skip to main |
skip to sidebar
စာပေတွင် “လောကဓံ”ရှိ၍သာ “လူသား”သည်
ဖြစ်ပေါ်လာရကြောင်း တင်ပြထားသကဲ့သို့၊ လူသားရှိ၍သာ လောကဓံများ
ပေါ်ပေါက်လာရသည်ဟုလည်း ဆိုပြန်သည်၊၊ မည်သို့ဆိုစေ လူသားနှင့်လောကဓံသည်
အဆက်အစပ်တစ်ခု ဖြစ်လေသည်၊၊
လောကဓံနှင့်ကင်းသော လူသားဟူ၍ဖြစ်စေ၊
လူသားနှင့်ကင်းသော လောကဓံဟူ၍ဖြစ်စေ ရှိနိုင်မည် မဟုက်ချေ၊၊
နေ၏အလင်းရောင်အောက်တွင် အရိပ်တစ်စုံတရာကို မြင်တွေ့ရသည်မှာ ထိုအရိပ်၏
အထည်ဒြပ်တည်ရှိနေ၍သာဖြစ်ကြောင်း ထင်ရှားသည်၊၊
လောကဓံနှင့်
လူသားသည်လည်း နေရောင်တွင်ဖြစ်ပေါ်သော အရိပ်နှင့်ဒြပ်ပမာဖြစ်သည်၊၊
ဒြပ်မရှိဘဲ အရိပ်မပေါ်နိုင်သကဲ့သို့ အရိပ်ပေါ်နေခြင်းသည်
အထည်ဒြပ်တည်ရှိနေခြင်းကြောင့် ဖြစ်ရသည်၊၊
နေရောင်၏အောက်တွင်
အရိပ်ထင်ရာ၌ ဒြပ်ရှိ၍၊ ဒြပ်ရှိခြင်းကြောင့်အရိပ်ထင်ရသည်ဟု
ပုံသေမမှတ်ယူနိုင်၊ အဘယ့်ကြောင့်ဆိုသော် နေရောင်မရှိဘဲလည်း ဒြပ်မှအရိပ်ကို
မရရှိနိုင်သောကြောင့် ဖြစ်သည်၊၊
ဤသို့ဆိုသော် နေရောင်၊ ဒြပ်၊
အရိပ်တို့သည် “အညမည”သဘောအားဖြင့် ဆက်စပ်နေသည့် အရည်အသွေး များ
ဖြစ်ကြလေသည်၊၊ လူသားဟူ၍ ကမ္ဘာလောကအတွင်း ဖြစ်ပေါ်လာသောကြောင့် လောကဓံဟူသည့်
အရိပ် ထင်ပေါ်လာရသည်၊၊
သို့သော် လူသားပေါ်ပေါက်မှုသက်သက်ဖြင့်လည်း
လောကဓံသည် ဖြစ်ပေါ်ရောက်ရှိမလာတတ်ပြန်၊ လောကဓံများ လူသားထံသို့ရောက်လာစေရန်
ထူးခြားသည့်လူသား၏ အပြုအမူများလည်း လိုအပ် လာပြန်သည်၊၊
ဤအပြုအမူများအပေါ်တည်မှီ၍
အကောင်းနှင့်အဆိုးလောကဓံများ လူသားထံရောက်ရှိလာသည်ကို သဘာဝသက်သေများက
ဖော်ညွှန်းလျက်ရှိလေသည်၊၊ လူသားတို့၏ ဘ၀တစ်သက်တာတွင် မလွဲမသွေကြုံ တွေ့ရမည့်
“လောကဓံရှစ်မျိုး”ကို စာပေတွင်ဖော်ပြထားသည်၊၊
လောကဓံအကြောင်းကို
လူတိုင်းပါးစပ်ဖျားတွင် နေစဉ်လိုလိုပြောတတ်ကြသည်၊၊ လောကဓံရှစ်မျိုးကို
မည်သူက ဖော်ထုတ်ပြသခဲ့သည်၊ မည်သည့်ကျမ်းတွင် အသေးစိတ်လေ့လာရရှိနိုင်သည်ကို
