Saturday, February 15, 2014

လောကဓံမုန်တိုင်းများ နှင့် ကြံ့ခိုင်သည့်စိတ်ထား


“ လောကဓံမုန်တိုင်းများ နှင့် ကြံ့ခိုင်သည့်စိတ်ထား'' 

ယသ ၊ အယသ ဆိုတာ လောကမှာ အခြွေအရံတွေနဲ့၊ အပေါင်းအသင်းနဲ့ပျော်ပျော်ပါးပါး ဒီလို နေရတဲ့အလှည့် ရှိတယ်။ တစ်ခါတစ်လေ ကျတော့ မရှိဘူး။ တစ်ယောက်တည်း ငုတ်တုတ် ။ ဒီလိုလည်း ဖြစ်တတ် သေးတယ်နော်။ အခြံအရံများတဲ့အခါ ရှိသလို ၊ အခြံအရံ မရှိတဲ့ အခါလည်းရှိတယ်။ အခြံအရံ များလို့ရှိရင်၊ အသိုင်းအ၀ိုင်းများလို့ရှိရင် စိတ်ဓါတ်က တစ်မျိုး ၊ အသိုင်း အ၀ိုင်းမ၇ှိဘူး ၊ တစ်ယောက်တည်း ဘယ်သူကမှ အဖက်မလုပ်ဘူး၊ ကိုယ့်ကို အပေါင်းအသင်းမလုပ်ဘူးဆိုရင် စိတ်ဓါတ်က တစ်မျိုးဖြစ်သွားပြန် တယ်။ အဲဒါ ကြံ့ခိုင်တဲ့စိတ်ထား မရှိလို့ဘဲတဲ့။

အခြံအရံနဲ့ နေလို့ရှိရင် “ သြော် ဒီအခြံအရံတွေ ငါနဲ့အတူတကွ နေတဲ့ပုဂ္ဂိုလ်တွေအပေါ်မှာ၊ ကောင်းကျိုးကို ငါဘာလုပ်ပေးရမလဲ”။ သူတို့ရဲ့ ကောင်းကျိုးကို ငါဘာအကျိုးပြုနိုင်သလဲ။ ဟော စဉ်းစား ရမယ်။ အခြံအရံ မဲ့လာပြီဆိုလိုရှိရင် တစ်ယောက်တည်း နေတဲ့အခါကျလို့၇ှိရင် “ သြော် တရားနှလုံးသွင်း ဖို့ငါ့မှာ အချိန်ရလိုက်တာ၊ ငါလုပ်ချင်တာတွေ ကောင်းကောင်းမွန်မွန် လုပ်လို့ရပြီ။” ဟော ဒီလို စဉ်းစားလိုက် လို့ရှိရင် စိတ်ဓါတ်ကျစရာ ရှိပါ့မလား။ မရှိဘူး။

အဲဒီလို မတွေးဘဲနဲ့ “ သြော် ငါ့ဆီဘယ်သူမှ မလာကြဘူး။ ငါတစ်ယောက်တည်း ပစ်ထားတယ် ဆိုရင်၊ စိတ်ထဲမှာဟော lonely ဖြစ်လာတယ်။လူတွေမှာ lonely ဖြစ်လာရင် Depression ဖြစ်ပြန် ရော၊ များသောအားဖြင့် နိုင်ငံခြား တိုင်းပြည်တွေမှာ ဟောဒီ lonely ဖြစ်ပြီးတော့ တစ်ကိုယ်တည်းနေရလို့ Depression ဖြစ်တဲ့သူတွေ အများကြီးရှိတယ်နော်။

မြန်မာပြည်မှာ အဲဒါအဖြစ်နည်းတယ်။ ဘာဖြစ်လို့တုန်းဆိုရင် ဗုဒ္ဓတရားတော်နဲ့ မြန်မာလူမျိုးတွေရဲ့ နှလုံးသွင်းတရားနဲ့ လူတွေရဲ့ အလေ့အကျင့်တွေကြောင့် မြန်မာပြည်မှာ သိပ်ပြီးတော့ lonely မဖြစ်ကြဘူး။ အထူးသဖြင့် အသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေ၊ ဟိုး အနောက်တိုင်းတွေမှာ တကယ် lonely ဖြစ်ကြတာ။ ဘုန်းကြီးတို့ဂျာမဏီသွားတယ်။ အဘွားအို ၊ အဘိုးအိုကြီးတွေ လမ်းမှာ ဈေးခြင်းတောင်းလေး ဆွဲပြီးတော့ သွားနေကြတာတွေ့တယ်။

