Monday, April 7, 2014

ဗုဒ္ဓဘာသာနဲ့ မလဲနိုင်ပါ


ဗုဒ္ဓဘာသာနဲ့ မလဲနိုင်ပါ 

မနေ့က စကားပြောကြတယ်၊ စကားပြောတော့ နိုင်ငံကြီးတွေမှာ ဗုဒ္ဓဘာသာလဲမဟုတ်၊ တချို့များ သူဌေးကြီးတွေဟာလေ တစ်နေ့သုံးလိုက်တဲ့ အသုံးစားရိတ်ဟာ ဒီမြန်မာနိုင်ငံက သူဌေးတွေ တစ်သက်လုံးစားလောက် သုံးလောက်တယ် ၊ မြန်မာနိုင်ငံရဲ့ ပစ္စည်းရှိတဲ့ သူဌေးတွေနဲ့ တစ်သက်လုံးစားလောက်တဲ့ စည်းစိမ်ကို တစ်နေ့တည်း သုံးပစ်တာပဲ၊ အဲဒါလောက်ပေါတယ်တဲ့။

ဒါဗုဒ္ဓဘာသာမဟုတ်ဘူးတဲ့၊ ဒီတော့ ဗုဒ္ဓဘာသာနိုင်ငံဟာ အညံ့ဆုံး ဖြစ်နေတယ်၊ သီဟိုဠ်တို့၊ လာအိုတို့၊ ကမ္ဗောဒီးယားတို့၊ ယိုးဒယားတို့၊ မြန်မာနိုင်ငံတို့ ဒီနိုင်ငံကလေးတွေ ဗုဒ္ဓဘာသာနိုင်ငံက လူတွေဟာ အညံ့ဆုံးဖြစ်နေကြတယ်တဲ့။ ဒါဘယ့်နှယ်အဓိပ္ပါယ်တုန်းတဲ့။ ဟာ-ဟုတ်တယ်လို့ စိတ်ထဲက ဇဝေဇ၀ါ ဖြစ်စရာပါပဲ ၊


နိုင်ငံကြီးတွေကသူဌေးကြီးတွေ ရှေးကံပြုတုန်းက ဘယ်လိုပြုခဲ့ကြတယ်ဆိုတာ စဉ်းစားကြည့်လိုက်ပါလေ၊ စဉ်းစားကြည့်တော့ ရှေးကံပြုတုန်းက သူတို့လဲ ကံရှိမှာပေါ့၊ ဗုဒ္ဓဘာသာမဟုတ်ဘူးတဲ့၊ ဘုရားအလောင်း ပါရမီဖြည့်တုန်း ဗုဒ္ဓဘာသာအဖြစ်နဲ့ ဖြည့်တဲ့ဘ၀ ဘယ်နှစ်ဘ၀များ တွေ့ခဲ့ဖူးတုန်း၊ ကဲ ဇာတ်ကြီးဆယ်ဘွဲ့ကို အကြမ်းစားစဉ်းစားကြစို့။
တေမိမင်း ဗုဒ္ဓဘာသာမဟုတ်ဘူး၊ ဘုန်းကြီးမဟုတ်ဘူး၊ တေမိမင်း မဟာဇနကမင်း ဗုဒ္ဓဘာသာမဟုတ်ဘူး၊ သူတို့ကုသိုလ်တွေ သူတို့ ပြုသွားတာပဲ၊ ဇနကမင်းကလဲ ကုသိုလ်တွေပြုသွားတာပဲ၊ ဗုဒ္ဓဘာသာမဟုတ်ဘူး၊ တေမိမင်းကလဲ ကုသိုလ်ပြု တောထွက် တရားကျင့် ဈာန်တွေရ ဗုဒ္ဓဘာသာမဟုတ်ဘူး၊ သုဝဏ္ဏသျှံ တောထဲမှာ မေတ္တာနဲ့ နေရှာတာ၊ ဗုဒ္ဓဘာသာ မဟုတ်ဘူး၊ မိဘလဲ ဗုဒ္ဓဘာသာ မဟုတ်ဘူး၊ အဲ နေမိမင်းကြီး တစ်နေ့တော့ ပြောလိုက်တဲ့ နာရဒဗြဟ္မာမင်းကြီး ဗုဒ္ဓဘာသာမဟုတ်ဘူး၊ အကုန်လုံးပေါ့လေ၊ ဝေဿန္တရာမင်းကိုကြည့်ပါ၊ ဗုဒ္ဓဘာသာဟုတ်ရဲ့လား၊ ဘယ်ဘုန်းကြီးက တရားဟောနေတုန်း၊ သူက ရသေ့တွေ အလှုပေးနေတာပဲ၊ ဘယ်သူကမှ တရားလာမဟောဘူး။

