Thursday, October 23, 2014

ရန်လိုသော ရဟန်းနှင့် လိမ္မာသော ဒကာ


ရန်လိုသော ရဟန်းနှင့် လိမ္မာသော ဒကာ

ကမ္ဘာလောက၌ အပြစ်ဒဏ်ပေးခြင်းသည် ထာဝစဉ် လိုအပ်နေလိမ့်မည်ဟု ထင်သည်။ ဤသံဃ အဖွဲ့အစည်းထဲ ရောက်လာပြီး ငါ၏ အဆုံးအမ ဥပဒေသတို့ကို အစဉ်မပြတ် ကြားနာရသော်လည်း များစွာသော ရဟန်းတို့မှာ ဒေါသနှင့် မာန်မာန ကြီးလွန်းလှသဖြင့် ၀ိနည်းကျင့်ဝတ် ဆိုသည်တို့ကို မေ့လျက် ငါ၏ ရှေ့မှောက်၌ပင် နှုတ်လှန် ထိုးကြသည်။ အချို့ ရဟန်းများမှာ အကယ်၍ သူတို့အား မကောင်းမှုတခုခုမှ တားမြစ်ပိတ်ပင်လျှင် သူတို့သည် ယင်း မကောင်းမှုကိုသာလျှင် ထောက်ခံ အားပေးကြသည်။

သူတို့သည် မသိနားမလည်သော်လည်း 'သိပါပြီ၊ နားလည်ပါပြီ' ဟု ပြောလျက် ထိုအချက်ကို လွှဲဖယ် ပစ်ကြလေသည်။ ထိုနောက် အမှားပြုပြီးသောအခါ၌ 'တပည့်တော်တို့ သိမှ မသိဘဲ' ဟု ပြောကြသည်။ ရှင်းလင်းပြောပြ ဆိုဆုံးမသည့်အခါ၌မူ နားမထောင်ဘဲ 'သိပါပြီ၊ နားလည်ပါပြီ' ဟု ပြောလျက် ရှောင်ဖယ် ထွက်သွားချင်ကြသည်။

ရှင်းလင်းပြောပြ ဆိုဆုံးမခြင်း ခံရမှုကို ဂုဏ်ငယ်သည်ဟု ထင်မှတ်ကြသည်။ ရှင်းလင်းပြောပြ ဆိုဆုံးမမှု ရပ်လိုက်သည့် အခါ၌မူ စိတ်ထင်တိုင်း အမှားကို ပြုလုပ်၍ 'တပည့်တော်တို့ သိမှ မသိဘဲ' ဟု ပြောကြသည်။ တခါတရံတွင် စကားလုံးဖြင့် ရိုသေမှုကို ပြကြသော်လည်း အသံဖြင့်မူ ကြီးစွာသော မရိုသေမှုကို ပြုကြသည်။

စိတ်ထဲရှိသမျှကို ပွင့်လင်းစွာ ဖွင့်မပြကြပေ။ တစုံတယောက်၏ ရှေ့မှောက်၌ မိမိ၏ စိတ်ထဲရှိသမျှကို ပွင်လင်းစွာ ဖွင့်မပြနိုင်သူတဦးက တစုံတဦးအား ပြုပြင်စေလိုသည်မှာ မဖြစ်နိုင်ပေ။ သူသည် မြင့်မြတ် စင်ကြယ်သည့်စိတ် ရှိသူလည်း မဖြစ်နိုင်ပေ။ ယုံကြည် စိတ်ချထိုက်သူလည်း မဖြစ်နိုင်ပေ။ ထိုကဲ့သို့သော ပုဂ္ဂိုလ်များသည် ဘယ်လောက်ပင် စကားကြွယ်သော်လည်း အပြီးသတ်တွင် လူ့လောက၏ ကဲ့ရဲ့ရှုတ်ချခြင်းကို ခံရတတ်လေသည်။

ယနေ့ ကောသမ္ဗီမှ ဒေါသကြီးသော ရဟန်များ ရောက်လာကြသည်။ ထိုနေ့က ငါက သူတို့အား ရှင်းလင်း ပြောပြဆိုဆုံးမသော်လည်း သူတို့သည် နားမထောင်ကြ။ ဘာမှမဟုတ်သည့် အကြောင်းကလေးတခုဖြင့် သူတို့သည် သံဃအဖွဲ့အစည်း၏ ဂုဏ်သိက္ခာကို ထိခိုက်နစ်နာအောင် ပြုလုပ်ကြသည်။