တစ်ခါတစ်ရံမှာ အဘိုးကြီးနဲ့ အဘွားကြီး နှစ်ယောက် တွေ့ရတယ်။ တစ်ခါတစ်ခါ အဘိုးကြီး တစ်ယောက်တည်းတွေ့တယ်။တစ်ခါတစ်လေ အဘွားကြီး တစ်ယောက်တည်း တွေ့တယ်။ တွေ့တဲ့အခါမှာ သူတစ်ယောက်တည်းဆိုတော့ lonely ဖြစ်လို့ ဘာလုပ်သလဲဆိုရင် ခွေးကလေး မွေးထားတယ်။ ခွေးကလေးနဲ့သွားတယ်။ ခွေးကလေးကို အဖော်ပြုထားတယ်။

လူဆိုတာ တစ် ယောက်တည်း မနေတတ်ဘူး။ တစ်ယောက်တည်းဆိုလို့ရှိရင် လူကကြောက်စိတ် ၀င်တာလည်းဖြစ်တယ်။ ပျင်းတာလည်း၇ှိတယ်။ ဒါသတ္တ၀ါရဲ့သဘောပဲ။ တစ်ယောက်တည်း နေရင်ပျင်းတယ်။

လူမပြောနဲ့ ဗြဟ္မာတွေတောင်မှပဲ တစ်ယောက်တည်းနေရရင် ပျင်းလာတဲ့ သဘောရှိတယ်။ ကမ္ဘာကြီး ပျက်သွားပြီး၊ ကမ္ဘာပြန်တည်တဲ့အချိန်မှာ ဗြဟ္မာပြည် ပြန်ပေါ်လာတဲ့အခါမှာ အဦးဆုံး အထက် ဗြဟ္မာဘုံက ဗြဟ္မာတစ်ဦးဟာ ရှေးဦးစွာ ဗြဟ္မာအနေနဲ့ ဖြစ်ပေါ်လာတယ်။ ကမ္ဘာပေါင်း မြောက်မြားစွာ သူတစ်ယောက်တည်းပဲ။ အဲဒီလိုဖြစ်လာတဲ့အခါ သတ္တ၀ါဆိုတာ အပေါင်း အဖော်လေးနဲ့နေချင်တာ။ ကြည့် ဗြဟ္မာကြီးကလည်း အပေါင်းအဖေါ်လေးနဲ့နေချင်တာဆိုတော့၊ သူတစ်ယောက်တည်းနေရတာ ကြာလာတဲ့ အခါ သူ့စိတ်ထဲမှာ ဘယ်လိုတမ်းတလာသလဲဆိုရင် “ အေး ခုအချိန်မှာ ငါ့အဖော်ကလေး ၊ ဘာလေး လာရင် ကောင်းမှာပဲ” ဒီလို စိတ်ထဲမှာ ဖြစ်လာတယ်။

အဲဒီလို စိတ်ဖြစ်လိုက်တဲ့ အချိန်မှာ “ ထန်းသီးကြွေခိုက် ကျီးနင်းခိုက် (သို့မဟုတ်) ထန်းသီးကြွေ ခိုက် ကျီးပျံခိုက်” (အဲ မြန်မာစကားကတော့ “ ထန်းသီးကြွေခိုက် ၊ ကျီးနင်းခိုက်” နဲ့ ပြောကြတယ်နော်။ စာထဲမှာပါတဲ့အတိုင်းပြောရင် ၊ “ထန်းသီးကြွေ ခိုက် ကျီးပျံခိုက်” ဆိုတာကအမှန်၊ ထန်းသီးက ကြွေအကျ၊ ကျီးကဖြတ်အပျံ၊ ထန်းသီးကနေ ကျီးကန်းကိုဖိမိပြီးတော့ သေတယ်ဆိုတဲ့ဟာပြောတာနော်။ အပေါ်က ထန်းသီးကပြုတ်အကျ၊ ကျီးကအောက်ကဖြတ်အပျံ ကျီးသေသွားတယ်။

