ဘုရားထက် သာသူများ
ဘုရားထက်သာတယ်
ယခုခေတ်သည် တရားအားထုတ်သူ ပေါများသော ခေတ်ဖြစ်၏။ အမြို့မြို့ အရွာရွာမှာ တရားအားထုတ်သူများ မှာ အနည်းအများဆိုသလို ရှိကြကုန်၏။ တရားဟောရာတွင်တောင် ၀ိပဿနာဟောမှ အများကြိုက်ကို ဖြစ်လာ၏။ ယင်းသို့ ၀ိပဿနာတရား နာကြားအားထုတ်သူများ ပေါများလာ၍ တစ်ဖက်ကကြည့်လျှင် အားရ၀မ်းသာ စရာပင် ဖြစ်၏။ တစ်ဖက်ကကြည့်လျှင် အားမရစရာ ၀မ်းမသာစရာတွေ များစွာတွေ့နေရ၏။
ယခုခေတ်သည် တရားအားထုတ်သူ ပေါများသော ခေတ်ဖြစ်၏။ အမြို့မြို့ အရွာရွာမှာ တရားအားထုတ်သူများ မှာ အနည်းအများဆိုသလို ရှိကြကုန်၏။ တရားဟောရာတွင်တောင် ၀ိပဿနာဟောမှ အများကြိုက်ကို ဖြစ်လာ၏။ ယင်းသို့ ၀ိပဿနာတရား နာကြားအားထုတ်သူများ ပေါများလာ၍ တစ်ဖက်ကကြည့်လျှင် အားရ၀မ်းသာ စရာပင် ဖြစ်၏။ တစ်ဖက်ကကြည့်လျှင် အားမရစရာ ၀မ်းမသာစရာတွေ များစွာတွေ့နေရ၏။
မှန်၏။ တရားအားထုတ်ခြင်းသည် အစွဲဒိဋ္ဌိပြုတ်အောင် အားထုတ်ခြင်းဖြစ်၏။ တစ်ချို့မှာ တရားအားထုတ် ပြီးမှ အစွဲအလမ်း ပို၍ပင် ကြီးနေသည်ကို တွေ့ရ၏။ အထူးသဖြင့် ပုဂ္ဂိုလ်စွဲ၊ တရားစွဲတွေ ဖြစ်လာ၏။ ပုဂ္ဂိုလ်စွဲ တွေ ထားပါဦး။ တရားစွဲမှာ ဖြစ်ရန်မသင့်ပေ။ အဘယ်ကြောင့် ဆိုသော် ဟောသမျှ၊ ပြသမျှ တရားတွေမှာ ဘယ်သူပဲ ဟောဟော၊ ပြပြ ဘုရားရှင်၏ တရားတွေကိုချည်း ဟောကြ၊ ပြကြရသောကြောင့် ဖြစ်၏။
ယင်းသို့ ဘုရားရှင်၏ တရားတော်တွေကိုချည်း ဟောကြ၊ ပြကြရာ၌ ဘုရားရှင်၏ အာဘော်ကျသူနှင့် မကျသူဟူ၍ နှစ်မျိုးနှစ်စား ရှိသည်။ ယင်းကိုတော့ သာမန် သူလိုကိုယ်လို ယောဂီများ သိဖို့မလွယ်ကူ။ သို့မလွယ်ကူဘဲ `တို့နည်းမှ နည်းကောင်း၊ တို့ဆရာမှ ဆရာကောင်း´ ဟု စွဲထားလျှင် ဘယ်သူနစ်နာမည်နည်း။
