Friday, April 4, 2014

လူနှင့် ကျေးဇူးတရားများ


လူနှင့် ကျေးဇူးတရားများ
သူတော်ကောင်းအထိမ်းအမှတ်
လောကမှာ တစ်ယောက်နဲ့ တစ်ယောက်၊ တစ်ခုနှင့်တစ်ခု ကျေးဇူးကင်းသော အရာဟူ၍ မရှိ၊ မြတ်ဗုဒ္ဓဒေသနာတော်အရ အရာအားလုံးသည် တစ်ယောက်ကို တစ်ယောက်၊ တစ်ခုပေါ်တစ်ခု၊ အကြောင်းပေါ် အကျိုး၊ အကျိုးအပေါ် အကြောင်း အချင်းချင်း အပြန်အလှန် ကျေးဇူးပြုနေကြသည်။ ကျေးဇူးကင်းသော အရာဟူ၍ မရှိ၊ ထို့ကြောင့် လောကရှိ သက်ရှိ သက်မဲ့ အရာ အားလုံးတို့သည် မိမိ၏ ကျေးဇူးရှင်များ ဖြစ်ကြသည်။ လောကမှာ ကျေးဇူးတရားကို သိတတ်သူနှင့် ကျေးဇူးတရားကို တုန့်ပြန်တတ်သူတို့သည် ရှားပါး သတ္တ၀ါများ ဖြစ်ကြသည်။ ထိုနှစ်မျိုးလုံးကို ပြုလုပ်နိုင်သူကား မင်္ဂလာအပေါင်းနှင့် ပြည့်စုံသူဟု ဆိုကြသည်။ ကျေးဇူးသိတာ၊ ကျေးဇူးတုန့်ပြန်ခြင်သည် သူတော်ကောင်း အထိမ်းအမှတ် ဖြစ်သည်။

လူဆိုသည်
လူဆိုတာ အသိဥာဏ်ရှိသူကို ဆိုလိုသည်၊ တိရစ္ဆာန်ထက် ထူးသော ပိုသော အသိရှိနေ၍ လူဟူ၍ဆိုအပ်၏၊ လူသည် ဤကား ကုသိုလ် ဤကား အကုသိုလ်ဟူ၍ သိ၏၊ တိရစ္ဆာန်ကား မသိ။ လူသည် အေးမြသော မေတ္တာ၊ နုညံ့သော ကရုဏာ၊ မွန်မြတ်သော မုဒိတာ၊ သိမ်မွေ့သော ဥပေက္ခာ စတဲ့ မြင့်မြတ်သော စိတ်ရှိ၏ တိရစ္ဆာန်ကား မရှိ။ လူသည် အရှက်ရှိသည်၊ အကြောက်ရှိသည်၊ တိရစ္ဆာန်များကား အရှက်မရှိ၊ အကြောက်မရှိ၊ မည်သူ့ကိုမှ မရှက် မကြောက်ဘဲ မိမိသွေးသားဆန္ဒအတိုင်း လမ်းမအလည်မှာ ကာမဂုံအလုပ်ကို လုပ်နိုင်ကြသည်။ လူဟုဆိုသော သတ္တ၀ါသည်ကား ထိုသို့သော ဆန္ဒရှိသည်တိုင် အရှက်တရား အကြောက်တရားကြောင့် ဟန်ဆောင်နိုင်သည်၊ ထိန်းနိုင်သည်။ အဟိတ် တိရစ္ဆာန်များကား ဟန်မဆောင်နိုင်၊ မထိန်းနိုင်ဘဲ စိတ်ရှိတိုင်း ဆန္ဒရှိတိုင်း ပျော်ပါးနိုင်သည်၊ စိတ်အလို ဆန္ဒအလို လိုက်သည်၊ ကာမသုခလ္လိကာ-နုယောဂ အကျင့်ကို ကျင့်သည်။ လူဟုဆိုသော သူများက စိတ်အလိုကို မလိုက်၊ စိတ်အလိုကို လိုက်မိသောအခါ ယုတ်ညံ့သော အလုပ်ဖြစ်၍ အကျိုးမဲ့ကို ဖြစ်စေသည်။ မိမိစိတ်ကို မထိန်းနိုင်ဘဲ၊ အလိုတဏှာကို ဟန်မဆောင်နိုင်ဘဲ စိတ်အလို လိုက်သူတိုင်းသည် တိရစ္ဆာန်လို လူသားဖြစ်သွားသည်။

