Friday, September 30, 2011

သမဏာနဉ္စဒဿနမင်္ဂလာ-ရဟန်းသူမြတ်တို့ကို ဖူးမြော်ရခြင်းသည် မင်္ဂလာ

သမဏာနဉ္စဒဿနမင်္ဂလာ-ရဟန်းသူမြတ်တို့ကို ဖူးမြော်ရခြင်းသည် မင်္ဂလာ


ရဟန်းသူမြတ်တို့ကို ဖူးမြော်ရခြင်းသည် မင်္ဂလာတပါး ဖြစ်သည်။ တနည်းအားဖြင့်-ကြီးပွားချမ်းသာခြင်း၏ အကြောင်းတရပ် ဖြစ်သည်။

အောက်ပါပုံဝတ္ထုကို သာဓကအဖြစ် တင်ပြပါသည်။
ရှေးသရောအခါ အလ္လကပ္ပ အမည်ရှိသောတိုင်းဝယ် ကူးစက်တတ်သော ရောဂါကြီးတမျိုး ဖြစ်ပွားသည်။ ဆေးကု၍မရ၊ လူအများ သေကျေပျက်စီးကြသည်။
ယောက်ျားတယောက်သည် ကြောက်ရွံ့လှသဖြင့် ဇနီးနှင့်သားငယ်ကို ခေါ်ယူကာ အခြားတိုင်း တတိုင်းသို့ ထွက်ပြေးသည်။ လမ်းခရီးတွင် အခက်အခဲအမျိုးမျိုးကို ကျော်လွန်ပြီးနောက် ညနေချမ်းအချိန်၌ နွားကျောင်းသားတဲတခုသို့ ရောက်သွားကြသည်။ နွားကျောင်းသားသည် သူတို့ ၃-ယောက်ကို မြင်လျှင် ကရုဏာဖြစ်မိသည်။ 


ထို့ကြောင့် ကောင်းစွာလက်ခံကျွေးမွေးသည်။ ယောက်ျားဖြစ်သူသည် အလွန်ဆာလောင် မွတ်သိပ်လှသဖြင့် အလွန်အကျူး စားသောက်သည်။ ဤတွင် အစာမကြေရောဂါရကာ ထိုည လွန်သောအခါ သေဆုံးသွားလေသည်။
သူသည် သေခါနီးဝယ် စိတ်စွဲလမ်းသဖြင့် နွားကျောင်းသားတဲရှိ ခွေးမ၏၀မ်း၌ ပဋိသန္ဓေ ယူလေသည်။ ခွေးမသည် လစေ့သော် သားငယ်ကို ဖွား၏။ နွားကျောင်းသားသည် ထိုခွေးငယ်ကို ချစ်ခင်သဖြင့် အစာကောင်းစွာ ကျွေးသည်။ 

မိမိသွားလေရာသို့ အတူ ခေါ်ဆောင်သွားလေ့ရှိသည်။
တနေ့သ၌ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တပါးသည် နွားကျောင်းသားထံ ဆွမ်းခံကြွရောက်လာသည်။ နွားကျောင်းသားသည် ဆွမ်းကပ်လှူသည်။ ကြည်ညိုလှသဖြင့် မနီးမဝေးတွင် တ၀ါတွင်း သီတင်းသုံးတော်မူပါရန် တောင်းပန်သည်။ ဆွမ်းကိုလည်း မိမိကပင် တာဝန်ယူ လှူဒါန်းလိုပါကြောင်း လျှောက်ထားသည်။ အရှင်မြတ်လည်း လက်ခံတော်မူသည်။ တဲနှင့် မနီးမဝေး တောအုပ်တခု၌ သီတင်းသုံးနေထိုင်တော်မူသည်။
နွားကျောင်းသားသည် အရှင်မြတ်ထံသို့ သွားလျှင် ခွေးငယ်ကို ခေါ်ဆောင်သွားတတ်သည်။ ခွေးငယ်သည် လိမ္မာလှသည်။ လမ်းကို ကောင်းစွာသိနေသည်။ တနေ့သ၌ နွားကျောင်းသားသည် အရှင်မြတ်အား-မိမိမအားလပ်သောအခါ မိမိကိုယ်စား ခွေးငယ်အား လွှတ်လိုက်ပါမည်။ ခွေးငယ်ရောက်လာချိန်တွင် မိမိအိမ်သို့ ဆွမ်းအလှူခံ ကြွရောက်ပါမည့်အကြောင်း ပန်ကြားလျှောက်ထားသည်။
ဤသို့ မှာထားသည့်အတိုင်းလည်း မိမိမအားလပ်သောနေ့များတွင်- ချစ်သား၊ အရှင်မြတ်ကို သွားရောက်ပင့်ဆောင်လော့-ဟု ဆိုလေသည်။ ခွေးလိမ္မာကလည်း သွားရောက်ပြီးလျှင် အရှင်မြတ်၏ ခြေရင်း၌ ၀ပ်တွားနေသည်။

အရှင်မြတ်လည်း ဆွမ်းပင့်ရောက်လာလေသည်ဟု သိရှိတော်မူကာ ဆွမ်းခံကြွတော်မူသည်။ အရှင်မြတ်သည် နွားကျောင်းသားတဲဝယ် ဆွမ်းဘုဉ်းပေးတော်မူသောအခါ ဆွမ်းကျန်အချို့ကို ခွေးလိမ္မာအား ပေးကမ်းကျွေးမွေး တတ်သည်။ ခွေလိမ္မာလည်း အရှင်မြတ်ကို အလွန်ပင်ချစ်ခင်မြတ်နိုးလေသည်။
ဝါကျွတ်သောအခါ အရှင်မြတ်က နွားကျောင်းသားအား အချိန်စေ့ပြီဖြစ်သဖြင့် အရပ်တပါးသို့ မိမိကြွသွားတော်မူမည် ဖြစ်ကြောင်း မိန့်တော်မူကာ ကြွသွားတော်မူသည်။ ခွေးလိမ္မာသည် အရှင်မြတ် အပြီးတိုင် ကြွသွားတော်မူသည်ကို သိသောအခါ လွမ်းဆွတ်၍ နှလုံးကွဲကာ သေဆုံးသွားရှာလေသည်။ ထို့နောက် အရှင်မြတ်ကို ဖူးမြင်ရသော ကုသိုလ်ကြောင့် တာဝတိံသာနတ်ပြည်ဝယ် နတ်သားသွားဖြစ်လေသည်။
ထိုနတ်သားသည် ခွေးလိမ္မာဖြစ်စဉ်က အရှင်မြတ် ဘေးရန်ကင်းအောင် သားရဲများအား ကျယ်လောင်စွာ ဟိန်းဟောင်ပေးခဲ့ဖူးသည်။ ထိုကုသိုလ်ကံအကျိုးကြောင့် အလွန်အသံအောင်သည်။ ထိုနတ်သား၏ အသံသည် နတ်ပြည်အလုံးကို လွှမ်းဖုံးသွားတတ်သည်။ ထို့ကြောင့် ထိုနတ်သားသည် ဃောသက-နတ်သား ဟူသော အမည်ကို ရရှိလေသည်။

အကိုး။ ။ ဃောသက သူဌေး (မဟာဗုဒ္ဓ၀င်-တတိယတွဲ)
ဆရာကြီး မင်းယုဝေ
Posted by အရှင်နန္ဒသာရ(သစ္စာရောင်ခြည်)

Thursday, September 29, 2011

အရိပ်နှင့်ခရီးသွားနေကြသူများ

အရိပ်နှင့်ခရီးသွားနေကြသူများ

သာမာန်အားဖြင့် ကြည့်မယ် ဆိုရင်တော့ လောကမှာ မိဘနှစ်ပါး အသက်ထင်ရှား ရှိနေကြတဲ့ သားသမီးတွေက  မိနဲ့ဖနဲ့ နေရသူတွေ၊ မိရိပ် ဖရိပ် ခိုလှုံခွင့် ရသူတွေ ဖြစ်တယ်၊ မိဖနှစ်ပါးလုံး ဆုံးပါး ကွယ်လွန် သွားကြတဲ့ သားသမီးတွေ ကတော့ မိမဲ့ ဖမဲ့တွေ၊ မိရိပ်ဖရိပ် ခိုလှုံခွင့် မရကြ သူတွေ ဖြစ်တယ်လို့ ထင်တတ်ကြပါတယ်။


ဒီနေရာမှာ အရိပ်အာဝါသ အမျိုးမျိုးနဲ့ ပတ်သက်လို့ ဗုဒ္ဓဘာသာဝင်များ ကြားဖူးနားဝ ရှိထားပြီး ဖြစ်တဲ့ အရိပ်အမျိုးမျိုး အကြောင်း ကလေးကိုလည်း နည်းနည်းတော့ ထပ်ပြီးပြောချင်ပါသေးတယ်။


နေပူစပ်ခါး ခရီးသွား နေကြသူတွေအတွက် သစ်ရိပ် ဝါးရိပ်ဟာ အလွန်အေးမြ ပါတယ်တဲ့၊ သစ်ရိပ် ဝါးရိပ်ဆိုတာ မှတ်သားရ လွယ်ကူအောင် ပြောလိုက်တာပါ၊ အမှန်ကတော့ အိုးအိမ် အဆောက် အအုံးစတဲ့ သက်မဲ့ခိုလှုံစရာ အားလုံးကိုပဲ ပြောလိုတာပါ။


ခိုလှုံတဲ့ အရိပ်အာဝါသဆိုတာ ပဌာန်းဒေသနာတော်ကြီးမှာတော့ “ သေနာသနံပိ ဥပနိဿယ ပစ္စယေန ပစ္စယော- မှီခိုနေထိုင်တဲ့ အဆောက်အုံ အရိပ်အာဝါသမှန်သမျှဟာလည်း လူတွေ (သတ္တဝါတွေ အားလုံး)ကို ချမ်းသာအောင် ကျေးဇူးပြုပေးနေ တဲ့ ကျေးဇူး ရှင်တွေပဲ” လို့ ဘုရားရှင်က ဟောတော်မူ ပါတယ်။


ဒါကြောင့်လည်း ရှေးလူကြီး သူမများက “အရိပ်နေနေ အခက်ချိုးချိုး မလုပ်ကြနဲ့”လို့ သတိပေး ခဲ့တာပေါ့။ ဟုတ်ပါတယ် ကျေးဇူးရှင် တို့ရဲ့ ကျေးဇူးတရားကို ရေရှည်ခံစားချင်ရင် သက်ရှိ ကျေးဇူးရှင် များကို မဆိုထားနဲ့ သက်မဲ့ ကျေးဇူးရှင်များဖြစ်တဲ့ သစ်ပင်သစ်တောတို့ ဥယျာဉ်ခြံမြေတို့ အဆောက်အုံတို့ အပေါ်မှာတောင် ကျေးဇူးစောင့်သိနိုင်မှ ကျေးဇူးခံစားခွင့်ရကြမှာပါ။


မိမိတို့ ငယ်ငယ်တုန်းကဆိုရင် ဇာတိနယ်မြေ အလယ်ရိုးမတောင်ခြေ တစ်ဝိုက်မှာရှိတဲ့ ရွာတွေမှာ ရွာက ထွက်လိုက်ပြီဆိုတာနဲ့ ပင်ကြီးပင်ငယ် သစ်ရိပ် ဝါးရိပ်တွေဟာ အဆက်မပြတ် စိမ်းစို ညို့မှိုင်းနေတာပဲ။ သစ်ပင် တောတောင်က စိမ်းစို အေးမြနေလေတော့ စိမ့်စမ်းတွေ၊ ရေကျရေဝပ် ရေစလုပ်တွေကလည်း နွေရာသီ ရောက်သည်အထိ မခန်းခြောက်ကြဘူး။ နွေရာသီမှာ ဘုန်းတော်ကြီးတွေ အလှူအတန်းကြွတဲ့အခါ နောက်ပါ ကျောင်းသားအဖြစ် လိုက်ကြရတော့ ဘယ်ကွေ့မှာအရိပ်ခိုနားစရာ ဘာအပင်ကြီး ရှိတယ်ဆိုတာ မှတ်မိနေတယ်။



အသီးမှည့် သီးကြွေ ကောက်စားစရာ ခူးစားစရာ တည်ပင်၊ လွန်ပင်၊ ကြို့ပင်၊ ဆီးဖြူ ဖန်ခါးပင်တို့ဆိုတာ ဘယ်တော့မှ မပြတ်ဘူး။ ကလေးသူငယ် ဘဝမှာတော့ တည်သီး၊ လွန်သီး၊ ကြို့သီးအမှည့်ကြွေတွေကလည်း တောလမ်းခရီးမှာတော့ အမောပြေ အဆာပြေ စားရတာ တယ်အရသာရှိတာပဲ။ အဲဒီလို အသီး မှည့်ကြွေတွေ မတွေ့ရင်လည်း ဆီးဖြူ ဖန်းခါးသီး ခူးစားပြီး သစ်ရိပ် ဝါးရိပ်ခိုထားတဲ့  စိမ့်ရေ စမ်းရေ စလုပ်ရေအေးအေးကို သောက်လိုက် ရတာကလည်း အခုခေတ် ကာလပေါ် ဖျော်ရည်တွေထက်ကို ချိုမြိန် တယ်လို့ အောက်မေ့ရတယ်။


အဲခုတော့ တစ်ရွာနဲ့တစ်ရွာ သွားကြရတဲ့အခါ ကုန်းခေါင်ခေါင် တောင်ကတုန်းတွေနဲ့ ဟင်းလင်းပြင်ကြီးတွေဖြစ်ပြီး ဘာအရိပ်မှ အမောပြေ အပူပြေလောက်အောင် ခိုလှုံစရာလည်း မရှိတော့ဘူး၊ သစ်ရိပ်တောတောင်တွေ ပြောင်ကုန်ပြီ ဆိုတော့ မိုးကလည်းခေါင် စမ်းရေတွေလည်း ခန်းခြောက်နဲ့ တောလမ်းခရီးမှာ ရေဘူးမပါရင် ခရီးသွားလို့ကို မရတော့ဘူး။ အဲဒါဟာ အကြောင်းရင်း စစ်လိုက်တော့ အရိပ်နေနေ အခက်ချိုးချိုး လုပ်ရုံတင်မကဘူး အပင်ခုန် အမြစ်တူးပြီး မီးသွေးဖုတ်ပစ်ကြလို့ပဲ။ မီးသွေးနဲ့ မိုးခေါင်တာကလည်း… မိုးခေါင်တော့ သီးနှံမရ၊ သီးနှံမရလို့ စားစရာ မရှိတော့ မီးသွေးဖုတ်၊ မီးသွေးဖုတ်တော့ သစ်တောပြုန်းတီး၊ သစ်တောပြုန်းတီးတော့ မိုးခေါင်၊ မိုးခေါင် တော့ သီးနှံမရ၊ သီးနှံမရတော့ မီးသွေးဖုတ်နဲ့ ဂျာအေး သူ့အမေရိုက်တာထက်တောင် လုံးခြာ လိုက်နေ ကြပြီ။ ဆိုလိုတာ ကတော့ သက်မဲ့ဖြစ်တဲ့ သစ်ပင်တို့ အပေါ်မှာလည်း ကျေးဇူး စောင့်သိမှ ကျေးဇူးခံစား ရတယ် ဆိုတာပါပဲ။


အိုးအိမ် အဆောက်အသုံးတွေလည်း ဒီအတိုင်းပဲ မပြုပြင် မထိန်းသိမ်းရင်တော့ တိုက်တာ အဆောက်အအုံကြီးတွေတောင် မိုးယိုတာတို့ ညောင်ပင်ပေါက်ပြီး အက်ကွဲပြိုပျက်တာတို့ဆိုတာ ဖြစ်သွားကြစမြဲပဲ မဟုတ်လား။


အဲ… သစ်ရိပ်ဝါးရိပ် အဆောက်အအုံရိပ်ဆိုတာ နေပူစပ်ခါးဒဏ်၊ လေးဒဏ် မိုးဒဏ်တို့ကိုသာ ကာကွယ် ပေးနိုင်တာ၊ ကိုယ်ရေး ကိုယ်တာ လောကဓံ အပူဘေးနဲ့ ကြုံတွေ့ရပြီဆိုရင်တော့ မိရိပ် ဖရိပ် ခိုလှုံခွင့်ရမှသာ အပူဘေးမှ သက်သာ ခွင့်ရတာပါ။ ဒါကြောင့်လည်း သစ်ရိပ် ဝါးရိပ်ထက် မိရိပ် ဖရိပ်က ပိုပြီး အေးမြတယ်လို့ ဆိုရတာပါ။


သာမန် လောကဓံ စားဝတ်နေရေး အပူဘေးထက် လောကပြဿနာ အပူဘေးနဲ့ ကြုံရပြီ ဆိုရင်တော့ မိဖတို့ရဲ့ ရင်ခွင်ရိပ်နဲ့တင် မလုံလောက်ပါဘူး၊ အကြံကောင်း ဉာဏ်ကောင်းများနဲ့ ညွန်ကြားဆုံးမ သွန်သင်ပြတဲ့ ဆရာသမားတို့ရဲ့ အရိပ်ကို ခိုလုံခွင့် ရမှသာ အေးမြနိုင်မှာပါ။ ဒါကြောင့် မိရိပ် ဖရိပ်ထက် ဆရာသမားရိပ်က ပိုအေးမြတယ်လို့ မိန့်ဆိုတာပေါ။


လောကဓံဘေးတွေနဲ့ ဘယ်လောက်ပဲ ဝေးဝေး ပြဿနာ အခက်အခဲတွေကို ဘယ်လိုပဲ ကျော်လွှားနိုင်သည်ဖြစ်စေ အို၊ နာ၊ သေရေး ဆိုတဲ့ အပူဘေးကတော့ ဘယ်သူမှ ရှောင်လွှဲမရ ပါဘူး။ ဒီအပူဘေးကိုတော့ မိရိပ် ဖရိပ် ဆရာသမား အရိပ်ကလည်း မအေးမြနိုင်စေ ပါဘူး။ ဘုရားရိပ်၊ တရားရိပ်ကသာ အေးမြစေနိုင်မှာပါ။ ဒါကြောင့်လည်း အရိပ်အားလုံးတို့ထက် ဘုရား၊တရား၊ သံဃာ ဆိုတဲ့ ရတနာ သုံးပါး အရိပ်က အအေးမြဆုံးလို့ ဆိုကြတာပါ။


အဲဒီသက်ရှိ အရိပ်များနဲ့ ပတ်သက်လို့ ဘုရားရှင်က“ အရိပ်ကိုမြင်လျက် အရိပ်နှင့်မတွေ့ရသူ၊ အရိပ်ကိုမမြင်ရသော်လည်း အရိပ်နှင့် တွေ့နေရသူ” ဆိုပြီး နှစ်မျိုးခွဲခြား ပြပါတယ်။ (ထပ်ပြီးခွဲရင်တော့ အရိပ်ကို မြင်လည်းမြင် အရိပ်နဲ့လည်း တွေ့နေရသူ၊ မမြင်လည်းမမြင် မတွေ့လည်း မတွေ့ရသူတို့ကို လည်း မှန်းဆ သိနိုင်ပါမယ်)။


ဒီအကြောင်းကို ဘုရားရှင် ဟောတော်မူတာကတော့ ဘုရားရှင်ရဲ့ မျက်နှာတော်ကို မမှိတ်တဲ့ မျက်လုံးနဲ့ အမြဲတမ်း ဖူးမြင်နေလို တဲ့အထိ ဘုရားရှင်အပေါ် အကြည်ညိုလွန်လှတဲ့ အရှင်ဝက္ကလိ မထေရ်ကို ဆုံးမတဲ့ အနေနဲ့ ဟောတော်မူတာပါ။ ဘုရားရှင် ဟောပြ ချက်ကတော့..

 ယော ဟိ ပဿတိ သဒ္ဓမ္မံ-
ငါဘုရားဟောညွန်ဆုံးမတဲ့ သူတော်ကောင်းတရားနဲ့ အမြဲတွေ့ နေသူဟာ..
သော မံ ပဿတိ ပဏ္ဍိတော-
(ငါဘုရားရှင်ကို မမြင်ရသော်လည်း) ငါဘုရားကို တွေ့နေ တဲ့ ပညာရှိဖြစ်တယ်။


အပဿမာနော သဒ္ဓမ္မံ-
ငါဘုရားဟောကြားတဲ့ သူတော်ကောင်းတရားကို မတွေ့ရဘူးဆိုရင် တော့…

မံ ပဿမ္ပိ နပဿတိ-
ငါဘုရားကို မြင်နေသော်လည်း ငါဘုရားနဲ့ မတွေ့ရသူ ဖြစ်တယ်တဲ့၊  (အပ.၂.၁၁၇ )


အရှင်ဝက္ကလိဆိုတာ ဘုရားရှင်ကို အလွန်ကြည်ညိုတဲ့ ပုဂ္ဂိုလ်ပေါ့၊ သူကြည်ညိုတာက လက္ခဏာ ကြီးငယ် အသွယ်သွယ်တို့နဲ့ တင့်တယ်တော်မူတဲ့ ဘုရားရှင်ရဲ့ ရူပကာယကိုသာ ကြည်ညိုတာ၊ စက္ကဝက်ငှက်များဟာ လမင်းကြီး သာနေတဲ့အခါ မမှိတ်တဲ့ မျက်လုံးနဲ့ ကြည့်နေသလို အရှင်ဝက္ကလိ ကလည်း တစိမ့်စိမ့်ကြည့်နေချင်တာ၊ ဘုရားရှင်ဆုံးမတဲ့အတိုင်း သီလ၊ သမာဓိ၊ ပညာဆိုတဲ့ သိက္ခာ သုံးပါးကို ကျင့်ကြံ အားထုတ်ဖို့ကျတော့ လုံးဝစိတ်မပါဘူး။



ဒါကြောင့် ဘုရားရှင်က “ အပုပ်ကောင် ဖြစ်တဲ့ ငါဘုရားရှင်ရဲ့ ရူပကာယကြီးကို ကြည့်နေလို့ ဘာအကျိုးရှိ မှာလည်း ၊ ငါဘုရား ဟောညွန်ပြတဲ့ အတိုင်း မလိုက်နာ မကျင့်သုံးဘူးဆိုရင် ငါဘုရားရှင်ရဲ့ သင်္ကန်းစ ကို ဆွဲပြီး လိုက်နေပေမယ့် ငါဘုရားရှင် နဲ့ ဝေးနေမှာပဲ၊ ငါဘုရားရှင်ရဲ့ အရိပ်ကို ရသူမမည်ဘူး။ ငါဘုရား ဟောညွန်တဲ့ သိက္ခာ သုံးပါး အကျင့်တရားတို့ကို လေးစား လိုက်နာ သူကတော့ ငါဘုရားရှင် နဲ့ ခရီးမိုင်တာ ကုဋေ ကုဋာပဲ ဝေးနေနေ၊ နှစ်ပရိစ္ဆေဒတွေ ဘယ်လောက်ပဲ ကွာနေနေ ငါဘုရားနဲ့ အမြဲတွေ့နေ သူ၊ ငါဘုရားရဲ့ အရိပ်ကို အမြဲခိုလှုံနေသူ စင်စစ်ဖြစ်မယ်”လို့ ဟောတော်မူတာပါ။


ဘုရားရှင်ရဲ့ အရိပ်ကို ခိုလှုံခွင့်ရသူ၊ မရသူတို့ ထုံးကို နှလုံးမူပြီး မိဖရိပ် ဆရာသမားရိပ် ခိုလှုံခွင့်ရသူ မရသူတို့ကိုလည်း မှန်းဆသိနိုင်ပါ လိမ့်မယ်၊ ဥပမာ အခုအချိန်မှာ မိဖနှစ်ပါးလုံး ဆုံးပါး ကွယ်လွန်သွားကြလို့ ကျန်ရစ်တဲ့ သားသမီးများ ဆိုပါစို့၊ မိဖနှစ်ပါးလုံး ကွယ်လွန် သွားကြရုံနဲ့ ဒီ သားသမီးတွေဟာ မိမဲ့ဖမဲ့တွေ၊ မိရိပ် ဖရိပ်ခိုလှုံခွင့် မရတော့သူတွေလို့ ဆိုကြရမလား၊ မြတ်စွာဘုရား ရှင်ရဲ့ ဆုံးဖြတ် ချက်အရဆိုရင် ကျန်ရစ်သူ သားသမီးတွေဟာ မိဖများ မရှိတော့ပေမယ့် မိဖရဲ့ ကျေးဇူးဂုဏ်တွေကို ကျောက်ထီးပမာ အလေးပြုပြီး မိဖများ ဆိုဆုံးမတဲ့အတိုင်း မိဖ မကြိုက်တဲ့ အလုပ်မျိုးကို ရှောင်ရှားကြဉ်နေကြမယ်၊ မိဖ ဖြစ်စေချင်၊ လုပ်စေချင်တာတွေကို မဖြစ်ဖြစ်အောင် လုပ်ဆောင်နေကြမယ်ဆိုရင် ဒီလို လိုက်နာသေးသမျှ ဒီသားသမီးများဟာ မိမဲ့ဖမဲ့တွေ၊ မိရိပ် ဖရိပ်  ကင်းကွာနေ သူတွေလို့ မဆိုနိုင်ဘူး၊ အမြဲတမ်း မိရိပ် ဖရိပ်နဲ့ ဘဝခရီး သွားနေသူများလို့သာ ဆိုရ မှာပါ။


အဲ… မိဖနှစ်ပါး  သက်ရှိထင်ရှား ရှိနေကြပေမယ့် မိဖတို့ရဲ့ ကျေးဇူးဂုဏ်တွေကို မသိတတ်ဘူး၊ အသိအမှတ်မပြုဘူး ၊ လေးစား လိုက်နာမှုလည်း မပြုဘူး ဆိုရင်တော့ ဒီသားသမီးမျိုးဟာ မိဖများနဲ့ ကျောချင်းကပ်ပြီး အရှိုက်ကို ထိုးနေသူများ လို့သာ ဖြစ်နေကြ မှာပါ၊ မိရိပ်ဖရိပ် ခိုနေသူ မဖြစ်နိုင် တော့ပါဘူး၊ ဒီလိုလူများဟဟာ အရိပ်အောက်မှာ အပူမိနေကြသူများ ဖြစ်ကြလို့ နေပူအောက်မှာ အပူမိနေကြသူများထက် အန္တရာယ်ကြီးပါတယ်။

ဟုတ်ပါတယ်၊ နေပူအောက်မှာမိတဲ့ အပူက ပူရုံသာပူမှာပါ၊ မလောင်မြိုက်ပါဘူး၊ အရိပ်အောက် မှာ အပူမိနေပြီ ဆိုရင်တော့ ဒီပူဟာ နေပူ မဟုတ်တော့ပါဘူး၊ နေပူ မဟုတ်တဲ့ အတွက်ကြောင့်ပဲ ပူရုံသာပူမယ့် အပူမျိုးမဟုတ်တော့ဘဲ လောင်မြိုက်မယ့် အပူမျိုး ဖြစ်နေပါပြီ၊ လောင်မြိုက်တယ်ဆိုတာ တောင်မှ သာမန် မီးလို လောင်မြိုက်တာမျိုး မဟတ်ုပါဘူးတဲ့၊ သာမန် မီးလောင်တာက အပြင်း ထန်ဆုံး လောင်မြိုက်ဦးတော့ တစ်ဘဝ အသက်ခန္ဓာကိုသာ လောင်မြိုက်စေပါတယ်၊ ကျေးဇူး ရှိသူများအပေါ် ကျေးဇူး ကန်းတဲ့အတွက် လောင်မြိုက်တဲ့ဆိုးကျိုး ဒုက္ခမီးကတော့ သံသရာ အဆက် ဆက် အထိ  ဘဝများစွာကို လောင်မြိုက် စေတတ် ပါတယ်တဲ့။


“ကတညုတ၊ ကတဝေဒိ၊ မသိတတ်သူ၊ လူမသမာ၊ ထိုများစွာတို့၊ ဥစ္စာစည်းပွား၊ လျှော့ပါး ယိမ်းယိုင်၊ မြဲမခိုင်ဘူး၊ ဓမ္မကရိုဏ်စစ်ရေ၊ ကျဖျားရေသို့၊ သရေမတိုး၊ ဘုန်းရောင်ညှိုးလျက်၊ တန်ခိုး နေ့ည၊ ဆုတ်လပမာ၊ ယုတ်တတ်စွာ၏” ဆိုတဲ့ မဃဒေဝ ဆုံးမ လင်္ကာ အတိုင်းပါပဲ။


