Friday, October 31, 2014

ဝိဇ္ဇာသုံးပါး တူသလား


ဝိဇ္ဇာသုံးပါး တူသလား

`ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒ´ ကျမ်းဆရာသည် မဇ္ဈိမပဏ္ဏာသပါဠိတော်၊ တေ၀ိဇ္ဇ၀စ္ဆသုတ်ကို အကျဉ်းချုပ်ဖော်ပြ၍ -
`ဤဗုဒ္ဓဒေသနာအရ သဗ္ဗညုတဉာဏ်မှာ သိသင့်သိအပ်သော တရားအားလုံးကို ထိုးထွင်း သိမြင်မှု (၀ါ) ၀ိဇ္ဇာသုံးပါးကို ထိုးထွင်း သိသော ဉာဏ်အမြင်ဖြစ်ကြောင်း ထင်ရှား၏။

`၀ိဇ္ဇာသုံးပါးသည် ရဟန္တာပုဂ္ဂိုလ်တိုင်း ရရှိသော ဉာဏ်ဖြစ်၏။ အဋ္ဌကထာဆရာ တို့သည် ဗုဒ္ဓကို ရဟန္တာတို့နှင့် ခွဲခြားလိုသောကြောင့် ဗုဒ္ဓ၏ သဗ္ဗညုတဉာဏ်ကို ထာဝရ အကြားအမြင် အဖြစ်ဖြင့် ဖွင့်ဆိုရေးသားခဲ့ကြခြင်း ဖြစ်ပေမည်´ (၎င်း၊ စာ-၃၃၂) ဟု ရေးသားထား၏။
အထက်ပါ အရေးအသားတို့တွင် `သဗ္ဗညုတဉာဏ်မှာ သိသင့်သိအပ်သော တရားအားလုံးကို ထိုးထွင်းသိမြင်မှု´ ဆိုလျှင် မှန်ပါသည်။ (၀ါ) ၀ိဇ္ဇာသုံးပါးကို ထိုးထွင်းသိသော ဉာဏ်အမြင်ဖြစ်ကြောင်း ထင်ရှား၏´ဟူသော စကားသည် မှားပါသည်။

မြတ်စွာဘုရားသည် ၀ိဇ္ဇာသုံးပါးကိုသာမက ၀ိဇ္ဇာရှစ်ပါးကိုလည်း သိပါသည်။ သင်္ခါရ၊ ၀ိကာရ၊ လက္ခဏာ၊ နိဗ္ဗာန်၊ ပညတ်ဟူသော ဉေယျဓံတရားအားလုံးကိုပင် သိတော်မူပါသည်။
ထို့ပြင်လည်း ၀ိဇ္ဇာသုံးပါးသည် ရဟန္တာပုဂ္ဂိုလ်တိုင်း ရရှိသောဉာဏ် မဟုတ်ပါ။ အချို့ရ၍၊ အချို့မရ၊ အချို့ ထို့ထက်ပို၍ရပါသည်။ “အဋ္ဌကထာဆရာတို့သည် ဗုဒ္ဓကို ရဟန္တာတို့နှင့် ခွဲခြားလိုသောကြောင့်” ဟူရာ၌ ဗုဒ္ဓကို ရဟန္တာတို့နှင့် တမင်တကာလိုက်ပြီး အဆင့်ခွဲပြနေစရာ မလို၊ အလိုလို ကွဲပြားပြီးသား ဖြစ်၏။

