Friday, October 31, 2014

ဝိဇ္ဇာသုံးပါး တူသလား


ဝိဇ္ဇာသုံးပါး တူသလား

`ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒ´ ကျမ်းဆရာသည် မဇ္ဈိမပဏ္ဏာသပါဠိတော်၊ တေ၀ိဇ္ဇ၀စ္ဆသုတ်ကို အကျဉ်းချုပ်ဖော်ပြ၍ -
`ဤဗုဒ္ဓဒေသနာအရ သဗ္ဗညုတဉာဏ်မှာ သိသင့်သိအပ်သော တရားအားလုံးကို ထိုးထွင်း သိမြင်မှု (၀ါ) ၀ိဇ္ဇာသုံးပါးကို ထိုးထွင်း သိသော ဉာဏ်အမြင်ဖြစ်ကြောင်း ထင်ရှား၏။

`၀ိဇ္ဇာသုံးပါးသည် ရဟန္တာပုဂ္ဂိုလ်တိုင်း ရရှိသော ဉာဏ်ဖြစ်၏။ အဋ္ဌကထာဆရာ တို့သည် ဗုဒ္ဓကို ရဟန္တာတို့နှင့် ခွဲခြားလိုသောကြောင့် ဗုဒ္ဓ၏ သဗ္ဗညုတဉာဏ်ကို ထာဝရ အကြားအမြင် အဖြစ်ဖြင့် ဖွင့်ဆိုရေးသားခဲ့ကြခြင်း ဖြစ်ပေမည်´ (၎င်း၊ စာ-၃၃၂) ဟု ရေးသားထား၏။
အထက်ပါ အရေးအသားတို့တွင် `သဗ္ဗညုတဉာဏ်မှာ သိသင့်သိအပ်သော တရားအားလုံးကို ထိုးထွင်းသိမြင်မှု´ ဆိုလျှင် မှန်ပါသည်။ (၀ါ) ၀ိဇ္ဇာသုံးပါးကို ထိုးထွင်းသိသော ဉာဏ်အမြင်ဖြစ်ကြောင်း ထင်ရှား၏´ဟူသော စကားသည် မှားပါသည်။

မြတ်စွာဘုရားသည် ၀ိဇ္ဇာသုံးပါးကိုသာမက ၀ိဇ္ဇာရှစ်ပါးကိုလည်း သိပါသည်။ သင်္ခါရ၊ ၀ိကာရ၊ လက္ခဏာ၊ နိဗ္ဗာန်၊ ပညတ်ဟူသော ဉေယျဓံတရားအားလုံးကိုပင် သိတော်မူပါသည်။
ထို့ပြင်လည်း ၀ိဇ္ဇာသုံးပါးသည် ရဟန္တာပုဂ္ဂိုလ်တိုင်း ရရှိသောဉာဏ် မဟုတ်ပါ။ အချို့ရ၍၊ အချို့မရ၊ အချို့ ထို့ထက်ပို၍ရပါသည်။ “အဋ္ဌကထာဆရာတို့သည် ဗုဒ္ဓကို ရဟန္တာတို့နှင့် ခွဲခြားလိုသောကြောင့်” ဟူရာ၌ ဗုဒ္ဓကို ရဟန္တာတို့နှင့် တမင်တကာလိုက်ပြီး အဆင့်ခွဲပြနေစရာ မလို၊ အလိုလို ကွဲပြားပြီးသား ဖြစ်၏။

“ဗုဒ္ဓ၏ သဗ္ဗညုတဉာဏ်ကို ထာဝရအကြားအမြင်အဖြစ်ဖြင့် ဖွင့်ဆိုရေးသားခဲ့ခြင်း ဖြစ်ပေမည်” ဟူရာ၌လည်း မည်သည့်အဋ္ဌကထာကမျှ ထာဝရအကြားအမြင်အဖြစ်ဖြင့် မဖွင့်ဆို မရေးသားခဲ့ကြောင်း အထက်၌ ဆိုခဲ့ပြီ။ ဤကား သာမည ဖြေရှင်းချက်တည်း။
ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒကျမ်းဆရာသည် “အို-၀စ္ဆ၊ ရဟန်းဂေါတမသည် ၀ိဇ္ဇာသုံးပါးနှင့် ပြည့်စုံသည်ဟု ပြောဆိုသောသူသည် ငါဘုရားအကြောင်းကို ဟုတ်မှန်သောအတိုင်း ပြောဆိုခြင်း ဖြစ်၏” ဟူသော တေ၀ိဇ္ဇ၀စ္ဆသုတ်ကို ကိုးကား၍ မြတ်စွာဘုရား၌ ၀ိဇ္ဇာသုံးပါးသာရှိကြောင်း ယူဆလေ၏။
ဤတွင် မေးသူပရိဗိုဇ်၏ အသိဉာဏ်နှင့် တန်ရုံသာ ဖြေခြင်းမျိုးဖြစ်၍ “မြတ်ဗုဒ္ဓ၌ ၀ိဇ္ဇာသုံးပါးသာ ရှိသည်၊ ထို့ထက်အပိုမရှိ” ဟူသော အဓိပ္ပာယ်မရောက်ပေ။

တစ်ဖန် “ဗုဒ္ဓနှင့် ရဟန္တာတို့တွင် ဆရာနှင့် တပည့်၊ (၀ါ) ခေါင်းဆောင်နှင့် နောက်လိုက်တို့၏ နေရာကဏ္ဍ ခြားနားမှုမျိုးမှတစ်ပါး အခြား ခြားနားမှုများရှိကြောင်း ယူဆရန် ဒေသနာအထောက်အထား မရှိချေ” (၎င်း၊ စာ-၃၃၃) ဟု ပိဋကတ်သုံးပုံကို ထုံးလိုချေ ရေလိုနှောက်ထားသူပမာ ရဲရဲတောက် မိန့်ဆိုလိုက်ပြန်သေး၏။

မြတ်ဗုဒ္ဓကို သာမန်ရဟန္တာတစ်ပါးအဆင့်သို့ အတင်းဆွဲချလိုသော ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒကျမ်းဆရာသည် “၀ိဇ္ဇာသုံးပါးသည် ရဟန္တာပုဂ္ဂိုလ်တိုင်း ရရှိသော ဉာဏ်ဖြစ်၏” (ဗုဒ္ဓလည်း ၀ိဇ္ဇာသုံးပါးသာ ရ၊ ရဟန္တာလည်း ၀ိဇ္ဇာသုံးပါးသာ ရ၊ ထို့ကြောင့် ဗုဒ္ဓနှင့် ရဟန္တာသည် ဆရာတပည့် အနေအထားကလွဲလျှင် ကျန်သည့် အရည်အချင်း အတူတူ) ဟူသော ဒုတိယအမှားကို ကျူးလွန်ပြန်၏။

ပု-ဒိ-အာ ဟူသော ၀ိဇ္ဇာသုံးပါးကို ရဟန္တာပုဂ္ဂိုလ်တိုင်း မရပါ။ မှန်ပါသည်။ ရဟန္တာပုဂ္ဂိုလ် အချင်းချင်းပင် ပါရမီသမ္ဘာရအားလျော်စွာ အဆင့်ချင်း မတူကြပေ။
အချို့သောရဟန္တာတို့သည် ပဋိသမ္ဘိဒါဉာဏ် လေးပါးသို့ ဆိုက်ရောက်သော ပဋိသမ္ဘိဒါပတ္တရဟန္တာတို့ ဖြစ်ကုန်၏။ အချို့သော ရဟန္တာတို့သည် အဘိညာဉ်ခြောက်ပါးနှင့် ပြည့်စုံသော ဆဠာဘိညရဟန္တာတို့ ဖြစ်ကုန်၏။

အချို့သော ရဟန္တာတို့သည် ၀ိဇ္ဇာသုံးပါးနှင့် ပြည့်စုံသော တေ၀ိဇ္ဇ ရဟန္တာတို့ ဖြစ်ကုန်၏။ အချို့သော ရဟန္တာတို့သည် ဈာန်အဘိညာဉ် စသည်မရ အာသ၀က္ခယဉာဏ်မျှသာရသော သုက္ခ၀ိပဿကရဟန္တာတို့ ဖြစ်ကုန်၏။

မြတ်စွာဘုရားနှင့် ရဟန္တာတို့၏ ခြားနားချက်
မြတ်စွာဘုရားနှင့် ရဟန္တာတို့ ၀ိဇ္ဇာသုံးပါး ရသည်ချင်းတူစေဦး၊ အဆင့်အတန်းချင်းမှာ ကွာခြားပေသေးသည်။ ၀ိဇ္ဇာသုံးပါးတွင် ပုဗ္ဗေနိဝါသာနုဿတိ=ရှေး၌နေဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်သော ၀ိဇ္ဇာညာဏ်ကို

(၁) တိတ္ထိများ၊
(၂) ပကတိသာဝကများ၊
(၃) မဟာသာဝကများ၊
(၄) အဂ္ဂသာဝကများ၊
(၅) ပစ္စေကဗုဒ္ဓါများ၊
(၆) မြတ်စွာဘုရားအားဖြင့် ၆-ပါးသောပုဂ္ဂိုလ်တို့ ရနိုင်၏။

ထိုပုဂ္ဂိုလ်တို့၏ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်စွမ်း အဆင့်အတန်း ကွဲပြားပုံကို (ဒီ-ဋ္ဌ၊ ၂၊ ၂။ ပဋိသံ၊ ဋ္ဌ၊ ၁၊ ၃၂၃) တို့၌ လာသည့်အတိုင်း ခွဲခြားပြပါဦးမည်။
(၁) တိတ္ထိတို့သည် ကမ္ဘာလေးဆယ်သာ အောက်မေ့နိုင်ကုန်၏။
(၂) ပကတိသာဝကတို့သည် ကမ္ဘာတစ်ရာ- တစ်ထောင် အောက်မေ့နိုင်ကုန်၏။
(၃) မဟာသာဝကတို့သည် ကမ္ဘာတစ်သိန်း အောက်မေ့နိုင်ကုန်၏။
(၄) အဂ္ဂသာဝကတို့သည် တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း အောက်မေ့နိုင်ကုန်၏။
(၅) ပစ္စေကဗုဒ္ဓါတို့သည် နှစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း အောက်မေ့နိုင်ကုန်၏။
(၆) မြတ်စွာဘုရားရှင်တို့သည် အပိုင်းအခြားမရှိ အောက်မေ့နိုင်ကုန်၏။

ထိုသို့ အောက်မေ့ရာတွင်လည်း -
(၁) တိတ္ထိတို့သည် ခန္ဓာအစဉ်ကို လျှောက်၍သာ အောက်မေ့နိုင်ကုန်၏။ အစဉ်ကိုလွှတ်၍ စုတိပဋိသန္ဓေအားဖြင့် အောက်မေ့ခြင်းငှာ မစွမ်းနိုင်ကြကုန်။
(၂-၃) ပကတိသာဝကနှင့် မဟာသာဝကတို့သည် ခန္ဓာအစဉ်အားဖြင့်လည်းကောင်း၊ စုတိပဋိသန္ဓေအားဖြင့်လည်းကောင်း အောက်မေ့နိုင်ကုန်၏။
(၄) အဂ္ဂသာဝကတို့သည် ခန္ဓာအစဉ်အားဖြင့် အောက်မေ့ရန် မလိုဘဲ စုတိပဋိသန္ဓေအားဖြင့် အောက်မေ့နိုင်ကုန်၏။
(၅) ပစ္စေကဗုဒ္ဓါတို့လည်း ထို့အတူပင် ဖြစ်၏။
(၆) မြတ်စွာဘုရားတို့သည်ကား ခန္ဓာအစဉ်သို့လည်း လျှောက်ဖွယ်မလို၊ စုတိပဋိသန္ဓေ အားဖြင့်လည်း ပြောင်းရွှေ့ဖွယ် မလို။ အလိုရှိသလို အောက်မေ့နိုင်၏။

ထို့ပြင်လည်း -
(၁) တိတ္ထိတို့၏ ပုဗ္ဗေနိဝါသာနုဿတိဉာဏ် အမြင်သည် ပိုးစုန်းကြူး၏ အရောင်နှင့် တူသည်ဖြစ်၍ ထင်၏။
(၂) ပကတိသာဝကတို့၏ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်အမြင်သည် ဆီမီးရောင်နှင့် တူသည်ဖြစ်၍ ထင်၏။
(၃) မဟာသာဝကတို့၏ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်အမြင်သည် မီးရှူးရောင်နှင့် တူသည်ဖြစ်၍ ထင်၏။
(၄) အဂ္ဂသာဝကတို့၏ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်အမြင်သည် သောက်ရှူးကြယ်၏ အရောင်နှင့် တူသည်ဖြစ်၍ ထင်၏။
(၅) ပစ္စေကဗုဒ္ဓါတို့၏ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်အမြင်သည် လရောင်နှင့် တူသည်ဖြစ်၍ ထင်၏။
(၆) ဘုရားရှင်တို့၏ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်အမြင်သည် ရောင်ခြည်တစ်ထောင် အလင်းဆောင်သော သရဒဥတုအခါ ထွက်ပေါ်လာသော နေ၀န်း၏ အရောင်နှင့် တူသည်ဖြစ်၍ ထင်၏။

ဘုရားမှတစ်ပါး အခြားသောပုဂ္ဂိုလ်တို့၏ ပုဗ္ဗေနိဝါသာနုဿတိ ဉာဏ်သည် မိမိကိုယ်တိုင် မြင်ဖူး-ပြုဖူး-ကြားဖူးသော အာရုံကိုသာ အောက်မေ့နိုင်၏။ ဘုရားရှင်၏ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်သည် မိမိ သူတစ်ပါး နှစ်ဦးသားတို့ မြင်ဖူး-ပြုဖူး-ကြားဖူးသော အာရုံဟူသမျှ အောက်မေ့တော်မူနိုင်၏။

ဤသို့လျှင် ပုဗ္ဗေနိဝါသအရာ၌ သာဝကအချင်းချင်းပင် ကွာခြားသေး၏။ ဘုရားနှင့် ရဟန္တာ အသို့လျှင် တူနိုင်ပါအံ့နည်း။
မြတ်စွာဘုရားရှင်၏ ပုဗ္ဗေနိဝါသာနုဿတိ ဉာဏ်တော်နှင့် ရဟန္တာ ပုဂ္ဂိုလ်တို့၏ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်၊ ဉာဏ်တော်ချင်း ခြားနားသကဲ့သို့ ဒိဗ္ဗစက္ခုဉာဏ်ချင်း၊ အာသ၀က္ခယဉာဏ်ချင်းလည်း ခြားနားပါသည်။

မှန်ပါသည်။ မြတ်စွာဘုရားရှင်၏ အဘိညာဉ်မျက်စိကို မဆိုထားဘိ။ ပကတိ မံသစက္ခု အသားမျက်လုံးသည်ပင် နေ့ညမဟူ တစ်ယူဇနာ အတွင်းကို မြင်နိုင်၏။ လကွယ်သန်းခေါင် စသော အင်္ဂါလေးပါးရှိသော အမိုက်မှောင်၌ သော်မှလည်း မြင်နိုင်၏။ နံရံ-တံတိုင်း-ချုံ-နွယ် စသည် ရစ်သိုင်းလည်း မမြင်အောင် ဖုံးကွယ်ခြင်းငှာ မစွမ်းနိုင်။

တစ်ခုသော နှမ်းစေ့ကို အမှတ်အသားပြု၍ နှမ်းစုနှမ်းပုံ၌ ပစ်ချထားရာ ထိုမှတ်သားထားသော နှမ်းစေ့ကိုသာ ရွေးချယ်ကောက်ယူနိုင် လောက်အောင်ပင် မြတ်စွာဘုရား၏ ပကတိမျက်လုံးသည် စင်ကြယ်ပါသည်။
(မဟာနိ၊ ၃၅၆)

ဒိဗ္ဗစက္ခုဝိဇ္ဇာ-ဟူသော အဘိညာဉ်မျက်လုံးကား “ယာဝတကံ ပန အာကေခၤယ်၊ တာ၀တကံ ပေႆယ်။ ဧ၀ံ ပရိသုဒ္ဓံ ဘဂ၀တော ဒိဗ္ဗစက္ခု” (မဟာနိ၊ ၃၅၇) ဟူသည်နှင့်အညီ အလိုတော်ရှိသလောက် မြင်နိုင်ပါသည်။
အခြားရဟန္တာတို့၏ ဒိဗ္ဗစက္ခုကား အလိုရှိသလောက် မမြင်နိုင်ပါ။

ဒိဗ္ဗစက္ခုအဘိညာဉ်အရာ၌ ဧတဒဂ်ရသော အရှင်အနုရုဒ္ဓါသည်ပင် တစ်ထောင်သော လောကဓာတ်ကိုသာ မြင်နိုင်ပါသည်။ ဤသို့လျှင် ဘုရားရှင်နှင့် ရဟန္တာ ဒိဗ္ဗစက္ခုအဘိညာဉ် ဉာဏ်အရာမှာလည်း ကွာခြားပါသည်။

“အာသ၀က္ခယ၀ိဇ္ဇာ” ဟူသော အရဟတ္တမဂ်ဉာဏ်သည် အာသ၀တို့ကို ကုန်ခန်းစေရာ (၀ါ) ကိလေသာတို့ကို ပယ်သတ်ရာ၌ ဘုရားရှင်၏ အရဟတ္တမဂ်သည် ၀ါသနာနှင့်တကွ ပယ်သတ်နိုင်၏။ ရဟန္တာတို့၏ အရဟတ္တမဂ် သည် ၀ါသနာနှင့်တကွ မပယ်သတ်နိုင်။ ဤသို့ အာသ၀က္ခယ၀ိဇ္ဇာချင်း ကွာခြားကြ၏။ (သာရတ္ထ၊ ဋီ၊ ၁၊ ၂၁၇)

ဤမျှဖြင့်ဆိုလျှင် ၀ိဇ္ဇာသုံးပါးကို ရဟန္တာတိုင်း မရကြောင်း၊ အချို့ရဟန္တာတို့ရသော ၀ိဇ္ဇာသုံးပါးသည်လည်း ပါရမီချင်း ကွာခြားသဖြင့် မြတ်ဗုဒ္ဓ၏ ၀ိဇ္ဇာသုံးပါးနှင့် အဆင့်ချင်း မတူကြောင်း ထင်ရှားပေပြီ။

