ဗုဒ္ဓအား တရားဟောသောရဟန်း
ယခု ဘ၀၌ "ထေရ၀ါဒ
ဗုဒ္ဓဘာသာဝင်" ဖြစ်ရခြင်းအတွက် ရှေးကံ ကို ကျေးဇူးတင်လွန်းသဖြင့် ဤဆောင်းပါးကို
ရေးအပ်ပါ၏။ ကျွန်တော်တို့ ယုံကြည် ကိုးကွယ်ကြည်ညိုသော "ဗုဒ္ဓမြတ်စွာ ဘုရားရှင်"
နှင့် "ဗုဒ္ဓ၏ တပည့် သံဃာတော်များ" တို့သည် မြင့်မြတ်ကြီးမြတ်လှသော ဓမ္မစိတ်ထား
ပိုင်ရှင်များ ဖြစ်ကြောင်း ထေရ၀ါဒ စာပေကျမ်းဂန်များ ပိုမိုဖတ်မိ လာလေလေ၊ ပိုမို ကြည်ညို
သိရှိလာရလေလေ ဖြစ်ပါ၏။ဓမ္မမိတ်ဆွေများလည်း သိပြီးဖြစ်ပါလိမ့်မည်။
ဆိုပါစို့ရဲ့။ "ဗုဒ္ဓမြတ်စွာဘုရားရှင်"၏
လက်ယာတော်ရံ "အရှင်သာရိပုတ္တရာ" မထေရ် သည် တပည့်ဖြစ်သူ "ကိုရင်"
ငယ်ကလေး၏ ထောက်ပြမှုဖြင့် သင်္ကန်းရုံခြင်းကိုပြန်လည်ပြင်ဆင်၍ ထို ကိုရင်ငယ်လေး ကို
"ဆရာ" အဖြစ်မှတ်ယူပါ၏။တရားဓမ္မ တို့၏ အရှင်သခင်ဖြစ်တော်မူထ သော "ဗုဒ္ဓမြတ်စွာဘုရားရှင်"
သည်လည်း တပည့် သံဃာတစ်ပါး ၏ တရားဟောခြင်းကို နာယူခဲ့ဖူးပါ၏။ "တပည့် ဟောတာပဲ ဘာမှ
နာစရာ အကြောင်းမရှိဘူး" ဟူသော စိတ်ထားမျိုး မရှိခဲ့ပေ။ "ဗုဒ္ဓ မြတ်စွာဘုရားရှင်
အား တရားဟောသော ပုဂ္ဂိုလ်" ၏အကြောင်း ကို ဆက်လက်တင်ပြလိုပါသည်။
အချိန် ကာလက "ဗုဒ္ဓမြတ်စွာဘုရားရှင်"၏ တပည့်သံဃာတော်ဖြစ်သော "အရှင်မဟာကစ္စည်း မထေရ်" သည် "ကုရရဃရမြို့" ကိုအမှီပြု၍ "ပ၀တ္တ"တောင် ၌ သီတင်းသုံးနေစဉ် ဖြစ်ပါ၏။" အရှင်မဟာကစ္စည်းမထေရ်" ၏တရားတော်ကို နာကြားရပြီး အလွန်ကြည်ညိုသော "သောဏ- ကုဋိကဏ္ဏ" အမည်ရ သူဋ္ဌေးသား ဥပါသကာ တစ်ဦးသည် "ရဟန်း"၀တ်ရန် မထေရ်မြတ်ကို လျှောက်ထားပါ၏။ (မိဘများမှည့်ခေါ်သော အမည် သည်ကား "သောဏ"=ဖြစ်၍ ငယ်စဉ်က တစ်ကုဋေတန်သော နားတန်ဆာ ကို ပန်ဆင်ရသူဖြစ်သဖြင့် "ကုဋိကဏ္ဏ"=ထိုအမည် နှစ်ခုကို ပေါင်းစပ်၍ "သောဏ-ကုဋိကဏ္ဏ" ဟုအမည်တွင်ခြင်းဖြစ်ပါသည်။)
ထိုအခါ "အရှင်မဟာကစ္စည်း