“ဗုဒ္ဓ၏ သဗ္ဗညုတဉာဏ်ကို ထာဝရအကြားအမြင်အဖြစ်ဖြင့် ဖွင့်ဆိုရေးသားခဲ့ခြင်း ဖြစ်ပေမည်” ဟူရာ၌လည်း မည်သည့်အဋ္ဌကထာကမျှ ထာဝရအကြားအမြင်အဖြစ်ဖြင့် မဖွင့်ဆို မရေးသားခဲ့ကြောင်း အထက်၌ ဆိုခဲ့ပြီ။ ဤကား သာမည ဖြေရှင်းချက်တည်း။
ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒကျမ်းဆရာသည် “အို-၀စ္ဆ၊ ရဟန်းဂေါတမသည် ၀ိဇ္ဇာသုံးပါးနှင့် ပြည့်စုံသည်ဟု ပြောဆိုသောသူသည် ငါဘုရားအကြောင်းကို ဟုတ်မှန်သောအတိုင်း ပြောဆိုခြင်း ဖြစ်၏” ဟူသော တေ၀ိဇ္ဇ၀စ္ဆသုတ်ကို ကိုးကား၍ မြတ်စွာဘုရား၌ ၀ိဇ္ဇာသုံးပါးသာရှိကြောင်း ယူဆလေ၏။
ဤတွင် မေးသူပရိဗိုဇ်၏ အသိဉာဏ်နှင့် တန်ရုံသာ ဖြေခြင်းမျိုးဖြစ်၍ “မြတ်ဗုဒ္ဓ၌ ၀ိဇ္ဇာသုံးပါးသာ ရှိသည်၊ ထို့ထက်အပိုမရှိ” ဟူသော အဓိပ္ပာယ်မရောက်ပေ။

တစ်ဖန် “ဗုဒ္ဓနှင့် ရဟန္တာတို့တွင် ဆရာနှင့် တပည့်၊ (၀ါ) ခေါင်းဆောင်နှင့် နောက်လိုက်တို့၏ နေရာကဏ္ဍ ခြားနားမှုမျိုးမှတစ်ပါး အခြား ခြားနားမှုများရှိကြောင်း ယူဆရန် ဒေသနာအထောက်အထား မရှိချေ” (၎င်း၊ စာ-၃၃၃) ဟု ပိဋကတ်သုံးပုံကို ထုံးလိုချေ ရေလိုနှောက်ထားသူပမာ ရဲရဲတောက် မိန့်ဆိုလိုက်ပြန်သေး၏။

မြတ်ဗုဒ္ဓကို သာမန်ရဟန္တာတစ်ပါးအဆင့်သို့ အတင်းဆွဲချလိုသော ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒကျမ်းဆရာသည် “၀ိဇ္ဇာသုံးပါးသည် ရဟန္တာပုဂ္ဂိုလ်တိုင်း ရရှိသော ဉာဏ်ဖြစ်၏” (ဗုဒ္ဓလည်း ၀ိဇ္ဇာသုံးပါးသာ ရ၊ ရဟန္တာလည်း ၀ိဇ္ဇာသုံးပါးသာ ရ၊ ထို့ကြောင့် ဗုဒ္ဓနှင့် ရဟန္တာသည် ဆရာတပည့် အနေအထားကလွဲလျှင် ကျန်သည့် အရည်အချင်း အတူတူ) ဟူသော ဒုတိယအမှားကို ကျူးလွန်ပြန်၏။

ပု-ဒိ-အာ ဟူသော ၀ိဇ္ဇာသုံးပါးကို ရဟန္တာပုဂ္ဂိုလ်တိုင်း မရပါ။ မှန်ပါသည်။ ရဟန္တာပုဂ္ဂိုလ် အချင်းချင်းပင် ပါရမီသမ္ဘာရအားလျော်စွာ အဆင့်ချင်း မတူကြပေ။
အချို့သောရဟန္တာတို့သည် ပဋိသမ္ဘိဒါဉာဏ် လေးပါးသို့ ဆိုက်ရောက်သော ပဋိသမ္ဘိဒါပတ္တရဟန္တာတို့ ဖြစ်ကုန်၏။ အချို့သော ရဟန္တာတို့သည် အဘိညာဉ်ခြောက်ပါးနှင့် ပြည့်စုံသော ဆဠာဘိညရဟန္တာတို့ ဖြစ်ကုန်၏။

