အစားကျွေးပြီးမှ တရားပေးပါ (Feeding)
သဒ္ဓါကြည်လင် ပါရမီရှင်အပေါင်းတို့ ခင်ဗျား။
တရားချစ်ခင် သူတော်စင်အပေါင်းတို့ ခင်ဗျား။
ဒီစကားတွေကို ကျွန်တော်တို့ မြန်မာလူမျိုးများ အတော်လေး အကျွမ်းတဝင် ရှိနေကြပြီးဖြစ်၏။
နဝင်ပီယံလည်း ဖြစ်ပါသည်။
“ဆရာညို ဘာလို့ဒါတွေကို ရွတ်နေရတာလဲ”
“နားထဲကြားနေလို့ပါ”
“ဒီစကားတွေကို လူတိုင်းကြားနေတာပေါ့ဗျာ။ လမ်းထောင့်တိုင်းလိုလို အလှူခံဌာနတွေ ရှိတယ်။ လော်စပီကာတွေနဲ့ သံပြိုင်သီချင်းတွေဖွင့်ပြီး အလှူခံနေကြတာပဲ”
“ဓမ္မတေးတွေပါဗျာ”
“ဟုတ်ပါတယ် ဆရာညိုရယ်။ မြို့ထဲလည်း တရားပွဲတွေ အများကြီးရှိတယ် မဟုတ်လား”
“ဟုတ်ပ။ ကျွန်တော်တို့ လမ်း (၃ဝ) အောက်လမ်းမှာဆိုရင် တရားပွဲ သုံးညရှိတယ်။ ဗိုလ်ဆွန်ပက်လမ်း၊ ၃၁ လမ်း၊ ၃၃ လမ်း၊ ၃၈ လမ်း တရားပွဲတွေ အများကြီးပါပဲ”
“ခင်ဗျားစောစောကပြောတဲ့ သဒ္ဓါကြည်လင် ပါရမီရှင်အပေါင်းတို့ခင်ဗျား ဆိုတာကို ကျွန်တော်သဘောကျတယ်။ ဗုဒ္ဓဘာသာတရားဆိုတာ သဒ္ဓါတရားရှိဖို့ အရေးကြီးဆုံးပဲ၊ သဒ္ဓါတရားဆိုတာ သက်ဝင်ယုံကြည်မှုပါပဲ။ ဘာကိုယုံကြည်လဲဆိုရင် ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်ဆိုတာကို ပြောတာပါ”
“ဒါပေမဲ့ မကောင်းတာလုပ်ရင်လည်း ကောင်းတာတွေဖြစ်နေသူတွေကို တွေ့ဖူးကြတော့ သဒ္ဓါတရားအပေါ် သံသယတွေရှိကြတာ အမှန်ပါပဲ”
“ဟုတ်ပါတယ်။ ဒါပေမဲ့ ခင်ဗျားအနေနဲ့ ဘာသာတရားကို တကယ်တမ်း သက်ဝင်ယုံကြည်တယ်ဆိုရင် ကောင်းတာလုပ်ရင် ကောင်းတာဖြစ်နိုင်တယ်ဆိုတာကို အပြည့်အဝ လက်ခံဖို့လိုတယ်။ ကျွန်တော်က မကောင်းတာတွေလုပ်တဲ့လူ ကောင်းကျိုးတွေခံစားနေရတာကို မငြင်းလိုပါဘူး။ အဲဒီကိစ္စကို တစ်ပိုင်းထားလိုက်မယ်”
“မတူတာတွေကို ဖယ်ထားတဲ့ သဘောမျိုးလား”
“အဲဒီလို စဉ်းစားရင်လည်း ရပါတယ်။ သူ့ကဏ္ဍကို ခဏဘေးမှာထားလိုက်။ ကျွန်တော်ပြောတာကို သေသေချာချာ စဉ်းစားကြည့် မကောင်းတာလုပ်ပြီး ကောင်းတာဖြစ်မယ်လို့ ယုံကြည်ရင် တစ်ကမ္ဘာလုံးကလူတွေ မကောင်းတာပဲ လုပ်ကြမှာပေါ့။ သူတို့တစ်တွေ သီလစောင့်ထိန်းစရာ မလိုဘူးလို့ ထင်နေကြမှာပေါ့”
“အင်း ခင်ဗျားပြောတာ စဉ်းစားစရာပဲ”

ဆရာမင်းယုဝေရဲ့ ကဗျာအတိုင်းဘဲ ဖတ်ပြတော့မယ်။ ‘အစာငတ်သူ၊ မွတ်သိပ်သူကို ဘယ်သူဟောပြော၊ ဘာတွေဟောလဲ၊ ဟောသော်မပြီး၊ အချည်းနှီးတည့်၊ ဝမ်းမိးငြိမ်ကာ၊ ဝမ်းဝပါမှ၊ သင်ငါဟောပြ၊ နားဝင်ကြတည့်’ လို့ဆိုထားတယ်