ဗုဒ္ဓမြတ်စွာတွင် အချို့သော အရိယာသာဝကတို့၌ ရရှိနိုင်သော ၀ိဇ္ဇာသုံးပါး၊ အဘိညာဉ်ခြောက်ပါး၊ ပဋိသမ္ဘိဒါ ဉာဏ်လေးပါးဟူသော ဉာဏ်တော်များသာမက အခြားသော ပစ္စေကဗုဒ္ဓါ၊ အရိယာသာဝကတို့နှင့် မဆက်ဆံဘဲ မြတ်စွာဘုရားရှင်တို့၌သာ ရကောင်းသော “အသာဓာရဏဉာဏ်တော်” ခြောက်ပါး ရှိပါသည်။

ထိုခြောက်ပါးတို့ကို မကျဉ်းမကျယ် သိလွယ်ရုံမျှ ဆိုပါမည်။
၁။ ဣန္ဒြိယပရောပရိယတ္တိဉာဏ် = သတ္တ၀ါတို့၏ ဣနြေ္ဒအနုအရင့်ကို သိသော ဉာဏ်တော်။ (မြတ်စွာဘုရားသည် ဤဉာဏ်တော်ဖြင့် သတ္တ၀ါတို့၏ သဒ္ဓါ၊ ၀ီရိယ စသော ဣနြေ္ဒများ ရင့်-မရင့် ခွဲခြမ်း သိမြင်တော်မူ၏။)
၂။ အာသယာနုသယဉာဏ် = သတ္တ၀ါတို့၏ နှလုံးသွင်း အာသယနှင့် အနုသယဓာတ်ခံကို သိသောဉာဏ်။ (မြတ်စွာဘုရားသည် ဤဉာဏ်တော်ဖြင့် “ဤသတ္တ၀ါ ဤသတ္တ၀ါတို့မှာ ဤမည်သော နှလုံးသွင်း ပြင်းထန်၍ ဤမည်သော အတွင်းကိလေသာမျိုးစေ့ဓာတ် လွန်ကဲကုန်၏” ဟု ခွဲခြမ်းသိမြင်တော်မူ၏။)
၃။ ယမကပါဋိဟာရိယဉာဏ် = ရေမီး အစုံစုံသော တန်ခိုး ပြာဋိဟာတို့ကို စီရင်နိုင်သော ဉာဏ်တော်တည်း။ (သတ္တ၀ါတို့၏ ယုံမှားသံသယ၊ မာန်မာနတို့ကို ပယ်ဖျောက်ချိုးနှိမ်လိုရာအခါတို့၌ အသုံးပြုတော်မူ၏။)

၎။ မဟာကရုဏာသမာပတ္တိဉာဏ် = သတ္တ၀ါတို့အား ကြီးစွာသော သနားမှုနှင့် ယှဉ်သော သမာပတ်နှင့်တကွဖြစ်သော ဉာဏ်တော်။
(မြတ်စွာဘုရားရှင်သည် ဤမဟာကရုဏာသမာပတ်ကို နေ့တိုင်းနေ့တိုင်း နံနက်တစ်ခါ ညတစ်ခါ ၀င်စားတော်မူ၏။)
၅။ သဗ္ဗညုတဉာဏ် = ဉေယျဓမ္မ-သိအပ်သော တရားမှန်သမျှ အကုန်သိမြင်သော ဉာဏ်တော်။ (အကုန်သိဟုသာ ဆိုသည်။ အမြဲသိဟု မဆို။ ဆင်ခြင်တော်မူမှသာ သိ၏။)
၆။ အနာဝရဏဉာဏ် = သဗ္ဗညုတဉာဏ်တော်ကိုပင် ဆင်ခြင်တော်မူသည့်အခါ မည်သို့သော အရာ၊ မည်သို့သောပုဂ္ဂိုလ်ကမျှ မသိမမြင်အောင် တားဆီးပိတ်ဆို့နိုင်စွမ်း မရှိသောကြောင့် အနာဝရဏဉာဏ်-ဟု ခေါ်ပါသည်။
ဤဉာဏ်တော်ခြောက်ပါးသည် အခြားမည်သူနှင့်မျှ မဆိုင်။ ဘုရားရှင်တစ်ပါးတည်းသာ ပိုင်ဆိုင်တော်မူသည့် သီးသန့်ဉာဏ်တော်များ ဖြစ်၏။

ဤသို့လျှင် ဘုရားရှင်နှင့် ရဟန္တာ ဂုဏ်ရည်ချင်း၊ အဆင့်အတန်းချင်း လုံးဝ ကွာခြားပေပြီ။ ဘုရားရှင်၌သာရှိသော ဉာဏ်တော်တိုင်း ရဟန္တာတို့၌ မရှိ။ အချို့သောဉာဏ်တို့ ရှိရာ၌လည်း အရည်အသွေးချင်း ကွာခြားသေး၏။ ဉာဏ်ချင်းတူရာ၌ပင် အဆင့်ချင်း ကွာခြားသေးလျှင် ဉာဏ်ချင်းမတူသော ၀ိဇ္ဇာသုံးပါးနှင့် သဗ္ဗညုတဉာဏ်တော်ကြီးကား အဘယ်မှာလျှင် မကွာခြားဘဲ ရှိနိုင်ပါအံ့နည်း။

ဝိဇ္ဇာသုံးပါးတွင် ပုဗ္ဗေနိဝါသာနုဿတိဉာဏ်သည် ပရိတ္တ၊ မဟဂ္ဂတ၊ အပ္ပမာဏ၊ မဂ္ဂ၊ အတိတ်၊ အဇ္ဈတ္တ၊ ဗဟိဒ္ဓ၊ န၀တ္တဗ္ဗအားဖြင့် ရှစ်ပါးသောအာရုံတို့ကို အာရုံပြု၏။
ဒိဗ္ဗစက္ခုဉာဏ်သည် ပရိတ္တ၊ ပစ္စုပ္ပန္န၊ အဇ္ဈတ္တ၊ ဗဟိဒ္ဓအားဖြင့် လေးပါးသောအာရုံတို့ကို အာရုံပြု၏။ (ပဋိသံ၊ ဋ္ဌ၊ ၁၊ ၃၄၀)

အာသ၀က္ခယဉာဏ်သည် အပ္ပမာဏ၊ ဗဟိဒ္ဓ၊ န၀တ္တဗ္ဗဖြစ်သော နိဗ္ဗာန်ကို အာရုံပြု၏။ (ဒီ-ဋ္ဌ၊ ၁၊ ၂၀၃)
သဗ္ဗညုတဉာဏ်သည် အလုံးစုံကို အာရုံပြုနိုင်၏။ (ဒီ-ဋ္ဌ၊ ၁၊ ၉၃)
ဤသို့ ၀ိဇ္ဇာသုံးပါးနှင့် သဗ္ဗညုတဉာဏ် အာရုံအားဖြင့် ကွဲပြားပြန်၏။

ဤသို့ ဉာဏ်ရည်အရာ၌သာ ကွာခြားသည်မဟုတ်သေး၊ ရုပ်ရည်အရာ၌လည်း လက္ခဏာတော်ကြီး-ငယ်၊ ခြောက်သွယ်သော ရောင်ခြည်တော်တို့ဖြင့် ရဟန္တာတို့ထက် တင့်တယ်တော်မူပြန်၏။

ဤသို့လျှင် ဘယ်ဘက်က ယှဉ်ယှဉ်၊ ဘယ်လိုပင် နှိုင်းနှိုင်း အရာရာတိုင်း၌ ဗုဒ္ဓက ရဟန္တာတို့ထက် သာလွန်ပါလျက် -
“ဗုဒ္ဓနှင့် ရဟန္တာတို့တွင် ဆရာနှင့်တပည့်၊ (၀ါ) ခေါင်းဆောင်နှင့် နောက်လိုက်တို့၏ နေရာကဏ္ဍ ခြားနားမှုမျိုးမှတစ်ပါး အခြား ခြားနားမှုမရှိကြောင်း ယူဆရန် ဒေသနာအထောက်အထား မရှိချေ” (၎င်းင်း၊ စာ-၃၃၃) ဟု ဗုဒ္ဓ၀ါဒကျမ်းဆရာ ဆိုရဲခြင်းကား မျက်စိကန်းသူမို့ တစ္ဆေမကြောက်ခြင်းပေလော...။

၂၀၀၈-ခုနှစ်၊ ဖေဖော်ဝါရီလ၊ ဓမ္မရံသီမဂ္ဂဇင်း
အရှင်ကောဝိဒ (ယော)
Tuesday, January 5, 2010



Wednesday, October 29, 2014

တစ်ချိန်က မန္တလေးမြို့ အရုဏ်ဦး


တစ်ချိန်က မန္တလေးမြို့ အရုဏ်ဦး


မန္တလေးမြို့ရဲ့ နေ့သစ် တစ်ခုကို ဘုရားကြီးရဲ့ ဗုံတောင် ခေါက်သံနဲ့ စလိုက်တယ်။ မန္တလေးသား၊ မန္တလေးသူ တွေက မနက်စောစော ထတတ်၊ နိုးတတ်တဲ့ အလေ့အထ ရှိတယ်။ မနက် လေးနာရီ ဆိုရင် ဘုရားကြီး ပရိဝုဏ် အတွင်းက ဗုံတောင်ခေါက်ပြီ။ ဒီအချိန်မှာ မန္တလေးက လူအများစုဟာ ဘုရားကြီးနဲ့ နီးသူရော၊ ဝေးသူပါ အိပ်ရာက ထကြတယ်။ ဒီအချိန်ကို အလေးအနက် ထားကြတယ်။ ဂရုတစိုက် ရှိကြတယ်။

အရှေ့စောင်းတန်း အာရုံခံ တန်ဆောင်း အတွင်းမှာ ဗုံတောင် မခေါက်ခင် ကတည်းက ရေတော် ဆရာတော်နဲ့ သံဃာတော်တွေ၊ လူပုဂ္ဂိုလ်တွေ ဟာ ဗုံတောင် ခေါက်ချိန်ကို စောင့်ဆိုင်း နေကြတယ်။ မနက်စောစော မျက်နှာသစ် တော်ရေ ကပ်လှူတဲ့ အချိန်ဟာ ဘုရားကြီး ရင်ပြင်တော်မှာ နွေ၊ မိုး၊ ဆောင်း ဘယ်ရာသီပဲ ဖြစ်ဖြစ် သာယာ နေပါတယ်။ ဘုရားကြီး အတွင်း ရောက်လာ သူတိုင်း ကြည်နူးမှု၊ အေးချမ်းမှုတွေ ခံစားကြ ရတယ်။ စိတ်ကြည်လင် နေတတ်တယ်။ ပူပင်သောကတွေ၊ စိုးရိမ် ကြောင့်ကျမှု တွေ အထိုက်အလျောက် လျော့နည်း ပျောက်ကွယ် သွားမြဲပါ။ မြင်မြင်သမျှ တွေ့ရသမျှ ရဟန်းရှင်လူ တွေရဲ့ မျက်နှာတိုင်း ကြည်လင်ရွှင်ပျ အေးမြနေကြတယ်။

ဗုံတောင်ခေါက်လို့ တံခါးတွေ ဖွင့်ပြီး ဆိုတာနဲ့ ရေတော် ကပ်မယ့် ဆရာတော်နဲ့ တကွ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူကြမယ့် ရပ်နီး၊ ရပ်ဝေး ပရိသတ်တွေ၊ နိစ္စဒူဝ ဝတ်ရွတ်စဉ်တွေ ရွတ်ဖတ် ပူဇော်တဲ့ ဝတ်အဖွဲ့၊ ဝတ်အသင်း တွေက ရေတော် ဆရာတော် ဘုရား နောက်က အစီအရီ ဝင်ရောက် ကြပါတယ်။ တံခါး အထပ်ထပ် တစ်ခုချင်း ဖွင့်လှစ်ပြီး တာနဲ့ ရုပ်ပွားတော်ကြီး သီတင်းသုံးရာ ဂန္ဓကုဋီ တိုက်တော်အတွင်း ရေတော် ဆရာတော်ဘုရားနှင့် ဝတ်ဖြူစင်ကြယ် ဝတ်ထားသော ဥပါသကာ နှစ်ဦးတို့က ဦးဆောင် ဝင်ရောက်ကြ ပါတယ်။ ရုပ်ပွားတော်ကြီး သီတင်းသုံးရာ ပလ္လင်တော်ပေါ် တက်ပြီး သက်တော် ထင်ရှား ရှိတော်မူသော ဘုရားရှင် ကိုယ်တော် မြတ်ကြီးအား ပူဇော် နေသလား ထင်မှတ် ရလောက်အောင် မျက်နှာသစ် တော်ရေ၊ တံပူ ကပ်လှူခြင်း များကို တစ်ခုခြင်း လေးမြတ် ရိုသေစွာ ပူဇော်ကြ ပါတယ်။

ဆရာတော် ဘုရားက လည်ပင်းတော် နဲ့ မျက်နှာတော် တဝိုက် ရွှေသင်္ကန်း ဦးစွာ ကပ်လှူပူဇော်ခြင်း ပြုပါတယ်။ အဲဒီအချိန်မှာ ဝတ်ဖြူ စင်ကြယ်ဝတ် ထားတဲ့ ဥပါသကာ နှစ်ဦးက ဘယ်ညာ တစ်လှည့်စီ ငြိမ့်ငြိမ့် ညောင်းညောင်း ယပ်တော်ခတ် ပူဇော်ကြ ပါတယ်။ ရေတော် ဆရာတော် ဘုရားက ဆွမ်း၊ ပန်း၊ ရေချမ်း နဲ့ ချိုချဉ်ရသာ အဖြာဖြာသော ခဲဖွယ် ဘောဇဉ်တွေ သစ်သီးဝလံ တွေကို အစဉ်အတိုင်း ဆပ်ကပ် လှူဒါန်းပူဇော် ပါတယ်။

ဝတ်အဖွဲ့ ဝတ်အသင်း တွေက ဘုရားကန်တော့ ချိုးတွေနဲ့ ရှိခိုးပူဇော် တာတွေ၊ ပရိတ်ပဌာန်း ရွတ်ဖတ်ပူဇော် တာတွေကို ကြည်ညိုဖွယ်ရာ ကြည်နူးဖွယ်ရာ ကျက်သရေ မင်္ဂလာနဲ့ ပြည့်စုံတဲ့ သံနေ သံထားနဲ့ ဌာန်ကရိုဏ်း ကျကျ ရွတ်ဖတ်ပူဇော် နေပါတယ်။ မန္တလေးသား၊ မန္တလေးသူ တွေနဲ့တကွရပ်ဝေးမှ ဘုရားဖူး ဧည့်သည် အများစုဟာ ဘုရားကြီး မျက်နှာသစ် တော်ရေ ကပ်လှူခြင်းကို ကြည်ညို ဖူးမျှော်လိုတဲ့ ဆန္ဒရှိကြ ပါတယ်။ အထူး ဂရုတစိုက် လာရောက် ပူဇော်လေ့ ရှိကြပါတယ်။ မျက်နှာသစ် တော်ရေ ကပ်လှူခြင်း အလေ့အထ ဟာ မန္တလေးမြို့ ဗုဒ္ဓဘာသာဝင် တွေရဲ့ ထူးခြားတဲ့ ပူဇော်မှု တစ်ခုပါပဲ။

ဆွမ်း၊ ပန်း၊ ရေချမ်း ကပ်လှူခြင်း၊ ဝတ်ပြုခြင်းပြီး လို့ စောင်းတန်း အပြင် ထွက်လာချိန် မှာတော့ အရှေ့ မိုးကုတ်စက်ဝိုင်း ဆီက ရောင်နီသန်း စပြုနေပါပြီ။ ဘုရားကြီး အရှေ့မုခ်၊ မြောက်မုခ် အနီးဝန်းကျင် က မြင်းလှည်း၊ ဆိုက်ကား သမားတို့ရဲ့ တရုတ်တန်းဈေး၊ ဘူတာကြီး၊ ဈေးချိုဆိုတဲ့ တစ်ယောက် တစ်ခွန်း အော်ဟစ် ခေါ်ငင်သံတွေကို ကြားနေရ ပါတယ်။ ဂီတသံစဉ်တွေ ပမာ သံတို၊ သံရှည်၊ ဘယ်သံ၊ ညာသံ၊ အနိမ့်အမြင့် စုံလင်လှတဲ့ သံစဉ်တွေ နဲ့ ကြိုကြတဲ့ အသံနဲ့ ခရီးသည် ရသွားလို့ မောင်းထွက် သွားတဲ့ မြင်းလှည်း တွေရဲ့ ခွပ်တောက် ခွပ်တောက် မြင်းခွာသံနဲ့ တချွင်ချွင် ခြူလုံးသံ စတဲ့ အဆက်မပြတ် ကြားနေရတဲ့ အသံတွေဟာ မန္တလေးမြို့ရဲ့ နေ့နေ့ညည မရိုးနိုင်တဲ့ သဘာဝ တေးသွား တစ်ခုပါ။

တစ်ခါတစ်ရံ မိမိနားက ဖြတ်မောင်း သွားတဲ့ မြင်းလှည်းက မြင်းခွာသံ ခြူလုံးသံ တွေဟာ တဖြည်းဖြည်း ဝေးဝေးသွားပြီး တိုးတိုး ညှင်းညှင်းလေး ပျောက်ကွယ် သွားတာကို လွမ်းစရာ လိုလို၊ ဆွေးစရာ လိုလို ကျန်ရစ်တတ် ပါတယ်။ ကား၊ ဆိုင်ကယ်၊ တစ်စီးစ နှစ်စီးစ ဖြတ်မောင်း သွားတတ်တာမှ အပ စက်တပ်ယာဉ် အလွန် ရှားပါးပါ သေးတယ်။ ခြေကျင် လျောက်သူ၊ စက်ဘီးစီးသူတွေ များပါတယ်။ ဘုရားကြီးက ဝတ်ပြု ကပ်လှူ ပူဇော်ပြီး ပြန်လာသူနဲ့ ဆွမ်း၊ ပန်း၊ ရေချမ်း ကိုင်ဆောင်ပြီး ကပ်လှူရန် သွားလာ နေကြသူတွေ ဟာ ဘုရားကြီးနဲ့ တစ်ပြ နှစ်ပြ အတွင်းမှာ အဆက်မပြတ် တွေ့နေရ ပါတယ်။

