Thursday, February 20, 2014

စန္ဒကူး နှင့် မြွေပွေး

စန္ဒကူး နှင့် မြွေပွေး


လောကတွင် လူရယ်လို့ ဖြစ်လာရင် အသိုင်းအ၀ိုင်း ရှိရသည်။ အပေါင်းအသင်း ရှိရသည်။ မိမိ တစ်ကိုယ်တည်း ထီးထီးကြီး နေ၍ မဖြစ်ပေ။ အသိုင်းအ၀ိုင်း ဆိုရာတွင် ကောင်းသော အသိုင်းအ၀ိုင်း ရှိဖို့ လိုသလို အပေါင်းအသင်း ကောင်းရှိဖို့ လည်း လိုပါသည်။

အပေါင်းအသင်း ဆိုရာတွင် မိတ်ဆွေ ၊ မိတ်ဆွေစစ် ၊ မိတ်ဆွေတု ဟူ၍ ရှိသဖြင့် မိတ်ဆွေစစ် ကိုရွေးပြီး ပေါင်းသင်း တတ်ရန် လိုသည်။ ထို့အတူ သူတော်ကောင်း နှင့် သူယုတ်မာ ဟူ၍လည်း ရှိသေးသည် မိမိနှင့် ထိတွေ့ ဆက်ဆံ ပေါင်းသင်း ရမည့် လူပုဂ္ဂိုလ် တို့တွင် မည်သူသည် သူတော်ကောင်း ၊ မည်သူသည် သူယုတ်မာ ဟူ၍ ခွဲခြား သိမြင်ဖို့ လိုသည်။

ဤသည်နှင့် စပ်လျဉ်း၍ နီတိကျမ်း ဆရာများက " သူတော်ကောင်း " နှင့် " သူယုတ်မာ " နှစ်မျိုးကို ဤကဲ့သို့ ရှင်းလင်း ဖော်ပြ ထားသဖြင့် လေ့လာ သိရှိနိုင်ရန် တင်ပြ ရပါ၏။

သူတော်ကောင်း တို့သည် ရိုးသားကြ၏။ သူတို့သည် သူယုတ်မာ တို့ကဲ့သို့ အပေါ်ယံ ကောင်းဟန် ပြခြင်း မပြုပေ။ စိတ်ရင်း ကောင်းကြ၏။ ဥပမာ ဆိုရလျှင် ပိန္နဲသီး တို့သည် အပ၌ ဆူးသာ ထင်ကုန်၏။ အတွင်း၌ကား ချိုမြိန်သော အရသာ နှင့် ပြည့်စုံ ကုန်သည်။ ထို့အတူ သူတော်ကောင်း တို့သည်လည်း ထိုနည်း နှင်နှင် ဖြစ်လေသည်။

သူတော်ကောင်း တို့၏ ဥစ္စာသည် နည်းသော်လည်း တွင်းဝရှိ ရေကဲ့သို့ သူတစ်ပါး တို့ မှီခိုရာ၏။ သူတော်ကောင်း မဟုတ်သော သူယုတ်မာ တို့၏ ဥစ္စာသည် များသော်လည်း သမုဒ္ဒရာရေ ကဲ့သို့ ချိုး၍မရ ၊ မှီ၍ မရချေ။
သူတော်ကောင်း တို့သည် စေတနာ ထက်သန်သည့် အလျှောက် သူတစ်ပါး တို့အား ပေးကမ်း စွန့်ကြဲသည်။ သူအများက သူတို့၏ ဒါနအကျိုး ကို ခံစား ကြရ၏။ သူတော်ကောင်း မဟုတ်သူ တို့သည် တစ်ကိုယ်ကောင်း သဘော ရှိသောကြောင့် သူတို့တွင် ပစ္စည်း ဥစ္စာ များသော်လည်း တွန့်တို၏။ ထို့ကြောင့် သမုဒ္ဒရာ ရေကို မည်သူမျှ သောက်သုံး၍ မရ သကဲ့သို့ မည်သူမျှ အကျိုး မခံစား ကြရချေ။