ဒါနဲ့ ပတ်သက်လို့ ရှေးလူကြီးများရဲ့ ဆိုရိုး တစ်ခုရှိပါသေးတယ် “အပူအားလုံးထဲမှာ စိုတဲ့ လက်ကို ခြောက်ခန်းစေတဲ့ အပူဟာ အပြင်းဆုံးပဲ” တဲ့ ဒီစကားထဲမှာ “ စိုတဲ့လက်”ဆိုတာ ရေစို နေတဲ့ လက်ကို ပြောတာ မဟုတ်ပါဘူး၊ ဒီမှာ ဆိုလိုတဲ့ “စိုတယ်” ဆိုတဲ့ စကားက မြတ်စွာဘုရားရှင် ဟောတော်မူတဲ့ “မေတ္တာသိနေဟ” မေတ္တာအစိုဓာတ်” ဆိုတာကို ရည်ညွန်းပြောဆိုတာပါ၊ မိမိ အပေါ်မှာ အေးမြတဲ့ မေတ္တာအစိုဓာတ် ပေးနေကြတဲ့ မိဖတို့ ဆရာသမားတို့ကို ဆိုလိုပါတယ်၊ “ ခြောက်တယ်” ဆိုတာကတော့ ကျေးဇူး ကန်းမှု၊ အမျက်ဒေါသ အာဃာတတွေနဲ့ တုံ့ပြန်မှုများကို ရည် ညွန်းတာ ဖြစ်ပါတယ်၊ အတိုချုပ်ကတော့ “ကျေးဇူးရှိသူတို့ အပေါ်မှာ ကျေးဇူး ကန်းသူဟာ အပြင်းထန်ဆုံး အပူဒဏ်ကို ခံစားရမယ်”လို့ ဆိုလိုက်တာပါပဲ။


စိုတဲ့လက်ကို ခြောက်စေတဲ့အပူဟာ အပူဟူသမျှထဲမှာ အပူဆုံး ဖြစ်သလို စိုတဲ့လက်ကို အေးမြစေတဲ့ အအေးဓာတ်ဟာလည်း အေးမြမှု ဟူသမျှထဲမှာ အအေးမြဆုံးလို့ ဆိုရပါလိမ့်မယ်၊ ဒါကြောင့် အခုလို မိဖတို့ရဲ့ ကျေးဇူးဂုဏ်ကို အာရုံပြုပြီး သားသမီး ဝတ္တရား ဖြစ်တဲ့ “လှုမျှဝေ၍” ဆိုတဲ့တာဝန်ကို မပျက်မကွက် နှစ်စဉ်မှန်မှန် ပြုလုပ်ကြခြင်းဟာ စိုတဲ့လက်များကို မိမိတို့စွမ်းနိုင် ရာက အေးမြစေခြင်း ပဲဖြစ်လို့ ဒီလို သားသမီးများဟာ အမြဲတန်း အေးမြနေသူများ အမြဲတန်း မိနဲ့ ဖနဲ့ တွဲနေရသူများ၊ မိရိပ် ဖရိပ်နဲ့ ဘဝခရီး ဆက်နေကြသူ များသာ ဖြစ်ပါတယ်။ ဘယ်တော့မှ မိမဲ့ဖမဲ့ မိဝေး ဖဝေးများ မဖြစ်နိုင်ကြပါဘူး။


အားလုံး သံသရာ ခရီးတစ်လျေက် အရိပ်များနဲ့ ခရီးသွားနေကြသူများ ဖြစ်ပါစေလို့ ဆုတောင်း ရင်း နိဂုံးချုပ်လိုက်ပါတယ်။



ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)


Wednesday, September 28, 2011

လောကဓံနှင့် လူသား၊၊ ၊၊

 

လောကဓံနှင့် လူသား၊၊ ၊၊

စာပေတွင် “လောကဓံ”ရှိ၍သာ “လူသား”သည် ဖြစ်ပေါ်လာရကြောင်း တင်ပြထားသကဲ့သို့၊ လူသားရှိ၍သာ လောကဓံများ ပေါ်ပေါက်လာရသည်ဟုလည်း ဆိုပြန်သည်၊၊ မည်သို့ဆိုစေ လူသားနှင့်လောကဓံသည် အဆက်အစပ်တစ်ခု ဖြစ်လေသည်၊၊

လောကဓံနှင့်ကင်းသော လူသားဟူ၍ဖြစ်စေ၊ လူသားနှင့်ကင်းသော လောကဓံဟူ၍ဖြစ်စေ ရှိနိုင်မည် မဟုက်ချေ၊၊ နေ၏အလင်းရောင်အောက်တွင် အရိပ်တစ်စုံတရာကို မြင်တွေ့ရသည်မှာ ထိုအရိပ်၏
အထည်ဒြပ်တည်ရှိနေ၍သာဖြစ်ကြောင်း ထင်ရှားသည်၊၊

လောကဓံနှင့် လူသားသည်လည်း နေရောင်တွင်ဖြစ်ပေါ်သော အရိပ်နှင့်ဒြပ်ပမာဖြစ်သည်၊၊ ဒြပ်မရှိဘဲ အရိပ်မပေါ်နိုင်သကဲ့သို့ အရိပ်ပေါ်နေခြင်းသည် အထည်ဒြပ်တည်ရှိနေခြင်းကြောင့် ဖြစ်ရသည်၊၊

နေရောင်၏အောက်တွင် အရိပ်ထင်ရာ၌ ဒြပ်ရှိ၍၊ ဒြပ်ရှိခြင်းကြောင့်အရိပ်ထင်ရသည်ဟု ပုံသေမမှတ်ယူနိုင်၊ အဘယ့်ကြောင့်ဆိုသော် နေရောင်မရှိဘဲလည်း ဒြပ်မှအရိပ်ကို မရရှိနိုင်သောကြောင့် ဖြစ်သည်၊၊

ဤသို့ဆိုသော် နေရောင်၊ ဒြပ်၊ အရိပ်တို့သည် “အညမည”သဘောအားဖြင့် ဆက်စပ်နေသည့် အရည်အသွေး များ ဖြစ်ကြလေသည်၊၊ လူသားဟူ၍ ကမ္ဘာလောကအတွင်း ဖြစ်ပေါ်လာသောကြောင့် လောကဓံဟူသည့် အရိပ် ထင်ပေါ်လာရသည်၊၊

သို့သော် လူသားပေါ်ပေါက်မှုသက်သက်ဖြင့်လည်း လောကဓံသည် ဖြစ်ပေါ်ရောက်ရှိမလာတတ်ပြန်၊ လောကဓံများ လူသားထံသို့ရောက်လာစေရန် ထူးခြားသည့်လူသား၏ အပြုအမူများလည်း လိုအပ် လာပြန်သည်၊၊

ဤအပြုအမူများအပေါ်တည်မှီ၍ အကောင်းနှင့်အဆိုးလောကဓံများ လူသားထံရောက်ရှိလာသည်ကို သဘာဝသက်သေများက ဖော်ညွှန်းလျက်ရှိလေသည်၊၊ လူသားတို့၏ ဘ၀တစ်သက်တာတွင် မလွဲမသွေကြုံ တွေ့ရမည့် “လောကဓံရှစ်မျိုး”ကို စာပေတွင်ဖော်ပြထားသည်၊၊

လောကဓံအကြောင်းကို လူတိုင်းပါးစပ်ဖျားတွင် နေစဉ်လိုလိုပြောတတ်ကြသည်၊၊ လောကဓံရှစ်မျိုးကို မည်သူက ဖော်ထုတ်ပြသခဲ့သည်၊ မည်သည့်ကျမ်းတွင် အသေးစိတ်လေ့လာရရှိနိုင်သည်ကို သိသူနည်းပါးမည်ဟု ထင်မိပါသည်၊၊

လောကဓံကို စာလုံးဖြင့်ရေးသားသည့်အခါ “လောကဓမ်”ဟုဖြစ်စေ၊ “လောကဓံ”ဟုဖြစ်စေ ရေးသားနိုင်
ပါသည်၊၊ “လောကဒဏ်”ဟု မရေးသားနိုင်ပါ၊၊ အကြောင်းမှာ “လောကဓံ”စကားလုံးသည် “လောကဓမ္မ”
ဟူသည့် ပါဠိဝေါဟာရမှဆင်းသက်လာသည့် ပါဠိသက်မြန်မာ စကားလုံးဖြစ်သောကြောင့် ဖြစ်ပါသည်၊၊

“လောကဒဏ်”ဆိုသည်မှာ လောကကြီးက လူသားတို့ကိုပေးသော ပြစ်ဒဏ်များဖြစ်သည်ဟု ရေးသားထားသော စာအုပ်နှင့်အရေးအသားများကိုလည်း တွေ့ရဘူးပါသည်၊၊ လုံးဝမှားယွင်းသည့် အရေးအသား ဖြစ်ပါသည်၊၊ ဤသို့ရေးသားခြင်းမှာ မူလ “လောကဓံ”ဝေါဟာရကို “လောကဒဏ်”ဟု မှားယွင်းရေးသားရာက ဖြစ်လောက်မည်ထင်သည့် အနက်အဓိပ္ပါယ်ကို ရေးသားလိုက်ရာက စာပေ အမှားတစ်ခုကို ကျူးလွန်လိုက်မိခြင်းဖြစ်တန်သည်၊၊

လောကဓံရှစ်မျိုးကို ဗုဒ္ဓရှင်တော်သည် ပထမလောကဓမ္မသုတ်၊ ဒုတိယလောကဓမ္မသုတ်ဟု သုတ်နှစ်မျိုးခွဲခြား၍၊ အင်္ဂုတ္တရနိကာယ်ပါဠိတော်တွင် အသေးစိတ်သင်ကြား၊ ဟောပြောထားပါသည်၊၊ လောကဓံရှစ်မျိုးကို သာဓကပုံပြင်များစွာဖြင့် သင်ပြထားသည့် အခြားပါဠိစာပေများစွာလည်း ရှိပါသေးသည်၊၊

လောကဓမ္မ=လောကဓံဟူသည်မှာ လောကတွင်ဖြစ်ပေါ်လေ့ရှိသည့် အခြေအနေရှစ်မျိုး၊ လောကတွင် ကြုံတွေ့ရမည့် အခြေအနေရှစ်မျိုးဟု အဓိပ္ပါယ်ဖွင့်ဆို ရပါမည်၊၊ လောကထဲတွင် လူသားဟူ၍ မွေးဖွားလာသူတိုင်း လောကဓံရှစ်မျိုးလုံးကိုဖြစ်စေ၊ တစ်မျိုး၊ နှစ်မျိုး၊ သုံးမျိုးကိုဖြစ်စေ၊ ဧကန်ကြုံတွေ့ရမည် ဖြစ်ပါသည်၊၊

လောကဓံရှစ်မျိုးတွင် မည်သည့်လောကဓံက အကောင်း၊ မည်သည့်လောကဓံကအဆိုးဟူ၍ ပုံသေ
သတ်မှတ်၍ မရနိုင်ပါ၊၊ လူသား၏ လောကဓံကိုခံယူပုံစိတ်အခြေအနေပေါ်တွင်မူတည်၍ လောကဓံအဆိုးနှင့် အကောင်းဟူ၍ ဖြစ်ပေါ်လာရသည်၊၊

လောကဓမ္မ=လောကဓံရှစ်မျိုး-
(၁) ရရှိမှု၊
(၂) မရရှိမှု၊
(၃) အသိုင်းအ၀ိုင်းရှိမှု၊
(၄) အထီးကျန်ဆန်မှု၊
(၅) ချီးမွှန်းခံရမှု၊
(၆) ပြစ်တင်၊ ကဲ့ရဲ့ခံရမှု၊
(၇) ချမ်းသာမှု၊
(၈) ဆင်းရဲမှု၊ တို့ဖြစ်ပါသည်၊၊

“ရရှိမှု”
ရရှိမှုဟုဆိုရာတွင် လူသား၏ဘ၀တွင် လိုချင်သည်များ၊ လိုအပ်သည်များ အလွယ်တကူ ရှာဖွေရရှိမှုကို ဆိုလိုပါသည်၊၊ စီးပွားဥစ္စာနှင့်၊ ကျန်းမာရေး၊ ပညာရေး၊ အိမ်ထောင်မှုဘ၀ သာယာစိုပြေရေးတို့ ပါဝင်ပါသည်၊၊

“မရရှိမှု”
ရရှိမှု၏ဆန့်ကျင်ဘက်သည် မရရှိမှုဖြစ်ပါသည်၊၊ လူတို့၏ဘ၀တွင် လိုအပ်သည်များ လိုချင်သည်များမှာ တခါတရံအလွယ်တကူ ရှာဖွေမရရှိသည့်အခါများလည်း ရှိနေတတ်ပါသည်၊၊ စီးပွားဥစ္စာနှင့်၊ကျန်းမာရေး၊ ပညာရေး၊အိမ်ထောင်မှုဘ၀သာယာစိုပြေရေးတို့ပင် ဖြစ်ပါသည်၊၊

ဤသို့ဖြစ်ရသည်မှာ လောကကြီးဖြစ်စေ၊ တစ်စုံတစ်ယောက်ကဖြစ်စေ ပြစ်ဒဏ်ပေးသည်မဟုက်ဘဲ၊ လောကအတွင်း ဖြစ်လေ့ရှိသည့်အခြေအနေတစ်ရပ်အနေဖြင့် မှတ်ယူရမည်ဖြစ်ပါသည်၊၊

“အသိုင်းအ၀ိုင်းရရှိမှု”
ချစ်သူ၊ ခင်သူ၊ မိတ်ဆွေ၊ သူငယ်ချင်းများစွာနှင့် ပျော်ရွှင်ရယ်မော နေထိုင်ခွင့်ရသည်ကို အသိုင်းအ၀ိုင်းရရှိမှု လောကဓံဟု ခေါ်ပါသည်၊၊ ဤသို့အသိုင်းဝိုင်းကောင်းကို ရရှိသည့်အတွက် ကူညီသူ၊ အားပေးသူ၊ ချစ်ခင်ယုသူ၊ ထောက်ပံ့ဖေးမသူများသဖြင့် ဘ၀သည် ချမ်းမြေ့ဖွယ် သာယာစိုပြေရတော့သည်၊၊

ထနောင်းပင်ရိပ်တွင် ထန်းလျက်ခဲကို ရေနွေးကြမ်းနှင့် ခဲစားနေရသည့်တိုင် ချစ်သူ၊ ခင်သူ၊ မိတ်တွေ၊ သူငယ်ချင်းများနှင့် ထွေထွေလီလီ အနှီနှီဖြင့်စကားဖောင်ဖွဲ့ရင်း စားသောက်ရဖြင့် နတ်ဘုံနတ်နန်းတမျှ သာယာပျော်ရွှင်ရတတ်သည်ကို သိရသည်၊၊

လူသားသည် ပင်လယ်နှင့် ကန္တာရများတွင် ဖြစ်ပေါ်လေ့ရှိသော ကျွမ်းတစ်ခု မဟုက်ကြောင်း Man is not Island.ဟု ပညာရှင်တို့ဆိုခဲ့ကြသည်၊၊ ကမ္ဘာပေါ်တွင် လူသန်းပေါင်း ခုနှစ်ထောင်ကျော်မျှရှိနေသော်လည်း၊ မိမိနှင့် အတွေးအခေါ်တူသူ၊ နှစ်သက်မှုတူသူ၊ ရည်ရွယ်ချက်တူသူ၊ မိမိကိုနှစ်သက်သူ၊ မိမိကနှစ်သက်သူမရှိသည်ကို အသိုင်းအ၀ိုင်းမရှိမှုလောကဓံဟု ခေါ်ရပါသည်၊၊

ဤအခြေအနေတွင် လူသားသည်အ၀ိုင်းအ၀ိုင်းကို ရှာဖွေမရရှိတော့ဘဲ ဖြစ်ရတော့သည်၊၊ မိတ်ဆွေ၊ သူငယ်ချင်း၊ ချစ်သူ၊ ခင်သူမှကင်းဆိတ်သည့်ဘ၀တွင် ပြင်းရိ၊ငြီးငွေ့ဖွယ်ရပ်တည်ရတော့သည်၊၊ စီးပွားဥစ္စာနှင့်၊ ကျန်းမာရေး၊ ပညာရေးအဆင်ပြေသည့်တိုင် မိတ်ဆွေအသိုင်းအ၀ိုင်း၊ ချစ်သူ၊ ခင်သူ၊ ခံစားချက်ကို မျှဝေမည့်သူမရှိဘဲ ရပ်တည်ရသည့် အခြေအနေတွင် ဘ၀သည်သာယာဖွယ် မဖြစ်တော့ပေ၊၊

အသိုင်းအ၀ိုင်းမရှိမှုလောကဓံကို ရင်ဆိုင်ရပြီဆိုလျင် လူသားသည် ရွှေဘုံပေါ်တွင် ရွှေအသီးများကို စားသုံး နေရသည့်တိုင် အရသာကိုရှာဖွေတွေ့ရှိလိမ့်မည် မဟုက်ပါချေ၊၊

“ပြစ်တင်ဝေဖန်ခံရမှု”
လူသားသည် ရပ်တည်မှုတစ်ခုအတွက် ဥစ္စာပစ္စည်းကို ရှာဖွေရသည်၊၊ အတတ်ပညာကို သင်ယူရသည်၊ ကျန်းမာရေးကို ဆောက်တည်ရသည်၊ အိမ်ထောင်မှုဘ၀ကို ထူထောင်ရသည်၊၊ ဤဆောင်ရွက်ချက်များမှာ စကားလုံးဝေါဟာရအားဖြင့် မများလှသော်လည်း လက်တွေ့အကောင် အထည်ဖော်ရာတွင် လွယ်ကူသောတာဝန်များ မဟုက်ချေ၊၊

မိမိဘ၀ရပ်တည်မှုအတွက် မိမိကြိုးစားနေစဉ်အတွင်း လူသားသည် ပတ်ဝန်းကျင်၏ ပြစ်တင်ဝေဖန်၊ ကဲ့ရဲ့မှုများကို မရှောင်မလွှဲသာ တွေ့ကြုံကြရသည်၊၊ ပြစ်တင်မှုဝေဖန်ခံရမှုလောကဓံဟု စာပေကဆိုပါသည်၊၊ “လောကတွင် ကဲ့ရဲ့ပြစ်တင်ဝေဖန်ခံရမှုမှ လွတ်သူမရှိ”ကြောင်း ဗုဒ္ဓရှင်တော်ကိုယ်တိုင် ဆုံးမထားပါသည်၊၊

များစွာသောလူတို့သည် အခြားသူ၏အပြစ်ကို အချိန်ယူ၍ မြိန်ရေ ယှက်ရေပြောဆို နေတတ်ကြသည်မှာ ထူးဆန်းသည့် လုပ်ရပ်ဖြစ်သည်၊၊ ကဲ့ဝေဖန်ခံရသူသည် မိမိမှာ တကယ်အပြစ်ပြောဖွယ်ရှိနေပါက ပြုပြင်သင့်ပြီး၊ အကယ်၍ အမှားတစ်စုံတရာမရှိက မိမိကိုအများက စိတ်ဝင်တစားရှိ၍သာ သူတို့၏ တန်ဖိုးရှိသော အချိန်များထဲမှ အချိန်တစ်ခုကိုယူ၍ မိမိအကြောင်းကို ပြောဆိုနေကြသည်ဟု ၀မ်းမြောက်သင့်လှသည်၊၊

လူတို့၏သဘာဝမှာ သူတို့အလေးမထားသော၊ စိတ်မ၀င်စားသောအကြောင်းအရာကို အချိန်ယူပြော ဆိုတတ်သည့် သဘာဝမရှိကြရကား၊ မိမိအကြောင်းကို အဆိုးဘက်မှဖြစ်စေကာမူ ပြောဆိုနေဦးတော့ မိမိသည်လူအများ၏ စိတ်ဝင်စားမှု၊ အလေးထားမှုကို ရရှိနေပြီဟု သတ်မှတ်နိုင်ပြီ ဖြစ်သည်၊၊

“ထင်ရှားသူတိုင်း၊ ပေါ်လွင်သူတိုင်း၊ နာမည်ရသူတိုင်း၊ အောင်မြင်သူတိုင်း၊ ချမ်းသာသူတိုင်းသည် အများ၏ပါးစပ်ဖျား၊ အသဲနှလုံးကြားတွင် အဆိုးဘက်မှရော အကောင်းဘက်မှပါ ပြောဆို၍အရသာရှိဖွယ် ကိတ်မုန့်တစ်လုံးဖြစ်နေသည်ကို ဂုဏ်ယူရမည်”ဟု ဒေးကာနယ်ဂီ၏ မိတ္တဗလဋီကာတွင် ဖော်ပြထားသည်၊၊

သို့သော်“မိမိမှာ တကယ်အမှားရှိ၍ ပြစ်တင်ပြောဆိုလာလျင်မူကား ထိုသူကိုရွှေးအိုးကို ဖော်ဆောင်ပေးသော သူကဲ့သို့သဘောထားပြီး ဆရာတင်ရမည်”ဟု ဗုဒ္ဓရှင်တော်က ညွန်ကြားပါသည်၊၊

“ချီးမွှန်းထောပနာပြုခံရမှု”
လူသည် မိမိ၏ရပ်တည်မှုအလုပ်ကို ပုံမှန်လုပ်နေသည်ဖြစ်သော်လည်း ပတ်ဝန်းကျင်မှ အလိုမကျသည့် အခါတွင် ကဲ့ရဲ့ပြစ်တင်တတ်ကြပြီး၊ သဘောတွေ့သည့်အခါတွင်လည်း ချီးမွှန်းပြောဆိုတတ်ကြ ပြန်သည်၊၊ ဤသည်ကို ချီးမွန်းခံရမှုလောကဓံဟု ခေါ်ပါသည်၊၊ အမှန်မှာ မိမိကိုယ်တိုင်သည် ပတ်ဝန်းကျင်၏ ချီးမွှန်းမှု၊ ကဲ့ရဲ့မှုကိုလက်ခံရယူရန်တမင် ပြုလုပ်နေသည်မဟုက်သည်ကို သိရှိပြီးဖြစ်သည်၊၊

ထို့ကြောင့် လူသားသည် မိမိကိုပတ်ဝန်းကျင်က ချီးမွှန်းသည်ဖြစ်စေ၊ ကဲ့ရဲ့သည်ဖြစ်စေ၊ သတိထား ဆင်ခြင်သင့်သည်ကလွဲပြီး များစွာအာရုံပြု၊ ဂရုထားနေရင် မလိုအပ်ချေ၊၊ ဗုဒ္ဓနှင့် အခြားသောနိုင်ငံအာ ဇာနည်များစွာတို့မှာ လူသားတစ်ရပ်လုံးအတွက် အနင့်နာခံ ကောင်းကျိုးပြုကြသူများဖြစ်သည်ကို သိရှိကြသည်၊၊ သို့သော် အပြစ်မြင်စိတ်အားကြီးသောသူများမှာ အလွတ်ပေးသည်မရှိဘဲ အပြစ်ဆိုကြသေးသည်ကို တွေ့ရမည်ဖြစ်သည်၊၊

ထို့ကြောင့် ပြစ်တင်ဝေဖန်မှုလောကဓံကိုခံရသည့်အခါ စာဖတ်သူအနေဖြင့် လောက၏သဘာဝတစ်ခု အနေဖြင့်သာ လက်ခံသင့်ပြီး၊ များစွာမတုန်လှုပ်သင့်ပေ၊၊ မင်္ဂလသုတ်တွင် “လောကဓံရှစ်မျိုးကြောင့် မတုန်၊ မလှုပ်နေနိုင်ခြင်းကို မင်္ဂလာတစ်ခု၊ ကောင်းခြင်းတစ်ခု”ဟု ဆိုထားပါသည်၊၊ ဆိုလိုသည်မှာ လောကဓံကို ရင်ဆိုင်ရဲခြင်းကို မင်္ဂလာဟုဆိုလိုခြင်း ဖြစ်ပါသည်၊၊ စာရေးသူအနေဖြင့်မူ “လောကဓံကို ရင်ဆိုင်ရဲခြင်း၊ ကြုံတွေ့လာရသမျှလောကဓံများကြောင့် မတုန်၊ မလှုပ်ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခြင်းကို သတ္တိရှိခြင်း”ဟု မြင်မိပါသည်၊၊

“ချမ်းသာမှု”
လူ့လောကတွင် ချမ်းသာမှုပုံစံ (၄)မျိုးရှိကြောင်း ပါဠိစာပေတွင် လေ့လာရသည်၊၊ ချမ်းသာမှုသည်လည်း လောကတွင်ကြုံရတတ်သည့် လောကဓံတစ်ခုမျှသာ ဖြစ်သည်၊၊ အခြားလောကဓံများနှင့် မကွာခြားသည့် အခြေအနေတစ်ရပ်ပင် ဖြစ်ပါသည်၊၊

(၁) ဥစ္စာပစ္စည်းရှိ၍ ချမ်းသာမှု၊
(၂) အသုံးပြုခွင့်ရသဖြင့် ချမ်းသာမှု၊
(၃) အကြွေးကင်းသဖြင့် ချမ်းသာမှု၊
(၄) ဘ၀တွင်အပြစ်ကင်းသဖြင့် ချမ်းသာမှုတို့ ဖြစ်သည်၊၊

“ဆင်းရဲမှု”
လောကဓံရှစ်မျိုးတွင် နောက်ဆုံးဖော်ပြထားသည့် လောကဓံသည် “ဆင်းရဲမှုလောကဓံ”ဖြစ်သည်၊၊ ဤလောကဓံကို အဆိုးဝါးဆုံးလောကဓံဖြစ်သဖြင့် နောက်ဆုံးမှဖော်ပြသည်ဟု မမှတ်ယူနိုင်ချေ၊၊
ဆင်းရဲမှုလောကဓံသည်လည်း အခြားလောကဓံများနည်းတူ လောကတွင်တွေ့ကြုံရတတ်သည့် အခြေ
အနေတစ်ခုမျှ ဖြစ်သည်၊ ထို့ထက်ဘာမျှ ထူးခြားသည်မဟုက်ပါ၊၊

လောကဓံရှစ်မျိုးကို သရုပ်အားဖြင့်တင်ပြခဲ့ပြီ ဖြစ်ပါသည်၊၊ ယ္ခုအခါ လောကဓံများပေါ် သဘောထားပုံများကို တင်ပြမည်ဖြစ်ပါသည်၊၊ လောကဓံရှစ်မျိုးတွင် မည်သည့်လောကဓံသည် အဆိုးဖြစ်သည်ဟု ပုံသေမမှတ်ရကြောင်းအထက်တွင် ဖော်ပြခဲ့ပြီဖြစ်သည်၊၊

မှန်သည်၊၊ လူသား၏ စိတ်ထားအပေါ်တွင်မူတည်၍ လောကဓံ၏ဖိအားသည် သက်ရောက်ပါသည်၊ ဆိုလိုသည်မှာ လောကဓံရှစ်မျိုးကို ဘာသာများစွာ၏ ဘုရားများစွာနှင့်အတူ၊ ဘုရင်များရော၊ အစိုးရများ၊ လူများ၊ ဘာသာအသီးသီးမှ သံဃာများပါ မလွဲမသွေတွေ့ကြုံကြရသည်၊၊

မိမိသည်စိတ်စွမ်းအား ပျော့ညံ့သူဖြစ်လျင် လောကဓံ၏ဖိအားသည် မိမိအပေါ်များစွာ သက်ရောက်တတ်ပြီး၊ မိမိကအင်အားရှိသူ၊ စိတ်စွမ်းအားရှိသူ၊ သတ္တိနှင့်ပြည့်စုံသူဖြစ်လျင် လောကဓံသည် တစ်စုံတရာဖိအားကို ပေးနိုင်မည်မဟုက်ကြောင်း မှတ်ယူရမည်၊၊

လောကဓံများတွင် သာယာဖွယ်လောကဓံနှင့် မနှစ်မြို့ဖွယ်လောကဓံနှစ်မျိုးရောနေသည်ကို သတိပြုမိမည် ဖြစ်သည်၊၊ သတိပြုဖွယ်အနေဖြင့် သာယာဖွယ်လောကဓံကို သာယာလွန်းသူ၊ မနှစ်မြို့ဖွယ်လောကဓံကို မုန်းတီးလွန်းသူများသည် စိတ်အားသတ္တိနည်းသူများဖြစ်ပြီး၊ သေခြာပေါက် ထိုသူများကို လောကဓံက နင်းခြေတတ်သည်ကို သတိပြုရပါမည်၊၊