အများဆုံး ကတော့ သံဃာတော် တွေကို ဖူးတွေ့ နေရတာပါပဲ။ တစ်ပါး နှစ်ပါးချင်း ကြွနေတာ၊ လေးငါး ဆယ်ပါး အုပ်စုလိုက် ကြွနေတာ လမ်းမကြီး တွေပေါ်နဲ့ ဒူးကြား လမ်းတွေမှာ ပျားပန်းခတ်မျှ များပြားလှတဲ့ သံဃာတော် တွေကို ဖူးတွေ့ နေရပါတယ်။ ဆွမ်းဟင်း၊ ဆွမ်း၊ ဘောဇဉ် လောင်းလှူ နေသူတွေ ကိုလဲ အိမ်ရှေ့၊ တိုက်ရှေ့ လမ်းတွေပေါ်မှာ နေရာအစုံ တွေ့နေရ ပါတယ်။ ဓမ္မာရုံတွေ၊ လမ်းဆုံ၊ လမ်းခွတွေမှာ သာသနာ့ အလံလွှင့်ထူပြီး မုန့်ဟင်းခါး၊ ကြာဆံဟင်းခါး၊ ယာဂု အစရှိသဖြင့် ဆက်ကပ် လှူဒါန်းတာ တွေလဲ နေရာတိုင်း မှာတွေ့ရတယ်။

အသင်း အဖွဲ့တွေ၊ သဒ္ဓါတရား ထက်သန်သော တစ်ဦးတည်း ဒကာတွေ က ရဟန်း သာမဏေ မခွဲခြား၊ထေစဉ် ဝါစဉ် မရွေး ကြွလာသမျှ သံဃာတော် တွေကို အစွဲမထား ခွဲခြားမှုမရှိ၊ ကြွရောက် အလှူခံရင် လောင်းလှူကြ တာပါပဲ။ ဒီလို လောင်းလှူခြင်း ကို မန္တလေး သံဃာတော် တွေက ဘုံဆွမ်းခံတယ်။ ဘုံဆွမ်း လောင်းတယ်လို့ ဆိုပါတယ်။ ဆွမ်းခံအိမ် သီးသန့် ပင့်ဖိတ်ခံ ရခြင်း မရှိတဲ့ သံဃာတော်များ ဘုံဆွမ်း အလှူခံ ဘုန်းပေးကြ ရပါတယ်။ မန္တလေးမြို့ ရာဇဝင်မှာ သံဃာတော်တွေ ဘယ်လောက်ပင်များများ ဆွမ်းဘောဇဉ် မပြည့်စုံဘူး ဆိုတာ မရှိခဲ့ပါဘူး။ မျှတ လုံလောက်အောင် လောင်းလှူကြ စမြဲပါ။

မနက် မိုးစင်စင်လင်းလို့ အလင်းရောင်တွေ ရလာလေ လမ်းတွေပေါ်မှာ မျက်စိတဆုံး ဘယ်နေရာ ကိုပဲ ကြည့်ကြည့် ဆွမ်းအလှူခံ ကြွနေတဲ့ သံဃာတော် တွေကိုသာ ကြည်နူးဖွယ်ရာ ဖူးတွေ့ နေရခြင်းပါပဲ။ မန္တလေးမြို့ ဆွမ်းလောင်း လှူတဲ့ အချိန်ဟာ နယ်မြို့တွေနဲ့ မတူပါဘူး။ နံနက် လေးနာရီ လောက်က စပြီး လောင်းလှူ တတ်ကြ ပါတယ်။ လေးပြင် လေးရပ် သံဃာတော်တွေ ဘယ်လောက်ပင် များများ ဘောဇန သပ္ပာယ၊ ခေါ်တဲ့ ဆွမ်း၊ ဘောဇဉ် မျှတအောင် ထက်သန်တဲ့ သဒ္ဓါတရား တွေနဲ့ နေ့စဉ် လောင်းလှူကြ ပါတယ်။ အလွန်တရာမှ ချီးကျူးစရာ ကောင်းပါတယ်။

သာသနာတော် ထွန်းကားတဲ့ မြို့လို့ သမုတ်ခံရတဲ့ မြို့တစ်မြို့ ဖြစ်တာနဲ့ အညီ ပရိယတ်၊ ပရိပတ်၊ ပရိဝေဓ ခေါ်တဲ့ သာသနာ သုံးရပ်ထဲက ပရိယတ် ခေါ်တဲ့ စာပေ သင်ကြားမှု အရာမှာ မန္တလေးမြို့ ဟာ ထင်ရှားလှပါတယ်။ သံဃာတော်တွေ မန္တလေးမြို့မှာ စာပေ မသင်ဖူးရင်၊ စာဝါမလိုက် ဖူးရင် မျက်နှာငယ် ရတဲ့ အဖြစ်မျိုး အထိရှိခဲ့ ဖူးပါတယ်။ စာဘယ်လောက် ပင် တတ်ပါစေ မန္တလေးနေဖူး၊ စာလိုက်ဖူးမှ ပိုတင့်တယ် တယ်လို့ ဆိုစကားကြား ဖူးပါတယ်။ အခြားမြို့ရွာ တွေမှာတော့ စာသင် တတ်မြောက်ပြီး ဖြစ်ပါစေ မန္တလေးမြို့က နာမည်ကြီးတဲ့ စာချ ဆရာတော်ကြီး တွေထံ ပါဠိတော် အဠကထာ အစရှိတဲ့ ကျမ်းကို ထပ်မံပြီး နည်းနာနိဿယ တွေခံယူ တော်မူကြပါတယ်။

အဲဒီအချိန်က ဘုရားကြီး အနီးက ဘုရားကြီး ကျောင်းတိုက်ဟာ နိုင်ငံကျော် ကျောင်းတိုက် တစ်တိုက် ဖြစ်ခဲ့ပါတယ်။ မြန်မာပြည်မှာ အကြီးဆုံး နဲ့ သံဃာတော် အများဆုံးလဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အတွင်းတံတိုင်း အပြင်တံတိုင်း နှစ်ထပ်ကာရံ ထားပြီး ကျောင်းပေါင်း ခုနစ်ဆယ်ကျော် ရှိပါတယ်။ အလယ် တိုက်ကြီးဟာ အလွန်တရာမှ ခမ်းနား ထည်ဝါလှ ပါတယ်။ ဆရာတော် ဘဒ္ဒန္တ ရန်ကုန်၊ ဟံသာဝတီ ဆရာတော်၊ ဆရာတော် ကြယ် တို့လို သာသနာတော်မှာ ထင်ရှားတဲ့ နိုင်ငံကျော် ဆရာတော်ကြီး တွေ သီတင်းသုံးရာ စာပေပို့ချရာ ကျောင်းတိုက် တစ်တိုက်လဲ ဖြစ်ပါတယ်။ ဆရာကြီး ဦးရွှေအောင် တို့လို နာမည်ကျော် ပုဂ္ဂိုလ်တွေလဲ ထွက်ပေါ်ခဲ့ ပါတယ်။ ယခုလို ဆောင်းရာသီ အစ နှင်းမှုန်ကျစ မန္တလေးမြို့ရဲ့ လွမ်းစရာ အရုဏ်ဦး မြင်ကွင်းနဲ့ ထွန်းတောက် ခဲ့တဲ့ သာသနာ့ လင်းရောင်ခြည် တွေကို ပြန်လည် တမ်းတ နေမိ ပါတော့တယ်။

ယဉ်အောင်ဟိန်း
#ရတနာပုံနေ့စဉ်

Tuesday, October 28, 2014

ဗုဒ္ဓနှင်. လောကီလူသား


ဗုဒ္ဓနှင်. လောကီလူသား

    ဗုဒ္ဓထင်ရှားရှိစဉ်က ဗုဒ္ဓကို အလွန်ကြည်ညို၍ ဆည်းကပ်ကိုးကွယ်သော်လည်း ဗုဒ္ဓတရားကို ကောင်းစွာ မသိနားမလည်သောသူ အတော်များများရှိခဲ.ပေမည်။ တစ်ခါသော် ပရိဗိုဇ်တို.က အနာထပိဏ်သူဌေးအား ဗုဒ္ဓဓမ္မအကြောင်း မေးမြန်းရာ သူဌေးကြီးက ဘုရားရှင်တို.၏ အလုံးစုံသောအယူကို မိမိမသိပါဟုဝန်ခံ၏ (အင်္ဂုတ္တရနိကာယ်- ဒသကနိပါတ်-ကိံဒိဌိကသုတ်)။ စင်စစ် သူဌေးကြီးသည် သေခါနီး မကျန်းမမာ ဖြစ်သောအခါကျမှ မဂ်ဖိုလ် နိဗ္ဗာန်တရားကို အရှင်သာရိပုတ္တရာထံမှ ကြားနာရ၏။ တရားနာပြီးသော် သူဌေးကြီးက မိမိသည် ထိုသို.သောတရားစကားကို ရှေးကမကြားနာခဲ.ရသဖြင်. ဝမ်းနည်းမိပါကြောင်းလျှောက်ထား၏။ အရှင်သာရိပုတ္တရာက ထိုတရားမျိုးကို ရဟန်းတို.သာလျှင် နားလည်နိုင်ကြောင်း မိန်.ကြားရာ သူဌေးကြီးက ပညာဥာဏ်ရင်.ကျက်သော လူပုဂ္ဂိုလ် တို.အားလည်း ဟောကြားသင်.ပါကြောင်း ပြန်လည်လျှောက်ထား၏။ (မဇ္ဈိမ နိကာယ် ၊ အနာထပိဏ္ဍိကောဝါဒသုတ်)

    ဗုဒ္ဓ၏အမြင်အားဖြင်. ကျွတ်ထိုက်သော (ဝါ) ကိလေသာမြူနည်းပါး၍ အသိဥာဏ်ရင်.ကျက်သော သူများတွင် လူပုဂ္ဂိုလ်များလည်း ပါဝင်ကြောင်း ယုံမှားစရာမရှိချေ။ တစ်နည်းဆိုသော် ဗုဒ္ဓ၏ အရိယာကျင်.စဉ်၌ အဝတ်တန်ဆာ အသွင်အပြင်နှင်. အမည်ဝေါဟာရတို.မှာ အရေးမပါလှဘဲ သီလ၊ ပညာ၊ ဝီရိယ စသည် တို.သာလျှင် ပဓာနဖြစ်၏။ " လူဖြစ်စေ၊ ရဟန်းဖြစ်စေ ကောင်းမြတ်သောအကျင်.ရှိမှသာ ငါဘုရားချီးမွှမ်း၏။ အင်္ဂုတ္တရနိကာယ်၊ ဒုကနိပါတ်- မိစ္ဆာပဋိပတ္တိသုတ်)။ ရဟန်းဘဝနှင်. လူ.ဘဝတွင် မည်သည်.ဘဝက ပိုမိုကောင်းမွန်ပါသနည်းဟု ဗြဟ္မဏတစ်ဦးက မေးသော အခါ ဗုဒ္ဓက တစ်ဖက်သတ် လှေနံဓားထစ် မိမိမပြောလိုကြောင်း၊ လူပင်ဖြစ်စေ ကုသိုလ်တရား ပွားများအားထုတ်ပါက ဘဝမြင်.မြတ်ကြောင်း မိန်.ကြား၏။ (မဇ္ဈိမ နိကာယ်၊ သုဘသုတ်)

    သမဏ၊ ဗြဟ္မဏ၊ ဘိက္ခုစသည်တို.မှာ စင်စစ် ဝေါဟာရ ပညတ်များသာဖြစ်ကြောင်း ရှင်းလင်းပြတ်သားသော မိန်.ကြားချက်မှာ ဓမ္မပဒ ပါဠိတော်တစ်ပုဒ်ဖြစ်၏။ " အကြင်သူသည် ကိလေသာငြိမ်း၏။ ဣနြေ္ဒကို ဆုံးမပြီးဖြစ်၏။ မဂ်လေးပါးဖြင်.မြဲ၏။ အလုံးစုံသော သတ္တဝါတို.၌ လက်နက်ပယ်ချထားပြီးဖြစ်၍ မေတ္တာဖြင်. အညီအမျှကျင်.၏။ ထိုသူသည် အဝတ်တန်ဆာ ဆင်စေကာမူ မကောင်းမှုမှ အပ ပြုသူ ဗြာဟ္မဏမည်၏။ ကိလေသာ ငြိမ်းသူ သမဏမည်၏။ ကိလေသာ ဖျက်ဆီးပြီးသူ ဘိက္ခုမည်၏" (ဓမ္မပဒ၊ဂါထာ ၁၄၂) ။ ဤပါဠိတော်ကို ကိုးကားလျက် ဥတ္တရာပါထက မည်သော ရှေးဗုဒ္ဓဝါဒီ ဂိုဏ်းက လူပုဂ္ဂိုလ်အဖြစ်ဖြင်. နိဗ္ဗာန်ရရှိနိုင်သည်ဟု ယူဆကြောင်း ကထာဝတ္ထုအဌကထာ၌ ပြဆိုထား၏။ ဗုဒ္ဓလက်ထက်က ရဟန်းမပြုဘဲ နိဗ္ဗာန်မျက်မှောက်ပြုခဲ.သော လူပုဂ္ဂိုလ်များ အကြောင်း ပိဋကတ် အထောက်အထားကို ' နိဗ္ဗာန်' အခန်း၌ ဖော်ပြပါအံ.။ (၁)

( ၁= မဟာစည်ဆရာတော်က ရှေးအဌကထာဆရာတို. အလိုအားဖြင်. သုတ္ထဘိက္ခူနှင်. ဝိနယဘိက္ခူဟူ၍ ဘိက္ခူနှစ်မျိုးရှိသည်။ သုတ္တဘိက္ခူမှာ ဗုဒ္ဓ၏အရိယာလမ်းစဉ်ကို ကျင်.သုံးသော လူနှင်.နတ်တို.ကိုလည်း ရည်ညွန်း၍ ဝိနယဘိက္ခူမှာ ဝိနည်းတရားနှင်.အညီ ကျင်.ကြံသော ရဟန်းတို.ကို ဆိုလိုသည်ဟု " အရိယာဝါသသုတ် တရားတော် " စာအုပ်၌ ရေးသားထား၏။)

မည်သို.ဖြစ်စေ ဗုဒ္ဓလက်ထက်က လူတို.သည် အားလုံးဒါနသီလ တရားများဖြင်.သာ ကျေနပ်၍ နတ်ပြည် ဗြဟ္မာပြည်ကို မျှော်မှန်းနေကြသူများ မဟုတ်ချေ။ ဘိက္ခဝေရဟန်းတို.ဟု အစချီသော သုတ္တန်ဒေသနာများကို ကြားနာသော ပရိသတ်တွင် လူတို. အတော်များများ ပါရှိမည် အမှန်ဖြစ်၏။ ထို.ကြောင်. အကယ်၍ ဥပါသကာတစ်ဦးသည် အရေးပါထင်ရှားသော သုတ္တန်များကို ရွတ်အံနေ သောအခါ မိမိတို.အား ပင်.ဖိတ်ပါက ရဟန်းတို.သည် ဝါတွင်း၌ပင်ဖြစ်စေ သွားရောက်ကြားနာ ကြရမည်ဟု ဝိနည်းမဟာဝါ ပါဠိတော်၌လာ၏။

ထိုခေတ်က စိတ္တသူကြွယ်၊ မဟာနာမ်မင်းသား၊ မလ္လိကာမိဖုရား အစရှိသော အချို.ဥပါသကာ ဥပါသကာမတို.သည် အချို.ရဟန်းတို.ထက် ပို၍ ဗုဒ္ဓတရားကို ကောင်းစွာ သိမြင်နားလည်ကြ၏။ ဝိသာခါနှင်. ဓမ္မဒိန္နာထေရီတို. ဆွေးနွေးသော တရားများ၊ မဟာနာမ်မင်းသားအား ဗုဒ္ဓဟောကြားသော တရားများမှာ အထူးလေးနက်၍ ပိဋကတ်၌ ပြဆိုထား၏။

    ပရိဗိုဇ်တစ်ဦးက ဗုဒ္ဓအား " လူဖြစ်သော ဖြူသောအဝတ်ကို ဝတ်ကုန်သော၊ မြတ်သော အကျင်.ကို ကျင်.ကုန်သော သူတို.တွင် အောက်ကာမဘုံအဖို.ဖြစ်သော သံယောဇဉ်ငါးပါးကို အကြွင်းမဲ. ပယ်ဖြတ်ခြင်းကြောင်. ဗြဟ္မာပြည်၌ ပရိနိဗ္ဗာန်ပြုလတ္တံ.သော တစ်ယောက်သော ဥပါသကာ၊ ဥပါသကာမသည် ရှိပါသလေ" ဟုမေးရာ ဗုဒ္ဓက " ငါ၏ တပည်.ယောက်ျားမိန်းမများတွင် ထိုကဲ.သို.သောသူမျိုးမှာ တစ်ရာမက၊ ငါးရာလည်းမက မြောက်မြားစွာ ရှိကြပေသည်" ဟုမိန်.ကြား၏ (မဇ္ဈိမနိကာယ်၊ မဟာဝစ္ဆဂေါတ္တသုတ်)။ ဤစကားဖြင်. ဗုဒ္ဓလက်ထက်က သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ယောက်ျားမိန်းမ အမြောက်အမြားရှိကြောင်း ထင်ရှား၏။

    ဗုဒ္ဓသည် ဒါနသီလတရားများနှင်. တမလွန်ဘဝ ကောင်းစားရေး၌သာလျှင် စိတ်ဝင်စားသော လူတို.၏ အကျိုးစီးပွားကို လျစ်လျူမပြုခဲ.ချေ။ မင်္ဂလသုတ်၊ သင်္ဂါလောဝါဒသုတ်ကဲ.သို. လောကီကြီးပွားချမ်းသာရေး အတွက် လူတို.အား ဟောကြားထားသော သုတ္တန်ဒေသနာ အတော်များများရှိ၏။ ဗုဒ္ဓဟောသော လူ.ကျင်.ဝတ်များ၏ ဝိသေသလက္ခဏာများမှာ ပုဂ္ဂလိက လွတ်လပ်ရေးကို လေးစားမှု၊ အချင်းချင်းကူညီမှု၊ ကျေးဇူးသိတတ်မှု စသည်တို.ဖြစ်၏။ ဗုဒ္ဓ၏ လူနေမှုစနစ်သည် မိဘ၊ သို.မဟုတ် လင်ယောက်ျား၊ သို.မဟုတ်ဆရာဖြစ်သူက ဆိုင်ရာ သားသမီး၊ ဇနီးမယားနှင်. တပည်.များအား ဖိနှိပ်ချုပ်ချယ်မှု၊ အမိန်.ပေးမှုများမှ ကင်း၏။ ပါဠိပိဋကတ်ကို နှံ.နှံ.စပ်စပ် လေ.လာခဲ.သော အချို.အနောက်နိုင်ငံ ပညာရှင်တို.၏ အဆိုအားဖြင်.မူ မျက်စိမှိတ် အမိန်.နာခံမှု အနက်အဓိပ္ပာယ်ဆောင်သော ပါဠိစကားမရှိချေ။

