“ပန်းဝေေ၀ စမ်းရေလမ်းက မြန်းချိန်သင့် ပြည်ကပ္ပီ”
ဂေါတမ ဘုရားအလောင်းတော် နိယတဗျာဒိတ်ခံယူတဲ့ ဒီပင်္ကရာဘုရားရှင်
ပွင့်တော်မူရာ သာရမဏ္ဍကမ္ဘာကစလို့ ပွင့်တော်မူသမျှ ဘုရားရှင်တို့ရဲ့
သာသနာတော်မှာ ဓမ္မာဘိသမယခေါ်တဲ့ တရားပွဲကြီး သုံးကြိမ်စီ ထင်ရှားရှိခဲ့သလို
ယခုလက်ရှိ ကျွန်ုပ်တို့ ကိုးကွယ်ရာ သဗ္ဗညူဘုရားရှင် သာသနာတော်မှာလည်း
အထူးခြားဆုံး တရားပွဲကြီးများအဖြစ် မှတ်တမ်းဝင်တဲ့ တရားပွဲကြီး သုံးကြိမ်
ရှိပါတယ်။တရားဦးဓမ္မစကြာတရားပွဲရယ်၊ မဟာမင်္ဂလာ အခါတော်နေ့လို့ သတ်မှတ်ခံရတဲ့ မင်္ဂလသုတ် တရားပွဲရယ်၊ နောက်တစ်ခါ သားတော်ရာဟုလာကို အရဟတ္တဖိုလ်ပေါက် ချီးမြှောက်ဟော ကြားတဲ့ စူဠရာဟုလောဝါဒသုတ် တရားပွဲကြီး ရယ်တို့ ဖြစ်ပါတယ်။ ဒီတရားပွဲကြီးတွေမှာ လူ၊နတ်၊ ဗြဟ္မာ သတ္တ၀ါတွေ မရေမတွက်နိုင်လောက်အောင် တရားသိမြင် ကျွတ်တန်းဝင်ခဲ့ကြတဲ့အတွက် ထူးခြားတဲ့ “ဓမ္မာဘိသမယ-တရားအခါတော်ကြီးများ”လို့ သတ်မှတ်ကြရတာပါ။
ဒီလို တရားပွဲကြီးသုံးကြိမ် ထူးထူးခြားခြား မှတ်တမ်းဝင်သလို သာဝကစုံညီစုဝေးတဲ့ သာဝက သန္နိပါတ တစ်ကြိမ်က လည်း ထူးထူး ခြားခြား မှတမ်တမ်းဝင်ပါတယ်။ ဒီစည်းဝေးပွဲကြီးကို လက်ဝဲရံ လက်ယာရံတို့ ရဟန္တာဖြစ်ပြီးတဲ့ မဟာ သက္ကရာဇ် ၁၀၃-ခု၊တပိုတွဲလပြည့်နေ့မှာ ပြုလုပ်ပါတယ်။ ဒီစည်းဝေးပွဲကြီးမှာပဲ ထိန်းသိမ်းစောင့်ရှောက် လိုက်နာသူ မှန်သမျှတွေကို အပါယ် ဒုဂ္ဂတိဘေးက လွတ်မြောက်စေတတ်တဲ့ “ပါတိမောက်”လို့ အမည်ရတဲ့ သြ၀ါဒထူးကိုလည်း ချမှတ်တော်မူပါတယ်။
ဘုရားရှင်ကိုယ်တော်တိုင် ရဟန်းတော်များကို တိုက်ရိုက်ဆုံးမတဲ့ သြ၀ါဒဖြစ်လို့ သြ၀ါဒပါတိ မောက်လို့ ခေါ်ပါတယ်။ သာသနာတော်နဲ့ မသင့်မလျော်တဲ့ အပြောအဆို၊ အပြုအမူ တွေ့ကြုံရတဲ့အခါ မှာ ဘုရားရှင်အာဏာတော်နဲ့ အာပတ် (အပြစ်)အဆင့်အတန်း သတ်မှတ်ပညတ်ပြီး ရဟန်းတော်များ ကျက်မှတ်လိုက်နာရတဲ့ ၀ိနည်းသိက္ခာုဒ်များကိုတော့ အာဏာပါတိမောက် ခေါ်ပါတယ်။ အပါယ် ကာကွယ်ရေး စည်းကမ်းများပါပဲ။
မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ဆုံးမတဲ့ သြ၀ါဒပါတိမောက်တော်မှာ သာသနာတော်နဲ့ ဆက်စပ်သမျှ နတ်ဗြဟ္မာများ အပါအ၀င် ရဟန်းရှင်လူအားလုံးအတွက် အပါယ်လွတ်ကြောင်း အခြေခံ သုံးချက်ပါဝင်ပါတယ်။
