ပညာရှိ
ပညာရှိဆိုတာ ဘယ်လိုလူမျိုးလဲဟု
စဉ်းစားကြည့်မိတိုင်း ကျွန်တော်သည် မဟော်သဓာကို သတိရမိ ပါသည်။ မဟော်သဓာသည်
ဘုရားဖြစ်ဖို့အတွက် ပါရမီဖြည့်နေသော ဘုရားလောင်းဆိုတာကို ဗုဒ္ဓဘာသာဝင်
မြန်မာလူမျိုးတိုင်းလိုလို သိကြပါသည်။ ကျွန်တော်ကတော့
ကြံ့ခိုင်တောင့်တင်းသည့် ကိုယ်ကာယနှင့်ချောမောခန့်ညားကာ တင့်တယ်ပြေပြစ်သည့်
ရုပ်အဆင်းလက္ခဏာရှိသော ယောက်ျားကောင်းတစ်ယောက်အသွင် မဟော်သဓာကို
မြင်ယောင်ကြည့်နေမိပါသည်။ ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော မျက်လုံး၊
မျက်ခုံး၊ နှာတံ၊ ပါးစပ်တို့ဖြင့် ပေါင်းစပ်ထားသော မဟော်သဓာ၏မျက်နှာကို
စိတ်ကူးကြည့်မိပြီး ပညာရှိတွေရဲ့ ရုပ်လက္ခဏာဟာ ဘယ်လိုမျိုးနေပါလိမ့်မလဲဟု
တွေးနေမိပြန်ပါသည်။
ပညာရှိ၏ အဓိပ္ပာယ်သည်
ရုပ်လက္ခဏာကျက်သရေရှိရုံသက်သက် မဟုတ်နိုင်ပါ။ ထိုရုပ်လက္ခဏာပိုင်ရှင်၏
စိတ်ဓာတ်နှင့်လည်း သက်ဆိုင်နေပါသည်။ တကယ်တော့ မဟော်သဓာကို ပညာရှိဟု
အများကခေါ်ဆို သတ်မှတ်ကြသည်မှာ သူ၏ ရုပ်လက္ခဏာထက် သူ၏စိတ်နှလုံးသားက
ပို၍အဓိကကျပေလိမ့်မည်။ ၀ိဒေဟရာဇ်မင်းကြီး နှင့်တကွ သူ၏တိုင်းသူပြည်သားတို့က
မဟော်သဓာကို ပညာရှိဟု တဖွဖွခေါ်ကာ အားကိုးယုံကြည်ကြသည်မှာ
အဘယ့်ကြောင့်နည်း။ ထိုမေးခွန်းကိုသာ ဖြေဆိုနိုင်ပြီဆိုလျှင် ပညာရှိ၏
အဓိပ္ပာယ်ကို ကျွန်တော်တို့အကြမ်းဖျင်း ခြေရာကောက်လို့ရနိုင်ပါလိမ့်မည်။
ထို့ကြောင့် မဟော်သဓာ၏ အပြုအမူတစ်ခုမှ ကျွန်တော်တို့ထုတ်ယူဆင်ခြင်ကြည့်
ကြရအောင်။
မိမိပတ်ဝန်းကျင် မိမိရပ်ရွာ၊ မိမိနိုင်ငံအတွက် အကောင်းဆုံး အကြံဥာဏ်များကို ဖော်ထုတ်ကာ လက်တွေ့အသုံးချတတ်သူမျိုးကိုသာ ပညာရှိဟု ခေါ်ဆိုထိုက်သည်မဟုတ်ပါလား . . .