အင်္ဂုတ္တရနိကာယ်၌ လက်နက်၊ လူသတ္တဝါ၊ အမဲတိရစ္ဆာန်၊ သေအရက်နှင်. အဆိပ်ကို ဥပါသကာတို. ရောင်းဝယ်ကုန်သွယ်ခြင်း မပြုအပ်ကြောင်း ဗုဒ္ဓဟောကြားထား၏ (အင်္ဂုတ္တရနိကာယ်၊ ပဉ္စနိပါတ်- ဝါဏိဇ္ဇသုတ်)။ ဤဒေသနာမှာ လက်နက် မူးယစ်ဆေးဝါး အကြီးအကျယ် ထုတ်လုပ်ရောင်းဝယ်မှုကြောင်. စိုးရိမ်ပူပန်နေကြရသော ယနေ. ကမ္ဘာ.လူသားတို.နှင်. အထူးသက်ဆိုင်သော ဒေသနာဖြစ်၏။ ဤဒေသနာအရ ဗုဒ္ဒသည် သည် ကမ္ဘာ.သမိုင်း၌ ငွေဝယ်ကျွန်စနစ်ကို ရှေးဦးပထမဆန်.ကျင်ခဲ.သော ပုဂ္ဂိုလ်ဖြစ်သည်ဟု ယူဆဖွယ်ရှိ၏။ ဗုဒ္ဓနှင်. ခေတ်ကာလနီးစပ်သော နာမည်ကျော် ဂရိပညာရှင်ကြီး အလေတိုသည် ငွေဝယ်ကျွန်စနစ်ကို အပြစ်မမြင်ခဲ.ချေ။

    လူသိနည်းသော်လည်း ဥပါသကာများအတွက် ဗုဒ္ဓ အထူးဟောခဲ.သော ဒေသနာတစ်ခုကို အင်္ဂုတ္တရနိကာယ်၌ တွေ.ရ၏။ " တရားငါးမျိုးနှင်. ပြည်.စုံသော ဥပါသကာသည် ဥပါသက ဒွန်းစဏ္ဍားမည်၏။ ဥပါသကာညစ်၊ ဥပါသကာညံ.လည်း မည်၏။ ထိုတရားငါးမျိုးကား သဒ္ဓတရားမရှိ၊ သီလမရှိ၊ ကောတုဟလမင်္ဂလာကို ယုံကြည်၏။ ကံ ကို မယုံကြည်။ သာသနာတော်၏အပ၌ အလှူခံပုဂ္ဂိုလ်ကို ရှာမှီး၏။ (အဂုင်္တ္တရနိကာယ်၊ ပဉ္စကနိပါတ်- စဏ္ဍာလသုတ်)။ " ကောတူဟလ" ကို မြန်မာပါဠိဆရာတို.က " အုတ်အုတ်ကျက်ကျက်" ဟူ၍ ပြန်ဆိုကြ၏။ " ရဟန်းတို.၊ သင်တို.သည် အုတ်အုတ်ကျက်က်ျ မင်္ဂလာ၊ အမင်္ဂလာ၊ အတိတ်နိမိတ်တို.ကို အနှစ်သာရအားဖြင်. စွဲယူကုန်ဦးအံ.လော" ။ (မဇ္ဈိမနိကာယ်၊ မဟာတဏှာသင်္ခယသုတ်)

    ဤဒေသနာ၌ ကမ္မဝါဒ (ဝါ) အားထုတ်ပြုလုပ်မှုနှင်. ဆန်.ကျင်သော လောကီ အယူအစွဲ ဥပါဒါန်များကို ဆိုလိုခြင်းဖြစ်ကြောင်း သတိပြုသင်.၏။ ဗုဒ္ဓသည် လူတို.၏ အစဉ်အလာ၊ ယုံကြည်မှုအားလုံးကို ပယ်သည်မဟုတ်ချေ။ လူတို.၏ အပြစ်ကင်းသော ယုံကြည်မှုများကို လေးစားသောအားဖြင်. ရဟန်းတို.စောင်.ထိန်းရန် လိုအပ်သော သိက္ခာပုဒ်များကို ပညတ်တော်မူခဲ.၏။ ဗုဒ္ဓ၏ အလိုအားဖြင်. အယူတစ်ခုကို အကောင်းအဆိုး ဆုံးဖြတ်ရာ၌ ၎င်း၏ အကျိုးသက်ရောက်မှုကို ကြည်.၍ ဆုံးဖြတ်ရမည်ဖြစ်၏။ ဗြဟ္မဏတစ်ဦးက ခတ္တိယတို.သည် ဗြာဟ္မဏတို.ကို၊ သူကြွယ်တို.သည် ခတ္တိယတို.ကို၊ ဆင်းရဲသားတို.သည် သူကြွယ်များကို လုပ်ကျွေးသင်.သည်ဟု ဗြာဟ္မဏတို.က ဆိုပါသည်။ ရဟန်းဂေါတမက မည်သို.ထင်မြင်ပါသနည်း မေး၏။ ဗုဒ္ဓက မည်သူသည် မည်သူ.အား လုပ်ကျွေးသင်.သည်ဟု မိမိမပြောလိုကြောင်း၊ လူတစ်ဦးတစ်ယောက်ကို လုပ်ကျွေးခြင်းဖြင်. မိမိ၌ အကျိုးရှိမည်ဖြစ်ပါက လုပ်ကျွေးသင်.၍ အကျိုးယုတ်မည်ဖြစ်ပါက မလုပ်ကျွေးသင်.ကြောင်း မိန်.တော်မူ၏။ (မဇ္ဈိမနိကာယ်၊ ဧသုကာရီသုတ်)

    သီလ၊ သမာဓိ ပညာ၊ ဝီရိယ စသည်တို.ကိုသာလျှင် အဓိကထားသော ဗုဒ္ဓကျင်.စဉ်၌ ရဟန်းနှင်. လူ၊ ဗြာဟ္မဏနှင်. အခြားဇာတ်ခွဲခြားမှု မရှိသည်.နည်းတူ ယောက်ျားနှင်. မိန်းမ ခွဲခြားမှုလည်း မရှိချေ။ ဗုဒ္ဓသည် မိန်းမမှာ ဇာတိအားဖြင်.ယောက်ျားထက် ယုတ်ညံ.သည်ဟု မယူဆချေ။ မိန်းမများအား ဖိနှိပ်ရေးသားထားချက်များကို ပါဠိပိဋကတ်၌ မတွေ.ရဘဲ အဌကထာနှင်. ဇာတ်နိပါတ်များ၌ တွေ.ရသည်ကများ၏

    ဗုဒ္ဓပရိနိဗ္ဗာန်စံဝင်ခါနီး၌ အရှင်အာနန္ဒာက " အရှင်ဘုရား၊ ကျွန်ုပ်တို.သည် မာတုဂါမတို.နှင်. စပ်လျင်း၍ အဘယ်သို. ကျင်.သုံးရပါမည်နည်း" ဟု မေးလျှောက်၏။
    " အာနန္ဒာ၊ မတွေ.မမြင်အောင် ကျင်.သုံးရမည်"
    " အရှင်ဘုရား၊ မလွှဲသာ၍ တွေ.မြင်ခဲ.သော် အဘယ်သို. ကျင်.သုံးရပါမည်နည်း"
    "အာနန္ဒာ၊ စကားမပြောဘဲ နေရမည်"
    "အရှင်ဘုရား၊ မလွှဲသာ၍ စကားပြောရသော် အဘယ်သို. ကျင်.သုံးရပါမည်နည်း။"
    "အာနန္ဒာ၊ အမိရင်းစသည်ကဲ.သို. အမှတ်ထား၍ ပြောဆိုရမည်"

    ဤသို. မဟာပရိနိဗ္ဗာနသုတ် ပါဠိတော်မှ တိုက်ရိုက်ပြန်ဆိုထားသော ဗုဒ္ဓမိန်.ကြားချက်၌ မိန်းမများကို ကဲ.ရဲ.ပုတ်ခတ်သော စကားတစ်လုံးတစ်ပါဒမျှ မပါရှိချေ။ သို.ရာတွင် ဇိနတ္ထပကာသနီကျမ်း၌မူ " မိန်းမများအား စကားမပြောဘဲနေရမည်" ဟူသောစကားကို "အာနန္ဒာ၊ ထက်စွာသော သန်လျက်ကို ကိုင်၍ ငါနှင်.စကားဆိုမူကား သင်၏ ဦးခေါင်းကို ဖြတ်အံ.ဟုဆိုသော ယောက်ျားနှင်. စကားပြောခြင်းသည် မြတ်သေး၏။ မာတုဂါမတို.အား စကားပြောခြင်းသည် မမြတ်" စသည်ဖြင်. ချဲ.ထွင်ရေးသားထား၏။

    ဇိနတ္ထပကာသနီကျမ်းပြုဆရာသည် စင်စစ် မိန်းမများကို ပုတ်ခတ်သည်ကား မဟုတ်။ သို.ရာတွင် ကျမ်းဆရာ၏ စကားကို ထောက်ချင်.၍ ဗုဒ္ဓစာပေထဲသို. မိန်းမများကို အထူးရှောင်ကြဉ်ရသော ရဟန်းဘုန်းကြီးတို.၏ စာပေ၌ ထိုစကားမျိုးအနည်းအများ တွေ.ရှိရခြင်းမှာ အံ.ဩဖွယ်ရာ မရှိချေ။
    ဗုဒ္ဓ၏ အလိုအားဖြင်. မိန်းမသည် ကြိုးစားအားထုတ်ပါက ယောက်ျားနည်းတူ မဂ်ဖိုလ်နိဗ္ဗာန် မုချရရှိမည်ဖြစ်၏။ မာရ်နတ်သည် သောမာထေရီမအား "မိန်းမဖြစ်သော သင်သည် ဘုရားရဟန္တာတို.သာ ရောက်အပ်သော နိဗ္ဗာန်ကို ရောက်နိုင်မည်မဟုတ်" ဟုဆို၏။ ထိုအခါ ထေရီမက " အိုမာရ်နတ်၊ သင်၏စကားသည် တဏှာ မာန ဒိဌိ ဖုံးလွှမ်းသော ယောက်ျားမိန်းမအဖို. မှန်၏။ ဖလသမာပတ္တိညဏ်ဖြင်. သစ္စာလေးပါးတရားကို ကောင်းစွာမြင်သောသူအား မိန်းမ အဖြစ်သည် အဘယ်သို.ပြုရတော.အံ.နည်း" ဟု ပြန်ပြော၏။ (ထေရီဂါထာနှင်. ဘိက္ခနီသံယုတ် သောမာဘိက္ခုနီသုတ်)

    အမှန်ဆိုသော် ဇာတ်အဌကထာများ၌ပင် မိန်းမများကို ချီးကျုးသောစကားများကို တစ်ခါတစ်ရံ တွေ.ရ၏။ "ခပ်သိမ်းသောအရာတို.၌ ယောက်ျားသည်သာလျှင် ပညာရှိမဟုတ်၊ မိန်းမသည်လည်း ပညာရှိ၏။ ထိုထိုအရာတို.၌ အထူးသဖြင်. မြင်တတ်၏။လျင်မြန်စွာကြံတတ်၏" (အင်္ဂုတ္တရနိကာယ်၊ အဌကနိပါတ်- သုလဇာတ်)

    သမီးမိန်းမ အလိုမရှိသော ကောသလမင်းအား ဗုဒ္ဓမိန်.ကြားသော စကားသည် မှတ်သားဖွယ် ကောင်း၏။ "မင်းကြီး၊ ပညာသီလနှင်. ပြည်.စုံ၍ လင်ကို ရိုသေစွာ ပြုစုလုပ်ကျွေးသော၊ အချို.သော သမီးမိန်းမသည် ပညာနုံ.သော သားယောက်ျားထက်မြက်၏။ ထိုမိန်းမ၏သားသည် တိုင်းပြည်ကိုကောင်းစွာ အုပ်ချုပ်နိုင်၏" (ကောသလသံယုတ်၊ မလ္လိကာဓိတရဝိဇာတသုတ်)။ ဗုဒ္ဓသည် အမရာ၊ ကိန္နရီ၊ မဒ္ဒီ၊ သမ္ဘူလတို.ကိုသာ ချီးမွမ်းသည် ဆိုသောစကားမှာ အခြေအမြစ် မရှိချေ။ " အိုသူကြွယ်၊ သင်.အား နကုလ၏ အမိသူကြွယ်မသည် အစဉ်စောင်.ရှောက်ပေ၏ အကျိုးစီးပွားကို အလိုရှိ၏။ ဆုံးမတတ်၏။သင်.အားအရတော်လေစွတကား။ သင်.အား လူ၏အဖြစ်ကို ကောင်းစွာရအပ်လေစွတကား။ သီလနှင်.ပြည်.စုံ၍ ကိုယ်တွင်းသန္တာန်၌ စိတ်ငြိမ်းအေးသော ငါဘုရား၏တပည်. ဥပါသကာမများတွင် နကုလမာတာသည် တစ်ယောက် အပါအဝင်ဖြစ်ပေ၏။" (အင်္ဂုတ္တရနိကာယ်၊ အဌကနိပါတ်- နကုလပိတုသုတ်) ဟူသောစကာဖြင်. ဗုဒ္ဓချီးမွမ်းတော်မူသော မိန်းမ အမြောက်အမြားရှိကြောင်း ထင်ရှား၏။

    ဗုဒ္ဓသည် လူတို. အိမ်ထောင်ပြုရာ၌ မိန်းမများကို ကုန်ပစ္စည်းကဲ.သို. သဘောမထားဘဲ မေတ္တာသက်ဝင် ချစ်ခင်၍ ရွေးချယ်ပေါင်းဖက်ခြင်းကို ချီးမွမ်း၏။ (သုတ္တနိပါတ်၊ ဗြာဟ္မဏ ဓမ္မိကသုတ်)။ " သက်ကြီးယောက်ျားသည် မိန်းမငယ်ကို ယူမိပါက ပူပန်သောကဖြစ်၍ စိတ်ဆင်းရဲရတတ်၏။" (သုတ္တနိပါတ် ပရာဘဝသုတ်) သိင်္ဂါလသုတ်လာ လင်ကျင်.ဝတ် ငါးပါးအရ တစ်လင်တစ်မယားစနစ်သည် သာလျှင် ဗုဒ္ဓဩဝါဒနှင်. ကိုက်ညီကြောင်း မိန်းမများအား ယောက်ျားများနှင်. တန်းတူအခွင်.အရေးပေးထားကြောင်းထင်ရှား၏။ ဗုဒ္ဓလက်ထက်က မိန်းမများ၏ အခြေအနေကို လေ.လာခဲ.သော အင်္ဂလိပ်ပါဠိပညာရှင် တစ်ဦး၏ အဆိုအားဖြင်. " ထိုခေတ်က ဗုဒ္ဓဝါဒီ အမျိုးသမီးတို.သည် ဗုဒ္ဓမပေါ်မီကထက် ပို၍ ဂုဏ်သိက္ခာရှိလာကြ၏။ သမီးမိန်းမနှင်. မုဆိုးမများမှာ စိတ်ပျက်စက်ဆုပ်ဖွယ်ရာ ပုဂ္ဂိုလ်သတ္တဝါများမဟုတ်တော.ချေ။ သူတို.နှင်.တကွ ဇနီးမိန်းမများသည် ပိုမိုလွပ်လပ်၍ လေးစားခြင်းခံလာကြရ၏။" (၁. I.B.Horner: Women under Primitive Buddhism, pp.82)

    ဗုဒ္ဓသည် မိဘများကို ပြုစုစောင်.ရှောက်မှု၊ ဆွေမျိုးသားချင်းများကို ကူညီထောက်ပံ.မှုနှင်. သားမယားလုပ်ကျွေးမှုကို ချီးမွမ်း၍ လူ.လောက၌ မိသားစု စိတ်ဓာတ် ထွန်းကားသည်ကို မြင်တော်မူလို၏။ အိမ်ရာထောင်သော လူ.ဘောင်၌ မိန်းမများ၏ အရေးပါမှုကို အသိအမှတ်ပြုတော်မူကြောင်း ဗုဒ္ဓဝင်မှ ဖြစ်ရပ်တစ်ခုဖြင်. ထင်ရှား၏။

    ဘုရားရှင်သည် ခမည်းတော် သုဒ္ဓေါဒနမင်းကြီး၏ နန်းတော်၌ ဆွမ်းဘုဉ်းပေးပြီးသောအခါ အလုံးစုံသော မောင်းမမိဿံ ခြွေရံတို.သည် အနီးသို.ချဉ်းကပ်၍ ဘုရားရှင်အား ရှိခိုးဖူးမျှော်ကြ၏။ ယသော်ဓရာမင်းသမီးသည်ကား အဆောင်ထဲမှ ထွက်မလာချေ။ နန်းသူနန်းသားတို.က " သခင်မ၊ မောင်တော်ဘုရားကို ထွက်၍ ပူဇော်ဖူးမြော်ပါလော" ဟု တိုက်တွန်းကြသော်လည်း ယသော်ဓရာမင်းသမီးသည် " အကယ်၍ ဘုရားရှင်သည် အကျွန်ုပ်၏ ကျေးဇူးကို ထောက်မျှော်၍ သနားတော်မူပါလျှင် အကျွန်ုပ်ထံသို. ကြွလာပါလိမ်.မည်။ ထိုအခါမှ ပူဇော်ပါတော.မည်" ဟုဆို၍ ထွက်မလာဘဲနေ၏။ ထိုအကြောင်းကို ဘုရားရှင် ကြားသိသော် မင်းကြီးအား သပိတ်ကမ်း၍ အဂ္ဂသာဝကနှစ်ဦးနှင်.အတူ ယသော်ဓရာ၏ နေရာတိုက်ခန်းသို. ဝင်တော်မူပြီးလျှင် " ယနေ. ယသော်ဓရာ မင်းသမီးသည် ငါဘုရားကို အလိုရှိတိုင်းဖူးမြော်စေ။ မည်သူကမျှ တစ်ခွန်းစကား မတားဆိုကြလင်." ဟုမိန်.တော်မူ၏။ ထိုအခါ ယသော်ဓရာမင်းသမီးသည် ဘုရားရှင်ထံသို.လာ၍ ခြေဖဝါးကို ဆံပင်ဖြင်.ပွတ်သပ်လျက် အထပ်ထပ်ရှိခိုးလေသည်။