သိသူနည်းပါးမည်ဟု ထင်မိပါသည်၊၊
လောကဓံကို စာလုံးဖြင့်ရေးသားသည့်အခါ “လောကဓမ်”ဟုဖြစ်စေ၊ “လောကဓံ”ဟုဖြစ်စေ ရေးသားနိုင်
ပါသည်၊၊ “လောကဒဏ်”ဟု မရေးသားနိုင်ပါ၊၊ အကြောင်းမှာ “လောကဓံ”စကားလုံးသည် “လောကဓမ္မ”
ဟူသည့် ပါဠိဝေါဟာရမှဆင်းသက်လာသည့် ပါဠိသက်မြန်မာ စကားလုံးဖြစ်သောကြောင့် ဖြစ်ပါသည်၊၊
“လောကဒဏ်”ဆိုသည်မှာ
လောကကြီးက လူသားတို့ကိုပေးသော ပြစ်ဒဏ်များဖြစ်သည်ဟု ရေးသားထားသော
စာအုပ်နှင့်အရေးအသားများကိုလည်း တွေ့ရဘူးပါသည်၊၊ လုံးဝမှားယွင်းသည့်
အရေးအသား ဖြစ်ပါသည်၊၊ ဤသို့ရေးသားခြင်းမှာ မူလ “လောကဓံ”ဝေါဟာရကို
“လောကဒဏ်”ဟု မှားယွင်းရေးသားရာက ဖြစ်လောက်မည်ထင်သည့် အနက်အဓိပ္ပါယ်ကို
ရေးသားလိုက်ရာက စာပေ အမှားတစ်ခုကို ကျူးလွန်လိုက်မိခြင်းဖြစ်တန်သည်၊၊
လောကဓံရှစ်မျိုးကို ဗုဒ္ဓရှင်တော်သည် ပထမလောကဓမ္မသုတ်၊ ဒုတိယလောကဓမ္မသုတ်ဟု
သုတ်နှစ်မျိုးခွဲခြား၍၊ အင်္ဂုတ္တရနိကာယ်ပါဠိတော်တွင် အသေးစိတ်သင်ကြား၊
ဟောပြောထားပါသည်၊၊ လောကဓံရှစ်မျိုးကို သာဓကပုံပြင်များစွာဖြင့်
သင်ပြထားသည့် အခြားပါဠိစာပေများစွာလည်း ရှိပါသေးသည်၊၊
လောကဓမ္မ=လောကဓံဟူသည်မှာ
လောကတွင်ဖြစ်ပေါ်လေ့ရှိသည့် အခြေအနေရှစ်မျိုး၊ လောကတွင် ကြုံတွေ့ရမည့်
အခြေအနေရှစ်မျိုးဟု အဓိပ္ပါယ်ဖွင့်ဆို ရပါမည်၊၊ လောကထဲတွင် လူသားဟူ၍
မွေးဖွားလာသူတိုင်း လောကဓံရှစ်မျိုးလုံးကိုဖြစ်စေ၊ တစ်မျိုး၊ နှစ်မျိုး၊
သုံးမျိုးကိုဖြစ်စေ၊ ဧကန်ကြုံတွေ့ရမည် ဖြစ်ပါသည်၊၊
လောကဓံရှစ်မျိုးတွင် မည်သည့်လောကဓံက အကောင်း၊ မည်သည့်လောကဓံကအဆိုးဟူ၍ ပုံသေ
သတ်မှတ်၍ မရနိုင်ပါ၊၊ လူသား၏ လောကဓံကိုခံယူပုံစိတ်အခြေအနေပေါ်တွင်မူတည်၍ လောကဓံအဆိုးနှင့် အကောင်းဟူ၍ ဖြစ်ပေါ်လာရသည်၊၊
လောကဓမ္မ=လောကဓံရှစ်မျိုး-
(၁) ရရှိမှု၊
(၂) မရရှိမှု၊
(၃) အသိုင်းအ၀ိုင်းရှိမှု၊
(၄) အထီးကျန်ဆန်မှု၊
(၅) ချီးမွှန်းခံရမှု၊