ရဟန်းတပါးသည် ကိုယ်လက်သုတ်သင်ရန် သွားသည့်အခါ ရေခွက်ထဲ၌ ရေကျန်ကို ချန်ထားပြီး ပြန်လာခဲ့သည်။ အခြားရဟန်းတပါးက ယင်းကဲ့သို့ ရေချန်ထားခြင်းမှာ မသင့်လျော်ဟု ပြောပြသည်။ အကြောင်းအရာမှာ ဘာမျှ ဖြစ်လောက်သည့် အရာမဟုတ်။ ရိုးရိုးကလေးပင် ဖြစ်သည်။ ယင်းမှားယွင်းချက်ကို ၀န်ခံလိုက်ရုံသာလျှင် ဖြစ်သည်။ သို့ရာတွင် ထိုကဲ့သို့ မဟုတ်ပေ။ ထိုအချက်ကို ရေးကြီးခွင်ကျယ်လုပ်၍ အငြင်းပွါးလေတော့သည်။

ကမ္ဘာလောကသည် တဒင်္ဂတခဏမျှသာ ခံသည်။ ဤကမ္ဘာလောက၌ သန့်ရှင်းစင်ကြယ်သည့်အရာ မည်သည့်အရာ ဖြစ်သည်၊ မသန့်ရှင်း မစင်ကြယ်သည့်အရာ ဆိုသည်မှာ မည်သည့်အရာဖြစ်သည် စသည်ဖြင့် တရားဟောလေတော့သည်။ လူ့ဘ၀၌ အသိဥာဏ်နှင့် အတွေးအခေါ်သည် ပေါင်းစပ်ရ၏ဟု ယင်း 'အလွန်' ၀ါဒီ၊ တဖက်စွန်းဝါဒီများသည် မသိနားမလည်ကြပေ။ ယင်းမသိနားမလည်မှု၏ အကျိုးတရား အဖြစ်ဖြင့် ထိုရဟန်း၏ အတွင်း၌ အုပ်စုဖွဲ့မိသွားကြပြီးလျှင် အုပ်စုနှစ်ခု အချင်းချင်း ခိုက်ရန်ဒေါသများစွာ ဖြစ်ကုန်ကြတော့သည်။

ငါ၏ အထံသို့ သတင်းရောက်လာသောအခါ ငါသည် ရှင်းလင်းပြောပြ ဆိုဆုံးမရန် သွားခဲ့လေသည်။ သို့ရာတွင် သူတို့က ပြောပြသည်။
"
အရှင်ဘုရားသည် တရားရှင်ဖြစ်လျှင် အေးအေးဆေးဆေးသာ နေတော်မူပါ၊ တပည့်တော်များ အကြားတွင် ၀င်မလာပါနှင့်၊ တပည့်တော်တို့ ကိုယ့်ဟာကိုယ် ဖြေရှင်းပါမည်"

သူတို့၏ ယင်းကဲ့သို့ မာန်မာနတက်ကြွနေမှုကို တွေ့ရ၍ ငါသည် တအ့တသြ ဖြစ်မိသည်။ သို့သော်လည်း ကမ္ဘာလောက၏ အခြေအနေကို စဉ်းစားဆင်ခြင်၍ ငါသည် ကိုယ့်စိတ်ကို ကိုယ်ဖြေရလေသည်။ သူတို့ကို ရှင်းလင်းပြောပြ ဆိုဆုံးမခြင်းသည် အချည်းနှီး အလဟဿပင် ဖြစ်သည်။ များစွာသော သတ္တ၀ါတို့သည် အထိခိုက် အနစ်နာ ခံရပြီးမှသာလျှင် အမှန်သို့ ရောက်ရှိလာတတ်သည်။ ထို အဆင့်သို့ မရောက်ခင် ၎င်းတို့အား ရှင်းလင်းပြောပြ ဆိုဆုံးမနေ၍ အရာမထင် အချည်းနှီး အလဟဿပင် ဖြစ်သည်။

ထိုမျှသာမက ထိုကဲ့သို့သော ပုဂ္ဂိုလ်များအား ရှင်းလင်းပြောပြ ဆိုဆုံးမခြင်းအားဖြင့် သူတို့၏ ကျွဲပါးစောင်းတီး သဘောသည် ပို၍ပင် တိုးပွါးလာတတ်သည်။ သို့ဖြစ်၍ ငါသည် ထိုရဟန်းများအား ရှင်းလင်းပြောပြ ဆိုဆုံးမခြင်း မပြုလုပ်တော့ပေ။ ထိုမျှသာမက ငါသည် သူတို့ကို ရန်ပွဲတန်းလန်းနှင့် ထားပစ်ခဲ့လျက် ကောသမ္ဗီမှ ထွက်လာခဲ့လေသည်။