အချို့သော ရဟန္တာတို့သည် ၀ိဇ္ဇာသုံးပါးနှင့် ပြည့်စုံသော တေ၀ိဇ္ဇ ရဟန္တာတို့ ဖြစ်ကုန်၏။ အချို့သော ရဟန္တာတို့သည် ဈာန်အဘိညာဉ် စသည်မရ အာသ၀က္ခယဉာဏ်မျှသာရသော သုက္ခ၀ိပဿကရဟန္တာတို့ ဖြစ်ကုန်၏။

မြတ်စွာဘုရားနှင့် ရဟန္တာတို့၏ ခြားနားချက်
မြတ်စွာဘုရားနှင့် ရဟန္တာတို့ ၀ိဇ္ဇာသုံးပါး ရသည်ချင်းတူစေဦး၊ အဆင့်အတန်းချင်းမှာ ကွာခြားပေသေးသည်။ ၀ိဇ္ဇာသုံးပါးတွင် ပုဗ္ဗေနိဝါသာနုဿတိ=ရှေး၌နေဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်သော ၀ိဇ္ဇာညာဏ်ကို

(၁) တိတ္ထိများ၊
(၂) ပကတိသာဝကများ၊
(၃) မဟာသာဝကများ၊
(၄) အဂ္ဂသာဝကများ၊
(၅) ပစ္စေကဗုဒ္ဓါများ၊
(၆) မြတ်စွာဘုရားအားဖြင့် ၆-ပါးသောပုဂ္ဂိုလ်တို့ ရနိုင်၏။

ထိုပုဂ္ဂိုလ်တို့၏ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်စွမ်း အဆင့်အတန်း ကွဲပြားပုံကို (ဒီ-ဋ္ဌ၊ ၂၊ ၂။ ပဋိသံ၊ ဋ္ဌ၊ ၁၊ ၃၂၃) တို့၌ လာသည့်အတိုင်း ခွဲခြားပြပါဦးမည်။
(၁) တိတ္ထိတို့သည် ကမ္ဘာလေးဆယ်သာ အောက်မေ့နိုင်ကုန်၏။
(၂) ပကတိသာဝကတို့သည် ကမ္ဘာတစ်ရာ- တစ်ထောင် အောက်မေ့နိုင်ကုန်၏။
(၃) မဟာသာဝကတို့သည် ကမ္ဘာတစ်သိန်း အောက်မေ့နိုင်ကုန်၏။
(၄) အဂ္ဂသာဝကတို့သည် တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း အောက်မေ့နိုင်ကုန်၏။
(၅) ပစ္စေကဗုဒ္ဓါတို့သည် နှစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း အောက်မေ့နိုင်ကုန်၏။
(၆) မြတ်စွာဘုရားရှင်တို့သည် အပိုင်းအခြားမရှိ အောက်မေ့နိုင်ကုန်၏။

ထိုသို့ အောက်မေ့ရာတွင်လည်း -
(၁) တိတ္ထိတို့သည် ခန္ဓာအစဉ်ကို လျှောက်၍သာ အောက်မေ့နိုင်ကုန်၏။ အစဉ်ကိုလွှတ်၍ စုတိပဋိသန္ဓေအားဖြင့် အောက်မေ့ခြင်းငှာ မစွမ်းနိုင်ကြကုန်။
(၂-၃) ပကတိသာဝကနှင့် မဟာသာဝကတို့သည် ခန္ဓာအစဉ်အားဖြင့်လည်းကောင်း၊ စုတိပဋိသန္ဓေအားဖြင့်လည်းကောင်း အောက်မေ့နိုင်ကုန်၏။
(၄) အဂ္ဂသာဝကတို့သည် ခန္ဓာအစဉ်အားဖြင့် အောက်မေ့ရန် မလိုဘဲ စုတိပဋိသန္ဓေအားဖြင့် အောက်မေ့နိုင်ကုန်၏။
(၅) ပစ္စေကဗုဒ္ဓါတို့လည်း ထို့အတူပင် ဖြစ်၏။
(၆) မြတ်စွာဘုရားတို့သည်ကား ခန္ဓာအစဉ်သို့လည်း လျှောက်ဖွယ်မလို၊ စုတိပဋိသန္ဓေ အားဖြင့်လည်း ပြောင်းရွှေ့ဖွယ် မလို။ အလိုရှိသလို အောက်မေ့နိုင်၏။

