ကုသိုလ်၊ ပညာ၊ ဥစ္စာ တစ်ခုခုရပါစေ
စက္ခုအမြင်အာရုံ မချို့ယွင်းသော
လူမှန်သမျှ နေထွက်သည်ကိုလည်း အကြိမ်ကြိမ် မြင်ဖူးကြသည်။ နေဝင်သွားသည်ကိုလည်း အကြိမ်ကြိမ်
မြင်ဖူးကြပါလိမ့်မည်။ သို့ဆိုလျှင် နေတစ်ကြိမ် ထွက်ပေါ် လာသည်ကိုမြင်တိုင်း ဤတစ်နေ့ကိုအရှုံးဖြင့်
ကုန်လွန်စိမ့်မည်။ သို့တည်းမဟုတ် အမြတ်ဖြင့် ကုန်လွန်စိမ့်မည်ဟု တွေးတောဖူးကြပါသည်လား။
ဒီလိုမှမဟုတ်၍ နေတစ်ကြိမ်ဝင်သွားသည်ကို မြင်ရတိုင်း ဒီကနေ့ဖြင့် ငါကားမြတ်လေပြီ။ ဒီကနေ့ဖြင့်
ငါကားရှုံးလေပြီဟူ၍များ တွေးတောဖူး ကြပါသည်လား။
စင်စစ် ကျွန်တော်အပါအဝင် လူသားအားလုံးတို့သည် နေထွက်မှနေဝင်
“ဃရာဝါ သ သမ္ဗန္ဓ” ဟု ကိစ္စမြားမြောင် လူတို့ဘောင်၏ အရေးကိစ္စများထဲ၌သာ မြုပ်ချည်တစ်ခါပေါ်
ချည်တစ်လှည့်ဖြင့် ကျင်လည်ကူးခပ်နေကြလေရာ တစ်ခါတစ်ရံ သေဝပါးနီးရောက်မှ ငါကားမှားခြင်းမက
မှားလေပြီ ဟူ၍ ညည်းတွားတတ်ကြသူက များပါသည်။
အကယ်၍များ ဆောင်းပါးအစမှာ
ဖော်ပြထားသလို တစ်နေ့ချင်းတစ်ရက်ချင်း၏ အရှုံးအမြတ် မှတ်တမ်း ကလေးကို ကိုယ်တိုင်ကိုယ်ကျ
သိရှိမှတ်တမ်းတင်နိုင် ခဲ့ကြမည်ဆိုလျှင် ကျွန်တော်တို့ အတွက် နောင်တတရားများ ကင်းစင်၍
စိတ်နှလုံးတုံးတုံးချကာ သေမင်းကိုသော်လည်း အန်တု ရင်ဆိုင် နိုင်လိမ့်မည်ကား မုချမလွဲပင်။
ရှေးပညာရှိ သူတော်ကောင်းတို့က လူတစ်ယောက်၏ တစ်နေ့တာ အရှုံးအမြတ်ကို ကုသိုလ်၊ ပညာ၊ ဥစ္စာရခြင်း
မရခြင်းနှင့် သတ်မှတ်ပိုင်းဖြတ်၍ တွက်ချက်တတ်ကြပါသည်။
ဆိုပါစို့။ တစ်နေ့တာကုန်ဆုံး၍
အိပ်ရာကို ကျောချပြီး အိပ်ပျော်ခြင်းသို့မရောက်မီ ငါသည် ဒီတစ်နေ့တာအတွက် ဥစ္စာကော ရခဲ့ပါရဲ့လားဟု
တစ်နေ့အတွင်း သမ္မာအာဇီဝမျှတစွာ မိမိချွေးနှဲစာ အဘယ်မျှရနိုင်ခဲ့သည်ကိုတွေး၍ သန့်ရှင်းစင်ကြယ်စွာ
ရရှိခဲ့သောဥစ္စာ ပစ္စည်းအနည်းငယ်မျှရှိခဲ့လျှင် ထိုတစ်နေ့အတွက် မိမိမြတ်ခဲ့ပြီဟု နှလုံးသွင်း၍
