Wednesday, October 29, 2014

တစ်ချိန်က မန္တလေးမြို့ အရုဏ်ဦး


တစ်ချိန်က မန္တလေးမြို့ အရုဏ်ဦး


မန္တလေးမြို့ရဲ့ နေ့သစ် တစ်ခုကို ဘုရားကြီးရဲ့ ဗုံတောင် ခေါက်သံနဲ့ စလိုက်တယ်။ မန္တလေးသား၊ မန္တလေးသူ တွေက မနက်စောစော ထတတ်၊ နိုးတတ်တဲ့ အလေ့အထ ရှိတယ်။ မနက် လေးနာရီ ဆိုရင် ဘုရားကြီး ပရိဝုဏ် အတွင်းက ဗုံတောင်ခေါက်ပြီ။ ဒီအချိန်မှာ မန္တလေးက လူအများစုဟာ ဘုရားကြီးနဲ့ နီးသူရော၊ ဝေးသူပါ အိပ်ရာက ထကြတယ်။ ဒီအချိန်ကို အလေးအနက် ထားကြတယ်။ ဂရုတစိုက် ရှိကြတယ်။

အရှေ့စောင်းတန်း အာရုံခံ တန်ဆောင်း အတွင်းမှာ ဗုံတောင် မခေါက်ခင် ကတည်းက ရေတော် ဆရာတော်နဲ့ သံဃာတော်တွေ၊ လူပုဂ္ဂိုလ်တွေ ဟာ ဗုံတောင် ခေါက်ချိန်ကို စောင့်ဆိုင်း နေကြတယ်။ မနက်စောစော မျက်နှာသစ် တော်ရေ ကပ်လှူတဲ့ အချိန်ဟာ ဘုရားကြီး ရင်ပြင်တော်မှာ နွေ၊ မိုး၊ ဆောင်း ဘယ်ရာသီပဲ ဖြစ်ဖြစ် သာယာ နေပါတယ်။ ဘုရားကြီး အတွင်း ရောက်လာ သူတိုင်း ကြည်နူးမှု၊ အေးချမ်းမှုတွေ ခံစားကြ ရတယ်။ စိတ်ကြည်လင် နေတတ်တယ်။ ပူပင်သောကတွေ၊ စိုးရိမ် ကြောင့်ကျမှု တွေ အထိုက်အလျောက် လျော့နည်း ပျောက်ကွယ် သွားမြဲပါ။ မြင်မြင်သမျှ တွေ့ရသမျှ ရဟန်းရှင်လူ တွေရဲ့ မျက်နှာတိုင်း ကြည်လင်ရွှင်ပျ အေးမြနေကြတယ်။

ဗုံတောင်ခေါက်လို့ တံခါးတွေ ဖွင့်ပြီး ဆိုတာနဲ့ ရေတော် ကပ်မယ့် ဆရာတော်နဲ့ တကွ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူကြမယ့် ရပ်နီး၊ ရပ်ဝေး ပရိသတ်တွေ၊ နိစ္စဒူဝ ဝတ်ရွတ်စဉ်တွေ ရွတ်ဖတ် ပူဇော်တဲ့ ဝတ်အဖွဲ့၊ ဝတ်အသင်း တွေက ရေတော် ဆရာတော် ဘုရား နောက်က အစီအရီ ဝင်ရောက် ကြပါတယ်။ တံခါး အထပ်ထပ် တစ်ခုချင်း ဖွင့်လှစ်ပြီး တာနဲ့ ရုပ်ပွားတော်ကြီး သီတင်းသုံးရာ ဂန္ဓကုဋီ တိုက်တော်အတွင်း ရေတော် ဆရာတော်ဘုရားနှင့် ဝတ်ဖြူစင်ကြယ် ဝတ်ထားသော ဥပါသကာ နှစ်ဦးတို့က ဦးဆောင် ဝင်ရောက်ကြ ပါတယ်။ ရုပ်ပွားတော်ကြီး သီတင်းသုံးရာ ပလ္လင်တော်ပေါ် တက်ပြီး သက်တော် ထင်ရှား ရှိတော်မူသော ဘုရားရှင် ကိုယ်တော် မြတ်ကြီးအား ပူဇော် နေသလား ထင်မှတ် ရလောက်အောင် မျက်နှာသစ် တော်ရေ၊ တံပူ ကပ်လှူခြင်း များကို တစ်ခုခြင်း လေးမြတ် ရိုသေစွာ ပူဇော်ကြ ပါတယ်။

