Thursday, April 3, 2014

အောက်ကို ငုံ့ကြည့်၍ အထက်သို့ မော့ကြည့်ခြင်း


အောက်ကို ငုံ့ကြည့်၍ အထက်သို့ မော့ကြည့်ခြင်း

ကျွန်မတို့ အဖေ မကြာခဏ နှစ်သိမ့်ဆုံးမဖူးတဲ့ စကားတစ်ခွန်းကို သတိရမိပါတယ်။ အပေါ်ကိုချည်း မော့မကြည်နဲ့ ကိုယ့်အောက်ကိုငုံ့ကြည်ပါ တဲ့။ မျှော်မှန်းတိုင်း မဖြစ်တဲ့ဘ၀အပေါ် အလိုမကျဖြစ်တတ်တဲ့ ကျွန်မကို လောကဓံနဲ့ သဟဇာတဖြစ်အောင် အဖေက ဖြေသိမ့်ပေးတာပါ။ ကရင်လူမျိုးပီသစွာ ရိုးသားပြီး ရောင့်ရဲတတ်တဲ့ လယ်သမား ကျွန်မတို့အဖေဟာ ဘ၀တစ်လျှောက်လုံး ပင်ပန်းဆင်းရဲခြင်း လောကဓံနဲ့ ကောင်းစွာမိတ်ဆွေဖွဲ့ သွားသူပါ။ လူ့အောက်ကျလို့ မသေနိုင်ဘူး၊ လူပိလို့မသေနိုင်ဘူး ဆိုတဲ့ဆောင်ပုဒ်က ကျွန်မတို့ အဖေ အမြဲဆောင်ထား တဲ့ ဆောင်ပုဒ်ပါ။ လူပိပြီး နလန်မထူနိုင်တဲ့ အဖေ့ဘ၀ရုပ်ပုံလွှာဟာ ကရင်များရဲ့ ဘ၀ တစိတ်တဒေသကို ထင်ဟပ်နေပါတယ်။

လူလူချင်း ဖိတာကို မကြိုက်တတ်တဲ့ ကျွန်မကို အဖေက သိပ်မလွှမ်းမိုးနိုင်ပါဘူး။ အဖေ့လို ကျွန်မ အားနာတတ်ပေမဲ့၊ မဟုတ်ရင်မခံတတ်တဲ့ အမေကသာ ကျွန်မဘ၀ တစ်ခုလုံးကို လွှမ်းမိုးခဲ့ပါတယ်။ အဖေပြောသလို ကျွန်မ အောက်ကို မကြာခဏငုံ့ကြည်ပါတယ်။ အပေါ်ကိုလည်း မော့ကြည့်မိပါတယ်။ ငယ်ငယ်က အောက်ကိုငုံ့ကြည့်ရင် အဖေတွေးသလို တွေးပြီးစိတ်ကို ဖြေသိမ့်ပါတယ်။ ကိုယ့်ထက်ဆင်းရဲ နိမ့်ကျတဲ့ သူတွေအများကြီး ရှိနေပါသေးလား၊ ကိုယ်ရထားတဲ့ ဘ၀က သူတို့တွေထက်စာရင် တော်ပါသေးတယ်ပေါ့။ အပေါ်ကို မော့ကြည့်မိရင်တော့ အပေါ်ကလူတွေကို အားကျစိတ်ဖြစ်ပြီး၊ ကြိုးစားချင်စိတ်တွေ ဖြစ်လာပါတယ်။ ငယ်ငယ်က စိတ်အားတက်ကြွနေချိန်မို့ လောကဓံကို ဘယ်တော့မှ အရှုံးမပေးဘူးလို့ စိန်ခေါ်ခဲ့ပါတယ်။ တကယ်လက်တွေ့မှာတော့ အနိုင်ရလို့ လှောင်ပြုံးပြုံးနေတဲ့ လောကဓံကို ကျွန်မ လက် မြောက် အရှုံးပေးချင်နေပြီ။

