Sunday, February 16, 2014

တရားဘာဝနာအပေါ်လွဲမှားသောနားလည်မူများ


တရားဘာဝနာအပေါ်လွဲမှားသောနားလည်မူများ

Misconception #1 လွဲမှားသောအယူအဆ(၁)
Meditation is just a relaxation technique
တရားဘာဝနာကို အပန်းပြေရုံ၊ အနားယူခြင်းအဖြစ်မျှသာအားထုတ်ခြင်း

တရားဘာဝနာကို အပန်းပြေရုံ၊ အနားယူခြင်းအဖြစ်မျှသာအားထုတ်ခြင်း မျိုးမလုပ်သင့်ပါ။ စိတ်ရော ကိုယ်ပါအနားရပြီး အပန်းပြေခြင်းသည် တရားအားထုတ်ခြင်း၏ အဓိကအစိတ်အပိုင်း တစ်ခု ဖြစ်သည်။ ဝိပဿနာဘာဝနာ (Vipassana-style meditation) သည်ထိုမျှမက လေးနက်သော ပန်းတိုင်ကိုရည်ညွန်းသော်ငြားလည်း အားထုတ်သူယောဂီများစုက အပန်းဖြေအနားယူခြင်း နည်းလမ်းတစ်ခုမျှသာယူဆလေ့ကျင့်ကြသည်။

တရားအားထုတ်နည်းအမျိုးမျိုးတို့သည် စိတ်၏အာရုံစူးစိုက်ခြင်း(သမာဓိ)ကို အလေးအနက် ထားကြသည်။ စိတ်ကိုအာရုံတစ်ခုခုပေါ်၌သော်လည်းကောင်း၊ အရူခံ (စိတ်၊ ဝေဒနာ၊ ဝင်သက် ထွက်သက်၊ ကသိုဏ်းပရိကံ) တစ်ခုခုပေါ်၌သော်လည်းကောင်း ငြိမ်သက်စွာ တင်ထားခြင်း ဖြစ်သည်။ အလေးအနက် အပြင်းအထန်လေ့ကျင့်နိုင်လျှင် ဈာန်ဟုခေါ်သော၊ ပီတိသုခချမ်းသာ တိုဖြင့်ပြည့်ဝသည့် အဆင့်မြင့်သမာဓိကိုရရှိနိုင်သည်။ ဈာန်သည်အာရုံတစ်ခုတည်း၌ အချိန် ကြာမြင့်စွာ တည်ငြိမ်နေသော(ဧကဂ္ဂထာ)စိတ်မျိုးဖြစ်သည်။

သာမာန်စိတ်တို့ထက်သာလွန်သော ပီတိချမ်းသာသုခဖြင့်ပြည့်ဝနေသောခံစားမူတစ်မျိုးဖြစ်သည်။ အားလုံးသောကမ္မဌာန်းနည်း(၄၀)သည်ထိုအဆင့်တွင်လမ်းဆုံးကြသည်။ ထိုအဆင့်သည် ပန်းတိုင် ဖြစ်ပြီး၊ သင့်လည်းထိုအဆင့်သို့ရောက်ရှိပါက ဘဝတစ်ခုလုံး၏ကျန်အချိန်အားလုံးကို ထပ်ခါထပ်ခါ လေ့ကျင့်နေခြင်းဖြင့်ကုန်ကောင်းကုန်လွန်စေလိမ့်မည်။ ဈာန်သည် ဝိပဿနာဘာဝနာမဟုတ်ပါ။ ဝိပဿနာဘာဝနာ၌သတိတရားမြဲမူလိုအပ်သည်။ သတိတရားဖြစ်ရန် သက်တောင့်သက်သာ အာရုံစူးစိုက်စွမ်းရှိရမည်။