လူသည် ဂုဏ်ကျေးဇူးကို သိတတ်သူဖြစ်သည်၊ တိရစ္ဆာန်များကား ဂုဏ်တွေ၊ ကျေးဇူးတရားတွေကို နားမလည်၊ ကျေးဇူးတရား ပြန်လည်တုံ့ပြန်ဖို့ဆိုတာ ဝေးစွ၊ သို့သော်လည်း သူတို့ကို ထိပါးလာလျှင်၊ သူတို့အကျိုးမဲ့ကို လုပ်ခဲ့ရင်တော့ အဲဒီရန်ငြိုးကိုတော့ တုန့်ပြန်တတ်သည်။ သို့သော်လည်း လူလောက် အသိဥာဏ်မရှိ၊ အဟိတ်ဖြစ်နေပေမဲ့ ကျေးဇူးတရား သိတတ်သော တချို့ပါရမီရှိ ဘုရားအလာင်း တိရစ္ဆာန်များလည်း ရှိသေးသည်။ လူဆိုသူများက ထိုအဟိတ် တိရစ္ဆာန်များထက် ပို၍ပင် ကျေးဇူးတရား သိတတ်ရမည်။ လူ ဆိုသည်ကား အဟိတ်တိရစ္ဆာန်များထက် ကျေးဇူးတရားကို ပိုသိတတ်သည်၊ ထိုကျေးဇူးတရားကို ပြန်တုန့်ပြန်ဖို့လည်း နားလည်သည်၊ နားလည်သည်အလျှောက် တုန့်ပြန်တတ်ကြသည်။ သို့သော်လည်း ရန်ငြိုးကို ရန်ဖြင့် ပြန်လည် တုန့်ပြန်ပါက တိရစ္ဆာန်နဲ့ တူသွားပါလိမ့်မည်။ လူသား စင်စစ်ကား တိရစ္ဆာန်များထက် အသိရော အကျင့်ပါ ထူးနေရပါမည်၊ တူနေလျှင် တိရစ္ဆာလို လူသားဖြစ်သွားပါမည်။

လူ (၄) မျိုး

လောကမှာ လူ လေးမျိုးရှိသည်ဟု ၀ိမာန၀တ္ထုအဋ္ဌကထာတွင် ဆိုထားသည်။ ငရဲသားလူ၊ ပြိတ္တာလူ၊ တိရစ္ဆာန်လူနှင့်
ပရမတ္ထလူ (လူစစ်စစ်)ဟူ သတည်း။

သူများအသက် သတ်ခြင်း၊ သူများ ပစ္စည်း ခိုးခြင်း၊ လိမ်ညာ လှည့်ပတ် ကောက်ကျစ်ခြင်း၊ သူများ သားမယား ကျူးလင့်ခြင်း၊ မူးယဇ်ဆေးဝါးသုံးစွဲခြင်း၊ စတဲ့ ဒုစရိုတ်တွေ ကျူးလွန်းခြင်းကြောင့် အရာရှိကြီးများ၏ ညှင်းပန်းနိပ်စပ်ခံနေရသည်၊ ထိုသူများသည် လူသားဖြစ်ပါလျှက် ကိုယ့်အပြစ်နဲ့ကိုယ် ငရဲသားများကဲ့သို့ အငြင်းဆဲဒဏ်ခံနေရသော ကြောင့် ငရဲသားလူ
(နေရယိကမနုဿ) မည်သည်။

လူသားဖြစ်ပါလျှက် လူချင်းတူအောင် မနေရ၊ ငတ်ငတ်ပြတ်ပြတ်နေရသည်၊ အစာရေစာ မ၀သဖြင့် ဟိုဟိုဒီဒီ ခြေသလုံးအိမ်တိုင် လျှောက်သွားနေရသည့်ဘ၀၊ ထိုသို့ပင် ပင်ပင်ပန်းပန်း လှည့်လည်သွားနေရပေမဲ့ အစားအစာ၊ အ၀တ်၊ နေစရာ၊ ကျန်းမာရေး စသည် ချို့တဲ့နေခြင်းသည် ပြိတ္တာဘ၀နှင့်တူလှသည်။
(ပေတမနုဿ)

