Thursday, February 27, 2014

အလှမျက်နှာ ချိုသောအပြုံး


အလှမျက်နှာ ချိုသောအပြုံး

အလှတရားဆိုတာ ရှာဖွေကြည့်တတ်ရင် နေရာတိုင်းမှာ ရှိနေပါတယ်။ လောကကြီးဘယ်လောက် လှနေနေ အလှတရားကိုခံစားတတ်တဲ့ နှလုံးသားမရှိရင် ရှိရှိသမျှအရာအားလုံးဟာ အကြည်းတန်နေ ပါတယ်။ ပျော်ရာမှာမနေရတဲ့ ကျွန်မတို့လို အဝေးရောက်နေသူတွေရဲ့ နှလုံးသားမှာ အနာတရတွေ များလွန်းတော့ အလှတရားကို ခံစားတတ်တဲ့ ဓာတ်သဘာဝတွေ တဖြေးဖြေးယုတ်လျော့ လာကြပါတယ်။ တကယ့်အလှကို လှတယ်လို့မထင်တော့ပဲ၊ မလှတာတွေကို အလှကြီးလှတယ် ခမ်းနားထည်ဝါတယ်လို့ ထင်ယောင်ထင်မှား ဖြစ်လာကြပါတယ်။

မြန်မာပြည်မှာ တွယ်ကပ်နေရင် ဘ၀ရပ်တည်ဖို့ ခက်ခဲတဲ့အတွက် မလေးမြေမှာ သောင်တင်နေရတာ ခြောက်နှစ်တောင်ပြည့်တော့မယ်။ ဘယ်တော့အပြီးပြန်နိုင်မလဲဆိုတာ မသေချာလှသေးတော့ အနည်းဆုံး ဆယ်စုနှစ်တစ်ခုလောက် သူများတိုင်းပြည်မှာ အချိန်နဲ့လုပ်အားတွေ ပေးဆပ်နေရဖို့ ရှိပါတယ်။ ဘယ်သူကြောင့်၊ ဘယ်သူတွေ မကောင်းတာလို့ မကျေမနပ် အပြစ်တင်ညီးညူနေ ရင်လည်း စိတ်ဓာတ်အင်အားတွေ အလကားကုန်အောင် ဖြုန်းလိုက်သလိုပဲဖြစ်လိမ့်မယ်။ လက်ရှိ ပစ္စုပ္ပာန် အခြေအနေကို လက်ခံနိုင်အောင်ကြိုးစားရင်း၊ ရွှေပြည်တော်ကို ပြန်တဲ့အချိန်မှာ ကျန်းမာစွာ အလုပ်လုပ်နိုင်သေးတဲ့ အခြေအနေရှိအောင် ဂရုစိုက်နေရပါတယ်။ မြန်မာပြည်ကို အပြီးပြန်တော့မယ်လို့ ရင်ကော့ပြီးပြောနိုင်မဲ့နေ့ကို စိတ်ကူးနဲ့ မကြာခဏမှန်းဆကြည့်ဖူး ပါတယ်။

မရောက်သေးတဲ့ အနာဂတ်ကိုသာမျှော်ပြီး၊ လက်ရှိပစ္စုပ္ပန်ကို ကျွန်မ လျစ်လျူရှု နေခဲ့မိပါတယ်။ အနီးအနားမှာရှိနေတဲ့ အလှတရားတွေကို ရှာဖွေကြည့်ဖို့ကိုလည်း အချိန်ပြည့်နီးပါး မေ့နေ့ခဲ့ပါတယ်။ မွန်းကြပ်တဲ့ ခံစားချက်တွေကို အန်ထုတ်မပြစ်ပဲ မြိုသိပ်ထားတော့ နေ့စဉ်လိုလို အီလည်လည် ဖြစ်နေခဲ့ပါတယ်။ တခါတလေ တစိမ်တရံကြားမှာ ကိုယ့်ကိုကိုယ် ကောင်းစွာဆောက်တည် နေနိုင်တာကို ကျေနပ်မိသလို၊ တခါတလေ အားနည်းချက်တွေ များလွန်းတဲ့ ကိုယ်ကိုကိုယ် မကျေနပ် ဖြစ်နေမိပါတယ်။