ဆရာတော် ဘုရားက လည်ပင်းတော် နဲ့ မျက်နှာတော် တဝိုက် ရွှေသင်္ကန်း ဦးစွာ ကပ်လှူပူဇော်ခြင်း ပြုပါတယ်။ အဲဒီအချိန်မှာ ဝတ်ဖြူ စင်ကြယ်ဝတ် ထားတဲ့ ဥပါသကာ နှစ်ဦးက ဘယ်ညာ တစ်လှည့်စီ ငြိမ့်ငြိမ့် ညောင်းညောင်း ယပ်တော်ခတ် ပူဇော်ကြ ပါတယ်။ ရေတော် ဆရာတော် ဘုရားက ဆွမ်း၊ ပန်း၊ ရေချမ်း နဲ့ ချိုချဉ်ရသာ အဖြာဖြာသော ခဲဖွယ် ဘောဇဉ်တွေ သစ်သီးဝလံ တွေကို အစဉ်အတိုင်း ဆပ်ကပ် လှူဒါန်းပူဇော် ပါတယ်။

ဝတ်အဖွဲ့ ဝတ်အသင်း တွေက ဘုရားကန်တော့ ချိုးတွေနဲ့ ရှိခိုးပူဇော် တာတွေ၊ ပရိတ်ပဌာန်း ရွတ်ဖတ်ပူဇော် တာတွေကို ကြည်ညိုဖွယ်ရာ ကြည်နူးဖွယ်ရာ ကျက်သရေ မင်္ဂလာနဲ့ ပြည့်စုံတဲ့ သံနေ သံထားနဲ့ ဌာန်ကရိုဏ်း ကျကျ ရွတ်ဖတ်ပူဇော် နေပါတယ်။ မန္တလေးသား၊ မန္တလေးသူ တွေနဲ့တကွရပ်ဝေးမှ ဘုရားဖူး ဧည့်သည် အများစုဟာ ဘုရားကြီး မျက်နှာသစ် တော်ရေ ကပ်လှူခြင်းကို ကြည်ညို ဖူးမျှော်လိုတဲ့ ဆန္ဒရှိကြ ပါတယ်။ အထူး ဂရုတစိုက် လာရောက် ပူဇော်လေ့ ရှိကြပါတယ်။ မျက်နှာသစ် တော်ရေ ကပ်လှူခြင်း အလေ့အထ ဟာ မန္တလေးမြို့ ဗုဒ္ဓဘာသာဝင် တွေရဲ့ ထူးခြားတဲ့ ပူဇော်မှု တစ်ခုပါပဲ။

ဆွမ်း၊ ပန်း၊ ရေချမ်း ကပ်လှူခြင်း၊ ဝတ်ပြုခြင်းပြီး လို့ စောင်းတန်း အပြင် ထွက်လာချိန် မှာတော့ အရှေ့ မိုးကုတ်စက်ဝိုင်း ဆီက ရောင်နီသန်း စပြုနေပါပြီ။ ဘုရားကြီး အရှေ့မုခ်၊ မြောက်မုခ် အနီးဝန်းကျင် က မြင်းလှည်း၊ ဆိုက်ကား သမားတို့ရဲ့ တရုတ်တန်းဈေး၊ ဘူတာကြီး၊ ဈေးချိုဆိုတဲ့ တစ်ယောက် တစ်ခွန်း အော်ဟစ် ခေါ်ငင်သံတွေကို ကြားနေရ ပါတယ်။ ဂီတသံစဉ်တွေ ပမာ သံတို၊ သံရှည်၊ ဘယ်သံ၊ ညာသံ၊ အနိမ့်အမြင့် စုံလင်လှတဲ့ သံစဉ်တွေ နဲ့ ကြိုကြတဲ့ အသံနဲ့ ခရီးသည် ရသွားလို့ မောင်းထွက် သွားတဲ့ မြင်းလှည်း တွေရဲ့ ခွပ်တောက် ခွပ်တောက် မြင်းခွာသံနဲ့ တချွင်ချွင် ခြူလုံးသံ စတဲ့ အဆက်မပြတ် ကြားနေရတဲ့ အသံတွေဟာ မန္တလေးမြို့ရဲ့ နေ့နေ့ညည မရိုးနိုင်တဲ့ သဘာဝ တေးသွား တစ်ခုပါ။