လူတိုင်းကုသိုလ်ပြုတတ်ခြင်း

ဒီတော့ကာ လူတွေက ဗုဒ္ဓဘာသာတွေမှ ကုသိုလ်ပြုတတ်တယ်၊ ဗုဒ္ဓဘာသာမဟုတ်ရင် မပြုတတ်ဘူးဆိုတော့ ဘုရားလောင်း ပါရမီဖြည့်တာတွေဟာ ဗုဒ္ဓဘာသာမဟုတ်တဲ့ ဘ၀ချည်းများတယ်၊ ဘုရားအလောင်း လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းထဲမှာ နှစ်ကျိပ်လေးဆူပဲ ဘုရားပွင့်တယ်၊ ဗုဒ္ဓဘာသာဆိုတဲ့ ဘာသာ ၂၄ ခါသာပေါ်ခဲ့တယ်၊ ကျန်တဲ့အချိန်တွေ ဗုဒ္ဓဘာသာ ခေတ်ကို မဟုတ်ဘူး၊ အဲဒီအတောအတွင်းမှာ ဘုရားအလောင်းတွေ ပါရမီဖြည့်တော်မူလိုက်ကြတာ၊ ဒီအချက်ကလေးကို ပထမဆုံးနားလည်ပါစေ။
ဒီတော့ကာ ဟို ခုနက သူဌေးကြီးတွေ ဗုဒ္ဓဘာသာမဟုတ်ပေမယ့် သူတို့လဲ သူတို့နည်း သူတို့ဟန်နဲ့ ၊ အင်း-လွန်ခဲ့တဲ့ ဖြစ်လေရာ ဘ၀တုန်းက ကုသိုလ်တွေ ဖြစ်မှာပေါ့၊ သေခါနီးကျတော့ နိမိတ်ထင်မှာပေါ့၊ နိမိတ်တွေထင်တဲ့အခါကျတော့ အမျိုးမျိုးသောကံကြောင့် တချို့က ခုနက ပေါများတဲ့ နိုင်ငံမှာ သွားပြီးတော့ ပဋိသန္ဓေနေကြမယ်၊ ဟို အဖေက သူဌေးလေ၊ အမေက သူဌေးလေ၊ သူတို့ကျတော့ သူဌေး၊ ဘာပြောစရာရှိတုန်း၊ ဗုဒ္ဓဘာသာနဲ့ ဘာဆိုင်တုန်း၊ ဗုဒ္ဓဘာသာနဲ့ ဘာမှမဆိုင်ဘူး၊ အဖေကသူဌေးနဲ့ အမေကသူဌေးနဲ့သာဆိုင်တယ်၊ နိုင်ငံကြီးနဲ့သာဆိုင်တယ်၊ အဲဒါနဲ့ သူတို့ သုံးမကုန်အောင်ပေါကြတယ်။

သုံးလို့ကိုမကုန်နိုင်အောင်ပေါတော့ကာ လူတွေက သုံးချည်းပစ်နေသလားဆိုတော့ သုံးလို့ကို မကုန်နိုင်တော့ ဆေးရုံတွေဆောက်ကြတယ်၊ သူတို့ပိုက်ဆံကြောင့် ဆင်းရဲတဲ့သူတွေ ကျန်းမာ ချမ်းသာစေချင်လိုက်တာ၊ မေတ္တာ ကရုဏာ ကြီးမားလိုက်တာ၊ (ကံက ကံက ကံက)၊ စာသင်ကျာင်းတွေ တကတည်း ငွေတွေထည့်ပြီးတော့ ထောက်ပံ့ပေးနေကြတယ်၊ ဆေးရုံတွေ ဆောက်တယ်၊ စာသင်ကျောင်းတွေတည်တယ်၊ မရှိဆင်းရဲတဲ့သူတွေ နိုင်ငံတွေကို ကြီးပွားအောင်ကို ထောက်ပံ့ပေးနေတယ်၊ နည်းတဲ့ သတ္တိတွေလား၊ နည်းတဲ့ကံတွေလား။

ဒီလူတွေက ရှေ့ကိုတက်ကြပါဦးမယ်၊ အကယ်၍များ အရိမေတ္တယျ မြတ်စွာဘုရားလက်ထက်မှာ သူတို့က လူအဖြစ်နဲ့ဆိုလို့ရှိရင် ဘုရားဆီရောက်ကြပါဦးမယ်၊ ဘုရားဆီရောက်တဲ့အခါကျတော့ သစ္စာလေးပါးတရားကို နာကြရဦးမယ်။

