Sunday, April 13, 2014

နှစ်သစ်မှာ ဘဝတွေသစ်လွင်ကြပါစေ


မကြာမီသောရက်တွင် အတာသင်္ကြန်ကိုရောက်တော့မည်။ အတာ သင်္ကြန်တွင် မြန်မာတို့ရိုးရာ ဓလေ့အတိုင်း နှစ်သစ်ကူးပွဲတော်ကို ပျော်ရွှင်စွာကျင်းပကြတော့မည်။ အတာသင်္ကြန်သည်
 မြန်မာတို့ အဖို့ သမိုင်းစဉ်ဆက်ကျင်းပခဲ့၍ စွဲလမ်းရသော နှစ်သစ်ကူးပွဲတော်ပင်ဖြစ်သည်။ လူမျိုးအသီးသီးနိုင်ငံအသီးသီးသည် မိမိတို့၏သတ်မှတ်ချက်အရ နှစ်သစ်ကိုကြိုဆိုကြသည်။ ပျော်ပွဲရွှင်ပွဲများကျင်းပကြသည်။ ထိုသို့ နှစ်သစ်ကို ကူးကြ ကြိုဆိုကြသည်အခါ လူတစ်ဦးနှင့် တစ်ဦးမတူကြချေ။

အချို့က ဘာသာရေးအရ ဒါန သီလ ဘာဝနာများဖြင့်ကူးကြသလို အချို့ကပျော်ပွဲရွှင်ပွဲများဖြင့် ကြိုဆိုကြသည်။ အချို့က အပန်းဖြေခရီးထွက်ခြင်းနှင့်အချို့က ဘုရားဖူးခရီးထွက်ခြင်းတို့ဖြင့် နှစ်သစ်ကို ကူးကြပြန်သည်။ အချို့က ဘာမှမလုပ်ဘဲ အိမ်တွင်အေးအေးဆေးဆေး နေထိုင်ကြသည် များလည်းရှိကြသည်။ မည်သို့ဖြစ်စေ သတ်မှတ်ချက်အရ နှစ်ကာလ အသစ်တစ်ခု ဆီသို့ 
ပြောင်းသွားရသည်မှာတော့အမှန်ပင်ဖြစ်သည်။ အမှန်စင်စစ် သူ့အလိုလိုလည်ပတ်နေသော ကမ္ဘာ့ဖြစ်စဉ် ဥတုနိယာမဖြစ်စဉ် စကြာဝဠာဖြစ်စဉ်သဘာဝနိယာမကို လူသားများက နှစ်များ လများ ရက်များသတ်မှတ်၍ဘဝခရီးကို ဆက်နေကြသည်ဟု မြင်မိသည်။ 

  ထို့ပြင် လူသားအများစု၏သဘာဝသည် အသစ်ဆိုလျှင်တမ်းတတတ်ကြသည်။ လိုချင်မက်မောတတ်ကြသည်။ ပစ္စည်းကိုလည်း အသစ်လိုချင်သည်။ အိမ်ထောင်ဖက်ကိုလည်း အသစ်လိုချင်သည်။ နှစ်သစ်ကိုလည်း သဘောကျကြသည်။ အနုပညာတွင်လည်း ဆန်းသစ်မှုကို ကြိုက်နှစ်သက်ကြသည်ပင်။ အစိုးရများတွင်လည်း သစ်လွင်တောက်ပသော ထက်မြက်သော အစိုးရကိုသာလိုချင်ကြသည်။ ဤသို့စသည်ဖြင့် အသစ်မှန်သမျှကို အများစုက တမ်းတကြ လေသည်။ အကြောင်းမှာ အသစ်ဟူသောသဘောတွင် သစ်လွင်သန့်စင်ခြင်း သဘော ပါဝင်နေသောကြောင့်ပင်ဖြစ်သည်ဟု ကောက်ချက်စွဲမိသည်။