ပီတိ၊သုခနှင့်အပန်းပြေမူသည် တရားအားထုတ်ခြင်း၏ ဘေးထွက်ပစ္စည်း(by products)၊ ပန်းတိုင်၏ရှေးပြေး(precursors) နှင့်မိမိတရားအားထုတ်နည်း မှန်မမှန်စစ်ဆေးနိုင်သည့် စံအရာမျှသာ ဖြစ်သင့်သည်။ သိုသော် ပီတိ၊ သုခနှင့်အပန်းပြေမူတို့ကို ပန်းတိုင်အဖြစ် မသတ်မှတ်သင့်ပါ။ ဝိပဿနာဘာဝနာသည် အလွန်လေးနက်သိမ်မွေ့သော ဗုဒ္ဓဘာသာ၏ ကျင့်စဉ်ဖြစ်ပြီး ကိလေသာတရားများမှလွတ်မြောက်ရန်၊ စင်ကြယ်ရန် နှင့် စိတ်အဆင့်ဆင့် တိုးတက်ပြောင်းလဲရန်တို့ဖြစ်သည်။

Misconception #2 လွဲမှားသောအယူအဆ(၂)
Meditation means going into a trance
အသိတရားကင်းလွတ်၊မေ့မျောနစ်မောနေရန် လွဲမှားစွာတရားအားထုတ်ခြင်း

အသိတရားမှ ကင်းလွတ်၊ မေ့မျောသွားအောင်ပြုလုပ်နိုင်သောနည်းလမ်းများရှိကောင်းရှိနိုင်ပါသည်။ ဝိပဿနာ ဘာဝနာသည် အသိတရားကင်းလွတ်၊မေ့မျောနစ်မောသွားအောင် လေ့ကျင့်ခြင်း မဟုတ်ပါ။ ဝိပဿနာဘာဝနာသည် မိမိကိုယ်ကိုအိပ်မွေ့ ချခြင့်၊ စိတ်ညို့ခြင်း (hypnosis)လည်း မဟုတ်ပါ။ မိမိစိတ်ကို အသိတရားကင်းလွတ်သွားအောင်(Black out) အားထုတ်ခြင်းလည်း မဟုတ်ပါ။ သင့်ကိုသင်ခံစားမူကင်းသည့် ဟင်းသီးဟင်းရွက်အဖြစ် ရောက်အောင်ကြိုးစားနေတာမျိုး မဖြစ်သင့်ပါ။ ထိုသို့မဖြစ်အောင်ကြိုးစားခြင်းကသာနည်းမှန်ဖြစ်သည်။

တရားဘာဝနာပွားများခြင်းဖြင့် သင်ခံစားမှု၏ အပြောင်းအလဲခြင်းများကို တစ်ထက်တစ်စ ပိုပြီးနားလည် လက်ခံနိုင်လိမ့်မည်ဖြစ်သည်။ သင့်ကိုသင် ပို၍တိကျရှင်းလင်းပြတ်သားစွာ လက်ခံနိုင်ရန်သင်ယူအားထုတ်သင့်သည်။ တရားဘာဝနာအားထုတ်ရန်ကြိုးစားသင်ယူခြင်းဖြင့် ကမ္မဌာန်းအာရုံ၌နစ်မျောနေသော စိတ်အဆင့်များဖြစ်ပေါ်လာမည်။ အသိတရား ကင်းလွတ်ခြင်းမျိုး မဟုတ်ပါ။ အသိကင်းနေ သည့်အခိုက် (In hypnotic trance) တစ်စုံတစ်ယောက်က ယောဂီ၏ စိတ်ကိုလာရောက်ထိန်းချုပ်နေခြင်းဖြစ်ပြီး၊ အဆင့်မြင့်သမာဓိရရှိ(ဈာန်ဝင်စား) နေသည့် ယောဂီသည် မိမိ၏ကိုယ်ပိုင်သတိရားအောက်တွင်ရူမှတ်နေခြင်းဖြစ်သည်။

အသိကင်းနေခြင်းသည် စိတ်၏အပေါ်ယံဖြစ်စဉ်မျှသာဖြစ်ပြီး ဝိပဿနာဘာဝနာမဟုတ်ပါ။ အဆင့်မြင့်သမာဓိ(ဈာန်)သည် သတိတရားမြရန်အတွက် အထူးလိုအပ်သော အဆင့်တစ်ခု ဖြစ်သည်။ ဝိပဿနာဘာဝနာ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ သတိတရားမြဲရန် လေ့ကျင့် ပျိုးထောင်ခြင်း(the cultivation of mindfulness or awareness) ဖြစ်သည်။ သင်တရား အားထုတ်နေစဉ် ဘာကိုမျှ မသိ၊မကြားဘဲ အသိကင်းမဲ့နေခဲ့လျှင် သင်သည် ဝိပဿနာ ဘာဝနာကိုပွားများနေခြင်းမဟုတ်ပါ။