ဒီလူတွေ ဒီဥာဏ်ရှိတဲ့သူတွေ နာတော့ကာ ကျွတ်တန်းဝင်ချင်လဲ ၀င်သွားမယ်၊ ဒါမှမဟုတ် နောက်ဘုရားလက်ထက် ကျွတ်တန်းဝင်ဖို့ရန် အထောက်အပံ့ ကောင်းကောင်းကြီး ရသွားကြပါလိမ့်မယ်၊ ဒါကြောင့် ဗုဒ္ဓဘာသာဆိုပြီးတော့ စိတ်ကြီးဝင်မနေကြပါနဲ့၊ ကောင်းကာင်းနေကြဖို့ အရေးကြီးပါတယ်၊ ဗုဒ္ဓဘာသာဆိုပြီးတော့ အမှတ်တမဲ့ နေရင်တော့ တခြားလူတွေက ဘုန်းကြီးတို့အပေါ်မှာ ကျော်ပြီးရင်း ကျော်သွားကြပါလိမ့်မယ်။

နိုင်ငံငယ်ငယ်ကလေးတွေမှာ ဗုဒ္ဓဘာသာဖြစ်နေတာကတော့ နိုင်ငံငယ်ကလေးတွေက စားစရာတွေရှိတယ်၊ စားစရာလေးတွေရှိတယ်၊ ပြီးတော့ ဘုန်းကြီးတွေက စားစရာကို မှီပြီးတော့ ဘုန်းကြီးတွေဖြစ်ရတယ်။ အဲဒီဘုန်းကြီးတွေက ဟောပြောပြီးပေးတော့မှ သူတို့က အသိဥာဏ်တွေရင့်ကျက်ပြီးတာ့ လာခဲ.့တယ်။

ရှင်အရဟံကျေးဇူး

နဂိုတုန်းက မြန်မာနိုင်ငံရဲ့ အသိဥာဏ်ဟာ လှမ်းပြီးတော့ ကြည့်စမ်း၊ အရည်းကြီးတွေ လက်ခံပြီး နေကတည်းကိုက မြန်မာနိုင်ငံ ဘယ်လောက် ညံ့နေတုန်း၊ အရည်းကြီးတွေကို လက်ခံရမှာမဟုတ်ဘူး၊ အရည်းကြီးတွေကို မောင်းထုတ်ရမှာ၊ အဲဒါကို ရှင်ဘုရင်နဲ့တကွ အရည်းကြီးတွေ လက်ခံလာကတည်းကိုက မြန်မာနိုင်ငံရဲ့ အသိဥာဏ်က ဘယ်လောက်ညံ့နေတုန်း၊ ရှင်အရဟံသာ မလာလို့ရှိရင် မြန်မာနိုင်ငံက သိတဲ့ အသိဥာဏ် ညံ့ပါတယ်၊ ရှင်အရဟံ ကြွလာပြီးတော့ ဗုဒ္ဓတရားတော်တွေပါလာလို့ ဒီအခြေအနေ၊ ဒီအရည်အချင်းတွေကို မြင်ရတာပါ၊ အကယ်၍များ ဗုဒ္ဓဘာသာ မဖြစ်လို့ရှိရင် ဗုဒ္ဓမြတ်စွာရဲ့ တရားတော်တွေ မပါလာလို့ရှိရင်တော့ မြန်မာနိုင်ငံ အခုထိ သည်ထက်ညံ့ပါဦးမယ်၊ အဲဒါလေးနားလည်ကြပါ။

