မွန်မြတ်သောအချစ်
ပုထုဇဉ်လူသားတွေအတွက် သံသရာမှာကျင်လည်နေသမျှကာလပတ်လုံး
လောကီနယ်ပယ်မှာ အချစ်ဆိုတာနဲ့ ဘယ်သူမှ အနည်းနဲ့အများ မကင်းနိုင်ကြပါဘူး။ တိုးတက်နေတဲ့ခေတ်ကြီးမှာ
အချစ်ဆိုတာကို လွယ်လွယ်လေးနဲ့ ပြောနေကြတာ ကြားနေရတာ မဆန်းတော့သလို။ ဒီနေ့ချစ်တယ်ပြော၊
မနက်ဖြန်လပ်ထပ်၊ ကွာရှင်းလိုက် ပြတ်စဲလိုက်တွေကို တွေ့မြင်နေရပါတယ်။ အခုမြင် အခုတွေက
အခုချစ် အခုအိပ် ခဏနေ တစ်ယောက်မျက်နှာ တစ်ယောက်မတွေ့ချင်လောက်အုံး မုန်းနေ ကွဲနေ ကွာနေကြတာတွေ
ဒုနဲ့ဒေးပါ။
ရှေးလူကြီးတွေပြောကြတာတော့
အိမ်ထောင်တစ်ခုပြုဖို့ သုံးနှစ်သုံးမိုး လေ့လာရတယ်တဲ့။ ခေတ်တွေ စနစ်နွေ ပြောင်းနေတော့
အရာရာ လျင်လျင်မြန်မြန်နဲ့ ဖြစ်နေပျက်နေလိုက်ကြတာ။ ခေတ်တွေ စနစ်တွေ ဘယ်လိုပြောင်းပြောင်း
ကိုယ်နဲပလက်တွဲရမယ့် တနည်းပြောရရင် ပါရမီဖြည့်ဘက်ကို ရွေးချယ်ရာတွင်တော့ လွယ်လွယ်နဲ့
မစဉ်းစား မဆုံးဖြတ်သင့်ဘူးလို့ ထင်ပါတယ်။ “အိမ်ထောင်မှုဘုရားတည်၊ ဆေးမင်ရည်စုတ်ထိုး၊
ဤသုံးချက်တစ်ကယ်မပိုင်လျှင် နောင်ပြင်ရင်ခက်သည့်အမျိုး” ဆိုတဲ့အတိုင်း ကိုယ်ရဲ့ပါရမီဖြည့်ဖက်ကို
ရွေးချယ်ရာတွင် စဉ်းစားသင့်ပါတယ်လို့တော့ ထင်ပါတယ်၊ သို့သော်လဲ ခုမြင် ခုချစ် ခုကွဲ
ဖြစ်ချင်တိုင်း ဖြစ်နေကြတာ ကြားထဲက မြေစာပင် သားသမီးတွေခမျာ သနားစရာ။ ခေတ်ကပဲ မကောင်းတာလား
လူတွေကပဲ မကောင်းတာလား၊ ခေတ်ကပဲ လူတွေကို လုပ်နေတာလား၊ လူတွေကပဲ ခေတ်ဆိုတာကြီးကို ဖန်တီးနေတာလားဆိုတာကတော့
မစဉ်စားတတ်။
ချစ်တယ် ကြိုက်တယ် မေတ္တာမျှတယ်လို့
ပြောနေကြပေမယ့်၊ သိနေဟ၊ ဂေဟဿိတ ပေမ၊ မေတ္တာ ဆိုတာ ချစ်ခြင်းလို့ အဓိပ္ပါယ်ယူလို့ရပါတယ်။
အချစ်က သုံးမျိုး ရှိပါတယ်။
၁။ ချစ်သူ အချစ်ရယ် ၂။ မိသားစု အချစ်ရယ်
၃။ ပါရမီ အချစ်ရယ် ဆိုပြီး သုံးမျိုး ရှိပါတယ်။
ချစ်သူ အချစ်ဆိုတာ မိန်းမ ယောကျာ်း
အပြန်အလှန် ချစ်ကြတဲ့ အချစ် တဏှာချစ်ပါ။
မိသားစု အချစ်ဆိုတာက မိဘနဲ့သားသမီး
ညီနဲ့အစ်ကို မောင်နဲ့နှမ စသည့် မိသားစု အချင်းချင်း ချစ်ကြတဲ့ အချစ် ဂေဟဿိတ ပေမလို့
အချစ်မျိုးပါ။