Misconception #3 လွဲမှားသောအယူအဆ(၃)
Meditation is a mysterious practice which cannot be understood
တရားအားထုတ်ခြင်းကို နားမလည်နိုင်သည့် ဂန္ဓာရီဆန်ဆန်ကျင့်စဉ်အဖြစ်လွဲမှားစွာလက်ခံခြင်း

တရားအားထုတ်ခြင်းသည် အဆင့်အမျိုးမျိုးသော သိစိတ်များ(levels of consciousness) နှင့်သက်ဆိုင်ပြီး၊ သရုပ်ဖော်ပြောဆိုနိုင်ရန်အတွက် အလွန်ခက်ခဲနက်နဲသည်။ အချို့သော အချက်အလက်များကို စကားလုံးများဖြင့် ဖော်ပြပြောဆိုရန် ခက်ခဲသည်ဆိုသော်လည်း လုံးဝ နားမလည်နိုင်သောကိစ္စမျိုးတော့ မဟုတ်ပါ။ စကားလုံးများဖြင့်ဖော်ပြမူကို ကျော်လွန်၍ နားလည်နိုင်စွမ်းဖြစ်သည်။ သင့်မည်ကဲ့သိုလမ်းလျှောက်ရမည်ကိုနားလည်သော်လည်း သင့်၏ နာဗ်ကြောများနှင့်ကြွက်သားများက မည်ကဲ့သိုလှုပ်ရှားလုပ်ဆောင်ပေးကြသည်ကို အစီစဉ်တကျ အတိအကျဖော်ပြရန်အတွက်မဖြစ်နိုင်ပါ။ သိုသော် သင်လမ်းကောင်းကောင်းလျှောက်နိုင်သည်။ ထိုအတူ ကိုယ်တိုင်လက်တွေ့ တရားဘာဝနာပွားများခြင်းဖြင့်နားလည်နိုင်ပါသည်။ စိတ္တဇဆန်သည် ဝေါဟာရများဖြင့်လေ့လာသင်ယူရန်မဖြစ်နိုင်သည့်အရာမျိုးမဟုတ်ပါ။ လက်တွေ့ လေ့ကျင့် ခံစားနိုင်ပါသည်။

တရားဘာဝနာပွားများရုံဖြင့် ကြိုတင်တွက်ဆ ခန့်မှန်းထားသောရလဒ်များ အလိုလျှောက် ရရှိလိမ့်မည်ဟု လှေနံဓားထစ်မမှတ်သားသင့်ပါ။ ဘာဝနာလုပ်ငန်းသည် လုပ်တိုင်းဖြစ်သည့် ပုံသေနည်း(formula)လည်းမဟုတ်ပါ။ဘယ်တရားထိုင်ချိန်၌(session)မှာဘာတွေဖြစ်လာလိမ့်မည်ဆိုသောကြိုတင်ခန့်မှန်းချက်များ မည်သည့်အခါမျှ မမှန်နိုင်ပါ။ တရားထိုင်ချိန်တိုင်း၌ စုံစမ်းမူများ(investigation)၊လက်တွေ့ စမ်းသပ်မူများ(experiment)နှင့် စွန့်စားခန်းများ (adventure) ဖြစ်နေလိမ့်မည်။ယခင်တရားအချိန်များမှာရရှိခဲ့သည့်ခံစားချက်များ၊ သင်ခန့်မှန်း ထားသည့် အတိုင်း ရရှိခဲ့ပါက သင့်တရားအလုပ်တွင်တိုးတက်မူရှိကြောင်း ဖော်ပြချက် (indicator)ဖြစ်သည်။ ထိုဖော်ပြချက်အရ သင်သည် ဘာဝနာပန်းတိုင်သို့ သွားရာ လမ်းကြောင်း မှန်ပေါ်တွင် ရောက်ရှိနေပြီဖြစ်သည်။

Misconception #4 လွဲမှားသောအယူအဆ(၄)
The purpose of meditation is to become a psychic superman
အဘိဥာဏ်ရ စူပါမန်းဖြစ်ရန် ရည်ရွယ်၍ တရားအားထုတ်ခြင်း