ဆန္ဒနဲ့ဘ၀ တထပ်တည်းမကျနိုင်တဲ့ဘ၀မှာ နေသားကျအောင် ကြိုးစားနေရင်း အချိန်တွေကုန် အသက်တွေ ကြီးလာပြီ။ လူလတ်ပိုင်း အရွယ်ကို ရောက်လာပြီဆိုတော့ အောက်ကိုငုံ့ကြည့်ပြီး၊ အတွေးတွေက ပြောင်းသွားပါတယ်။ ရခဲလှတဲ့ လူ့ဘ၀ကို ရလာပြီး၊ လူဖြစ်ရကျိုး မနပ်တဲ့ ဘ၀တွေ။ လူလိုမစားရ၊ လူလိုမနေရတဲ့ ဘ၀တွေ။ အဖြစ်သနစ်ပေါင်းစုံကို မြင်ရတိုင်း ရွှေရင်မချောင် ရွှေရင်ဆို့ရပါတယ်။ ဒီလူတွေ ကို ကျွန်မတို့ ဒီအတိုင်းပဲ ငုံ့ကြည့်နေရမလား။ အောက်ခြေလူတန်းစားတွေ လူနဲ့တူအောင် နေရဖို့ အပေါ်ကလူတွေမှာ တာဝန်မရှိဘူးလား။ ပြောသာပြောရတယ်၊ အပေါ်နဲ့အောက် အလှမ်းကွာဝေးလွန်းတော့ သဲသဲကွဲကွဲ မြင်ကြလိမ့်မယ်မထင်ဘူး။

 ကျွန်မက တောသူတောင်း သားတွေနဲ့ တသားတည်းတစ်ထပ်တည်း နေထိုင်ကြီးပြင်းခဲ့သူမို့ မျက်လုံးနဲ့လည်း မြင်တယ်။ နှလုံးသားနဲ့လည်း မြင်ပါတယ်။ တနေကုန် ခါးကိုကုန်းပြီး သမန်းမြေထဲကို ကောက်ပင်တွေ စိုက်ခဲ့ဖူးတယ်။ လယ်ကန်သင်းရိုးပေါ်မှာ ကောက်စိုက်သမတွေနဲ့အတူတူ ပဲဟင်းရည်ကို မြိန်ယှက်စွာ သောက်ခဲ့ဖူးပါတယ်။ လယ်တွေ ကိုင်းတွေ မြစ်ချောင်းတွေပေါတဲ့ ကျွန်မတို့ ဧရာသတီတိုင်းမှာ ဆန်ကြမ်းနဲ့ ဟင်းချိုအရည် ကျဲကျဲကိုသောက်ပြီး တင်းတိမ်နေရတဲ့ လူတွေရှိတယ်။ နေ့စဉ် ငရုတ်သီးဆားထောင်းနဲ့ ထမင်းမိန်နေရတဲ့လူတွေ အများကြီးရှိတယ်။ ငရုတ်သီး မ၀ယ်နိုင်တဲ့အခါ ဆားနဲ့ပဲ ပြီးသွားရတာတွေ ရှိပါတယ်။ ချက်စရာ ဆန်မရှိတဲ့အခါ ထမင်းရည် ရှာတောင်းသောက် နေရတဲ့ အဖြစ်တွေ တကယ်ရှိပါတယ်။ ကျွန်မရွာသားတွေ ဆင်းရဲတဲ့အကြောင်းကို မကြာခဏ စာထဲထည့်ရေးပြီးသားမို့ အကျယ်ချဲ့ မပြောလို တော့ပါ။ ဆင်းရဲခြင်းရဲ့ အကြောင်းတွေ၊ ဆင်းရဲခြင်းမှ လွတ်မြောက်ကြောင်းတွေကို ကျွန်မဥာဏ်မှီသလောက် စဉ်းစားကြည့်မိပါတယ်။

တချို့က ဆင်းရဲတဲ့သူကို မသနားနဲ့လို့ ပြောကြပါတယ်။ မလိမ္မာလို့ ဆင်းရဲကြတာ၊ အလုပ်မကြိုးစားလို့ ဆင်းရဲကြတာကို သနားစရာ မလို ဘူးလို့ ယူဆကြပါတယ်။ ယုတ်တိဗေဒအရ မှန်တယ်လို့ ဆိုနိုင်ပေမဲ့ လူသားဆန်ဆန် တွေးမယ်ဆိုရင် မလိမ္မာတဲ့လူကို လိမ္မာအောင် ပြုပြင် တည့်မတ်ပေး ရမှာပါ။ ဆင်းရဲတဲ့ သူတွေ အများစုဟာ အသိဥာဏ်နည်းကြတယ်။ အလုပ်ကို ရေသာခိုချင်ကြတယ်။ အသောက်အစား လောင်းကစားမှာ မွေ့လျော်ကြပါတယ်။ ဒါကြောင့်မို့ ဆင်းရဲနွမ်းပါးသူတွေကို စားစရာပေးရုံ ငွေချေးပေးရုံနဲ့ ဆင်းရဲခြင်းက လွန်မြောက်နိုင်မှာ မဟုတ်ပါဘူး။ (Life Skills) လို့ခေါ်တဲ့ ဘ၀နေထိုင်နည်းတွေ ကျွမ်းကျင်လာအောင် လူလိမ္မာ ဆိုသူတွေက ရှေ့ဆောင်လမ်းပြ ပေးရမှာပါ။