ဗုဒ္ဓဘာသာကို မလဲနိုင်ကြောင်း

ဒါပေမယ့် ဘုန်းကြီးက ဗုဒ္ဓဘာသာဖြစ်ရတာကနေပြီး ဘာနဲ့မှ မလဲဘူး၊ ဟိုက သူဌေးစည်းစိမ်တွေနဲ့ မလဲပါဘူး၊ အစားတော့ ဆင်းဆင်းရဲရဲ စားရတာ ဟုတ်ပါတယ်၊ ပဲကြော်လေးတွေနဲ့ စားနေရတောင်မှ ဟို သူဌေးစည်းစိမ်တွေနဲ့ မလဲပါဘူး၊ အဲ ဘုန်းကြီးတို့ တစ်သက်လုံး သုံးတဲ့အသုံးကို သူတို့က တစ်နေ့တောင် မသုံးလောက်သေးဘူး၊ ဒါပေမယ့် မလဲဘူး၊ ဘာဖြစ်လို့တုန်းဆိုတော့ ဘုန်းကြီးတို့က ဇာတိပိ ဒုက္ခာ၊ ဇရာပိ ဒုက္ခာ၊ ဗျာဓိပိ ဒုက္ခော၊ မရဏမ္ပိ ဒုက္ခံ မြင်နေပြီလေ၊ ပဋိသန္ဓေ နေရတဲ့ ဒုက္ခ ကြားနေပြီလေ၊ သိနေပြီလေ၊ အိုရတဲ့ ဒုက္ခ နာရတဲ့ဒုက္ခ ဒါတွေ သိနေပြီလေ။

သူတို့က မသိတသိ၊ သိလဲ သိပ်အရေးမကြီးဘူး၊ ဒုက္ခ မဖြစ်အောင် သူတို့က ကြိုးစားပေးနေတယ်လေ၊ ချစ်တဲ့သူတွေနဲ့ ကွဲပြီးနေရတဲ့ ဒုက္ခ၊ မုန်းတဲ့သူတွေနဲ့ အတူနေရတဲ့ ဒုက္ခ၊ ဘုန်းကြီးတို့က ဒါတွေတွေးပြီးတော့ သိရတော့ သံသရာကြီးထဲမှာ ကြာရှည်နေလို့ မကောင်းဘူးလို့ ငြီးငွေ့နေတဲ့ ဥာဏ်ကလေးရလာတာက သူတို့ထက် မသာဘူးလား၊ သူတို့ ဘယ်တော့မှ တစ်သက်လုံး ဒီဥာဏ်မျိုး မဖြစ်ဘူး၊ ဘုန်းကြီးတို့က မကြာခဏ ဖြစ်တယ်၊ ဒီဥာဏ်ကသာလာပြီနော်။

ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ ရှိတယ်လို့ ဆိုတာကို ဗုဒ္ဓမြတ်စွာဟောတော်မူတယ်၊ ယုတ္တိယုတ္တာတွေနဲ့ စဉ်းစားကြတယ်၊ ဟုတ်တယ် ရှိထိုက်တယ်၊ တိရစ္ဆာန်တွေ ဆိုတာ ရှိထိုက်တယ်၊ သူ့ကံကြောင့် သူဖြစ်လာတာ၊ ဒါတွေ ဘုန်းကြီးတို့က ယုံကြည်တယ်၊ သူတို့က မယုံကြည်ဘူး၊ ငရဲရှိတယ်ဆိုတာကို သူတို့က မယုံကြည်ဘူး၊ ယခု တစ္ဆေတို့ ဘာတို့ နည်းနည်းလေး ယုံလာကြပြီ၊ ယုံတာလဲ ယောင်ယောင်ဝါးဝါးနဲ့ ဘာတွေမှန်းမသိဘူး၊ ခုထိ စာတွေရေးကြပြီ၊ ဖတ်ကြပြီ၊ တစ္ဆေတွေရှိနေပြီ၊ သူတို့ ဆွေတွေ မျိုးတွေ တစ္ဆေဖြစ်တာလဲ သူတို့ စာဖတ်ရပြီ။

ဒါလဲ ဘာတွေတုန်း၊ ခုမှ ဘာတွေတုန်း ရှိသေးတယ်၊ သူတို့က ကကြီး ခခွေးရှိသေးတယ်၊ ဒီနေရာမှာ ဘုန်းကြီးတို့က မင်္ဂလသုတ်တွေ ရောက်ကုန်ပြီ၊ ဒီအသိကြတော့ မင်္ဂလသုတ်တွေရောက်ကုန်ပြီ၊ ပဋ္ဌာန်းတွေရောက်လာပြီ၊ ဒီအသိကျတော့ သူတို့ဟာ ကကြီး ခခွေး ရှိသေးတယ်၊ အံမယ် ဒီလိုက်လာမှာ ၊ ဒီလိုက်လာမှာ မသေဘဲနဲ့ စောင့်နေ ဘုန်းကြီးတို့က စောင့်နေချင်လိုက်တာ ၊ လိုက်လာမှာ ၊ ဘုန်းကြီးတို့နောက် လိုက်လာမှာ ၊ ဒါတွေ လိုက်လာလိမ့်မယ်၊ သူတို့ ကကြီး ခခွေး၊ တစ္ဆေရှိတယ်၊ တစ္ဆေရှိတယ် ၊ သေသွား ဟိုဖက် ဘ၀မှာ ၊ အင်း - ပြောနေတဲ့နောက် ကကြီးရေး ကတို့ နည်းနည်း တက်လာပြီ၊ နည်းနည်းတက်လာပြီ၊ ဒီက ပဋ္ဌာန်းရောက်နေပြီ၊ အဲဒီမှာ ဘုန်းကြီးတို့က သူတို့နဲ့ ကွာသွားပြီ။