 မှန်၏။ အဟောင်းဆိုလျှင် ညစ်နွမ်းပြီးဖြစ်သည်၊ သုံးစွဲပြီးဖြစ်သည်၊ သန့်စင်သစ်လွင်သော သဘောမရှိဟု အများစုက သတ်မှတ်ထားကြလေသည်။ လူသား၏သဘာဝသည် သန့်စင်ခြင်း သစ်လွင်ခြင်း တောက်ပခြင်း ထက်မြက်ခြင်းကို ဗီဇအရလိုလားကြသောကြောင့် ဤသို့ အသစ် အသစ်များကို တမ်းတကြသည်ဟု ယူဆမိသည်။ လူသား၏မူလဗီဇသဘာဝအရ သစ်လွင် သန့်စင် မှုကို လိုလားကြသော်လည်း မိမိတို့၏နေ့စဉ်ဘဝများတွင် အမြဲလိုလိုညစ်နွမ်းနေကြသည်က များနေမည်ထင်သည်။ 

  မြတ်ဗုဒ္ဓ၏ဓမ္မအရဆိုလျှင် စိတ်သစ်နေဘို့သာ ပဓာနဖြစ်သည်။ မှန်၏။ စိတ်သစ်လျှင် စကားလည်းသစ်မည်။ အလုပ်လည်းသစ်မည်။ သို့ဆိုလျှင် ဘဝလည်းသစ်နေမည်သာဖြစ်သည်။ ဘဝသစ်နေလျှင် အမြဲတန်းနေ့တွေသစ်နေပေတော့မည်။ လတွေလည်းသစ်နေပေတော့မည်။ လတွေသစ်နေလျှင် ကမ္ဘာတည်သရွေ့  နှစ်သစ်တွေသာဖြစ်နေပေတော့မည်။ သို့ဖြစ်လျှင် ဤကမ္ဘာ ဤလောကသည်အစဉ်အမြဲသစ်လွင်၍တိုးတက်နေမည်သာဖြစ်သည်။

 ထို့ကြောင့် မိမိတို့ရွှေမြန်မာများနှစ်သစ်ကူးကြသောအခါ မြတ်ဗုဒ္ဓ၏ဓမ္မနည်းလမ်းအရ ပြည့်ပြည့်ဝဝကူးနိုင်ကြလျှင် ကမ္ဘာတွင်စံပြနှစ်သစ်ကူးပွဲတော်ဖြစ်မည်ဟု ယုံကြည်မိသည်။ အမှန်စင်စစ် မြတ်ဗုဒ္ဓသည် နှစ်သစ်ကူးတရားဟူ၍ သီးသန့်ဟောကြားတော်မမူခဲ့ပေ။ စိတ်ထားသစ်ရေး စကားသစ်ရေး အလုပ်သစ်ရေး ဘဝသစ်ရေးကိုသာ လမ်းညွှန်တော် မူခဲ့လေသည်။ အထူးသဖြင့် နှစ်သစ်ကူးကောင်းဖို့ထက် ဘဝသစ်ကူးကောင်းဖို့နှင့် လက်ရှိဘဝသစ်လွင်ဖို့တို့ကိုသာဟောကြားတော်မူခဲ့ပါသည်။ 

   မြတ်ဗုဒ္ဓ၏ဓမ္မအရ ဤစကြာဝဠာတွင် လူသားသည်သာ တန်ဘိုး အကြီးမားဆုံး ဖြစ်သည့်ပြင် လူသားသည်သာပဓာနဖြစ်သောကြောင့် လူများသစ်လွင်နေဖို့သာပဓာနဖြစ်လေသည်။ လူသားများသာသစ်လွင်နေပါလျှင် ဤကမ္ဘာသည်တာဝတိံသာဘုံနှယ် တင့်တယ်နေပေလိမ့်မည်။ မှန်၏။ လူသား၏စိတ်ထားများသာ သစ်လွင်သန့်စင်နေပါက သဘာဝတောတောင်တို့သည်လည်း ညို့ညို့မှိုင်းမှိုင်းဖြင့် အုံ့ဆိုင်းကာသာယာနေပေမည်။ သဘာဝမြစ်ချောင်းအင်းအိုင်တို့သည်လည်း လူသားတို့၏ရက်စက်မှု ကန့်သတ်မှု မတရားအဆင်ခြင်မဲ့စွာအသုံးပြုမှုတို့မရှိဘဲ သဘာဝအတိုင်းပင် လွတ်လပ်စွာစီးဆင်းခွင့်ကိုရကြပေမည်။