စီးပွားရေး လုပ်ငန်းရှင်များ၊ အုပ်ချုပ်သူ လူတန်းစားများက အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ၊ တန်ရာတန်ကြေး လုပ်ခရပြီး၊ အန္တရာယ်ကင်းတဲ့ လုပ်ငန်းခွင်တွေကို ဖန်တီးပေးဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ လူ့ဘ၀သက်တမ်း တိုတိုလေးမှာ ကျွန်မတို့ လူအချင်းချင်း မေတ္တာထားကြပြီး၊ အားနည်းသူတွေကို ဂရုဏာစိတ်နဲ့ တွဲကူဖေးမ ကြရမယ် မဟုတ်လား။ ဒါပေမဲ့ အပေါ်ကလူတွေ အောက်ကိုငုံ့မကြည့် ကြဘူး။ တချို့က မမြင်ချင် ယောင်ဆောင်ကြတယ်။ တချို့က မျက်မှန်စိမ်းတပ်ပြီးကြည့်တော့ တကယ်အရှိကို မမြင်ကြဘူး။  အဲဒီလူတွေကို ကျွန်မမော့ ကြည့်မိပါတယ်။ မော့သာကြည့်ရတယ် ကျွန်မက အထက်တန်းလွှာမှာ နေဖူးသူ မဟုတ်တော့ အထက်တန်းစားတွေရဲ့ ဘ၀ကို  နားမလည်နိုင်တာ အမှန်။

ကျွန်မကိုယ်တိုင် အဲဒီနေရာကိုရောက်ရင် သူတို့လိုပဲဖြစ်မလား ဆိုတာတော့ တကယ်မရောက်ဖူးပဲ ပြောရခက်ပါ တယ်။ နောက်ဘ၀များ အထက်တန်းလွှာမှာ လူဖြစ်ပြီး စာရေးဆရာမဖြစ်ခဲ့ရင် လူ့မလိုင်တွေအကြောင်း ကျွန်မစာတွေ ရေးချင်ပါတယ်။ ဒီဘ၀မှာ ဒီခန္ဓာတည်သရွေ့တော့ ကျွန်မရွာသားတွေအကြောင်းနဲ့ အတွေ့အကြုံတွေကို ပေါင်းစပ်ပြီး ဘ၀ထဲက ထွက်လာတဲ့ စာတွေကို ရေးအားရှိသလောက် ရေးနေမှာပါ။

စာမရေးဖြစ်တဲ့အခါ အပေါ်ကလူတွေနဲ့ အောက်ကလူတွေအကြောင်းတွေးလိုက်၊ ကိုယ်ကိုကိုယ် ပြန်ကြည့်လိုက်နဲ့ အချိန်တွေ ဖြုန်းနေမိပါ တယ်။ တခါတလေ ကျွန်မနားမလည်တဲ့ နိုင်ငံရေး တိုင်းပြည်အရေးတွေ တွေးမိပါတယ်။ ဘာမှဝင်လုပ်မပေးတတ်ပေမဲ့ ရွှေပြည်သစ်ကို မျှော်နေမိပါတယ်။ ကိုယ်တိုင် အစွမ်းအစ မရှိလေတော့ ရွှေပြည်တော်သာယာရေးအတွက် အပေါ်ကလူတွေကို အားကိုတကြီး မော့ကြည့်မိပါ တယ်။ အပေါ်ကလူတွေ အများကြီးထဲမှာ ကျွန်မ သဲသဲကွဲကွဲ မြင်ရတဲ့ လူအချို့တော့ရှိ ပါတယ်။ မေတ္တာစိတ်ကြီးတဲ့ ကျွန်မတို့ရဲ့ မိခင်ကို မြင်ရတယ်။ အမေ့ကို ၀န်းရံနေကြတဲ့ လူအချို့ကိုလည်း ကျွန်မမြင်ရပါတယ်။

အိုနေပြီဖြစ်တဲ့ အမေ့မျက်နှာကို မြင်ရတာ တကယ့်မိခင်လိုပါပဲ။ မိခင်အိုရဲ့နှလုံးသားကို ကျွန်မကောင်းကောင်း မြင်လို့ရပါတယ်။  အို..မိခင် ကို တိုက်ခိုက်စော်ကား နေကြတဲ့သူတွေ နှလုံးသား တံခါးဖွင့်ပြီး ကြည့်ပေးကြပါလို့ ပြောချင်ပါတယ်။ အောက်ခြေမှာ အာဟာရ ချိုတဲ့နေသူတွေ၊ ရောဂါထူပြောနေသူတွေ၊ စာမသင်ရတဲ့ ကလေးတွေအတွက် ကျွန်မတို့ မိခင်ကိုလိုပါတယ်။