(၆) ပြစ်တင်၊ ကဲ့ရဲ့ခံရမှု၊
(၇) ချမ်းသာမှု၊
(၈) ဆင်းရဲမှု၊ တို့ဖြစ်ပါသည်၊၊
“ရရှိမှု”
ရရှိမှုဟုဆိုရာတွင်
လူသား၏ဘ၀တွင် လိုချင်သည်များ၊ လိုအပ်သည်များ အလွယ်တကူ ရှာဖွေရရှိမှုကို
ဆိုလိုပါသည်၊၊ စီးပွားဥစ္စာနှင့်၊ ကျန်းမာရေး၊ ပညာရေး၊ အိမ်ထောင်မှုဘဝ
သာယာစိုပြေရေးတို့ ပါဝင်ပါသည်၊၊
“မရရှိမှု”
ရရှိမှု၏ဆန့်ကျင်ဘက်သည်
မရရှိမှုဖြစ်ပါသည်၊၊ လူတို့၏ဘ၀တွင် လိုအပ်သည်များ လိုချင်သည်များမှာ
တခါတရံအလွယ်တကူ ရှာဖွေမရရှိသည့်အခါများလည်း ရှိနေတတ်ပါသည်၊၊
စီးပွားဥစ္စာနှင့်၊ကျန်းမာရေး၊ ပညာရေး၊အိမ်ထောင်မှုဘ၀သာယာစိုပြေရေးတို့ပင်
ဖြစ်ပါသည်၊၊
ဤသို့ဖြစ်ရသည်မှာ လောကကြီးဖြစ်စေ၊
တစ်စုံတစ်ယောက်ကဖြစ်စေ ပြစ်ဒဏ်ပေးသည်မဟုက်ဘဲ၊ လောကအတွင်း
ဖြစ်လေ့ရှိသည့်အခြေအနေတစ်ရပ်အနေဖြင့် မှတ်ယူရမည်ဖြစ်ပါသည်၊၊
“အသိုင်းအ၀ိုင်းရရှိမှု”
ချစ်သူ၊
ခင်သူ၊ မိတ်ဆွေ၊ သူငယ်ချင်းများစွာနှင့် ပျော်ရွှင်ရယ်မော
နေထိုင်ခွင့်ရသည်ကို အသိုင်းအ၀ိုင်းရရှိမှု လောကဓံဟု ခေါ်ပါသည်၊၊
ဤသို့အသိုင်းဝိုင်းကောင်းကို ရရှိသည့်အတွက် ကူညီသူ၊ အားပေးသူ၊ ချစ်ခင်ယုသူ၊
ထောက်ပံ့ဖေးမသူများသဖြင့် ဘ၀သည် ချမ်းမြေ့ဖွယ် သာယာစိုပြေရတော့သည်၊၊
ထနောင်းပင်ရိပ်တွင်
ထန်းလျက်ခဲကို ရေနွေးကြမ်းနှင့် ခဲစားနေရသည့်တိုင် ချစ်သူ၊ ခင်သူ၊
မိတ်တွေ၊ သူငယ်ချင်းများနှင့် ထွေထွေလီလီ အနှီနှီဖြင့်စကားဖောင်ဖွဲ့ရင်း
စားသောက်ရဖြင့် နတ်ဘုံနတ်နန်းတမျှ သာယာပျော်ရွှင်ရတတ်သည်ကို သိရသည်၊၊
လူသားသည် ပင်လယ်နှင့် ကန္တာရများတွင် ဖြစ်ပေါ်လေ့ရှိသော ကျွမ်းတစ်ခု မဟုက်ကြောင်း Man is not Island.ဟု
ပညာရှင်တို့ဆိုခဲ့ကြသည်၊၊ ကမ္ဘာပေါ်တွင် လူသန်းပေါင်း
ခုနှစ်ထောင်ကျော်မျှရှိနေသော်လည်း၊ မိမိနှင့် အတွေးအခေါ်တူသူ၊
နှစ်သက်မှုတူသူ၊ ရည်ရွယ်ချက်တူသူ၊ မိမိကိုနှစ်သက်သူ၊
မိမိကနှစ်သက်သူမရှိသည်ကို အသိုင်းအ၀ိုင်းမရှိမှုလောကဓံဟု ခေါ်ရပါသည်၊၊