ထို့ပြင်လည်း -
(၁) တိတ္ထိတို့၏ ပုဗ္ဗေနိဝါသာနုဿတိဉာဏ် အမြင်သည် ပိုးစုန်းကြူး၏ အရောင်နှင့် တူသည်ဖြစ်၍ ထင်၏။
(၂) ပကတိသာဝကတို့၏ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်အမြင်သည် ဆီမီးရောင်နှင့် တူသည်ဖြစ်၍ ထင်၏။
(၃) မဟာသာဝကတို့၏ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်အမြင်သည် မီးရှူးရောင်နှင့် တူသည်ဖြစ်၍ ထင်၏။
(၄) အဂ္ဂသာဝကတို့၏ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်အမြင်သည် သောက်ရှူးကြယ်၏ အရောင်နှင့် တူသည်ဖြစ်၍ ထင်၏။
(၅) ပစ္စေကဗုဒ္ဓါတို့၏ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်အမြင်သည် လရောင်နှင့် တူသည်ဖြစ်၍ ထင်၏။
(၆) ဘုရားရှင်တို့၏ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်အမြင်သည် ရောင်ခြည်တစ်ထောင် အလင်းဆောင်သော သရဒဥတုအခါ ထွက်ပေါ်လာသော နေ၀န်း၏ အရောင်နှင့် တူသည်ဖြစ်၍ ထင်၏။

ဘုရားမှတစ်ပါး အခြားသောပုဂ္ဂိုလ်တို့၏ ပုဗ္ဗေနိဝါသာနုဿတိ ဉာဏ်သည် မိမိကိုယ်တိုင် မြင်ဖူး-ပြုဖူး-ကြားဖူးသော အာရုံကိုသာ အောက်မေ့နိုင်၏။ ဘုရားရှင်၏ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်သည် မိမိ သူတစ်ပါး နှစ်ဦးသားတို့ မြင်ဖူး-ပြုဖူး-ကြားဖူးသော အာရုံဟူသမျှ အောက်မေ့တော်မူနိုင်၏။

ဤသို့လျှင် ပုဗ္ဗေနိဝါသအရာ၌ သာဝကအချင်းချင်းပင် ကွာခြားသေး၏။ ဘုရားနှင့် ရဟန္တာ အသို့လျှင် တူနိုင်ပါအံ့နည်း။
မြတ်စွာဘုရားရှင်၏ ပုဗ္ဗေနိဝါသာနုဿတိ ဉာဏ်တော်နှင့် ရဟန္တာ ပုဂ္ဂိုလ်တို့၏ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်၊ ဉာဏ်တော်ချင်း ခြားနားသကဲ့သို့ ဒိဗ္ဗစက္ခုဉာဏ်ချင်း၊ အာသ၀က္ခယဉာဏ်ချင်းလည်း ခြားနားပါသည်။

မှန်ပါသည်။ မြတ်စွာဘုရားရှင်၏ အဘိညာဉ်မျက်စိကို မဆိုထားဘိ။ ပကတိ မံသစက္ခု အသားမျက်လုံးသည်ပင် နေ့ညမဟူ တစ်ယူဇနာ အတွင်းကို မြင်နိုင်၏။ လကွယ်သန်းခေါင် စသော အင်္ဂါလေးပါးရှိသော အမိုက်မှောင်၌ သော်မှလည်း မြင်နိုင်၏။ နံရံ-တံတိုင်း-ချုံ-နွယ် စသည် ရစ်သိုင်းလည်း မမြင်အောင် ဖုံးကွယ်ခြင်းငှာ မစွမ်းနိုင်။