ငါ ထွက်လာသည့်အခါ ကောသမ္ဗီမှ ဥပသကာများသည် များစွာ စိတ်ထိခိုက်သွားကြသည်။ သူတို့သည် ရဟန်းများ၏ အထံသို့ အသွားအလာ ဖြတ်ပစ်လိုက်ကြသည်။ ရဟန်းများနှင့် တွေ့ဆုံခြင်း၊ ရဟန်းများအား ဆွမ်း ကွမ်း ပေးကမ်းလှူဒါန်းခြင်းများကိုလည်း မပြုလုပ်ကြတော့ပေ။ ထိုအခါကျမှ ရဟန်းများ သတိတရား ရရှိလာကြ ကုန်သည်။ မိမိ၏ အပြစ်ကို ဖြေဖျောက်ရန်အတွက် သူတို့သည် ကောသမ္ဗီမှ သာဝတ္ထိအထိ ငါ၏အထံသို့ ပြေးလာကြလေသည်။

ငါ တွေးတော စဉ်းစားမိသည်။ လူ့ဘောင်ကို စွန့်ခွါလာခဲ့ကြသည့် ရဟန်းများအတွက် ပင်လျင် လမ်းမှန်ရောက်အောင် ဤမျှလောက် တင်းကျပ်မှု လိုနေလျှင် သာမန်ပုဂ္ဂိုလ်များအတွက်မူ ဆိုဖွယ်ရာ ရှိတော့မည်နည်း။ ထို့ကြောင့် ညွှန်ကြားပြသ ဆိုဆုံးမခြင်းနှင့် အပြစ်ဒဏ်ပေးခြင်း နှစ်မျိုးလုံး လိုအပ်၏ဟု ပြောရခြင်း ဖြစ်လေသည်။

သို့ရာတွင် အပြစ်ဒဏ်ပေးခြင်းသည် တိရစ္ဆာန်ဘ၀၏ အမှတ်လက္ခဏာ ဖြစ်သည်။ လူနှင့် တိရစ္ဆာန်၏ အဓိကထူးခြားမှာ လူသည် အဆိုးကို ကိုယ်တိုင်သော်လည်း သိရှိနားလည်လေသည်။ သို့မဟုတ် အရိပ်ပြရုံဖြင့်လည်း သိရှိနားလည်လေသည်။ ထိုနောက် ယင်းအဆိုးကို ဖယ်ရှားပစ်ရလေသည်။ တိရစ္ဆာန်မှာမှ အဆိုးကို မသိနားမလည်၊ သို့သော် အဆိုးကို မဖယ်ရှားဘဲနေ၍ မဖြစ်သဖြင့် ဖယ်ရှားပစ်ရလေသည်။ ကောသမ္ဗီမှ ရဟန်းများ၏ နောင်တမှာ ထိုသဘောအတိုင်း ဖြစ်လေသည်။

ယခုအခါတွင် သူတို့သည် နောင်တများစွာ ရနေသော်လည်း ယင်းနောင်တရမှု၏ အကျိုးတရားမှန်ကို ရရှိကြတော့မည် မဟုတ်ပေ။ ယခင်အခါကမူ အနည်းငယ်သောနောင်တရမှုဖြင့်ပင် အကျိုးများစွာ ရရှိနိုင်ကြပေသည်။ ငါ၏ ချစ်ခင်ကြင်နာမှုနှင့် ပြည်သူလူထု၏ အကြည်ညိုပွါးမှုများကို ရရှိနိုင်ကြပေသည်။ စိတ်နှလုံးကို မစောင့်စည်း မထိန်းချုပ်မှုသည် နောင်ဘ၀တွင်သာမဟုတ်ဘဲ ယခုဘ၀၌လည်း အကျိုးတရားကို ပေး၏ ဟူသော အချက်မှာ ယုံမှားသံသယ ဖြစ်ဖွယ်ရာ မရှိတော့ပေ။

ယင်း အဖြစ်အပျက်ကြောင့် အကြောင်းတရားတခု သိရှိရသည်မှာလည်း အကယ်၍ ဒါယကာများက အသိဥာဏ်ပညာရှိနေကြပါလျှင် ရဟန်းသံဃာများအတွင်း၌ ဖောက်ဖောက်ပြန်ပြန် ဖြစ်လာဖို့ရာ မလွယ်ကူပေ။ ဒါယကာများအနေဖြင့် ကောသမ္ဗီမှ ဒါယကာများကဲ့သို့ အသိဥာဏ်ပညာနှင့် ပြည့်စုံနေသရွေ့ ငါ၏ သံဃအဖွဲ့အစည်းသည် မှန်ကန်ကောင်းမွန်သော သံဃအဖွဲ့အစည်းစာလျှင် ဖြစ်နေပေလိမ့်မည်။

ပါရဂူ
[
ဗုဒ္ဓဒိုင်ယာရီ စာအုပ် ဆဌမအကြိမ်နှိပ်ခြင်း၊ ၁၉၉၀ ဖေဖော်ဝါရီ- မှ ကူးယူဖော်ပြပါတယ်။]
by Maung Aye Win