“သဗ္ဗပါပဿ အကရဏံ= မကောင်းမှု မှန်သမျှ မပြုလုပ်ရ၊ ကုသလဿ ဥပသမ္ပဒါ= ကုသိုလ် တရားကို ပြည့်စုံအောင်ကြိုးစား၊ သစိတ္တ ပရိယောဒပနံ= မိမိစိတ်ကို စင်ကြယ်အောင် စောင့်ထိန်းရ မယ်” ဆိုတာပါပဲ။
ဒီအချက်သုံးချက်နဲ့အညီ ကျင့်သုံးနေထိုင်မယ်ဆိုရင် အမျိုးဘာသာ သတ္တ၀ါမရွေး အားလုံး အပါယ်ဘေးက ကင်းဝေးလွတ်မြောက် ချမ်းသာရောက်စေတတတ်လို့ “ပါတိမောက်”လို့ခေါ်ရတာပါ။
တခြားသြ၀ါဒ ဂါထာနှစ်မျိုးလည်း ပါပါသေးတယ်။ ဒီအချက် သုံးချက်ကတော့ သာသနာတော်ရဲ့ အခြေခံမူ သုံးချက်လို့ပဲ ဆိုရပါလိမ့်မယ်။
ဒီအချက်သုံးချက်မှာ-
“မကောင်းမှုမှန်သမျှ မပြုရ”ဆိုတဲ့ အချက်ဟာ သီလသိက္ခာဖြစ်ပြီး အကယ်ျချဲ့ ဟောတဲ့အခါ တရားပုဒ်စုပေါင်း နှစ်သောင်းတစ်ထောင်ရှိတဲ့ ၀ိနည်းပိဋကတ်တော်ကြီး ဖြစ်လာပါတယ်။
“ကုသိုလ်တရားကို ပြည့်စုံအောင် ကြိုးစားကြ”ဆိုတဲ့ အချက်က သမာဓိသိက္ခာဖြစ်ပြီး အကျယ်ချဲ့ဟောတဲ့အခါ တရားပုဒ်စုပေါင်း နှစ်သောင်းတစ်ထောင်ရှိတဲ့ သုတ္တန်ပိဋကတ်တော်ကြီး ဖြစ် လာပါတယ်။
“မိမိစိတ်ကို စင်ကြယ်အောင် စောင့်ထိန်းရမယ်”ဆိုတဲ့ အချက်က ပညာသိက္ခာ ဖြစ်ပါတယ်။ အကျယ်ချဲ့ ဟောလိုက်တဲ့အခါ တရားပုဒ်စု(ဓမ္မခန္ဓာ)ပေါင်း လေးသောင်းနှစ်ထောင်ရှိတဲ့ အဘိဓမ္မာ ပိဋကတ်ကြီးရယ်လို့ ဖြစ်လာ ပါတယ်။ ဒါက ပညာရှင်တို့ရဲ့ မှတ်ချက် စကားပါ။
မြတ်စွာဘုရားရှင် ရာဇဂြိုဟ်မြို့ကို ရောက်တဲ့ မဟာသက္ကရာဇ် ၁၀၃-ခု၊ ပြာသိုလပြည့်ကျော် လောက်ကတည်းက ဖွားရာ ဌာနေ ကပိလ၀တ္ထုပြည်မှာရှိတဲ့ ခမည်းတော် သုဒ္ဓေါဒနမင်းတရားကြီးက “သားတော်ဘုရား ဝေနေယျအများကို တရား အမြိုက်ဆေးတွေနဲ့ တိုက်ကျွေးရင်း သေဘေးလွတ်တဲ့ အကျွတ်ပွဲကြီးသဘင် နေ့စဉ်နေ့တိုင်း ဆင်ယင် ကျင်းပနေတယ်”ဆိုတဲ့ မသေသတင်းတွေကိုမပြတ် ကြားသိနေရလို့…