အဲဒါမျိုးကိုဆိုလိုတယ်။“ထန်းသီး ကြွေခိုက် ကျီးပျံခိုက်”။ သို့သော် မြန်မာပြည်မှာ ဒီလိုမျိုး အပြောများတာက “ ထန်းသီးကြွေခိုက် ကျီးနင်းခိုက်”လို့ပြောတယ်နော်။ ကျီးက ထန်းသီးပေါ် တက်နားလို့၊ထန်းသီးက ကြွေကျသွားတယ်လို့ပြော တယ်။ ပါဌိစကားလုံးမှာ “ကာက တာလိယ” ဆိုတဲ့စကားလုံး၇ှိတယ်။ “ကာကတာလိယ” ဆိုတဲ့စကားလုံး ရှိတယ်။ ကာက တာလ။ ကာက ဆိုတာကျီး ၊ တာလဆိုတာက ထန်းသီး၊ အဲဒီကျီးနဲ့ ထန်းသီးလို မရည်ရွယ်ဘဲနဲ့ ၊ မတော်တဆ ဖြစ်သွားတာကို ဆိုလိုတယ်။)

အဲဒီ ဗြဟ္မာကြီးဟာလည်း သူက စိတ်ကူးလိုက်တာ။
“ ငါတစ်ယောက်တည်းဆိုရင် ပျင်းစရာကြီး၊ နောက်တစ်ယောက်ပေါ်လာရင်တော့ ကောင်းမှာဘဲ” လို့ တွေးလိုက်တဲ့အချိန်လေးမှာ ဗြဟ္မာတစ်ယောက် ဘွားကနဲ ရောက်လာတယ်။ ဗြဟ္မာပြည်မှာ တဖြည်းဖြည်းလေး မွေးနေရတာ မဟုတ်ဘူး။ ဥပပတ် ပဋိသန္ဓေအရ ဗြဟ္မာတစ်ဦး ရုတ်တရက် ပေါ်လာ တာ။ ပေါ်လာတော့ သူ့အတွေးလေးထဲမှာ ဘယ်လိုတွေးမိသလဲဆိုတော့ “ကြည့်၊ ငါ့ဆန္ဒအရပေါ်လာတာ၊ ဒါငါဖန်ဆင်းတာ”။ ဟော ဖန်ဆင်းရှင်ဝါဒ အဲဒီကစလာတယ်။ သူအတွေးနဲ့သူ၊ ကိုယ့်အတွေးနဲ့ကိုယ်၊ သူက “သြော် ငါကဒီဗြဟ္မာကို ဖန်ဆင်း လိုက်တာ၊ အဲဒီတော့ ငါဖန်ဆင်းနိုင်သူ၊ အရာခပ်သိမ်းကို ငါမြင်သူ၊ လောက ကြီးကို ကြီးစိုးသူ” ဆိုတဲ့ အတွေးတွေနဲ့ သူ့ကိုယ်သူ အထင်ကြီးသွားတယ်။

အဲ နောက်ရောက်လာတဲ့ ဗြဟ္မာက၊ သူကသက်တမ်းသိပ်ကြာအောင် မနေရဘူး။ မကြာခင် ဗြဟ္မာ ပြည်က စုတေသွားပြီး လူ့ပြည်သွားဖြစ်တယ်။ ဖြစ်လာတဲ့အခါ သမထကျင့်စဉ်တစ်ခုကို အောင်အောင် မြင်မြင် ကျင့်တယ်။ ဘာရသလဲဆိုရင်“ပုဗ္ဗေနိဝါဿ နုဿတိ” အတိတ်ဘ၀ကို သိနိုင်တဲ့၊ ပုဗ္ဗေနိဝါသ အဘိညာဉ်ကိုရတယ်။ သူကပြန်ပြီးတော့ ကြည့်လိုက်တဲ့အခါ သူဗြဟ္မာ့ပြည်ကလာတယ်ဆိုတာ သွားမြင်တယ်။ ဗြဟ္မာ့ပြည်ကလာတုန်းက အဲ့ဒီမှာ ဗြဟ္မာကြီးတစ်ဦးရှိတယ်ဆိုတာလည်း သူမြင်တယ်။