တစ်ခါက မိမိသည် တောရတစ်ခုတွင် နေ၏။ မိမိနှင့်အတူ သီတင်းသုံးဖော် နှစ်ပါးရှိ၏။ မိမိပါဆိုလျှင် သုံးပါးရှိ၏။ ဥပုသ်နေ့တွင် မိမိနှင့်တစ်ပါးမှာ တရားဟော၏။ သူက မနက်ဟောလျှင် မိမိက နေ့လယ်တွင် ဟော၏။ သူက နေ့လယ်ဟောလျှင် မိမိက နံနက် ဟော၏။ ပရိသတ်မှာ ရံခါ မိမိအား၊ ရံခါ သူ့အား သင့်သလို မေးလျှောက်စရာရှိလျှင် မေးလျှောက်လေ၏။ တစ်နေ့ ဒကာမကြီးတစ်စု သူ့ထံသို့ ချဉ်းကပ်လျှောက်မေး၏။
`အရှင်ဘုရား၊ (သူ)က ညည်းတို့ တရားအားထုတ်တာ ဘာဖြစ်ပြီလဲ၊ ငါတော့ `ဝေဒနာကုန်ပြီ´ လို့ ပြောတယ်ဘုရား။ အဲဒါ သူက ညည်းတို့ဘုန်းကြီး လျှောက်ကြည့်စမ်းပါ၊ ဝေဒနာကုန်လျှင် ဘယ်အဆင့် ရောက်တယ်ဆိုတာ၊ ညည်းတို့ဘုန်းကြီး သိပါတယ်လို့ တို့ဆရာတော်က ပြောတယ်လို့ ပြောတယ်ဘုရား၊ ဝေဒနာကုန်တော့ ဘယ်အဆင့် ရောက်သွားပြီလဲဘုရား´
`ဒကာမကြီး၊ အဲဒီ ဒကာမကြီးကို ပြောလိုက်၊ ဝေဒနာကုန်လျှင် `ဘုရားထက် သာတယ်´လို့´ ထိုအရှင်သည် ကာယိကဒုက္ခ ဝေဒနာကုန်မှုကို ရည်ရွယ်ပြောလိုက်ခြင်း ဖြစ်၏။ မေးခိုင်းသည့် ယောဂီ ကုန်တယ်ပြောတဲ့ ဝေဒနာမှာလည်း ကာယိကဒုက္ခဝေဒနာပင် ဖြစ်၏။ ကာယိက ဒုက္ခဝေဒနာမှာလည်း ဘုရားမှာပင် မကုန်သေး။ ယောဂီက ကုန်ပြီပြော၍ ဘုရားထက် သာတယ်ဟု ပြောခြင်းဖြစ်၏။ ဒကာမကြီးများ မှာ သဘောကျလွန်းလို့ ခွက်ထိုးခွက်လှန် ရယ်မောကြတော့၏။ အားရပါးရ ရယ်မောကြတော့၏။ ရယ်မောပြီး တဖန် ပြန်လျှောက်ပြန်၏။´
`အရှင်ဘုရား၊ ဝေဒနာကုန်လျှင် ဘုရားထက်သာတယ်ဆိုတာ အမှန်ပဲလားဘုရား´
`ခက်နေပါပြီ ဒကာမကြီးကလည်း၊ တကယ်ဝေဒနာကုန်လျှင် တကယ်ဘုရားထက် သာတာပေါ့။´
`ဒါဖြင့် တပည့်တော် (သူ့)ကို ဒီအတိုင်း ပြန်ပြောလိုက်မယ်ဘုရား´
`ဒီအတိုင်းပြောရုံပဲရှိတာပေါ့၊ ရှင်းပြလည်း ဒကာမကြီးက အကုန်ပြန်ရှင်းနိုင်တာမှ မဟုတ်တာဘဲ´
`နည်းနည်းလောက် ရှင်းပြပါဦးဘုရား၊ မှတ်မိသလောက် ပြန်ပြောတာပေါ့၊ တပည့်တော်တို့လည်း မှတ်ထားရတာပေါ့´
`ကဲ ဒါဖြင့် နားထောင်´