မိမိထံရောက်ရှိလာသည့် သာယာဖွယ်လောကဓံကိုဖြစ်စေ၊ မနှစ်မြို့ဖွယ်လောကဓံကိုဖြစ်စေ စိတ်ဓာတ် ခိုင်ခိုင်၊ တည်ကြည်စွာဖြင့် ထိမ်းမတ်တတ်သူကို လောကဓံများက ဖိစီးနှိပ်စက်ကလူ မပြုနိုင်သည်ကို စာပေသာဓက၊ လက်တွေ့ဘ၀သာဓကများစွာတွင် တွေ့ရှိနိုင်သည်၊၊ ပညာရှိတို့ကမူ “လောကဓံဟူသည် လူသားကို ရွှေစစ် မစစ်ပေတင်သကဲ့သို့၊ လူသား၏စိတ်ဓာတ်မည်မျှ ခိုင်မာသည်ကို စမ်းသတ်သည့်၊ စစ်ဆေးသည့်မှတ်ကျောက်” များအဖြစ် ရေးသားကြသည်၊၊

“ရွှေစစ်လျင် ပေတင်ခံနိုင်သည်၊ ရွှေမစစ်လျင် ပေပေါ်တွင် ကွဲရသည်၊၊ စိတ်ဓာတ်သတ္တိအားမကောင်းလျင် လောကဓံနှင့်တွေ့သောအခါ ကွဲသည်၊ စိတ်ဓာတ်သတ္တိအားကောင်းလျင် လောကဓံများကလူသားကို ပို၍ထူးချွန်ပြောင်မြောက်အောင် မြေတောင်မြှောက်ပေးသည်”ဟု အဆုံးစွန်ဆိုလိုပါသည်၊၊

“လောကဓံနှင့်လူသား” ခေါင်းစဉ်ဖြင့် အရှင်၏တင်ပြဆွေးနွေးချက် ဤတွင်ပြည့်စုံပြီဟု ယူဆပါသည်၊၊ လောကဓံ၏ စမ်းသတ်မှုအောက်တွင် ထူးချွန်သူများ၊ ပို၍ပို၍တောက်ပြောင်သူများ၊ ကြီးပွားတိုးတက်သူများ၊ သာယာပျော်ရွှင်ဖွယ်ဘ၀ကို ပိုင်ဆိုင်ရရှိသူများ ဖြစ်ကြပါစေကြောင်း အလင်းစက်အရှင် ဆုတောင်းလိုက် ပါသည်၊၊ ၊၊



မေတ္တာဖြင့်--
အရှင်ကေ၀လ(အလင်းစက်)
ဘာဝနာဝိဟာရ-သီရိလင်္ကာ၊
(၈.၅.၂၀၁၁)

Tuesday, September 27, 2011

ဓမ္မကထိက ဟူသည်


ဓမ္မကထိက ဟူသည်

စာမိတ်ဆက်
ဒီပို့စ်လေးဖြစ်လာပုံကတော့ မနေ့တနေ့ကမှ စာရေးသူအကောင့်ကို ဖိတ်ပြီး မေးခွန်းတခု မေးလာပါတယ်၊ သူကတော့ အရှင်မြတစ်ပါးဖြစ်ပါတယ်။ အရှင်က မေးတယ်‘‘ အရှင်ဘုရား၊ မေးခွန်းတခုလောက် မေးပါရစေ၊ ဓမ္မကထိက တပါးဖြစ်ဖို့ ဘယ်အချက်အလက်တွေနှင့် ပြည့်စုံရပါမည်ဘုရာ?’’ တဲ့။ စာရေးသူ ဖြေလိုက်ပါတယ် ‘‘အရှင်ဘုရား တပည့်တော်က ဓမ္မကထိက မဟုတ်လို့ ဓမ္မကထိကတွေ ဘာတွေ ပြည့်စုံရမည်ဆိုတာ မသိပါဘုရား၊ ဒါပေမဲ့ စာတွေထဲမှာတော့ တွေ့ဖူးပါတယ်ဘုရား။’’ ရှာကြည့်လိုက်ပါဦးမယ်ဘုရား၊ ငယ်ငယ်က လေ့လာဖူးခဲ့တာဆိုတော့ မေ့နေပြီ၊ ဘယ်နားမှာ ပါရှိတယ်ဆိုတာလောက်ပဲ မမှတ်မိတော့ပါဘုရားဟူ၍ပဲ ပြန်ကြားလိုက်ရပါသည်။

မေးသူသည် ဓမ္မကထိကတစ်ပါးလဲ ဖြစ်ကောင်းဖြစ်နိုင်ပါသည်၊ သို့မဟုတ် ဓမ္မကထိကတစ်ပါး ဖြစ်ချင်သူလည်း ဖြစ်နိုင်ပါသည်၊ ဒါမှမဟုတ် ယနေ့ခေတ်သစ် ခေတ်ပေါ် ဓမ္မကထိကဆရာတော်လေးများကို စိတ်ဝင်စားနေသူလဲဖြစ်နိုင်ပါသည်။ ခေတ်သစ်ဓမ္မကထိက ဆရာတော်လေးများသည် အရှိန်မြင့်စွာ တဟုန်ထိုး ပေါ်လာပြီး မကြာမီမှာပဲ အရှိန်ပြင်းစွာ ကျဆင်းသွားသူတွေလဲ ရှိနေသည်၊ တချို့လည်း တဖြည်းဖြည်းချင်း ကျသွားနေသူတွေလဲ ရှိသည်။ အချို့လဲ ရပ်တန့်နေသူတွေလည်းရှိနေသည်၊ တချို့ကျတော့ အရှိန်မြင့်စွာ တက်လျှက်ပင်၊ အောင်မြင်လျှက်ပင် ရှိနေသည်။ ထိုအသွင်အမျိုးမျိုးသော ဓမ္မကထိကများကို မြင်တွေ့နေ ရသော ထိုအရှင်သည် ဤကဲ့သို့ မေးဟန်တူပါသည်။

ဘုန်းကံရှိသော ဓမ္မကထိက
ကျမ်းပြုအကျော် တောင်မြို့မဟာဂန္ဓာရုံဆရာတော် ဘုရားကြီးကမူ‘‘ ဓမ္မကထိက တစ်ပါးဖြစ်ဖို့ထက် စာချဘုန်းကြီးဖြစ်ဖို့ အလွန်ခက်ခဲပါတယ်’’ဟူ၍လည်း မှတ်ချက်ပေးသွားသည်။ ဆရာတော်ကြီးသည် စာချဘုန်းကြီများကိုလည်း စာချပျက်မည်ဆိုးသဖြင့် တရားဟောခြင်းကို မလိုလားပေ။ စာချဘုန်းကြီး တစ်ပါးဖြစ်ဖို့ဆိုရင် နှစ်ပေါင်းများစွာ စာသင်တိုက်ကြီးထဲမှာ ပင်ပင်ပန်းပန်း ပေးဆက်ရသည်။ သံဃာထုပရိသတ်ကို စာချ စာသင်ပေးနိုင်ဖို့ဆိုတာ လွယ်ကူလှသည်မဟုတ်သော်လည်း အာဝဇ္ဖန်း ကောင်းသော သူများ ဓမ္မကထိကတစ်ပါးဖြစ်ဖို့ရန်မှာ ခက်ခဲလိမ့်မည်မဟုတ်။ သို့သော် အောင်မြင်ကျော်ကြား အကျိုးများသည့် ဓမ္မကထိကတပါး ပေါ်ထွန်းလာဖို့ကလည်း အလွန်ရှားပါးလှပါသည်၊ ခက်ခဲပါလိမ့်မည်။ ဘာပဲဖြစ်ဖြစ် ဓမ္မကထိက ဆိုသော ဂုဏ်ပုဒ်သည် ဘုရားလက်ထက်တော်ကထဲကပင် ရှိနေခဲ့သည်။ အပြောကောင်း အဟောကောင်း ဓမ္မကထိက တစ်ပါးဖြစ်ဖို့သည် သူ၏ ရှေးဘုန်းရှေးကံကြောင့်ဖြစ်နိုင်သည်။ ဘုရားရှင်လက်ထက် အမျိုးသားဘက်ကရော အမျိုးသမီးဘက်ကရော တရားဟော အကောင်းဆုံး ဘွဲ့ (ဓမ္မကထိကဘွဲ့)ထူးများကို ဘုရားရှင်ကိုယ်တော်တိုင် ချီးမြှောက်ခဲ့သည်။ လက်ယာရံ ပညာအရာအတော်ဆုံး အရှင်သာရိပုတ္တရာနှင့် လက်ဝဲ တန်ခိုးအကြီးဆုံး အရှင်မောဂ္ဂလာန်တို့ကို ထူးချွန်သူများ ဖြစ်ကြသော်လည်း တရားဟော ဓမ္မကထိကအရာ၌ကား အရှင်ပုဏ္ဏမထေရ်နှင့် ဓမ္မဒိန္နာရဟန်းမတို့လောက် မပြောင်မြောက် သောကြောင့် ဓမ္မကထိကရာထူး ဘွဲ့ထူးမရကြ။ ထို့ကြောင့် ဓမ္မကထိကဟူသော ဂုဏ်ပုဒ်သည်လည်း ထူးခြားသော ဂုဏ်တခုဖြစ်ရကား အများစုက အားကျကြသည်။

လူကြည်ညိုများ
အဒ္ဓမိဒံ ဘိက္ခဝေ လာဘာနံ ယဒိဒံ ဓမ္မကထိကတ္တံ= ဘုန်းကံကြီးကြောင်း များစွာထဲက တရားဟောဓမ္မကထိကသည်လည်း တပါးအပါဝင်ဖြစ်သည်။ ဘုန်းကြီးလိုလျှင် တရားဟောဟု ဆိုလိုသည်။ ထိုအဂုင်္တ္တရ နိကာယ်ထဲမှာပဲ လောကမှာ လူအများ ကြည်ညိုခြင်းအကြောင်း လေးမျိုးကို ပြထားသည်။ ဘုန်းကြီးကြောင်း ၄ မျိုးလို့လဲ ခေါ်ပါတယ်။

၁။ ရူပပ္ပမာဏော= ရုပ်ကို ကြည့်၍ ကြည်ညိုသူ။ စာက ဆိုတယ် ၃ ယောက်တွင်၂ ယောက်သောသူက ရုပ်ကိုပဲ ကြည့်ပြီး ကြည်ညိုကြသည်။
၂။ ဃောသပ္ပမာဏော= အကျော်အဇောကို သို့မဟုတ် အသံကောင်းသူကို ကြည့်ပြီး ကြည်ညိုသူတို့သည် ၅ ယောက်တွင် ၄ ယောက်သောသူများဖြစ်ကြသည်။
၃။ လူခပ္ပမာဏော= ခြိုးခြိုးခြံခြံ၊ ခေါင်းခေါင်းပါးပါး ကျင့်သောသူကို ၁၀ ယောက်တွင် ၉ယောက်သော သူတို့ ကြည်ညိုကြ၏။
၎။ ဓမ္မပ္ပမာဏော= သူ၏သန္တာန်မှာ ရှိသောတရားတော်ကို သို့မဟုတ် သူဟောသော တရားကို ကြည်ညိုသူများကတော့ တသိန်းမှ တယောက်ပဲ ရှိသည်တဲ့။ ဆိုလိုသည်မှာ သဒ္ဓါကဲ ပညာနဲသူတွေ များပြားသည်ဟု ဆိုလိုသည်။
ယနေ့ခေတ်တွင်လည်း အဟောပြောကောင်းတာချင်း တူနေရင်တောင်မှ ဥပရိရုပ်ကောင်းသော ဓမ္မကထိကများက နေရာပိုပေးခံရသည်။ အချို့ ပြောင်ချော်ချော်ဓမ္မကထိက က‘‘ ဘုန်းဘုန်းက (ဦးဇင်းက) ဘယ်သူနဲ့တူတယ် ဘယ်ဝါနဲ့တူသည်’’ ဆိုပြီး ရုပ်ရှင်မင်းသား နာမည်တပ်ခါ ပြောလေ့ရှိသည်။

ခေါင်းခေါင်းပါးပါး ခြိုးခြံစွာ နေသူထက် တောက်တောက် ပြောင်ပြောင် သန့်သန့်ပြန့်ပြန့် နေသူကို ပိုအထင်ကြီးနေကြသည်ဟု ထင်မိသည်။ စာထဲမှာတော့ ၁၀ ယောက်တွင် ၉ ယောက်က လောဘနဲ၍ ခေါင်းခေါင်းပါးပါး ကျင့်ကြံအားထုတ်နေသူကို ကြည်ညိုကြ၏ဟု ဆို၏။ ဖြစ်နိုင်ပါသည်၊ အမှန်တကယ် ခေါင်းခေါင်းပါးပါး ကျင့်နေသူများကို ကြည်ညိုသူများကိုလည်း စာပေမှာ များစွာတွေ့ရသည်။ အရှင်မဟာကဿပ မထေရ်ကြီးကဲ့သို့ ဓုတင်အကျင့်ကို အားထုတ်သူများကို ကြည်ညိုသူတို့သည် ဥာဏ်နှင့်ယှဉ်သော သဒ္ဓါတရားရှိသူတို့ ဖြစ်ကြသည်။ ယနေ့ မျက်မှောက်ခေတ် သာသနာမှာ ဥာဏ်ရှိသူများ များစွာလိုအပ်ပေသည်။ ဘိုးတော်ယောင်ယောင် ဘွားတော်ယောင်ယောင် အကြားအမြင်ယောင်ယောင် သာသနာကို ဗန်းပြပြီး အသက်မွေးဝမ်းကြောင်း ပြုနေသည်ကို ပညာမွဲ သဒ္ဓါကဲတဲ့သူတွေက အားပေး အားမြောက် လုပ်ပေးနေသည်တို့သည် သာသနာအတွက် များစွာ အန္တရာယ်ဖြစ်ပါသည်။ သာသနာတော်ကို အနီးကပ် တိုက်ဖျက်နေသူများဖြစ်ကြသည်။ အတွင်း ရန်သူဟူ၍လဲ ခေါ်နိုင်ပါသည်။ မှန်ပါသည်၊ သဒ္ဓါတရားအားကောင်းပြီး ပညာနဲတဲ့ (ဗလ၀ သဒ္ဓေါ မန္ဒပညော) သူတွေအတွက် မုဓပ္ပသန္န= အချည်းအနှီး အကျိုးမများတဲ့ နေရာတွေမှာ ကြည်ညိုတတ်ကြသည်။

ဘုရားရှင် လက်ထက်တော်အခါက ဇမ္ဗူကအမည်ရှိ တက္ကဒွန်း တစ်ယောက် ရှိခဲ့ဖူးသည်။ သူ၏ ရှေး အကုသိုလ်ကံကြောင့် ည အခါ လူ့မစင်တွေကို စားပြီး မြေကြီးပေါ်မှာ အိပ်လေ့ရှိသော ထိုတက္ကဒွန်းကြီးကို လူတွေက သိပ်ကြည်ညိုကြတယ်၊ လူတွေရှေ့မှာတော့ ခေါင်းခေါင်းပါးပါး အကျင့်ယောင်ဆောင်ပြီး လူတွေ လှူသော ကောင်းပေ့ဆိုသည့် အစားအစာများကို လူတွေ ကျေနပ်အောင်ဆိုပြီး မြတ်ဖျားလေးဖြင့်တို့ကာ စားပြသည်၊ လှူသမျှ အ၀တ်တွေကိုလည်း ငါမ၀တ်ဟု ပယ်ကာ အမိမွေးတိုင်းအဖမွေးတိုင်းသာ နေသည်၊ မြေကြီးပြိုမှာစိုး၍ ခြေတစ်ဖက်ပဲ ထောက်ထားပြီး ရပ်ထားပြလေ့ရှိသည်၊ လေကိုပဲ စားသည်ဟု ဆိုကာ ပါးစပ်ကို အမြဲတမ်း ဟ ထားပြသည်။ လူတွေကို ၀ါကြွားသည်၊ လှည့်ပတ်ပေမဲ့ လူတွေကတော့ အဟုတ်ထင်ပြီး ကြည်ညိုလိုက်ကြသည်၊ ညရောက်သောအခါ လူသူ မရှိသောအခါမှ အပြင်ထွက်ပြီး လူ့မစင်ကို စားသည်၊ မြေကြီးပေါ်မှာပဲ အိပ်သည်။ ဒါကိုပဲ မုဓပ္ပသန္န ဟုခေါ်သည်၊ သဒ္ဓါလွန်ပြီး ပညာနဲသောသူတို့သာ ဖြစ်သည်။

ဓမ္မကထိကများ တာဝန်
နိုင်ငံမှာ အဟောအပြောဖြင့် အရေးပါအရာရောက်နေသူများဟု ဆိုသော ဓမ္မကထိကများကသာ ထိုအတွင်းရန် အပြင်ရန်တွေကို ကျယ်ပြန့်စွာတားဆီးနိုင်ခြင်း၊ အသိဥာဏ်နဲသူများကို ကျယ်ကျယ်ပြန့်ပြန့် ဗဟုသုတများ ပေးနိုင်ကြသဖြင့် မုဓပ္ပသန္နပုဂ္ဂိုလ်များ လျော့သွားနိုင်ဖွယ်ရှိသည်။ ထိုဓမ္မကထိကများကိုတော့ အလင်းရောင်ပေးသူ၊ အမတဒဒေါ- အမြိုက်နိဗ္ဗာန်ကို ပေးသူဟူ၍ ခေါ်ကြသည်။ ဒါ့ပြင် သာသနာတော်အတွက် အကျိုးများမည့် သာသနာပြုလုပ်ငန်း၊ ပရဟိတ လုပ်ငန်းများ၊ လူမှုရေးလုပ်ငန်းများကို ထိုဓမ္မကထိက များက တက်နိုင်သဖြင့် သာသနာအတွက် အားကိုးထိုက်သူများ (ဗဟုဇနဟိတဓရ-အများအကျိုးသယ်ပိုးသူ) ဟု ဆိုနိုင်သည်။ သို့သော် နှမြောစရာကောင်းသည်မှာ ယနေ့ ခေတ်သစ်ဓမ္မကထိကများသည် တဖြုတ်ဖြုတ်နဲ့ ပြုတ်ကျနေသည်တို့မှာ သဒ္ဓါတရားအားနဲခြင်း၊ ပညာနဲခြင်း၊ အစွန်းရောက် ပညာများကြောင့် ဖြစ်သည်ဟု ထင်ပါသည်။

ထို့ကြောင့် သီတဂူဆရာတော်ကြီးက အိန္ဒိယရောက် ပညာတော်သင် မြန်မာရဟန်းတော်များကို ‘‘ရဟန်းတော်တွေအနေနဲ့ ပိဋကတ်တော်က လေးနက်တဲ့ ကျမ်းကြီး ကျမ်းခိုင်တွေကို ပိုင်နိုင်အောင် လုပ်ထားကြ။ လေးနက်တဲ့အတွေးတွေနဲ့ လေ့လာထားရင် ပညာရှိကြီးတွေကြား မှာ ကြာရှည်တည်တံ့တယ်။ အဲလိုမဟုတ်ဘဲ ပေါ်ပြူလာလိုက်နေရင်တော့ စတာနဲ့ဆုံးနိုင်တယ်။ ယနေ့မြန်မာ နိုင်ငံက ဓမ္မကထိက တွေကြားမှာ ခုပေါ်လိုက် ခုပျောက်လိုက်ဖြစ်နေကြတာဟာ ဗုဒ္ဓရဲ့ လေးနက်တဲ့ ပိဋကတ်တော်တွေကို ပိုင်နိုင်အောင် မကိုင်ကြလို့ဖြစ်တယ်။ ဓမ္မကထိကလုပ်ချင်ရင် ပဋိသမ္ဘိဒါမဂ် ၀ိသုဒ္ဓိမဂ် မဟာသတိပဋ္ဌာန သုတ်တွေကို ကြေညက်အောင်လေ့လာပြီး ကိုယ်နဲ့အတူ ဆောင်ထားရမယ်။ ဒါတွေဟာ ပိဋိကတ်တော်ထဲက လေးနက်တဲ့ ကျမ်းကြီးတွေပဲ’’ ဟု သတိပေးစကား အမိန့်ရှိသည်။ ကိုယ်နှင့်အတူဆောင်ထားရမည် ဆိုသည်မှာ ထိုတရားတော်တွေကို ကိုယ့်နှလုံးသားထဲမှာ ထည့်ထားဖို့ပင်ဖြစ်သည်။

‘‘ပလ္လင်ပေါ်က အောက်ဆင်းမသွားနဲ့၊ ရွှေပလ္လင်ပေါ်ထိုင်နေတဲ့သူသည် ရွှေပလ္လင်နှင့်တန်အောင်ပြော၊ ရွှေပလ္လင်က စကားကိုပဲ ပြော၊ လမ်းဘေးက လူလေ လူလွင့်တွေရဲ့စကားကို ပလ္လင်ပေါ်ယူပြောလျှင် ကိုယ် ဘယ်ရောက်သွားမလဲ? လမ်းဘေးက လူဖြစ်သွားမည်’’ ဟု စံကင်းဆရာတော်ကြီးက ဓမ္မကထိကအကျော် အနီးစခန်းဆရာတော်အား သတိပေးစကား ပြောခဲ့သည်။ ပိဋကတ်ကျမ်းလာ မဟုတ်ဘဲ သူပြော လူပြော လမ်းဘေးက စကားများကို ပလ္လင်ပေါ်သယ်လာပြီ တွင်တွင်ကြီး ဟောနေလျင် မိမိလည်း လမ်းဘေးကလူဖြစ်သွာမည်တဲ့။

သီတဂူဆရာတော်နှင့်ဓမ္မကထိက
ယခုဆိုလျှင် သီတဂူဆရာတော်ကြီး၏ သက်တော်သည် ၇၄ နှစ်ရှိပြီး လာမည့်တပေါင်းလပြည့်နေ့ဆိုရင် ၇၅ နှစ်ပြည့်မှာ ဖြစ်ပါသည်။ သက်တော်ကြီးရင့်ပေမဲ့ လူငယ်တွေ ထက်ပင် သာသနာနှင့် လူမျိုးအတွက် သွက်သွက်လက်လက် အလုပ် လုပ်နိုင်နေသေးသည်မှာ အံသြစရာပင်ဖြစ်သည်။ နှစ်ပေါင်း ၄၀ ကျော်အထိ သီတဂူဆရာတော်ကြီးသည် ဓမ္မကထိက လောကမှာ ထိပ်ဆုံးက နေရာယူနိုင်ခြင်းသည် အဘယ့်ကြောင့်နည်း? သီတဂူဆရာတော်ကြီးသည် ဓမ္မကထိကအသိုင်းအ၀ိုင်းတွင် သဲကုန်းဆရာတော်ဟူ၍၎င်း၊ သပိတ်အိုင် ဆရာတော်ဟူ၍၎င်း လူသိများ ကျော်ကြားလာခဲ့ရာမှ သီတဂူသာသနာပြု အဖွဲ့ဟူ၍ အမည်သစ်တင်ကာ သာသနာပြု လုပ်ငန်းများကို အင်တိုက်အားတိုက် မရပ်မနား နှစ်ပေါင်း ၄၀ ကျော် အလုပ်လုပ်လာရာက သီတဂူဆရာတော်ဟူ၍ တကမ္ဘာလုံးက သိလာကြသည်။ ဓမ္မကထိကလောကတွင် လူငယ် လူလတ် လူကြီးတွေ တဖြုတ်ဖြုတ်ကျလိုက် အသစ်အသစ်တွေ ပေါ်လာချိန်မှာ ထိုအရွယ်မျိုးစုံဓမ္မကထိက အသိုင်းအ၀ိုင်းထဲမှာ ယနေ့အထိ ရှေ့တန်းက ရပ်တည်နိုင်နေခြင်းသည် သူ၏ သာသနာပြု စိတ်ဓာတ်နှင့် သာသနာပြု ပြယုဂ်များကြောင့် ဖြစ်သည်။

ရေစီမံကိန်း (ရေအလှူတော်)၊ ဆေးရုံများစီမံကိန်း (ဆေးအလှူတော်)၊ တက္ကသိုလ်များ စီမံကိန်း (ပညာရေးအလှူတော်)နှင့် သာသပြုအသင်းအဖွဲ့များ (လူမှုရေးအလှူတော်)များအပြင် ဆရာတော်ကြီးသည် နိုင်ငံတကာတွင် နိုင်ငံတော်ကိုယ်စားပြုအဖြစ် ကမ္ဘာ့ဗုဒ္ဓဘာသာများတွင် မြန်မာက ရှေ့တန်းက ရပ်တည်နိုင်စေခဲ့သည်။ နိုင်ငံတကာ ဘာသာရေးအစည်းအဝေးများ၊ နိုင်ငံတကာ ပညာရေးနှီးနှောဖလှယ်ပွဲများ၊ ဟောပြောပွဲများစွာကို တက်ရောက်ကာ မြန်မာ့ဂုဏ် သာသနာ့ဂုဏ်ကို ဆောင်နိုင်ခဲ့သည်။ ထိုသို့သော ဂုဏ်များကို ဆောင်နိုင်ရန်မှာ ပိဋကတ်တော်ကို ပိုင်ပိုင်နိုင်နိုင်ရှိသောကြောင့်၎င်း၊ သာသနာပြုလိုစိတ် သဒ္ဓါတရားစိတ်ကို (Mind power) ကို ရှေ့တန်းတင်ကာ မိမိကိုယ်တိုင်ကပင် ပဋိပတ်တွင် နှစ်မြုပ်၍ နှစ်များစွာ အားထုတ်ခဲ့ဖူးသော စရဏအစွမ်းတွေနှင့် အဟောအပြော စွမ်းရည်တို့ပေါင်းစပ်ကာ အားထုတ်သောကြောင့်ပင် ဖြစ်သူဟု သုံးသပ်မိပါသည်။

စာရေးခြင်း (ကျမ်းပြု)၊ စာချခြင်း၊ ပဋိပတ် (စရဏ) နှင့် တရားဟောခြင်းတို့ကို တပြိုင်တည်း အလုပ်လုပ်သောကြောင့် စာဆိုတော် ဓမ္မကထိက၊ ကျမ်းပြုဓမ္မကထိကဟူသော စွမ်းရည်သတ္တိ တို့သည် ပလ္လင်ကို ခိုင်မြဲစေရုံမက ရှေ့သို့တိုး၍တိုး၍ပင် ချီတက်စေနိုင်သည်။

ဓမ္မကထိက အင်္ဂါများ
အခါတစ်ပါး အရှင်အာနန္ဒာက ဘုရားရှင်အား ပရိသတ်ပေါင်း ထောင်နဲ့ချီ ခြံရံလျက် ဥဒါယီအရှင်မြတ် တရားဟောနေတယ်ဆိုတဲ့ အကြောင်း လျှောက်ထားတော့ ညီဘွားအာနန်! တရားဟောဓမ္မကထိကကောင်း တပါးဖြစ်ဖို့ဆိုတာ မလွယ်လှပါဘူး၊ ဓမ္မကထိက (တရားဟော) ကောင်းတပါးဖြစ်ဖို့ဆိုတာ ကိုယ်တွင်းမှာ အချက် ၅ ရပ် ရှိထားဖို့ လိုတယ်။ ကိုယ့်သန္တာန်မှာ အဲဒီ အင်္ဂါ (၅) ရပ် ပြည့်စုံနေကာမှ ဓမ္မကထိကကောင်း တယောက်ဖြစ်မှာ အမှန်ပင် ဖြစ်သည်။ ပလ္လင်ပေါ်တက်ပြီး ဟောပြောနေသူတိုင်းကို ဓမ္မကထိကဟု မဆိုနိုင်ဟူ၍လည်း မှတ်သားရမည်။ (အင်္ဂုတ္တရနိကာယ်၊ ပဉ္စကနိပါတ်၊ ဥဒါယီသုတ်)