သဘာဝပတ်ဝန်းကျင်လည်း ပျက်စီးဆုံးရှုံးမှုမဖြစ်နိုင်တော့ ပေ။ သို့ဆိုလျှင် မပျက်စီးသော သဘာဝ ပတ်ဝန်းကျင်တွင် လူသားသည် သက်ရှည်ကျမ္မာ သာယာစွာ နေထိုင်နိုင်ပေလိမ့်မည်။ အထူးသဖြင့် လှပသောသဘာဝတောတောင် အင်းအိုင် မြစ်ချောင်းများနှင့် အနီးကပ်နေထိုင်ကြရသော လူများသည် ဖြူစင်ရိုးသားကြသည်ကိုတွေ့ရသည်။ မှန်၏။ သဘာဝတောတောင်ကို မဖျက်ဆီးဘဲ ချစ်ခင်တန်ဘိုးထားသောသူသည် သဘာဝဖြူစင်သောစိတ်အခံရှိလေသည်။ သဘာဝ ပတ်ဝန်းကျင်ကို တန်ဘိုးမထားဘဲ ဝိသမလောဘဇောတိုက်၍ ဖျက်ဆီးသူသည် ဖြူစင် ရိုးဖြောင့်သောစိတ် နည်းပါးပေမည် သို့မဟုတ် ဖြူစင်မှုမရှိဟုထင်သည်။
 
    ဓမ္မပဒပါဠိတော်တွင် မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌာ မနောမယာ။ မနသာစေ ပသန္နေ၊ ဘာသတိဝါ ကရောတိဝါ။ တတော နံ သုခမနွေတိ၊ ဆာယာဝ အနုပါယိနီ။ Mind precedes all mental states. Mind is their chief; they are all mind-wrought. If with a pure mind a person speaks or acts, happiness follows him like his never-departing shadow. ဟူ၍ဟောတော်မူပါသည်။

ဤဒေသနာတော်ကို ကောက်ချက်စွဲကြည့်လျှင် လူသားများ၏စိတ်ထားသည်သာ ပဓာနဖြစ်သောကြောင့်လူသားများ၏စိတ်ထားသာဖြူစင်နေပါက နေ့ရက်တွေဖြူစင်ကြပေ တော့မည်။ လတွေလည်းသစ်လွင်နေကြပေတော့မည်။ နှစ်တွေလည်း အစဉ်အမြဲဖြူစင် တောက်ပ၍သာနေပေတော့မည်။ ဘဝတွေလည်း ဖြူစင်သစ်လွင်တောက်ပနေမည်သာ ဖြစ်တော့သည်။ ထို့ပြင် နိုင်ငံတော်ကြီးသည်လည်း တောက်ပနေမည်ဖြစ်သလို ဒီမိုကရေစီ သည်လည်း လင်းလက်နေမည်သာဖြစ်ပါတော့သည်။

သို့ဖြစ်၍ နိုင်ငံသူ နိုင်ငံသားအားလုံး မြတ်ဗုဒ္ဓ၏ဓမ္မနည်းလမ်းဖြင့် ဓမ္မနှစ်သစ်ကို ကူးမြောက် နိုင်ကြပါစေ၊ စစ်မှန်သောဒီမိုကရေစီသို့ ဦးတည်သော နှစ်သစ်ဖြစ်ပါစေသားဟု။

By Wisdom of Dhamma