`အခါတစ်ပါး ဘုရားရှင်သည် ဘဂ္ဂတိုင်း သုသုမာရဂိရမြို့ငယ်၊ သားရဲတို့အား ဘေးမဲ့ပေးရာ ဘေသကဠ တော၌ နေတော်မူ၏။ ထိုအခါ နကုလပိတာ သူကြွယ်သည် ဘုရားရှင်ထံ ချဉ်းကပ်ရှိခိုးပြီး လျှောက်ထား၏။
`အရှင်ဘုရား၊ အကျွန်ုပ်သည် အသက်အရွယ် ကြီးပြင်းအိုမင်းပါပြီ၊ အရွယ်သုံးပါးတွင် နောက်ဆုံး အရွယ် သို့ ရောက်ပါပြီ၊ နာကျင်သော ကိုယ်ရှိပါ၏။ မပြတ်နာကျင်၍ နေပါ၏´
`အရှင်ဘုရား၊ အကျွန်ုပ်သည် မြတ်စွာဘုရားကိုလည်းကောင်း၊ စိတ်နှလုံးကို ပွားစေတတ်သော ရဟန်း တော်တို့ကိုလည်းကောင်း အမြဲမပြတ် မဖူးမြင်နိုင်တော့ပါ။´
`အရှင်ဘုရား၊ မြတ်စွာဘုရားသည် ဆုံးမတော်မူပါ၊ ကံမြစ်တော်မူပါ၊ ယင်းအဆုံးအမတော်သည် အကျွန်ုပ်အား ကြာမြင့်စွာသော ကာလပတ်လုံး စီးပွားချမ်းသာ အလို့ငှါ ဖြစ်ပါ၏။´
`သူကြွယ်၊ ဤစကားသည် မှန်၏။ ဟုတ်၏။ သူကြွယ်၊ ဤကိုယ်သည် နာကျင်သည်သာတည်း၊ ဥကဲ့သို့ဖြစ်၏။ အရေပါးတို့ဖြင့် မြှေးယှက်ထားအပ်၏။´
`သူကြွယ်၊ တစ်ဦးတစ်ယောက်သည် ဤကိုယ်ကို ရွက်ဆောင်နေရလျက် တစ်ခဏမျှသော်လည်း အနာကင်းခြင်းကို ၀န်ခံပါလျှင် ထိုသူအား မိုက်သည့်အဖြစ်မှတစ်ပါး အခြားမရှိတော့ချေ´
`သူကြွယ်၊ ထို့ကြောင့် ဤအရာဝယ် `ငါသည် နာကျင်သော ကိုယ်ရှိသူဖြစ်လျက် ငါ၏ စိတ်သည် နာကျင်မှုကင်းသည် ဖြစ်လတ္တံ့´ ဟု ဤသို့ သင်ကျင့်အပ်၏´
`ကဲ… အဲဒီမှာ ဘုရားက ဘယ်လိုဟောထားလဲ၊ ဒီကိုယ်ဟာ နာကျင်သည်သာ ဖြစ်၏။ ဥကဲ့သို့ဖြစ်၏တဲ့၊ ဥဆိုတာ ဘာနဲ့ထိထိ သူပဲနာတယ်၊ ကွဲတယ်၊ ဒီကိုယ်ဟာ အရေပါးနှင့် အမြှေးယှက်ထား၍လည်း ဘာနဲ့ထိထိ သူပဲနာတယ်၊ ဒီကိုယ်ရှိနေလျက် `တစ်ခဏမျှသော်လည်း အနာကင်းပါတယ်´ ဆိုလျှင် လူမိုက်တဲ့၊ ဒါကြောင့် `ကိုယ်ကတော့ နာကျင်ချင် နာကျင်ပစေ၊ စိတ်မနာအောင် ကျင့်တဲ့´ ကိုယ်နာတာ သည်းခံပြီးကျင့်တဲ့။´