ထိုအင်္ဂါ များက--
(၁) အနုပုဗ္ဗိံ ကထံ ကထေဿာမိ= တရားတော်ကို အစဉ်အတိုင်း ဟောကြားခြင်း။
တရားဟောသည့်အခါ ဒါနကထံ သီလကထံ သဂ္ဂကထံ စသည်အားဖြင့် အစဉ်အတိုင်း ဟောရမည်၊ အနုပုဗ္ဗီကထာ ဟူ၍လည်း ခေါ်သည်။ အနုပုဗ္ဗီကထာ ဟူသည်- ဒါန၏အကျိုးကျေးဇူး သီလ၏အကျိုးကျေးဇူး ထိုဒါန သီလတို့ကြောင့် ဘ၀မှ လွတ်မြောက်ပုံ စသဖြင့် ဟောကြားခြင်း။ ဒေသနာ အစဉ်အတိုင်းကိုသော်၎င်း၊ သုတ္တန် ဂါထာလာစသည်တို့၏ သင့်တင့်လျောက်ပတ်သော တရားတော်ကို ဟောမည်ဟူ၍ စိတ်တွင် ထားရှိရပါမည်။ ဆိုလိုသည် ထိုဒါန သီလ သုတ္တန် ဂါထာတို့မှ သွေဖယ်သော မလျော်သော ဆန့်ကျင်သော အခြားစကားများကို မဟောသင့်ဟု ဆိုလိုသည်။ မြတ်ဗုဒ္ဓ၏ အဆုံးမမှ သွေဖယ်သော ဆန့်ကျင်သော တရားများ မဟောသင့်ဟု မှတ်သားရမည်။

(၂) ပရိယာယဒဿာဝီ ကထံ ကထေဿာမိ= အကြောင်းအကျိုးကို ပြလျက် တရားတော်ကို ဟောကြားခြင်း။ ပရိယတ္တိစာပေများ ကျွမ်းကျွမ်းကျင်ကျင် နိုင်နှင်း (၀ိဇ္ဇာ) ပြီး ပဋိပတ် (စရဏ) ပါအားထုတ်ကာမှ ဤကဲ့သို့သော အကြောင်းအကျိုး သဘာဝတရားများ ဆက်စပ်လျှက် လေးလေးနက်နက် ဟောနိုင်ပြောနိုင်မှာ ဖြစ်ပါသည်။
(၃) အနုဒ္ဒယတံ ပဋိစ္စ ကထံ ကထေဿာမိ= အစဉ်သနားခြင်းကို အကြောင်းပြု၍ (သနား စောင့်ရှောက်လို သဖြင့်) တရားတော်ကို ဟောကြားခြင်း။

သတ္တ၀ါတို့သည် သံသရာ ဒုက္ခတည်းဟူသော ကျဉ်းမြောင်းအရပ်မှာ ဖြစ်နေရသဖြင့် အို နာ သေ သောက ပရိဒေ၀ စသော ဒုက္ခများစွာ ခံစားနေကြရသည်။ ထိုဒုက္ခမှ ကယ်တင်မယ်ဆိုတဲ့ သနား ကရုဏာစိတ် ထားဖြင့် တရားတော်ကို ဟောကြားခြင်းဖြစ်သည်။

(၄) န အာမိသန္တရော ကထံ ကထေဿာမိ= လာဘ သက္ကာရ (အာမိသ) ကို မငဲ့ကွက်ဘဲ (မလိုလားဘဲ) တရားတော်ကို ဟောကြားခြင်း။

ဒုတိယသပိတ်အိုင်တောရ ဆရာတော်ကြီးက ‘‘ မင်းတို့ နယ်လှည့်ဓမ္မကထိကများ ငွေတွေ သိပ်ရတယ်၊ အဲဒါ အဆိပ်ပြင်းတဲ့ မြွေတွေကွ၊ မင်းတို့က တရားဟောပြီး မြွေဟောက်တွေ ကျောင်းယူပြန်လာတာကိုးကွ၊ သတိထားကွ ကိုက်လိမ့်မယ်‘‘ ဟု ဓမ္မကထိကများအတွက် မှတ်သားစရာပြောခဲ့သည်။ ရလာတဲ့ အဆိပ်ပြင်းမြွေနှင့်တူသော ငွေတွေကို ဘယ်လိုအသုံးချမလဲ How to apply? ဓမ္မပူဇာမှ ရရှိလာသော အဆိပ်ပြင်းသော မြွေနှင့်တူသော ငွေများကို သာသနာရေးအတွက်နှင့် လူမှုရေးတွေအတွက် ကောင်းကောင်း အသုံးချနိုင်လျှင် ထိုအဆိပ်ပြင်းမြွေကို လယ်ပင်နာနာညစ်နိုင်သလိုပင် ဖြစ်သည်။ အသုံးချမှုမှန်ကန်သည်ဟု ဆိုလိုသည်။

(၅) အတ္တာနဉ္စ ပရဉ္စ အနုပဟစ္စ ကထံ ကထေဿာမိ= မိမိကိုယ်ကို၎င်း သူတပါးကို၎င်း မထိပါး မပုတ်ခတ်ဘဲ တရားတော်ကို ဟောကြားခြင်း။

အထက်ဖော်ပြပါ ဂုဏ်အင် ၅ မျိုးတို့တွင် ၁ နှင့် ၂ သည် ပရိယတ္တိအရည်အချင်း (Learned or Learned power, Knowledge) ကို ပြသည်။ ၃၊၄နှင့် ၅ အချက်တို့သည် ဓမ္မကထိက၏ စိတ်ဓာတ် (Mintal power, Mental quality) ကိုပြသည်။ ဆိုလိုသည်မှာ ၀ိဇ္ဇာနှင့်စရဏ ၂ မျိုးလုံးပြည့်စုံထားဖို့ပဲဖြစ်သည်။ စာပေပရိယတ္တိများစွာ လေ့လာပြီးသော သူသည် မြတ်ဗုဒ္ဓ၏တရားတော် အဆုံးအမများကို မှန်မှန်ကန်ကန် ဟောနိုင်ပြောနိုင်မည်။ သဒ္ဓါ သီလ စသော သူတော်ကောင်းတရား စရဏများ မိမိသန္တာန်ကိန်းဝပ်နေသော သူသည် သံသရာဝဋ်ဆင်းရဲတွင် ကျနေသော သတ္တ၀ါတွေ အပေါ် သနားစိတ် မေတ္တာစိတ်များ ထားရှိကာ လာဘသက္ကာရ=အလှူဝတ္ထု (ဓမ္မပူဇာ)အပေါ်မှာ ignorance လုပ်နိုင်မှာ အမှန်ပင်ဖြစ်သည်။

နံပါတ် ၅ အရည်အချင်းသည် ဓမ္မကထိကများအဖို့ သတိထားစရာ တစ်ခုဖြစ်ပါသည်။ အချို့သောပုဂ္ဂိုလ်များက မိမိကိုယ်ကို မြင့်တင် သို့မဟုတ် ကြွားဝါလိုသောကြောင့် သူတစ်ပါးအား ရှုံ့ချ အပြစ်ဝေဖန်တတ်သည်။ ကိုယ်ကပဲ တတ်သလိုလိုနဲ့ ရှေးက ကျမ်းအပြုကျော်ဆရာတော်ကြီးတွေ၊ သာသနာတော်အတွက် စွမ်းစွမ်းတမံအလုပ်လုပ်နေသူတွေကို သေးငယ်သော မပြောပလောက်သော အကြောင်းအရာလေးကိုပင် အပြစ်ကြီးလုပ်ကာ ချဲ့ထွင်တက်သည်။ ဒါကို စာက အတ္တုက္ကံသန ပရ၀မ္ဘန ဟု ခေါ်သည်။

ဓမ္မကထိက ၄ မျိုး
ထို့ပြင် ထိုအင်္ဂုတ္တရနိကာယ်လာ ဓမ္မကထိကသုတ်နှင့် အဘိဓမ္မာပုဂ္ဂလပညတ် ပါဠိတော်တို့မှာလည်း ဓမ္မကထိက ၄ မျိုးကိုပြဆိုထားသည်။
၁။ အချို့သော ဓမ္မကထိကသည် တရားကို အနည်းငယ်သာ ဟော၏၊ ထိုတရားသည် လူတို့ အကျိုးစီးပွားနှင့်လည်း မပတ်သက်။ ထိုဓမ္မကထိက၏ ပရိသတ်သည်လည်း အကျိုးရှိ မရှိကို နားမလည်။ ဤအုပ်စုကို ဗာလဓမ္မကထိကနှင့် ဗာလ ပရိသတ်ဟု ခေါ်သည်။
၂။ အချို့သော ဓမ္မကထိကသည် အနည်းငယ်သော တရားတော်ကို ဟောပေမဲ့ အကျိုးစီးပွားနှင့်ဆက်စပ်မှုရှိ၏၊ သို့သော် ထိုသူ၏ ပရိသတ်ကမူ အကျိုးစီးပွားနှင့်ဆက်သည် မဆက်သည်ကို မသိ နားမလည်။ အနီးစခန်းဆရာတော် ပြောသလို အိုးကွဲထဲ ရေလောင်းထည့်သလိုပဲတဲ့။ ကွဲနေသာ အိုးထဲ ရေဘယ်လောက်ပင် လောင်းထည့်ထည့် ဘာမှ ကျန်လိမ့်မည်မဟုတ်။ ဤအုပ်စုကိုတော့ သဘာဝ ဓမ္မကထိကနှင့် ဗာလပရိသတ် ဟု ဆို၏။
၃။ အချို့သော ဓမ္မကထိကတော့ များများဟောပေမဲ့ အကျိုးကားမရှိ၊ သို့သော်လည်း ပရိသတ်သည် အကျိုးစီးပွားနှင့်ဆက်စပ်သည် မဆက်စပ်သည်ကိုတော့ ကောင်းကောင်း သိ၏၊ နားလည်၏။ ဗာလဓမ္မကထိကနှင့် ပဏ္ဍိတပရိသတ် ဟုမှတ်။
၎။ အချို့သော ဓမ္မကထိကကတော့ များများလည်းဟော၏၊ အကျိုးစီးပွားနဲ့လည်းယှဉ်၏၊ သူ၏ပရိသတ်ကလည်း အကျိုးရှိ မရှိကိုလည်း ကျွမ်းကျင်လှ၏။ ဤအုပ်စုကိုတော့ ပဏ္ဍိတဓမ္မကထိကနှင့် ပဏ္ဍိတပရိသတ် ဟု ခေါ်၏။
ဤသို့အားဖြင့် ဟောသူ နာသူတို့၏ အရည်အချင်းအစုံတို့ကို ထုတ်ပြထားသည်၊ ကိုယ် ဘယ်အုပ်စု ဘယ်အစုံမှာ ပါဝင်နေသလဲဆိုတာ ကိုယ့်ဘာသာကို ပြန်လည်ဆန်းစစ်ကြရပေလိမ့်မည်။ နံပါတ် (၁)အုပ်စုသည် အညံ့ဆုံးဖြစ်သည်၊ နံပါတ် (၄) အုပ်စုသည်ကား အကောင်းဆုံး အတော်ဆုံး ဖြစ်သည်။

နိဂုံး
ဓမ္မကထိကနှင့် ပတ်သက်သော အကြောင်းအရာများကို စာပေမှာ များစွာ ရှာဖွေ တွေ့နိုင်ပါသည်၊ သို့သော် မိမိလက်လှမ်းမီသလောက်ကိုသာ တင်ပြရသဖြင့် ဝေေ၀ဆာဆာ ဖြစ်လိမ့်မည်မဟုတ်။ နားလည်ပေးနိုင်ပါလိမ့်မည်ဟု မျှော်လင့်မိပါသည်။

ကျမ်းကိုးများ
၁။ အင်္ဂုတ္တရနိကာယပါဠိတော် ပထမအုပ်
၂။ အင်္ဂုတ္တရနိကာယအဋ္ဌကထာ ပထမအုပ်၊ ဒုတိယအုပ်
၃။ ဓမ္မပဒအဋ္ဌကထာ
၎။ သရုပ်ပြအဘိဓာန်
၅။ သီတဂူဆရာတော်၏သြ၀ါဒများ
၆။ ပုဂ္ဂလပညတ်ပါဠိတော် (၎င်း အဋ္ဌကထာ)

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၇-၁၂-၂၀၁၀

Monday, September 26, 2011

“မီးသွေးလိုလူ”…

“မီးသွေးလိုလူ”…
ဤစကားလေးကို ဟိတောပဒေသ ဆုံးမစာလေ့လာ ဖတ်ရှုစဉ်က သတိပြုမိခဲ့၏။
တိုက်တိုင်ဆိုင်ဆိုင်ပင် ရွှေဥမင် ဆရာတော်ကြီး၏ ဆုံးမသြ၀ါဒ စာအုပ်လေးတွင်လည်း ဤစကားလုံးကို အသုံးပြု၍ ဆုံးမသြ၀ါဒ ပေးထားသည်ကို ဖတ်လိုက်ရ၏။

ဟိတောပဒေသဆုံးမစာတွင် လူတော်လူကောင်းနှင့် လူဖျင်းလူမိုက် နှစ်မျိုးအနက် လူမိုက်သည် မီးသွေးနှင့်တူကြောင်း ဥပမာပေးထား၏။ မီးသွေးသည် မီးအပူရှိန် ရှိနေချိန်တွင် ပူလောင်နေပြီး မီးငြိမ်းသွားသည့်အခါတွင်ကား မည်းညစ်ပေကျံမှုကို
ဖြစ်စေ၏။ မီးရှိသည့် မီးသွေးသည် ကိုင်သူကို ပူလောင်စေပြီး မီးငြိမ်းသွားသည့် မီးသွေးသည်ကား ကိုင်သူ၏လက်ကို မည်းညစ်စေ၏။ ထို့အတူ လူမိုက်သည် မိမိကိုယ်တိုင်လည်း မကောင်းမှု ဒုစရိုက်များဖြင့် ပျက်စီးတတ်သကဲ့သို့ ပေါင်းဖော်သူ မိတ်ဆွေ အပေါင်းအသင်းများကိုလည်း မကောင်းမှုဒုစရိုက်များဖြင့် ပျက်စီးစေတတ်၏။ ထို့ကြောင့် လူမိုက်သည် စင်စစ်အားဖြင့် လူဟုဆိုသော်လည်း “တန်ဖိုးမရှိသည့်လူ၊ မီးသွေးလိုလူ”သာ ဖြစ်ကြောင်း ဆိုခြင်းဖြစ်၏။

မှန်၏။ လောကတွင် မီးသွေးလိုလူများ အများအပြားရှိ၏။ မိမိအတွက်လည်း အကျိုးမရှိ အများအတွက်လည်း အကျိုးမပြုသည့် လူများသည် ဆုတ်ကပ်ကာလတွင် တဖြည်းဖြည်း တိုးပွားများပြားလာ၏။ အသိဉာဏ်ကင်းပြီး အကြောင်းအကျိုးမသိ မိမိအတွက် တစ်ခုတည်းသာ ကြည့်သူများ၊ မိမိကောင်းစားမည်ဆိုလျှင် ဘယ်သူသေသေ ငတေမာပြီးရော ဆိုသူများ၊
တစ်ဘ၀ တစ်နှပ်စာကြည့်ကာ ပစ္စုပ္ပန်အကျိုး တမလွန်အကျိုးကို မကြည့်သူများ၊ လုပ်ချင်တာတစ်ခုပဲသိပြီး မိမိအကျိုးလည်း မရှိ၊ အများအကျိုးလည်း မရှိသည့်လုပ်ရပ်များကို ဇွတ်အတင်းလုပ်နေသူများ စသူစသူများသည် အတ္တလည်းမဖြစ်
ပရလည်းမဖြစ်သည့် မီးသွေးလိုလူများသာ ဖြစ်ပါ၏။

“ခေတ်ကာလက ဖန်တီးပေးလိုက်တော့လည်း လိုက်လုပ်ဖြစ်နေတာပေါ့”ဟု ခေတ်ကာလကို အကြောင်းပြုကာ မကောင်းမှုများ လုပ်ဖြစ်နေ၊ “လုပ်သာလုပ်စမ်းပါ၊ ဘာမှပူမနေနဲ့ နောင်ခါလာ နောင်ဈေးပေါ့”ဟု မိမိလုပ်သည့် မကောင်းသည့် လုပ်ရပ်များကို မိမိနှင့်အတူ အခြားမိတ်ဆွေ အပေါင်းအသင်းများကိုပါ လုပ်ဖြစ်အောင် တိုက်တွန်းနေသူများသည် စင်စစ် မီးသွေးလိုလူများသာ ဖြစ်၏။

မြန်မာစကားတွင် “ဆန်ကုန်မြေလေး”ဟူသော စကားရှိ၏။ မကောင်းသည့်သူ၊ တန်ဖိုးမရှိသည့်သူ၊ မိုက်မဲသည့်သူ စသည့် သူများသည် လူ့လောကတွင် အသက်ရှင်နေသော်လည်း မိမိအတွက်လည်း အကျိုးမရှိ၊ အများအတွက်လည်း အကျိုးမပြုသည့် အပြင် နေ့စဉ်စားသောက်နေသဖြင့် ဆန်သာကုန်ကုန်သွား၊ သူ့ကို ကမ္ဘာမြေကြီးပေါ်မှာ ထားပေးရသဖြင့် ထမ်းထားရသည့် မြေကြီးသာ လေးလေးသွားသဖြင့် ထိုသို့သောသူများသည် ဆန်ကုန်ပြီး မြေကြီးသာ လေးလံစေသည့်သူများ
ဖြစ်ကြောင်းသုံးနှုန်း ပြောဆိုကြခြင်း ဖြစ်၏။ ထိုဆန်ကုန်မြေလေးများသည် မိမိအတွက်လည်း အကျိုးမပြီး အများအတွက်လည်း အချည်းနှီးသာဖြစ်သဖြင့် မည်သည့်ဘက်ကကြည့်ကြည့် အကျိုးမဲ့စေသဖြင့် ပူလည်းမကောင်း၊ အေးလည်းမကောင်းသည့်
မီးသွေးသဖွယ်ဖြစ်နေသည့် လူသာဖြစ်ကြောင်း ဆိုခြင်းဖြစ်၏။

မိမိအတွက်၊ အများအတွက် မည့်သည့်ဘက်မှ အကျိုးမရှိသော လူများသည် မီးသွေးလို လူများသာဖြစ်ကြောင်း ဟိတောပဒေသ အဆုံးအမကို ဖတ်ရင်း အတိတ်က မီးသွေးလိုလူအချို့ကို သတိရမိ၏။ ထိုကဲ့သို့သော သူများသည် မည့်သည့်အချိန်၊
မည်သို့သော သူများနှင့်တွေ့နေစေကာမူ မီးသွေးကား မီးသွေးသာ ဖြစ်နေပေတော့၏။
နောက်ဆုံး မြတ်ဗုဒ္ဓကဲ့သို့ အနှိုင်းမဲ့အရှင်နှင့် တွေ့ကြုံခဲ့သော်လည်း အကျိုးမပြီး အချည်းနှီးဖြင့် မီးသွေးလိုလူအဖြစ် ဘ၀နိဂုံးချုပ်သွားခဲ့သူ
အချို့ပင်ရှိခဲ့၏။ ဗုဒ္ဓလက်ထက်ရှိ မီးသွေးလိုလူများတွင် အထင်ရှားဆုံးသူမှာ မြတ်ဗုဒ္ဓ၏ ယောက်ဖတော်ဖြစ်သည့် ရှင်ဒေ၀ဒတ်ပင်ဖြစ်၏။ ရှင်ဒေ၀ဒတ်သည် အမှန်ပင် မီးသွေးလိုလူ ဖြစ်ခဲ့၏။

မြတ်စွာဘုရားနှင့်တွေ့၊ ဘုရားသာသနာနှင့်ကြုံကာ အမြတ်ဆုံး ရဟန်းဘ၀ကို ရနေခဲ့သော်လည်း ရဟန်းတရားကို ရအောင် အားမထုတ်ခဲ့သည့်အပြင် သူ့ကိုအမှီပြုခဲ့သည့် အဇာတသတ်ကဲ့သို့သော သူများကိုပင် မကောင်းမှု အကုသိုလ်ကြီးများ လုပ်ဖြစ်အောင် ဖျက်ဆီးခဲ့၏။ ရှင်ဒေ၀ဒတ်၏ အသက်ရှင်ခဲ့မှုသည့် အကျိုးမရှိ အချည်းနှီး သက်သက်သာ ဖြစ်ခဲ့၏။ မီးသွေးသည် ပူနေသည့်အချိန် ကိုင်သူကို ပူလောင်စေပြီး၊ အေးနေသည့်အချိန် ကိုင်သူကို မည်းညစ်စေသကဲ့သို့ ရှင်ဒေ၀ဒတ်သည် အသက်ရှင်စဉ် အချိန်တွင် မိမိကိုယ်ကိုလည်း မဂ်ဖိုလ်မပြီး အချည်းနှီးသာ ဖြစ်စေ၊ သူတစ်ပါးကိုလည်း ပစ္စုပ္ပန် သံသရာ နှစ်ဖြာအကျိုးမဲ့ကို ဖြစ်စေခဲ့ပေ၏။

ယခုမျက်မှောက်ခေတ်တွင်လည်း ထိုကဲ့သို့ မီးသွေးလိုလူများကို အများအပြားတွေ့ဖူး၏။ မိမိကိုယ်တိုင်လည်း မကောင်းသည့် အကုသိုလ် ဒုစရိုက်များကို စိတ်ဝင်တစား လုပ်နေမိသကဲ့သို့ သူတစ်ပါးကိုလည်း မကောင်းမှု အကုသိုလ် ဒုစရိုက်များ
လုပ်ဖြစ်အောင် တိုက်တွန်းပေးနေသူများသည် စင်စစ် မီးသွေးလိုလူများပင် ဖြစ်၏။ တစ်ခါက တရားပွဲတစ်ခုသို့ကြွစဉ် ဘုန်းကြီးနောက်ကွယ်တွင် ပြောနေကြသော ဒကာလေးနှစ်ဦး၏ စကားများကို ပြန်လည်ကြားယောင်မိပါ၏။ တစ်ယောက်က
“ကျွန်တော်ဒီနိုင်ငံကို မရောက်ခင်က အရက်လည်းမသောက်တတ်၊ ဖဲလည်းမရိုက်တတ်၊ လောင်းကစားလည်း မလုပ်တတ်ဘူး၊ အခု ဒီမှာလာပြီး ခင်ဗျားနဲ့တွေ့မှ ဒါတွေအကုန် လုပ်တတ်သွားတယ်..”ဟု နောက်သလို ပြောင်သလို ပြော၏။ ထိုအခါ နောက်တစ်ယောက်က “မုဆိုးနားနီးမုဆိုး၊ တံငါနားနီးတံငါ ဆိုသလို မင်းလည်းငါနဲ့နီးတော့ ငါ့ဆီက
ပညာတွေ ရသွားတာပေါ့ကွာ..”လို့ ပြန်ပြောသံကိုလည်း ကြားလိုက်၏။ ထိုကလေးနှစ်ယောက် ပြောသံများသည် နောက်သလို ပြောင်သလို အပျော်သဘော ဖြစ်သော်လည်း စာရေးသူ
အတွေးများကား မိတ်ကောင်းဆွေကောင်းနှင့် မကောင်းသည့် အဆွေခင်ပွန်းများ၏ သဘောများကို သတိတရ ဖြစ်စေခဲ့၏။

မိမိကိုယ်တိုင်လည်း မကောင်းမှု ဒုစရိုက်များကို ပြုလုပ်နေပြီး မိတ်ဆွေအပေါင်း အသင်းများကိုလည်း အပါယ်အထိ လားစေတတ်သည့် မီးသွေးလိုလူမျိုး သို့မဟုတ် မကောင်းမှု၌ အပေါင်းအဖော်ဖြစ်သည့် မိတ်ဆွေတုနှင့် မိမိနှင့်အတူ မိတ်ဆွေအပေါင်း
အသင်းများကိုလည်း ကောင်းကျိုးကို ဖြစ်စေတတ်သည့် မိတ်ဆွေစစ်တို့၏ သဘောလက္ခဏာများကို သိင်္ဂါလောဝါဒသုတ်တွင် ဖော်ပြထား၏။
ထိုသုတ်တွင်
“၁။ သေရည်သေရက်သောက်ခြင်း၌ အပေါင်းအဖော်ဖြစ်ခြင်း၊
၂။ အခါမဲ့ခရီးသွားခြင်း၌
အပေါင်းအဖော် ဖြစ်ခြင်း၊
၃။ ပွဲလမ်းသဘင် ကြည့်ရှုနားထောင်ခြင်း၌
အပေါင်းအဖော်ဖြစ်ခြင်း၊
၎။ လောင်းကစားခြင်း၌ အပေါင်းအဖော်ဖြစ်ခြင်း။ ဟူသော
ဤလေးပါးသော အကြောင်းတို့ဖြင့် ပျက်စီးကြောင်း၌ အပေါင်းအဖော်ဖြစ်သော
မိတ်ဆွေစစ်မဟုတ်သည့် မိတ်ဆွေတုကို သိအပ်၏။” ဟူ၍လည်းကောင်း
“၁။ မကောင်းမှုမှ
တားမြစ်တတ်ခြင်း၊
၂။ ကောင်းမှု၌ သက်ဝင်စေရန် တိုက်တွန်းတတ်ခြင်း၊
၃။ မကြားဖူးသော
တရားစကားကို ပြောကြားတတ်ခြင်း၊
၎။ နတ်ပြည်ရောက်ကြောင်း ခရီးလမ်းကို
ပြောကြားတတ်ခြင်းဟူသော ဤလေးပါးသော အကြောင်းတို့ဖြင့် ချမ်းသာအတူ၊
ဆင်းရဲအတူဖြစ်သော ကောင်းသော စိတ်နှလုံးရှိသည့် မိတ်ဆွေစစ်ကို သိအပ်၏”
ဟူ၍လည်းကောင်း ဖော်ပြထား၏။

ထိုလက္ခဏာများကို ကြည့်ပါက မိတ်ဆွေတုနှင့် မိတ်ဆွေစစ်တို့၏ ကွာခြားချက်ကို ကောင်းစွာသိနိုင်၏။ အထူးသဖြင့် မိတ်ဆွေတု၏ သဘောများသည် မျက်မှောက်ခေတ် လူ့လောကတွင် ပေါင်းသင်းနေကြသည့် လက်တွေ့ဘ၀များနှင့် ကိုက်ညီနေသည်ကို တွေ့ရ၏။
စာရေးသူနှင့် နီးစပ်သည့် ကလေးများတွင် အချို့လူငယ်များသည် အပေါင်းအသင်းကြောင့် ယခင်က မလုပ်ဖူးသည့် မလုပ်တတ်သည့် အလုပ်များကိုပင် လုပ်တတ်နေကြသည်ကို သတိထားမိနေ၏။ မြန်မာပြည်တွင် ရှိစဉ်က အရက်မသောက်တတ်၊ ဖဲမရိုက်တတ်သည့်
ကလေးများသည် ယခုအခါတွင် အရက်သမားလေးများ၊ ဖဲသမားလေးများပင် ဖြစ်နေကြ၏။

ထိုကလေးများသည် မုဆိုးနားနီးမုဆိုး၊ တံငါနားနီး တံငါဆိုသလို အရက်သောက်တတ်၊ ဖဲရိုက်တတ်၊ လောင်းကစားလုပ်တတ်သည့် သူများနှင့် တွေ့ဆုံပေါင်းသင်းမိရာမှ ထိုအတတ်များ တတ်လာခဲ့ကြ၏။ ထိုလူငယ်လေးများနှင့် ပေါင်းသင်းနေထိုင်
ပျော်မွေ့နေသူများသည် ရှေးယခင်ကတည်းပင် ထိုအလုပ်များတွင် ကျင်လည်နေသူများဖြစ်၏။ ထိုသူတို့ ကိုယ်တိုင်လည်း မိမိတို့ လုပ်ဆောင်နေကြသည့် အလုပ်များအပေါ်တွင် နောင်တမရ သတိသံဝေဂ မဖြစ်ကြဘဲ ပျော်ပျော်ပါးပါးဖြင့် ရုန်းမထွန်နိုင်
ဖြစ်နေကြသည်ကို သတိထားမိ၏။ မိမိတို့သည် မကောင်းသည့် အလုပ်များကို လုပ်နေသည်ကို သတိမပြုမိကြသည့်အပြင် အခြားသူများကိုပါ အတူလုပ်ဖြစ်ကြရန် ဆွဲခေါ်နေပေတော့၏။

