လူမှုလောကထဲ ရှင်သန်နေသော ဗုဒ္ဓဘာသာ
တိဏ္ဏောတာ ရေယျံ၊ ဗုဒ္ဓေါဗောဓေယျံ ၊မုတ္တော
မောစေယျံ
ဗုဒ္ဓရှင်တော်သည်
နိဗ္ဗာန်တည်းဟုသော ချမ်းသာကို လိုချင်တာတစ်ခုတည်းကြောင့် သဗ္ဗညုဘုရားရှင်အဖြစ်သို့ ရတော်မှုခဲ့ခြင်းမဟုတ်ပေ။
သုံးလောက သတ္တ၀ါ တွေ ကို နိဗ္ဗာန်တည်းဟူသော အေးချမ်း ချမ်းသာရာ ကို လောကသား(All
Being) တို့ကို ရစေချင်သောကြောင့်သာ လေးသင်္ချခြေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခဲ့ခြင်း
ဖြစ်သည်။ နိဗ္ဗာန်ကို တစ်ကိုယ်တည်းယူချင်ရင် သုမေဓာရသေ့ ဘ၀ထဲက ရနေပြီဖြစ်၏။
ဗုဒ္ဓသည်
သူတစ်ဦးတည်းအတွက် မွေးဖွားလာသူမဟုတ် လောကအတွက်မွေးဖွားလာသူဖြစ်သည်။ ဘုရားလောင်း ဘ၀ထဲက
ငါးရာငါးဆယ် ဇာတက များတွင် လောကအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံ ခဲ့တာကို ပိဋကပ်တော်တွင်
အထင်အရှားပင်ဖြစ်သည်။ လောကသည် ဒုက္ခအတိပြီး၏ ထို့ကြောင် ဒုက္ခဆန့်ကျင်ဘက် သုခ ချမ်းသာ
အစစ်ကို လောကသားတို့ သိမြင်ခံစားတတ်အောင် ဗုဒ္ဓညွန့်ကြားခဲ့ပြီးဖြစ်သည်။ ဗုဒ္ဓသည် အသိဥာဏ်ရှိသော
မြင့်မားသော လူနတ်ဗြဟ္မာမဆိုထားဘိ အဟိတ်တိရစ္ဆာန် များကိုပြင် ချမ်းသာရာရအောင် ဆောင်ကျည်းပေးသည် (ဖားနတ်သားဇာတကတွင်ရှု)။
ဤသည်ကို ထောက်ရှုခြင်းအားဖြင့် ဗုဒ္ဓသည် လောကသား အားလုံးအပေါ် တူညီစွာ မဟာဂရုဏာ ထားတော်မှုသည်။
လောကလွန်ချမ်းသာစစ်
နိဗ္ဗာန်စစ်ချမ်းသာကိုတောင် ရအောင်ပြုလုပ်ပေးနိုင်သော ဗုဒ္ဓဓမ္မများသည် ယခု ဖြစ်ပေါ်နေသော
ကမ္ဘာပြဿနာများ၊လူမှုပြဿနာကို မဖြေရှင်းနိုင်ပဲ အဘယ်ရှိအံနည်း။ ဗုဒ္ဓတရားတော်များ သည်
ဒုက္ခမှ လွတ်ငြိမ်းရာ အကြောင်းတရားများဖြစ်သည်။ လောက၏ ဒုက္ခကိုတုန်ပြန် ရန်ဖြစ်သည်။ ဓမ္မသည်
ဒုက္ခ၏ အဖြေဖြစ်သည်။ ဒုက္ခဟုဆိုရာတွင် ကျွန်ုပ်၏ ဒုက္ခသာမဟုတ်၊ သင်၏ ဒုက္ခသာမဟုတ်။ အားလုံး၏
ဒုက္ခဖြစ်သည် ဖြစ်တည်မှုအားလုံး၏ ဒုက္ခဖြစ်သည်။ ဗုဒ္ဓမြတ်စွာဘုရားသည် မရေမတွတ်နိုင်သော
လူနတ်ဗြဟ္မာ အပေါင်းကို ချမ်းသာရာ တရားပြခဲ့သည်။ ကူညီရန်အသင့် ဖြစ်ခဲ့၏။ ပြဿနာပေါင်းမြောက်များစွာကို