တစ်ခုသော နှမ်းစေ့ကို အမှတ်အသားပြု၍ နှမ်းစုနှမ်းပုံ၌ ပစ်ချထားရာ ထိုမှတ်သားထားသော နှမ်းစေ့ကိုသာ ရွေးချယ်ကောက်ယူနိုင် လောက်အောင်ပင် မြတ်စွာဘုရား၏ ပကတိမျက်လုံးသည် စင်ကြယ်ပါသည်။
(မဟာနိ၊ ၃၅၆)

ဒိဗ္ဗစက္ခုဝိဇ္ဇာ-ဟူသော အဘိညာဉ်မျက်လုံးကား “ယာဝတကံ ပန အာကေခၤယ်၊ တာ၀တကံ ပေႆယ်။ ဧ၀ံ ပရိသုဒ္ဓံ ဘဂ၀တော ဒိဗ္ဗစက္ခု” (မဟာနိ၊ ၃၅၇) ဟူသည်နှင့်အညီ အလိုတော်ရှိသလောက် မြင်နိုင်ပါသည်။
အခြားရဟန္တာတို့၏ ဒိဗ္ဗစက္ခုကား အလိုရှိသလောက် မမြင်နိုင်ပါ။

ဒိဗ္ဗစက္ခုအဘိညာဉ်အရာ၌ ဧတဒဂ်ရသော အရှင်အနုရုဒ္ဓါသည်ပင် တစ်ထောင်သော လောကဓာတ်ကိုသာ မြင်နိုင်ပါသည်။ ဤသို့လျှင် ဘုရားရှင်နှင့် ရဟန္တာ ဒိဗ္ဗစက္ခုအဘိညာဉ် ဉာဏ်အရာမှာလည်း ကွာခြားပါသည်။

“အာသ၀က္ခယ၀ိဇ္ဇာ” ဟူသော အရဟတ္တမဂ်ဉာဏ်သည် အာသ၀တို့ကို ကုန်ခန်းစေရာ (၀ါ) ကိလေသာတို့ကို ပယ်သတ်ရာ၌ ဘုရားရှင်၏ အရဟတ္တမဂ်သည် ၀ါသနာနှင့်တကွ ပယ်သတ်နိုင်၏။ ရဟန္တာတို့၏ အရဟတ္တမဂ် သည် ၀ါသနာနှင့်တကွ မပယ်သတ်နိုင်။ ဤသို့ အာသ၀က္ခယ၀ိဇ္ဇာချင်း ကွာခြားကြ၏။ (သာရတ္ထ၊ ဋီ၊ ၁၊ ၂၁၇)

ဤမျှဖြင့်ဆိုလျှင် ၀ိဇ္ဇာသုံးပါးကို ရဟန္တာတိုင်း မရကြောင်း၊ အချို့ရဟန္တာတို့ရသော ၀ိဇ္ဇာသုံးပါးသည်လည်း ပါရမီချင်း ကွာခြားသဖြင့် မြတ်ဗုဒ္ဓ၏ ၀ိဇ္ဇာသုံးပါးနှင့် အဆင့်ချင်း မတူကြောင်း ထင်ရှားပေပြီ။

ဗုဒ္ဓမြတ်စွာတွင် အချို့သော အရိယာသာဝကတို့၌ ရရှိနိုင်သော ၀ိဇ္ဇာသုံးပါး၊ အဘိညာဉ်ခြောက်ပါး၊ ပဋိသမ္ဘိဒါ ဉာဏ်လေးပါးဟူသော ဉာဏ်တော်များသာမက အခြားသော ပစ္စေကဗုဒ္ဓါ၊ အရိယာသာဝကတို့နှင့် မဆက်ဆံဘဲ မြတ်စွာဘုရားရှင်တို့၌သာ ရကောင်းသော “အသာဓာရဏဉာဏ်တော်” ခြောက်ပါး ရှိပါသည်။