မကောင်းမှု၌ အပေါင်းအဖော်ဖြစ်သည့် မိတ်ဆွေတုဟူသည် ၎င်းတို့ကို ဆိုရမလိုပင် ဖြစ်နေတော့၏။ သေချာသည်မှာ ထိုကဲ့သို့ မကောင်းမှု ဒုစရိုက်များတွင် မိမိကိုယ်တိုင်လည်း ပျော်ပျော်ပါးပါး လုပ်ဆောင်နေသကဲ့သို့ သူတစ်ပါးတို့အားလည်း
အတူပါဝင်စေကာ မကောင်းမှု၌ အပေါင်းအဖော်ဖြစ်သည့် ထိုသူများသည် မိမိအကျိုးနှင့် သူတစ်ပါးအကျိုး နှစ်မျိုးလုံးကို ပျက်ဆီးစေပြီး ပစ္စုပ္ပန် သံသရာ ဆိုးကျိုးများကိုသာ ဖြစ်စေကြသည့် မီးသွေးလိုလူများသာ ဖြစ်နေကြခြင်းပင် ဖြစ်၏။

မည်သို့ပင်ဆိုစေ မီးသွေးလိုလူသည်လည်း ပြုပြင်လိုက်မည်ဆိုလျှင် နောက်ကျသည်ဟူ၍ မရှိပေ။ မကောင်းမှုကို မကောင်းမှုဟုသိပြီး ပြုပြင်နိုင်လျှင် အပြုကောင်းဖြစ်ကာ အပြုကောင်းလာလျှင် အကောင်းဖြစ်လာမည်သာ ဖြစ်ပါ၏။ “မမှားသော ရှေ့နေ၊ မသေသော ဆေးသမား မရှိ” ဟုဆိုသကဲ့သို့ အမှားမလုပ်မိသူ၊ မမှားဖူးသူမည်သည် မရှိလှပေ။
အမှားကို အမှားဟုသိပြီး အမှန်ဖြစ်အောင် ကြိုးစားမည်ဟူသော စိတ်ဆုံးဖြတ်ချက်ကိုသာ ပိုင်ပိုင်ချကာ ပြုပြင်ကြရန်သာ လိုအပ်ပေ၏။

မင်းကွန်းဆရာတော် ဘုရားကြီး၏ “ယခုလက်ရှိ အချိန်ထက် ကောင်းသောအချိန်သည် မရှိ”ဟူသော စကားကို
နှလုံးသွင်းဆင်ခြင်ကာ မိမိ၏ မကောင်းသည့်လုပ်ရပ်ကို ယခုချက်ချင်း ပြုပြင်နိုင်အောင် ကြိုးစားနိုင်ခြင်းသည်သာ ကျန်ခဲ့သည့် အတိတ်ကာလနှင့် မရောက်သေးသည့် အနာဂတ်ကာလများထက် သာလွန်သည့် အကောင်းဆုံး အချိန်ဖြစ်ပါ၏။
သေချာသည်မှာ မီးသွေးလိုလူသည်လည်း ပတ္တမြားလိုလူ ဖြစ်နိုင်သည်ဟူသည့်
အချက်ပင်ဖြစ်၏။

ထို့ကြောင့် ရခဲလှသည့် လူ့ဘ၀ကို ရရှိထားသည့်အပြင် အကောင်းဆုံးဘ၀ကို ပိုင်ဆိုင်ထားသည့် လူသားများသည် ရရှိထားသည့် မိမိတို့၏ အကောင်းဆုံးဘ၀တွင် တန်ဖိုးရှိသည့်သူများ၊ မိမိအကျိုး သို့မဟုတ် အများအကျိုး၊ သို့မဟုတ် မိမိသူတစ်ပါး အကျိုးတစ်ခုခုကို ထူးချွန်အောင်မြင်အောင် လုပ်နိုင်သည့်သူများ မဖြစ်သော်လည်း မိမိလည်းမကောင်း၊ သူတစ်ပါးကိုလည်း မကောင်းဖြစ်စေသည့်
မီးသွေးလိုလူမျိုးကား မဖြစ်ကြရန် အထူးလိုအပ်လှ၏။ အကယ်၍ မိမိသည် မီးသွေးလိုလူ ဖြစ်နေခဲ့သည်ရှိသော် မိမိ၏ မကောင်းသည့် လုပ်ရပ်များကို ပြုပြင်နိုင်လျှင် နောက်မကျသေးသဖြင့် အမြန်ဆုံး ပြုပြင်နိုင်အောင် ကြိုးစားသင့်၏။
လက်ရှိအချိန်သည်သာ အကောင်းဆုံး အချိန်ဖြစ်သဖြင့် အကောင်းဆုံးအချိန်ကို မိမိလည်းအကျိုး မရှိ၊ အများအတွက်လည်း အကျိုးမရှိနိုင်သည့် မီးသွေးလိုလူမျိုး မဖြစ်အောင် ကြိုးစားနေထိုင်ရင်း မိမိဘ၀ကို မိမိလှအောင်သာ သတိတရား လက်ကိုင်ထားကာ
ပြုပြင်နေထိုင်ကြပါဟု တိုက်တွန်းစကား ပါးလိုက်ပါ၏။ အားလုံး မီးသွေးလိုလူ အဖြစ်မှ ရုန်းထွက်နိုင်ကြပါစေ…

စာရေးသူ အရှင်ဝိစိတ္တ(မနာပဒါယီ)

Sunday, September 25, 2011

”ဘယ်သူ ကဲ့ရဲ့ ကဲ့ရဲ့ ၊ ဘုရားမကဲ့ရဲ့အောင်နေ”


”ဘယ်သူ ကဲ့ရဲ့ ကဲ့ရဲ့ ၊ ဘုရားမကဲ့ရဲ့အောင်နေ”
(ဆရာတော်ဦးဗုဓ်)
ဆရာတော်ဦးဗုဓ်ဆိုတာ ကုန်းဘောင်ခေတ် ဘကြီးတော်မင်းတရားနဲ့ နန်းမတော်မယ်နုတို့လက်ထက်မှာ ပေါ်ထွန်းခဲ့တဲ့ဆရာတော်ပါ။ နန်းမတော်မယ်နု ဆောက်လုပ်လှူဒါန်းတဲ့ အုတ်ကျောင်းတော်ကြီးမှာ သီးတင်းသုံးခဲ့လို့ မယ်နုအုတ်ကျောင်းဆရာတော်လို့လည်း ခေါ်ကြပါတယ်။ ဆရာတော်ဦးဗုဓ် သီးတင်းသုံးခဲ့တဲ့ မယ်နုအုတ်ကျောင်းတော်ကြီး ဟာ အင်းဝမှာ ဒီနေ့အထိ တည်ရှိနေတုန်းပါ။
ဆရာတော်ဦးဗုဓ်ဆိုတာ မြန်မာနိုင်ငံ ပရိယတ္တိပညာရေးသမိုင်းမှာ စာတတ်ဆုံးပုဂ္ဂိုလ်အဖြစ် ပညာရှင်အသီးသီးက(လယ်တီ ဆရာတော်တို့ အပါအ၀င် ပေါ့) တညီတညွတ်တည်း အသိအမှတ်ပြုထားရတဲ့ ဆရာတော်ပါ။ ဒါကြောင့် ဗုဓ်အစ၊ ဗုဓ်အလယ်၊ ဗုဓ်အဆုံး ဆိုပြီး ဥဒါန်းစကား တွင်ရစ်ခဲ့တာပါ။
အဲဒီဥဒါန်းစကားရဲ့အဓိပ္ပါ့ယ်က ဗုဓ်အစဆိုတာ ဗုဒ္ဓဘုရား၊ ဗုဓ်အလယ်ဆိုတာက အရှင်မဟာဗုဓ္ဓဃောသပါ။ အရှင်မဟာဗုဒ္ဓဃောသဆိုတာက သီရိဓမ္မာသောကမင်းပေါ်ပြီး နောက်ပိုင်းမှာ ပေါ်ထွန်းခဲ့တဲ့ ထေရ်အရှင်ပါ။ ဘုရားဟောပါဠိတော်အားလုံးရဲ့ အဖွင့်ဖြစ်တဲ့ အဌကထာတွေကို ရေးသားခဲ့ပါတယ်။ ဒီနေရာမှာ စကားမစပ်လို့ပြောရရင်း ပါဠိတော်ရယ်၊ အဌကထာရယ် ၊ ဋီကာရယ်ကို ကွဲကွဲပြားပြားသိထားစေချင်ပါတယ်။ ပါဠိတော်ဆိုတာ ဘုရားဟောခဲ့တဲ့ မူရင်းစကားတွေကို ခေါ်တာပါ။ အဌကထာဆိုတာ ဘုရားဟောပါဠိတော်တွေကို ဥာဏ်နုသူတွေ လေ့လာကျက်မှတ်တဲ့အခါ မရှင်းမလင်းနဲ့ အခက်အခဲတွေ့မှာဆိုးလို့ ပါဠိပုဒ် တစ်ပုဒ်ချင်းကို ဖွင့်ဆိုအကျယ်ချဲ့ပြီး ရေးသားထားတဲ့ကျမ်းစာပါ။ ဋီကာဆိုတာကတော့ အဲဒီအဌကထာကျမ်းကို တစ်ခါထပ်ပြီး ထပ်ဆင့်ဖွင့်ဆို ရေးသားထားတဲ့ ကျမ်းစာပါ။ ဒီဋီကာကျမ်းကိုပဲ မရှင်းမှာဆိုးလို့ဆိုပြီး ထပ်ဆင့်ဖွင့်ဆိုတဲ့ အနုဋီကာ၊ မဓုဋီကာဆိုတာတွေလဲရှိပါသေးတယ်။ ဒါက ကျမ်းစာအမျိုးအစားတွေကို ခွဲခြားသိရအောင် ပြောပြတာပါ။
အထက်ကစကားကို ပြန်ကောက်ရင် ဗုဓ်အဆုံးဆိုတာကတော့ ဆရာတော်ဦးဗုဓ်ပါပဲ။ ဆိုလိုရင်းကတော့ ဗုဒ္ဓမြတ်စွာရယ်၊ အရှင်မဟာဗုဒ္ဓဃောသရယ်၊ ဆရာတော်ဦးဗုဓ်ရယ် အဲဒီသုံးပါးဟာ ဗုဒ္ဓဘာသာပညာအရာမှာ ခေတ်ကာလအလျောက်ပေါ့ အတော်ဆုံး အတတ်ဆုံးပါတဲ့။
ဆရာတော်ဦးဗုဓ်ဟာ မြန်မာပြည်မှာ စာအတတ်ဆုံးလို့ ဆိုကြတာကတော့ ဆရာတော်ရဲ့နောက်ခံသမိုင်းတစ်ခုတည်းကို ကြည့်ပြီးပြောကြတာတော့ မဟုတ်ပါဘူး။ အဓိကကတော့ ဆရာတော်ပြုစုခဲ့တဲ့ကျမ်းစာတွေရဲ့ အတိမ်အနက်ကိုကြည့်ပြီး ဆုံးဖြတ်ကြတာပါ။ ဒီနေရာမှာ ဆရာတော်ဦးဗုဓ်ရဲ့ စာပေစွမ်းရည်ကို အရင်မပြောခင် ဆရာတော်နဲ့ ဆက်နွယ်နေတဲ့ ပုဂ္ဂိုလ်အကြောင်း အနည်းငယ်ပြောပြချင်ပါသေးတယ်။ ပထမဆုံးတွေ့ရတာက ဘကြီးတော်မင်းတရားနဲ့ နန်းမတော်မယ်နုပါ။ အထူးသဖြင့်တော့ နန်းမတော်မယ်နုပေါ့လေ။ ဆရာတော်ဦးဗုဓ်ဟာ မင်းနဲ့ မိဖုရားနှစ်ပါး အထူးကိုးကွယ်တဲ့ဆရာတော်ပါ။ ဒါပေမယ့် ဆရာတော်ဟာ မင်းနဲ့ မိဖုရားနှစ်ပါးကို မျက်နှာသာမပေးခဲ့ပါဘူး။ အကြောင်းတိုက်ဆိုင်လာလို့ ပြောစရာရှိရင်လဲ၊ တိုတိုတုတ်တုတ်နဲ့ ထိထိမိမိခပ်ပြတ်ပြတ်သာ ပြောလေ့ရှိပါတယ်။ မျက်နှာသာမပေးပုံကတော့ အုတ်ကျောင်းတော်ကြီးပေါ်ကို ရောက်ရောက်ချင်းပဲ ဇာတိပြတော့တာပါပဲ။ မင်းမိဖုရားနှစ်ပါးက ဆရာတော်ဦးဗုဓ်ကိုပင့်ပြီး အုတ်ကျောင်းတော်ကြီးကို ရေစက်ချလှူုဒါန်းပါတယ်။ အဲဒီကျောင်းရေစက်ချပွဲမှာ ပရိသတ်ကလဲ စုံလှပါတယ်။ ရဟန်းပရိသတ်၊ လူပရိသတ်ပေါ့။ အဲဒီမှာရေစက်ချပြီးတော့ မင်းနဲ့ မိဖုရားနှစ်ပါးက ဆရာတော်ဦးဗုဓ်ကို သြ၀ါဒပေးဖို့ တောင်းပန်ပါတယ်။ ဆရာတော်က ဘယ်လိုသြ၀ါဒပေးလဲဆိုတော့ ” မင်းနဲ့တူအောင်ကျင့်က ငါတို့ ဆုံးမသြ၀ါဒ ပေးရန်မလို၊ မင်းနှင့်တူအောင်မကျင့်က ငါတို့နှင်မဆိုင် အ၀ီစိနှင့်သာဆိုင်သည်” ကဲ ဘယ်လောက်တိပြီး ဘယ်လောက်ထိမလိုက်ပါသလဲ။ ဆရာတော်နှင့် မင်းမိဖုရားတို့ဟာ အခုမှတွေ့ကြတာပါ။ အရင်ကမတွေ့ဖူးပါဘူး။ ဆရာတ်ာဘ၀သမိုင်းစာမျက်နှာမှာ စကားပြောတာ သိပ်မတွေ့ရပါဘူး။ အမြဲစာကြည့်စာရေးအလုပ်နဲ့ပဲ အချိန်ကုန်နေတာပါပဲ။ မန္တလေးကစာချဆရာတော်တစ်ပါးပြောသလို ပရိယတ္တိနဲ့ ကိလေသာပယ်ထားတဲ့သဘောပါ။ ဆရာတော်က မလွှဲမရှောင်သာ စကားပြောရရင်လဲ တိုတိုနဲ့ထိထိမိမိပဲ ပြောလေ့ရှိပါတယ်။ အပိုမပြောပါဘူး။
ဆရာတော် စကားကို ထိထိမိမိပြောတတ်ပုံနဲ့ ပက်သတ်ပြီး အမတ်ကြီးဦးပေါ်ဦးကို ပြေးပြီးသတိရမိပါသေးတယ်။ အမတ်ကြီး ဦးပေါ်ဦးကို ပြေးပြီး သတိရမိပါသေးတယ်။ အမတ်ကြီးဦးပေါ်ဦးဆိုတာ စကားအလွန်တတ်တဲ့ ပညာရှိအမတ်ကြီးအဖြစ် အားလုံးသိထားပြီးသားပါ။ ဒီလိုနဲ့ တစ်နေ့မှာပေါ့ အမတ်ကြီးဦးပေါ်ဦးတစ်ယောက် ဆရာတော်ကို ဖူးမြော်ကန်တော့ဖို့ ကျောင်းကိုရောက်လာပါတယ်။ အမတ်ကြီးရောက်လာတဲ့အချိန်မှာ ဆရာတော်က ရေကန်အနီးမှာ တံမြက်လှည်းနေပါတယ်။ အဲဒီတော့ အမတ်ကြီးက ကျောင်းတလင်းပြင်ပေါ်မှာပဲ ဦးချကန်တော့ရတယ်ပေါ့။ ဦးချပြီးတော့ ဆရာတော်နဲ့ အမတ်ကြီးဦးပေါ်ဦး အပြန်အလှန်စကားပြောပုံကိုကြည့်ပါဦး။
ဦးပေါ်ဦး   -  ရေကန်ကြီးက အလွန်ကောင်းပါတယ်ဘုရား။
ဆရာတော်  အေး ကောင်းတယ်။
ဦးပေါ်ဦး   -  ရေကလဲ အလွန်ကြည်ပါပေတယ် ဘုရား။
ဆရာတော် အေး ကြည်တယ်။
ဦးပေါ်ဦး    ရေကန်ကြီးဘယ်လောက်နက်ပါသလဲ ဘုရား
ဆရာတော်  ငါမသိဘူး။
ဦးပေါ်ဦး  ဆရာတော် သီတင်းသုံးတော်မူတဲ့ ကျောင်းတိုက်အတွင်းမှာဖြစ်လို့ နီးတဲ့အတွက် သိလိမ့်မည်ထင်မှတ်၍ လျှောက်ထားမိပါတယ်ဘုရား
ဆရာတော် နီးတိုင်းသာ သိရမယ်ဆိုရင် သင့်ရဲ့နှုတ်ခမ်းမွေး ဘယ်နှစ်ပင်ရှိပါသလဲ။
ဦးပေါ်ဦး  သတိမထားမိ၍ ဘယ်နှစ်ပင်ရှိကြောင်း မသိပါဘုရား။
ဆရာတော်  သင့်နှုတ်ခမ်းမွေးကိုမှ ဘယ်နှစ်ပင်ရှိကြောင်း မသိဘဲ ဒီရေကန်ရဲ့ အတိမ်အနက်ကိုရော ငါ သိနိုင်မှာလား။
ဆရာတော်ပြောလိုက်တဲ့စကားကြောင့် အမတ်ကြီးဦးပေါ်ဦးလဲ ရှေးကိုစကားမဆက်နိုင်တော့ပါဘူး။ ဦးချပြီး ခပ်ကုတ်ကုတ်နဲ့ ပြတ်သွားရပါတော့တယ်။
ဆရာတော်ဟာ အပြောအဆိုသာ ထိမိတာမဟုတ်ပါဘူး။ အပြုအမူပိုင်းမှာလဲ ထိမိလှပါတယ်။ အပြူအမူ ထိမိပုံကတော့ ကျမ်းပြုတဲ့ ရဟန်းငယ်တစ်ပါးနဲ့ ဆက်စပ်နေပါတယ်။
တစ်နေ့မှာ ရဟန်းငယ်တစ်ပါးဟာ ဆယ်ကြောင်းပေ သုံးအင်္ဂါရှိတဲ့ ကျမ်းတစ်စောင်ရေးသားပြီး ဆရာတော်ထံယူလာပါတယ်။ ဆရာတော်ထံ ရောက်တော့ သူရဲ့ကျမ်းစာကိုကြည့်ရှူပြီး အမှားရှိရင် မှားတဲ့နေရာကို ထုံးစက်ပြပေးပါဘုရားတဲ့။ ဆရာတော်ကလဲ အေး ထားခဲ့ မနက်ဖြန်ညနေ လာယူလို့ မိန့်လိုက်ပါတယ်.
ရဟန်းငယ်ရေးတဲ့ကျမ်းစာကို သေချာကြည့်ရှူပါတယ်။ ကြည့်ရှူ့တော့ ကျမ်းစာက တစ်စောင်လုံး ကမောက်ကမနဲ့ အမှားတွေချည်းပါပဲ။ အဲဒီတော့ ဆရာတော်က အနားမှာ ရှိတဲ့ တပည့်ရဟန်းတပါးကိုခေါ်ပြီး မောင်ပဉ္ဇင်း ဒီပေစာကို ဟိုထုံးအိုးကြီးထဲမှာ မြုပ်သွားအောင် သွားနှစ်ထားလိုက်ပါတယ်။
နောက်တစ်နေ့ညနေ စာမူရှင်ရဟန်း စာမူလာယူတော့ ဆရာတော်က ကိုယ်တော်ရဲ့ပေစာဟိုထုံးအိုးကြီးထဲမှာ နှစ်ထားတယ် ယူသွားလို့ မိန်လိုက်ပါတယ်။ စာမူရှင်ရဟန်းကလည်း ကိုယ့်ပေစာကိုယူပြီး မိမိကျောင်းပြန်သွားပါတယ်။ ကျောင်းပြန်ရောက်တော့ သီတင်းသုံးဖော် သူငယ်ချင်းတွေကို အကျိုးအကြောင်းပြောပြပါသတဲ့။ သီတင်းသုံးဖော် သူငယ်ချင်းတွေက ဆရာတော်အပြုအမူကို သဘောကျလွန်းလို့ ဆရာတော်ရှိရာ ကျောင်းတိုက်ကိုမှန်းပြီး ဦးချကြပါသတဲ့။ ကုန်းဘောင်ခေတ်ရဲ့ စာပေဝေဖန်ရေးဆိုရင်လဲ ဆိုနိုင်ပါတယ်။ စဉ်းစားကြည့်မိပါတယ်။ တကယ်လို့သာ ဆရာတော်က အမှားတွေထူလဗျစ်နဲ့ ကျမ်းစာကိုဝေဖန်ရမှာအားနာလို့၊ ဒါမှမဟုတ် အကြောင်းတစ်ခုခုကို ငဲံ့လို့ ကောင်းပါတယ်        လို့ပြောပြီး ပြန်ပေးလိုက်ရင် ခေတ်အဆက်ဆက် ဒီနေ့ စာသင်သားတွေအထိပေါ့ မတွေးဝံ့စရာပါပဲ။ ဝေဖန်စရာရှိရင်ဝေဖန်ပြီး ချီးကျူုးစရာရှိရင်လဲ ချီးကျူုးတာ ပညာရှိတွေရဲ့ သဘောတံထွာ ဓမ္မာတာပါ။
တကယ်တော့ ဆရာတော်ဦးဗုဓ်ဟာ သက်တော် ၅၅ နှစ်ပဲ နေထိုင်သွားပါရပါတယ်။ ၅၅ နှစ်ပဲ နေသွားရပေမယ့် ပြုစုရေးသားသွားတဲ့ ကျမ်းစာတွေကတော့ ၆၀ ကျော်ပါတယ်။ သက်တော် ၈၀ လောက်များနေခဲ့ရင် ကျမ်းပေါင်း ၂၀၀ ကျော်လောက်များ ပြုစုသွားမလားလို့ တွေးမိပါသေးတယ်။ ဆရာတော်ပြုစုတဲ့ ကျမ်းပေါင်း ၆၀ ကျော်ထဲမှာ နိဿယကျမ်းချဉ်း ၄၅ ကျမ်းတိတိရှိတယ်လို့ ဆရာတော်မာဂဓီ(သာစည်) တို့က ဖော်ထုတ်ပြထားပါတယ်။ ဘာဖြစ်လို့ နိဿယကျမ်းချည်း အဓိကထားပြီးပြုပြင်ရသလဲဆိုရင် နောင်ခေတ်စာသင်သားတွေ မပင်မပန်း၊ ချမ်းချမ်းသာသာ သင်ယူလေ့ကျက်နိုင်အောင်ဖြစ်ပါတယ်။ ဒီနေ့ သတင်းစာနဲ့ ရေဒီယို၊ ရုပ်မြင်သံကြားတွေမှာ နေ့စဉ်နဲ့အမျှ တွေ့နေရတဲ့ လောကနီတိဟာ ဆရာတော်ဦးဗုဓ်နိဿယ ပြန်ဆိုခဲ့တာပါ။
နိဿယပြန်ဆိုရေးတဲ့နေရာမှာလဲ ကျမ်းစုံလှပါတယ်။နိဿယတွေထဲမှာ သံပျင်ဋီကာနိဿယတောင် ပါလိုက်ပါသေးတယ်။ သံပျင်ဋီကာဆိုတာ ကျစွာမင်းရဲ့သမက်ဖြစ်ပေမယ့် ရဟန်းငယ်တစ်ပါးပြုစုခဲ့တာပါ။  ဒီကျမ်းပြုစုလို့လဲ ဘုရင့်သမီးတော် ရခဲ့တဲ့ရာဇ၀င်ရှီပါတယ်။ သံပျင်ဋီကာနဲ့ပက်သက်လို့ သီးသန့်ရေးသားပါဦးမယ်။
ဆရာတော်ပြုစုခဲ့တဲ့ နိဿယကျမ်းတွေထဲက မြန်မာပြည်အရပ်ရပ်က အိမ်တိုင်းအိမ်တိုင်းမှာ တွေ့နေရတဲ့ နိဿယကျမ်း တစ်စောင်ကိုပြပါဆိုရင် ဓမ္မစကြာနိဿယကိုပဲ ပြရမှာပါ။ မြန်မာပြည်သာသနာသမိုင်းမှာ ဓမ္မစကြာပါဠိကို ပထမဆုံး နိဿယပြန်ဆိုတာ ဆရာတော်ဦးဗုဓ်ဖြစ်တယ်လို့  သမိုင်းဆရာတို့က ဆိုကြပါတယ်။ ဓမ္မစကြာပါဠိကိုခေတ်အဆက်ဆက် တခြားဆရာတော်တွေ နိဿယပြန်ဆိုခဲ့ပေမယ့် ဆရာတော်ဦးဗုဓ်နိဿယကို  မကျော်နိုင်ခဲ့လို့လဲ အစမှာ ” ဘိက္ခူနံ ပဉ္စ၀ဂ္ဂီနံ၊ ဣသိပတန နာမကေ” အစချီတဲ့  အမွှမ်းဂါထာသုံးပုဒ်ရှိပါတယ်။ အဲဒီဂါထာသုံးပုဒ်က ဘုရားဟော မဟုတ်ပါဘူး။ ဆရာတော်ဦးဗုဓ် ဓမ္မစကြာပါဠိနိဿယ ပြန်ဆိုရေးသားစဉ်က ဓမ္မစကြာကို ကြည်ညိုလွန်းလို့ဆိုပြီး ဆရာတော်ကိုယ်တိုင် ပါဠိဂါထာသုံးပုဒ်ကို သီကုံးပြီး ထည့်သွင်းခဲ့တာပါ။ ဒီနေ့အထိ အဲဒီဂါထာသုံးပုဒ်ကို ဓမ္မစကြာရဲ့ ပါဠိအစမှာတွေ့နိုင်ပါတယ်။ ဆရာတော်ဦးဗုဓ်နဲ့ ပက်သက်ပြီးပြောရမယ်ဆိုရင် ပြောစရာတွေအများကြီးပါပဲ။ ပြောချင်တာတွေထဲက တစ်ခုပြောစရာရှိပါသေးတယ်။ အဲဒါခုဒ္ဒသိက္ခာနိဿယကျမ်းရဲ့ ရာဇ၀င်ပါ။ ခုဒ္ဒသိက္ခာကျမ်းဆိုတာ ရဟန်းတော်တွေ အတွက် ၀ိနည်းကျင့်ဝတ်တွေကို ပြထားတဲ့ကျမ်းပါ။ ဂါထာပေါင်း ၄၈ ဂါထာရှိပါတယ်။
အဲဒီခုဒ္ဒသိက္ခာကျမ်းကို နိဿယပြန်ဆိုနေချိန်မှာ ဆရာတော်ဦးဗုဓ်ရဲ့ ကျန်းမာရေးက လုံးဝမကောင်းပါဘူး။ ဒူလာသွေးဝမ်းကျရောဂါဖြစ်နေပါတယ်။ ရောဂါက လျော့မသွားပဲ တိုးလို့ တိုးလို့သာ ဖြစ်နေပါတယ်။ အဲဒီတော့ ကုဋီတက်လိုက်၊ ကျောင်းပေါ်ပြန်တက်ပြီး စားရေးလိုက်နဲ့ စာရေးရတာ အတော်ဒုက္ခရောက်ပါတယ်။ စားရေးတယ်ဆိုတဲ့ နေရာမှာလည်း ပြောစရာကရှိလာပြန်ပါတယ်။ ဆရာတော်ဦးဗုဓ်တို့ခေတ်တုန်းက  ဒီခေတ်လို ဘောလ်ပင်တွေ ဖောင်တိန်တွေနဲ့ ရေးရတာမဟုတ်ပါဘူး။ ပေရွက်ပေါ်မှာ ကညစ်တံနဲ့ ခဲရာခဲဆစ်ရေးရတာပါ။ ဘယ်လောက်ဒုက္ခရောက်မလဲဆိုတာ တွေးသာကြည့်ပါတော့။
ကုဋီတက်လိုက်၊ ကျောင်းပေါ်ပြန်တက်ပြီး စာရေးလိုက်နဲ့ စာရေးရတာ အတော်အနှောင့်အယှက်ဖြစ်နေတာ နောက်ပိုင်း ကျောင်းပေါ်ပြန်မတက်တော့ပဲ ကုဋီထဲမှာပဲ နေလိုက်ပါတော့တယ်။ တပည့်ကြီးတွေကို ကုဋီနံရံမှာ သင်ပုန်းလိုမီးသွေးနဲ့ သုတ်လိမ်းခိုင်းစေပါတယ်။ ၀မ်းသွားလိုက်၊ စာထရေးလိုက်နဲ့ နေ့မနား ညမနား ရေးသားပါတယ်။ ဆရာတော်ရေးပြီးတဲ့ ကုဋီနံရံကစာတွေကို တပည့်ကြီးတွေကလာပြီး ပုရပိုက်နဲ့တစ်ဆင့် ကူးယူပေးထားရပါတယ်။ ဒီလိုနဲ့ ကျမ်းတစ်စောင်ပြီးတဲ့ အထိပါပဲ။
ဆရာတော်ရောဂါဖြစ်နေတဲ့ကြားက အနားမယူဘဲ ဘာကြောင့် ကျမ်းတစ်စောင်ပြီးအောင်ရေးခဲ့သလဲ။ သာသနာတော်အတွက်ဆိုတဲ့ ယုံကြည်ချက် တစ်ခုကြောင့်ပဲ ဖြစ်ပါတယ်။ ဘာကျော်ကြားမူ၊ ဘာအောင်မြင်မူကိုမှ မျှော်ကိုးပြီး ရေးသားခဲ့တာမဟုတ်ပါဘူး။ တကယ့်သဒ္ဓါစစ်စစ်နဲ့ ရေးသွားတာပါ။
ဆရာတော်က ဒီအကြောင်းအရာနဲ့ ပက်သက်ပြီး ခုဒ္ဒသိက္ခာနိဿယ နိဂုံးမှာ အောက်ပါအတိုင်း ရေးသားပေးထားတာကို တွေ့ရပါတယ်။
ဝိဇ္ဖ မာနေပိ ရောဂမှိ၊
တံ နပေက္ခ ၀ယောကတော
တသ္မာဟိ မနုယုဉ္စန္တု။
သောတာရတ္တာန ပေက္ခိနော၊
မြန်မာပြန်
” ကိုယ့်စိတ်မသာ ကျင်နာခြင်းရှိလျှက်လည်း ထိုရောဂါကို မငဲ့မူ၍သာလျှင် ခုဒ္ဒသိက္ခာနိဿယကို ရေးသားပြုစုအပ်၏။ ထိုကြောင့် သင်စာသင်သားတို့သည် ကိုယ်နှင့် အသက် မငဲ့ကွက်ဘဲ ဤခုဒ္ဒသိက္ခာကျမ်းကို ကိစ္စတစ်ပါး၊ စွန့်ပစ်ထား၍ ဖန်များကြိမ်ခါ လွန်စွာကြိုးထုတ် အားထုတ်မြဲပင် ယှဉ်စေကုန်သတည်း”
ဒီနိဂုံးပါဠိအမှာလေးကို ပြန်ပြန်ကြည့်မိတိုင်း ဆရာတော့်အပေါ် ကြည်ညိုလို့မဆုံး ဖြစ်မိပါတယ်။ ဆရာတော်ဦးဗုဓ်ဟာ စကားအလွန်နည်းတော့ တသီးတသန့် သြ၀ါဒပေးထားတာတွေ ဘာတွေ သိပ်မတွေ့ရပါဘူး။ သြ၀ါဒပေးတာလည်း သိပ်ပြီးအားသန်ပုံမပေါ်ပါဘူး။ အသက်ထက်ဆုံး လက်ကိုင်ထားပြီး ကိုယ်တိုင်လဲကျင့်သုံး တပည့်တွေကိုလည်း ကျင့်သုံးစေခဲ့တဲ့ ရွှေစကားလေးတစ်ခုရှိပါတယ်။ အဲဒီ ရွှေစကားလေးကတော့
” ဘယ်သူကဲ့ရဲ့ ကဲ့ရဲ့၊  ဘုရားမကဲ့ရဲ့အောင်နေ” ပါတဲ့
ရဝေနွယ်(အင်မ)
ကျမ်းကိုး၊
၁။ ညောင်ကန်သာသနာဝင်(ဦးသုဒဿန)
၂၊ ဆရာတော်ဦးဗုဓ် ( နှစ် (၂၀၀) ပြည့်စာစောင်
၃။  မယ်နုအုတ်ကျောင်းဆရာတော်( အရှင်ပညာသာမိ)
မြတ်သတိ မတ် ၂၀၀၁