စိတ်လက်မပျော်ရွှင်စွာနေရင်း တနေ့မှာ ညနေစာမချက်ပဲ မလေးဆိုင်မှာ ထမင်းနဲ့ ဟင်းသွားဝယ်ပါတယ်။ ထမင်းဆိုင်က မလေးအမျိုးသမီးရဲ့ ရွှင်လန်းတဲ့ အပြုံးတစ်စုံက ကျွန်မ နှလုံးသားကို ထိရှသွား ပါတယ်။ ဖော်ရွေပျူငှာတဲ့ အပြုံး၊ ချစ်ခင်နှစ်လိုတဲ့အပြုံး။ မနားမနေ ချက်ပြုတ်ကြော်လှော်ရာက ထမင်းဟင်းခပ်ထည့်ပေးနေတဲ့ သူမရဲ့ မျက်နှာပေါ်မှာ ချွေးတွေ့စို့နေပါ တယ်။ တနေကုန် အလုပ်လုပ်နေတဲ့ သူမမျက်နှာပေါ်မှာ ပင်းပန်းတဲ့ အရိပ်အယောင်ကို မမြင်ရပဲ အပြုံးရောင်တွေသာ ၀င်းပနေပါတယ်။ ရုပ်ရည်မလှပပေမဲ့ ချွေးစို့နေတဲ့သူမရဲ့မျက်နှာဟာ အပြုံးတွေနဲ့ လှနေပါတယ်။ တကယ်လှတာ။ အဲဒီအပြုံးတွေမှာ ချစ်ခြင်းတရားတွေ ရှိနေတယ်။ စေတနာပါပါ အလုပ်လုပ်တဲ့ သူမရဲ့မျက်နှာပေါ်မှာ  ယုံကြည်မှုတွေ ပြည့်တင်းနေတယ်။ သူမရဲ့ ရိုးသားပွင့်လင်းတဲ့ အပြုံးဟာ ကျွန်မရဲ့ နှလုံသားကို လေပြေအေးလေးနဲ့ ဝှေ့ယမ်းလိုက်သလို ခံစားရပါတယ်။ အဲဒီတော့မှ လှသောအပြုံး တစ်စုံရဲ့တန်ဖိုးကို ကျွန်မတွေ့ရှိခဲ့ပါတယ်။

တကယ်လှတဲ့မျက်နှာ ပကတိအတိုင်း ချိုရွှင်ကြည်လင်သော အပြုံးတွေကို အခြေခံအလွှာမှာပဲ ပေါပေါများများ မြင်နိုင်တယ်လိုဆိုရင် လက်ခံကြမလားမသိဘူး။ ဒါပေမဲ့ အခြေခံလွှာက ကြီးပြင်းခဲ့တဲ့ ကျွန်မရဲ့အပြုံးတွေကတော့ ထမင်းရောင်းတဲ့ အမျိုးသမီးရဲ့ အပြုံးလို လှမနေပါဘူး။ တခါတလေ ဟန်လုပ်ပြီး ပြုံးရတယ်။ မချိပြုံးလဲ ပြုံးတယ်။ မလုံမလဲ ပြုံးတဲ့အခါတွေလည်း ရှိတယ်။ တခါတလေ ကျွန်မရဲ့အပြုံးထဲမှာ ဘာမှမပြောလောက်တဲ့ ပညာမာန်တွေ ရောယှက်နေပါတယ်။ မှန်မကြည့်ပဲ ပြန်မြင်နေရတဲ့ ကျွန်မရဲ့မျက်နှာပေါ်မှာ ပူပင်သောကတွေ၊ စိတ်ဖိစီးမှုတွေနဲ့ တွေဝေမှု တွေကို လူမသိအောင် ဖုံးကွယ်ထားတဲ့ အရိပ်တွေနဲ့ ပြည့်နေပါတယ်။ အဲဒီအရိပ်တွေပေါ်က အပြုံးဟာ ဘယ်လိုလှနိုင်ပါ့မလဲ။