အဲ့ဒီတော့ သူ့မှာ အယူအဆတစ်ခု ဘယ်လိုပေါ်လာတုန်းဆိုရင် “အဲ့ဒီ ဗြဟ္မာကြီးက ငါမရှိခင် ကတည်းကရှိနေတဲ့ဗြဟ္မာကြီး။ သူကဟိုမှာရှိနေတုန်း ငါကသေရတယ်။ သူသိပ်အသက်ရှည်တယ်။ သူက သေမှာမဟုတ်ဘူး။ ငါပဲသေရတယ်” ဆိုပြီးတော့ အဲ့ဒီလိုတွေးတာကနေပြီးတော့ သူကလူတွေကို တဆင့် ဖြန့်တယ်ပေါ့။ “မဟာဗြဟ္မာဆိုတာ၊ လောကကြီးကိုဖန်းဆင်းတာရှိတယ်။ ငါ့လည်းသူဖန်ဆင်းဆာ။ ငါက အစောကြီးသေရပြီး၊ အခုလူ့ပြည်မှာ လာဖြစ်ရတယ်” ဆိုပြီး သူကနေ လိုက်ဟောလိုက်တာနဲ့ “ထာဝရ ဘုရားဖန်ဆင်းတယ်” ဆိုတဲ့ အယူအဆပေါ်လာတယ်လို့ ဒီဃနိကာယ်ဗြဟ္မဇာလသုတ်မှာ ဒီလိုဟော ထားတယ်နော်။ ဒါ “ထာဝရဘုရား အယူအဆ” ဆိုတာ အဲ့ဒီက အစပေါ့။

“လောကကို ဗြဟ္မာက ဖန်ဆင်းတယ်ဆိုတဲ့ အယူအဆဟာ မတော်တဆပေါ်လာခဲ့တဲ့အယူအဆ တစ်ရပ်ပဲ “ တကယ်ကတော့ သူဘယ်သူမှဖန်ဆင်းတာမဟုတ်ဘူး။ ကိုယ့်အတွေးနဲ့ကိုယ် စဉ်းစားရာက ဒီအယူအဆတစ်ရပ်ပေါ်လာတယ်လို့ပြောတာ။

အေး ဗြဟ္မာတောင်မှပဲ သူတစ်ဦးတည်း ပျင်းတယ်ဆိုတဲ့ စိတ်ရှိတော့ လောကမှာ လူတွေက အယသ တစ်သောင်တည်း နေရပြီဆို Lonely ဖြစ်လာကြတယ်။ Lonely ဖြစ်လာပြီး Depression ၀င်လာတယ်။ ဟော ဒါမျိုးတွေ ဖြစ်လာနိုင်တယ်။

နိုင်ငံခြား တိုင်းပြည်တွေမှာ ပိုပြီးတော့ ဆိုးတာပေါ့။ မြန်မာပြည်မှာရှိတဲ့ အဘိုးအဘွားတွေက သားတွေက သားတွေ၊ သမီးတွေ၊ မြေးတွေ၊ မြစ်တွေကနေ ဂရုစိုက်ကြတော့၊ သိုက်သိုက်ဝန်းဝန်းဆိုတော့ ကံကောင်းကြတယ်လို့ပြောရမှာပေါ့။ ဟိုမှာကျတော့အဘိုးကြီးတွေ၊ အဘွားကြီးတွေ၊ သားသမီးတွေနဲ့ Christmas နေ့တို့၊ New Year တို့မှာပဲ ဆုံတွေ့ကြတယ်။ တစ်ချို့ကျတော့ Greeting Card လေး ပို့လိုက်တာနဲ့ပဲ ကျေနပ်နေရတယ်။ တစ်ခါတစ်ရံ အိမ်ပြန်လာတာမျိုးကြုံရတယ်။