သားဘုရားကို ပြည်တော်ပြန်ကြွရေး ပင့်လျှောက်ပေးဖို့ အမတ်တစ်ယောက်ကို နောက်ပါတစ်ထောင် အခြံအရံနဲ့ စေလွှတ်ခဲ့တာ ကိုးကြိမ်လောက်ရှိသွားပြီး ဘုရားရှင်ထံမှောက် ရောက်သွားကြတဲ့ ခေါင်းဆောင်နဲ့ နောက်လိုက်အားလုံးပဲ ဘုရားရှင်နဲ့တွေ့လို့ တရားတော် နာကြားပြီးတိုင်း ရဟန်းအဖြစ် ကို တောင်းခံကြလို့ “ဧဟိဘိက္ခု”ရဟန်းတော်တွေ ဖြစ်ကြပြီး အရဟတ္တဖိုလ်ပေါက် ရဟန္တာတွေ ဖြစ်ကုန်ကြတော့လည်း လောကီရေးတွေကို လျစ်လျူရှုသွားကြလို့ မင်းကြီးစေလွှတ်တဲ့ သတင်းစကားကို ဘုရားရှင်ထံ မလျှောက်ထားမိတော့ဘဲ အရဟတ္တဖိုလ်တရားနဲ့ပဲ မွေ့လျော်နေကြ တော့တယ်။
တစ်ကြိမ်လွှတ်လည်း ပြန်မလာ၊ တစ်ကြိမ်လွှတ်လည်း ပြန်မလာနဲ့ သုဒ္ဓေါဓနမင်းကြီးရဲ့ ရင်ထဲမှာလည်း အသည်းတယားယား ရင်တဖိုဖို ဆိုရလောက်အောင် သိပ်ကို အရေးကြီးလှပြီ၊ မလာလေကြာလေနဲ့ စိတ်မရှည်နိုင်သလို ဖြစ်လို့လည်း အကြိမ်ကြိမ် လွှတ်ခဲံတာလည်း သားဘုရားရဲ့ ဖွားဖက်တော် ကာဠုဒါယီလို အတိုင်ပင်ခံ တရင်းတနှီး အမတ်ချို့လောက်ပဲ ကျန်တော့တယ်။
ဘာဖြစ်လို့ ခမည်းတော်ကြီး စိတ်ထဲမှာ ဒီလောက်တောင် ကြိတ်မနိုင်ခဲမရ ဖြစ်လောက်အောင် အရေးကြီး ဗျာများ နေရတာလည်းဆိုတော့ “ အိုမင်းလှပြီဖြစ်လို့ နေချိန်လက်ကျန်အချိန်က နည်းမှန်း မသိ နည်းလာပြီဖြစ်လို့”ပါပဲ။
ဟုတ်ပါတယ်၊ သားတော်မွေးဖွားချိန် မယ်တော်မာယာရဲ့ အသက်နဲ့ ပတ်သက်လို့ “ဆပညာသ၊ ငါးမာသ၀ယ်၊ လေးရာက်ပယ်၊ အကယ်မရွက်၊ မယ်တော်တော်သက်”လို့ မုံရွေးဇေတ၀န်ဆရာတော် ရေစစပ်ခဲ့သလို သိဒ္ဓတ္ထမင်းသား မွေးဖွားချိန်မှာ မယ်တော်ရဲ့ အသက်က ငါ့ဆယ့်ခြောက်နှစ်နဲ့ ငါးလလေးရက်လျော့ အရွယ်ရောက်နေပြီ ဆိုတော့ ခမည်းတော်ကြီးရဲ့ အသက်ကလည်း မယ်တော် ထက်ကြီးကြီးဖို့ပဲရှိတယ်။ ဘယ်နည်းနဲ့မှ မငယ်နိုင်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ သာကီမျိုးနွယ်တို့ဟာ မောင်က အင်မကို ထိမ်းမြားလက်ဆက်ပြုရိုး ထုံးစံမရှိလို့ပါပဲ။ အခု သားဘုရားက သက်တော် ၃၆ နှစ် ပြည့်တော်မယ်ဆိုတော့ ခမည်းတော်ကြီးရဲ့ အသက်က အနည်းဆုံး ၉၂နှစ်ကျော်နေပြီလေ။
အရွယ်ကောင်းစဉ်ကတော့ မင်းစည်းစိမ် မင်းအာဏာဟာ အရာရာကို ပြီးပြည့်စုံစေနိုင်တယ်လို့ ထင်မှတ်ခဲ့ပေမယ့် အခုတော့ ဇရာမရဏဆိုတာ မင်းအာဏာနဲ့ တားဆီးလို့မရနိုင်ဘူးဆိုတာ ကိုယ်တွေ့ကြုံလို့ ကိုယ်ယုံသိခဲ့ပြီ။ ဒီလိုအချိန်မှာ သားဘုရားရှာဖွေ ရရှိထားပြီဆိုတဲ့ မသေရာအမြိုက် ဆေးကို သောက်သုံးလိုတဲ့ ဆန္ဒက သားတော်ကိုတွေ့ချင်တဲ့ ဆန္ဒထက် အဆအရာမက ပြင်းပြနေ လောက်ပြီ။ “ဘေးပွဲကြုံလို့ အေးသဲထုံ”ဖြစ်ချိန်မှာ အားကိုးရာ ရှာရေးက အရာရာထက် အရေးကြီး လာတော့တာပေါ့။