လူသားစင်စစ်ဖြစ်ပါလျှက် သူတစ်ပါးခိုင်းတာလုပ်နေရတဲ့ ဘ၀၊ သူတစ်ပါးဝန်တွေကို ထမ်းနေရတဲ့ဘ၀၊ လုပ်သင့်လုပ်ထိုက်သည်ကို နားမလည်၊ အပြစ်ရှိ မရှိသည်ကိုလည်း မသိ၊ အသိဥာဏ်မရှိသဖြင့် သူတစ်ပါး ခြိမ်းခြောက်ခံနေသည့် ဘ၀တို့သည် တိရစ္ဆာန်ဘ၀နဲ့ ဘာမှ မခြားဖြစ်သည်။ (
တိရစ္ဆာနမနုဿ)

စတုတ္ထမြောက် လူသားကတော့ လူပီသသူဖြစ်သည်၊ အပြစ်ဟုတ်သည် မဟုတ်သည်ကိုလည်း သိသည်၊ ပြုလုပ်သင့်ပြုလုပ်သည်ကိုလည်း ပြုသည်၊ မလုပ်သင့်မလုပ်ထိုက်သည်ကို ရှောင်သည်၊ အရှက်၊ အကြောက်ရှိသည်၊ ကောင်းကံ မကောင်းကံနှင့် ထိုကံတို့၏အကျိုးကိုလည်း နားလည် သဘောပေါက် ယုံကြသည်၊ ကြင်နာတတ်တဲ့ နှလုံးသားရှိသည်၊ သံဝေဂ အသိဥာဏ်ရှိသည်၊ ပုညကိရိယ စသော သူတစ်ပါးကောင်းကျိုး အလုပ်တွေကို လုပ်တတ်သည်။ လူသားဖြစ်လျှက် လူသားတို့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေ၊ ကျေးဇူးတရားတွေကို သိလည်းသိ လုပ်လည်းလုပ်တတ်သူကို လူသားပီသသူ၊ လူသားစစ်စစ် (
ပရမတ္ထမနုဿ) ဟုခေါ်သည်။

လူနဲ့တူသူ လူပီသသူ၊ လူစစ်စစ် ဖြစ်သူတို့သည် လူတို့၏တာဝန်တွေကို ကျေပွန်ကြသည်၊ လူသားတစ်ယောက် ဖြစ်လာလျှင် လူသားတွေရဲ့ တာဝန်တွေရှိသည်၊ ဆရာနဲ့တပည့်တို့ တာဝန်၊ မိဘနှင့် သားသမီးတို့တာဝန်၊ လင်နှင့်မယားတို့ တာဝန်၊ မိတ်ဆွေတာဝန်၊ ခေါင်းဆောင်နှင့် နောက်လိုက်တို့ တာဝန် စသည်ဖြင့် တာဝန်တွေ အသီးသီးရှိကြသည်။ လူပီသသူတို့ ကျလာသည့် တာဝန်ကို ကျေနပ်စွာ ထမ်းဆောင်ကြသည်။ ဒါ့ပြင် သက်ရှိတွေအပေါ် တာဝန်ရှိသလို၊ လူသားမဟုတ်တဲ့ သတ္တ၀ါနှင့် သက်မဲ့တွေအပေါ်မှာလည်း တာဝန်ကျေဖို့လိုသည်။

လူသားနဲ့လူ့ပတ်ဝန်းကျင်
လောကကြီးထဲတွင် ကိုယ်တစ်ယောက်တည်း ရှိနေသည်မဟုတ်၊ ကိုယ်တစ်ယောက်တည်း အထီးကျန်စွာ နေ၍လည်း မဖြစ်။ မိမိမှတစ်ပါး အခြားလူများလည်း ရှိကြသေး၏။ ကမ္ဘာ့ကနဦးကပင် လူ့ယဉ်ကျေးမှု မပေါ်မီကထဲက လူတို့သည် မိသားစု၊ အသင်းအဖွဲ့၊ အုပ်စု အားဖြင့် အတူယှဉ်တွဲ နေလာခဲ့ကြသည်။ မိမိမှတစ်ပါး တခြားလူ၊ တခြားမိသားစု၊ တခြားအသင်းအဖွဲ့တို့သည်လည်း သွယ်ဝိုက်၍သော်လည်းကောင်း၊ တိုက်ရိုက်သော်လည်းကောင်း ကျေးဇူးရှိသူများဖြစ်ကြသည်။ မေတ္တာပွားခြင်း၊ ကရုဏာထားခြင်းစတဲ့ လူ့အသိုင်းအ၀ိုင်းတွင် ရှိသင့်ရှိထိုက်သော ဗြဟ္မ၀ိဟာရ လေးပါး ရှိနေခြင်းဖြင့် အပြန်အလှန် ကျေးဇူးတရား သိကြသည်၊ ကျေးဇူးဆပ်ကြရသည်။ ကိုယ့်ထက်ကြီးသူကို ဂါရ၀ထား ပူဇော်ခြင်း၊ ကိုယ့်အောက်ငယ်သူကို နိဝါတထား ချီးမြှောက်ခြင်းတို့ကလည်း လူ့အသိုင်းအ၀ိုင်း၊ လူ့ပတ်ဝန်းကျင်အတွက် ရှိသင့်ရှိထိုက်သော ကျေးဇူးသိခြင်း၊ ကျေးဇူးဆပ်နည်းများ ဖြစ်ကြသည်။