ကိုယ်တိုင်လှအောင် မပြုံးနိုင်ပေမဲ့ လှသောအပြုံးပိုင်ရှင်တွေကို ကျွန်မချစ်ခင်ပါတယ်။ မလေးရှားမှာ ညဈေးလျှောက်ရင် ဈေးရောင်းကောင်းလို့ ပြုံးရွှင်နေတဲ့ ဈေးသယ်တွေရဲ့ မျက်နှာတွေဟာ ချစ်ခင်နှစ်လို စရာကောင်းပါတယ်။ ကြုံလို့ မလေးရှားမှာ ညဈေးလျှောက်တဲ့ အတွေ့ အကြုံလေးကို  ထည့်ရေးချင်ပါတယ်။ ညဈေးကို ဘယ်သူနဲ့ လျှောက်လဲသိချင်လား။ တစ်ယောက်ထဲပေါ့လေ။ တခါတလေ တစ်ယောက်ထဲ လွတ်လွတ်လပ်လပ် သွားလာရတာကို သဘောကျမိပေမဲ့၊ တခါတလေတော့လည်း အဖော်ပါရင်ကောင်းမှာပဲလို့ တွေးမိပါတယ်။ ညဈေးဆိုပေမဲ့ မိန်းကလေး တစ်ယောက်ထဲသွားရတာဆိုတော့ ညနေပိုင်း မိုးမချုပ်ခင် သွားလေ့ရှိပါတယ်။ ကျွန်မ ပုံစံက တရုတ်မနဲ့ ခပ်ဆင်ဆင်၊ လမ်းသွားရင်လည်း ခပ်တည်တည်ဆိုတော့ အနှောင့်အယှက်ကင်း ပါတယ်။

ညဈေးမှာ ဟင်းသီးဟင်းရွက်နဲ့ သားငါးတွေ ဈေးသက်သာပြီး၊ လတ်လတ်ဆတ်ဆတ် ရပါတယ်။ စားစရာမျိုးစုံနဲ့  ပေါချောင်ကောင်း အသုံးအဆောင်ပစ္စည်းတွေ ၀ယ်လို့ရပါတယ်။ ဈေးလည်းဆစ်လို့ ရပါတယ်။ တချို့စားစရာ တွေကို ဘာမှန်းမသိလို့ ကျွန်ဝယ်လေ့မရှိပါဘူး။ တစ်ညနေမှာတော့ ပဲသီးနဲ့ မုံလာဥတွေကို တရုတ်စတိုင် သုတ်ထားတာကိုတွေ့လို ကျွန်မစပ်စု ကြည့်လိုက်ပါတယ်။ ဈေးရောင်းတဲ့ တရုတ်မက နည်းနည်းမြည်းစမ်းကြည့်ပြီး၊ ကြိုက်ရင်ဝယ်လေတဲ့။ မကြိုက်ပဲနဲ့ ၀ယ်ရင်  အလကားပိုက်ဆံဖြုန်းသလို ဖြစ်မယ်လို့ ပြောပါတယ်။ ဒီလို ပညာရှိတဲ့ ဈေးသယ်တွေကို ကျွန်မလေးစားပါတယ်။ ကိုယ့်ပစ္စည်း ရောင်းကုန်ရင်ပြီးရောလို့ သဘောထားပြီး အတင်း မရောင်းဘူး။ မလိုအပ်ပဲ ၀ယ်ချင်အောင် မစည်းရုံးဘူး။ ဈေးရောင်းသူ ပစ္စည်းလုတ်လုပ်သူတိုင်း ၀ယ်ယူစားသုံးသူတွေရဲ့ အကျိုးကိုထည့်သွင်းစဉ်းစားပြီး၊ စားသုံးသူတွေရဲ့ အခွင့်အရေးကို လေးစားတတ်ကြရင် ရောင်းသူဝယ်သူတွေအားလုံးရဲ့ အပြုံးတွေဟာ လှနေမှာပါ။