Saturday, September 24, 2011

သိကြားမင်းနှင့် သာသနာ


 

သိကြားမင်းနှင့် သာသနာ

သိကြားတိုင် တေးထပ်
     စည်းစိမ်တော် ယစ်မူးလို့ ၊ မဖြစ်ဘူး ဣန္ဒာ၊ ကသစ်ဦး သိင်္ဂါမှာ၊ အလိမ္မာ လွန်အား။ ရွှေငါးသန်း နှစ်ကုဋေမှာ အဖျော်ဖြေ ကြူးရော့ သလား။   ။ ဘယ်သူ့ကမှ မမှုလာတယ်၊ ကရုဏာ တရား၊ လူ့ရွာကို ရှုပါငြား မယ်လို့၊ ဘုရားကို သူဝါ။ အင်ကြင်းမြိုင် ကုဿိန်နန်း မှာလ၊ စာတမ်းထိုး လျက်ရှိပါ။   ။ကောဝိဠ သမီပါ၊ အို ..ဣန္ဒာ သိကြားငဲ့၊ ဘုရား ကိုးကွယ်မှန်၊ ဆင်းခဲ့ မြန်မြန်၊ ထောင်စက္ခု မှိန်ခဲ့ပြန်လျှင်၊ စိန်မျက်မှန် ဆက်အုံးမယ် ပလေး။
     ကဗျာဆရာကြီး စလေ ဦးပုည သိကြားမင်း လူ့ပြည်ကို မကြည့်ဘဲ မေ့လျော့ နေကြောင်းနှင့် အထက်ပါ ငေါ့တော့တော့ အဓိပ္ပါယ် ရှိသည့် သိကြားတိုင် တေးထပ်ကို ရေးစပ်ခဲ့သည်။ “ အို - သိကြားမင်း - ယခုအချိန်တွင် သင်သိကြားမင်း အဖို့ စည်းစိမ် ယစ်နေ၍ မဖြစ်ပါ၊ ပင်လယ် ကသစ်ပင်ဦးရှိ ဝေဇယန္တာ ရွှေပြာသာဒ်ကြီး ပေါ်၌ ဖျော်ဖြေမှုတွင် လိမ္မာ ကျွမ်းကျင်လှသည့် နှစ်ကုဋေ ငါးသန်းသော ဒေဝစ္ဆရာနတ် ကညာခြွေတို့၏ ဖျော်ဖြေမှုဝယ် ယစ်မှုးနေလေ သလားမသိ၊ သင် သိကြားမင်းသည် လူပြည် လူ့ရွာ၏ အရေးအရာ တို့ကို အနည်းငယ်မှ ဂရု မပြုပါလေ၊ သနားခြင်း၊ ကရုဏာ တရားဖြင့် ထာဝစဉ် လူ့ရွာ လူ့ပြည်ကို ကြည့်ရှု စောင့်ရှောက် ပါမည်ဟု မြတ်စွာ ဘုရားကို သင်လျောက်ထား ခဲ့ခြင်းသည် လိမ်ညာ၍ လျှောက်ထား ခဲ့ခြင်း ဖြစ်လေယောင် တကား၊ ကုသိနာရုံ အင်ကြင်းစုံတွင် သင် လျှောက်ထားခဲ့ပုံ တို့ကိုကား ပြက်ပြက် ထင်ထင် စာတမ်းတင်၍ ရှိနေပါသည်၊ ပင်လယ် ကသစ်ပင်၏ အနီး၌ စည်းစိမ် ကြီးလျက်နေသော အို သိကြားမင်း…သင်သည် မြတ်စွာဘုရားကို ကိုးကွယ် သူမှန်ပါက သာသနာတော်ကို ကြည့်ရှုပါလေ၊ သင်ကြည့်ရှုရန် သဟဿနေတ္တိ ခေါ် နတ်မျက်စိ တစ်ထောင် မှုန်ဝါးမှိန်မွဲ နေသည်ဆိုပါမှု ကျွန်ုပ်က စိန်မျက်မှန် တစ်လက် ဆက်သလိုက်ပါမည် ” ဟု သရော် တော်တော် ပြက်ရယ်ပြု ရေးစပ်ခဲ့ခြင်း ဖြစ်၏၊ ဤကဲ့သို့ ဦးပုည၏ သိကြားတိုင် တေးထပ်များသည် ၇-ပုဒ် ပင်ရှိခဲ့လေသည်၊ အခြား တေးထပ်များလည်း ဤနည်းနှင့်နင် သရော်ရေးစပ် ထားခြင်းပင် ဖြစ်သည်။

     ဤသို့ ရေးသားစပ်ဆို ခဲ့ခြင်းကား မြတ်စွာဘုရားက ပရိနိဗ္ဗာန် ဝင်စံခါနီး အချိန်တွင် သိကြားမင်းအား သာသနာတော်ကို အစဉ် ကြည့်ရှု စောင့်ရှောက်ရန် မှာထား အပ်နှံခဲ့သည် ဟူသော လူ့လောက ယုံကြည်မှုအရ ရေးသားစပ်ဆို ခဲ့ခြင်းဖြစ်၏၊ အထက်ပါ တေးထပ်တွင် “ အင်ကြင်းမြိုင် ကုဿိန်နန်း မှာလ၊ စာတမ်း ထိုးလျက်ရှိပါ ” ဟူသော အပိုဒ်သည်ပင် ထိုအချက်ကို ရည်ညွှန်းခဲ့ကြောင်း ထင်ရှား ပေသည်။
     မြတ်စွာဘုရားက သိကြားမင်းအား သာသနာကို စောင့်ရှောက် ရစ်ရန် မှာထားခဲ့သည်၊ သိကြားမင်း ကလည်း စောင့်ရှောက် ရစ်ပါမည်ဟု ဝန်ခံ ကတိ ထားခဲ့သည် ဟူသော ယုံကြည်မှု တို့ကား ယခု ကာလသာ မဟုတ်၊ ရှေးသရော အခါကပင် မြန်မာလူမျိုး တစ်မျိုးလုံး ယုံကြည် လာခဲ့သော အစဉ်အလာ ယုံကြည်မှု တစ်ရပ် ဖြစ်လေသည်။
     “ သာသနာ ၂၅၀၀ - ကျော်လျှင် ဘုရား သာသနာ ကုန်၍ သိကြား သာသနာ ဖြစ်လာမည်၊ သိကြားမင်း စောင့်ရှောက်၍ မကောင်းသူ ပယ် ကောင်းသူ ကယ်လိမ့်မည်၊ သာသနာ တစ်ဝက် မင်းကောင်း တစ်ဆက် ပေါ်ပေါက် လာလိမ့်မည်၊ စကြာမင်း လာတော့မည်” စသော စကားတို့သည် ထို အစဉ် အဆက်က အရိုးစွဲခဲ့သော ယုံကြည်မှု တို့ကို အရင်းခံခဲ့ခြင်း ပင်ဖြစ်၏၊ ဤ ယုံကြည်ချက် ဤ စကားလုံး တို့ကို ကျောထောက် နောက်ခံ ပြု၍ပင် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀- ကျော်က စလေ ဦးပုညသည် အထက် ဖော်ပြပါ သိကြားတိုင် တေးထပ်တို့ကို ရေးသား၍ သိကြားမင်းကို သရော်ခဲ့သည်၊ ထို့အတူပင် လွန်ခဲ့သော အနှစ် ၆၀၀- ခန့်က သိကြားမင်း သေပြီဟု ကျေညာခဲ့သော မထေရ် တစ်ပါး ပေါ်ပေါက် ခဲ့ဘူးသေးသည်။

သိကြားသေ၍ စည်တီးသူ
     သက္ကရာဇ် ၇၃၀- တွင် အင်းဝ ထီးနန်း သိမ်းမြန်း စိုးစံခဲ့သော မင်းကြီး စွာစော်ကဲ လက်ထက်တွင် မင်းကြီး စွာစော်ကဲ (အင်းဝ ဘုရင်) သည် ငယ်ဆရာ ဖြစ်သော ရခိုင် ဘုန်းတော်ကြီးကို “ မဟာသံဃ ရာဇာ ” ဟူသော ဘွဲ့တံဆိပ် အပ်၍ မင်းဆရာ ပြုသည်၊ ထို ရခိုင် ဘုန်းတော်ကြီးကား ဆေးဝါး ဓါတ် ပယောဂနှင့် အင်းအိုင် ခလှဲ့ လက်ဖွဲ့ မန္တာန် တို့ကို တတ်ကျွမ်းသော ပွဲကျောင်းဘုန်းကြီး မျှသာ ဖြစ်သည်၊ ပရိယတ္တိ ပညာ တတ်ကျွမ်းသူ မဟုတ်၊ လဇ္ဇီပေသလ မဟုတ်၊ ထို့ကြောင့်ပင် နောင် သာသနာဆက် ဆရာစဉ်သို့ မဝင်လေ။
     ထိုအခါ ကာလက ပွဲကျောင်း ဘုန်းကြီးများ သာသနာရေးကို စီမံနေ၍ လဇ္ဇီပေသလ ဖြစ်ကုန်သော ပရိယတ္တိ ပညာတတ် သံဃာတော်များ နိမ့်ကျ၍ နေသည်၊ မင်းကြီး စွာစော်ကဲ ကိုယ်တိုင်ကလည်း သာသနာရေးနှင့် စပ်လာလျှင် သူ၏ ဆရာ ပွဲကျောင်း ဘုန်းကြီးများ၊ အထူးအားဖြင့် မဟာသံဃရာဇာ ဟူသော ရခိုင်ဘုန်းကြီး ကိုသာလျှင် တိုင်ပင် လျောက်ထားလေ့ ရှိပေသည်။
     တစ်ညသ၌ ညဥ့် ၂- ချက်တီးကျော်တွင် အချက်ပေါင်းများစွာ ထိုးနှက်လိုက်သော စည်ကြီးသံ သည် မင်း၏ နန်းတော်နှင့် တကွ တစ်မြို့လုံးပါ လွှမ်းခြုံ၍ ထွက်လာသည်၊ မြို့နှင့် မနီးမဝေး မနာပြင် ငါးဆူအရပ် ကျောင်း၌ နေသော ပရက္ကမ အနွယ်ဝင် အရှင်ခေမာစာရ ဟူသော ရဟန်း တစ်ပါးက ထိုးနှက် ရိုက်တီးလိုက်ခြင်း ဖြစ်လေ၏ ။
     မင်းကြီး စွာစော်ကဲ လည်း “ ဤ စည်တီးသံသည် ရဟန်းတစ်ပါး ပါးလွန်၍ တီးခြင်း ဖြစ်မည်၊ မည်သည့် ကျောင်းက မည်သည့် ပုဂ္ဂိုလ် သေဆုံးသနည်း - မေးမြန်း ကြကုန် ” ဟု အမတ်တို့ကို စေလွတ်၍ မေးမြန်း စုံစမ်း စေလေသည်၊ အမတ်တို့လည်း စည်တီးသော ကျောင်းကို ရှာဖွေ မေးမြန်း စုံစမ်း ကြကုန်၏။
     ထိုအခါ မနာပြင် ငါးဆူအရပ်မှ ပရက္ကမ အနွယ်ဝင် အရှင်ခေမာစာရ တီးကြောင်း သိရသဖြင့် “ မည်သည့် ရဟန်း ပုဂ္ဂိုလ် သေဆုံး၍ စည်တီး ပါသနည်း ” ဟု မေးမြန်း ကြလေသည်။ အရှင် ခေမာစာရ က “ မည်သည့် ရဟန်း ပုဂ္ဂိုလ်မျှ သေဆုံးခြင်း မရှိ၊ ဤ စည်တီး ရခြင်းကား တာဝတိံသာ မှ သိကြားမင်း သေ၍ တီးခြင်း ဖြစ်သည် ” ဟု ဆိုလေသည်။
     အမတ်တို့ ကလည်း ထို အတိုင်းပင် ဘုရင်ကို လျှောက်ထားရာ မင်းကြီး စွာစော်ကဲက တအံ့တသြ ဖြင့် “ အဘယ့်ကြောင့် သိကြားမင်း သေကြောင်း သိသနည်း - ပြန်၍ မေးမြန်းကြချေ ” ဟု အမတ်တို့ကို စေလွှတ် လိုက်ပြန် လေသည်၊ ထိုအခါ အရှင်ခေမာစာရက “ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်ခါနီး၌ သာသနာကို စောင့်ရှောက် ပါမည်ဟု သိကြားမင်း ဝန်ခံပါသည်၊ ဤ သို့ဝန်ခံ ခဲ့ပါလျက် ယခုအခါ သာသနာတော်ကို ဆောင်ရွက်နေသော ငါတို့အား မစောင့်ရှောက် ပါသောကြောင့် သိကြားမင်း သေကြောင်းကို သိရပေသည်၊ ထို့ကြောင့် ဤ စည်ကို တီးရခြင်း ဖြစ်ပါသည် ” ဟု ပြန်လည် မိန့်ကြားတော် မူလိုက်လေသည်။
     အရှင်ခေမာစာရ မိန့်ကြားသည့် အတိုင်းပင် ဘုရင်အား လျှောက်ထား ကြရာ ဘုရင် မင်းကြီး စွာစော်ကဲ သည် ဆိုလိုသော အဓိပ္ပါယ်ကို ကောင်းစွာ နားလည် သဖြင့် “ ဟုတ်ပေသည် ” ဟုဆိုကာ သဒ္ဓါ ကြည်ညို၍ ဝမ်းဘဲအင်း မြောက်ဘက် ဒန့်တော အရပ်တွင် ကျောင်းဆောက်၍ အရှင်ခေမာစာရ အား တင်လှူလေသည်၊ စည်းခုံနှင့် သိမ်လည်း သမုတ်၏၊ ထိုစည်းခုံနှင့် ကျောင်းတော်ကို ရည်၍ ရာဇဝင်တွင် အဝဒန့်တော စည်းခုံနှင့် ကျောင်းတော် ဟု အလှူစာရင်း သွင်းလေသည်၊ ထိုဆရာကား သထုံဆက် သီဟိုဠ်နွယ် လဇ္ဇီ ပေတလ ဖြစ်၍ သာသနာဆက် ဆရာစဉ် သို့ ဝင်၏၊ ထီးဖြူနှင့် တကွ တင်လှူတော် မူသည်၊ သာသနာပိုင်လည်း အပ်တော်မူ၏ ဟု သာသနာ လင်္ကာရ စာတမ်းတွင် ဆိုလေသည်။
     ဤကား လွန်ခဲ့သော အနှစ် ၆၀၀- ခန့် အင်းဝ ခေတ်ဦး အချိန်ကပင် သာသနာကို သိကြားစောင့်သည် ဟူသော အယူအဆ ထွန်းကားခဲ့ပုံ သာဓက ဖြစ်လေသည်။

ပရိနိဗ္ဗာန်နှင့် သိကြားခန်း
     သို့သော် ဦးပုည သည်၎င်း၊ အင်းဝ ရဟန်းတော် အရှင်ခေမာစာရ သည်၎င်း လူ့လောက၏ အစဉ်အလာ ယုံကြည်မှုကို မဆန့်ကျင် လို၍ ထို သိကြားမင်း သာသနာ စောင့်ရှောက်သည် ဟူသော ဝေါဟာရကို အသုံးပြုကြခြင်း သာ ဖြစ်ပေသည်၊ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်ခါနီး၌ သိကြားအား သာသနာ စောင့်ရှောက်ရန် အပ်နှင်းခဲ့ခြင်း လည်းမရှိ၊ သိကြားမင်း ကလည်း စောင့်ရှောက် ပါမည်ဟု ဝန်ခံခဲ့ခြင်း လည်းမရှိသည် ကိုကား မသိဘဲ နေကြမည် မဟုတ်ပေ။
     မဟာပရိနိဗ္ဗာန သုတ်တွင် ဘုရားရှင် သည် ပရိနိဗ္ဗာန် စံဝင်ခါနီး၌ ..“ သိယာခေါ ပနာနန္ဒ တုမှကံ ဧဝမဿ ” စသည်ဖြင့် “ အာနန္ဒာ .. တရားစကားသည် ဟောကြားသော ဆရာ ဘုရားမှ ကင်းကွာခဲ့လေပြီ၊ ငါတို့၏ ဆရာ ဘုရားမရှိ တော့ပြီဟု သင်တို့အား ဤသို့သော ထင်မှတ်ခြင်း ဖြစ်သော်လည်း ဖြစ်ရာ၏၊ အာနန္ဒာ .. ငါဟောကြားထား ပညတ်ထားသော တရားတော်နှင့် ဝိနည်းတော် သည် ငါ ကွယ်လွန်သော အခါ၌ သင်တို့၏ ဆရာ ဘုရားပင် ဖြစ်ပေ၏ ” ဟူသော စကားကိုသာ မိန့်တော် မူခဲ့ကြောင်း ပါရှိပေသည်။
     ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်ချိန်၌၊ သိကြားမင်းသည် အနီး၌ မရှိသည် မဟုတ်၊ ရှိသည်သာ ဖြစ်၏၊ ဘုရားရှင် သည် ဖော်ပြပါ အတိုင်း မိန့်ကြားတော် မူပြီးနောက် “ဟန္ဒ ဒါနိ ဘိက္ခဝေ ” စသော နောက်ဆုံး မိန့်ခွန်းတော် ပစ္ဆိမဗုဒ္ဓ ဝစနကို မိန့်တော်မူ၍၊ သမာပတ် အဆင့်ဆင့် ဝင်စားတော် မူပြီးလျှင် စတုတ္ထဈာန် သမာပတ်၏ အဆုံး၌ မဟာ ပရိနိဗ္ဗာန် ပြုတော် မူသည်။
     ထိုအချိန်တွင် သဟမ္ပတိ ဗြဟ္မာကြီး သည်လည်း အနီးတွင် ရှိသည်၊ သိကြားမင်း သည်လည်း အနီးတွင် ရှိသည်၊ ဘုရား ပရိနိဗ္ဗာန် စံဝင်တော် မူသည်နှင့် တပြိုင်နက် မြေတုန်လှုပ်ခြင်း စသော တိတ်ကြီး နိမိတ်ကြီးများ ဖြစ်ပေါ်လာသည်၊ ထို့နောက် ဗြဟ္မာမင်းက “ သဗ္ဗေဝ နိက္ခိပိဿန္တိ ” စသော သံဝေဂ ဂါထာကို ရွတ်ဆိုသည်၊ သိကြားမင်းက “ အနိစ္စာ ဝတ သင်္ခါရာ ” စသော သံဝေဂဂါထာကို ရွတ်ဆိုသည်၊ ထိုနောက်မှ အရှင် အနုရုဒ္ဓါ အရှင်အာနန္ဒာ တို့ကလည်း သံဝေဂ ဂါထားများကို အသီးသီး ရွတ်ဆို ကြသည်၊ သိကြားမင်းအား သာသနာ ကို စောင့်ရှောက်ရန် မှာထားချက် လုံးဝ မပါရှိပေ။
     သို့သော်…သီလက္ခန် အဋ္ဌကထာ အမ္ဗဋ္ဌသုတ် အဖွင့် (ဒီ၊ဋ္ဌ ၁-၂၃၆) တွင် မြတ်စွာဘုရားအား ဘုရား ဖြစ်တော်မူစ သဟမ္ပတိ ဗြဟ္မာမင်း တရားဟော တောင်းပန်စဉ် အခါက သိကြားမင်းလည်း ပါလာပြီး မြတ်စွာဘုရားအား တရား ဟောတော်မူပါ၊ အရှင် ဘုရားတို့က ဓမ္မစက်ကို လည်စေတော်မူပါ၊ အာဏာစက်ကို တပည့်တော် တို့လည်စေပါအံ့ ဟု ဝန်ခံချက်နှင့် ပါရာဇိကဏ် အဋ္ဌကထာ (ဝိ၊ဋ္ဌာ ၁-၅၃) ၌ အရှင် မဟိန္ဒ သီဟိုဠ်ကျွန်းသို့ ကြွခါနီး၌ သိကြားမင်း လာပြီးလျှင် မြတ်စွာဘုရားက သူ့ အား သီဟိုဠ် သာသနာ ပြုရာ၌ အဖော်ဖြစ်ရန် မှာထားခဲ့ကြောင်း လျှောက်ထား သည်ဟု ဖွင့်ဆို ထားခဲ့ခြင်း ကား ရှိပေသည်၊ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော် မူခါနီး၌ မှာခဲ့ခြင်း မဟုတ်ပေ။
     ဦးပုညသည် ပညာရှိ တစ်ဦးဖြစ်သည့် အားလျော်စွာ လူ့လောက၏ ယုံကြည်မှုကို မဆန့်ကျင်ဘဲ “ အင်ကြင်းမြိုင် ကုဿိန်နန်း မှာလ ” ဟု ပရိနိဗ္ဗာန် စံခါနီး ဝန်ခံချက် ပေးသယောင်နှင့် သိကြားတိုင် တေးထပ်များကို လူကြိုက်အောင် ရေးခဲ့ခြင်းသာ ဖြစ်သည်ဟု ဆိုရပါမည်၊ သိကြားတိုင် တေးထပ်ကို သာမက ကဗျာဆရာ ပီပီ စိတ်ကူးယဉ် ကောင်းကောင်းဖြင့် သိကြားမင်း က “ မောင်တို့က စိတ်ညစ်တိုင်း သာ အပြစ် တင်နေ တာကိုး၊ မောင်တို့ ကကော အကျင့်ကောင်း လို့လား၊ ငါ ကယ်ချင်မှ ကယ် မှာပေါ့ ” ဟု ပြန်ပြော လေဟန်ဖြင့် တေးထပ် ရွှင် တစ်ပုဒ် ကိုလည်း စီကုံး ခဲ့သေးသည်၊ ပညာရှိ ပီပီ အဖုံး အပိတ် ညီညွတ်အောင် ပြုစု သွားပေသည်ဟု စဉ်းစား၍ ကျေနပ် ရလေသည်၊ စာပေလေ့လာ ရာ၌ စာရေးဆရာ၏ ရည်ရွယ်ချက်၊ ပတ်ဝန်းကျင် ၏ ယုံကြည်ချက် စသော အခြေအနေ အရပ်ရပ်ကို သုံးသပ် ဆင်ခြင်၍ လေ့လာ မှတ်သားပါက ကျေနပ်ဖွယ်ရာ များကို တွေ့ရမည် ဖြစ်လေသည်။

သိကြားမင်းဆို အပြန်တေးထပ်
     ရွှေဝတိံ ဘုံအုပ်၊ စာလုပ်တိုင်း ငါပါ၊ ဘယ်တော့ ကမှ လူ့ရွာကို မရှုတာ မရှိ။  ။ စိတ်ညစ်တိုင်း အပြစ်တင်သည်၊ ငါ ဘုရင် မိုးကအသိ။   ။ အကျင့်တန် စာဂီမှာ၊ တစ်ဆံခြည် မရှိ၊ ဘယ်သူ့မှာ ဘာမရှိ တယ်လို့၊ ငါမသိ ထင်တယ်၊ ဘယ်ဖူးစာ ဘယ်မှာ ညားတာလဲ၊ ငါ သိကြား သိပါရဲ့ကွယ်။   ။ ကယ်သင့် မှ ငါ ကယ်မယ်၊ တကယ်ပင် ဧကန် မှတ်ပါတော့ ဝတိံရပ် ငါဘုံစံ၊ ကြေးတွက် မည့်ကြံ၊ မကောင်းမှု ကျွန်ုပ်ကြံလျှင်၊ ရွှေစာရံ စူးပါရစေလေး။
(ရဝေထွန်း)

 

 

Friday, September 23, 2011

လမ်းမှားလျှောက်မိသူ၏ မလှပတဲ့ ဘ၀နိဂုံး


လမ်းမှားလျှောက်မိသူ၏ မလှပတဲ့ ဘ၀နိဂုံး
(ဗုဒ္ဓဘာသာဝင်များ မမှားရလေအောင်)
ဖြစ်ရပ်မှန် (၁)

ဒီအဖြစ်အပျက်လေးက အညာမြို့လေးတစ်မြို့မှာ တကယ်ဖြစ်ပျက် ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေး တစ်ပုဒ်ဖြစ်ပါတယ်။