နောက်ဆုံးဖွားဖက်တော် ကာဠုဒါယီ အမတ်ကိုစေလွှတ်ရာမှာတော့ “ ချစ်သား ကာဠုဒါယီ- သင်ဟာ ရဟန်း ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ ငါ့သားတော်ဘုရားကိုတော့ ဖူးမြင်ခွင့်ရအောင် ရွက် ဆောင်ကြိုးကုတ်ပေးပါ”လို့ ၀န်ခံကတိပြုစေပြီး စေလွှတ်လိုက်ပါတယ်။ ကာဠုဒါယီအမတ်နဲ့ နောက်ပါ တစ်ထောင်တို့လည်း ဘုရားရှင်ထံ ရောက်တဲ့အခါ အရင့်အရင် အမတ်များနည်းတူ ရဟန်းအဖြစ်ရရှိပြီး ရဟန္တာတွေ ဖြစ်ကြပါတယ်။ ရာသီသမယ အားဖြင့်တော့ ဆောင်းအကုန် နွေအကူး ရာသီလို့ ဆိုရ မယ့် တပေါင်းလဆန်း ၈-ရက် လောက်မှာပါ။
ရဟန်းဖြစ်ပြီး တစ်ပတ်(၇-ရက်) လောက်အကြာ တပေါင်းလပြည့် အခါသမယမှာတော့ အရှင်ကာဠုဒါယီမရ်ေက (ဧဟိဘိက္ခု ရဟန်းတော်များဟာ ရဟန်းအဖြစ် ရောက်တာနဲ့ တစ်ပြိုင်နက် ၀ါတော် ခြောက်ဆယ် မထေရ်မြတ်ကြီးအသွင် ဖြစ်ကြလို့ မထေရ်လို့ပဲ ပြောဆိုသုံးစွဲပါတယ်) အခုလို ဆောင်းအကုန် နွေအကူးရာသီဟာ ကောက်ပဲ သီးနှံတွေလည်း ရိတ်သိမ်းပြီးကြပြီး လယ်ယာစိုက်ခင်း များ ခြံစည်းရိုးတို့ ပိတ်ဆို့ခြင်းမရှိတော့တဲ့အတွက် ခရီးလမ်းလည်း ဖြောင့်တန်းပြီး ခရီးလမ်းမြေဟာ အစိုလည်း ခန်းပြီးစ၊ အခြောက်လည်း မလွှမ်းကြသေးလို့ စိမ်းလန်းတဲ့ မြက်ခင်းပြင်များနဲ့ အပူရှိန်ကို ကာကွယ်ထားဆဲဖြစ်တယ်။ လမ်းခရီးဝဲယာ နှစ်ဖက်တို့မှာလည်း ရွက်ဟောင်းတွေ ကြွေပြီးလို့ ရွတ်သစ်များနဲ့အတူ အပူရှိန်ကို ကာကွယ်ထားဆဲဖြစ်တယ်။ လမ်းခရီးဝဲယာ နှစ်ဖက်တို့မှာလည်း ရွက်ဟောင်းတွေကြေပြီလို့ ရွက်သစ်များနဲ့ အတူ အပွင့်အဖူးတွေနဲ့ ဝေစည်အေးမြပြီး အနံ့လည်းသင်း၊ အဆင်းလည်းလှ၊ အရိပ်လည်းအေးမြတဲ့ အခါသမယဖြစ်သလို စမ်းရေတွေလည်း မခန်းမခြောက် သေးချိန်ဖြစ်လို့ ချိုးရေသောက်ရေလည်း ပြည့်စုံချန်ဖြစ်တယ်။ ကောက်ပဲသီးနှံပေါ်ဦးစမို့ ကျေးလက် ဒေသတွေမှာ ရိက္ခာလည်း ပေါများချိန်ဖြစ်တဲ့အတွက် ဆွမ်းခံရွာလည်း အခက်အခဲမရှိနိုင်ကြောင်း ခရီး လမ်းကြောင်းရဲ့ ကောင်းမွန်ပုံတို့ကို စဉ်းစားသုံးသပ်ပြီး မြတ်စွာဘုရားရှင်ထံမှောက်မှာ ဂါထာပေါင်း ခြောက်ဆယ်ကျော်တို့နဲ့ ကပိလ၀တ်ပ်ြည်တော်ကို ကြွရောက်ဖို့အကြောင်း ခရီးလမ်းကြောင်း သာယာချောမွေ့ပုံကို ချီးမွမ်းပြီး လျှောက်ထား ပါတော့တယ်။