ဧကရာဇ်မင်းဖြစ်ချင်သော
စူလနီဗြဟ္မဒတ်မင်းသည် တစ်ရာ့တစ်ပါးသော မင်းတို့ကို သူ့လက်အောက်ခံအဖြစ်
သိမ်းသွင်းပြီးဖြစ်သော်လည်း နောက်ဆုံးလက်ကျန်အဖြစ် တိုင်းပြည်တစ်ခု
ကျန်နေပါသေးသည်။၎င်းတိုင်းပြည်မှာ ပညာရှိအမတ် မဟော်သဓာရှိရာ
မိထိလာပြည်ဖြစ်ပါသည်။ ထို့ကြောင့် ၎င်းတိုင်းပြည်ကို သိမ်းပိုက်ဖို့ရန်
စူလနီဗြဟ္မဒတ်မင်းသည် သူ၏ခေါဘဏီတပ်ကြီးဖြင့် မိထိလာကို ၀ိုင်းလေတော့သည်။
မြို့တွင်းသို့ဝင်ဖို့ရန် အကြိမ်ကြိမ်ကြိုးစားသော်လည်း
မဟော်သဓာ၏ ပညာစွမ်းကြောင့် မြို့တွင်းသို့ပင်ဝင်၍မရ ဖြစ်လေသည်။ ထိုအခါ
စူလနီဗြဟ္မဒတ်မင်း စိတ်ဓာတ်ကျ၍ တပ်ခေါက်ပြန်မည်ဟု ပြင်ဆင်သောအခါ
ကေ၀ဋ်ပုဏ္ဏားက မဟော်သဓာနှင့် စကားစစ်ထိုးလိုကြောင်း လျှောက်ထားလေသည်။
သူ၏အကြံမှာ မဟော်သဓာသည် သူ့အဘိုးအရွယ်လောက်ရှိသော ကေ၀ဋ်ပုဏ္ဏားကိုမြင်လျှင်
ရှိခိုးလိမ့်မည်။ ထိုအခါရှိခိုးသူက ရှုံးသူဖြစ်သောကြောင့် မိထိလာကို
သိမ်းပိုက်ရုံသာ ရှိတော့သည် မဟုတ်ပါလား။ ကေ၀ဋ်ပုဏ္ဏား၏အကြံပေးချက်အတိုင်း
မဟော်သဓာထံသို့ ရာဇသံပို့စေလေသည်။ ဤသို့ဖြင့် နောက်တစ်နေ့ နံနက်တွင်
မြို့တံခါးဖွင့်ကာ မဟော်သဓာ ထွက်လာလေသည်။
စကားစစ်ထိုးမည့်နေရာ၌
နှစ်ဦးရင်ဆိုင်တွေ့သောအခါ ကေ၀ဋ်ပုဏ္ဏားက သူ့အတွက်
မည်သည့်လက်ဆောင်ပါလာပါသလဲဟု မေးသည်။ မဟော်သဓာက “ပညာရှိကြီးအတွက်
လက်ဆောင်ကောင်း ယူလာပါသည်”ဟုပြောကာ ၀ိဒေဟရာဇ်မင်းကြီးထံမှ တောင်းယူလာခဲ့သော
နန်းစဉ်ပတ္တမြားကို ကေ၀ဋ်ပုဏ္ဏားလက်သို့ မရောက်မီ သူ့ခြေထောက်အောက်သို့
ရောက်သွားအောင် အသာပစ်ချလိုက်ပါသည်။ ကေ၀ဋ်ပုဏ္ဏားသည် အရောင်တောက်နေသော
ပတ္တမြားကိုမြင်သောအခါ လိုချင်လောဘ တက်လာသောကြောင့် အငမ်းမရအတင်းကုန်းကာ
လိုက်ကောက်လေသည်။ မဟော်သဓာသည် သူ့ရှေ့မှာ ကုန်းကုန်းကွကွလုပ်နေသော
ကေ၀ဋ်ပုဏ္ဏားကို လည်ကုပ်မှဖိနှိပ်ကာ “ကေ၀ဋ်ပုဏ္ဏားကြီး ထပါ။ ကျွန်ုပ်ကို
မရှိခိုးပါနဲ့”ဟု ပြောလေသည်။ ထိုအခါ မဟော်သဓာ၏ တပ်သားများကလည်း
“ကေ၀ဋ်ပုဏ္ဏား မဟော်သဓာကို ရှိခိုးနေပြီ” ဟု ငြာသံပေးကာ ၀ိုင်းအော်ကြလေသည်။
၎င်းအခြင်းအရာကို မြင်သော စူလနီဗြဟ္မဒတ်မင်းနှင့်တကွ တစ်ရာ့တစ်ပါးသော မင်းတို့