မထေရ်မြတ်"သည် "သောဏ သူဋ္ဌေးသား"၏ ဉာဏ်ပညာ ရင့်ကျက်ခြင်းသို့ မရောက်သေးသည်
ကို စူးစမ်းဆင်ခြင်တော်မူမိသဖြင့် ရဟန်းပြုမပေးသေးပဲ-" သောဏ-တစ်ယောက်တည်းသာ အိပ်ရ၊
တစ်ယောက်တည်းသာ စားရသည့် မြတ်သောအကျင့်ကို အသက်ထက်ဆုံးကျင့်ဖို့ရန် ခဲယဉ်းလှ၏။ သို့ဖြစ်၍
သောဏ -ငါတိုက်တွန်းလိုသည်မှာ သင်သည် ထိုလူ့ဘောင်၌သာလျှင် လူဖြစ်လျက် (ဥပုသ်နေ့ စသော)
အခါကာလအားလျော်စွာ တစ်ယောက် တည်းသာ အိပ်ရ၊ တစ်ယောက် တည်းသာ စားရသည့် မြတ်စွာဘုရား၏အဆုံးအမ
ဟုဆိုအပ်သော မြတ်သောအကျင့်ကို ကျင့်ဦးလော့"ဟု နှစ်ကြိမ်တိုင်တိုင် တားမြစ်တော်မူပါသည်။
တစ်ထပ်သော ဆွမ်းကိုစား၍
မြတ်သော အကျင့်တို့ကို ကျင့်ကြံချင်သော "သောဏ"၏ သုံးကြိမ်မြောက် တောင်းဆိုမှုကိုကား
မထေရ်မြတ် သည် တားဆီးတော် မမူတော့ပဲ "ရှင်သာမဏေ" ပြုပေးခဲ့ပါသည်။ "ရဟန်း"
ပြုပေးနိုင်ခဲ့ခြင်းကား မရှိပါချေ။ "ရဟန်း" တစ်ပါးအဖြစ် ပြုလုပ်ပေးနိုင်
ရန်မှာ ၀ိနည်းဓိုရ် "ရဟန်း (၁၀)ပါး" ရှိမှသာဖြစ်နိုင်ပါသည်။
ထိုအချိန်၌ ရဟန်းတို့သည်
များသောအားဖြင့် "မဇ္ဈိမတိုက်" ၌သာလျှင် သီတင်းသုံးကြ တော်မူသောကြောင့် ဖော်ပြပါ
"ကုရရဃရမြို့" တွင် ရဟန်း-နှစ်ပါး၊သုံးပါး လောက်သာလျှင် နေထိုင်သီတင်းသုံးကြပါသည်။ထို့ကြောင့်
ရဟန်းရှားပါးသော အရပ်ဖြစ်သဖြင့် "သောဏ" အား "ရဟန်း" ပြုပေးနိုင်ခြင်းမရှိဖြစ်ပါ၏။"သောဏ"သည်
သာမဏေ ပြုပြီး သုံးနှစ်ကြာသောအခါမှ သာလျှင် ၀ိနည်းဓိုရ် ရဟန်း(၁၀)ပါးစုံညီ ရရှိလာသဖြင့်
ရဟန်းအဖြစ်သို့ရရှိခဲ့ပါ၏။ ၏
ထို့နောက် ဥပဇ္ဈာယ်ဆရာ
"အရှင်မဟာကစ္စည်းမထေရ်" ထံမှ ကမ္မဋ္ဌာန်းတရား သင်ကြားနာယူ၍ ၀ိပဿနာတရား ပွားများ
ကြိုးကုတ် အားထုတ်လေရာ ထို ၀ါတွင်းမှပင် အရဟတ္တဖိုလ်သို့ရောက်၍ (ရဟန္တာဖြစ်၍) မထေရ်မြတ်၏
