သား ခဲ့ရပါတယ်။ ဟုတ်လည်းဟုတ်ပါတယ်။ ၀တ်စားဆင်ယင်မှု
ယဉ်ကျေးခြင်း၊ ကိုယ်နှုတ်အမူအရာ ယဉ်ကျေးခြင်း၊ စိတ်ယဉ်ကျေးခြင်း ဆက်စပ်နေပါတယ်။
(၇)
“ရိုးရာဓလေ့ယဉ်ကျေးမှုသာ
ပြောနေတာဟေ့။ ကြီးသူတွေမှာလည်း သီတင်းကျွတ် ကန်တော့တယ် ဆိုပြီး တရားဝင်လာပေးမယ့် လာဘ်လာဘကို
မျှော်သူတွေရှိလာတယ်။ အခွင့်အရေး လိုချင်သူ တွေကလည်း ဒီအချိန်မှာ လွတ်လပ်ပွင့်လင်းစွာနဲ့
ဂါရ၀ပြုနိုင်တယ်။ အချိန်ယူရ၊ တန်းစီရနဲ့ကွာ။ နောက်ပြီး ကြီးသူတွေရဲ့ သားသမီးတွေကလည်း
ပျော်ကြသကွ”
နှံ့နှံ့စပ်စပ်ရှိတဲ့
မိတ်ဆွေကြီးတစ်ယောက်က ပြောပြပါတယ်။“သူတို့က ခြင်းစီးပွားရေး (Basket Business) လုပ်တယ်လေကွာ။
တချို့ဆို အဲဒီကန်တော့ခြင်းကို အရင်းပြု၊ သူတို့မိဘတွေကို လာကန်တော့တဲ့သူတွေကို ပြန်ကန်တော့၊
ဟိုလူတွေက ငွေစက္ကူစိမ်းစိမ်းတွေ စာအိတ်အကြီးကြီးနဲ့ မုန့်ဖိုးပေးနဲ့ကွ”
(၈)
ရုပ်ပစ္စည်းပေါ် အခြေခံတဲ့
လူမှုဆက်ဆံရေးတွေ ထွန်းကားလာလို့ ရိုးရာယဉ်ကျေးမှုတောင်မှ အရောင်ဆိုးခံရစ ပြုနေပြီ။ ဒါပေမဲ့
ဘာမှမျှော်ကိုးခြင်း၊ ရလိုခြင်းမရှိတဲ့ အဖြူရောင်သန့်သန့် သီတင်းကျွတ်ကန်တော့ပွဲတွေကတော့
ကြည်နူးစရာပါ။
ကိစ္စမြားမြောင် လူတို့ဘောင်မှာ
တစ်နှစ်တာမအား အလုပ်များလို့ မသွားဖြစ် မရောက်ဖြစ်သမျှ ဒီအချိန်လေးမှ ရောက်အောင်သွားကြပြီး
သက်ကြီးရွယ်အိုများကို ရုပ်ဝတ္ထုလိုအပ်ချက်နဲ့ စိတ်ခံစားမှု လိုအပ်ချက်တွေ ဖြည့်ဆည်းကန်တော့ကြတယ်။
ငွေကြေးမလို၊ ကြင်နာဂရုစိုက်မှုသာလိုတဲ့
ကြီးသူတွေကျတော့ လာကန်တော့ကြသူတွေကို တစ်နှစ်တစ်ခါ မုန့်ဖိုးပေးကြ၊ သူတို့ပျော်နေကြတာကြည့်ပြီး
ဝမ်းသာအားရ ပီတိဖြစ်ရနဲ့ပေါ့။
(၉)
ကျုပ်တို့လို ကြားက စကောစကကြီးတွေ
ကျတော့လား။ ကိုယ့်ထက်ကြီးသူတွေကို သွားကန်တော့ရင်း ဇရာကို ဆင်ခြင် သံဝေဂယူ။ ကိုယ့်ကို
လာကန်တော့ကြသူတွေ ရှိလာတော့ ကိုယ့်ကိုယ်ကိုယ် ကိုယ်ပြန်သုံးသပ်၊ ကိုယ့်ဘာသာကိုယ် ကြည်ညိုနိုင်ပြီလား
မေးနဲ့ပေါ့။
နောက်ပြီးတော့ ဆန်လဲဆန်၊
စုန်လဲစုန်ပေါ့ဗျာ။ ကြီးသူများကို တတ်အားသရွေ့ ကန်တော့သလို ငယ်သူများကိုလည်း လာကန်တော့ရတဲ့အတွက်
ဝန်မတက်ရအောင် ပြန်စောင့်ရှောက်ရတယ်။ ဘာကောင်မှမဟုတ်လို့ ၀င်းဝင်းမလုပ်နိုင်ပေမယ့်
လုပ်နိုင်ရင်တောင် မလုပ်ချင်ပါဘူးဗျာ။ အခုတော့ ပေးပေးလုပ်ရမှာမို့ ဖွတ်ကလိဒင်္ဂါး အပြေးအလွှား
ရှာလိုက်ပါဦးမယ်ခင်ဗျာ။
by: မောင်စံပေါ
http://www.news-eleven.com