တစ်ခါ ကုသိုလ်ပြုတဲ့ အခါကျတော့ နိဗ္ဗာန်ကရှိနေပြီလေ၊ နိဗ္ဗာန်ရှိနေတော့ သူတို့က ဆေးရုံကြီးတွေ ဆောက်တယ်၊ နိဗ္ဗာနပစ္စယော မပါဘူး၊ ကံတော်ကံငြား ဘုရားနဲ့ နောက်ထပ် တွေ့ရဦးမယ်၊ ဘုန်းကြီးတို့က ဆွမ်းကလေး လောင်းတာတောင် မနက်က နိဗ္ဗာနပစ္စယော ဟောတုနော်၊ နိဗ္ဗာန်ကိုမှန်းနော်၊ နိဗ္ဗာန်ကို မှန်းနော်၊ နိဗ္ဗာန်ဆိုတာဟာ ဘုရား ပရိနိဗ္ဗာန်စံတဲ့ နိဗ္ဗာန်၊ အရှင်သာရိပုတ္တရာ ၊ အရှင်မောဂ္ဂလ္လာန်တို့ ပရိနိဗ္ဗာန်စံတော်မူံတဲ့ နိဗ္ဗာန်၊ တို့လဲ အဲဒီနိဗ္ဗာန်ကို နောက်ဆုံး ရောက်ရမယ်လို့ ဒါလေးသိထားတယ်။

သူတို့ အဲဒီလို မသိကြဘူး၊ သူတို့မကြားဖူးဘူး၊ ခုသူတို့ ဒီလိုမသိဘူး၊ သူတို့က နေ့တိုင်း သုံးချင်တာ သုံးနေလေ အကာင်းစားချင်တာ စားနေလေ၊ ဒီအသိမျိုး မသိဘူး၊ ဘုန်းကြီးတို့က နိဗ္ဗာန်ကိုလဲ သိနေတယ်၊ နိဗ္ဗာန်ရောက်ရပါလိုရဲ့၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရပါလိုရဲ့၊ နိဗ္ဗာနပစ္စယော ဟောတု၊ နိဗ္ဗာနပစ္စယော ဟောတု၊ ဘုန်းကြီးတို့က အဆင်းအတန်းတွေ သိပ်ပြီးမြင့်တာပဲ၊ ဒီမြင့်တဲ့ အဆင်းအတန်းကို ဘုန်းကြီးတို့က ထပ်ပြီးတော့ ကိုယ်တိုင်တကယ့် ပီပီသသ သူတော်ကောင်းဖြစ်အောင် ကြိုးစား ၊ အကုသိုလ်တွေ ရှောင်ပြီးတော့ ဒီလို နေနိုင်ကြလို့ရှိရင် သူတို့လို မသုံးနိုင်ပေမယ့် လို့၊ သူတို့လို မစားနိုင်ပေမယ်လို့ တရားအသိဥာဏ်ရနေတော့ သူတို့ထက် အရင်ပဲ နိဗ္ဗာန်ကိုမြင်မယ့် ပုဂ္ဂိုလ်တွေ ဖြစ်လို့မို့ ၀မ်းမြောက်စရာကြီး အင်မတန်ကောင်းပါတယ်၊ ဒါကြောင့် ပဋ္ဌာန်းတရားတော်နဲ့ စပ်ပြီးတော့ သိစရာတွေ အများကြီး သိလာကြပြီလေ။
အဲဒီသိတာကို အကြောင်းပြုပြီး သကာလ မိမိတို့ ကိုယ်တိုင် စိတ်နေ စိတ်ထားတွေကို ပြုပြင်ပြီးတဲ သကာလ ၀ီရိယ ရှိရှိနဲ့ နေနိုင်အောင် ကြိုးစားကြပါ။
(မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ - အခြေပြုပဋ္ဌာန်းတရားတော်မှ ကောက်နုတ်ပူဇော်ပါသည်)
မေတ္တာဖြင့် အနှိုးမဲ့စာတိုပေစ