    အထက်ပါအကြောင်းမှာ ပိဋကတ်၌ မလာဘဲ ဇာတ်အဌကထာ၌သာ တွေ.ရသော်လည်း ဗုဒ္ဓ၏ ကြင်နာမှု၊ စိတ်နှလုံးမြင်.မြတ်မှု၊ မိသားစု စိတ်ဓာတ် တန်ဖိုးကို နားလည်မှု စသည်တို.ကို စဉ်းစားဆင်ခြင်ပါက ဗုဒ္ဓဝင်မှ အကြောင်းယုတ္တိ ခိုင်မာသော ဖြစ်ရပ်တစ်ခု ဖြစ်သည်ဟု မှတ်ယူရပေမည်။

အချုပ်အားဖြင်. ဗုဒ္ဓ၏သာသနာ၌ ကာမဂုဏ်ခံစားသော်လည်း အကျင်.သီလရှိသော လူတို.အတွက် နေရာကဏ္ဍ အထင်အရှားရှိ၏။ ထိုသူတို.ကို ဗုဒ္ဓချီးမွမ်းတော်မူကြောင်း သေချာခိုင်မာသော အထောက်အထားမှာ အောက်ပါပိဋကတ်ဒေသနာဖြစ်၏။

" အို ရဟန်းတို.၊ နတ်တို.ကို အစိုးရသော သိကြားမင်းသည် ဝေဇယန္တာပြာဿဒ် ထက်မှ ဆင်းသက်၍ များစွာသော အရပ်မျက်နှာတို.ကို လက်အုပ်ချီလျက်ရှိခိုး၏။ထိုအခါ မာတလိနတ်သားက အကျိုးအကြောင်း မေးမြန်းရာ သိကြားမင်းက ဤသို.ဆို၏။ " အို မာတလိ၊ ခပ်သိမ်းကုန်သော လူတို.သည် လည်းကောင်း၊ နတ်မင်းကြီးနှင်. တာဝတိံသာနတ်တို.သည် လည်းကောင်း ငါ.ကို ရှိခိုးကြကုန်၏။ ငါသည်ကား သီလသမာဓိနှင်. မြတ်သောအကျင်.ကို ကျင်.သုံးသော ရဟန်းတို.ကို ကောင်းစွာ ရှိခိုး၏။ အိမ်၌နေသူ လူဖြစ်ကုန်လျက် ကောင်းမှုကုသိုလ်ကို ပြုလေ.ရှိကုန်သော၊ သီလရှိကုန်သော အကြင်ဥပါသကာတို.သည် တရားနှင်.အညီ ရှာမှီး၍ သားမယားကို မွေးမြူကြကုန်၏။ ထိုဥပါသကာတို.ကိုလည်း ငါသည်ရှိခိုး၏။" (သံယုတ္တနိကာယ်၊ သက္ကသံသုတ်၊ သက္ကနမဿသုတ်)

    " ဂေါတမဗုဒ္ဓ ပရိနိဗ္ဗာန်ပြုသည်မှာ နှစ်ပေါင်းများစွာ ကြာမြင်.ပြီဖြစ်၍ နောက်ကာလ၌ ဗုဒ္ဓ၏အမည်သည် ဒဏ္ဍာရီများအကြားတွင် မှုန်ရီဝိုးတဝါးဖြစ်ခဲ.သော်လည်း ဗုဒ္ဓ၏ဂုဏ်သည် နောက်မှပေါ်ပေါက်လာသော များစွာသော ဘာသာရေးခေါင်းဆောင်များ၏ ဂုဏ်ထက် ပိုမိုထင်ရှား၏။ ဤအချက်သည် ဗုဒ္ဓ၏ ထူးခြားသော သီလ သမာဓိဂုဏ်ကို အထင်အရှား သက်သေခံလျက်ရှိ၏။" (1. C.Eliot: Hinduism and Buddhism Vol I, pp.131)

    ဤသို.ဖြင်. အင်္ဂလိပ် ဗုဒ္ဓစာပေပညာရှင် ဆာချားအဲလိယော.သည် ဗုဒ္ဓကို ချီးကျူးခဲ.၏။ မှန်လှ၏။ အိန္ဒိယ ဘာသာဝါဒသမိုင်တွင် မြောက်မြားလှစွာသော ဘာသာရေးခေါင်းဆောင်များထက် ပိုမိုထင်ပေါ်နေခြင်းသည် ဗုဒ္ဓ၏ ထူးခြားသော ဝိသေသဂုဏ်ဖြစ်၏။ ဗုဒ္ဓကို မီလိုက်သောသူတို.ကသော်လည်းကောင်း၊ မမှီလိုက်သော်လည်း ရှေးအစဉ်အဆက် စကားများကို ကြားဖူးသော သူတို.ကသော်လည်းကောင်း ဗုဒ္ဓကို ကြည်ညိုကြခြင်းမှာ စင်စစ်အံ.ဩစရာမရှိချေ။ အဘယ်ကြောင်.ဆိုသော် ပိဋကတ်ကျမ်းစာများမှ ဗုဒ္ဓအကြောင်းအရာများကို ယနေ.ဖတ်ရှုလေ.လာကြသော အနောက်နိုင်ငံ ပညာရှင်တို.သည်ပင် ဗုဒ္ဓကို ကြည်ညိုကြရ၏။ ဤနေရာ၌ ဗုဒ္ဓ၏ တရားကို သစ္စကပရိဗိုဇ်ကဲ.သို. ဗုဒ္ဓဝါဒကို မနှစ်သက်သော်လည်း ဗုဒ္ဓကို ကြည်ညိုလေးစားသော အချို.ပညာရှင်တို.၏ ထင်မြင်ချက်များကို သာ ဖော်ပြပါအံ.။

    အင်္ဂလိပ်ပညာရှင် ဆာဗာရီဒေးကိသည် ဗုဒ္ဓဝါဒကို လက်မခံချေ။ သို.ရာတွင် သူက " ဗုဒ္ဓဝါဒသည် ချွတ်ယွင်းချက်များ၊ ရှေ.နောက်မညီညွတ်မှုများ ရှိသော်လည်း ဗုဒ္ဓသည် အာရှတိုက်မှ ထွက်ပေါ်ခဲ.သော ခေါင်းဆောင်များအနက် ကြည်ညိုဖွယ်အကောင်းဆုံး ပုဂ္ဂိုလ်ကြီး ဖြစ်ပါပေသည်" ဟု ရေးသားခဲ.၏။ (2. A.B.Keith: Buddhist Philosophy, pp. 147)

    ပြင်သစ်ပညာရှင် ဗာသီလီမိ စိန်. ဟီလာရီသည် ဗုဒ္ဓဝါဒကို ပြင်းပြင်းထန်ထန် ပြစ်တင် ဝေဖန်သောသူဖြစ်၏။ သို.ရာတွင် သူက" ဗုဒ္ဓ၏ ဘဝဖြစ်စဉ်သည် အပြစ်အနာကင်း၏။ ဗုဒ္ဓသည် အာဇာနည်စိတ်ဓာတ်ရှိမှု ကိုယ်ကျိုးမငဲ.ကွက်မှု မေတ္တာဓာတ်ကြီးမားမှုနှင်. စိတ်နှလုံး နူးညံ.သိမ်မွေ.မှုတွင် စံပြပုဂ္ဂိုလ်ဖြစ်ပေသည်" ဟုရေးသားထား၏။( 3. B. Saint. Hilaire: The Buddha and His Religion,pp.11)

    ပရိုဖက်ဆာ မက်စ်မူလာသည် ရှေးအိန္ဒိယ ဘာသာဝါဒများကို နှိုက်ချွတ်လေ.လာခဲ.သော ဂျာမန်ပညာရှင်ဖြစ်၏။ ဗုဒ္ဓဝါဒမှာ သူနှစ်သက်သော ဝါဒမဟုတ်။ သို.ရာတွင် သူသည် ဗုဒ္ဓကို ကြည်ညိုလေးစား၏။ သူက " ဗုဒ္ဓကို အပြိုင်အဆိုင် ချီးကျူးရေးသားကြသော ခရစ်ယာန် သာသနာပြု ဆရာတို.၏ ရေးသားချက်များကို ဖတ်ရှုရသောအခါ ကျွန်ုပ်တို.မှာ ကိုယ်.မျက်စိကိုပင် ယုံနိုင်စရာမရှိပါ" ဟုဆိုလေသည်။ (4. Max Muller: Studies in Buddhism.pp.50-51)

    အဒေါ.ထောမတ်သည် ဂျာမန် ခရစ်ယာန်ဘုန်းကြီးတစ်ပါးဖြစ်၏။ သူသည် တစ်ခါက အမေရိကန်မြို.ကြီးများသို. လှည်.လည်၍ ဗုဒ္ဓဝါဒအကြောင်းကို ဟောပြောဖူး၏။ သူသည် ဗုဒ္ဓဝါဒကို ကဲ.ရဲ.ရှုတ်ချ၏။ သို.ရာတွင် ဗုဒ္ဓကိုကား အောက်ပါအတိုင်းချီးကျုးဟောပြောခဲ.ပေသည်။

    "ဗုဒ္ဓသည် စိတ်နှလုံးမြင်.မြတ်၍ သိမ်မွေ.နူးညံ.၏။ မိမိ၏ ယုံကြည်ချက်အတွက် ဘာမဆို စွန်.ရဲသော ယောက်ျားအာဇာနည်တို.၏ နှလုံးရည်နှင်. ပြည်.စုံ၏။ သီလသမာဓိနှင်. ဥာဏ်ပညာအရာ၌ အခြားသူများထက် မြင်.မြတ်၏။ ခရစ်တော်မပေါ်မီ နှစ်ပေါင်းငါးရာကျော်က ပေါ်ထွက်ခဲ.သော ဗုဒ္ဓသည် ၁၉ ရာစုခေတ် သိပ္ပံပညာရှင်တို. တွေ.ရှိသော အချက်များကို ကြိုတင်သိမြင်ခဲ.၏။ လွတ်လပ်စွာ တွေးခေါ်မှုကို လိုလား၍ ယခုကာလသိပ္ပံပညာရှင်တို.ကဲ.သို. လွတ်လပ်စွာ ဆင်ခြင်သုံးသပ်၏။

    "ဗုဒ္ဓ ပရိနိဗ္ဗာန်စံဝင်သည်မှာ နှစ်ပေါင်း နှစ်ထောင်ကျော်ပြီဖြစ်သော်လည်း ဗုဒ္ဓကို လူတို.မမေ.ကြသေးချေ။ ဗုဒ္ဓ၏ အမည်သတင်းသည် ဥရောပနှင်. အမေရိကတိုက်များသို.ပင် ပျံ.နှံ.ထင်ရှား၏။ အာရှတိုက်၌ လူသန်းပေါင်း ၃၇၀ တို.၏ ကိုးကွယ်ခြင်းခံရသော ဗုဒ္ဓသည် ဥရောပနိုင်ငံများ၌လည်း ပညာရှင်အတော်များများ၏ စိတ်ဓာတ်ကို ဆွဲဆောင်နိုင်ခဲ.၏။ ရှိုပင်ဟွာ နှင်. ကင်ကယ် (Schopenhauer and Kinkel) အစရှိသော ဂျာမန်အဘိဓမ္မာဆရာနှင်. ကဗျာစာဆိုတို.သည် ဗုဒ္ဓကို ရှိခိုးပူဇော်ကြ၏။"( Paul Carus: Buddhism and its Christian Critics, pp. 279-282)



ဦးအေးမောင်၊ဗုဒ္ဓနှင်. ဗုဒ္ဓဝါဒ၊ အခန်း(၄)ဗုဒ္ဓ၊ ဗုဒ္ဓနှင်.လောကီလူသား

Posted by ကိုလူဩ


Monday, October 27, 2014

ကထိန်အကြောင်း သိကောင်းစရာ


ကထိန်အကြောင်း သိကောင်းစရာ

သီတင်းကျွတ်ပြီးသွားပြီဆိုတော့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများအတွက် နောက်ထပ်ဘာသာရေး ဆိုင်ရာ ထင်ရှားတဲ့ ကုသိုလ်ပွဲတစ်ခုအနေနဲ့ ကထိန်အလှူပွဲတွေက အသီးသီး ရှိလာနေကြမှာ ဖြစ်ပါတယ်။ ဘုရားဝိနည်းတော် သတ်မှတ်ချက်အရ သီတင်းကျွတ် လပြည့်ကျော် (၁)ရက်နေ့ ကစပြီး တန်ဆောင်မုန်း လပြည့်နေ့အထိ (၁)လတာ ကာလကို ကထိန်အလှူပွဲ ကျင်းပရာ ကာလအဖြစ် မြန်မာနိုင်ငံတ၀ှန်းလုံးရှိ အနယ်နယ်အရပ်ရပ်မှာ ကထိန်ပွဲတွေကို ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား ကျင်းပပြုလုပ်ကြမှာ ဖြစ်ပါတယ်။

ကထိန်ပွဲတွေ လုပ်ကြတော့မယ်ဆိုတော့ ဘာရယ်မဟုတ်ဘူး သူ့ထက်ငါ အပြိုင်အဆိုင် လုပ်ချင်ကြတာပဲ သိတာများတတ်ပါတယ်။ ကထိန်ဆိုရင် ပဒေသာပင်ကြီးတွေ သီးပြီး ဆိုင်းသံဘုံသံ တညံညံနဲ့ အနယ်နယ်အရပ်ရပ်မှာ လှည့်လည်ကာ နောက်ဆုံးဘုန်းကြီးကျောင်းကို ပို့ဆောင် လှူဒါန်းကြတဲ့ပွဲလို့ အများက သိနေတတ်ကြပါတယ်။ ကထိန်ဆိုတာဘာလဲ၊ ဘာကြောင့် ဒီအလှူကို ကထိန်လို့ ခေါ်တာလဲ၊ ကထိန်ခင်းတယ်ဆိုတာ ဘာကိုပြောတာလဲ စသဖြင့် မေးလာခဲ့မယ် ဆိုရင်တော့ တိတိကျကျ ပြောဆိုရှင်းပြဖို့ ခက်တတ်ကြပါတယ်။ ဒါကြောင့် ကထိန်နဲ့ ပတ်သက်တဲ့ သိသင့်သိထိုက်တာလေးတွေ သိထားဖို့ ကထိန်အကြောင်း သိကောင်းစရာ ဆိုတဲ့ ဒီပို့စ်လေးကို ရေးသားတင်ပြရခြင်း ဖြစ်ပါတယ်။

ကထိန်ဖြစ်ပေါ်လာပုံမြတ်စွာဘုရားရှင် သာဝတ္ထိပြည်၊ ဇေတ၀န် ကျောင်းတော်မှာ သီတင်းသုံး နေတော်မူနေတဲ့ အချိန်တုန်းက ဖြစ်ပါတယ်။ အာရညကဓုတင်၊ ပိဏ္ဍပါတဓုတင်၊ ပံ့သုကူဓုတင်၊ တိစီဝရိတ်ဓုတင်ကို ဆောက်တည်ကြတဲ့ ပါဝေယျကတိုင်းသား ရဟန်းတော် အပါးသုံးဆယ်ဟာ မြတ်စွာဘုရားရှင်ကို ဖူးမျှော်ဖို့ အလွန်ဝေးတဲ့ အရပ်ကနေ သာဝတ္ထိပြည်ကိုလာရင်း လမ်းမှာ ၀ါဆိုရမယ့်နေ့ နီးလာတဲ့အတွက် သာဝတ္ထိပြည်အထိ မသွားနိုင်တော့ဘဲ သာဝတ္ထိပြည်နဲ့ ယူဇနာ (၆၀)ဝေးကွာတဲ့ သာကေတမြို့မှာပဲ ၀ါဆိုလိုက်ရတဲ့ အဖြစ်နဲ့ ကြုံခဲ့ရပါတယ်။

အဲဒီရဟန်းတော်များဟာ ဘုရားရှင်သီတင်းသုံးတော်မူရာ သာဝတ္ထိပြည်အနီးမှာ ရောက်နေပြီးမှ ဘုရားရှင်ကို မဖူးမျှော်ရပဲ ၀ါဆိုနေရတဲ့အတွက် စိတ်နှလုံး မပျော်မွေ့ပဲ ဖြစ်ခဲ့ရပါတယ်။ ဒီလိုနဲ့ ၀ါကျွတ်တဲ့အခါ ဘုရားရှိရာ အရပ်ကို ထွက်လာခဲ့ကြပါတယ်။ လမ်းခရီးမှာ မိုးကလည်း အလွန်ကြီးတဲ့အတွက် အဲဒီရဟန်းများ ၀တ်ရုံထားတဲ့ သင်္ကန်းနဲ့ ဓုတင်ဆောင် နှစ်ထပ် သင်္ကန်းများဟာ မိုးရေများနဲ့ အရမ်းကို စိုရွဲနေကြပါတယ်။ ဘုရားထံမှောက် ရောက်လာကြတဲ့ အဲဒီရဟန်းတော်များကို ဘုရားရှင်က ၀ါတွင်းကာလ ချမ်းချမ်းသာသာ သီတင်းသုံးခဲ့ရမှု ရှိမရှိ မေးမြန်းတဲ့အခါ ပါဝေယျကတိုင်းသား ရဟန်းတော် အပါးသုံးဆယ်ဟာ မိမိတို့ရဲ့ အဖြစ်ကို အကျိုးအကြောင်း လျှောက်ပြပါတယ်။