လူသားနဲ့ လူသားမဟုတ်သော ပတ်ဝန်းကျင် 
လူသားမဟုတ်သော်လဲ လူသားဆန်တဲ့ ပတ်ဝန်းကျင်တစ်ခုက ကျေးငှက်တိရစ္ဆာန်များ၊ ရေ၊ မြေ၊ တော၊ တောင်၊ သစ်ပင်စသော ရုပ်လောကဖြစ်သည်။ လူတို့သည် သဘာဝကပေးတဲ့ ကျွဲ၊ နွား၊ ဆင် စတဲ့ တိရစ္ဆာန်အကြီးစားနဲ့ ကျေးငှက်ကအစ ပိုးရွချပုံးအထိ သေးငယ်တဲ့ သက်ရှိသတ္တ၀ါတွေနဲ့ အတူယှဉ်တွဲနေကြရသည်။ ထိုအရာဝတ္ထု၊ ထိုသတ္တ၀ါများနဲ့ လိုက်လျောညီထွေ နေကြရသည်။ သူတို့ မရှိဘဲ လူ့လောကကြီးသည် ရပ်တည်၍ မဖြစ်။ သူတို့သည်လည်း လူသားမရှိဘဲ ရပ်မတည်နိုင်၊ သူတို့နေတဲ့ ကမ္ဘာကို လူသားတွေကပဲ ထိမ်းသိန်းနိုင်သည်၊ လူသားတွေကပဲ ဖျက်ဆီးသည်၊ ထိမ်းသိန်းတဲ့ လူသားဆန်တဲ့ လူရှိခြင်းကြောင့် ထိုသဘာဝ ရေမြေ တောတောင်တို့၊ သက်ရှိသတ္တ၀ါတို့ ရေရှည်တည်တံ့ တည်တန့်ခိုင်းမြဲလျက်ရှိသည်။ လူသားများသည်လည်း ထို သက်ရှိ သက်မဲ့တို့သည်လည်း လူ့အသိုင်းအ၀ိုင်းတစ်ခုလုံးကို ကျေးဇူးပြုနေဆဲ၊ ဖြစ်သည်။ ဤသို့အားဖြင့် အပြန်အလှန် ကျေးဇူးတရားများရှိသည်ဖြစ်၍ ကျေးဇူးပြုရမှာ ဖြစ်သည်။ ဗြာဟ္မဏ၀ါဒတွင် သက်မဲ့ဝတ္ထုတွေကို ပူဇော်ခြင်းသည် ဘူတယညဟုခေါ်သည်။ သက်မဲ့တွေရဲ့ ကျေးဇူးကို ပြန်လည်တုံ့ပြန်ခြင်းပင် ဖြစ်သည်။

