လှပသော သဘောထား
တလောတုန်းကလည်း အာရှပလာဇာဟိုတယ်မှာ ကျင်းပသည့် ဆရာမဂျူး၏ ဟောပြောပွဲသို့ ကျွန်တော်တက်ရောက်ခဲ့ပါသည်။ ထိုပွဲမှာ ဆရာမဂျူး၏ လှပသော သဘောထားတစ်ခုကို အမှတ်မထင် တွေ့လိုက်ရသည်။ ဆရာမက သူ၏၀ါသနာတစ်ခုကို ပြောပြပါသည်။ ထိုဝါသနာမှာ သူခရီးထွက်သည့်အခါတိုင်း ရောက်သည့်အရပ်ဒေသမှ ရောက်စုံကျောက်တုံး သေးသေးလေးများကို အမှတ်တရ ကောက်ယူတတ်သည့် ၀ါသနာဖြစ်ပါသည်တဲ့။ သို့သော် သူယူလာသည်မှာ များများစားစားမဟုတ်။ ကျောက်တုံးလေး (၃)လုံးလောက်သာ ဖြစ်ပါသည်တဲ့။ "ငါ သုံးလုံးလောက် ယူလာတာနဲ့ ဘာမှမဖြစ်လောက်ပါဘူးလေ" ဟုတွေးပြီး သူ့ကိုယ်သူ နှစ်သိမ့်လိုက်ပါသတဲ့။ သို့သော် ခုနောက်ပိုင်းကျတော့ သူ့အတွေး တစ်မျိုးပြောင်းလာပါသတဲ့။
၎င်းအတွေးမှာ….
"ငါ သုံးလုံးတည်း ယူလာတာတော့ ဟုတ်ပါပြီ။ တခြားလူအယောက် တစ်ရာလောက်ကလည်း ငါ့လိုမျိုး တစ်ယောက် (၃)လုံးစီ ကောက်လာခဲ့ကြမယ်ဆိုရင် အဲဒီနေရာမှာ ကျောက်ခဲအလုံး (၃၀၀) လျော့သွားပြီပေါ့။ ငါဟာ ငါရောက်နေတဲ့ အရပ်ဒေသရဲ့ ပတ်ဝန်းကျင်အလှကို ပံ့ပိုးကူညီသူလား။ ငါ့အတ္တကို ရှေ့တန်းတင်ပြီး အဲဒီဒေသရဲ့ အလှကို ဖျက်ဆီးလိုက်သူလား"
အဲဒီလို တွေးပြီးနောက်ပိုင်း သူ့ဝါသနာကို တစ်စတစ်စနဲ့ စွန့်လွှတ်လိုက်ပါသတဲ့။
ကျွန်တော် ထင်ပါသည်။ ထိုကဲ့သို့သော သဘောထားမျိုး လူတိုင်းမှာ ရှိလိမ့်မည်မဟုတ်ပါ။ မိမိကိုယ်နှင့် မိမိပတ်ဝန်းကျင်ကို နှိုင်းယှဉ်ချိန်ထိုးကာ အမြဲမပြတ် သတိပြုဆင်ခြင် သုံးသပ်လေ့ရှိသူများမှာသာ ထိုကဲ့သို့သော သဘောထားမျိုး ရှိနိုင်ပါသည်။
ထိုကဲ့သို့ မိမိကိုယ်နှင့် မိမိပတ်ဝန်းကျင်ကို ထပ်တူပြုကာ နှိုင်းယှဉ်လေ့ရှိသူများထဲမှာ အိန္ဒိယခေါင်းဆောင်ကြီး "မဟတ္တမဂန္ဒီ" လည်း တစ်ယောက်အပါအ၀င် ဖြစ်သည်ဟု ကျွန်တော်ထင်ပါသည်။ တစ်ခါက ဂန္ဒီတစ်ယောက် မီးရထားနှင့် ခရီးသွားရာ သူ့ဖိနပ်တစ်ဖက် ရထားပေါ်မှ လွင့်စင်ကာ ပြုတ်ကျကျန်ရစ်ခဲ့ပါသည်။ ရထားက အရှိန်နှင့် ပြေးနေသောကြောင့် ဘယ်လိုမှ ဆင်းကောက်လို့မရနိုင်။ ထိုအခါ ဂန္ဒီ ဘာလုပ်လိုက်သည် ထင်ပါသနည်း။ ချက်ချင်းဆိုသလို ရထားပေါ်မှာ ကျန်ရစ်ခဲ့သည့် သူ့ဖိနပ်တစ်ဖက်ကို အောက်ပစ်ချလိုက်ပါသည်။ အောက်မှာ ကျန်ရစ်ခဲ့သူ တစ်ယောက်ယောက် စီးလို့ရအောင် ထိုကဲ့သို့ လုပ်လိုက်ခြင်း ဖြစ်သည်။ ထိုအကြောင်းကိုဖတ်ရတော့ ကျွန်တော် ဂန္ဒီကို တော်တော်လေး အံ့သြမိပါသည်။ ကျွန်တော်သာဆို သူ့လိုလုပ်မိလိမ့်မည် မထင်ပါ။