ဒီလို ရဟန်းတော်တို့ရဲ့ အခက်အခဲ အခြေအနေများကြောင့် မြတ်စွာဘုရားရှင်က “ရဟန်းတို့ ၀ါကျွတ်ပြီးသော ရဟန်းတို့အား ကထိန်ခင်းခြင်းငှါ ခွင့်ပြု၏၊ ရဟန်းတို့ ကထိန်ခင်းပြီးသော ရဟန်းတို့အား ထင်ရှားရှိသော ရဟန်းကို မပန်ကြားဘဲ ဒါယကာ အိမ်သို့သွားနိုင်ခြင်း၊ တိစီဝရိတ် အဓိဋ္ဌာန်တင်ထားသော သင်္ကန်းကို မယူဘဲ သွားနိုင်ခြင်း၊ ဂဏဘောဇဉ်ကို စားနိုင်ခြင်း၊ အလိုရှိတိုင်း အဓိဋ္ဌာန် ၀ိကပ္ပနာမပြုသော သင်္ကန်းကို ဆောင်နိုင်ခြင်း၊ ထိုကထိန်းခင်းသော ကျောင်း၌ သင်္ကန်းဖြစ်ပေါ်လာတိုင်း ကထိန်ခင်းသော ရဟန်းတို့အား ဖြစ်ရခြင်းဟူသော ဤငါးပါးသော အာနိသင်တို့ ရကုန်၏” စသဖြင့် မိန့်တော်မူကာ ကထိန်ခင်းခြင်းကို ခွင့်ပြုတော်မူပါတယ်။ ဒါဟာ ကထိန်ခင်းခြင်းနဲ့ ကထိန်သင်္ကန်းအလှူ ဖြစ်ပေါ်မှုရဲ့ အစပဲ ဖြစ်ပါတယ်။

ကထိန်ဆိုတာကထိန်ဆိုတာ ကထိနဆိုတဲ့ ပါဠိစကားကို မြန်မာမှုပြုပြီး အလွယ်အသုံးပြုထားတဲ့ ပါဠိပျက် ဝေါဟာရစကားလုံး ဖြစ်ပါတယ်။ ကထိနရဲ့ အဓိပ္ပါယ်က ခိုင်မြဲခြင်း၊ မြဲမြံခြင်းလို့ အဓိပ္ပါယ် ရပါတယ်။ ဆိုလိုတာက ကထိန်ဆိုတာ ၀ါဆိုလပြည့်ကျော် (၁)ရက်နေ့ကစပြီး သီတင်းကျွတ် လပြည့်နေ့ အထိ (၃)လတာ ၀ါဆိုဝါကပ် ပြုတော်မူပြီးကြတဲ့ ရဟန်းတော်များအား သင်္ကန်း ဆက်ကပ်လှူဒါန်းပြီး ဒီသင်္ကန်းကို အလှူခံ ရရှိတဲ့ ရဟန်းတော်များဟာ ဒီသင်္ကန်းကို အကြောင်းပြုကာ ၀ိနည်းတော်များထဲက သိက္ခာပုဒ်အချို့ကို ကာလအပိုင်းအခြား တစ်ခုအနေနဲ့ ကင်းလွှတ်ခွင့်ဆိုတဲ့ အကျိုးအာနိသင်ကို သေချာပေါက် ခိုင်ခိုင်မြဲမြဲ ရစေနိုင်တဲ့ အတွက် ကထိန- ကထိန်လို့ ဆိုတာ ဖြစ်ပါတယ်။ ဒီကထိန်ခင်းတာဟာ အ၀တ်သင်္ကန်းနဲ့သာ ကထိန်ခင်းနိုင်တဲ့ အလှူ ဖြစ်တဲ့အတွက် ဒီသင်္ကန်းကိုလည်း ကထိန်သင်္ကန်း၊ ဒီအလှူကိုလည်း ကထိန်အလှူလို့ ဆိုခြင်းဖြစ်ပါတယ်။

ကထိန်ခင်းတယ်ဆိုတာဘယ်မြို၊ ဘယ်ကျောင်းမှာ ကထိန်သွားခင်းမလို့ ဆိုတဲ့ အပြောအဆိုအသုံး အနှုန်းကို လူအတော်များများ ပြောဆိုသုံးစွဲတတ်ပါတယ်။ တကယ်တော့ ကထိန်ခင်းတာဟာ လူတွေက ခင်းရတာမဟုတ်ပါဘူး။ ရဟန်းတော်များကသာ ခင်းရတာ ဖြစ်ပါတယ်။ လူတွေက ရဟန်းတော်များ ကထိန်ခင်းနိုင်အောင် သင်္ကန်းကို လှူဒါန်းပေးတဲ့ ကထိန်သင်္ကန်း အလှူရှင်အဖြစ်ပဲ ခံယူနိုင်တာ ဖြစ်ပါတယ်။ ကထိန်ခင်းတာဟာ သံဃာတော်များရဲ့ အလုပ်ပဲ ဖြစ်ပါတယ်။ ကထိန်ခင်းဖို့အတွက် သံဃဿဒေမ ဆိုပြီး လှူဒါန်းလိုက်တဲ့ ဒီသင်္ကန်းကို သံဃာတော်များက သိမ်ထဲမှာ ကထိန်သင်္ကန်း အလှူခံမယ့် ကျောင်းမှာရှိတဲ့ ရဟန်းတော်တစ်ပါးကို သံဃာအများ သဘောတူမှုနဲ့ ရွေးချယ်ပြီး သင်္ကန်းအလှူရှင်များ လှူဒါန်းထားတဲ့ အဲဒီသင်္ကန်းကို ကမ္မ၀ါစာနဲ့ ရွတ်ဖတ်ကာ ပေးကြရပါတယ်။ အဲဒီလို ကမ္မ၀ါစာနဲ့ ရွေးချယ်ပေးလာတဲ့ သင်္ကန်းကို အလှူခံရရှိလာတဲ့ ရဟန်းတော်ဟာ မိမိဝါဆိုရာကျောင်းမှာ ပြန်ပြီးဒီသင်္ကန်းကို ခင်းရပါတယ်။

ခင်းတယ်ဆိုတာ သင်္ကန်းကို အောက်မှာချခင်းတာ မဟုတ်ပါဘူး။ စွန့်သင့်တဲ့သင်္ကန်းကို စွန့်၊ အဓိဋ္ဌာန်တင်သင့်တဲ့ သင်္ကန်းကို တင်ပြီး လက်ရှိအလှူခံ ရရှိလာတဲ့ သင်္ကန်းကို ၀ိနည်းကြောင်းအရ လိုက်နာပြုကျင့်တာကို ပြောတာဖြစ်ပါတယ်။ အဲဒီခင်းထားတဲ့ အကျိုးအာနိသင်ကိုလည်း အဲဒီကျောင်းတိုက်မှာ ရှိတဲ့ အခြားသံဃာတော်များကို အနုမောဓနာပြု သာဓုခေါ်စေပြီး ၀ိနည်းကြောင်းအရ သတ်မှတ်ထားတဲ့ ကထိန်အာနိသင် ငါးမျိုးကို အညီအမျှ ရစေတာဖြစ်ပါတယ်။ ဒီလို ကမ္မ၀ါစာနဲ့ သင်္ကန်းပေးပြီး မိမိဝါဆိုရာ ကျောင်းတိုက်မှာ ကထိန်ပြန်ခင်းကာ အတူတူဝါဆိုဝါကပ် ပြုကြတဲ့ အခြားရဟန်းတော်များနဲ့အတူ အကျိုးအာနိသင်ကို ရယူတဲ့ အစီအစဉ်ကိုပဲ ခြုံငုံပြီး ကထိန်ခင်းတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ ဒါကြောင့် ကထိန်ခင်းတယ်ဆိုတာ လူတွေက ခင်းရတာမဟုတ်ဘဲ ကထိန်ခံ ရဟန်းက ခင်းရတာလို့ ဆိုခြင်းဖြစ်ပါတယ်။

ပြီးတော့ ကထိန်းသင်္ကန်းဟာ ဒီနေ့အလှူခံပြီး ဒီနေ့ပဲ အပြီးကံဆောင်ကာ ခင်းရတာဖြစ်ပါတယ်။ ဒီနေ့အလှူခံပြီး နောက်နေ့တွေမှ ခင်းရင် ကထိန်ခင်းရာ မမြောက်ပါဘူး။ မသိုးသင်္ကန်းဆိုတာ ညလွန်သွားတဲ့ သင်္ကန်းမျိုး မဟုတ်တာကို ပြောတာ ဖြစ်ပါတယ်။ ဒီလို မသိုးသင်္ကန်းဖြစ်မှလည်း ကထိန်ခင်းနိုင်တာ ဖြစ်ပါတယ်။ သင်္ကန်းကလွဲပြီး တစ်ခြားပစ္စည်းများနဲ့လည်း ကထိန်ခင်းလို့ မရပါဘူး။ ဒီလိုဆိုတော့ တခြားပပေဒသာပင် သီးပြီးလှူတဲ့ အလှူပစ္စည်းများဟာ အခြံအရံ လှူဖွယ်ပစ္စည်းများပဲ ဖြစ်ပါတယ်။ ဒီပစ္စည်းများ၊ ပဒေသာပင်များဟာ ကထိန်ခင်းထိုက်တဲ့ အရာများ မဟုတ်ပါဘူး။ အလိုရှိသလို အသုံးပြုနိုင်တဲ့ အသုံးအဆောင်ပစ္စည်း အလှူများပဲ ဖြစ်ပါတယ်။

ကထိန်ခင်းနိုင်တဲ့ သင်္ကန်းနဲ့ ကထိန်သင်္ကန်းလှူဒါန်းနိုင်သူများဝိနည်းကြောင်းအရ ကထိန်း ခင်းနိုင်တဲ့ သင်္ကန်းအမျိုးအစားဟာ ကြိုတင်လှူဒါန်းထားခြင်း မဟုတ်ဘဲ သီတင်းကျွတ် လပြည့်ကျော် (၁)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လအတွင်းမှာ လှူဒါန်းတဲ့ ဒီနေ့လှူ ဒီနေ့ခင်းရမယ့် ညမလွန်တဲ့ မသိုးသင်္ကန်း ဖြစ်ရပါမယ်။ အဲဒီလို သင်္ကန်းမျိုးဆိုရင် သင်္ကန်း သုံးထည်လို့ ခေါ်တဲ့ အပေါ်ရုံ ကိုယ်ဝတ် ဧကသီသင်္ကန်း၊ အောက်ခါးဝတ် သင်းပိုင်သင်္ကန်းနဲ့ ပုခုံးတင် နှစ်ထပ်ဒုကုဋ်သင်္ကန်း တွေထဲက သင့်တော်ရာ တစ်မျိုးမျိုးနဲ့ ခင်းနိုင်ပြီး ဒီသင်္ကန်း အလှူကိုတော့ ရဟန်း၊ ရှင်၊ လူ ဘယ်သူမဆို လှူဒါန်းနိုင်ပါတယ်။

အကြောင်းစုံမှ ခင်းလို့ရကထိန်အလှူဟာ အမြတ်ဆုံး အလှူဖြစ်သလို ကထိန်အလှူ မြောက်ဖို့ ဆိုတာလည်း ခက်ခဲတဲ့ သဘောရှိပါတယ်။ ဆရာဒကာ နားလည်မှုနဲ့ အကြောင်းစုံ ညီညွတ်မှ ဒီအလှူ အထမြောက် အောင်မြင်တာ ဖြစ်ပါတယ်။ တကယ်လို့ ၀ါကျွတ်ပြီးတဲ့ ရဟန်းသံဃာတော် တစ်ပါးပါးဟာ မိမိကျောင်းမှာ ကထိန်မရှိ၊ ကထိန်သင်္ကန်း လှူဒါန်းသူမရှိလို့ ဆိုပြီး နီးစပ်ရာ၊ ကြည်ညိုရင်းနှီးရာ ပုဂ္ဂိုလ်တစ်ဦးဦးထံမှာ သွားပြီး အလှူခံကာ မိမိတို့ ပယောဂကြောင့် ရလာတဲ့ သင်္ကန်းဖြစ်ခဲ့မယ်ဆိုရင် အဲဒီသင်္ကန်းနဲ့ ကထိန်ခင်းလို့ မရပါဘူး။ ကထိန်သင်္ကန်းဟာ ရဟန်းတော်များ အနေနဲ့ တိုက်ရိုက်အလှူခံကောင်းတဲ့ သင်္ကန်းလည်း မဟုတ်ပါဘူး။ ကထိသင်္ကန်း အလှူရှင်က မိမိအလိုလို နားလည်သဘောပေါက်ပြီး သံဃာဿဒေမ - သံဃားတော်အား လှူဒါန်းပါ၏လို့ သံဃာကို ရည်မှန်းပြီး လှူဒါန်းတဲ့ သင်္ကန်းနဲ့သာ ကထိန်ခင်းနိုင်တာ ဖြစ်ပါတယ်။

အရှင်ဘုရားအတွက်၊ ဘယ်ဆရာတော်အတွက် စတဲ့ ပုဂ္ဂိုလ်ရည်မှန်းပြီး လှူဒါန်းတဲ့ ပုဂ္ဂလိက အလှူသင်္ကန်းနဲ့ဆိုလည်း ကထိန်းမခင်းနိုင်ပါဘူး။ ရဟန်းတော်များဘက်က ပယောဂကင်းဖို့ လိုသလို သင်္ကန်းအလှူရှင်ဘက်ကလည်း သံဃိက အလှူဖြစ်ဖို့လိုကာ ဒီလို နှစ်ဘက်နားလည် ညီညွတ်မှုနဲ့ ရလာတဲ့ သင်္ကန်းနဲ့သာ ကထိန်ခင်းနိုင်တာ ဖြစ်ပါတယ်။ နောက် ကာလ သတ်မှတ်ချက်ကလည်း တစ်နှစ်မှာ တစ်ခါ၊ တစ်ခါမှာ သင်္ကန်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လ၊ တစ်လမှာလည်း ၀ါဆိုရာ နယ်နိမိတ် သတ်မှတ်ချက် မတူတဲ့ ကျောင်းတစ်ကျောင်းမှာ တစ်ကြိမ်ပဲ ခင်းနိုင်တာ ဖြစ်ပါတယ်။ ပြီးတော့ ကထိန်ခင်းဖို့အတွက် သိမ်ရှိဖို့လိုသလို လေးပါးလေးပါးအထက် ရှိတဲ့သံဃာ အရေအတွက် ပြည့်မီဖို့လည်း လိုပါတယ်။ ဒီလို အကြောင်းအချက်အလက် စုံမှပဲ ကထိန်ခင်းမှု အထမြောက်တယ်၊ ကထိန်အလှူ အောင်မြင်ပြီးမြောက်တယ်လို့ ဆိုတာ ဖြစ်ပါတယ်။

ကထိန်အလှူရဲ့ ထူးခြားမှုဘုရားအစရှိတဲ့ အရိယာသူတော်ကောင်းတွေရဲ့ ချီးမွမ်းမှုကို ခံယူထိုက်တဲ့ အတွက် ဒီအလှူကို ကထိန်လို့ ဆိုကြောင်း အဋ္ဌကထာဆရာတော်က ဖွင့်ဆိုပါတယ်။ ဒီလိုဖွင့်ဆိုရတာကလည်း အကြောင်းရှိပါတယ်။ ဒီအလှူဟာ

၁။ သံဃာကို ရည်မှန်းပြီး လှူဒါန်းတဲ့ သံဃိကအလှူ ဖြစ်ရခြင်း
၂။ အချိန်ကာလ သတ်မှတ်ချက် အတွင်းမှာသာ လှူဒါန်းရတဲ့ ကာလဒါန အလှူဖြစ်ခြင်း
၃။ တစ်ခြားပစ္စည်းဝတ္ထုများ မဟုတ်ဘဲ အရဟတ္တဓဇ ခေါ် ရဟန္တာတို့ရဲ့ အလံတံခွန်သဖွယ် ဖြစ်တဲ့ အ၀တ်သင်္ကန်းနဲ့သာ ကထိန်ခင်းနိုင်ခြင်း
၎။ ဒီအလှူကို အကြောင်းပြုပြီး ရဟန်းတော်များအား ၀ိနည်းသိက္ခာပုဒ် အချို့ကို အချိန်ကာလ တစ်ခုအရ ကင်းလွတ်စေနိုင်တဲ့ အတွက် ၀ိနည်းအလှူ သို့မဟုတ် တရားအလှူခေါ် ဓမ္မဒါန အလှူဖြစ်ခြင်း စတဲ့ ထူးခြားချက်များကြောင့် အမြတ်ဆုံးအလှူ၊ အထူးခြားဆုံး အလှူလို့ ဖွင့်ဆိုပြခြင်း ဖြစ်ပါတယ်။

ကထိန်အလှူရဲ့ အကျိုးတရားဒီအလှူရဲ့ လက်တွေ့အကျိုးကတော့ သင်္ကန်းအလှူခံ ရရှိတဲ့ ရဟန်းတော်များဟာ ကထိန်အာနိသင် ရလိုက်တဲ့အတွက် သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့ကစပြီး တပေါင်းလပြည့်နေ့အထိ (၅)လအတွင်းမှာ
၁။ ထင်ရှားရှိသော ရဟန်းကို မပန်ကြားဘဲ ဒါယကာ အိမ်သို့သွားနိုင်ခြင်း
၂။ တိစီဝရိတ် အဓိဋ္ဌာန်တင်ထားသော သင်္ကန်းကို မယူဘဲ သွားနိုင်ခြင်း
၃။ ထမင်းစားလာပါ၊ မုန့်စားကြွပါ စတဲ့ လူ့အခေါ်အပြောနဲ့ ပင့်ဖိတ်တဲ့ ဂဏဘောဇဉ်ကို စားနိုင်ခြင်း
၎။ အလိုရှိတိုင်း အဓိဋ္ဌာန် ၀ိကပ္ပနာမပြုသော သင်္ကန်းကို ဆောင်နိုင်ခြင်း
၅။ ကထိန်ခင်းတဲ့ကျောင်းမှာ သံဃိက သင်္ကန်းဖြစ်ပေါ်လာတဲ့အခါ ကထိန်အာနိသင်ရတဲ့ ရဟန်းအားလုံး ရယူနိုင်ခြင်း ဆိုတဲ့ အကျိုးတရား ငါးပါးကို ရရှိနိုင်ပါတယ်။

လူပုဂ္ဂိုလ်များအတွက်ကတော့ ကထိန်သင်္ကန်း လှူဒါန်းခြင်းကို အကြောင်းပြုပြီး
၁။ သင်္ကန်းအလှူ လှူဒါန်းခွင့်ရခြင်း (စီဝရဒါန)
၂။ သံဃိကအလှူ လှူခွင့်ရခြင်း (သံဃိကဒါန)
၃။ ကာလဒါန အလှူလှူခွင့်ရခြင်း (ကာလဒါန)
၎။ ဓမ္မဒါနအလှူ လှူခွင့်ရခြင်း (ဓမ္မဒါန) စတဲ့ အကျိုးတရားများကို ရစေနိုင်တဲ့အပြင်