ယုတ်သော သဘောရှိသော သူသည် သူတစ်ပါးတို့၏ နှမ်းစေ့ခန့်မျှသာ ရှိသော ၊ အနည်းငယ်သော အပြစ်ကို သာလျှင် မြင်တတ်၏။ အုန်းသီး လောက်ရှိသော မိမိ၏ အပြစ်ကိုကား မမြင်တတ်ပေ။

ခွေးသည် အခြားခွေးကို ကိုက်ရန် ကြိုးစား သကဲ့သို့ သူယုတ်မာ က သူတော်ကောင်း ကို ပြစ်မှားသည်။ မကောင်းမှု က ကောင်းမှုကို အတိုက်အခံ ပြုသည့် သဘောပင် ဖြစ်သည်။

လောက၌ စန္ဒကူး သည် ချမ်းမြေ့၏။ ထို စန္ဒကူး ချမ်းမြေ့ သည်ထက် လသည် သာ၍ ချမ်းမြေ့၏။ စန္ဒကူး နှင့် လတို့ ချမ်းမြေ့ သည်ထက် ကောင်းစွာ ဆိုအပ်သော သူတော်ကောင်း တို့၏ စကားသည် ချမ်းမြေ့လှ၏။
နေခြည်တစ်ထောင် အလင်း ဆောင်သော နေမင်းသည် အနောက် မျက်နှာ၌ တက်ရာ၏။ မြင်းမိုရ်တောင် သည် ညွှတ်ရာ၏။ အကယ်မလွဲ ငရဲမီးသည် ချမ်းမြေ့ရာ၏။ ထောင်ထိပ် ၌လည်း ကြာသည် ပွင့်ရာ၏ ဟူသော စကားရပ် တို့သည် ဖောက်ပြန်ခြင်း အလျဉ်း ရှိသော်လည်း သူတော်ကောင်း တို့၏ စကားသည် တစ်ရံ တစ်ဆစ်မျှ မဖောက်ပြန် ရာ မှန်သည်ကိုသာ ဆိုလေသည်။

သူယုတ်မာကို အလွန်ချစ် သည်ဟု မပြုအပ်ပေ။ ဦးခေါင်းဖြင့် ရွက်ဆောင် အပ်သော်လည်း မပြည့်သော ရေရှိသည့် အိုးကဲ့သို့ အုတ်အုတ် ကျက်ကျက် ကို ပြုတတ်၏။ တစ်နည်း ဆိုရလျှင် " မပြည့်သောအိုး ဘောင်ဘင်ခတ် " ဆိုသကဲ့သို့ မတည်ငြိမ်သော လူယုတ်မာကို မေတ္တာများစွာ မထားသင့်ပေ။ သူယုတ်မာ သည် သမာဓိ မရှိသောကြောင့် မိမိအပေါ်တွင် သစ္စာ မရှိဘဲ သူ့အလို မကျလျှင် ရန်ပြု တတ်သည်။

သူယုတ်မာ သည် မြွေထက် ပို၍ ဒေါသ ပြင်းထန်၏။ မြွေကို ဆေးဝါး မန္တန် တို့ဖြင့် နှိပ်ကွပ် နိုင်သည်။ သူယုတ်မာ ကို မည်သည့် ဆေးဝါးများဖြင့် မျှ နှိပ်ကွပ်နိုင်မည် မဟုတ်ချေ။ သူယုတ်မာ သည် အမြဲပင် အန္တရာယ် ပြုနိုင်သည်။ မြန်မာမှု နယ်ပယ်တွင် " မြွေမွေး ခါးပိုက်ပိုက် " ဟူသော စကားပုံ ရှိ၏။ မြွေပွေးကို ခင်မင် တွယ်တာနေလျှင် မြွေပွေးသည် အရှင် သခင်ရော ၊ ဘာရောမသိ အချိန်မရွေး ဒုက္ခ ပေးနိုင်သည့် သဘောပင် ဖြစ်လေသည်။