စိတ်လက်ချမ်းသာစွာ ညဥ့်ကိုကုန်လွန်သင့်ပါသည်။
ထို့အတူပင် ယနေ့မူ ဥစ္စာဟူ၍ဆိုလောက်အောင်
မရချေ။ သို့သော် လောကီ အသက်မွေး ဝမ်းကျောင်းပညာ၊ လောကုတ္တရာ သံသရာကို ကူးမြောက်ကြောင်း
ကောင်းမြတ်သော အသိတရား ပညာကိုမူကား ရခဲ့ချေပြီဟု စိတ်ဝယ်ပိုင်ပိုင် သိနိုင်ခဲ့လျှင်မူ
ယနေ့ကား ငါမြတ်လေပြီဟုတွေး၍ နှစ်ခြိုက်စွာ အိပ်မောကျလျက် ညဥ့်ကို ကုန်လွန်သင့်ပြန်ပါသည်။
ဒီနည်းအတိုင်းပါပင် “ငါကားယနေ့
ကောင်းသောစကားကိုဆို၏။ ကောင်းသော မှန်သော အလုပ်ကို လုပ်၏။ ကောင်းသော အကြံနှင့်ယှဉ်ကာ
မေတ္တာကို ဖြစ်စေလျက် ဒါနကိုလည်းပြု၏။ သီလကိုလည်း ဆောက်တည်၏။ ဘာဝနာကိုလည်း အမြဲမပြတ်ကြိုးစား
အားထုတ်၏။ မိမိသူတစ်ပါး ချမ်းသာကြောင်းကို ဖြစ်စေခဲ့ပြီဟု ပြုခဲ့သောကုသိုလ်ကို ဆင်ခြင်လျက်
ဤယနေ့ကား ငါ့အဖို့ မြတ်လေပြီဟု နှလုံးစိတ်ဝမ်းအေးချမ်းစွာဖြင့် ထိုညဥ့်ကို ကုန်လွန်စေသင့်၏ဟု
ရှေးပညာရှိ သူတော်ကောင်းတို့က ဆိုလိုခြင်းဖြစ်လေသည်။
ယခုကောင်းမှ နောင်ကောင်းမည်။
နောင်ကောင်းပါမှ နောင်နှောင်းဘဝချမ်းသာရ၏။ ယခု မကောင်းလျှင် နောင်လည်းမကောင်းသဖြင့်
နောင်နှောင်းဘဝ ဆင်းရဲရ၏ဟူလို။ ဤနေရာ၌ ဥစ္စာဟူသည်ကား တရားသဖြင့်ရော မတရားသဖြင့်ပါ ရှာလျှင်ရနိုင်၏။
သို့သော် ရေ၊ မီး၊ မင်း၊ ခိုးသူ၊ အမွေခံသားဆိုး သမီးဆိုးဟူသော ရန်သူမျိုးငါးပါးနှင့်
ဆက်ဆံရသဖြင့် ပျက်စီးလွယ်၏။ ကုသိုလ်တရားကား ကိုယ်ပိုင်ကိုယ်ဆိုင် ဥစ္စာဖြစ်၍ မည်သို့သောရန်သူမျှ
မဖျက်ဆီးနိုင်ချေ။
အထူးသဖြင့် ဝိပဿနာတရားကို
ကျင့်ကြံအားထုတ်၍ ရလာသောမဂ်ဖိုလ် ကုသိုလ်ဟူသည်ကား သံသရာဆင်းရဲအပေါင်းမှ လွတ်ကင်းရာအမှန်
မြတ်နိဗ္ဗာန်သို့ အတားအဆီး အပိတ်အပင်မရှိ ပို့ဆောင်နိုင်သော သတ္တိထူး ရှိပေသည်။ ကုသိုလ်ဆိုရာ၌
ကိုယ်ကိုယ်တိုင်ပြုလုပ်သဖြင့် ရသော ကုသိုလ်ရှိသလို သူတစ်ထူး ပြုသောကုသိုလ်ကို ဝမ်းမြောက်သဖြင့်ရအပ်သော