ဤအခြေအနေတွင်
လူသားသည်အ၀ိုင်းအ၀ိုင်းကို ရှာဖွေမရရှိတော့ဘဲ ဖြစ်ရတော့သည်၊၊ မိတ်ဆွေ၊
သူငယ်ချင်း၊ ချစ်သူ၊ ခင်သူမှကင်းဆိတ်သည့်ဘ၀တွင်
ပြင်းရိ၊ငြီးငွေ့ဖွယ်ရပ်တည်ရတော့သည်၊၊ စီးပွားဥစ္စာနှင့်၊ ကျန်းမာရေး၊
ပညာရေးအဆင်ပြေသည့်တိုင် မိတ်ဆွေအသိုင်းအ၀ိုင်း၊ ချစ်သူ၊ ခင်သူ၊
ခံစားချက်ကို မျှဝေမည့်သူမရှိဘဲ ရပ်တည်ရသည့် အခြေအနေတွင် ဘ၀သည်သာယာဖွယ်
မဖြစ်တော့ပေ၊၊
အသိုင်းအ၀ိုင်းမရှိမှုလောကဓံကို ရင်ဆိုင်ရပြီဆိုလျင်
လူသားသည် ရွှေဘုံပေါ်တွင် ရွှေအသီးများကို စားသုံး နေရသည့်တိုင်
အရသာကိုရှာဖွေတွေ့ရှိလိမ့်မည် မဟုက်ပါချေ၊၊
“ပြစ်တင်ဝေဖန်ခံရမှု”
လူသားသည်
ရပ်တည်မှုတစ်ခုအတွက် ဥစ္စာပစ္စည်းကို ရှာဖွေရသည်၊၊ အတတ်ပညာကို သင်ယူရသည်၊
ကျန်းမာရေးကို ဆောက်တည်ရသည်၊ အိမ်ထောင်မှုဘ၀ကို ထူထောင်ရသည်၊၊
ဤဆောင်ရွက်ချက်များမှာ စကားလုံးဝေါဟာရအားဖြင့် မများလှသော်လည်း
လက်တွေ့အကောင် အထည်ဖော်ရာတွင် လွယ်ကူသောတာဝန်များ မဟုက်ချေ၊၊
မိမိဘ၀ရပ်တည်မှုအတွက်
မိမိကြိုးစားနေစဉ်အတွင်း လူသားသည် ပတ်ဝန်းကျင်၏ ပြစ်တင်ဝေဖန်၊
ကဲ့ရဲ့မှုများကို မရှောင်မလွှဲသာ တွေ့ကြုံကြရသည်၊၊
ပြစ်တင်မှုဝေဖန်ခံရမှုလောကဓံဟု စာပေကဆိုပါသည်၊၊ “လောကတွင် ကဲ့ရဲ့ပြစ်တင်ဝေဖန်ခံရမှုမှ လွတ်သူမရှိ”ကြောင်း ဗုဒ္ဓရှင်တော်ကိုယ်တိုင် ဆုံးမထားပါသည်၊၊
များစွာသောလူတို့သည်
အခြားသူ၏အပြစ်ကို အချိန်ယူ၍ မြိန်ရေ ယှက်ရေပြောဆို နေတတ်ကြသည်မှာ
ထူးဆန်းသည့် လုပ်ရပ်ဖြစ်သည်၊၊ ကဲ့ဝေဖန်ခံရသူသည် မိမိမှာ
တကယ်အပြစ်ပြောဖွယ်ရှိနေပါက ပြုပြင်သင့်ပြီး၊ အကယ်၍ အမှားတစ်စုံတရာမရှိက
မိမိကိုအများက စိတ်ဝင်တစားရှိ၍သာ သူတို့၏ တန်ဖိုးရှိသော အချိန်များထဲမှ
အချိန်တစ်ခုကိုယူ၍ မိမိအကြောင်းကို ပြောဆိုနေကြသည်ဟု ၀မ်းမြောက်သင့်လှသည်၊၊
လူတို့၏သဘာဝမှာ
သူတို့အလေးမထားသော၊ စိတ်မ၀င်စားသောအကြောင်းအရာကို အချိန်ယူပြော