တစ်ခါတစ်ရံ မိမိနားက ဖြတ်မောင်း သွားတဲ့ မြင်းလှည်းက မြင်းခွာသံ ခြူလုံးသံ တွေဟာ တဖြည်းဖြည်း ဝေးဝေးသွားပြီး တိုးတိုး ညှင်းညှင်းလေး ပျောက်ကွယ် သွားတာကို လွမ်းစရာ လိုလို၊ ဆွေးစရာ လိုလို ကျန်ရစ်တတ် ပါတယ်။ ကား၊ ဆိုင်ကယ်၊ တစ်စီးစ နှစ်စီးစ ဖြတ်မောင်း သွားတတ်တာမှ အပ စက်တပ်ယာဉ် အလွန် ရှားပါးပါ သေးတယ်။ ခြေကျင် လျောက်သူ၊ စက်ဘီးစီးသူတွေ များပါတယ်။ ဘုရားကြီးက ဝတ်ပြု ကပ်လှူ ပူဇော်ပြီး ပြန်လာသူနဲ့ ဆွမ်း၊ ပန်း၊ ရေချမ်း ကိုင်ဆောင်ပြီး ကပ်လှူရန် သွားလာ နေကြသူတွေ ဟာ ဘုရားကြီးနဲ့ တစ်ပြ နှစ်ပြ အတွင်းမှာ အဆက်မပြတ် တွေ့နေရ ပါတယ်။

အများဆုံး ကတော့ သံဃာတော် တွေကို ဖူးတွေ့ နေရတာပါပဲ။ တစ်ပါး နှစ်ပါးချင်း ကြွနေတာ၊ လေးငါး ဆယ်ပါး အုပ်စုလိုက် ကြွနေတာ လမ်းမကြီး တွေပေါ်နဲ့ ဒူးကြား လမ်းတွေမှာ ပျားပန်းခတ်မျှ များပြားလှတဲ့ သံဃာတော် တွေကို ဖူးတွေ့ နေရပါတယ်။ ဆွမ်းဟင်း၊ ဆွမ်း၊ ဘောဇဉ် လောင်းလှူ နေသူတွေ ကိုလဲ အိမ်ရှေ့၊ တိုက်ရှေ့ လမ်းတွေပေါ်မှာ နေရာအစုံ တွေ့နေရ ပါတယ်။ ဓမ္မာရုံတွေ၊ လမ်းဆုံ၊ လမ်းခွတွေမှာ သာသနာ့ အလံလွှင့်ထူပြီး မုန့်ဟင်းခါး၊ ကြာဆံဟင်းခါး၊ ယာဂု အစရှိသဖြင့် ဆက်ကပ် လှူဒါန်းတာ တွေလဲ နေရာတိုင်း မှာတွေ့ရတယ်။

အသင်း အဖွဲ့တွေ၊ သဒ္ဓါတရား ထက်သန်သော တစ်ဦးတည်း ဒကာတွေ က ရဟန်း သာမဏေ မခွဲခြား၊ထေစဉ် ဝါစဉ် မရွေး ကြွလာသမျှ သံဃာတော် တွေကို အစွဲမထား ခွဲခြားမှုမရှိ၊ ကြွရောက် အလှူခံရင် လောင်းလှူကြ တာပါပဲ။ ဒီလို လောင်းလှူခြင်း ကို မန္တလေး သံဃာတော် တွေက ဘုံဆွမ်းခံတယ်။ ဘုံဆွမ်း လောင်းတယ်လို့ ဆိုပါတယ်။ ဆွမ်းခံအိမ် သီးသန့် ပင့်ဖိတ်ခံ ရခြင်း မရှိတဲ့ သံဃာတော်များ ဘုံဆွမ်း အလှူခံ ဘုန်းပေးကြ ရပါတယ်။ မန္တလေးမြို့ ရာဇဝင်မှာ သံဃာတော်တွေ ဘယ်လောက်ပင်များများ ဆွမ်းဘောဇဉ် မပြည့်စုံဘူး ဆိုတာ မရှိခဲ့ပါဘူး။ မျှတ လုံလောက်အောင် လောင်းလှူကြ စမြဲပါ။