ကုသိုလ်ဟူ၍ နှစ်မျိုးရှိ၏။
ဤနေရာ၌ ထင်ရှားအောင်ပြရလျှင်
ရှေးအခါ တံငါရွာ တစ်ရွာ၌ တံငါအလုပ်ဖြင့် အသက်မွေး ဝမ်းကျောင်းသူ နှစ်ဦးရှိရာ တစ်ခုသောဝါတွင်းကာလ
ဥပုသ်နေ့၌ တစ်ဦးသော တံငါသည်သည် “ငါကား သူ့အသက်သတ်ခြင်းဖြင့် အသက်မွေးရသဖြင့် အကုသိုလ်ကံသည်
ငါ့ကိုဖိစီး၏။ ယနေ့တစ်ရက်မျှ ဥပုသ်သီလ၌ ဆောက်တည်ခြင်းဖြင့် ကောင်းမှုကုသိုလ်ကို ပြုအံ့”
ဟု ကျောင်းသို့သွား၍ ဥပုသ်စောင့်၏။
တစ်ဦးသော တံငါသည်မှာမူ
“ငါကားသူ့အသက် သတ်ခြင်းဖြင့် အသက်မွေးရ၏။ တစ်နေ့စာကိုပင် အလျဉ်မီအောင် ရုန်းကန်နေရသည်
ဖြစ်သောကြောင့် တစ်နေ့တစ်ရက်မျှပင် ဥပုသ်စောင့်ရန် မဖြစ်နိုင်ချေ။ ငါ့အကျိုးပေးကံကား
ညံ့ဖျင်းလွန်းပေစွ” ဟု မိမိကိုယ်မိမိ အပြစ်တင်လျက် ငါရှာသာထွက်ရ၏။ သို့သော် သူ့စိတ်ကား
ငါးဖမ်းရာတွင်မရှိ။ ကျောင်း၌ ဥပုသ်စောင့်နေသော ဘဝတူတံငါသည် ထံ၌သာ ရောက်၍ ကြည်နူးဝမ်းမြောက်စိတ်ဖြင့်
ဘုရား၊ တရား၊ သံဃာ၌ စိတ်ညွတ်၍နေလေ၏။
ကျောင်း၌ ဥပုသ်စောင့်နေသော
တံငါသည်မူ တရား၌လည်း စိတ်မရောက်နိုင်။ သီလလည်း ကောင်းစွာမဆောက် တည်ဖြစ်လျက် ဘဝတူတံငါသည်ဖြင့်
ဒီအချိန်ဆိုလျှင် ငါးအမြောက်အမြား ဖမ်းဆီးရမိ၍ နေလောက်ပြီဟု တွေးကာ ငါဖြင့်ယနေ့ဥပုသ်စောင့်မိတာ
မှားလေပြီဟု အကုသိုလ်၌ စိတ်ညွတ်၍ နေလေတော့သည်။ ဇာတ်ပေါင်းသော် ဥပုသ်စောင့်သော တံငါသည်သည်
ငရဲသို့ကျ၍ ငါးဖမ်းသောတံ ငါသည်မူကား နတ်ပြည်သို့ လားရောက်ရ၏ဟူလို။
ဤပုံပြင်ကို သတိရမိသည်နှင့်
တစ်ပြိုင်နက် တစ်ခါက နံနက်စောစော ရေသောက်ချင်သဖြင့် လမ်းဘေးရေအိုးစင် တစ်ခုသို့ဝင်၍
ရေသောက်မည်ပြုရာ ရေအိုးစင်ကို အကျအန တံခါးလုပ်၍ သော့ခတ်ထားသည်ကို မြင်သောကြောင့် အံ့အားသင့်သွားရ၏။
ကျွန်တော့်ကို မြင်သဖြင့် ပိုင်ရှင်က ကပျာကယာသော့လာ ဖွင့်ပေးရင်း “ညဘက်ကို သော့ခတ်မထားရင်
မနက်ဆို ရေအိုးတွေလည်း ရိုက်ခွဲပစ်ချင်ပစ်ခဲ့တယ်။