"ငါ့ဖိနပ်တစ်ဖက်တော့ သွားပါပြီ" ဆိုပြီး တစ်လမ်းလုံး စိတ်ဆင်းရဲရဲနှင့် လိုက်ပါလာရမည်မှာ သေချာပါသည်။ ဂန္ဒီသည်လည်း ပုထုဇဉ် ဖြစ်သောကြောင့် ပြုတ်ကျသွားသည့် သူ့ဖိနပ်တစ်ဖက်ကို နှမျောမိမှာ သေချာပါသည်။ သို့သော် ၎င်းနှမျောသည့် စိတ်နောက်မှာ "သူများအကျိုး လိုလားသည့်စိတ်၊ သူများအတွက် ထည့်တွက်သည့်စိတ်" က ကပ်လျက်ပါလာသည်ကို ကျွန်တော်တို့ တွေ့လိုက်ရပြီ မဟုတ်ပါလော။
တစ်ခါကလည်း ကာတွန်းဆရာ အော်ပီကျယ်နှင့်ကျွန်တော် လက်ဖက်ရည်ဆိုင်မှာ စကားပြောကြသည်။ ထိုကဲ့သို့ စကားထိုင်ပြောနေကြရာမှ ကျွန်တော်က….
"ဆရာ့ အင်တာဗျူးတွေလည်း တော်တော်များနေပြီနော်။ အဲဒါတွေ အားလုံးကို စုပြီး စာအုပ်ထုတ်သင့်တယ်"
ဟု အကြံပေးလိုက်ပါသည်။ ထိုအခါ ဆရာအော်ပီကျယ်က…
"ဟုတ်ပါ့ဗျာ။ ကျွန်တော့်အင်တာဗျူးတွေ ဟိုမှာပါ။ ဒီမှာပါနဲ့။ အဲဒါ သိပ်တော့ မကောင်းဘူးဗျ။ ခက်တာက ကျွန်တော်ကလည်း အားနာတတ်တယ်ဗျ။ သိပ်ပြောချင်လှတယ်လို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော့်ကိုဗျူးမှ သူတို့ စာမူခရမှာ မဟုတ်လား။ အဲတော့ သူတို့ စာမူခရပါစေဆိုပြီး အားနာနာနဲ့ပဲ ဖြေလိုက်ရတာ များပါတယ်"
ဟု ပြန်ပြောပါသည်။ သြော်…. ဒါလည်း လှပတဲ့ သဘောထားတွေထဲက သဘောထားတစ်ခုပဲ ဖြစ်ပါသည်။
အချိန်နှင့်အမျှ ကိုယ့်အကြောင်းသာ ကိုယ်တွေးပြီး ကိုယ့်အရေးမှကိုယ့်အရေး ဖြစ်နေတတ်သော ကျွန်တော်တို့လို လူမျိုးတွေအဖို့ "မလှပသော သဘောထား" မှ "လှပသော သဘောထား" ဖြစ်လာအောင် "ငါးအလှမွေး" ကြသလို "စိတ်အလှမွေး" ကြရင် မကောင်းဘူးလား။ ရုပ်ခန္ဓာကို လှသည်ထက်လှအောင် ကြည့်ကောင်းသည်ထက် ကြည့်ကောင်းအောင် အမျိုးမျိုးပြုပြင်လို့၇သော ဒီယနေ့ခေတ်မျိုးမှာ နာမ်ခန္ဓာကိုလည်း လှသည်ထက်လှအောင် ကြည့်ကောင်းသည်ထက် ကြည့်ကောင်းအောင် အမျိုးမျိုးပြုပြင်လို့ မရနိုင်ဘူးလား။
တကယ်တော့ ကျွန်တော်တို့ သေချာမတွေးကြည့်လို့ပါ။ တစ်ချိန်လုံး ကိုယ့်အကြောင်းချည်းပဲ ကိုယ်စဉ်းစားနေတာ သေချာတွေးကြည့်ရင် ကြာတော့ ပျင်းစရာကောင်းပါသည်။ ထို့ကြောင့် တစ်ခါတစ်ရံ အပျင်းဖြေသည့်အနေနှင့် စိတ်ပြေလက်ပျောက်သဘောမျိုး သူများအကြောင်းလည်း "အကျိုးရှိရာရှိကြောင်း" တွေးပေးသင့်သည်ဟု ထင်ပါသည်။
- မောင်ကြည်
အတွေးအမြင်၊ အမှတ် (၂၁၈)
၂၀၁၀ ခုနှစ်၊ မေလ