မနက် မိုးစင်စင်လင်းလို့ အလင်းရောင်တွေ ရလာလေ လမ်းတွေပေါ်မှာ မျက်စိတဆုံး ဘယ်နေရာ ကိုပဲ ကြည့်ကြည့် ဆွမ်းအလှူခံ ကြွနေတဲ့ သံဃာတော် တွေကိုသာ ကြည်နူးဖွယ်ရာ ဖူးတွေ့ နေရခြင်းပါပဲ။ မန္တလေးမြို့ ဆွမ်းလောင်း လှူတဲ့ အချိန်ဟာ နယ်မြို့တွေနဲ့ မတူပါဘူး။ နံနက် လေးနာရီ လောက်က စပြီး လောင်းလှူ တတ်ကြ ပါတယ်။ လေးပြင် လေးရပ် သံဃာတော်တွေ ဘယ်လောက်ပင် များများ ဘောဇန သပ္ပာယ၊ ခေါ်တဲ့ ဆွမ်း၊ ဘောဇဉ် မျှတအောင် ထက်သန်တဲ့ သဒ္ဓါတရား တွေနဲ့ နေ့စဉ် လောင်းလှူကြ ပါတယ်။ အလွန်တရာမှ ချီးကျူးစရာ ကောင်းပါတယ်။

သာသနာတော် ထွန်းကားတဲ့ မြို့လို့ သမုတ်ခံရတဲ့ မြို့တစ်မြို့ ဖြစ်တာနဲ့ အညီ ပရိယတ်၊ ပရိပတ်၊ ပရိဝေဓ ခေါ်တဲ့ သာသနာ သုံးရပ်ထဲက ပရိယတ် ခေါ်တဲ့ စာပေ သင်ကြားမှု အရာမှာ မန္တလေးမြို့ ဟာ ထင်ရှားလှပါတယ်။ သံဃာတော်တွေ မန္တလေးမြို့မှာ စာပေ မသင်ဖူးရင်၊ စာဝါမလိုက် ဖူးရင် မျက်နှာငယ် ရတဲ့ အဖြစ်မျိုး အထိရှိခဲ့ ဖူးပါတယ်။ စာဘယ်လောက် ပင် တတ်ပါစေ မန္တလေးနေဖူး၊ စာလိုက်ဖူးမှ ပိုတင့်တယ် တယ်လို့ ဆိုစကားကြား ဖူးပါတယ်။ အခြားမြို့ရွာ တွေမှာတော့ စာသင် တတ်မြောက်ပြီး ဖြစ်ပါစေ မန္တလေးမြို့က နာမည်ကြီးတဲ့ စာချ ဆရာတော်ကြီး တွေထံ ပါဠိတော် အဠကထာ အစရှိတဲ့ ကျမ်းကို ထပ်မံပြီး နည်းနာနိဿယ တွေခံယူ တော်မူကြပါတယ်။

အဲဒီအချိန်က ဘုရားကြီး အနီးက ဘုရားကြီး ကျောင်းတိုက်ဟာ နိုင်ငံကျော် ကျောင်းတိုက် တစ်တိုက် ဖြစ်ခဲ့ပါတယ်။ မြန်မာပြည်မှာ အကြီးဆုံး နဲ့ သံဃာတော် အများဆုံးလဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အတွင်းတံတိုင်း အပြင်တံတိုင်း နှစ်ထပ်ကာရံ ထားပြီး ကျောင်းပေါင်း ခုနစ်ဆယ်ကျော် ရှိပါတယ်။ အလယ် တိုက်ကြီးဟာ အလွန်တရာမှ ခမ်းနား ထည်ဝါလှ ပါတယ်။ ဆရာတော် ဘဒ္ဒန္တ ရန်ကုန်၊ ဟံသာဝတီ ဆရာတော်၊ ဆရာတော် ကြယ် တို့လို သာသနာတော်မှာ ထင်ရှားတဲ့ နိုင်ငံကျော် ဆရာတော်ကြီး တွေ သီတင်းသုံးရာ စာပေပို့ချရာ ကျောင်းတိုက် တစ်တိုက်လဲ ဖြစ်ပါတယ်။ ဆရာကြီး ဦးရွှေအောင် တို့လို နာမည်ကျော် ပုဂ္ဂိုလ်တွေလဲ ထွက်ပေါ်ခဲ့ ပါတယ်။ ယခုလို ဆောင်းရာသီ အစ နှင်းမှုန်ကျစ မန္တလေးမြို့ရဲ့ လွမ်းစရာ အရုဏ်ဦး မြင်ကွင်းနဲ့ ထွန်းတောက် ခဲ့တဲ့ သာသနာ့ လင်းရောင်ခြည် တွေကို ပြန်လည် တမ်းတ နေမိ ပါတော့တယ်။

ယဉ်အောင်ဟိန်း
#ရတနာပုံနေ့စဉ်