ပါဠိလိုပြောရင်တော့ တဏှာ
ပေမရယ်၊ ဂေဟသိတ ပေမရယ်၊ မေတ္တာ ပေမရယ်ပေါ့။ မေတ္တာ ပါရမီမှာတော့ နောက်ဆုံး ဖြစ်တဲ့ မေတ္တာ
ပါရမီကို ယူရမှာပါ။ သူတစ်ပါးရဲ့ အကျိုးဖြစ်ထွန်းမှုကို လိုလားတဲ့အချစ်မို့ ပါရမီ အချစ်လို့ပဲ
ဆိုပါစို့။
ပါရမီ အချစ်ဟာ သူတစ်ပါး
အကျိုးကို ငဲ့နေပါတယ်။ မိမိ အကျိုးကို မငဲ့ပါဘူး။ ကိုယ်က သူ့ကို ပါရမီအချစ်နဲ့ ချစ်ဖြစ်နေရင်
သူကြီးပွားစေချင်တယ်၊ တိုးတက်စေချင်တယ်၊ အောင်မြင်စေချင်တယ်။ အစစအရာရာ အဆင် ပြေစေချင်တယ်။
သူ့ဆီက ဘာတုန့်ပြမှုမှ မမျော်လင့်ပါဘူး ။ ဒါ ပါရမီ အချစ်ရဲ့ သဘောတွေပါပဲ။
အကြောင်း တစ်ခုခုကြောင့်
သိခွင့်ခင်ခွင့်ရကြတဲ့အခါမှာ ကိုယ်ကလည်းသူ့ကို ပါရမီအချစ်နဲ့ချစ်မယ်။ သူကလည်းကိုယ့်ကို
ပါရမီအချစ်နဲ့ချစ်မယ် နှစ်ဦးစလုံးရဲ့ခင်မင်မှုဟာ အစဉ်အမြဲခိုင်မြဲနေတော့မှာပါ။ တစ်ဆင့်တက်ပြီး
သူတရားထူး တရားမြတ်ရဖို့အတွက်လည်း ကိုယ်ကကူညီ ကိုယ်တရားထူး တရားမြတ် ရဖို့အတွက်လည်း
သူကကူညီမယ်ဆိုရင် ပါရမီအချစ်က နိဗ္ဗာန်အထိတောင် ကျေးဇူးပြုနေတော့တာပါ။
အချစ်ဆိုတာ တကယ်တော့ တဏှာရာဂဖြစ်ပါတယ်။
ပူလောင်ပါတယ်။ ပါရမီအချစ်ကတော့ ကိုယ်ကဘာမှ သူထံမှ မျှော်လင့်မထားဘဲနဲ့ ချစ်တဲ့အေးချမ်းတဲ့
အချစ်မျိုးပါ။ အချစ်ဆိုတာ ရာဂဆိုပေမယ့် ပဋ္ဌာန်းဥပနိဿယပစ္စည်းမှာ “အကုသလော ဓမ္မော၊ ကုသလဿ
ဓမ္မဿ၊ ဥပနိဿယ ပစ္စယေနပစ္စယော” ရာဂံ ဂရုံ ကတွာ၊ ဒါနံ ဒတွာ၊ သီလံ သမာဒိယိတွာ၊ စသည်ဖြင့်
အကုသိုလ်တရားက ကုသိုလ်တရားကို ပြန်ပြီး ကျေးဇူးပြုတတ်ပါတယ်။ ဆိုလိုချင်တာကတော့ အချစ်ဆိုတဲ့ရာဂကို
အမှီပြုပြီး ဒါနတွေပြုမယ်၊ သီလ တွေဆောက်တည်မယ်၊ ဥပုသ်နေ့မှာ ရှစ်ပါးသီလ၊ ကိုးပါးသီလကို
စောင့်ထိန်းမယ်၊ ဈာန်ရကြောင်း သမထကမ္မဋ္ဌာန်းပွားများမယ်၊ ၀ိပဿနာပွားများမယ်ဆိုရင် အဘိညာဉ်
ဈာန်သမာပတ်ရနိုင်တဲ့အပြင် တစ်ဆင့်တက်ပြီး ပွားများအားထုတ်ရင် မဂ် ဖိုလ်လည်းရနိုင်ပါတယ်။
ပိုပြီးထင်ရှားအောင် ဥပမာပြရရင်
မြတ်စွာဘုရားရှင်ရဲ့ သုမေဓာရှင်ရသေ့ဘ၀လေးက ထင်ရှားတဲ့ သာဓကလေးဖြစ်ပါတယ်။ ဤကမ္ဘာမှ ပြန်၍ရေတွက်သော်
လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းအထက်၌ “အမရ၀တီ” မင်းနေပြည်တော်၌ သူဌေးမျိုးရိုးစဉ်ဆက်က
ဆင်းသက်လာသော “သုမေဓာ” မည်သော သတို့သားသည် မိဘတွေငယ်စဉ်က ကွယ်လွန်သဖြင့် ရွေ၊ ငွေ၊
စိန်၊ ကျောက် အစရှိသော ရတနာတိုက်ပေါင်းများစွာကို ဘဏ္ဍာထိန်းအမတ်က စောင့်ရှောက်ထားရတယ်။
ထိုသတို့သားသည် မအိုရာ၊ မသေရာ ရှာလိုသော ဇောစိတ်ထက်သန်လှသဖြင့် မရေမတွက်နိုင် များပြားလှသော
စည်းစိမ်တွေအပေါ်တွင် တွယ်တာမက်မောခြင်းမရှိဘဲ စွန့်ကြဲပေးကမ်း၍ ဟိမ၀န္တာတောသို့ မြန်းကြွ၍
ရသေ့ရဟန်း ပြုတော်မူပါတယ်။
ပင်ကိုဥာဏ် ပါရမီထက်မြက်မှုကြောင့် ကမ္မဋ္ဌာန်းတရားကို အားထုတ်ရာ
လောကီဈာန်ကို ခုနှစ်ရက်အတွင်း ရတော်မူခဲ့ပါသည်။ တစ်ခါတစ်ရံကောင်း ကင်ခရီးဖြင့် ကြွတော်မူရာ
နှစ်ပေါင်းအတော်ကြာလျှင် “ဒီပင်္ကရာ” ဘုရားရှင် ပွင့်တော်မူရာ “ရမ္မာ” နေပြည်တော်သားတို့သည်
ဘုရားရှင်ကိုကြွတော်မူရန်ပင့်ဖိတ်လျက် လမ်းပြင်နေသည်ကို မြင်တော်မူရာ ကောင်းကင်မှဆင်းသက်၍
မိမိလည်းလမ်းပြင်လိုကြောင်း ခွင့်တောင်း လေသည်။ ထိုအခါ “ရမ္မာ” ပြည်သူတို့က “ဤရသေ့သည်
တန်ခိုးကြီး၏၊ တန်ခိုးဖြင့်ပြင်လိမ့်မည်၊ ရွံ့ညွန်ရှိသော နေရာကိုပေးကြမယ်”ဟု ဆိုကာ
ပြုပြင်ရန်ခက်ခဲသော နေရာကို ပေးလေသည်။ နောက် ဒီပင်္ကရာမြတ်စွာဘုရားရှင် ကြွလာတော့ သုမေဓာရှင်ရသေ့လေးလည်း
သူတာဝန်ယူထားတဲ့အပိုင်း မပြီးသဖြင့် ခန္ဓာကိုယ်ကို တံတားအဖြစ် ခင်းပြီး လှူတော်မူပါတယ်။
ဒီပင်္ကရာမြတ်စွာဘုရားရှင်ကို
ဖူးမြော်တဲ့အမျိုးသမီးထုထဲတွင် “သုမိတ္တာ” ခေါ်တဲ့ အမျိုးသမီးက အလောင်းတော်ရှင်ရသေ့ကို
မြင်လျှင်မြင်ချင်း ရေစက်မကင်းသဖြင့် ထူးခြားသော မေတ္တာသက်မိပါတယ်။ မိမိမှာပါသော ကြာပန်းရှစ်ခိုင်ထဲက
မိမိလှူဖို့ သုံးခိုင်ချန်ထား၍ ငါးခိုင်ကို အလောင်းတော် ရှင်ရသေ့အား “ဒီကြာပန်းလေးလှူပါနော်”
လို့ ပေးလိုက်ပါတယ်။ ပြီးတော့ “သုမိတ္တာ” အမျိုးသမီးက “အရှင်ရသေ့ပါရမီတွေ ဖြည့်ကျင်နေတဲ့ကာလပတ်လုံး
ကျွန်မသည် အရှင်ရသေ့နဲ့အတူတကွ ပါရမီဖြည့်ဖက်ဖြစ်ရပါလို၏” ဟု ဆုတောင်းလိုက်ပါတယ်။ ဒီပင်္ကရာမြတ်စွာ