တိတိကျကျပြောရရင် မုံရွာမြို့နယ်၊ အလုံမြို့လေးမှာဖြစ်ပါတယ်။ ဒီမြို့လေးဟာ ဘိုးတော်ဘုရား အိမ်နိမ့်စံဘ၀က ပဒုံဟူသောအမည်နဲ့ မြို့တည်ပြီးစိုးစံခဲ့တာကြောင့် သမိုင်းကြောင်းအရာလည်း ထင်ရှားခဲ့ပါတယ်။

အလုံမြို့လေးဟာ ချင်းတွင်းမြစ်ကမ်းနဖူးမှာတည်ရှိနေတာကြောင့်လည်း သာယာစိုပြေလှပါသည်။ မြို့သူမြို့သားတွေဟာ ချင်းတွင်းရေသောက်သူများဖြစ်ကြတဲ့အတွက် အသားအရေစိုပြေလှပါတယ်။ အဲဒါကြောင့် ချင်းတွင်းမြစ်ရေဟာ အလုံမြို့သူမြို့သားတွေရဲ့ နှလုံးသားများဖြစ်နေပါတော့တယ်။

မစုစုလတ်ဟာ ဦးလှမြတ်+ဒေါ်စန်းရီဆိုတဲ့မိဘနှစ်ပါး၊ ညီအစ်ကိုမောင်နှမများနှင့်အတူ အလုံမြို့၊ ရွေတံ

ခါးရပ်မှာနေထိုင်ကြပါတယ်။ သူတို့မိသားစုဟာ မျိုးရိုးအစဉ်အဆက်ကတည်းက အေးအေး ဆေးဆေး

နေတတ်ကြသူများဖြစ်ကြပါတယ်။ ဖခင်ဦးလှမြတ်ကတော့ အရောင်းအ၀ယ်နဲ့သာ အချိန် ကုန်နေတတ်ပြီး မိခင်ဒေါ်စန်းရီမှာတော့ အထက ( ၁ ) အလုံမှ ကျောင်းဆရာမတစ်ဦး ဖြစ်ပါတယ်။ ဆရာမဖြစ်သည့်အလျောက် ခလေးငယ်များ ကျောင်းပညာရေးဖြင့်သာ အချိန်ကုန်ခဲ့ရပါတယ်။

"တပည့်မရှား တစ်ပြားမရှိ ပီတိကိုစား အားရှိပါ၏" ဆိုတဲ့သူလည်းဖြစ်ပါတယ်။ အဲဒါကြောင့် မိမိရဲ့ သားသမီးများကို " အမျိုးကိုဘယ်လိုချစ်ရမယ်၊ ဘာသာတရားကိုဘယ်လိုလေးစားတန်ဖိုးထားရမယ်" စတာတွေကို ဆုံးမသွန်သင်ဖို့ပျက်ကွက်ခဲ့ပါတယ်။ အခုဆိုရင်သမီးဖြစ်သူ မစုစုလတ်တောင် အရွယ်ရောက်လို့ လှသွေးကြွလို့နေပါပြီ။ အသားကလည်းဖြူ ရုပ်ဆင်းအင်္ဂါကလည်းချောမွေ့၊ ခန္ဓာကိုယ်အချိုးအစားကလည်းပြေပြစ်တော့ မြင်သူတကာငေးမောရလောက်အောင် လှပလွန်းပါတယ်။ အလှပေါ်အယဉ်ဆင့်ဆိုသလို သူ့ရဲ့ရိုးသားမှုဂုဏ်ကလည်း ပိုပြီးတော့လှပတင့်တယ်မှုကို အရောင်တောက်စေပါတယ်။

အရွယ်လည်းရောက်လာတဲ့မစုစုလတ်ဟာ မိဘတွေရဲ့ဝင်ငွေကို တစ်ဘက်မှကူညီပြီးရှာဖွေပေးချင်တဲ့ အတွက် စက်ချုပ်ပညာကိုသင်ယူခဲ့ပါတယ်။ ဒီပညာနဲ့ပဲ မိဘ၀င်ငွေကို တစ်ဘက်တစ်လမ်းကရှာဖွေပြီး မိဘကျေးဇူးဆပ်ခဲ့ပါတယ်။

အလုပ်အကိုင်လေးကလည်းရှိ၊ ရုပ်ရည်ကလည်းချော၊ သဘောမနောကလည်းဖြူဆိုတော့ သူကို လှမ်းခြူဖို့ကြိုးစားနေကြတဲ့ ကိုကိုလူပျိုကာလသားတွေကလည်း ၀ိုင်းဝိုင်းလည်အောင်ရှိခဲ့ပါတယ်။ အဲဒီထဲမှာ ရာဇင်ဆိုတဲ့ ကောင်လေးတစ်ယောက်လည်း အပါအ၀င်ဖြစ်ခဲ့ပါတယ်၊ ရာဇင်ဟာ စုစုလတ် အပ်ချုပ်ဆိုင်ကိုသွားတိုင်း လမ်းမှစောင့်ပြီး ပိုးပန်းလေ့ရှိခဲ့ပါတယ်။ ရိုးသားဖြူစင်ဖြောင့်မတ်တဲ့ စုစုလတ် ကို အာဘောင်အာရင်းသန်သန်ဖြင့် ချိုမြရွှင်ပြတဲ့ ရည်းစားစကားများပြောပြီး စုစုလတ်ရဲ့အချစ်ကို ရယူ နိုင်ခဲ့ပါတယ်။

အချစ်မျက်ကန်းသည်မလေးစုစုလတ်ဟာ ရာဇင်ရဲ့အချစ်ကို လက်ခံရယူပြီးချိန်မှာတော့ ရာဇင်ဟာမစုစုလတ်အပေါ် အလိုလိုက်အကြိုက်ဆောင်ကာ အစွမ်းကုန်ယုယကြင်နာမှုများ ပေးစွမ်းခဲ့

ပါတယ်။ နောက်ပြီး မစုစုလတ်ကြိုက်တတ်တဲ့ အမှတ်တရပစ္စည်းလေးများကို ၀ယ်ပေးလေ့ရှိခဲ့ပြီး အပြုံးချိုချိုမျက်နှာထားလေးနဲ့ အကြွားပိုပြခဲ့ပါတယ်။ မိန်းခလေးတစ်ယောက်ကိုဘယ်လိုပြောရမယ် ဘယ်လိုချဉ်းကပ်ရမယ်၊ ဘယ်လိုမြူဆွယ်ရမယ်ဆိုတာကိုလည်း ကျွမ်းကျင်ပိုင်နိုင်ပြီး မိန်းမကျမ်း

ကျေထားပုံလည်းရပါတယ်။

ရာဇင်နဲ့မစုစုလတ်ဟာ တစ်ယောက်ကိုတစ်ယောက်သိပ်ချစ်ကြပေမဲ့ မတူညီတဲ့ခြားနားချက်တွေ ရှိခဲ့ကြပါတယ် အဲဒါကတော့ လူမျိုးလည်းမတူ၊ ဘာသာကလည်းခြားနားလို့နေပါတယ်။

မစုစုလတ်ဟာ ဗုဒ္ဓဘာသာမြန်မာလူမျိုးစစ်စစ်ဖြစ်တဲ့မိဘနှစ်ပါးက ပေါက်ဖွားလာတဲ့ မြန်မာအမျီုးသမီး

လေးပဲဖြစ်ပါတယ်။ ရာဇင်ကတော့ မြန်မာလူမျိုးလည်းမဟုတ်သလို ဗုဒ္ဓဘာသာကို ကိုးကွယ်ဆည်းကပ်

သူလည်း မဟုတ်ခဲ့ပါဘူး။ ဒီလိုမတူညီတဲ့ ခြားနားမှုလေးတွေကြောင့် မစုစုလတ်မိဘများကလည်း

ရာဇင်နဲ့သဘောမတူခဲ့သ လို မစုစုလတ်ကိုယ်တိုင်ကလည်း ရာဇင်နဲ့လက်ထပ်ဖို့ ငြင်းဆန်ခဲ့ပါတယ်။

ဒါပေမယ့် ရာဇင်က မစုစု လတ်ကို "လူမျိုးမတူ ဘာသာမတူတာနဲ့ ကိုယ်တို့နှစ်ယောက် ဝေးရမယ်ဆိုတာ လုံးဝမဖြစ်စေရဘူး။ ငါလည်းငါကြိုက်နှစ်သက်တဲ့ဘာသာကို ကိုးကွယ်မယ်။ မင်းကိုလည်း မင်းကြိုက်နှစ်သက်တဲ့ဘာသာကို လွပ်လွပ်လပ်လပ် ကိုးကွယ်ယုံကြည်ခွင့်ပေးမယ်"ဆိုပြီး အာမခံချက် ရဲရဲတင်းတင်းပေးလိုက်ပါတယ်။

ဖြစ်ရပ်မှန် အပိုင်း( ၂ )

အရိုးခံမစုစုလတ်ခမျာ စိတ်ထဲမှာ ရာဇင်ဟာအခြားအခြားသောလူမျိုးခြား၊ ဘာသာခြားတွေနဲ့မတူ လိမ္မာယဉ်ကျေးမှုရှိတယ်။ လူမှုရေးရှိတယ်၊ သူ့အပေါ်ကို နားလည်မှုပေးတယ်၊ ဘာသာရေး လွတ်လပ်ခွင့်ကိုလည်းပေးတယ်ဆိုပြီး တစ်ကိုယ်တော်ချီးမွမ်းခမ်းထုတ်ကာ ရာဇင်ကို မိုးကျရွေကိုယ် နတ်သားတစ်ပါးလို ထင်လာခဲ့ပါတယ်။

မစုစုလတ်မိဘတွေကလည်း ရာဇင်နဲ့အဆက်အသွယ်ဖြတ်ဖို့ အမျိုးမျိုးဖြောင်းဖျခဲ့ကြပါတယ်။ " သမီးရယ် အခုသမီးနဲ့ချစ်ကြိုက်နေတဲ့ကောင်လေးနဲ့တော့ မယူပါနဲ့၊ သမီးဒီကောင်လေးကို လက်ထပ်ယူမယ်ဆိုရင်

မေမေတို့မိဘဘိုးဘွားအစဉ်အဆက်တွေ ထိန်းသိမ်းစောင့်ရှောက်ခဲ့တဲ့ မျိုးရိုးဗီဇတွေ ပျက်စီးကုန် လိမ့်မယ်၊ သမီးကြားဖူးမှာပါ၊ မြေမျိုလို့လူမျိုးမပြုတ် လူမျိုမှလူမျိုးပြုတ်မယ်ဆိုတာ၊ ဒီစကားဟာ ရှေးက လူကြီးတွေက သက်သက်အဓိပ္ပါယ်မဲ့ ပြောခဲ့တာမဟုပ်ဘူး၊ သမီးတို့လို အချစ်မျက်ကန်းတွေအတွက် အရေးတကြီးမှာခဲ့တဲ့စကားဖြစ်တယ်၊ သမီးအခုဆိုရင် အဲဒီစကားရဲ့ စည်းတစ်ဘက်ကို ရောက်ဖို့ တာစူ

နေပြီ၊ အသိတရားနဲ့သတိထားပါသမီးရယ်၊ မေမေလည်းငယ်ရာကကြီးလာတာမို့ သမီးတို့လူငယ်တွေရဲ့ အချစ်ဟာ ဘယ်လောက်ထိနက်ရှိုင်းစူးနစ်တယ်ဆိုတာ မေမေနားလည်ပါတယ်။

မေမေတို့နဲ့အမျိုးတူဘာသာတူ၊ ဖြစ်နေမယ်ဆိုရင် လမ်းဘေးမှာခြေပြတ်လက်ပြတ် တောင်းစားနေတဲ့ သူတောင်းစားနဲ့ဆိုရင်တောင် မေမေ အခုလိုမျက်ရည်နဲ့မျက်ခွက်ငိုယိုပြီး သမီးကိုတောင်းပန်နေမှာ

မဟုတ်ဘူး၊ လမ်းဘေးကသူတောင်းစားနဲ့ယူလို့ ငါ့သမီးကမွေးတဲ့ မေမေ့မြေးလေးတွေဟာ မြန်မာလူမျိုး စစ်စစ်ဖြစ်ရသေးတယ်၊ အခုသမီးချစ်ကြိုက်နေတဲ့ ကောင်လေးနဲ့သာယူမယ်ဆိုရင် ငါ့သမီးက မွေးတဲ့

ငါ့မြေးလေးတွေဟာ လူမျိုးခြားကပြားလေးတွေဖြစ်နေချေရဲ့။ ဒါကြောင့်မို့ မေမေ့ကိုသနား ကြင်နာသော အားဖြင့် ကျေးဇူးဆပ်တဲ့အနေနဲ့ ဒီကောင်လေးကိုတော့ လုံးဝလက်မထပ်နဲ့နော်"ဆိုပြီး မိခင်ဒေါ်စန်းရီ ခမျာ သမီးဖြစ်သူကို ငိုယိုပြီးတောင်းပန်ရှာပါတယ်။

ဒါပေမဲ့ မစုစုလတ်ကတော့ ခပ်မိုက်မိုက်ပဲ အချစ်သူရဲကောင်းကြီးလုပ်ပြီး ရာဇင်နဲ့နှစ်ဦးသဘောတူ လက်ထပ်ယူလိုက်ကြပါတယ်။ အဲဒီတုန်းက မစုစုလတ်ဟာ ကမ်းမမြင်လမ်းမမြင် နှစ်ဦးသား ချစ်ရည်လူး ကာ ပျော်ရွင်လိုက်သည့်ဖြစ်ခြင်း၊ လောကမှာသူ့လောက်ကံကောင်းသူ မရှိဟုပင် ထင်ခဲ့မိပါတယ်။

သူတို့လက်ထပ်ပြီးလို့နှစ်လလောက်ကြာလာတဲ့အခါမှာတော့ မင်းသားခေါင်းစွပ်ထားတဲ့ ဘီလူးမျက်နှာ ဟာ တစ်နေ့တခြား ထင်ထင်ရှားရှားပေါ်လွင်လာပါတော့တယ်။ ရာဇင်ဟာ သူတို့ဘာသာရဲ့ထုံးစံအတိုင်း

မစုစုလတ်ကို သူတို့ဘာသာထဲဝင်ရမယ်လို့ အကျပ်ကိုင်လာပါတယ်။ နောက်ပြီး ရာဇင်က တကယ်လို့

မစုစုလတ်အနေနဲ့ သူတို့ဘာသာထဲကိုမ၀င်ပဲ ဗုဒ္ဓဘာသာကို ဆက်လက်ကိုးကွယ်ယုံကြည်နေဦးမယ် ဆိုရင် သူတို့ဘာသာရဲ့ထုံးစံအရ တရားဝင်ဇနီးမယားဖြစ်မလာ နိုင်ကြောင်း၊ မွေးလာတဲ့သားသမီးတွေ

မှာလည်း တရားဝင်သားသမီးမဟုတ်တော့ဘဲ တိတ်တိတ်ပုန်း ရထားတဲ့သားသမီးများ ဖြစ်ခြင်းကြောင့် အမွေဆက်ခံခွင့်မရရှိနိုင်ကြောင်း၊ မစုစုလတ်ကိုယ်တိုင်မှာလည်း၊ တရားဝင်ဇနီးမယား မဖြစ်သေးတဲ့

အတွက် လင်မယားချင်းကွဲကွာတဲ့အခါ ဘာပစ္စည်းမှမရနိုင်ကြောင်း၊ ဒါကြောင့်မို့ မစုစုလတ်ကိုယ်တိုင်

တရားဝင်ဇနီးဖြစ်အောင် သူတို့ဘာသာထဲဝင်ပြီး သူတို့ဘာသာနဲ့အညီ လက်ထပ်ရမညီဖြစ်ကြောင်း အကျပ်ကိုင်လာပါတယ်။

နောက်ပြီး ရာဇင်ရဲ့မိဘ ညီအစ်ကိုမောင်နှမတွေကလည်း သူတို့အိမ်မှာတစ်ခြားဘာသာကို ကိုးကွယ် ယုံကြည်တဲ့ မစုစုလတ်ရှိနေလို့ လာဘ်မရှိတာ စီးပွားရေးကျတာဆိုပြီး မစုစုလတ်အပေါ်အပြစ်ပုံချကာ မကြည်ဖြူနိုင်တော့ဘဲ ငြိုငြင်လာကြပါတယ်။

အခုတော့ လူမျိုးခြားဘာသာခြားရဲ့စကားကိုယုံကြည်ပြီး လက်ထပ်ယူခဲ့တဲ့ မစုစုလတ်ရဲ့ မိုးကောင်းကင်

ရွေအိမ်မက်ကြီးဟာ တစ်ဖြည်းဖြည်းအရောင်တွေလွင့်ပါးပြီး ပျက်ပြယ်ခဲ့ရပါပြီ။ ပျော်ရွင် ရယ်မောခြင်း

တွေဟာလည်း တဖြည်းဖြည်းအရည်ပျော်ကာ ငိုကြွေးခြင်းရဲ့ လမ်းစဖြစ်ခဲ့ရပါပြီ။ သူရဲ့နှုတ်ခမ်းထက်က ချိုချိုမြမြစကားလုံးတွေဟာ ခုတော့ခါးတမာတောလို ဖြစ်ခဲ့ရပါပြီ။ သူတို့ရဲ့ ကြင်စဦးဇနီးမောင်နှံတုန်းက အကြင်နာပုံရိပ်တွေဟာလည်း တံလျပ်ပမာ အဝေးဆီသို့သာ တရိပ်ရိပ် လွင့်မျောပျောက်ကွယ်သွား ရပြီတကား။

အခုတော့မစုစုလတ်ခမျာ ဆုံးဖြတ်ချက်တခုခုတော့ချရတော့မှာဖြစ်ပါတယ်။ တိုင်းပြည်နဲ့မိဘဘိုးဘွား

တွေရဲ့ မျိုးရိုးဇာတိကိုငဲ့မည်လော၊ မိမိရဲ့တစ်ဘ၀စာ တစ်နပ်စာ ရှေ့ရေးကိုငဲ့မည်လော၊ ပဒိုင်းသီးကဲ့သို့ စားလည်းရူး ဆုတ်လည်းစူးဖြစ်ရတော့မည့်အခြေအနေသို့ ဆိုက်ရောက်နေပါတော့တယ်။ မိမိရဲ့အမိုက် ဇာတ်ကို မိမိကိုယ်တိုင်ပဲ ပြီးဆုံးအောင် က ရပါတော့မယ်။ ဒီအချိန်မှာ အိမ်ပြန်လို့လည်း ဘယ်မိဘ ညီအစ်ကိုမောင်နှမကမှ လက်ခံမည်မဟုတ်၊ မိဘညီအကိုမောင်နှမတွေက ဒီလူမျိုးခြားဘာသာခြားကို လက်ထပ်မယူဖို့ အတန်တန်တားတဲ့ကြားက မိမိကိုယ်တိုင်က ပိုးဖလံမျိုး မီးကိုတိုးသကဲ့သို့ အချစ်သူရဲ ကောင်းကြီးလုပ်ပြီး " ငရဲ " တွင်းထဲသို့ ခုန်ဆင်းခဲ့သည်မဟုတ်ပါလား။

အပိုင်း ( ၃ )ဇာတ်သိမ်း

အခုတော့ မစုစုလတ်ရဲ့ဘ၀ကတော့ "ပေါက်တဲ့နဖူးမထူးဘူး" ဆိုတဲ့စကားလို ဘယ်အရာမျိုးကိုမှ မထူး

တော့ဘဲ ကံကြမ္မာကိုသာယိုးမယ်ဖွဲ့ပြီး လူမျိုးခြားဘာသာဇာတ်ထဲကို ခြေစုံပစ်ဝင်လိုက်ရပါတော့တယ်။

လူမျိုးခြား၊ ဘာသာခြားဇာတ်ထဲဝင်ရတယ်ဆိုတာ ပါးစပ်ကအပြောနဲ့ဝင်ပါ့မယ်ဆိုပြီး လုပ်လို့မရဘူး။ သူတို့ယုံကြည်မှုရှိအောင် သူတို့ခိုင်းသမျှ အကုန်လုပ်ပြရတယ်။ မစုစုလတ်ငယ်ငယ်လေးထဲက ဦးထိပ်မှာ

ပန်ဆင်ပြီး ရှိခိုးဦးချခဲ့တဲ့ဗုဒ္ဓရုပ်ပွားတော်ဟာ အခုတော့ မစုစုလတ်ရဲ့ခြေဖ၀ါးအောက် ရောက်ခဲ့ရပါပြီ။

မိဘဘိုးဘွားစဉ်ဆက်က အရှေ့အရပ်ကို ခေါင်းပြုအိပ်ခဲ့ရတဲ့မစုစုလတ်ဟာ အခုတော့ ခြေအစုံပစ်ကန်ပြီး အိပ်ခဲ့ရပါပြီ။ အိမ်ဦးခန်းမှာကိုးကွယ်ယုံကြည်ခဲ့တဲ့ ဗုဒ္ဓရုပ်ပွားတော်ဟာလည်း သာမန်သစ်သားတုံးအမှတ်

ဖြစ်ခဲ့ရပါပြီ။ တန်ခိုးကြီးစေတီပုထိုးများဟာလည်း မစုစုလတ်ဘ၀အတွက်တော့ အုပ်ပုံအဖြစ်ရောက်ခဲ့ရပါ ပြီ။

သို့ပေမယ့် မစုစုလတ်အနေနဲ့ ဘာမှအားအငယ်ခဲ့ပါ။ ဘာကိုမှ လည်း တွေးပြီးမပူပန်ခဲ့ပါ။ မောင်သာ

မေ့ဘ၀၊ မောင်သာမေ့ရဲ့ကမ္ဘာဖြစ်လို့ နေခဲ့မိပါတယ်။ လောကမှာ အမြတ်နိုးဆုံးအရာတွေလို့ထင်မှတ် ထားခဲ့တဲ့ မိဘမျိုးရိုးစဉ်ဆက်နှင့် ဘာသာတရားတွေကို ချိန်ခွင်တစ်ဖက်မှာတင်ပြီးတော့ ရာဇင်ဆိုတဲ့

မောင့်ကို ချိန်ခွင်တစ်ဖက်မှာတင်ပြီး ချိန်တွယ်ခွင့်ရမယ်ဆိုရင်တောင်၊ မောင့်ဖက်မှာပဲ အလေးပေးခဲ့တဲ့ အချစ်မျက်ကန်းသည်မလေး မစုစုလတ်မဟုတ်ပါလား။

၂၀၀၀ ပြည့်နှစ် မတ်လသို့ရောက်ခဲ့ပါပြီ။ ဒီအချိန်မှာ မစုစုလတ်တစ်ယောက် ကျမ္မာရေးမကြာခဏ

ဖောက်ပြန်လို့နေပါတယ်။ ညတိုင်းအိပ်တဲ့အခါတွေမှာလည်း အိမ်မက်ဆိုးများမြင်မက်လေ့ရှိပါတယ်။ အဲဒါကြောင့် ဒုက္ခရောက်တဲ့အခါထွက်ပေါက်အဖြစ် လင်ယောက်ျားမသိအောင် ဗေဒင်ဆရာကို အားကိုး

တကြီးနဲ့ သွားမေးပါတယ်။ ဗေဒင်ဆရာက ဘုရားမှာအုန်းညွန့်၊ ဒါန်းညွန့်များလှူပြီး ကုသိုလ်ကောင်းမှု

များလုပ်ဖို့ ယတြာပေးလိုက်ပါတယ်။ မစုစုလတ်အနေနဲ့ ရောဂါဝေဒနာ သက်သာ ပျောက်ကင်းစေဖို့

ဗေဒင်ဆရာပေးလိုက်တဲ့ ယတြာကိုချေချင်ပါတယ်၊ ဒါပေမယ့် ဘာသာခြားဇာတ်ထဲဝင်ထားတဲ့ သူတစ်ယောက်အနေနဲ့ ဘုရားကျောင်းကန်မှာသွားပြီး အုန်းညွန့်၊ ဒါန်းညွန့်လှူဖို့ အခက်တွေ့ရ ပါတော့တယ်။

ဒါပေမယ့် ဥပါဒါန်ကြောင့်ဥပါဒ်ရောက် မဖြစ်ရအောင် ( ၆. ၃. ၂၀၀၀ )နေ့မှာ ဘုရားကျောင်းကန်ကို သွားမနေတော့ဘဲ မိမိအိမ်မှာတင် လစ်ပိုပုလင်းထဲကို အုန်းညွန့်၊ ဒါန်းညွန့်များထိုးကာ အပ်ချုပ်စက် ခုံပေါ်မှာပဲ တင်လှူလိုက်ပါတယ်။ ဒီစက်ချုပ်ခုံပေါ်မှာ ပန်းတင်လှူတာကိုမြင်သွားတဲ့ ယောက်မဖြစ်သူ နိုရဘီက စုစုလတ်ဘုရားမှာပန်းတင်လှူကြောင်း အကိုဖြစ်သူရာဇင်နှင့် သူ့အိမ်သားတွေကို တိုင်ကြားပါတယ်။ ရာဇင်နဲ့ယောက္ခမဖြစ်သူများဟာ စုစုလတ်သူတို့အိမ်မှာပန်းတင်လှူကြောင်းလည်း သိရော ယမ်းပုံမီးကျ ဒေါသပေါက်ကွဲကာ မစုစုလတ်ကိုခေါ်ပြီး ပါးတွေနားတွေရိုက်ပစ်လိုက်ကြပါတယ်။

ပြီးတော့ ရာဇင်က "နင့်ဘုရားရှိခိုးမယ့်အစား င့ါဟာကြီးရှိခိုး” ဆိုပြီး ပုဆိုးလှန်ပြကာ ရှိခိုးခိုင်းပါတယ်။

မစုစုလတ်ကိုရိုက်နှက်တဲ့နေရာမှာ ရာဇင်တင်မကပဲ ရာဇင့်အမေနင့် မောင်နှမလေးယောက်တို့က

ဝိုင်းပြီးရိုက်နှက်ကြပါတယ်။ လူလေးယောက်က၀ိုင်းပြီးရိုက်နှက်ကြတဲ့အတွက် မစုစုလတ်ခမျာ အလွန် နာကျင်လွန်းလှတာမို့ အော်ဟစ်ငိုကြွေးပြီး ပတ်ဝန်းကျင်ကိုအကူအညီလှမ်းတောင်းမိပါတယ်။ မစုစု

လတ်က ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းရမလားဆိုပြီး ရာဇင်တို့မိသားစုရဲ့ ဒေါသဟာ အထွက်အထိပ်သို့ရောက်ရှိသွားပါတယ်။ အဲဒါကြောင့် အိမ်ရှိတံခါးအားလုံးကိုပိတ်ပြီး စုစုလတ်ပါးစပ်ထဲ

သို့ အ၀တ်စုတ်များကိုထည့်ကာ မသေမချင်း သတ်ဖြတ်ပစ်လိုက်ကြပါတယ်။

မစုစုလတ်ခမျာမှာလည်း မိန်ကလေးဖြစ်နေတာကတစ်ကြောင်း လေးယောက်အားကို မယှဉ်နိုင်တာက တစ်ကြောင်းဆိုတော့ သရဲသဘက်စီးနေတဲ့ သူတို့စက်ကွင်းထဲက ဘယ်လိုမှရုန်းမထွက်နိုင်ဘဲ အိမ်ထဲမှာ

တင်ပဲ ပွဲချင်းပြီးသေဆုံးသွားပါတယ်။ ရာဇင်တို့မိသားစုဟာ အလွန်လည်ကြပါတယ်၊ ယုတ်မာတဲ့နေရာ မှာလည်း နှစ်ယောက်မရှိဘူးလို့တောင် ပြောလို့ရပါတယ်။ စုစုလတ်အလောင်းကို မတော်တဆသေဆုံးမှု

သေခင်းပုံစံမျိုးနဲ့ သဲလွန်စဖျောက်ဖို့ ကြိုးစားကြပါတယ်။ တစ်မြို့လုံးမှာရှိတဲ့ သူတို့အမျိုးတူ၊ ဘာသာတူ

တွေအားလုံးကလည်း ငွေအားလူအားနဲ့ ၀ိုင်းဝန်းပြီး လက်စလက်နဖျောက်ပေးကြပါတယ်။

စုစုလတ်အလောင်းကို မြေမမြုတ်ပဲမီးသဂြိုဟ်ဖို့ စီမံကြပါတယ်။ မိခင်ဖြစ်သူဒေါ်စန်းရီမှာ သူသမီးဟာ