အထံမှာပင် "သုတ္တနိပါတ်"တရားတော် ကိုသင်ကြား တတ်မြောက်လေ၏။ ၀ါကျွတ်၍ ပ၀ါရဏာပြုပြီးသော်
"အရှင်သောဏ-ကုဋိကဏ္ဏ"မထေရ် သည် "ဗုဒ္ဓမြတ်စွာဘုရားရှင်"အား ဖူးမြော်လို၍
မထေရ်မြတ်ထံ ခွင့်ပန်လျှောက်ထားရာ (၅)ခွန်းသော စကားကိုမှာကြားပြီး ခွင့်ပြုတော်မူလိုက်ပါ၏။
ဤသို့ဖြင့် "သာဝတ္ထိပြည်၊
ဇေတ၀န် ကျောင်းတိုက်တော်"သို့ရောက်၍ "ဗုဒ္ဓမြတ်စွာဘုရားရှင်" ဗုဒ္ဓါသန
ဓမ္မပလ္လင်၌ထိုင်နေတော်မူစဉ် မှာပင် ဆည်းကပ် ရိုကျိုး ရှိခိုးလျက် အပြစ်လွတ်ရာအရပ်၌ ရပ်တည်နေလေ၏။
နံနက်မိုးသာက်ခါနီး ၀ယ် "ဗုဒ္ဓမြတ်စွာဘုရားရှင်"က "အရှင် သောဏ ကုဋိကဏ္ဏ"ကို
-"ချစ်သား ရဟန်း-ရွတ်ဆိုရန် တရားသည် သင် ချစ်သား၏ဉာဏ်၌ ထင်စေလော့"ဟု တိုက်တွန်းတော်မူလေရာ
"အရှင်သောဏ- ကုဋိကဏ္ဏ"မထေရ် သည် ချိုမြိန်သော အသံဖြင့် အက္ခရာတစ်လုံးမျှ မချွတ်ယွင်းစေပဲ
"သုတ္တနိပါတ်" ပါဠိတော်လာ "အဋ္ဌက၀ဂ်"ဟု ခေါ်ဆိုသော "ကာမသုတ္တန်"အစရှိသော
သုတ္တန်ပေါင်း(၁၆)သုတ် ကို ရွတ်ဆိုပါ၏။
သုတ္တန်များ ပြီးဆုံးသောအခါ
"ဗုဒ္ဓမြတ်စွာဘုရားရှင်"က "အရှင်သောဏ-ကုဋိကဏ္ဏ" အား သာဓု ကောင်းကြီးပေးတော်မူပါ၏။
ထို့နောက်တွင် ဥပဇ္ဈာယ်ဆရာ "အရှင်မဟာကစ္စည်းမထေရ်" တောင်းဆိုလိုက်သော (၅)ပါးသော
တောင်းဆုကို ဗုဒ္ဓမြတ်စွာဘုရားထံ တောင်းဆို လျှောက်ထား ပါ၏။ ထိုတောင်းဆိုချက် (၅)ချက်မှာ-
(၁) ပစ္စန္တရစ် အရပ်တို့၌
ရဟန်းရှားပါးသောကြောင့် ၀ိနည်းဓိုရ်ပုဂ္ဂိုလ်လျှင် (၅)ပါးရှိသော ရဟန်းအပေါင်းဖြင့် ရဟန်းပြုကံဆောင်ခွင့်ပြုရန်။
(၂)ပစ္စန္တရစ် တို့၌ မြေကြမ်းတမ်းသော
ကြောင့် အထပ်ထပ်သော ဖိနပ် ကိုစီးနင်းခွင့်ပြုရန်။
(၃) ထိုသို့သော အရပ်တွင်
ရာသီဥတုဆိုးရွားခြင်း၊ သဲမြေတို့ကပ်ညှိသောကြောင့် လူတို့သည် နေ့စဉ် ရေချိုးရလေ့ရှိ၏။ထိုသို့သောအကြောင်းကြောင့်
ရဟန်းတို့အား လိုအပ်သလို ရေ အမြဲချိုးခွင့်ပြုရန်။