ဘုရားရှင်လည်း “သုမေဓာရှင်ရသေ့ ဒီသုမိတ္တာအမျိုးသမီးလေးဟာ သင်ဘုရားဖြစ်ဖို့ရန် စိတ်တူကံတူ
ပါရမီဖြည့်ဖက် ဖြစ်လိမ့်မယ်လို့” ဗျာဒိတ်ပေးတော်မူခဲ့ပါတယ်။
သုမိတ္တာအမျိုးသမီးလေးဟာ
ရာဂဆိုတဲ့အချစ်ကိုအမှီပြုပြီး၊ သုမေဓာရှင်ရသေ့လေးကို အမှီပြုပြီးသံသရာမှာ ပါရမီဖြည့်ဖက်အဖြစ်
ကျင်လည်ရင်း နောက်ဆုံးဘ၀၌ ယသော်ဓရာအမည်ဖြင့် ဒါန၊ သီလ၊ ဘာဝနာ၊ ၀ိပဿနာတွေ ပွားများအားထုတ်ပြီး
အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ရသွားတဲ့အတွက် အချစ်က နိဗ္ဗာန်ရဖို့ ကျေးဇူးပြုလိုက်တဲ့ ထင်ရှားတဲ့
သာဓကလေးဖြစ်ပါတယ်။
တစ်စုံတစ်ယောက်ကို ကိုယ်ကချစ်တယ်ဆိုရင်
ပါရမီအချစ်နဲ့ချစ်ပြီး နိဗ္ဗာန်ရဲ့အထောက်အပံ့တွေ အခါ အားလျော်စွာ ဖန်တီးပေးနေနိုင်ရပါမယ်။
ဒီလိုပါပဲ၊ သတ္တ၀ါအားလုံးအပေါ်မှာ ပါရမီအချစ်နဲ့ ချစ်နိုင်ရမှာ ဖြစ်သလို၊ ချစ်သူအချင်းချင်း
မိသားစုအချင်းချင်းမှာလည်း ပါရမီအချစ်ပါတဲ့ အချစ်တွေ တွဲ တွဲ ပါနေပါမှ အစဉ်အမြဲ ခိုင်မြဲနေမှာပါ။
ချစ်သူအချင်းချင်း ချစ်နေကြတဲ့နေရာမှာ တဏှာရာဂကို အခြေခံတယ်ဆိုပေမဲ့ သူကုသိုလ်ဖြစ်ဖို့
ကိုယ်ကဖန်တီးပေးနေမယ်။ ကိုယ်ကုသိုလ် ဖြစ်ဖို့အတွက် သူကဖန်တီးပေးနေမယ်ဆိုရင် ချစ်သူနှစ်ယောက်အတွက်
ရန်ဖြစ်တယ်၊ မုန်းတယ်ဆိုတာတွေဟာ အိပ်မက်ထဲမှာတောင် ရှာလို့ရတော့မှာ မဟုတ်ပါဘူး။
ပြီးတော့ ကိုယ့်ရဲ့မိသားစုဘ၀လေးဟာ
ငြိမ်းငြိမ်းချမ်းချမ်းလေး ရှိနေရုံတင်မကပဲ တရားထူးတရားမြတ် ရဖို့လည်း အထောက်အပံ့တွေ
ဖြစ်နေတော့မှာပါ။ အဆင်မပြေမှုတွေဖြစ်တယ်ဆိုတာ တဏှာပေမ အချစ်လောက်နဲ့ပဲ ချစ်နေကြလို့ပါ။
ပါရမီအချစ် မပါကြလို့ပါ။ ဒီသဘောလေးကို အာရုံပြုပြီး အစဉ်သဖြင့် ခိုင်မြဲ နေဖို့ ပါရမီအချစ်လေးပါ
တွဲပါပေးရပါတယ်။
တစ်ချို့မိသားစုတွေမှာ
အဆင်မပြေဖြစ်တယ်ဆိုတာလည်း ပါရမီအချစ် မပါကြလို့ပါ။ ကိုယ့်မှာ ပါရမီအချစ်သာ ရှိနေရင်
တဖက်က မသိလို့ မှားတဲ့အမူအရာကို ပြဦးတော့ သူ့ကို ကိုယ်က ဒေါသမထွက်ပဲ “သြော်.. သူမသိလို့ပဲလေ”