ရဟန်းတော်များအား အထက်ပါ ကထိန်အာနိသင် အကျိုးတရား ငါးမျိုးကို ရစေနိုင်သလို ကထိန်သင်္ကန်း လှူဒါန်းတဲ့ အလှူရှင်များမှာလည်း ထိုအကျိုးနဲ့ ထပ်တူစွာ လွတ်လပ်တဲ့ဘ၀မျိုးမှာ ဖြစ်ရခြင်း၊ ထောင်တန်းအချုပ်အနှောင်မှ ကင်းလွတ်ခြင်း၊ စားဖွယ်သောက်ဖွယ် ပေါများကာ အလိုရှိသလို စားသုံးနိုင်ခြင်း၊ မိမိကိုယ်ကို သူတပါးတို့ မလွမ်းမိုးနိုင်ခြင်း၊ မိမိကသာ နေရာတကာ အစိုးရခြင်း စသော အကျိုးတရားများကိုလည်း ရရှိစေနိုင်ပါတယ်။ အထူးကတော့ ရှားရှားပါးပါး ခက်ခက်ခဲခဲ လှူဒါန်းရတဲ့အလှူ ဖြစ်တဲ့အတွက် ရဖို့ခဲရင်းတဲ့ အရာတွေကို ရနိုင်ပြီး နောက်ဆုံး အခက်ခဲဆုံးဖြစ်တဲ့ မဂ်ဖိုလ်နိဗ္ဗာန်ရဖို့ကိုပါ အထောက်အကူပေးနိုင်တဲ့ အကျိုးတရားပဲ ဖြစ်ပါတယ်။ ဒါကြောင့် သူတော်ကောင်းများက ဒီကထိန်အလှူဟာ အကောင်းဆုံးနဲ့ အမြတ်ဆုံးအလှူလို့ ဆိုကြတာ ဖြစ်ပါတယ်။

ဒီလောက်ဆိုရင် ကထိန်နဲ့ ပတ်သက်တဲ့ သိသင့်သမျှကို အနည်းငယ်မျှ သိရှိခွင့် ရလောက်မယ်လို့ မျှော်လင့်မိပါတယ်။ တစ်ချို့အကြောင်းအရာများဟာ အကျယ်ရှင်းပြဖို့ လိုပေမယ့် လူတွေ အတွက်တော့ ကထိန်နဲ့ ပတ်သက်ပြီး ဒီလောက်သိထားရင်ကိုပဲ ကထိန်အလှူအကြောင်း၊ ကထိန် လုပ်ရခြင်းအကြောင်း၊ ကထိန်အလှူရဲ့ အကျိုးတရားများအကြောင်း အတော်အသင့် ပြောဆို ဆွေးနွေးနိုင်ကြမှာ ဖြစ်ပါတယ်။ အကျယ်သိလိုသူတွေ အနေနဲ့တော့ ၀ိနည်းမဟာဝဂ္ဂပါဠိတော်၊ ကထိနက္ခန္ဓကမှာ ကြည့်ရှုနိုင်ပါကြောင်း ညွှန်းဆိုလိုက်ပါတယ်။

မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)


Saturday, October 25, 2014

ဝါကျွတ်လေတိုင်း မျက်ရည်ဝိုင်း


ဝါကျွတ်လေတိုင်း မျက်ရည်ဝိုင်း

သတိပြုမိသည့် ဒေသနာ
ပုညာနိ သိရိံ....
တစ်ချိန်က ကြားဖူးမှတ်ဖူးခဲ့တဲ့ မြတ်ဗုဒ္ဓဒေသနာလာ ပါဠိတော်လေး ...ကလေးအတွေးနဲ့ ငယ်စဉ်က ဖတ်မိခဲ့တာမို့  သေချာ အနက်မထင်ခဲ့ပါချေ...ခုအနေ ပြန်တွေးကြည့်တော့မှ ...လောကီ လောကုတ္တရာ  နှစ်ဖြာသော ကောင်းကျိုးချမ်းသာတို့ရဲ့ အစပျိုးရာသည် ကောင်းမှုကုသိုလ်ပဲ ဖြစ်တယ် ဆိုတာကို နားလည်လာမိပါတယ် ... ။

တစ်ခါ..မြန်မာတို့ရဲ့ ပြောဆိုနေကြ  စကားတွေမှာ..ကျက်သရေ မင်္ဂလာလို့ တွဲပြီး ပြောလေ့ ရှိတာကို သတိပြုမိတယ်   ဒီအထဲက ကျက်သရေ ဆိုတဲ့ စကားလုံးလေးရဲ့ အရေးပါမှုကို သေချာ တွေးကြည့်တော့ တကယ့်သတိထားသင့်တာလေးများကို ဆင့်ပွားလို့ နားလည်လာမိပါတော့တယ်။

ကျက်သရေဆိုတာ ကောင်းမှုပါ
 တကယ်တော့ ကျက်သရေဆိုတာ ကောင်းမှု ကုသိုလ်ကို ဆိုလိုတာပါ ၊ ကောင်မှု ရှိရင် ကောင်းကျိုးရှိမယ် ၊ ကောင်းကျိုးတွေရတော့ လောကီ လောကုတ္တရာ နှစ်ဖြာသော ကောင်းကျိုး ချမ်းသာ အဖြာဖြာကို ရရှိလို့ ကျက်သရေ မင်္ဂလာ နဲ့ ပြည့်စုံတဲ့ ဘဝကို ရရှိပိုင်ဆိုင်နိုင်ကြတော့ တာပေါ့..ဒီတော့ကား …

ကုသိုလ်ဓလေ့မှာ ပျော်မွေ့နေလေ့ရှိတဲ့သူတွေအတွက်တော့ နေ့ရက်တိုင်းသည် ကျက်သရေ ရှိနေလို့နေစမြဲ လို့ ကောက်ချက်ချ နားလည်လိုက်မိပါတော့တယ် ။

ကုသိုလ်ကံနဲ ....  ဘုန်းလည်းမွဲ
လူဖြစ်စေ ရှင် ရဟန်းဖြစ်စေ ..အတိတ်ကုသိုလ်ကံ အားနဲသူများမှာတော့ ဘုန်းကံမွဲ တတ်တာမျိုး ဆိုတာကတော့ ပြောမယုံ ကြုံဘူးမှ သိမှာပါပဲ... ဒီတော့  ဘုန်းကံ ဆိုတာ အလုပ်ကို ပြောတာဆိုရင် ကောင်းတာ အလုပ်နဲရင် ကောင်းကျိုးနဲ လို့ ဘုန်းမဲ့ကံမဲ့ ပြီး ဆင်းရဲမှုမျိုးစုံ ၊ အခက်ခဲမျိုးစုံနဲ့သာ တွေ့ကြုံတတ်တာလဲ ကိုယ်တွေ့တွေပါပဲ လို့သာ ဆိုလိုက်ပါရစေ ။

သူတော်ထုံးစံ  ခေါင်းမှာပန်
ရှေးသူတော်စင်တွေကတော့ ခုရော နောင်ခါ သံသရာအကျိုး ပွားတိုးစေမှု အာရုံပြုလို့ ကောင်းမှု ဓလေ့မှာ ပျော်မွေ့တတ်ကြပါတယ် ...ကောင်းချင်ရင် ကောင်းတာလုပ် ၊ ဆိုးချင်ရင် ဆိုးတာလုပ် ၊ ကောင်းတာလုပ်က ကောင်းကျိုးရ ၏ ၊ဆိုးတာပြုက ဆိုးတာရ၏ ၊ ဆိုတာလဲ တကယ့် အမှန် တရားမို့  လက်မခံလို့ကို မရနိုင်အောင်ပါ။

သဗ္ဘိရေဝ သမာသေထ ..အစရှိတဲ့ ဂါထာမှာဆို ..သူတော်တို့ထုံး ၊ ကိုယ့်နှလုံး၊ စွဲသုံးနိုင်အောင်လုပ် ဟု ဆုံးမသလိုပါပဲ... သူတော်တို့ထုံးစံ  ခေါင်းမှာပန်ပြီး သူတော်လမ်းစဉ် လိုက်နာခြင်းဖြင့် ဘယ်တော့မှ ဆင်းရဲနွမ်းပါးပြီး ဒုစရိုက်ဆို အကုန်လုပ်တဲ့ လူယုတ်မှာ မဖြစ်နိုင်သလို မြင့်မြတ် သူတောင် ဖြစ်နိုင်သေးတာမို့ စာရေးသူတို့လဲ သူတော်ထုံးစံ ခေါင်းမှာပန်ဖို့ လိုအပ်သည်လို့ ခံယူမိပါတယ် ။

 ဆင်ခြင်သင့်ရာ ဤချိန်ခါ
မကြာမီ သီတင်းကျွတ်လပြည့် ဆိုတဲ့ ကာလ ရောက်ပါတော့မယ် ၊ မြန်မာ့ရိုးရာ နဲ့ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ လမ်းစဉ်မှာတော့ သီတင်းဝါလ ကျွတ်လို့  လပြည့်ရောက်ပြီဆိုရင်  ဘိုးဘွား မိဘဆရာသများနဲ့အတူ  မိမိထက် အသက် ဂုဏ်ဝါ ကြီးမားသူများကို တတ်စွမ်းသမျှ ဒါတဗ္ဗတို့နဲ့ လိုက်လံ ပူဇော်ကန်တော့ကြလေ့ရှိပါတယ် ၊

လူကြီးသူမများကလဲ လိုအပ်သလို သွန်သင်ဆုံးမ သြဝါဒတွေပေးရုံမက ကန်တော့လာကြတဲ့ ကလေးတွေကို မုန့်ဖိုးလေးတွေ ပြန်ပေးပြီး စွမ်းနိုင်သလို ပြန်ချီးမြှောက်တတ်ကြတာလဲ တကယ့်  သူတော်ကောင်းတို့ရဲ ဓလေ့ပဲ ထင်ပါတယ် ၊ ဒါန နဲ့ အရင်းတည်ပြီး သီလ နဲ့ ချစ်ကြည် ရေးတွေ တည်ဆောက် လို့  သမထ လမ်း နဲ့ ငြိမ်းချမ်းရေး ပန်းတိုင်ဆီ ချီတက်နေကြပုံတွေဟာ တွေးကြည့်ရုံနဲ့ ဂုဏ်ယူပီတိဖြစ်ဖွယ် ယဉ်ကျေးမှု ဓလေ့ဆိုရင် မှားမယ် မထင်ပါဘူး ။

အတုယူစရာ ပါဝါရဏာ
ဒီသီတင်းကျွတ်လပြည့် နေ့မှာပဲ ရဟန်းသံဃာတော်တွေဟာ အချင်းချင်း ဖိတ်မာန်ပြီး အပြစ်ကြီးငယ် အသွယ်သွယ်ကို မြင်ကြား သိထား သံသယများရှိခဲ့ရင် ညွန်ကြား သွန်သင် ပဲ့ပြင်ဆုံးမ  ထောက်ပြဖို့ ဖိတ်မာန်ကြ အချင်းချင်းဒေသနာကြားကြ  သည့် သံဃာ့မဟာပါဝါရဏာ ပွဲတော်များကို ကျင်းပလေ့ရှိပါတယ် ။

ထေရ်ကြီး ထေရ်ငယ် အသွယ်သွယ်ဟာ ထေရ်စဉ်ဝါလိုက် အပြစ်တွေကို ပြောကြားဝန်ခံ ဆုံးမ ခံကြပါတယ် တကယ့် အားကျ အတုယူစရာ သူတော်ဓလေ့ ဆိုရင် မမှားပါဘူး  ဒီနည်းလမ်းဟာဖြင့် ရဟန်းရှင်လူ မည်သူမဆို မာနကိုချ အတ္တကိုပယ်ပြီး လောကရဲ့ အလှကို ချယ်သ ကြတဲ့အခါ အောင်မြင်မှု သရဖူ ရယူနိုင်ကြောင်း အတုယူစရာ နည်းလမ်းကောင်းဖြစ်တယ်လို့ နားလည်မိ ပါတယ် ဒါသည်ပင် တကယ့် မဟာဒီမိုကရေစီ ကျင့်စဉ် တစ်ခုလို့ မိမိတော့ နားလည်လိုက်မိတယ် ။

အချို့အခါမှာ...ငါ ဆိုမှ ငါ... ငါကို ရှေ့တန်းတင်လို့ ငါပြောတာအဟုတ်၊ ငါလုပ် မှ အမှန် ၊ ငါကြံတာ အကောင်းလို့ ငါကို ရှေ့မှာထားပြီး  အမှားများအလယ်မှာ အမှန်ကို ရှောင်ဖယ်နေတတ်ကြတာထဲ ကိုယ်လဲ အပါ ဖြစ်နေတတ်တာမို့ ကိုယ့်ကိုယ်ကိုလဲ သတိပေးနေရပါတယ် ။

သိဝမထေရ် သက်သေတည်

တစ်ချိန်သောအခါက တကယ့် ပိဋကသုံးပုံ နှုတ်ငုံရသည့် အရှင်မဟာသိဝမထေရ်ဆိုသည့် စာချ အကျော် မထေရ်မော်တစ်ပါး ရှိခဲ့ဘူးပါတယ် ဆရာတော်ဟာ စာပေ ပို့ချခြင်းဖြင့် အမြဲမွေ့လျော် နေသူဖြစ်လို့ တရားဓမ္မ ပွားများ အားထုတ်ဖို့တော့ အချိန်ပေးခဲ့နိုင်ပုံ မပေါ်ပါဘူး၊

 တစ်နေ့မှာ ရဟန္တာဖြစ်နေတဲ့ သူ့ရဲ့ တပည့်တစ်ပါးရဲ့ သတိပေး လျောက်ထားသံ အဆုံးမှာ တောထွက်တရားကျင့်ခဲ့ပါတော့တယ် ဒီအခါမှာ စာပေပိဋကတ် နှံ့စပ်ပြီးဖြစ်သည်မို့ အလွယ်နဲ့ တရားထူး ရလိမ့်မယ်လို့ ယူဆပြီး ကျင့်ခဲ့ပါတယ် သို့သော်လည်း ဝါတွေအခါခါကျွတ် နှစ်တွေ အခါခါပြောင်းသော်လည်း တရားထူးမရနိုင်ဖြစ်နေသည်ကို ဖတ်ရှုရဘူးပါတယ်  ဒီအပေါ်မှာ ဆရာ့ဆရာတွေက စာခံနေလို့ မာန်ခံနေလို့ ဟု မှတ်ချက်ပြုခဲ့ဘူးတာတွေကိုလဲ ကြားနာ မှတ်သားခဲ့ရဘူးပါတယ်။ 

ဒီလိုဆိုပါရင် နိုင်ငံရေး လူမှုရေး ပညာရေး စီပွားရေး စသည့် ဘယ်အရေးမှာမဆို မာန်ခံ ပြီး ငါသိ ငါတတ် ငါအမြတ် အနေနဲ့ မကြံ မပြော မလုပ် သင့်ဘူးဆိုတာ ဒီမထေရ်ရဲ့ ဇာတ်လမ်းက သက်သေခံ မှတ်တမ်း တစ်ခုလို့ ထင်မိပါတယ် ။

 ဝါကျွတ်တော့မည် ဖြေမဆည်
မကြာမီ ဝါကျွတ် ပါတော့မည် ၊ မိမိမှာ လဲ ဝါကျွတ်ပေါင်း များပါပြီ . ဝဋ်ကတော့ မကျွတ်နိုင်သေးပါ သေးချေ။ ပုထုဇဉ်ဖြစ်လေတော့ ကိလေသာနယ်အတွင်းမှာ ကိလေသာဝဋ်ကလည်း မကင်းပါဘူး ။

နောက်ပိုင်းဋ္ဌာနေ မြန်မာပြည်က အမေ နဲ့ အတူ ညီအကို မောင်နှမ ဆွေမျိုးသားချင်းတွေ အတွက်...မိတ်ဆွေတွေ အတွက် စသည် စသည် နဲ့ အတူ..လက်ရှိနေထိုင်ရာ ကျောင်း အသင်း စသည်စသည် သံယောဇဉ်တွယ်ရာတွယ်ရာတွေကို အထွဋ်တပ်မိပြန်တော့  ကိလေသဝဋ်တွေ လည်နေသေးသလို အလိုက်သင့် ပြုလုပ်ပြောဆို ကြံစည်နေရတဲ့ ကမ္မဝဋ်တွေကလည်း အများသားပါပဲ...