ဆိုတတ်သည့် သဘာဝမရှိကြရကား၊ မိမိအကြောင်းကို အဆိုးဘက်မှဖြစ်စေကာမူ
ပြောဆိုနေဦးတော့ မိမိသည်လူအများ၏ စိတ်ဝင်စားမှု၊ အလေးထားမှုကို ရရှိနေပြီဟု
သတ်မှတ်နိုင်ပြီ ဖြစ်သည်၊၊
“ထင်ရှားသူတိုင်း၊ ပေါ်လွင်သူတိုင်း၊
နာမည်ရသူတိုင်း၊ အောင်မြင်သူတိုင်း၊ ချမ်းသာသူတိုင်းသည် အများ၏ပါးစပ်ဖျား၊
အသဲနှလုံးကြားတွင် အဆိုးဘက်မှရော အကောင်းဘက်မှပါ ပြောဆို၍အရသာရှိဖွယ်
ကိတ်မုန့်တစ်လုံးဖြစ်နေသည်ကို ဂုဏ်ယူရမည်”ဟု ဒေးကာနယ်ဂီ၏ မိတ္တဗလဋီကာတွင်
ဖော်ပြထားသည်၊၊
သို့သော်“မိမိမှာ တကယ်အမှားရှိ၍
ပြစ်တင်ပြောဆိုလာလျင်မူကား ထိုသူကိုရွှေးအိုးကို ဖော်ဆောင်ပေးသော
သူကဲ့သို့သဘောထားပြီး ဆရာတင်ရမည်”ဟု ဗုဒ္ဓရှင်တော်က ညွန်ကြားပါသည်၊၊
“ချီးမွှန်းထောပနာပြုခံရမှု”
လူသည်
မိမိ၏ရပ်တည်မှုအလုပ်ကို ပုံမှန်လုပ်နေသည်ဖြစ်သော်လည်း ပတ်ဝန်းကျင်မှ
အလိုမကျသည့် အခါတွင် ကဲ့ရဲ့ပြစ်တင်တတ်ကြပြီး၊ သဘောတွေ့သည့်အခါတွင်လည်း
ချီးမွှန်းပြောဆိုတတ်ကြ ပြန်သည်၊၊ ဤသည်ကို ချီးမွန်းခံရမှုလောကဓံဟု
ခေါ်ပါသည်၊၊ အမှန်မှာ မိမိကိုယ်တိုင်သည် ပတ်ဝန်းကျင်၏ ချီးမွှန်းမှု၊
ကဲ့ရဲ့မှုကိုလက်ခံရယူရန်တမင် ပြုလုပ်နေသည်မဟုက်သည်ကို သိရှိပြီးဖြစ်သည်၊၊
ထို့ကြောင့် လူသားသည် မိမိကိုပတ်ဝန်းကျင်က ချီးမွှန်းသည်ဖြစ်စေ၊ ကဲ့ရဲ့သည်ဖြစ်စေ၊ သတိထား ဆင်ခြင်သင့်သည်ကလွဲပြီး များစွာအာရုံပြု၊ ဂရုထားနေရင် မလိုအပ်ချေ၊၊
ဗုဒ္ဓနှင့် အခြားသောနိုင်ငံအာ ဇာနည်များစွာတို့မှာ လူသားတစ်ရပ်လုံးအတွက်
အနင့်နာခံ ကောင်းကျိုးပြုကြသူများဖြစ်သည်ကို သိရှိကြသည်၊၊ သို့သော်
အပြစ်မြင်စိတ်အားကြီးသောသူများမှာ အလွတ်ပေးသည်မရှိဘဲ အပြစ်ဆိုကြသေးသည်ကို
တွေ့ရမည်ဖြစ်သည်၊၊
ထို့ကြောင့် ပြစ်တင်ဝေဖန်မှုလောကဓံကိုခံရသည့်အခါ
စာဖတ်သူအနေဖြင့် လောက၏သဘာဝတစ်ခု အနေဖြင့်သာ လက်ခံသင့်ပြီး၊