ဖြေရှင်းပေးခဲ့သည်။ ဗုဒ္ဓသည် လောကကိုမြင့်တင်ပေးခဲ့သော အနှိုင်းမဲ့ ကျေးဇူးတော်ရှင်ဖြစ်သည်။
ထို့ကြောင့်
ဗုဒ္ဓဘာသာဝင်ဖြစ်သော ဗုဒ္ဓလမ်းစဉ်ကို လိုက်နာသော ဗုဒ္ဓစကားကို လိုက်နာသော ကျွန်ုပ်တို့သည်လည်း
လောကအကျိုးသယ်ပိုးသင့်သည်၊ ချစ်သင့်သည်၊ကြင်နာ သင့်သည်၊ ခွင့်လွတ်သင့်သည်၊ အနစ်နာခံသင့်သည်
ဟုရိုးသားစွာ ယုံကြည်ပါသည်။ ကိုယ်နဲ့ ပတ်သက်တဲ့ အရာကိုပဲ ချစ်၊ကြင်နာ၊ ခွင့်လွတ်၊အနစ်နာခံ
နေလျင် ဇာတိဗုဒ္ဓဘာသာ မိရိုးဖလာသာ ဖြစ်နေလိမ့်မည်။
အကြင်သူသည်
ပရိယတ္တိစာပေများကို တတ်ကျွမ်းချင် တတ်ကျွမ်းမည်။ ဗဟုသုတ ပေါကြွယ်သူ ဖြစ်ချင်ဖြစ်မည်။
အာစာရဗုဒ္ဓဘာသာ ဖြစ်အောင်လိုသေးသည်ဟု ဆိုရမည်။ မိမိ၌ ထင်ရှားတဲ့ အပြစ်ကို ဖုံးတတ်သော
မာယာကို လည်း ပယ်ရမည်။ မိမိ၌ မရှိတဲ့ အရည်အချင်းတွေ ကို ရှိတယ်လို့ ထင်အောင် ပြောတဲ့
သာဌေယျ ကိုလည်း ပယ်ရအုံးမည်။ အကျင့် သီလပိုင်း၊တည်ကြည်မှု သမာဓိပိုင်း၊ သိမြင်မှု ပညာပိုင်းကို
လက်တွေ့ရှင်သန်လှုပ်ရှား နေသောဘ၀မှာ တကယ်ကျင့်ကြံ အားထုတ်ဖို့ လိုပါသည်။
ထိုသို့
မပြုပါက မဟာဝေဒလ္လသုတ်တော်လာအတိုင်း ဘုရားတခြား၊ ကိုယ်တခြား၊တရားတခြား၊ ကိုယ်တခြား၊
သံဃာတခြား၊ကိုယ်တခြား သာတည်း။ အနတ္တစကြာဝဠာ အနတ္တသတ္တ၀ါ လို့ ပြောကာ မေတ္တာပို့ ပါးစပ်ရ
ရွတ်ပြီး ကိုယ့်နှင့် ကွဲပြားခြားနားသော လူမျိုးဘာသာ ကို တကယ် မေတ္တာမထားနိုင်ရင်၊ ဒုက္ခရောက်နေသော
ဂရုဏာ မသက် နိုင်ရင်၊ ကိုယ်ထက် ကြီးပွားချမ်းသာတဲ့ ကွဲပြားခြားနားသော လူမျိုးဘာသာ မုဒိတာ
မထားနိုင်ရင်၊ ကိုယ်ကို ချစ်သူကို မုန်းသူကိုပါ တော်သင့်စွာ နှလုံးသွင်း ဥပေက္ခာ မပြုနိုင်ရင်
လိုသေးသည်ဟု ပြောရမည် ပါးစပ်ကပြော၍ အလုပ်မညီ ၀စီကံ နဲ့ မနော၊ကာယ သမုဟမဖြစ်။
လောကကြီးသည်
အားလုံး အပြန်အလှန် ဆက်စပ်နေကြောင်း ပဌာန်းပါဠိတော်တွင် အထင်ရှားရှိသည်။ ကျွန်ုပ်တို့
အားလုံးလည်း အပြန်အလှန် ဆက်စပ် မှီနေကြသည်။ အမေရိကန်က