အကြင်သူ သည် သူတော် မဟုတ်သော သူအား ချစ်အပ်သည် ဖြစ်၏။ သူတော်ကောင်း အား ချစ်ခြင်းကို မပြု။ မသူတော် တို့၏ တရားကို သာလျှင် နှစ်သက်၏။ ထိုသူ၏ အမူအကျင့်သည် ပျက်စီးမည် သာဖြစ်၏။ ထိုနည်းတူစွာ မသူတော် နှင့် ပေါင်းဖက်ပြီး မသူတော် တို့စကား ကိုသာ နှစ်သက် လိုက်နာသူသည် ပျက်စီးဖို့သာ ရှိပါ၏။

ပိတုန်းတို့သည် ပန်းကို အလိုရှိကုန်၏။ သူတော်ကောင်း တို့သည် ဂုဏ်ကျေးဇူးကို အလိုရှိ ကုန်၏။ သူယုတ်မာ တို့သည် အပုပ်ကို လည်းကောင်း ၊ အပျက် ကိုလည်းကောင်း အလိုရှိ ကုန်၏။ ထို့အတူ မြတ်သော သူတို့သည် ကောင်းမွန် မြင့်မြတ်သော အရာကိုသာ အလိုရှိ ကုန်၏။ ယုတ်ညံ့သော သူတို့သည် ဒေါသတည်း ဟူသော ယုတ်ညံ့သော စိတ် ၊ စေတသိတ် ၌သာ မွေ့လျော် လေသည်။

လောက၌ စန္ဒကူးပင် သည် ခြောက်သွေ့ သော်လည်း အနံ့ကို မစွန့်။ ဆင်ပြောင်သည် စစ်မြေပြင် သို့ ရောက်သော်လည်း လူတို့၏ မျက်မှောက်၌ တင့်တယ်ခြင်းကို မစွန့် ၊ ကြံသည် ယန္တရားစက် ၏ အ၀သို့ ရောက်သော်လည်း ချိုသော အရသာကို မစွန့် ၊ ပညာရှိ သူတော်ကောင်း သည် ဆင်းရဲခြင်း သို့ ရောက်သော်လည်း သူတော်ကောင်း တရားကို မစွန့်သာလျှင် တည်းဟု ဆိုလေသည်။

အချို့သော အရာတို့၌ ပင်ကို အရည်အသွေး ရှိ၏။ ထို အရည်အသွေး တို့သည် ကောင်းသော အရည်အသွေး များဖြစ်လျှင် သက်ဆိုင်ရာ အရာ (သိုမဟုတ်) ပုဂ္ဂိုလ်သည် ထူးခြား၏။ သူတော်ကောင်း ၏ အရည်အသွေး မှာ ပစ္စည်းဥစ္စာ မပြည့်စုံ ငြားလည်း မတရားမှု ကို ဘယ်တော့မျှ မလုပ်ဘဲ လမ်းမှန်ကိုသာ လျှောက်သည်။

သူယုတ်မာ တို့သည် ကြွားတတ် ကြ၏။ လူရာဝင်ချင် ကြ၏။ မိမိတို့ မလုပ်အပ် သည်တို့ကို လုပ်တတ် ကြ၏။ ထိုသူတို့၌ သူယုတ်မာ တို့၏ လက္ခဏာ ရှိသည်။

" ရွှေအကြောင်း ဖယောင်းသိ ၊ လူအကြောင်း ပေါင်းမှသိ " ဟူသော စကား ကဲ့သို့ပင် လူတစ်ယောက် ကို မပေါင်းသင်း မဆက်ဆံ ရသေးခင် သူ့အလိုသို့ မလိုက်မိရန် အရေးကြီး သည်။ လူအချို့ တို့သည် ဟန်ဆောင်ကောင်း တတ်ကြသည်။ စကားပြောဆို ရာတွင် တစ်ဖက်သား ယုံလွယ်အောင် ပြောတတ် ကြသည်။ ထိုလူမျိုးကို ပေါင်းကြည့်မှ အကြောင်း သိနိုင်ပေသည်။

ထို့ကြောင့် စန္ဒကူးပင် နှင့်တူသော သူတော်ကောင်း ကို ပေါင်းသင်း၍ မြွေပွေးနှင့် တူသော သူယုတ်မာ ကို ဝေးဝေးက ရှောင်ရန် အကြံပြု ရပါ၏။

( တက္ကသိုလ် သင်္ခ )
#Themyawadydaily