တရားအားထုတ်ခြင်းရည်ရွယ်ချက်မှာ သတိတရားစွဲမြဲမူ၌တိုးတက်ရန်(To Develop Awareness) ဖြစ်သည်။ မိမိစိတ်ဘာဖြစ်နေသည်ကိုစောင့်ဖတ်ခြင်းသည်လည်းအဓိကမဟုတ်ပါ။ ကောင်းကင်၌ ပျံနိုင်ခြင်းသည်တရားအားထုတ်ခြင်း၏ပန်းတိုင်မဟုတ်ပါ။ ပန်းတိုင်အစစ်မှာ ကိလေသာတို့မှ လွတ်မြောက်ရန်ဖြစ်သည်။ အဘိဥာဏ်စွမ်းအားနှင့် တရားအားထုတ်ခြင်းတို့မှာ အပြန်အလှန် ခက်ခဲနက်နဲစွာစပ်ဆက်နေကြသည်။

တရားအားထုတ်ခါစယောဂီများသည် အဘိဥာဏ်ကိစ္စများကို တွေးမိကောင်း တွေးမိပေလိမ့်မည်။ အချို့သောယောဂီများလွန်ခဲ့သည့်ဘဝဟောင်းများကိုမှတ်မိကောင်းမှတ်မိပေလိမ့်မည်။ ထိုကဲ့သို့ မှတ်မိခြင်းမျိုးကို ကောင်းစွာဖွံဖြိုးပြီး စိတ်ချရသော အဘိဥာဏ်၏ အစွမ်းဟု မခေါ်ဆိုနိုင်ပါ။ အလွန့်အလွန်ရေးပါသောအရာအဖြစ်လည်းမသတ်မှတ်သင့်ပါ။ ထိုအဘိဥာဏ်ကိစ္စများကြောင့် ငြိကပ်တတ်သော တဏှာကို ဖြစ်ပေါ်စေတတ်သောကြောင့်အားထုတ်ခါစယောဂီများအတွက် အလွန်အန္တရာယ် များလှသည်။ လမ်းမှန်ပေါ်မှလွင့်စင်သွားအောင် ဖျားယောင်းတတ်သော ထောင်ချောက်များ (ဥပက္ကိလေသာ ၁၁ပါး) ဖြစ်သည်။ အဘိဥာဏ်ကိစ္စကို အလေးမပြုမိအောင် ကြိုးစားခြင်းသည် နည်းကောင်းတစ်ခုဖြစ်သည်။ အဘိဥာဏ်အစွမ်းများရသည်ဖြစ်စေ၊ မရသည် ဖြစ်စေ မည်မျှမထူးခြားပါ။

ယောဂီ၏တရားထိုင်သက်တမ်းတစ်လျှောက်တွင် အဘိဥာဏ်အစွမ်းများရရန် သီးသန့် လေ့ကျင့် ခန်းများ အားထုတ်ကောင်းအားထုတ်ခဲ့မည်။ အဘိဥာဏ်အစွမ်းရရန် အလွန်ပင် ခဲယဉ်းသည်။ အလွန်အဆင့်မြင့်သည့်၊ဈာန်ဆိုက်သောသမာဓိကို လေ့ကျင့်အောင်မြင်ခဲ့ပြီးသူ (ကသိုဏ်၁၀ပါး၌ စတုတ္ထဈာန်ရောက်အောင် ဝသီဘော်၅တန်ဖြင့် ကျွမ်းကျင်စွာ အားထုတ်နိုင်သူ)သာ အန္တရာယ် နည်းပါးစွာ အလွန်ခက်ခဲသော  အဘိဥာဏ်အစွမ်းကို ရရှိရန် လေ့ကျင့်နိုင်သည်။ ဝေနေယျ သတ္တဝါများခြေချွတ်ရန်ရည်ရွယ်၍ အဘိဥာဏ်အစွမ်းများရရန် အားထုတ်သင့်သည်။ ဆယ်စုနှစ် ပေါင်းများစွာ အဆက်မပြတ် အားထုတ်ရန်လိုအပ်သည်။ မိမိနှင့်သင့်လျှော်သည် လုပ်ငန်းခွင်ကို (သတိတရားစွဲမြဲရန်) ဇောက်ချပြီး ဥပက္ကိလေသာ ၁၁ပါး တို့မှလွန်မြောက်အောင်ကြိုးစားပါလေ။