ထိုခြောက်ပါးတို့ကို မကျဉ်းမကျယ် သိလွယ်ရုံမျှ ဆိုပါမည်။
၁။ ဣန္ဒြိယပရောပရိယတ္တိဉာဏ် = သတ္တ၀ါတို့၏ ဣနြေ္ဒအနုအရင့်ကို သိသော ဉာဏ်တော်။ (မြတ်စွာဘုရားသည် ဤဉာဏ်တော်ဖြင့် သတ္တ၀ါတို့၏ သဒ္ဓါ၊ ၀ီရိယ စသော ဣနြေ္ဒများ ရင့်-မရင့် ခွဲခြမ်း သိမြင်တော်မူ၏။)
၂။ အာသယာနုသယဉာဏ် = သတ္တ၀ါတို့၏ နှလုံးသွင်း အာသယနှင့် အနုသယဓာတ်ခံကို သိသောဉာဏ်။ (မြတ်စွာဘုရားသည် ဤဉာဏ်တော်ဖြင့် “ဤသတ္တ၀ါ ဤသတ္တ၀ါတို့မှာ ဤမည်သော နှလုံးသွင်း ပြင်းထန်၍ ဤမည်သော အတွင်းကိလေသာမျိုးစေ့ဓာတ် လွန်ကဲကုန်၏” ဟု ခွဲခြမ်းသိမြင်တော်မူ၏။)
၃။ ယမကပါဋိဟာရိယဉာဏ် = ရေမီး အစုံစုံသော တန်ခိုး ပြာဋိဟာတို့ကို စီရင်နိုင်သော ဉာဏ်တော်တည်း။ (သတ္တ၀ါတို့၏ ယုံမှားသံသယ၊ မာန်မာနတို့ကို ပယ်ဖျောက်ချိုးနှိမ်လိုရာအခါတို့၌ အသုံးပြုတော်မူ၏။)

၎။ မဟာကရုဏာသမာပတ္တိဉာဏ် = သတ္တ၀ါတို့အား ကြီးစွာသော သနားမှုနှင့် ယှဉ်သော သမာပတ်နှင့်တကွဖြစ်သော ဉာဏ်တော်။
(မြတ်စွာဘုရားရှင်သည် ဤမဟာကရုဏာသမာပတ်ကို နေ့တိုင်းနေ့တိုင်း နံနက်တစ်ခါ ညတစ်ခါ ၀င်စားတော်မူ၏။)
၅။ သဗ္ဗညုတဉာဏ် = ဉေယျဓမ္မ-သိအပ်သော တရားမှန်သမျှ အကုန်သိမြင်သော ဉာဏ်တော်။ (အကုန်သိဟုသာ ဆိုသည်။ အမြဲသိဟု မဆို။ ဆင်ခြင်တော်မူမှသာ သိ၏။)
၆။ အနာဝရဏဉာဏ် = သဗ္ဗညုတဉာဏ်တော်ကိုပင် ဆင်ခြင်တော်မူသည့်အခါ မည်သို့သော အရာ၊ မည်သို့သောပုဂ္ဂိုလ်ကမျှ မသိမမြင်အောင် တားဆီးပိတ်ဆို့နိုင်စွမ်း မရှိသောကြောင့် အနာဝရဏဉာဏ်-ဟု ခေါ်ပါသည်။
ဤဉာဏ်တော်ခြောက်ပါးသည် အခြားမည်သူနှင့်မျှ မဆိုင်။ ဘုရားရှင်တစ်ပါးတည်းသာ ပိုင်ဆိုင်တော်မူသည့် သီးသန့်ဉာဏ်တော်များ ဖြစ်၏။