ထိုရေ မြေ၊ တောတောင်၊ ကျေးငှက်စတဲ့ သက်ရှိ သက်မဲ့တွေကို ထိမ်းသိန်းစောင့်ရှောက်ခြင်း၊ ကာကွယ်ခြင်းဖြင့် ကျေးဇူးဆပ်ရာ ရောက်သည်။ ထိုသို့ကဲ့သို့ ကျေးဇူးရှိသူများကို သဘာဝပတ်ဝန်းကျင်လို့ခေါ်တဲ့ သက်ရှိသက်မဲ့တို့က ပြန်လည် စောင့်ရှောက်သည်။ ထိုသဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးလျှင် သူတို့က တန်ပြန်သက်ရောက်မှုအနေဖြင့် ဖျက်ဆီးလိမ့်မည်။ ယနေ့ မြေပြိုခြင်း၊ ရေကြီးခြင်း၊ မြေငလျှင်လှုပ်ခြင်း၊ မိုးကြီးကြီးခြင်း စတဲ့ သဘာဝဘေးဒဏ်တို့ မည်သည် နတ်ဆိုး၊ မည်သည့် တန်ခိုးရှင်ကမှ ပြုလုပ်သည် မဟုတ်၊ မိမိတို့ကိုယ်တိုင် ပြုလုပ်ခြင်းဖြစ်သည်၊ မိမိတို့ကိုယ်တိုင် သဘာဝ ပတ်ဝန်းကျင်ကို ဖျက်ဆီးခြင်း စော်ကားခြင်းတို့ကြောင့် တန်ပြန် သက်ရောက်မှု အကျိုးများပင် ဖြစ်သည်။ ထို့ကြောင့် ယနေ့ခေတ် သဘာဝပတ်ဝန်းကျင် ထိမ်းသိန်းရေးတို့သည် တကမ္ဘာလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ဖို့ လိုသည်၊ သဘာဝပတ်ဝန်းကျင်ကို ကျေးဇူးသိတက်ခြင်းနှင့် ကျေးဇူးဆပ်ခြင်းတို့သည် အရေးတကြီးလိုအပ်နေသည်။

စာပေမှာ လောက၌ အမြဲတစေ ပူဇော် စောင့်ရှောက်ရမည့် သူ ငါးဦးရှိသည်။ (က) ရိုးရာနှင့် မျိုးရိုးအစဉ်ဆက်၊ (ခ) ဆရာသခင်ကျေးဇူးရှင်၊ (ဂ) မြင့်မိုရ်တောင်ဦး မကကျူးသည့် ကျေးဇူးကြီးလှ မိနှင့်ဖ၊ (ဃ) မိမိပတ်ဝန်းကျင်ရှိ လူသားများ နှင့် (င) ကျေးငှက်တိရစ္ဆာန်များ အပါဝင် ပတ်ဝန်းကျင် ရုပ်လောက ဖြစ်သည်။ ထိုသူ ငါးဦးတို့သည် ကျေးဇူးရှိသူများ ဖြစ်ကြရကား ကျေးဇူးသိတတ်သူတို့အတွက် ကျေးဇူးဆပ်ခြင်းဖြင့် ပူဇော်ရာရောက်သည်။ ပတ်ဝန်းကျင်နှင့် သက်ရှိသက်မဲ့များကို ကျေးဇူးဆပ်နည်းကား အထက်ပါအတိုင် အပြန်အလှန် ထိမ်းသိန်း ကာကွယ်စောင့်ရှောက်ခြင်းပင်ဖြစ်သည်။

နိဂုံးချုပ်သော်
လောကကြီးကို မေတ္တာဖြင့် ကြည့်လျှင် ချစ်စရာကောင်းသည်ကို မြင်ရမည်၊ ကရုဏာဖြင့် ကြည့်လျှင် စာနာထောက်ထားသည့် ကြင်နာမူ့တွေကို တွေ့ရမည်၊ မုဒိတာဖြင့် ကြည့်လျှင် ၀မ်းသာစရာတွေ၊ ပျော်ရွှင်စရာတွေ၊ ပီတိဖြစ်စရာတွေ တွေ့ရမည်၊ ဥပေက္ခာဖြင့် ကြည့်လျှင် လူသားအချင်းချင်း ခွဲခြားမှု မရှိတော့ဘဲ လူလူချင်း အတူတူပင် မြင်ရတော့မည်။ ထို့ကြောင့် လောကကြီး အေးချမ်းဖို့ဆိုသည်မှာ လူကို လူဟု မြင်တတ်သော အခြေခံသူတော်ကောင်းတရား လေးပါးဖြစ်သော မေတ္တာ၊ ကရုဏာ၊ မုဒိတာနှင့် ဥပေက္ခာတရား လက်ကိုင်ထား၍ ကျေးဇူးတရားများကို အပြန်အလှန် သိတတ်ခြင်း၊ အပြန်အလှန် ပေးဆပ်ခြင်းပင် ဖြစ်သည်။ ထိုမှသာလျှင် လူသားဆန်သော လူပီသသော ပရမတ္ထမနုဿဖြစ်ပါတော့မည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၁-၃-၂၀၁၃