ဆိုပြီး ခွင့်လွတ်ပြီးသား ဖြစ်နေတတ်ပါတယ်။ ပြီးတော့ ဖြစ်ပေါ်လာတဲ့ ပြသနာကို တရား သဘောလေးနဲ့
ဖြေရှင်းတတ်သလို အမှားပြုသူ တစ်ဖက်သားကိုလည်း တရားနဲ့ပြန်လည် ဖေးမ တတ်ပါသေးတယ်။
ပြသနာ တစ်ခုခု ဖြစ်လာပြီဆိုရင်
ကိုယ်ဖတ်ခဲ့ နာခဲ့ ကျင့်ခဲ့တဲ့တရားတွေ ပြန်အာရုံပြုပြီး တရားသဘောနဲ့ ပြန်ဖြေရှင်းရပါတယ်။
တကယ်လို့ မတရားတဲ့ သဘောနဲ့ ပြန်ဖြေရှင်းခဲ့ရင် မတရားတဲ့ဆိုးကျိုးတွေပဲ ပြန်ဖြစ်တော့တာပါ။
မတရားတဲ့ တုံ့ပြန်မှုတွေဟာ တစ်ဘက်သားမှာ တစ်သက်တာ စိတ်ဒဏ်ရာ ရသွားစေတာပါ။ တစ်သက်တာ ရသွားတဲ့
စိတ်ဒဏ်ရာကို ပြန်ကုဖို့ ခက်သွားပါပြီ။ ဘ၀ဆိုတာ အမြဲတမ်း အဆင်ပြေ မနေနိုင်ပါဘူး။ တစ်ချိန်ချိန်
ကာလတစ်ခုခုမှာ ကြီးမားတဲ့အဆင်မပြေမှုကြီးတွေ ဖြစ်လာနိုင်ပါတယ်။ အဲဒီ အချိန်မျိုးမှာ
ကိုယ် ပါရမီအချစ်နဲ့ ချစ်ခဲ့ရသူတွေက ကိုယ့်အနားကို ပြေးလာကြမှာပါ။
ဘ၀မှာ ကိုယ်က ပါရမီအချစ်နဲ့ ချစ်ခဲ့ရသူ
မရှိခဲ့ဘူး။ ကိုယ့်ကြောင့် စိတ်ဒဏ်ရာ ရစေခဲ့တဲ့သူတွေပဲ ရှိခဲ့တယ် ဆိုရင် ဘယ်လို လုပ်မလဲ။
အဲဒီ အဆင်မပြေမှုတွေနဲ့ပဲ သေသွားမယ်ဆိုရင် တရားလည်း မကပ်လိုက်နိုင်ရင် မကောင်းတဲ့ ဂတိတစ်ခုခုကို
ရောက်သွားနိုင်ပါတယ်။
ပုထုဇဉ်တွေရဲ့သဘောက ကိုယ့်အမှားကို
ကိုယ်ပြန်မြင်ခဲကြပါတယ်။ အဲဒီ အခါမျိုးမှာ ကိုယ့်ကို ပါရမီအချစ်နဲ့ ချစ်သူ၊ ဒါမှမဟုတ်
မိတ်ကောင်းဆွေကောင်း တစ်ဦးဦးက ကိုယ့်အမှားကို မြင်ပြီး ပြုပြင်ပေးတဲ့အခါ၊ ပြုပြင်ပေးတဲ့အတိုင်း
လက်ခံကျင့်သုံး ရပါတယ်။ မိတ်ဆွေကောင်းတွေ ဥပက္ခာပြုသွားအောင် ပြုပြင်ဖေးမမှုကို မျက်ကွယ်မပြုရပါဘူး။
အလေးအနက်ထား ကျင့်သုံးပေးရပါတယ်။ ဒီတော့ ပါရမီအချစ်ဆိုတာ လူတိုင်း လူတိုင်းအတွက် လိုအပ်နေတော့တာပါ။
မေတ္တာဆိုတာ ကိုယ်ချစ်တဲ့ သူတွေကို ထိုင်ပြီးပွားနေတာနဲ့တင် မလုံလောက်သေးပါဘူး။ ထိုင်ပြီးပွားတာက
ပွားမေတ္တာပါ။ ကံအနေနဲ့ ပြောရရင် မနောကံ မေတ္တာပါ။ ပွားမေတ္တာ နဲ့အတူ ထားမေတ္တာကိုလည်း
ကျင့်သုံး နိုင်ကြပြီး ရိုးမြေကျ ပေါင်းသင်းကာ သံသရာဆုံးတိုင် ပါရမီချစ်ဖြင့် ချစ်ပန်းဝင်နိုင်ကြပါစေကြောင်း
Credit to ဘ၀တက္ကသိုလ်