များစွာမတုန်လှုပ်သင့်ပေ၊၊ မင်္ဂလသုတ်တွင် “လောကဓံရှစ်မျိုးကြောင့် မတုန်၊ မလှုပ်နေနိုင်ခြင်းကို မင်္ဂလာတစ်ခု၊ ကောင်းခြင်းတစ်ခု”ဟု ဆိုထားပါသည်၊၊ ဆိုလိုသည်မှာ လောကဓံကို ရင်ဆိုင်ရဲခြင်းကို မင်္ဂလာဟုဆိုလိုခြင်း ဖြစ်ပါသည်၊၊ စာရေးသူအနေဖြင့်မူ “လောကဓံကို ရင်ဆိုင်ရဲခြင်း၊ ကြုံတွေ့လာရသမျှလောကဓံများကြောင့် မတုန်၊ မလှုပ်ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခြင်းကို သတ္တိရှိခြင်း”ဟု မြင်မိပါသည်၊၊
“ချမ်းသာမှု”
လူ့လောကတွင်
ချမ်းသာမှုပုံစံ (၄)မျိုးရှိကြောင်း ပါဠိစာပေတွင် လေ့လာရသည်၊၊
ချမ်းသာမှုသည်လည်း လောကတွင်ကြုံရတတ်သည့် လောကဓံတစ်ခုမျှသာ ဖြစ်သည်၊၊
အခြားလောကဓံများနှင့် မကွာခြားသည့် အခြေအနေတစ်ရပ်ပင် ဖြစ်ပါသည်၊၊
(၁) ဥစ္စာပစ္စည်းရှိ၍ ချမ်းသာမှု၊
(၂) အသုံးပြုခွင့်ရသဖြင့် ချမ်းသာမှု၊
(၃) အကြွေးကင်းသဖြင့် ချမ်းသာမှု၊
(၄) ဘ၀တွင်အပြစ်ကင်းသဖြင့် ချမ်းသာမှုတို့ ဖြစ်သည်၊၊
“ဆင်းရဲမှု”
လောကဓံရှစ်မျိုးတွင်
နောက်ဆုံးဖော်ပြထားသည့် လောကဓံသည် “ဆင်းရဲမှုလောကဓံ”ဖြစ်သည်၊၊ ဤလောကဓံကို
အဆိုးဝါးဆုံးလောကဓံဖြစ်သဖြင့် နောက်ဆုံးမှဖော်ပြသည်ဟု မမှတ်ယူနိုင်ချေ၊၊
ဆင်းရဲမှုလောကဓံသည်လည်း အခြားလောကဓံများနည်းတူ လောကတွင်တွေ့ကြုံရတတ်သည့် အခြေ
အနေတစ်ခုမျှ ဖြစ်သည်၊ ထို့ထက်ဘာမျှ ထူးခြားသည်မဟုက်ပါ၊၊
လောကဓံရှစ်မျိုးကို
သရုပ်အားဖြင့်တင်ပြခဲ့ပြီ ဖြစ်ပါသည်၊၊ ယ္ခုအခါ လောကဓံများပေါ်
သဘောထားပုံများကို တင်ပြမည်ဖြစ်ပါသည်၊၊ လောကဓံရှစ်မျိုးတွင်
မည်သည့်လောကဓံသည် အဆိုးဖြစ်သည်ဟု ပုံသေမမှတ်ရကြောင်းအထက်တွင်
ဖော်ပြခဲ့ပြီဖြစ်သည်၊၊
မှန်သည်၊၊ လူသား၏ စိတ်ထားအပေါ်တွင်မူတည်၍
လောကဓံ၏ဖိအားသည် သက်ရောက်ပါသည်၊ ဆိုလိုသည်မှာ လောကဓံရှစ်မျိုးကို
ဘာသာများစွာ၏ ဘုရားများစွာနှင့်အတူ၊ ဘုရင်များရော၊ အစိုးရများ၊ လူများ၊
ဘာသာအသီးသီးမှ သံဃာများပါ မလွဲမသွေတွေ့ကြုံကြရသည်၊၊
မိမိသည်စိတ်စွမ်းအား