ထို့အတူ.. ကောင်းတာ မကောင်းတာ ပြုလုပ်နေမိသည့်အလျောက် ကောင်းကျိုး ဆိုးကျိုးတွေကလဲ ဝိပါက ဝဋ်အနေဖြင့် တစ်လှည့်စီလှည့်လည် အကျိုးပေးနေပြန်တော့  ကိုယ့်ကိုယ်ကို ဖြေနိုင် စွမ်းအား မရှိသေးတာ အမှန်ပါ ။ တေဘူမက ဝဋ်ဒုက္ခက ဘယ်တော့မှများ လွတ်နိုင်ပါလိမ့်မလဲလို့ ရင်ထဲ တွေးမိတော့ အဖြေမရှိနိုင်သေးပါဘူး ။

ဝါကျွတ်လေတိုင်း မျက်ရည်ဝိုင်း

အမေရိကန် ရောက်ရှိခဲ့တာ ဒီတစ်ဝါပါဆို လေးဝါကျွတ်ခဲ့ပါပြီ  ဒီကာလတွေအတွင်း  မိမိသူတပါး နှစ်ဦးသားနဲ့ အမျိုး ဘာသာ သာသနာအတွက် ဆောင်ရွက်ချက် တစ်ချို့ကလွဲပြီး မိမိကိုယ်ပိုင် အတွက်ကိုတော့ တစ်စုံတရာ ဖြစ်ထွန်း တိုးတက်အောင် ရွက်ဆောင်နိုင်ခဲ့တာ မရှိသေးတာ သတိပြုမိပါတယ် ဝဋ်အတွင်းက လွတ်ကင်းဖို့ မဆိုထားနဲ့ ဝဋ်အတွင်းမှာ မြုပ်ဆင်းမသွားအောင် ကိုပဲ  အတော်ကြိုးစားနေရတာကို ဘဝတူများသာ သိနိုင်ပါလိမ့်မယ် ။

အချို့က ပညာရေး ထွန်းပေါက်ဖို့ အချို့က သာသနာရေး ဇောက်ချလို့ စသည် စသည် အောင်မြင်မှု အလီလီရနေသည်ကို မုဒိတာပွားဖွယ် တွေ့မြင်ကြားသိနေရပါသော်လည်း မိမိမှာတော့ ယောင်ခြောက်ဆယ် အနေအထား မှ မလွတ်သေးတာကို တွေးသိရတော့  သူများတွေ ဝါကျွတ်လို့ ပျော်နေချိန်မှာ မိမိမှာတော့ မျက်ရည်ဝိုင်းလို့သာ နေမိပါတော့တယ် ။

ဝါကျွတ်ဆုတောင်း
တဆက်တည်းတွေးမိလိုက်တာက မိမိလိုပဲ  အမေရိကန် မှာ သက်တမ်းကြာပေမဲ့ ဘာမှ မထူးသေး သူတွေလဲ ရှိကောင်း ရှိနေမှာမလွဲပါဘူး  ၊ လူတွေထဲ မှာလဲ နဲ မယ်မထင်ပါဘူး ၊ သားရေး သမီးရေး လူမှုရေးနဲ့ ဒီမိုကရေစီအတွက် တိုင်းပြည်နဲ့ လူမျိုးအတွက် စသည် စသည်ဖြင့်  ရေလိုက်လွဲ နေသူတွေ ရှိခဲ့မယ်ဆိုရင် အတ္တတွေ ခဝါချ မာန ကိုဘေးဖယ်ပြီး ရှေ့ခရီးမှာ အောင်မြင်မှု အသီးအပွင့်တွေ ရရှိအောင် သတိဆောင် နိုင်ကြပါစေ စွမ်းဆောင်နိုင်ကြပါစေလို့ ဒီဆောင်းပါး လေးနဲ့ သတိပေးတိုက်တွန်းလိုက်ရပါတော့တယ် ။

နိဂုံးမှာတော့ ဝါကျွတ်တာနဲ့ အမျှ ဝဋ်ကျွတ်နိုင်ရအောင် ၊ ဝါကျွတ် လေတိုင်း ဖြစ်ချင်တာ မဖြစ်ရလို့ မျက်ရည်ဝိုင်းတဲ့အဖြစ်မျိုးတွေနဲ့ မတိုးရလေအောင် မိဘဘိုးဘွား ဆရာသမားတွေ ကန်တော့ကြ ခြင်းနဲ့ အတူ ဘဝနောက်နှောင်း ကောင်းထက်ကောင်းကြောင်း ကုသိုလ်ကောင်းမှု တွေနဲ့ ပျော်ဖို့ လိုအပ်တယ် ၊   ဒါန သီလ ဘာဝနာ သိက္ခာသုံးပါး ကိုယ်ကျင့်တရားများ တိုးပွားလာအောင် သူတော်ကောင်းတို့ထုံး နှလုံးမူ ကျင့်သုံးဖို့ လိုအပ်ပါကြောင်း မီးမောင်းထိုးပြရင်း သီတင်းကျွတ် ကာလ အမှတ်တရ ဆောင်းပါးလေးကို နိဂုံးချုပ်လိုက်ပါရစေ  ။

ဇေယျသုခ အရှင်နန္ဒဝံသ
Amarillo , Tx .U.S.A

 (မိုးမခ) အောက်တိုဘာ ၈၊ ၂၀၁၄

Friday, October 24, 2014

ဗုဒ္ဓအား တရားဟောသောရဟန်း

ဗုဒ္ဓအား တရားဟောသောရဟန်း 

ယခု ဘ၀၌ "ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်" ဖြစ်ရခြင်းအတွက် ရှေးကံ ကို ကျေးဇူးတင်လွန်းသဖြင့် ဤဆောင်းပါးကို ရေးအပ်ပါ၏။ ကျွန်တော်တို့ ယုံကြည် ကိုးကွယ်ကြည်ညိုသော "ဗုဒ္ဓမြတ်စွာ ဘုရားရှင်" နှင့် "ဗုဒ္ဓ၏ တပည့် သံဃာတော်များ" တို့သည် မြင့်မြတ်ကြီးမြတ်လှသော ဓမ္မစိတ်ထား ပိုင်ရှင်များ ဖြစ်ကြောင်း ထေရ၀ါဒ စာပေကျမ်းဂန်များ ပိုမိုဖတ်မိ လာလေလေ၊ ပိုမို ကြည်ညို သိရှိလာရလေလေ ဖြစ်ပါ၏။ဓမ္မမိတ်ဆွေများလည်း သိပြီးဖြစ်ပါလိမ့်မည်။

ဆိုပါစို့ရဲ့။ "ဗုဒ္ဓမြတ်စွာဘုရားရှင်"၏ လက်ယာတော်ရံ "အရှင်သာရိပုတ္တရာ" မထေရ် သည် တပည့်ဖြစ်သူ "ကိုရင်" ငယ်ကလေး၏ ထောက်ပြမှုဖြင့် သင်္ကန်းရုံခြင်းကိုပြန်လည်ပြင်ဆင်၍ ထို ကိုရင်ငယ်လေး ကို "ဆရာ" အဖြစ်မှတ်ယူပါ၏။တရားဓမ္မ တို့၏ အရှင်သခင်ဖြစ်တော်မူထ သော "ဗုဒ္ဓမြတ်စွာဘုရားရှင်" သည်လည်း တပည့် သံဃာတစ်ပါး ၏ တရားဟောခြင်းကို နာယူခဲ့ဖူးပါ၏။ "တပည့် ဟောတာပဲ ဘာမှ နာစရာ အကြောင်းမရှိဘူး" ဟူသော စိတ်ထားမျိုး မရှိခဲ့ပေ။ "ဗုဒ္ဓ မြတ်စွာဘုရားရှင် အား တရားဟောသော ပုဂ္ဂိုလ်" ၏အကြောင်း ကို ဆက်လက်တင်ပြလိုပါသည်။


အချိန် ကာလက "ဗုဒ္ဓမြတ်စွာဘုရားရှင်"၏ တပည့်သံဃာတော်ဖြစ်သော "အရှင်မဟာကစ္စည်း မထေရ်" သည် "ကုရရဃရမြို့" ကိုအမှီပြု၍ "ပ၀တ္တ"တောင် ၌ သီတင်းသုံးနေစဉ် ဖြစ်ပါ၏။" အရှင်မဟာကစ္စည်းမထေရ်" ၏တရားတော်ကို နာကြားရပြီး အလွန်ကြည်ညိုသော "သောဏ- ကုဋိကဏ္ဏ" အမည်ရ သူဋ္ဌေးသား ဥပါသကာ တစ်ဦးသည် "ရဟန်း"၀တ်ရန် မထေရ်မြတ်ကို လျှောက်ထားပါ၏။ (မိဘများမှည့်ခေါ်သော အမည် သည်ကား "သောဏ"=ဖြစ်၍ ငယ်စဉ်က တစ်ကုဋေတန်သော နားတန်ဆာ ကို ပန်ဆင်ရသူဖြစ်သဖြင့် "ကုဋိကဏ္ဏ"=ထိုအမည် နှစ်ခုကို ပေါင်းစပ်၍ "သောဏ-ကုဋိကဏ္ဏ" ဟုအမည်တွင်ခြင်းဖြစ်ပါသည်။)

ထိုအခါ "အရှင်မဟာကစ္စည်း မထေရ်မြတ်"သည် "သောဏ သူဋ္ဌေးသား"၏ ဉာဏ်ပညာ ရင့်ကျက်ခြင်းသို့ မရောက်သေးသည် ကို စူးစမ်းဆင်ခြင်တော်မူမိသဖြင့် ရဟန်းပြုမပေးသေးပဲ-" သောဏ-တစ်ယောက်တည်းသာ အိပ်ရ၊ တစ်ယောက်တည်းသာ စားရသည့် မြတ်သောအကျင့်ကို အသက်ထက်ဆုံးကျင့်ဖို့ရန် ခဲယဉ်းလှ၏။ သို့ဖြစ်၍ သောဏ -ငါတိုက်တွန်းလိုသည်မှာ သင်သည် ထိုလူ့ဘောင်၌သာလျှင် လူဖြစ်လျက် (ဥပုသ်နေ့ စသော) အခါကာလအားလျော်စွာ တစ်ယောက် တည်းသာ အိပ်ရ၊ တစ်ယောက် တည်းသာ စားရသည့် မြတ်စွာဘုရား၏အဆုံးအမ ဟုဆိုအပ်သော မြတ်သောအကျင့်ကို ကျင့်ဦးလော့"ဟု နှစ်ကြိမ်တိုင်တိုင် တားမြစ်တော်မူပါသည်။

တစ်ထပ်သော ဆွမ်းကိုစား၍ မြတ်သော အကျင့်တို့ကို ကျင့်ကြံချင်သော "သောဏ"၏ သုံးကြိမ်မြောက် တောင်းဆိုမှုကိုကား မထေရ်မြတ် သည် တားဆီးတော် မမူတော့ပဲ "ရှင်သာမဏေ" ပြုပေးခဲ့ပါသည်။ "ရဟန်း" ပြုပေးနိုင်ခဲ့ခြင်းကား မရှိပါချေ။ "ရဟန်း" တစ်ပါးအဖြစ် ပြုလုပ်ပေးနိုင် ရန်မှာ ၀ိနည်းဓိုရ် "ရဟန်း (၁၀)ပါး" ရှိမှသာဖြစ်နိုင်ပါသည်။

ထိုအချိန်၌ ရဟန်းတို့သည် များသောအားဖြင့် "မဇ္ဈိမတိုက်" ၌သာလျှင် သီတင်းသုံးကြ တော်မူသောကြောင့် ဖော်ပြပါ "ကုရရဃရမြို့" တွင် ရဟန်း-နှစ်ပါး၊သုံးပါး လောက်သာလျှင် နေထိုင်သီတင်းသုံးကြပါသည်။ထို့ကြောင့် ရဟန်းရှားပါးသော အရပ်ဖြစ်သဖြင့် "သောဏ" အား "ရဟန်း" ပြုပေးနိုင်ခြင်းမရှိဖြစ်ပါ၏။"သောဏ"သည် သာမဏေ ပြုပြီး သုံးနှစ်ကြာသောအခါမှ သာလျှင် ၀ိနည်းဓိုရ် ရဟန်း(၁၀)ပါးစုံညီ ရရှိလာသဖြင့် ရဟန်းအဖြစ်သို့ရရှိခဲ့ပါ၏။ ၏

ထို့နောက် ဥပဇ္ဈာယ်ဆရာ "အရှင်မဟာကစ္စည်းမထေရ်" ထံမှ ကမ္မဋ္ဌာန်းတရား သင်ကြားနာယူ၍ ၀ိပဿနာတရား ပွားများ ကြိုးကုတ် အားထုတ်လေရာ ထို ၀ါတွင်းမှပင် အရဟတ္တဖိုလ်သို့ရောက်၍ (ရဟန္တာဖြစ်၍) မထေရ်မြတ်၏ အထံမှာပင် "သုတ္တနိပါတ်"တရားတော် ကိုသင်ကြား တတ်မြောက်လေ၏။ ၀ါကျွတ်၍ ပ၀ါရဏာပြုပြီးသော် "အရှင်သောဏ-ကုဋိကဏ္ဏ"မထေရ် သည် "ဗုဒ္ဓမြတ်စွာဘုရားရှင်"အား ဖူးမြော်လို၍ မထေရ်မြတ်ထံ ခွင့်ပန်လျှောက်ထားရာ (၅)ခွန်းသော စကားကိုမှာကြားပြီး ခွင့်ပြုတော်မူလိုက်ပါ၏။

ဤသို့ဖြင့် "သာဝတ္ထိပြည်၊ ဇေတ၀န် ကျောင်းတိုက်တော်"သို့ရောက်၍ "ဗုဒ္ဓမြတ်စွာဘုရားရှင်" ဗုဒ္ဓါသန ဓမ္မပလ္လင်၌ထိုင်နေတော်မူစဉ် မှာပင် ဆည်းကပ် ရိုကျိုး ရှိခိုးလျက် အပြစ်လွတ်ရာအရပ်၌ ရပ်တည်နေလေ၏။ နံနက်မိုးသာက်ခါနီး ၀ယ် "ဗုဒ္ဓမြတ်စွာဘုရားရှင်"က "အရှင် သောဏ ကုဋိကဏ္ဏ"ကို -"ချစ်သား ရဟန်း-ရွတ်ဆိုရန် တရားသည် သင် ချစ်သား၏ဉာဏ်၌ ထင်စေလော့"ဟု တိုက်တွန်းတော်မူလေရာ "အရှင်သောဏ- ကုဋိကဏ္ဏ"မထေရ် သည် ချိုမြိန်သော အသံဖြင့် အက္ခရာတစ်လုံးမျှ မချွတ်ယွင်းစေပဲ "သုတ္တနိပါတ်" ပါဠိတော်လာ "အဋ္ဌက၀ဂ်"ဟု ခေါ်ဆိုသော "ကာမသုတ္တန်"အစရှိသော သုတ္တန်ပေါင်း(၁၆)သုတ် ကို ရွတ်ဆိုပါ၏။

သုတ္တန်များ ပြီးဆုံးသောအခါ "ဗုဒ္ဓမြတ်စွာဘုရားရှင်"က "အရှင်သောဏ-ကုဋိကဏ္ဏ" အား သာဓု ကောင်းကြီးပေးတော်မူပါ၏။ ထို့နောက်တွင် ဥပဇ္ဈာယ်ဆရာ "အရှင်မဟာကစ္စည်းမထေရ်" တောင်းဆိုလိုက်သော (၅)ပါးသော တောင်းဆုကို ဗုဒ္ဓမြတ်စွာဘုရားထံ တောင်းဆို လျှောက်ထား ပါ၏။ ထိုတောင်းဆိုချက် (၅)ချက်မှာ-

(၁) ပစ္စန္တရစ် အရပ်တို့၌ ရဟန်းရှားပါးသောကြောင့် ၀ိနည်းဓိုရ်ပုဂ္ဂိုလ်လျှင် (၅)ပါးရှိသော ရဟန်းအပေါင်းဖြင့် ရဟန်းပြုကံဆောင်ခွင့်ပြုရန်။
(၂)ပစ္စန္တရစ် တို့၌ မြေကြမ်းတမ်းသော ကြောင့် အထပ်ထပ်သော ဖိနပ် ကိုစီးနင်းခွင့်ပြုရန်။
(၃) ထိုသို့သော အရပ်တွင် ရာသီဥတုဆိုးရွားခြင်း၊ သဲမြေတို့ကပ်ညှိသောကြောင့် လူတို့သည် နေ့စဉ် ရေချိုးရလေ့ရှိ၏။ထိုသို့သောအကြောင်းကြောင့် ရဟန်းတို့အား လိုအပ်သလို ရေ အမြဲချိုးခွင့်ပြုရန်။
(၄)ဖျာ အလား သားရေခင်းတို့ဖြင့်ထိုင်လေ့ရှိသောကြောင့် ရဟန်းတို့အားလည်း ဆိတ်သားရေ၊ သမင်သားရေ တို့ခင်းသုံးခွင့်ပြုရန်။
(၅) အရပ်တစ်ပါး သွားဆဲရဟန်းအားလှူသော သင်္ကန်းကို လက်သို့ရောက်မှ ရေတွက်၍ (၁၀)ရက်အတွင်း ၀ိနည်းကံပြုခွင့်ပြုရန်။ စသည်တို့ဖြစ်ပါ၏။ ဖော်ပြပါတောင်းဆုများကို "ဗုဒ္ဓမြတ်စွာဘုရားရှင်" ခွင့်ပြုတော်မူခဲ့ပါ၏။

ထို့ကြောင့်ပင် ယနေ့ တောရွာများအထိ ရဟန်း(၅)ပါးဖြင့် ရဟန်းပြုကံဆောင်နိုင်ကြခြင်းကို စိတ်ချမ်းသာစွာပြုလုပ်နိုင် ခဲ့ကြခြင်းဖြစ်ပါ၏။ အရှင် သောဏ ၏ ကျေးဇူးကြောင့် ယနေ့ ရဟန်းတို့မှာ အမျိုးမျိုးသော ဖိနပ်တို့ကို စီးခွင့်ရရှိခဲ့ကြ၏။မဇ္ဈိမဒေသ တွင်(၁၅)ရက်မှ တစ်ကြိမ်သာ ရေချိုးခွင့် ရ၏။ ယခု အခါတွင်မူ ဒေသ အလိုက် လိုအပ်သလို ရေချိုးခွင့်ရခဲ့ပါ၏။ ထို့ထက် ကြည်နှုး နှစ်သက် ပီတိဖြစ်ဖွယ်ရာမှာကား-"ဗုဒ္ဓမြတ်စွာဘုရားရှင်"သည် အရိယာသံဃာ တို့အလယ်၌ ထိုင်တော် မူလျက် "အရှင်သောဏ-ကုဋိကဏ္ဏ"မထေရ် ကို-"ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ကလျာဏ၀ါက္ကရဏာနံ ယဒိဒံ သောဏော ကုဋိကဏ္ဏော=ရဟန်းတို့-ချိုမြိန်သာယာသော အသံဖြင့် တရားစကားဟောကြားကြသော ငါဘုရား၏ တပည့်သာဝကရဟန်းတို့တွင် ကုဋိကဏ္ဏ-သောဏ ရဟန်းသည် အသာဆုံး အမြတ်ဆုံးဖြစ်ပေ၏" ဟု ချီးကျူးမြွက်ဆိုတော်မူကာ-" ကလျာဏ ၀ါက္ကရဏ= သာယာချိုမြိန်သောအသံဖြင့် တရားဟောသောအရာ"၀ယ် "ဧတဒဂ်" ထားတော်မူပါ၏။

သာသနာတော်ကြီးတွင် "အရှင်သောဏ-ကုဋိကဏ္ဏ" မထေရ်သည် အတုယူထိုက်၊ ကျေးဇူးတင် ထိုက်သော ပုဂ္ဂိုလ်တစ်ပါး ဖြစ်ပါပေ၏။

မှီခိုရာ ကျမ်းကိုး--" မဟာဗုဒ္ဓ၀င်" (ဆဋ္ဌမတွဲ-ပဋ္ဌမပိုင်း)၊ (တိပိဋကဓရ ဆရာတော် ဦးဝိစိတ္တသာရာဘိဝံသ)(စာ-၂၈၇)-

ဓမ္မပဒ ၀တ္ထုတော်ကြီး ဒုတိယတွဲ၊ဘိက္ခုဝဂ်-

ကိုညီညီတင်

By  မြန်မာဗုဒ္ဓဘာသာအသင်း၊ ကနေဒါ