အာဖကန် ကို ပစ်သည် ကျည်ဆံသည် အိန္ဒိယတွင် စာသင်နေသော မြန်မာရဟန်းတော် စာသင်သား (သောသုဇ္ဇန)
၏ သပိတ်ကို မှန်လာနိုင်သည် ဟု ကျွန်ုပ် အွန်လိုင်းစာဆို ရဟန်းတော်တစ်ပါး
ရေးသားဖူးသည်။ ခေးအော့ သီအိုရီအရ အမေရိကန်က လိပ်ပြာတောင်ပံ ခတ်ခြင်းသည် ဘရာဇီးတွင်
မုန်တိုင်း ကျရောက် နိုင်သည်(See: Butterfly effect) ။ ဤသည်ကို ထောက်ရှုပြီး ကျွန်ုပ်တို့
အားလုံး အပြန်အလှန် ဆက်စပ်မှီခိုနေသည်မှာ ထင်ရှားလှသည်။ လောကတွင် ကျွန်ုပ်တို့ ချည်းပဲ
မရပ်တည်နိုင် တခြားသူများတခြား အရာ လည်း ရှိရန်လိုအပ်ပါသည်။
တိဘက်
ပြည်သူတွေ ဒုက္ခရောက်နေတာ ကျွန်ုပ်တို့ နဲ့ ဆိုင်သည်။ ကမ္ဘာကြီး ပူနွေးလာတာ ကျွန်ုပ်တို့
နှင့်ဆိုင်သည်။ အနောက်ကမ္ဘာက စစ်မက်တွေ က လည်း ကျွနိုပ်တို့ နဲ့ ဆိုင်သည်။ အရှေ့အလယ်ပိုင်း
ပြဿနာလည်း ကျွနိုပ်တို့ နှင့်ဆိုင်သည်။ ကျားမ ခွဲခြားမှု တွေ ကလည်း ကျွန်ုပ်တို့ နှင့်
ဆိုင်သည်။ လောက တွင်ရှိသမျှ ပြဿနာများ ဖြစ်ရပ်များသည် ကျွန်ုပ်တို့ နှင့် ဆိုင်သည်။
ပဌာန်းကျမ်းတွင် အရာအားလုံး ဆက်စပ်မှု ကို အကျယ်တ၀င့် ရှင်းလင်းထားတာ တွေနိုင်သည်။
ကျွန်ုပ်တို့
တရားထိုင်စဉ်၊ဥပုပ်စောင့်နေချိန်မှ မဟုတ်ပဲ အသက်ရှင်တည်ရှိနေတိုင်း သတိတရားဖြင့် လောက
အခက်အခဲ ဒုက္ခတွေ ဓမ္မ နဲ့ အညီ ရှုမြင်သုံးသပ်ပြီး ဒုက္ခအဖြေ ချမ်းသာ အေးငြိမ်းတဲ့ လောကကြီးဖြစ်အောင်
ဆောက်ရွက်ခြင်းဟာ ကျွန်ုပ်တို့ အားလုံးရဲ့ တာဝန်ဖြစ်ပါသည်။
ထိုကြောင့်
လောကသားအားလုံးကို ကျွန်ုပ်တို့ မသိမြင် နိုင်သော်လည်း ယခုတွေမြင် သိရှိနေသော လူသားတွေ၊
တိရစ္ဆာန်တွေ၊ သဘာဝပတ်ဝန်ကျင်ကောင်းကျိုးကို တတ်စွမ်းသလောက် ပြုရင်း လောကမှာ ရှင်သန်ရင်း
ဒုက္ခ ကိလေသာ ရွှံနွံထဲ မှာနေထိုင်ရင်း လောက သာဟာလှပဖို့ ဖြစ်တည်မှုတိုင်းအတွက် ကြာပန်း
တွေ ပွင့်နိုင်ကြပါစေ။
Ref:
ဆရာကြီး Sulak ၏ ဟောပြောချက်
ဦးရွှေအောင်
“ချမ်းသာကို ရှာဖွေခြင်း”
John
A. McConnell “Mindful Mediation(A hand book for Buddhist Peacemaker)”