“ယဉ်ကျေးမှုမှ ရိုင်းစိုင်းမှုသို့”
ဗုဒ္ဓဘာသာဝင်မိသားစုအားလုံး သားယောက်ျားလေးတစ်ယောက် ပါလာပြီဆိုသည်နှင့် ရှင်ပြုပေးရန် ဆိုသည့် ရည်ရွယ်ချက်က အပြည့်အဝ ရှိနေပြီးပင် ဖြစ်ကြသည်။ တခြားအလှူ မလုပ်နိုင်လျှင် နေပါစေ ရှင်ပြုအလှူပွဲကြီးကိုကား မဖြစ်မနေ ပြုလုပ်ကြသည်။ ဤသည်ကား ဗုဒ္ဓဘာသာဝင် မြန်မာ တစ်မျိုးသားလုံးတို့၏ တူညီသော ယဉ်ကျေးမှုကြီး တစ်ခုပင်ဖြစ်ပါ၏။
တစ်မျိုးသားလုံးနှင့် သက်ဆိုင်သော ယဉ်ကျေးမှုကြီး၏ အနက်အဓိပ္ပာယ်ကို တစ်မျိုးသားလုံးပင် ကျကျနနသိထားသင့်ကြသည်။ ရှင်မပြုမီ ဝတ်ရသော ရှင်လောင်းဝတ်စုံကို မင်းမြောက်တန်ဆာ ဟုခေါ်သည်။ ကိုရင်လောင်းကို အဘယ့်ကြောင့် မင်းမြောက်တန်ဆာဆင်ယင်ပေးရသနည်း။
အလှအတွက်သက်သက်မဟုတ်ပါ။ သာသနာ့ဘောင်သို့ ဝင်ရောက်မည့် ကိုရင်လောင်းကို လူ့ဘဝ တွင် အမြင့်မြတ်ဆုံးဖြစ်သော မင်းအဖြစ်ကို တင်မြှောက်လိုက်ခြင်း ဖြစ်၏။ ရှင်လောင်းလှည့်ခါနီးတွင် ဆိုင်ရာရိုးရာနတ်များကို ပြသရခြင်းကို နတ်ပြသည်ဟု ခေါ်ကြသည်။ ဘယ်အတွက်ပြရသနည်း။ ဆိုင်ရာရိုးရာနတ်တို့က အမြင့်မြတ်ဆုံးဘဝသို့ ရောက်ရှိမည့်ရှင်လောင်းများအား ရှိခိုးပူဇော် စောင့်ရှောက်ကြရန်သာဖြစ်ပါသည်။
ထိုကဲ့သို့ သေချာမသိသော အလှူရှင်များက ရှင်လောင်းတို့ကို နတ်တို့အား ရှိခိုးခိုင်းခြင်းကား မှားခြင်းကြီးမှားပေစွ။ ရှင်လောင်း လှည့်ခြင်းသည်လည်း အပိုကြွားခြင်း သက်သက်မဟုတ်၊ ရှင်လောင်းများအား တွေ့သမျှ လူတို့က ပူဇော်နိုင်ရန်အတွက် အပူဇော်ခံ တိုင်းခန်းလှည့်ကြွခြင်းသာ ဖြစ်ပေသည်။
ရှင်လောင်းလှည့်ပြီး၍ဆံချရန် မဏ္ဍပ် သို့မဟုတ် ဘုန်းကြီးကျောင်းသို့ ပြန်လာသည့်အခါ ရှင်လောင်းလှည့်ရာတွင် မလိုက်ပါနိုင်ကြသော ဝေယျာဝစ္စပြုသူအချို့က ရွှေကြိုးတားကြသည်။ အဓိပ္ပာယ်က “မောင်ရှင်လောင်တို့ ခေတ္တခဏ ဆိုင်းငံ့တော်မူကြပါ။ အကျွန်ုပ်တို့မှာ ဝေယျာဝစ္စများ ပြုလုပ်ဆောင်ရွက်နေရသည့်အတွက် အသင် မောင်ရှင်လောင်းတို့အား ရှိခိုးပူဇော်ခွင့် မရလိုက်ပါ။ ယခုမှသာရှိခိုးပူဇော် နိုင်ပါတော့သည်” ဟု ပြောဆိုပြီး ရှိခိုး ပူဇော်ကြရန်ပင်ဖြစ်ပေသည်။