ဤသို့လျှင် ဘုရားရှင်နှင့် ရဟန္တာ ဂုဏ်ရည်ချင်း၊ အဆင့်အတန်းချင်း လုံးဝ ကွာခြားပေပြီ။ ဘုရားရှင်၌သာရှိသော ဉာဏ်တော်တိုင်း ရဟန္တာတို့၌ မရှိ။ အချို့သောဉာဏ်တို့ ရှိရာ၌လည်း အရည်အသွေးချင်း ကွာခြားသေး၏။ ဉာဏ်ချင်းတူရာ၌ပင် အဆင့်ချင်း ကွာခြားသေးလျှင် ဉာဏ်ချင်းမတူသော ၀ိဇ္ဇာသုံးပါးနှင့် သဗ္ဗညုတဉာဏ်တော်ကြီးကား အဘယ်မှာလျှင် မကွာခြားဘဲ ရှိနိုင်ပါအံ့နည်း။

ဝိဇ္ဇာသုံးပါးတွင် ပုဗ္ဗေနိဝါသာနုဿတိဉာဏ်သည် ပရိတ္တ၊ မဟဂ္ဂတ၊ အပ္ပမာဏ၊ မဂ္ဂ၊ အတိတ်၊ အဇ္ဈတ္တ၊ ဗဟိဒ္ဓ၊ န၀တ္တဗ္ဗအားဖြင့် ရှစ်ပါးသောအာရုံတို့ကို အာရုံပြု၏။
ဒိဗ္ဗစက္ခုဉာဏ်သည် ပရိတ္တ၊ ပစ္စုပ္ပန္န၊ အဇ္ဈတ္တ၊ ဗဟိဒ္ဓအားဖြင့် လေးပါးသောအာရုံတို့ကို အာရုံပြု၏။ (ပဋိသံ၊ ဋ္ဌ၊ ၁၊ ၃၄၀)

အာသ၀က္ခယဉာဏ်သည် အပ္ပမာဏ၊ ဗဟိဒ္ဓ၊ န၀တ္တဗ္ဗဖြစ်သော နိဗ္ဗာန်ကို အာရုံပြု၏။ (ဒီ-ဋ္ဌ၊ ၁၊ ၂၀၃)
သဗ္ဗညုတဉာဏ်သည် အလုံးစုံကို အာရုံပြုနိုင်၏။ (ဒီ-ဋ္ဌ၊ ၁၊ ၉၃)
ဤသို့ ၀ိဇ္ဇာသုံးပါးနှင့် သဗ္ဗညုတဉာဏ် အာရုံအားဖြင့် ကွဲပြားပြန်၏။

ဤသို့ ဉာဏ်ရည်အရာ၌သာ ကွာခြားသည်မဟုတ်သေး၊ ရုပ်ရည်အရာ၌လည်း လက္ခဏာတော်ကြီး-ငယ်၊ ခြောက်သွယ်သော ရောင်ခြည်တော်တို့ဖြင့် ရဟန္တာတို့ထက် တင့်တယ်တော်မူပြန်၏။

ဤသို့လျှင် ဘယ်ဘက်က ယှဉ်ယှဉ်၊ ဘယ်လိုပင် နှိုင်းနှိုင်း အရာရာတိုင်း၌ ဗုဒ္ဓက ရဟန္တာတို့ထက် သာလွန်ပါလျက် -
“ဗုဒ္ဓနှင့် ရဟန္တာတို့တွင် ဆရာနှင့်တပည့်၊ (၀ါ) ခေါင်းဆောင်နှင့် နောက်လိုက်တို့၏ နေရာကဏ္ဍ ခြားနားမှုမျိုးမှတစ်ပါး အခြား ခြားနားမှုမရှိကြောင်း ယူဆရန် ဒေသနာအထောက်အထား မရှိချေ” (၎င်းင်း၊ စာ-၃၃၃) ဟု ဗုဒ္ဓ၀ါဒကျမ်းဆရာ ဆိုရဲခြင်းကား မျက်စိကန်းသူမို့ တစ္ဆေမကြောက်ခြင်းပေလော...။

၂၀၀၈-ခုနှစ်၊ ဖေဖော်ဝါရီလ၊ ဓမ္မရံသီမဂ္ဂဇင်း
အရှင်ကောဝိဒ (ယော)
Tuesday, January 5, 2010