(၄)ဖျာ အလား သားရေခင်းတို့ဖြင့်ထိုင်လေ့ရှိသောကြောင့်
ရဟန်းတို့အားလည်း ဆိတ်သားရေ၊ သမင်သားရေ တို့ခင်းသုံးခွင့်ပြုရန်။
(၅) အရပ်တစ်ပါး သွားဆဲရဟန်းအားလှူသော
သင်္ကန်းကို လက်သို့ရောက်မှ ရေတွက်၍ (၁၀)ရက်အတွင်း ၀ိနည်းကံပြုခွင့်ပြုရန်။ စသည်တို့ဖြစ်ပါ၏။
ဖော်ပြပါတောင်းဆုများကို "ဗုဒ္ဓမြတ်စွာဘုရားရှင်" ခွင့်ပြုတော်မူခဲ့ပါ၏။
ထို့ကြောင့်ပင် ယနေ့ တောရွာများအထိ
ရဟန်း(၅)ပါးဖြင့် ရဟန်းပြုကံဆောင်နိုင်ကြခြင်းကို စိတ်ချမ်းသာစွာပြုလုပ်နိုင် ခဲ့ကြခြင်းဖြစ်ပါ၏။
အရှင် သောဏ ၏ ကျေးဇူးကြောင့် ယနေ့ ရဟန်းတို့မှာ အမျိုးမျိုးသော ဖိနပ်တို့ကို စီးခွင့်ရရှိခဲ့ကြ၏။မဇ္ဈိမဒေသ
တွင်(၁၅)ရက်မှ တစ်ကြိမ်သာ ရေချိုးခွင့် ရ၏။ ယခု အခါတွင်မူ ဒေသ အလိုက် လိုအပ်သလို ရေချိုးခွင့်ရခဲ့ပါ၏။
ထို့ထက် ကြည်နှုး နှစ်သက် ပီတိဖြစ်ဖွယ်ရာမှာကား-"ဗုဒ္ဓမြတ်စွာဘုရားရှင်"သည်
အရိယာသံဃာ တို့အလယ်၌ ထိုင်တော် မူလျက် "အရှင်သောဏ-ကုဋိကဏ္ဏ"မထေရ် ကို-"ဧတဒဂ္ဂံ
ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ကလျာဏ၀ါက္ကရဏာနံ ယဒိဒံ သောဏော ကုဋိကဏ္ဏော=ရဟန်းတို့-ချိုမြိန်သာယာသော
အသံဖြင့် တရားစကားဟောကြားကြသော ငါဘုရား၏ တပည့်သာဝကရဟန်းတို့တွင် ကုဋိကဏ္ဏ-သောဏ ရဟန်းသည်
အသာဆုံး အမြတ်ဆုံးဖြစ်ပေ၏" ဟု ချီးကျူးမြွက်ဆိုတော်မူကာ-" ကလျာဏ ၀ါက္ကရဏ=
သာယာချိုမြိန်သောအသံဖြင့် တရားဟောသောအရာ"၀ယ် "ဧတဒဂ်" ထားတော်မူပါ၏။
သာသနာတော်ကြီးတွင်
"အရှင်သောဏ-ကုဋိကဏ္ဏ" မထေရ်သည် အတုယူထိုက်၊ ကျေးဇူးတင် ထိုက်သော ပုဂ္ဂိုလ်တစ်ပါး
ဖြစ်ပါပေ၏။
မှီခိုရာ ကျမ်းကိုး--"
မဟာဗုဒ္ဓ၀င်" (ဆဋ္ဌမတွဲ-ပဋ္ဌမပိုင်း)၊ (တိပိဋကဓရ ဆရာတော် ဦးဝိစိတ္တသာရာဘိဝံသ)(စာ-၂၈၇)-
ဓမ္မပဒ ၀တ္ထုတော်ကြီး ဒုတိယတွဲ၊ဘိက္ခုဝဂ်-
ကိုညီညီတင်
By မြန်မာဗုဒ္ဓဘာသာအသင်း၊ ကနေဒါ