“ကျွန်တော်ပြောချင်တာက လူတွေဟာ
အပေါင်းအစုနဲ့ နေကြတဲ့ Social Animals တွေပါ။ တစ်ယောက်ကိုတစ်ယောက်
ကူညီနေကြသူတွေပါ။ ဒါပေမဲ့ ဒီလိုလုပ်တာ အိုင်ဒီယာတော့ မတူဘူးပေါ့။
ကောင်းစေချင်တယ် ဆိုပြီးတော့လည်း ဇွတ်အတင်းလုပ်လို့ မရတာတွေရှိတယ်။
ဘုရားရှင်တောင် ဒီလိုလုပ်တယ်ဆိုပြီး အစွပ်အစွဲခံရသေးတယ်”
“ဘယ်မှာဖတ်ဖူးလို့လဲ”
“ဆရာမင်းယုဝေရဲ့ ကဗျာထဲမှာပါ”
“ပြောပြပါဦး”
“တစ်ခါက ဗုဒ္ဓမြတ်စွာဟာ အာဠဝီပြည်ကိုကြွချီတော့ လမ်းမှာအစာရေစာပြတ်လပ်နေတဲ့ ပုဏ္ဏားတစ်ယောက်နဲ့ ဆုံတယ်။ ဒီပုဏ္ဏားသူဆင်းရဲကို ဗုဒ္ဓကသပိတ်ထဲကဆွမ်းကို ထုတ်ကျွေးတယ်။ ပြီးတော့တရားပြတယ်။ ဒီအခါ ပုဏ္ဏားဟာ သောတာပန်တည်သွားတယ်တဲ့”
“ကောင်းသားပဲ”
“ဒါပေမဲ့ ရဟန်းရှင်လူတွေက ကဲ့ရဲ့တယ်။ ဗုဒ္ဓဟာ သူ့တရားနာဖို့ ‘ထမင်းကျွေးတယ်’ လို့ပေါ့။ ဆရာမင်းယုဝေက ‘အစာကိုကျွေး တရားပေးသတဲ့’ ဆိုပြီး အပြစ်တင်တာကို ရေးပြထားတယ်”
“ဒီတော့ ဘုရားရှင်က ဘာပြောလဲ”
“ကျွန်တော် ဆရာမင်းယုဝေရဲ့ ကဗျာအတိုင်းဘဲ ဖတ်ပြတော့မယ်။ ‘အစာငတ်သူ၊ မွတ်သိပ်သူကို ဘယ်သူဟောပြော၊ ဘာတွေဟောလဲ၊ ဟောသော်မပြီး၊ အချည်းနှီးတည့်၊ ဝမ်းမိးငြိမ်ကာ၊ ဝမ်းဝပါမှ၊ သင်ငါဟောပြ၊ နားဝင်ကြတည့်’ လို့ဆိုထားတယ်”
“အင်း ကျွန်တော်ကြားဖူးတာကတော့ လောကမှ ဆာလောင်မွတ်သိပ်တဲ့ ဝေဒနာဆိုတာ အင်မတန်ဆိုးတယ်လို့ ဆိုတယ်”
“ဟုတ်ပါတယ်။ ဗုဒ္ဓကလည်း ခံစားရောဂါ အဖြာဖြာတွင် အစာငတ်ရှာ မွတ်သိပ်နာကား ရောဂါသည်းဆုံး အပြင်းဆုံးလို့ဆိုတယ်”
“ဒီတော့ ကျွန်တော်တို့တိုင်းပြည်မှာ Less Fortunate ဆိုတဲ့လူတွေ အများကြီးပဲလေ။ သူတို့ဟာ ကံမကောင်းကြရှာဘူး။ သူတို့အတွက် ကျွန်တော်တို့က ဘာတွေလုပ်ပေးရမလဲဆိုတာကို စဉ်းစားဖို့လိုတယ်လို့ထင်တယ်”
“မှန်ပါတယ်။ ခု ၂ဝ၁၄ ရောက်လာပြီလေ။ ၂ဝ၁၅ ရွေးကောက်ပွဲအတွက် နယ်တကာလှည့် တရားဟောသူတွေ အများကြီး ရှိကြမယ်”
“မဲဆွယ်တရားပေါ့ ဟုတ်လား”
“ဟုတ်ပါတယ်။ သူတို့ဟာ မွတ်သိပ်နေတဲ့ဘဝ၊ ဆင်းရဲတွင်းထဲကနေ မရုန်းထွက်နိုင်တဲ့ဘဝကို ရောက်နေရင် ဟောတဲ့တရားတွေ ဘယ်လိုမှထိရောက်မှာ မဟုတ်ဘူး”
“ဘုန်းကြီးတရားတွေရောပဲလား”