ကျွန်မသွားလေ့ရှိတဲ့ ညဈေးက တရုတ်ညဈေးဆိုတော့ တရုတ်ဈေးသယ်တွေများ ပါတယ်။ မြန်မာပြည်မှာ တရုတ်လူမျိုးဆိုရင် အလယ်အလတ် တန်းစားနဲ့ အထက်တန်းလွှာမှာပဲ ကျွန်မ တွေ့ဖူးပါတယ်။ မလေးရှားမှာတော့ တရုတ်တွေကို လူတန်းစား အလွှာအားလုံးမှာ တွေ့ရပါတယ်။ ကျွန်မက သူနာပြုဆရာမဆိုတော့ ကျွန်မနဲ့ သိကျွမ်းခင်မင်တဲ့ မလေးရှားလူမျိုးအများစုက သူနာပြုတွေ၊ ဆရာဝန်တွေနဲ့ အလွှာပေါင်းစုံက လူနာတွေပဲ ဖြစ်ပါတယ်။ မလေးရှားနိုင်ငံမှာ မလေး၊ တရုတ်၊ အင်ဒီယန်လူုမျိုးတွေ အားလုံးနဲ့ ကျွန်မ ခင်မင်ရင်းနှီးပါတယ်။ သူတို့တွေ အချင်းချင်း ကြားမှာ လူမျိုးရေး ဘာသာရေး မကျေနပ်ချက်တွေ ရှိကြပေမဲ့ သူတို့တွေအားလုံး တိုင်းပြည်ကို ချစ်ကြပါတယ်။ မလေးရှားနိုင်ငံသားမို့ မလေးရှားမြေကို ချစ်ကြတဲ့ စိတ်ဓာတ်တွေကို ကျွန်မ လေးစားပါတယ်။ မြန်မာ့မြေမှာ ကြီးပြင်းကြတဲ့ မြန်မာနိုင်ငံသား တရုတ်နဲ့ အင်ဒီယန်းမျိုးနွယ်တွေ မြန်မာပြည်ကို ချစ်ကြသလားဆိုတော့ ကာယကံရှင်တွေပဲ အသိဆုံးဖြစ်ပါလိမ့်မယ်။ မတူညီကွဲပြား ကြတဲ့သူတွေ အချင်းချင်း ချစ်ခင်လေးစားကြရင် အပြုံးတွေဟာ လှနေမှာပါ။

ညဈေးက အပြုံးပိုင်ရှင်တွေအကြောင်း ပြောစရာ ကျန်သေးတယ်။ တချို့ ဈေးသယ်တွေ ဗမာတွေနဲ့ခင်နေကြတော့ ဗမာစကားကို သင်ထားကြပါတယ်။ ဈေးဝယ်သူက ဗမာမှန်းသိရင် “လာပါ ၀ယ်ပါ ဈေးတော်တော်တယ် ဈေးတော်တယ်လို့ မပီတပီပြောတာကို ကြားတော့ ကျွန်မသဘောကျလို့ ပြုံးမိပါတယ်။ တချို့ တရုတ်ဈေးသယ်တွေ အသက်တော်တော်ကြီးကြပေမဲ့ ကျန်းမာသန်စွမ်းကြတာ အားကျစရာ ကောင်းပါတယ်။ အလုပ်ကို တန်ဖိုးထားတဲ့ သူတို့မျက်နှာပေါ်က အပြုံးတွေဟာ ချစ်စရာကောင်း ပါတယ်။ ချွေးတွေစို့ပြီး၊ အဆီပျံနေတဲ့ သူတို့မျက်နှာပေါ်က အပြုံးတွေကို မြင်ရတာ တကယ်ကို စိတ်ချမ်းသာစရာ ကောင်းပါတယ်။ သူတို့ရဲ့ အပြုံးမျက်နှာတွေဟာ ရွာကအဖေနဲ့ လယ်သမားတွေ လယ်ကွင်းထဲ နေပူကျဲမှာ ပြုံးပျော်ရယ်မောနေကြတဲ့ မျက်နှာတွေနဲ့ အလှချင်းတူ ပါတယ်။ လူတွေ ကိုယ့်ရဲ့ ကာယအား ဥာဏအားစစ်စစ်ကို ထိုက်ထိုက်တန်တန် ရင်းနှီးပြီး ငွေရှာကြရင်၊ အကျိုးကိုသာတူညီမျှ ခံစားတတ်ကြရင် အပြုံးတိုင်းဟာ လှနေမှာပဲ။

ကျွန်မတို့ချစ်တဲ့ ရွှေပြည်ကြီးထဲမှာ လှပစွာပြုံးနိုင်တဲ့လူ ဘယ်နှစ်ရာခိုင်လောက်ရှိမလဲ။ ကောင်းကျိုး ချမ်းသာမှန်သမျှကို လက်ဝါးကြီးအုပ်ထားတဲ့ လူတစ်စုရဲ့ အပြုံးတွေက သွေးရင့်ရောင်းသန်းနေပြီး၊ ဆင်းရဲတွင်းက မထွက်နိုင်ကြတဲ့ လူအများစုရဲ့ မျက်နှာတွေကတော့ ဖြူဖတ်ဖြူရော်။ အကျိုးကို မျှော်လို့ လာတ်ပေးတဲ့လူက ဂါရ၀ပြုတာပါလို့ စကားလုံးလှအောင်သုံးပြီး ပြုံးတဲ့မျက်လုံးနဲ့ လာတ်ရတဲ့လူရဲ့ အပြုံးတွေဟာ အရောင်ကြည်လင် ပါရဲ့လား၊ ။ ခေတ်ပျက်မှာ လာဒ်မြင်လို့ ကြီးပွားကြတဲ့ လူတွေရဲ့အပြုံး၊ ငွေမျက်နှာပဲ ကြည့်တဲ့ ပွဲစားတွေရဲ့ အပြုံးကို ဘယ်လိုတင်စားရင် ကောင်းမလဲ။ ခေတ်စနစ်ရဲ့ဒဏ် သမိုင်းရဲ့ဒဏ်ကြောင့် ပညာရဲရင့် ပွဲလယ်တင့်နေရမဲ့အစား ယုံကြည်ချက်ပျောက်ဆုံးနေတဲ့ ပြည်တွင်းက လူငယ်အများစုရဲ့ မျက်နှာတွေ၊ ပြည်ပမှာ နှလုံးနာနေကြတဲ့ အရွယ်ကောင်း လူငယ်လူရွယ်တွေရဲ့ မျက်နှာပေါ်မှာ အရောင်တွေဟာေ၀၀ါးနေပါတယ်။

အလုပ်လုပ်သူတိုင်း ၀၀လင်လင်စားသောက်ရပြီး၊ ပညာတတ်ဘွဲ့ရ မှန်သမျှ လူတန်းစေ့နေနိုင်တဲ့ မလေးရှားလူမျိုးတွေရဲ့ မျက်နှာဟာ ကျွန်မတို့ မြန်မာတွေရဲ့ မျက်နှာထက် အရောင်ကြည်လင် ပါတယ်။ များများမတိုးတက်ချင်နေပါ။ ကျွန်မတို့နိုင်ငံ မလေးရှားလောက် ကောင်းလာခဲ့ရင် ကျွန်မတို့ ရွှေမြန်မာတွေရဲ့ မျက်နှာတွေ ရွှင်လန်းလာကြမှာပါ။ မြန်မာတွေရဲ့မျက်နှာပေါ်က လှသောအပြုံးတွေကို မြင်ရတဲ့နေ့၊ အဲဒီနေ့ရက်ကိုရောက်ရင်..နေရောင်လရောင်မလိုပဲ အပြုံးရောင်တွေနဲ့ ကျွန်မတို့ တိုင်းပြည် လင်းထိန်နေမှာ…

နှလုံးသွေးဖြင့်ရေးပါသည်..
စံပယ်ဖြူ
၂၀။၀၂။၂၀၁၃
http://sabephyu.blogspot.com  မြစ်တစ်စင်း၏ ရာဇ၀င် ဘလော့တွင် ရေးပါသည်။