Misconception #5 လွဲမှားသောအယူအဆ(၅)
Meditation is dangerous and a prudent person should avoid it
တရားအားထုတ်ခြင်းအန္တရာယ်များသောကြောင့် ဆင်ခြင်တွေးခေါ်တတ်သူများရှောင်ကြဉ်သင့်သည်။

အရာရာတိုင်း၌ အန္တရာယ်ရှိသည်။ လမ်းဖြစ်ကူးနေစဉ် ဘတ်စ်ကားဝင်တိုက်နိုင်သည်။ ရေချိုးနေစဉ် အတွင်းလည်ပင်းရိုးကျိုးနိုင်သည်။တရားထိုင်နေစဉ်အတွင်းသင့်၏ အတိတ်မှမှတ်ဥာဏ်များ အားလုံးမေ့ပျောက်သွားနိုင်သည်။ ကြိုးစားပြီး မေ့ဖြစ်ထားသော ကြောက်စရာကောင်းသည့် အတိတ်က အဖြစ်အပျက်များ တရားအားထုတ်နေစဉ် ပြန်လည်ပေါ်လာနိုင်သည်။ လုံးဝအန္တရာယ်မရှိသည့် အရာဆိုတာ မရှိနိုင်ပါ။ အရာရာတိုင်းသည်အန္တရာယ်ရှိသည့်အတွက် အချိန်ပြည့် ခေါင်းမူးခြုံ ၍ နေရမည်ဟုလည်း မဆိုလိုပါ။ စစ်မှန်သောရှင်သန်ရပ်တည်ခြင်းမဟုတ်ပါ။

အသက်မသေခင်ဘဝဆုံးနေခြင်းသာဖြစ်သည်။ ဘယ်အန္တရာယ်နှင့်တွေဘို့ ဘယ်လောက် ဖြစ်နိုင်ခြေများသည်။ ဘယ်လိုအန္တရာယ်မျိုးနှင့်ကြုံတွေ့နိုင်သည်။ ကြုံတွေ့ခဲ့သော် မည်သို့ ရင်ဆိုင်ရမည် ဆိုတာပြင်ဆင်ထားသင့်သည်။ ဝိပဿနာဘာဝနာ၏ရည်ရွယ်ချက်မှာ သတိ တရား စွဲမြဲမူ တိုးတက်ရန်(develop awareness)ဖြစ်သည်။ ဝိပဿနာဘာဝနာသည်အန္တရယ်မရှိပါ။ ဝိပဿနာဘာဝနာသည် အန္တရယ်များကို ကျော်လွှားရန်အတွက်သာဖြစ်သည်။ သတိတရား လက်ကိုင်ထားခြင်းဖြင့်အန္တရယ်များမှလုံခြုံစေသည်။ တရားဘာဝနာကို စနစ်တကျလေ့ကျင့် အားထုတ်ခြင်းဖြင့်သိမ်မွေ့စွာ တဖြည်းဖြည်းတိုးတက်လာပေလိမ့်မည်။ ဖြေးဖြေးနှင့် မှန်မှန် လေ့ကျင့်လျှင် သင့်၏တရားအားထုတ်မှုသည် သဘာဝအတိုင်းတိုးတက်လာပါလိမ့်မည်။ မည်သည့် အရာကိုမျှအတင်းအကြပ်အပြုလုပ်သင့်ပါ။


အချိန်ပြည့်တရားစခန်းတွင်ကျွှမ်းကျင်သော အရည်အခြင်းရှိသည့် ကမ္မဌာန်းဆရာကောင်းနှင့် လေ့ကျင့် သင်ကြားပါက အလွန်လျှင်မြန်စွာတိုးတက်အောင်မြင်လာလိမ့်မည်။ လွယ်ရာကစပြီး ဖြေးဖြေးမှန်မှန်လေ့ကျင့်ပါကအားလုံးပြီးမြောက်အောင်မြင်လိမ့်မည်။

ဆက်ပါဦးမည်..............

ဆီလျော်အောင်ဘာသာပြန်ဆိုသူ ကောင်းထက်ညွန့် 
by Ven. Henepola Gunaratana (Ven. Henepola Gunaratana)
http://www.urbandharma.org/udharma4/mpe.html