အပါအ၀င် ပဉ္စာလရာဇ်တပ်ကြီးသည် ၀ရုန်းသုန်းကားဖြစ်ကာ ထွက်ပြေးကြလေတော့သည်။
သူ့တိုင်းပြည်
ရန်သူ့လက်မှ လွတ်မြောက်ဖို့ မဟော်သဓာအသုံးပြုခဲ့သော လက်နက်မှာ
ပတ္တမြားတစ်လုံးသာ ဖြစ်ပါသည်။ တကယ်တော့ ၎င်းပတ္တမြားသည် ၀ိဒေဟရာဇ်မင်းကြီး၏
ဘိုးဘွားအစဉ်အဆက် ထိန်းသိမ်းလာခဲ့သော နန်းစဉ်ပတ္တမြားဖြစ်ပါသည်။
နန်းတော်ထဲမှာ ခေတ်အဆက်ဆက် အလှပြရုံ၊ ဂုဏ်ယူဝံ့ကြွားရုံသက်သက်အဖြစ်
သိမ်းဆည်းထားခဲ့သော ပတ္တမြားဖြစ်ပါသည်။ သာမန်လူတို့အတွက် ဘာမှမထူးခြားသော
၎င်းပတ္တမြားသည် မဟော်သဓာ၏ မျက်လုံးထဲမှာတော့ ထူးခြားသည့်ပတ္တမြားတစ်လုံး
ဖြစ်ခဲ့ပါသည်။ ဒီပတ္တမြားကို ငါ့တိုင်းပြည်အတွက် ဘယ်လိုအသုံးချမလဲဟု
မဟော်သဓာ စဉ်းစားသည်။ ထို့နောက်တိုင်းပြည်မှာ အရေးကြုံလာသောအခါ ၎င်းပတ္တမြားကို
သူအကွက်ကျကျ အသုံးချခဲ့သည်။ ၎င်းပတ္တမြားကြောင့် သူ့တိုင်းပြည်လွတ်မြောက်
လာခဲ့ရသည်။
အလှပြရုံသက်သက်ထားသော ပတ္တမြားကို
သူ့တိုင်းပြည်လွတ်မြောက်ဖို့အတွက် အသုံးချခံ ပစ္စည်းတစ်ခုအဖြစ် မဟော်သဓာ
မြင်နိုင်စွမ်းခဲ့ပါသည်။ ထိုကဲ့သို့မြင်တတ်သောကြောင့်လည်း မဟော်သဓာကို
အများက ယုံကြည်အားကိုးစွာ ပညာရှိဟု ခေါ်ဝေါ်ခဲ့ကြခြင်းဖြစ်ပါသည်။ ပညာရှိဆိုတာ
စာကြည့်တိုက်ထဲမှာ အချိန်ကုန်ပြီးစာတောပေတောထဲက မထွက်ဘဲ စာသံပေသံနှင့်
စကားကြီး စကားကျယ် ပြောတတ်သူမျိုးမဟုတ်ပါ။ မိမိပတ်ဝန်းကျင် မိမိရပ်ရွာ၊
မိမိနိုင်ငံအတွက် အကောင်းဆုံး အကြံဥာဏ်များကို ဖော်ထုတ်ကာ
လက်တွေ့အသုံးချတတ်သူမျိုးကိုသာ ပညာရှိဟုခေါ်ဆို ထိုက်သည်မဟုတ်ပါလား။
ကျွန်တော်သည်
မဟော်သဓာ၏ အပြုအမူကို ဖတ်ကြည့်ပြီးနောက် မှတ်ချက်ချမိပါသည်။ ဘုရင်
သို့မဟုတ် သမ္မတ သို့မဟုတ် နိုင်ငံ့ခေါင်းဆောင်တို့၏ အနားမှာနေသော
အကြံပေးပုဂ္ဂိုလ်တို့သည် မဟော်သဓာ ကဲ့သို့ ပညာဥာဏ်နှင့်
ပြည့်စုံဖို့လိုပေလိမ့်မည်။ ထိုကဲ့သို့ ပညာဥာဏ်နှင့် ပြည့်စုံမှသာ
တိုင်းပြည်သာယာဝပြောပြီး တိုင်းသူပြည်သားတို့၏
အသက်အိုးအိမ်စည်းစိမ်များလည်း တည်တံ့နိုင်ပါလိမ့်မည်။ ထိုကဲ့သို့
မဟုတ်ဘူးဆိုလျှင်တော့...။
Written by: မောင်ကြည်
http://www.news-eleven.com