ထိုကဲ့သို့ တားသောအခါတွင်လည်း တွေ့ကရာ ကြိုးများဖြင့်မတားရပါ။ တကယ့်ရွှေဆွဲကြိုးများကို ဖြုတ်ပြီး တားကြရသည်။ တားမြစ်ခြင်း၏အဓိကရည်ရွယ်ချက်က ရှင်လောင်တို့အား ရှိခိုးပူဇော် ကန်တော့ရန်ပင်။ သို့သော် ကာလကြာညောင်းလာသောအခါ ယဉ်ကျေးမှုနေရာတွင် ရိုင်းစိုင်းမှုက အစားထိုးဝင်ရောက်လာခဲ့သည်။
မဏ္ဍပ်ထဲ သို့မဟုတ် ဘုန်းကြီးကျောင်းဝိုင်းထဲသို့ ဝင်ရောက်လာသော ရှင်လောင်းများကို တွေ့ကရာကြိုးများဖြင့် ဝင်မရအောင်တားပြီး အလှူရှင်များထံမှ ငွေညှစ်ကြသည်။ အလှူ လှူချိန်အတွင်း အကုသိုလ် မဖြစ်လိုသော အလှူရှင်များကလည်း တောင်းသမျှပေးကြသည်သာ။
ထိုအညှာကို သိထားသောလူလည်အချို့က အပျော်သဘောမျိုး မဟုတ်တော့ဘဲ အလှူရှင် သဒ္ဓါပျက်လောက်အောင် လူပြန်ပေးဆွဲသလို မတန်တဆ ငွေတောင်းလာကြသောအခါ အချို့ အလှူရှင်နှင့် ရွှေဆွဲကြိုးတားသူများ စကားများသည့်အဆင့်သို့ ရောက်လာခဲ့သည်။
“ကောင်းမှန်သိ သာအိတစိုစို” ဟူသောစကားအတိုင်း အလှူရှင်ဘက်မှ လိုက်လျောမှန်း သိလာသောအခါ ရွှေဆွဲကြိုးတားရုံနှိင့် အားမရကြတော့ဘဲ ရှင်လောင်းဖွက်သည့် အဆင့် အထိ ရောက်လာကြပါတော့သည်။ တောင်းသမျှငွေကို အလှူရှင်က မပေးနိုင်ခဲ့လျှင် ရှင်လောင်းကို တွေ့ရဖို့ မလွယ်တော့ပါ။
ရှင်လောင်းကိုမတွေ့ရလျှင် အလှူပွဲပျက်ဖို့သာရှိပါတော့သည်။ အလှူပွဲ အပျက်မခံနိုင်သော ကြောင့်လည်း ရှင်လောင်းပြန်ပေးသမားတို့ တောင်းသမျှငွေကို အလှူရှင်တို့က မဖြစ်မနေ ပေးကြရရှာသည်။ မြန်မာ့ ယဉ်ကျေးမှုနယ်ပယ်တွင် အစားထိုးဝင်ရောက်လာသော ရှင်လောင်း ပြန်ပေးဆွဲမှုတည်း ဟူသော ရိုင်းစိုင်းမှုကြီးကို ရဟန်းရှင်လူအားလုံးတို့က ရေးသားမှု၊ ဟောပြောမှု၊ ပညာပေးမှုတို့ဖြင့် ပျောက်ပျက်အောင် မတိုက်ဖျက်နိုင်ခဲ့ပါလျှင်။ ။
မေတ္တာရှင်(ရွှေပြည်သာ)၏
‘ဖယောင်းတိုင်တစ်တိုင်၏အလင်းရောင် နှင့် ဒဿနရသဝတ္တုတိုများ’ မှမျှဝေပါတယ်။
Zahan Mon