သောက်ရေခွက်ကိုလည်း ယူချင်ယူသွားတယ်။
အဖုံးကိုလည်း လွှင့်ပစ်ခဲ့လို့မကြာ မကြာ အသစ် ပြန်လဲရတာနဲ့ ခုလိုလုပ်ထားရပါတယ်” ဟုဆို၏။
ဘယ်ဘက်ကပဲကြည့်ကြည့် သောက်ရေအလှူ ဆိုသည်ကား ခရီးသွားခရီးလာ ရေဆာငတ်မွတ်ကြသူတွေအတွက်
တတန်တက ကုသိုလ်ယူရခြင်း ဖြစ်ရာ ရေကိုသောက်ပြီး ရေအိုးခွဲသွားသူတို့ကို ဘယ်လိုမှနားမလည်နိုင်အောင်
ဖြစ်ရသလို ထိုအကုသိုလ် အကျိုးပေးကြောင့် ထိုသူတို့သည် သံသရာတွင် အဘယ်မျှနစ်မွန်း ဒုက္ခရောက်ကြရ
ဦးမည်ကို တွေးရုံနှင့်ပင် ကြက်သီးထလောက်၏။
ကျွန်တော့်သား ရန်ကုန်ကိုအလည်သွားခိုက်
တွေ့ခဲ့ရသော နိုင်ငံခြားသူမူကား လက်ထဲမှာ ကိုင်ထားသော ပလတ်စတစ်အိတ်ထဲမှအာ လူးကြော်ကို
နှိုက်ကာနှိုက်ကာစားရင်း ဘေးမှ Guideနှင့် သိချင်သမျှကို မေးစမ်း၏။ အတော်သွား၍ အားလူကြော်ကုန်သောအခါ
အိတ်ခွံ ကိုပစ်ရန် အမှိုက်ပုံးရှာ၏။ အမှိုက်ပုံးရှာ၍ မတွေ့လျှင် ဘေးမှပါလာသော မြန်မာအမျိုး
သမီး Guideက ထိုအိတ်ခွံအား သူ့ကိုပေးရန်တောင်း၏။
သူမက ခေါင်းခါပြပြီး ထိုအိတ်ခွံကို
သေချာကျနစွာခေါက်ပြီး သူမ၏ဘေး လွယ်အိတ်ထဲသို့ထည့်ပြီး ယူသွားသည်ဟု ဆိုလေသည်။ အင်မတန်အတုယူအားကျစရာ
ကောင်းပါသည်။ ကောင်းသော အတုကိုယူ၍ မိမိကိုယ်တိုင်လည်း ထိုကဲ့သို့ ပြုမူနေထိုင်ဖို့
အသိတရားရခြင်းသည် ပညာရခြင်းပင် ဖြစ်ပါ၏။ ကျွန်တော်တို့လူမျိုးသည် အင်မတန်ကြီးပွားချင်၏။
တိုးတက်ချင်၏။ သူများတကာ တိုင်းပြည်တွေ ကြီးပွားတိုးတက်နေသည်ကိုမြင်လျှင် အလွန်သွားရည်ကျ၏။
သို့သော် ထိုလူမျိုးတို့
ပြုမူနေထိုင်ကျင့်သုံးသော စည်း ကမ်းများကိုမူ ကောင်းသည်၊ တော်သည်ဟု သိသော်လည်း လိုက်နာကျင့်သုံးလိုစိတ်ကား
အလျှင်း မရှိချေ။ ဆိုင်ကယ်စီးလျှင် ဦးထုပ ဆောင်းမှ အန္တရာယ်ကင်းမည်သိလျက် စီမံချက်နှင့်ဖမ်းစဉ်
ခဏသာ ဦးထုပ်ဆောင်း ၏။ နောက်နေ့ နောက်နေ့များတွင် မဆောင်း တော့ချေ။
ထို့ကြောင့်ပင် ရန်ပုံငွေလိုသော