ကာဠုဒါယီမထေရ်မြတ်က အလျှောက်ကောင်းသလို ဘုရားရှင်ကိုယ်တော်တိုင်ကလည်း လောကတ္ထစရိယ ချီးမြှောက်မှု အတော်အသင့် ပြီးပြည့်စုံပြီ ဖြစ်လို့ ခမည်းတော်နဲ့ ဆွေတော်မျိုးတော် တို့ကို ချီးမြှောက်တဲ့ ဉာတတ္ထစရိယ အချိန်ကျရောက်ပြီး ဖြစ်တာမို့ အင်္ဂတိုင်း၊ မဂဓတိုင်းသား ရဟန္တာ တစ်သောင်းနဲ့ ကပိလ၀တ်ပြည်သား ရဟန္တာ တစ်သောင်းတို့ ခြံရံပြီး မဟာသက္ကရာဇ် ၁၀၃-ခု၊ တပေါင်းလပြည့်ကျောင် ၁-ရက်နေ့မှာ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်ကနေ ကပိလ၀တ္ထုပြည် အထိ ယူဇနာ ခြောက်ဆယ်ခရီးကို တစ်နေ့မှာ တစ်ယူဇနာနှုန်းနဲ့ ခရီးလမ်းတစ်လျှောက်ရှိ ဝေနေယျ အပေါင်းတို့ကို ချီးမြှောက်ရင်း ကြွချီတော်မူခဲ့ပါတယ်။
တစ်ယူဇနာရောက်လို့ ခရီးတစ်ထောက်နားတိုင်း ကာဠုဒါယီ မထေရ်မြတ်ကလည်း သုဒ္ဓေါဓနမင်းကြီးက ကာဠုဒါယီ မထေရ်မြတ်ကို ဆွမ်းခဲဖွယ်များ ဆက်ကပ်ပြီး သားတော်ဘုရားအတွက်ပါ လှူဒါန်းလိုက်တဲ့အတွက် လမ်းခရီးတစ် လျှောက်မှာ ဘုရားရှင်ဟာ ခမည်းတော်ကြီး ဆက်ကပ်တဲ့ ဆွမ်းကိုပဲ ဘုဉ်းပေးခဲ့ရပါတယ်။
ကာဠုဒါယီမထေရ်မြတ်ဟာ နေ့စဉ်နေ့တိုင်း ကပိလ၀တ္ထုကို ဆွမ်းခံကြွရောက်ပြီး ဘုရားရှင်အတွက် ခမည်းတော်ကြီးရဲ့ ဆွမ်းကို သယ်ဆောင်ခဲ့ရုံမျှမကဘူး နန်းတော်တွင်း ရောက်တိုင်းရောက် တိုင်း ဘုရားရှင်ရဲ့ ဂုဏ်ကျေးဇူးနဲ့စပ်တဲ့ တရားစကားတွေကို ဟောပြောပြလို့ သာကီဝင်မင်းမျိုး တစ်မျိုးလုံး ဘုရားရှင်ကို မဖူးမြင်ရမီကဘဲ ဘုရားရှင်အပေါ်မှာ ကြည်ညိုသဒ္ဓါ ဖြစ်ပွားခဲ့ကြပါတယ်။
ဒါကြောင့်လည်း နောက်အခါ ဧတဒဂ်ဘွဲ့ထူးတွေ နှင်းအပ်တဲ့အခါ ကာဠုဒါယီမထေရ်မြတ်ကို ကုလပ္ပသာဒ ဧတဒဂ်(ဆွေတော်မျိုးတော်တို့ ဘုရားရှင်ကို ကြည်ညိုစေတတ်သူ)ဘွဲ့ထူးကို နှင်းအပ် တော်မူပါတယ်။
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)
အတွေးသစ်ဂျာနယ်၊ အတွဲဂ၊အမှတ် ၃၆၉။