`ပြီးတော့ ဘုရားရှင် ဇီဝက၏ သရက်ဥယျာဉ်ဝယ် နေတော်မူသောအခါ ဒေ၀ဒတ် ကျောက်ဖြင့် ပစ်ချခြင်းကြောင့် ခြေမတော်ဝယ် သွေးစိမ်းတည်၍ အနာယဉ်းတယ်၊ ဇီဝကက ဓားဖြင့်ခွဲ၍ ဆေးလိမ်းကျပ်စည်း ပြီး ကုသတယ်၊ ဇီဝကက `ကိုယ်တော် ပူပန်ခြင်း ဖြစ်သလော´ ဟု လျှောက်သော် ကိုယ်တော်ပူပန်သော်လည်း စိတ်ပူပန်ခြင်း မရှိကြောင်း မိန့်တယ်။´
`သံသရာခရီးကို သွားရောက်ပြီး ဖြစ်ထသော၊ စိုးရိမ်ခြင်းမှ ကင်းထသော၊ ခန္ဓာစသော ခပ်သိမ်းသော တရားတို့၌ ကင်းလွတ်ထသော၊ ခပ်သိမ်းသော ဂန္ထလေးပါးကို ပယ်ပြီးထသော ပုဂ္ဂိုလ်အား စိတ်ပူပန်ခြင်းသည် မရှိ။´ (အရဟန္တ၀ဂ်၊ ဓမ္မပဒ)
`ပြီးတော့ သံကိစ္စသာမဏေကို ခိုးသူကြီးက သတ်တော့ မျက်နှာကြည်လင်ပြီး ကြောက်ထိတ်လန့်ခြင်း မရှိတော့ အံ့သြပြီး သာမဏေကို မေးတယ်။
`သာမဏေ၊ ဤသို့သဘောရှိသော ကြောက်မက်ဖွယ်ရေး သေဘေး၌ သင့်အား ကြောက်ခြင်းမရှိ၊ ပိုလွန်၍ ရှေးကထက် ကြည်လင်လှပလာ၏၊ သာမဏေ သင်သည် ဘယ့်ကြောင့် မငိုသနည်း´
`ဂါမဏိ ခိုးသူကြီး၊ ကိုယ်ကို ငဲ့ကွက်ခြင်း မရှိသော၊ အာသဝေါကုန်ပြီးသော ပုဂ္ဂိုလ်အား စိတ်ဆင်းရဲခြင်း စေတသိကဒုက္ခ မရှိ၊ သံယောဇဉ်ကုန်ပြီးသော ပုဂ္ဂိုလ်အား စင်စစ် ကြောက်မက်ဖွယ်ရေး ဘေးအားလုံးကုန်ပြီ´ (သဟဿဝဂ်၊ ဓမ္မပဒ)
`ဘုရားဟောထားတာ နောက်အများကြီး ရှိသေးတယ်၊ တော်ပြီ ဒီလောက်ပဲ၊ ကဲ… ဒကာမကြီး ပြန်ပြောတတ်ပါ့မလား´
`ဘယ် အကုန်ပြောတတ်မလဲဘုရား´
`ဒါဖြင့် ဒီလိုပြောလိုက်၊ ဘုရားရဟန္တာများတောင်မှ စိတ်နာကျင်မှု စေတသိက ဒုက္ခဝေဒနာသာ ကုန်၍ ကိုယ်နာကျင်မှု ကာယိကဒုက္ခဝေဒနာ ရှိသေးတယ်၊ ဘုရားရဟန္တာများ တောင်မှ မကုန်တဲ့ ဝေဒနာကုန်လို့ `ဘုရားထက်သာတယ်´ လို့ ပြောလိုက်´
ဒကာမကြီးများမှာ ရယ်ကာမောကာနှင့် ရှိခိုးဦးချ၍ `ပြောလိုက်ပါ့မယ်ဘုရား´ဟု ပြောရင်း ပြန်ကြလေတော့၏။
• ဗုဒ္ဓတရား ရှုပွားများ လွဲမှားအယူ ကင်းစေသော်။
ဓမ္မဒူတ အရှင်ပညာဇောတ
(ဗုဒ္ဓဓမ္မပြဿနာပေါင်းချုပ် ၊ ပထမတွဲမှ ကူးယူဖော်ပြသည်။)