အမျိုးဘာသာကို ချစ်လွန်းလို့ ဗုဒ္ဓဘာသာ အာဏာရှင်စနစ်ကိုပဲ ပြန်သွားမယ်ဆိုသူတွေကို ကျွန်မ မေးချင်ပါတယ်။ အာဏာရှင်စနစ်အောက်မှာ ဗုဒ္ဓဘာသာဝင်တွေ ဆင်းရဲမွဲတေပြီး၊ အကျင့်တွေပျက်စီးနေတာကို အလိုရှိသလား။ မြတ်စွာဘုရား ဆုံးမတဲ့အတိုင်း နေထိုင်ကျင့်ကြံတဲ့ တကယ့် ဗုဒ္ဓဘာသာဝင် စစ်စစ်တွေကို လိုချင်တာလား။ စားဝတ်နေရေး အဆင်ပြေမှသာ လူတွေ ကိုယ်ကျင့်ကောင်းကြပြီး၊ နှလုံးသားမှာ ဘုရားတည်နိုင်မှာ ဖြစ်ပါတယ်။ ဒီအတွက် စနစ်ကိုပြင်ဖို့ အမေ့ကို ကျွန်မတို့ လိုပါတယ်။

အမျိုးကိုစောင့်ရမဲ့ အမျိုးသမီးတွေ အသိဥာဏ်မြင့်မားပြီး၊ ဘာသာတရားကိုင်းရှိုင်း ကြစေဖို့  အခြေခံလို အပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင် အောင် စနစ်ကိုပြောင်းရပါမယ်။ မြန်မာအမျိုးသမီးများကို တန်ဖိုးထား ကာကွယ်စောင့်ရှောက်ရမဲ့ အမျိုးသားတွေ ဥာဏ်အမြော်အမြင်ကြီး ကြပြီး၊ အားကိုးထိုက်တဲ့သူတွေ ဖြစ်အောင် လေ့ကျင့်ပေးဖို့ စနစ်ကို ပြင်ရပါမယ်။ စနစ်ကို ပြောင်းလဲနိုင်ဖို့ အမေ့ကို ကျွန်မတို့လိုပါတယ်။ အမျိုးဘာသာကို ဥပဒေနဲ့ ကာကွယ်ခြင်းထက် ဓမ္မနဲ့ ကာကွယ်တတ်တဲ့ မျိုးဆက်သစ်တွေ ပေါက်ဖွားလာရေးအတွက် အာဏာရှင်ကို မလို အမေ့ကိုသာ ကျွန်မတို့ တကယ်လိုအပ်ပါတယ်။ တရားမျှတလွတ်လပ်သော လူ့ဘောင်ကို တည်ဆောက်နိုင်ရင် လူအချင်းချင်း မေတ္တာ ပွားကြလို့ ဗြဟ္မစိုရ်တရားတွေ ပြန်လည်ထွန်းကား လာမှာပါ။

အောက်ခြေကို လှမ်းကြည့်ပြီး အမေ့ကို လိုတယ်လို့ ကျွန်မပြောပါတယ်။ ကျွန်မရွာသားတွေ ထမင်းနဲ့ဟင်း နှပ်မှန်အောင် စားရစေချင်လို့ အမေ့ကို ကျွန်မမျှော်ပါတယ်။ ဆာလောင်ရင်း အိပ်ပျော်သွားရတဲ့ ဘ၀တွေ ကင်းဝေးစေဖို့ စေတနာမှန်သော ခေါင်းဆောင်ကို ကျွန်မ မျှော်ပါတယ်။ လူဖြစ်ရကျိုးနပ်ပြီး ဘ၀တွေအေးချမ်းဖို့ ဖခင်ကောင်းနှင့် တူသောခေါင်းဆောင်ကို ရှာမတွေ့သေးတဲ့ အချိန်မှာ မိခင်နှင့်တူသော အမေ့ကို လိုချင်ပါတယ်။ အမေ့ အရိပ်အောက်မှာ ညီညွတ်စွာ အတူနေထိုင်ကြရင်း၊ အနာဂတ်မှာ ပညာမျက်စိရှိသော ခေါင်းဆောင်သစ်တွေကို မျှော်လင့်မိ ပါတယ်။

နှလုံးသားတံခါးများ ပွင့်လင်းကြပါစေ …။

စံပယ်ဖြူ
မတ်လ ၁၇၊ ၂၀၁၄