သွေးရိုးသားရိုးနဲ့ သေတာမဟုတ်မှန်းတော့သိပါတယ်။ ဒါပေမယ့် အခုအချိန်မှာ အမှုဖွင့်အရေးယူမယ် ဆိုရင်လည်း လူမျိုးခြား၊ ဘာသာခြားတွေက ငွေအားလူအားနဲ့ ဖုံးဖိထားတဲ့အတွက် အမှုမှန်ပေါ်ပေါက် ဖို့မလွယ်ဘူးဆိုတာ ကြိုသိထားပါတယ်။ ဒါကြောင့်မို့ ဒေါ်စန်းရီက သမီးဖြစ်သူရဲ့အလောင်းကို မြေမြုတ်

ခြင်း၊ မီးသဂြိုဟ်ခြင်းမပြုပဲ ပုံမပျက်အုတ်ဂူသွင်းပေးဖို့ တောင်းဆိုပါတယ်။ နောက်ဆုံးတော့ ဒေါ်စန်းရီရဲ့ ဆန္ဒအတိုင်း အုတ်ဂူသွင်းပြီးသင်္ဂြိုဟ်လိုက်ပါတယ်။

ဒီအကြောင်းတွေကို တစ်ဆင့်စကား တစ်ဆင့်နားဖြင့် "မျိုးချစ်စိတ်ဓာတ်ရှိကြတဲ့ သံဃာတော်များနားထဲ သို့ရောက်ရှိသွားခဲ့ကြပါတယ်" သံဃာတော်များကလည်း ညတွင်းချင်းစုရုံးပြီး စုစုလတ်ရဲ့အုပ်ဂူကို

ဖောက်ထွင်းပြီး စစ်ဆေးကြည့်ကြပါတယ်။

ရာဇ၀တ်ဘေးပြေးမလွတ်ဆိုတဲ့စကားအတိုင်း ရက်ရက်စက်စက်လူမဆန်စွာ သတ်ဖြတ်ထားတဲ့ အလောင်းရဲ့အမှုမှန်ကား ယခုအခါဘွားခနဲပေါ်လာပါတော့တယ်။

ဒီသတင်းစကားဟာ တစ်ခဏအတွင်းမှာပဲ တစ်မြို့လုံးပြန့်နှံ့သွားပြီး တုန်လှုပ်ခြောက်ခြားသွားခဲ့ကြပါ တယ်။ မြို့နေလူထုတွေအားလုံးဟာ မခံမရပ်နိုင်ဖြစ်ကာ တွေ့ရာသင်္ချိုင်းဓါးမဆိုင်းဘဲ မျိုးချစ်စိတ်ဓာတ်

ပြသဖို့ လမ်းမပေါ်ဆီသို့ အသီးသီးထွက်လာခဲ့ကြပါတယ်။ ဒီအချိန်မှာ အမှိုက်ကစ ပြသာဒ်မီးလောင်


မဖြစ်ရအောင် အမြော်အမြင်ရှိတဲ့အာဏာပိုင်အဖွဲ့အစည်းများမှ အကြီးအကဲပုဂ္ဂိုလ် များရောက်ရှိလာကြ ပြီး တရားခံများကို ဥပဒေအရထိရောက်စွာ အရေးယူပေးမည်ဖြစ်ကြောင်း ပြောကြားတော့မှ ပြဿနာ ငြိမ်းအေးသွားပါတော့တယ်။ အာဏာပိုင်အဖွဲ့အစည်းမှ အကြီးအကဲပုဂ္ဂိုလ်များကလည်း သူတို့ရဲ့ကတိ စကားအတိုင်း တရားခံရာဇင်နှင့်တကွ အပေါင်းအပါလေးဦးတို့ကို ညတွင်းချင်းဖမ်းဆီးပြီး အားနွဲ့တဲ့ မိန်းခလေးကို လေးယောက်ဝိုင်းပြီး မတရားညှင်းဆဲသတ်ဖြတ်မှုနဲ့ အသီးသီး ထောင်ဒဏ်တစ်သက် တစ်ကျွန်းစီ ချမှတ်လိုက်ပါတယ်။

တစ်ချိန်က သာယာလှပတဲ့အလုံမြို့လေးဟာ ယခုတော့သွေးစွန်းပြီးအကျည်းတန်လေခဲ့ပြီ။ ကြည်လင်အေးမြတဲ့ချင်းတွင်းရေဟာလည်း သွေးနှောပြီးတော့ နောက်ကျိခဲ့လေပြီတကား….။


မြန်မာသူငယ်ချင်းများအဖွဲ့ ဆိုဒ်မှကူးယူဖော်ပြပါသည်.......

Thursday, September 22, 2011

ကလျာဏမိတ္တ … (သူငယ်ချင်းကောင်း)

  
ကလျာဏမိတ္တ … (သူငယ်ချင်းကောင်း)
သူငယ်ချင်း တဲ့ …

ဒီစကားလုံးလေးကြားလိုက်တာနဲ့ ခင်မင်မှု့၊ ဖြူစင်မှု့၊ ရိုးသားမှု့တွေနဲ့ တွဲပြီးမြင်တယ်။ နောက် ပျော်ရွင်မှု့တွေ၊ နွေးထွေးမှု့တွေ၊ နားလည်မှု့တွေ အတူပါလာတယ်။ ဘယ်လောက်ပဲကံဆိုးနေပါစေ `သူငယ်ချင်း´ လို့ ခေါ်မယ့်သူ ဒါမှမဟုတ် သူငယ်ချင်းလို့ ခေါ်စရာတစ်ယောက်လောက် ဘေးနားမှာရှိနေရင် အဲဒီသူဟာ ကံကောင်းသူပါ။

ကိုယ့်မိဘဟာ ကိုယ့်အပေါ်အကောင်းဆုံး လူတွေဖြစ်ချင်ဖြစ်မယ်။ နားလည်မှု့အပေးနိုင်ဆုံးတော့မဟုတ်ဘူး။ ညီအစ်ကိုမောင်နှမတွေရောပဲ။ ကိုယ့်ကောင်းရာကောင်းကြောင်းကို အမြဲလိုလားကောင်းလိုလားနေလိမ့်မယ်။ တကယ်တမ်း ကိုယ်တွေးသလို တစ်ထပ်တည်းနားလည်မှု့ပေးနိုင်တာက သူငယ်ချင်းပဲ။ လျှောက်နေတဲ့ ခရီးခြင်းလဲတူတယ်၊ လျှောက်တဲ့အချိန်ကာလခြင်းလဲတူတယ်။ အဲဒီတော့ ရင်ဆိုင်ရတဲ့အခက်အခဲ ခြင်းလဲတူတယ်။ သူ့ဆီက အကူအညီတွေအများကြီးမရနိုင်ပေမယ့် နားလည်မှု့ကတော့ ပြည့်ပြည့်၀၀ရနိုင် တယ်။

`သူငယ်ချင်းဆိုတာ မင်းအကြောင်းအကုန်သိပြီးတော့ ဘယ်လိုပဲဖြစ်ဖြစ် ဆက်ချစ်နေမယ့်သူ´ တဲ့။ ကိုယ်ကောင်းလဲ ချစ်တယ်။ ကိုယ်မကောင်းလဲ ချစ်တယ်။ လူ့စိတ်ဆိုတာ မကောင်းမှု့အကုသိုလ်ဘက်ကို ယိမ်းယှိုင်လွယ်ပါတယ်။ `မကောင်းတာလုပ်တဲ့သူအချင်းချင်း ပိုခင်ကြတယ်´တဲ့။ လူပြောများတဲ့ စကားလေးပါ။ တကယ်တမ်းကျတော့ မကောင်းတာအတူတူလုပ်ဖူးလို့ သံယောဇဉ်တွယ်တာထက် မကောင်းတာလုပ်ခွင့်ပေးနေတဲ့ သူငယ်ချင်းကို စိတ်ထဲကကျိတ်ပြီး ကျေးဇူးတင်နေရုံပါ။ အဲဒီသူငယ်ချင်းသာ မကောင်းတာလုပ်ဖို့ ပိတ်ပင်လာတဲ့အခါ ရှောင်ဖယ်ချင်စိတ်တွေ အလိုလိုပေါ်လာတက်ပါတယ်။ ဒါဟာ သူငယ်ချင်း သံယောဇဉ်မစစ်လို့ပေါ့။

တကယ်ချစ်တဲ့သူဆိုရင်တော့ ဘယ်တော့မှမုန်းမသွားတက်ဘူး။ ကိုယ့်သူငယ်ချင်း အကုသိုလ်မှာ ပျော်မွေ့နေတာကိုလဲ မကြည့်ရက်ကြပါဘူး။ ကောင်းတဲ့ဘက်ရောက်အောင် ဆွဲဆောင်ကြတက်တယ်။ နည်းလမ်းတွေလဲ သူ့မှာရှိနေတက်တယ်။ ဒီလိုပြောလို့ ကိုယ့်ထက် သူတော်ကောင်းပီသတဲ့သူတွေနဲ့ပဲ ပေါင်းရမှာလားဆိုတော့လဲ မဟုတ်ပြန်ဘူး။ ဒီလိုဆို ကမ္ဘာပေါ်မှာ သူတော်အကောင်းဆုံးလူအတွက် ပေါင်းစရာလူမရှိပဲဖြစ်သွားမှာပေါ့။

ကျွန်တော်ပြောတဲ့သဘောက လူဆိုတာ စိတ်ကောင်းဝင်တဲ့အချိန်၊ မ၀င်တဲ့အချိန်ဆိုတာရှိပါတယ်။ ကိုယ့်ထက်ပိုဆိုးတဲ့သူလဲဖြစ်ချင်ဖြစ်မယ် ... ဒါပေမယ့် ကိုယ်မကောင်းတဲ့ဘက် ယိမ်းယှိုင်နေတဲ့အချိန် စိတ်ကောင်းဝင်ပေးပြီး တည့်မတ်ပေးဖို့ဆန္ဒရှိတာမှန်ရင်တော့ သူငယ်ချင်းကောင်းပေါ့။ ကိုယ်လဲ ဘယ်လိုပဲပေတေနေနေ သူငယ်ချင်းအတွက်ဆို ကောင်းတာပဲဖြစ်စေချင်ပြီး ကောင်းတဲ့ဘက်ပဲ ညွန်ပေးတာမျိုးဆို သူ့အတွက်သူငယ်ချင်းကောင်းဖြစ်ပြီပေါ့။ `... ဘယ်လိုပဲဖြစ်ဖြစ် ဆက်ချစ်နေမယ့်သူ´ လို့ပဲပြောကြတာပါ။ ဘယ်လိုပဲဖြစ်ဖြစ်ခွင့်ပြုနေမယ့်သူ ဆိုတာမျိုးမပြောကြပါဘူး။ ဒီတော့ တွေးမိတာလေးက သူငယ်ချင်းကိုချစ်တာမှန်ရင် မကောင်းတဲ့ဘက်ယိမ်းယှိုင်သွားမှာမျိုးကို ခွင့်မပြုဖို့ပဲပေါ့။

မြတ်စွာဘုရားကို သူ့ညီတော်ကစကားတခွန်းပြောဖူးပါတယ်။ `မိတ်ကောင်းဆွေကောင်းရှိတဲ့သူဟာ ကြီးပွါးတိုးတက်ဖို့ တ၀က်သေချာတယ်´ တဲ့။ အဲဒီအချိန်မှာ မြတ်စွာဘုရားကဘာပြန်ပြောလဲဆိုတော့ `အဲဒီလိုမပြောနဲ့ ညီတော်´ ဆိုပြီးတော့ သုံးကြိမ်တောင် တားမြစ်တော်မူသတဲ့။ `မိတ်ကောင်းဆွေကောင်း ရှိတဲ့သူဟာ ကြီးပွါးတိုးတက်ဖို့ ရာနူန်းပြည့်သေချာတယ် ညီတော်၊ ငါဘုရားတည်းဟူသော မိတ်ကောင်းဆွေကောင်းကို အရင်းပြုပြီး သတ္တ၀ါအများ ကြီးပွားတိုးတက်ကြရတာသာ ကြည့်တော့´ လို့ဆိုတော့ ညီတော်က ဟုတ်ပေသားပဲ ဆိုပြီး `သာဓု´ သုံးကြိမ်ခေါ်သတဲ့။

ဗုဒ္ဓဘာသာမှာ လူဆိုး၊ လူမိုက်ဆိုပြီး ပြစ်ပယ်ကဲ့ရဲ့ထားတာမရှိပါဘူး။ အပြစ်လုပ်မိတဲ့သူကလဲ ဘုရားရှင်ရှေ့မှာ အကြိမ်ကြိမ်ခွင့်လွတ်ဖို့ တောင်းပန်ခယနေစရာမလိုပါဘူး။ အပြစ်လုပ်မိတဲ့သူကို မသိနားမလည်တဲ့သူအဖြစ်သာ သဘောထားကြတာပါ။ အဲဒီနားမလည်တဲ့သူကို နားလည်အောင် ဆိုဆုံးမနိုင်ရင် ပြဿနာကပြီးပါပီ။ အဲဒီလို နားလည်လာအောင်ကလည်း မိတ်ဆွေတွေမှာ အပြည်အ၀တာဝန်ရှိနေပါသတဲ့။ မိတ်ဆွေတွေအနေနဲ့လည်း လက်တွဲခေါ်ဆောင်သင့်ပါသတဲ့။

ဗလငါးတန်မှာ မိတ္တဗလဆိုတာရှိပါတယ်။ သူငယ်ချင်းအရေအတွက်များခြင်းမဟုတ်ပါဘူး။ ကိုယ့်အပေါ်ကောင်းတဲ့၊ ပေါင်းသင်းအပ်တဲ့ သူငယ်ချင်းများဖို့ပါ။ ၃၈ ဖြာမင်္ဂင်္လာမှာ သူမိုက်ကိုမပေါင်းသင်းရေး၊ ပညာရှိလူလိမ္မာကိုပေါင်းသင်းရေးဆိုပြီး ရှေ့ဆုံးမှာထည့်ထားတာဟာ `သူငယ်ချင်း´ နဲ့ပတ်သတ်ပြီး မြတ်စွာဘုရားဘယ်လောက်အလေးထားလဲဆိုတာ သိစေလိုပါတယ်။

သူငယ်ချင်းအမျိုးအစား အများကြီးရှိပေမယ့် ကိုယ်နဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် တူသော သိုမဟုတ် ပိုမြင့်မြတ်သော သူငယ်ချင်းကို ကလျာဏမိတ္တလို့ခေါ်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ ကလျာဏမိတ္တများကို ရှာဖွေချီးမြင့်တက်ဖို့နဲ့ ကိုယ့်သူငယ်ချင်းတွေအတွက် ကိုယ်ကိုယ်တိုင်က ကလျာဏမိတ္တဖြစ်အောင် နေနိုင်ဖို့လိုပါတယ်။ အဲဒီတော့ ယုတ်မာသောအကျင့်(၁၄)ပါးဆိုတာကို ရှောင်ရှားနိုင်အောင် လေ့လာကြည့်ကြပါဆို့ …
၁) ကိလေသာဖြင့်ညစ်ညူးသော ပုထုဇဉ်
- သူ့အသက်သက်သော
- သူဥစ္စာခိုးသော၊ မပေးချင်ပဲ ယူသော
- သူ့အိမ်ရာကျူးလွန်သော
- လိမ်ညာပြောဆိုတက်သော … ဟူသော ကမ္မကိလေသ ၄ ပါး
၂) အပါယ်သို့လားစေသော
- ဆန္ဒာဂတိ - ချစ်သဖြင့် မကောင်းမှုကိုပြုခြင်း
- ဒေါသာဂတိ - မုန်းသဖြင့် မကောင်းမှုကိုပြုခြင်း
- ဘယာဂတိ - ကြောက်သဖြင့် မကောင်းမှုကိုပြုခြင်း … ဟူသော ပါပကမ္မ ၄ ပါး (တစ်ခုကဘာလဲမသိဘူး ဟီးဟီး)
၃) မရသေးသော ဥစ္စာကိုလည်းမရ၊ ရပြီးသားဥစ္စာလည်း ပျောက်ခြင်းသဘောရှိသော
- မူးယစ်ဆေးဝါး သုံးစွဲခြင်း
- ညဥ့်နက်သန်းခေါင် သွားလာခြင်း
- ပွဲသဘင် အပျော်အပါး လိုက်စားခြင်း
- လောင်းကစားကျူးခြင်း
- မပေါင်းဖော်ရမည့်သူများနှင့် ပေါင်းဖော်ခြင်း
- ပျင်းရိခြင်း … ဟူသည့် အပါယမုခ ၆ ပါး
အားလုံးပေါင်း ၁၄ ပါး။

၃)က) မူးယစ်ဆေးဝါးသုံးစွဲခြင်းတွင်
- ဥစ္စာပစ္စည်း ဆုတ်ယုတ်ခြင်း
- ခိုက်ရန်များခြင်း
- ရောဂါများခြင်း
- ဂုဏ်သိက္ခာမဲ့ခြင်း၊ အကဲ့ရဲ့ခံရခြင်း
- အရှက်အကြောက် ကင်းခြင်း
- ပညာဉာဏ် ဆုတ်ယုတ်ခြင်း ... ဟူသော အပြစ် ၆ ပါး
၃)ခ) ညဥ့်နက်သန်းခေါင် သွားလာခြင်းတွင်
- ကိုယ့်ကိုယ်ကိုယ် မစောင့်ရှောက်နိုင်ခြင်း
- သားမယားကို မစောင့်ရှောက်နိုင်ခြင်း
- ဥစ္စာပစ္စည်းကို မစောင့်ရှောက်နိုင်ခြင်း
- လူဆိုး သူခိုးဟု ယိုးစွပ်ခံရခြင်း
- မဟုတ်မမှန် စွပ်စွဲခံရခြင်း
- ဒုက္ခများစွာ ၀န်းရံခြင်း ... ဟူသော အပြစ် ၆ ပါး
၃)ဂ) ပွဲသဘင် အပျော်အပါး လိုက်စားခြင်းတွင်
- ဘယ်မှာ ကပွဲ ရှိသနည်း
- ဘယ်မှာ ဂီတပွဲရှိသနည်း
- ဘယ်မှာ လက်ဝှေ့ပွဲ စသည် ရှိသနည်း
- ဘယ်မှာ ဆိုင်းပွဲ ရှိသနည်း
- ဘယ်မှာ အိုးစည်ပွဲ ရှိသနည်း ဟူစူးစမ်း၍ သွားလာပျော်ပါးသဖြင့် ဥစ္စာပစ္စည်း ဆုတ်ယုတ်ပျက်ပြားခြင်း
၃)ဃ) လောင်းကစားကျူးခြင်းတွင်
- နိုင်သူ ရန်များခြင်း
- ရှုံးသူ စိတ်သောကရောက်ခြင်း
- မျက်မှောက်ထင်ထင် ဥစ္စာပစ္စည်း ဆုတ်ယုတ်ခြင်း
- လောင်းကစားကျူးသူဖြစ်ရကား တရားရုံးတွင် သက်သေလုပ်ခွင့် မရခြင်း
- မိတ်ကောင်းဆွေကောင်းတို့ ရှောင်ကြဉ်ခံရခြင်း
- သားမယားကို ကျွေးမွေးနိုင်မည့်သူ မဟုတ်ဟု အိမ်ထောင်ဖက် မရနိုင်ခြင်း ... ဟူသော ၆ ပါး ရှိကြလေသည်။
၃)င) မပေါင်းဖေါ်ရမည့်သူများနှင့် ပေါင်းဖေါ်ခြင်းတွင်
- လောင်းကစားကျူးသူ
- သေသောက်ကျူးသူ
- မိန်းမကျူးသူ
- လှည့်ပတ်တက်သူ
- အနိုင်ကျင့်တက်သူကိုပေါင်းပါက ပစ္စုပ္ပန် သံသရာ နှစ်ဖြာအကျိုး ဆုတ်ယုတ်ပျက်ပြားစေ၏။
၃)စ) ပျင်ရိခြင်းတွင်
- အေးသည်ဟူ၍၎င်း
- ပူသည်ဟူ၍၎င်း
- မိုးချုပ်သည်ဟူ၍၎င်း
- စောသေးသည်ဟူ၍၎င်း
- ဆာသေးသည်ဟူ၍၎င်း
- ၀လွန်းပြီ ဟူ၍၎င်း ယိုးမယ်ဖွဲ့ကာ အလုပ်မလုပ်သေးသူအဖို့ မရသေးသော ဥစ္စာပစ္စည်းလည်းမရ၊ ရပြီးသော ဥစ္စာပစ္စည်းလည်း ပြုန်းတီးခြင်း ဖြစ်လေသည်။

သံယောဇဉ်မထားအပ်၊ စွန့်ပစ်အပ်သော အရာခြောက်မျိုးရှိလေသည်။
၁) မကောင်းသောအရပ်
စစ်ဖြစ်သောအရပ်၊ သသနာကွယ်သောအရပ် စသည်တို့တွင်မနေအပ်ပေ။
၂) မကောင်းသောသူငယ်ချင်း
မကောင်းသော သူငယ်ချင်း ၁၆ မျိုးရှိပါတယ်။
၃) မကောင်းသော မျိုးနွယ်
မိမိမျိုးနွယ်ကို စွန့်ခွာသင့်ပါက စွန့်ခွာရပေမည်။
၎) မကောင်းသော အမျိုး။
ညီအစ်ကိုမောင်နှမသားချင်းဖြစ်ပါသော်လည်း စွန့်ခွာသင့်က စွန့်ခွာရပေမည်။
၅) မကောင်းသော မယား။
၆) မကောင်းသော ကျွန်။

၂) မကောင်းသော သူငယ်ချင်း ၁၆မျိုးတွင်
က) သူများပစ္စည်းကို ရအောင်ယူတက်သော အညဒတ္ထုဟရ သူငယ်ချင်းတု ၄ ယောက်
- သူငယ်ချင်းအိမ်လာ၍ မိတ်ဆွေ၏ ၀တ်စားတန်စာကို `ကောင်းလှ၏´ ဟုအဖန်တလဲလဲ ချီးမွမ်းလျက် သူငယ်ချင်း၏ ဥစ္စာကို ရအောင်ယူတက်သော သူငယ်ချင်း၊
- လက်ဆောင် အနည်းအညံ့ယူဆောင်လာပြီ သူငယ်ချင်းထံမှ လက်ဆောင်အများ အကောင်း ကို ယူသွားတက်သော သူငယ်ချင်း
- မိမိမှာ ကိစ္စကြီးငယ် ရှိလျှင်သာ လုပ်ဆောင်ပေးစေချင်၍လာပြီး၊ ကိစ္စပြီးလျှင် ပြန်လှည့်မကြည့်သော သူငယ်ချင်း၊
- သူငယ်ချင်းကောင်းအဖြစ်မဟုတ်ပဲ ကိုယ်ကျိုး ကိုယ့်စီးပွားအတွက်သာပေါင်းသော သူငယ်ချင်း။
ခ) နှုတ်ဖြင့်သာပေးအံ့သကဲ့သို့ ၀စီပရမ သူငယ်ချင်းတု ၄ ယောက်
- ယခုမှ လာရသလား၊ မျှော်တုန်းက မလာ၊ ကောက်ပဲသီးနှံ ကုန်ခဲ့ပြီ စသည်ဖြင့် လွန်ပြီးသည်နှင့်သာ သင်္ဂြိုဟ်တက်သော သူငယ်ချင်း၊
- ယခုမူကား ပေးစရာမရှိသေး၊ နောင်ခါလာလျှင် ပေးစရာရှိလိမ့်မည်ဟု လာလတ္တံ့ သည်နှင့်သာ သင်္ဂြိုဟ်တက်သော သူငယ်ချင်း၊
- ငါ့အ၀တ်အဆင်တန်ဆာသည် သင်နှင့်တော်၏၊ သို့သော်ငါ့မှာ အခြားဝတ်ဆင်စရာ မရှိ၍သာ မပေးရသည်ဟု အကျိုးမရှိသည်နှင့်သာ သင်္ဂြိုဟ်တက်သော သူငယ်ချင်း၊
- တစ်ခုခုသောပစ္စည်းငှားလျှင် (လှည်းဆိုပါစို့) ၀င်ရိုး ကျိုးခံသည်၊ နွားဖြစ်လျှင်ခြေနာခဲ့သည်ဟု အပျက်ကိုသာ ဆိုတက်သော သူငယ်ချင်း။
ဂ) နှုတ်ချိုစွာဖြင့် သူအကြိုက်လိုက်ပြောတက်သော အနုပိယဘာဏီ သူငယ်ချင်းတု ၄ ယောက်
- မကောင်းမှုပြုရာတွင် လိုက်လျောခွင့်ပြုသော သူငယ်ချင်း၊
- ကောင်းမှုပြုရာတွင် လိုက်လျောခွင့်မပြုသော သူငယ်ချင်း၊
- မျက်မှောက်မှာ ချီးမွမ်းသော သူငယ်ချင်း၊
- မျက်ကွယ်မှာ ကဲ့ရဲ့ပြစ်တင်သော သူငယ်ချင်း။
ဃ) အကျိုးမဲ့ ပျက်စီးရာ၌သာ အဖော်ပြုတက်သော အပါယသဟာယ သူငယ်ချင်း ၄ ယောက်
- မူးယစ်ပျော်ပါး သောက်စားရာတွင် အဖော်ပြုပေးသော သူငယ်ချင်း၊
- ညဥ့်နက်သန်းခေါင် သွားလာရာတွင် အဖော်ပြုပေးသော သူငယ်ချင်း၊
- ပွဲလမ်းသဘင် သွားလာရာတွင် အဖော်ပြုပေးသော သူငယ်ချင်း၊
- လောင်းကစားရာတွင် အဖော်ပြုပေးသော သူငယ်ချင်း။

အဟမ်း ... သားသမီးဝတ်ငါးပါးထဲမှာ စောင့်လေမျိုးနွယ်ဆိုတာပါနေပါတယ်။ သို့ပေမယ့် ဒီနေရမှာ မျိုးနွယ်ကို မကောင်းပါကစွန့်ခွာသင့်တယ်လို့လဲဆိုပြန်တယ်။ အဲဒီနှစ်ခု ဆန့်ကျင်ဘက်ဖြစ်စရာအကြောင်း မရှိနိုင်ဘူလားပေါ့။ ဒီတော့ သားသမီးဝတ်ငါးပါးထဲက စောင့်လေမျိုးနွယ်ဆိုတာ မြန်မာမို့လို့ အင်္ဂလိပ်ကိုမယူရဘူးလို့ဆိုလိုတာမျိုးမဟုတ်ပါဘူး။ တရုတ်ဟေ့၊ ရှမ်းဟေ့၊ မြန်မာဟေ့လို့လဲ ကြွေးကြော်နေခိုင်းတာမဟုတ်ပါဘူး။ အဲဒီလိုဖြစ်အောင် သုံးနေကြလို့သာ အဲဒီလိုဖြစ်သွားရတာပါ။ တကယ်တော့ ... သားသမီးသုံးမျိုးရှိပါတယ်။ မိဘထက် ပစ္စည်းဥစ္စာ၊ ကုသိုလ် ပညာသာလွန်တဲ့သားသမီး၊ တန်းတူညီတဲ့သားသမီး နဲ့ နိမ့်ကျတဲ့သားသမီးပါ။ မိဘနဲ့တန်းတူညီသူ သို့မဟုတ် သာလွန်တဲ့သားသမီးဟာ မျိုးနွယ်ကိုစောင့်ရှောက်သူမည်ပါတယ်။

လူဟုဆိုက၊ ရုပ်ကိုမကြည့်၊ စိတ်ကိုကြည့်လော့၊
သူ၏သဘော လိုက်လျောပေါင်းသင်း၊ နှီးနှောခြင်းဖြင့်၊
မကင်းဉာဏ၊ နှိုင်းချင့်ဆရှင့်၊
ရှေးကချစ်ခင်၊ ကျွမ်းဝင် မိတ်ဟောင်း၊
ငယ်ပေါင်းငယ်ချစ်၊ ကောင်းဆုံးဖြစ်၏။

Ref: သိင်္ဂါလောဝါဒသုတ်။

သူငယ်ချင်းကောင်းများ ရကြပါစေ။ ထောက်ပြဝေဖန်ပေးကြပါကုန် … 

by  Planet Forums