“မှန်တာပေါ့၊ ဗုဒ္ဓတောင်မှ အစားကျွေးကာ တရားပေးရသေးတာပဲ။ ဘုန်းတော်ကြီးတွေလည်း ရပ်ကွက်တကာလှည့်ပြီး တရားဟောကြတယ်။ သဒ္ဓါကြည်လင် ပါရမီရှင်တွေကလည်း ဝတ္ထုတွေကပ်ကြတာပဲ။ ဒါဟာ ကောင်းမြတ်တဲ့ အစဉ်အလာပါ။ ကျွန်တော်တို့ လမ်း (၃ဝ) မှာဆိုရင် ပထမ လမ်းပေါ်ကကားတွေ ဖယ်တယ်။ လမ်းကိုရေဆေးတယ်။ ဘေးနားက အုတ်ခုံတွေ ပလက်ဖောင်တွေကို ပြောင်လက်အောင် ဆပ်ပြာတွေနဲ့ တိုက်ချွတ်ဆေးကြောတယ်။ တစ်ရပ်ကွက်လုံး ထွက်လုပ်ကြတယ်။ အတော်လေးပင်ပန်းတယ်။ ဒါကို ကျွန်တော်တို့က Community Service လို့ခေါ်တယ်။ မိမိတို့ရဲ့ လူမှုအသိုင်းအဝိုင်း ကောင်းကျိုးကို လုပ်တာပေါ့။ သူတို့ဟာ ခြင်ဆေးတွေကိုဖြန်းတယ်။ ညဘက်လမ်းပေါ်မှာ ဖျာတွေကော်ဇောတွေခင်းကာ တရားနာကြဖို့ပေါ့”
“ဒီလိုမျိုး သန့်ရှင်းရေးတွေက အရေးပါတယ်လို့ ခင်ဗျားပြောချင်တာလား”
“ဟုတ်ပါတယ်။ ဂျပန်မှာဆိုရင် ကျွန်တော်တွေ့ဖူးတဲ့ အရပ်တွေပေါ့။ သူတို့မှာ ပင်စင်စားတွေဟာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း လမ်းပေါ်ထွက် အမှိုက်ကောက်ကြ၊ တံမြက်စည်းတွေ ကိုယ်စီနဲ့ လှည်းကျင်းကြတယ်။ သူတို့လမ်းတွေဟာ ပြောင်လက်နေတာပါပဲ”
“ကျွန်တော်တို့ မိဘတွေလည်း ပြောကြပါတယ်။ အရင်က ရန်ကုန်လမ်းမကြီးတွေဟာ အင်မတန်သန့်သတဲ့၊ ညစဉ်ရေဖြန်း အမှိုက်လှဲသတဲ့၊ တကယ်တော့ ရန်ကုန်လမ်းကြီးတွေဟာ မတိုးပွားလာပါဘူး။ ဒီအတိုင်းပဲ။ လူတွေသာများလာတယ်။ ကျွန်တော်တော့ ရပ်ကွက်တွေထဲမှာ လူတွေဟာ နားလည်မှုတွေ များလာပြီး လူ့ဘောင်အသိုင်းအဝိုင်းကို ကူညီချင်တဲ့စိတ်တွေ ဖြစ်လာမှာပဲလို့ ယူဆတယ်”
“ဟုတ်ကဲ့။ ဒါဟာအစပေါ့ဗျာ။ ကျွန်တော့်အနေနဲ့ကတော့ အချင်းချင်း ရိုင်းပင်းကူညီဖို့ စိတ်ဓာတ်တွေ လိုလားပါတယ်။ ဒါပေမဲ့ ဒါကိုသဘောပေါက်ဖို့လည်း လိုနေပြန်တယ်”
“ဟုတ်ပါတယ်။ တစ်ဖက်က ဘဝလုံခြုံရေးတွေတော့ လိုတာပေါ့။ အချင်းချင်း ယုံကြည်စိတ်ချရတဲ့ အခြေအနေတွေ ဖန်တီးနိုင်ဖို့လိုတယ်။ လူတွေကို မိမိဘက်ပါစေချင်ရင်၊ ပါးလိုက်ရိုက်လို့ မရဘူး။ သေနတ်နဲ့ ခြိမ်းခြောက်လို့လည်း မရဘူး”
“ခြောက်လုံးပြူး ခါးကြားထိုးပြီး ခြိမ်းခြောက်တာမျိုးလား”
“ဒါတွေထားပါ။ သူတို့ကို ဝအောင်ကျွေးပါ။ ပြီးတော့နားလည်အောင် ရှင်းပြပါ။ ကျွေးပြီးမှ တရားပေးတာပေါ့ဗျာ။ ဒါဟာဗုဒ္ဓရဲ့ ဝါဒပါပဲ”
“ဟုတ်ပါတယ်။ ပြည်သူများကို ငဲ့ညှာကြဖို့ပါပဲ”

ဒေါက်တာခင်မောင်ညို
by http://www.news-eleven.com