ပျော့ညံ့သူဖြစ်လျင် လောကဓံ၏ဖိအားသည် မိမိအပေါ်များစွာ သက်ရောက်တတ်ပြီး၊
မိမိကအင်အားရှိသူ၊ စိတ်စွမ်းအားရှိသူ၊ သတ္တိနှင့်ပြည့်စုံသူဖြစ်လျင်
လောကဓံသည် တစ်စုံတရာဖိအားကို ပေးနိုင်မည်မဟုက်ကြောင်း မှတ်ယူရမည်၊၊
လောကဓံများတွင်
သာယာဖွယ်လောကဓံနှင့် မနှစ်မြို့ဖွယ်လောကဓံနှစ်မျိုးရောနေသည်ကို
သတိပြုမိမည် ဖြစ်သည်၊၊ သတိပြုဖွယ်အနေဖြင့် သာယာဖွယ်လောကဓံကို သာယာလွန်းသူ၊
မနှစ်မြို့ဖွယ်လောကဓံကို မုန်းတီးလွန်းသူများသည်
စိတ်အားသတ္တိနည်းသူများဖြစ်ပြီး၊ သေခြာပေါက် ထိုသူများကို လောကဓံက
နင်းခြေတတ်သည်ကို သတိပြုရပါမည်၊၊
မိမိထံရောက်ရှိလာသည့်
သာယာဖွယ်လောကဓံကိုဖြစ်စေ၊ မနှစ်မြို့ဖွယ်လောကဓံကိုဖြစ်စေ စိတ်ဓာတ်
ခိုင်ခိုင်၊ တည်ကြည်စွာဖြင့် ထိမ်းမတ်တတ်သူကို လောကဓံများက
ဖိစီးနှိပ်စက်ကလူ မပြုနိုင်သည်ကို စာပေသာဓက၊ လက်တွေ့ဘ၀သာဓကများစွာတွင်
တွေ့ရှိနိုင်သည်၊၊ ပညာရှိတို့ကမူ “လောကဓံဟူသည် လူသားကို ရွှေစစ် မစစ်ပေတင်သကဲ့သို့၊ လူသား၏စိတ်ဓာတ်မည်မျှ ခိုင်မာသည်ကို စမ်းသတ်သည့်၊ စစ်ဆေးသည့်မှတ်ကျောက်” များအဖြစ် ရေးသားကြသည်၊၊
“ရွှေစစ်လျင်
ပေတင်ခံနိုင်သည်၊ ရွှေမစစ်လျင် ပေပေါ်တွင် ကွဲရသည်၊၊
စိတ်ဓာတ်သတ္တိအားမကောင်းလျင် လောကဓံနှင့်တွေ့သောအခါ ကွဲသည်၊
စိတ်ဓာတ်သတ္တိအားကောင်းလျင် လောကဓံများကလူသားကို
ပို၍ထူးချွန်ပြောင်မြောက်အောင် မြေတောင်မြှောက်ပေးသည်”ဟု
အဆုံးစွန်ဆိုလိုပါသည်၊၊
“လောကဓံနှင့်လူသား” ခေါင်းစဉ်ဖြင့်
အရှင်၏တင်ပြဆွေးနွေးချက် ဤတွင်ပြည့်စုံပြီဟု ယူဆပါသည်၊၊ လောကဓံ၏
စမ်းသတ်မှုအောက်တွင် ထူးချွန်သူများ၊ ပို၍ပို၍တောက်ပြောင်သူများ၊
ကြီးပွားတိုးတက်သူများ၊ သာယာပျော်ရွှင်ဖွယ်ဘ၀ကို ပိုင်ဆိုင်ရရှိသူများ
ဖြစ်ကြပါစေကြောင်း အလင်းစက်အရှင် ဆုတောင်းလိုက် ပါသည်၊၊ ၊၊
မေတ္တာဖြင့်--
အရှင်ကေ၀လ(အလင်းစက်)
ဘာဝနာဝိဟာရ-သီရိလင်္ကာ၊
(၈.၅.၂၀၁၁)