အေး အဲ့ဒီ အဘိုးကြီးတွေ လမ်းမှာ တစ်ခါတစ်လေ လဲပြီးတော့ သေသွားတာရှိတယ်။ ခွေးကလေး တစ်ကောင်နဲ့နေတာ ၊ အိမ်ထဲမှာသေနေတာရှိတယ်။ ဒီလိုအမျိုးအမျိုးပဲသူတို့ဆီမှာနော်။ တကယ့်ကို Lonely ဖြစ်တယ်။ အဲ့ဒီလို “အယသ” လို့ခေါ်တဲ့ တစ်ကိုယ်တည်း နေရပြီ၊ အခြံအရံကင်းမဲ့ပြီဆိုရင် လူတွေမှာ စိတ်ဓါတ်ကျသွားတတ်တယ်။

အဲ့ဒီလို စိတ်ဓါတ်မကျအောင် တစ်ယောက်တည်းနေရပြီဆို အကျိုးရှိတဲ့အလုပ် ဘာရှိလဲ ? အကျိုးရှိအောင် ငါဘာလုပ်မလဲ?။ ကိုယ့်မှာ အဖော်ကောင်းတစ်ခု ရှာထားဖို့လိုတယ်။ အဖော်ကောင်းဆိုတာ ဗုဒ္ဓဘာသာဝင် သူတော်စင်တွေအတွက် ကမ္မဌာန်းနဲ့နေတယ်၊ တရားနဲ့ နှလုံးသွင်းပြီးနေတယ်။ Lonely မဖြစ်ဘူး။ စိတ်ဓာတ် ထိန်းနိုင်သွားတယ်။

အေး ဒါကြောင့်မို့လို့ အခြံအရံများတယ်ဆိုရင်လည်း ကိုယ့်စိတ်က စဉ်းစားရမှကြ “သူတို့အတွက် ငါဘာလုပ်ပေးရမလဲ” သြော် ငါ့မှာ နောက်လိုက် နောက်ပါတွေ များနေတယ်” ဆိုပြီးတော့ အထင်မကြီးနဲ့ “အခုလို ဖြစ်တာလည်း တစ်ခဏပဲ” ။ နောက်ကျတော့ တစ်ယောက်မှ မရှိတဲ့ အခြေအနေမျိုး ရောက်နိုင်တယ်။ “အခြံအရံများနေတဲ့အခိုက် ငါ သူတို့အတွက် ဘာလုပ်ပေးနိုင်သလဲဆိုတာ” ဆင်ခြင်စဉ်းစားတာ ဒါလမ်းမှန်ကျတယ်။

အခြံအရံကင်းမဲ့သွားပြီ ဆိုလို့ရှိရင်၊ “အေး အခြံအရံ ကင်းမဲ့တယ်ဆိုတာလည်း တစ်ခဏပဲ၊ ထာဝရမဟုတ်ဘူး။ အခြံအရံမရှိတဲ့အချိန်မှာ တရား ဓမ္မ နှလုံးသွင်းချိန်တွေ ငါ့မှာ ပိုရလာတယ်။ စာဖတ်ချိန်တွေ ငါ့မှာပိုရလာတယ်” စသည်ဖြင့် ဒီလို ဆင်ခြင်သုံးသပ်ပြီး ကိုယ့်စိတ်ကို Lonely မဖြစ်အောင်၊ Depression မရအောင်၊ စိတ်ဓာတ်ကျတာမျိုးမဖြစ်အောင် ဆင်ခြင်စဉ်းစားရမယ်။ ဒါ လောကဓံကို ကြံ့ကြံ့ခံတဲ့နည်းတွေပေါ့နော်။ လောကဓံကို ကြံ့ကြံ့ခံနိုင်ရမယ်။