အခါသို့တည်းမဟုတ် တိုင်းပြည်အခွန်ဘဏ္ဍာ လိုသောအခါ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေး
အဖွဲ့များဖွဲ့ပြီး လမ်းစုံလမ်းခွ နေရာကောင်းကောင်းမှ စောင့်၍ ဖမ်းဆီးဒဏ်ငွေရိုက်ခြင်းဖြင့်
ရန်ပုံငွေနှင့်တကွ တိုင်းပြည်ဘဏ္ဍာလည်း အတော်ပင် လောက်လောက် လားလားရတတ်၏။ ဤနည်းကားမဆိုးချေ။
အစိုးရလည်း အဝေဖန်ခံရခြင်းမှ ကင်းလွတ်၍ အခွန်များများရသဖြင့် နေ့စဉ်ဆိုသလိုပင်လုပ်လျှင်
အတော်ဟန်ကျနိုင်၏။
အချုပ်ဆိုရသော် ကိုယ်ကစည်းမဲ့ကမ်းမဲ့
ပရမ်းပတာလုပ်သမျှသော အမှုကိစ္စဟူသမျှသည် ကိုယ့် အတွက်ရော ကိုယ့်လူမျိုး ကိုယ့်တိုင်းပြည်ပါ
အကျိုးဆုတ်ယုတ် စေသည်ဟုသိ၍ ဆင်ခြင်နိုင် ကြလျှင် အသိဥာဏ်ပညာနှင့် ပြည့်စုံသည်ဟု ဆိုရန်ရှိသောကြောင့်
ထိုတစ်နေ့ ဆင်ခြင်နိုင်လျှင် ထိုတစ်နေ့အတွက်ပညာဖြင့် နေသူ၊ မြတ်သူ ဖြစ်နိုင်၍ ထိုတစ်နေ့အတွက်
မြတ်၏ဟု ဆိုနိုင်ပါသည်။
ထို့အတူပင် သူတစ်ပါးပြုသော
ကုသိုလ်ကို ကိုယ်ကမဖျက်ဆီးဘဲ ထိုကဲ့သို့ကုသိုလ်ပြုနိုင် သူ၏လုပ်ငန်းကိစ္စ၌ ကိုယ်ကဝမ်းမြောက်ဝမ်းသာဖြင့်
သာဓုခေါ်နိုင်လျှင် ထိုတစ်နေ့အတွက် ကုသိုလ်ပြုသူနည်းတူ ကိုယ်လည်းကုသိုလ် ရနိုင်သဖြင့်
မြတ်သောသူ ဖြစ်နိုင်သည်။ ဆိုခဲ့သလိုပင် သမ္မာအာဇီဝကျသော ရှာဖွေရလာသော ဥစ္စာငွေကြေးကို
နည်းသည်များသည် သဘောမထားဘဲ အလိုလောဘကို သိမ်းလျက်ရသမျှနှင့် ကျေနပ်ရောင့်ရဲတတ်လျှင်
လူမချမ်းသာသော်လည်း စိတ်ချမ်းသာသဖြင့် ဥစ္စာရသည်ပင် မည်ပါ၏။
ထို့ကြောင့် နေ့စဉ်နေ့စဉ်ကုသိုလ်၊
ပညာ၊ ဥစ္စာ တစ်ခုခုရအောင် ကြိုးစားအားထုတ် နေထိုင်ခြင်းဖြင့် သံသရာကောင်းအောင် သာမက
လက်ရှိမိမိအပါအဝင် လူမျိုးနှင့်တိုင်းပြည်ပါ ကောင်းလာနိုင်သည် ဟု အရှည်ကိုမျှော်တွေး၍
နေထိုင်လုပ်ကိုင်သွားကြပါဟု တိုက်တွန်းလိုရင်း ဖြစ်ပါသည်။
Written by:
ဘစံကောက်
http://www.news-eleven.com