အဲ့ဒီလိုမှ ကြံ့ကြံ့မခံနိုင်ဘူးဆိုရင်၊ အခြံအရံများရင် စိတ်ထားက တစ်မျိုးဖြစ်သွားတယ်။ အခြံအရံမဲ့လို့ရှိရင် စိတ်ထားက တစ်မျိုးဖြစ်သွားပြီးတော့၊ စိတ်ဓါတ်မတည်ငြိမ်မှု ကြံ့ခိုင်မှု မရှိသည့်အတွက်ကြောင့် လောကဓံမုန်တိုင်းတိုက်တိုင်း ယိမ်းထိုးနေတဲ့စိတ်၊ မတည်ငြိမ်တဲ့စိတ်တွေနဲ့ဆိုရင် သူ့ရဲ့ သန္တာန်မှာ ကောင်းကျိုးချမ်းသာတွေ မရနိုင်ဘူး။

ကောင်းတဲ့လောကဓံနဲ့တွေ့ရင် စိတ်က သဘောကျ၊ ကျေနပ်တယ်ဆိုတာ အဘိဓမ္မာ သဘောအရ ဘာဖြစ်တာတုန်းလို့ဆိုရင်၊ ဗုဒ္ဓမြတ်စွာက အဲ့ဒါကို အနုရောဓ လို့ခေါ်တယ်။ ဒီအာရုံပေါ်မှာ ကျေနပ်ပြီး။ လိုက်ရောတာ။ အဲ့ဒီ အနုရောဓ ဆိုတာ ဘာတုန်းဆိုရင် လောဘရဲ့ သဘောပဲ။ လောဘဖြစ်တာ။ ကိုယ်ကြိုက်တဲ့ အနေအထားလေး ရလာလို့ရှိရင်၊ တွယ်တာပြီးတော့ စိတ်ကကျေနပ်နေတာ၊ အနုရောဓ လိုက်လျောတာ လောဘနော်။

အကယ်၍ ကိုယ်မလိုချင်တဲ့ မကာင်းတဲ့ လောကဓံနဲ့ ကြုံပြီဆိုလို့ရှိရင် အဲ့ဒီအနေအထားကို စိတ်က ဆန့်ကျင်လာတယ်။ ဆန့်ကျင်တာကို ၀ိရောဓလို့ ခေါ်တယ်။ အဲ့ဒီ ၀ိရောဓ ဆန့်ကျင်လာပြီဆိုရင် ဘာဖြစ်တတ်တုန်းဆိုရင် ဒေါသဖြစ်လာတယ်။

အဲ့ဒီတော့ ကောင်းတဲ့ လောကဓံနဲ့ ကြုံလို့ရှိရင် လောဘဖြစ်တယ်။ လောဘဖြစ်ရင် စိတ်မငြိမ်မသက်ဖြစ်မယ်။ မကောင်းတဲ့ လောကဓံနဲ့ကြုံလို့ရှိရင် ဒေါသဖြစ်မယ်။ စိတ်မငြိမ်မသက် ဖြစ်မယ်။ အဲဒီတော့ လောဘ၊ ဒေါသ ၀င်လာတာနဲ့တစ်ပြိုင်နက် စိတ်ဓါတ် ကြံ့ခိုင်မှုဆိုတာ မရှိတော့ဘူးတဲ့။

လောဘက အရောင်ဆိုးလိုက်၊ ဒေါသကအရောင်ဆိုးလိုက်နဲ့ဆိုပြီးတော့၊ လောကဓံတရားတွေ အပေါ်မှာ လောဘနဲ့၊ ဒေါသနဲ့၊ လိုက်လျောလိုက်၊ ဆန့်ကျင်လိုက်၊ လိုက်လျောလိုက်၊ ဆန့်ကျင်လိုက်နဲ့ လောကဓံရဲ့ဒဏ်ကို ခံနေရတယ်လို့ ပြောတာနော်။ အေး အဲ့ဒီလိုမဖြစ်အောင် ဆင်ခြင်ရမယ်။

လောကဓံမုန်တိုင်းများ နှင့် ကြံ့ခိုင်သည့်စိတ်ထားစာအုပ်မှ ကောက်နှုတ်ချက်

(ပါချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ)