Thursday, September 29, 2011

အရိပ်နှင့်ခရီးသွားနေကြသူများ

အရိပ်နှင့်ခရီးသွားနေကြသူများ

သာမာန်အားဖြင့် ကြည့်မယ် ဆိုရင်တော့ လောကမှာ မိဘနှစ်ပါး အသက်ထင်ရှား ရှိနေကြတဲ့ သားသမီးတွေက  မိနဲ့ဖနဲ့ နေရသူတွေ၊ မိရိပ် ဖရိပ် ခိုလှုံခွင့် ရသူတွေ ဖြစ်တယ်၊ မိဖနှစ်ပါးလုံး ဆုံးပါး ကွယ်လွန် သွားကြတဲ့ သားသမီးတွေ ကတော့ မိမဲ့ ဖမဲ့တွေ၊ မိရိပ်ဖရိပ် ခိုလှုံခွင့် မရကြ သူတွေ ဖြစ်တယ်လို့ ထင်တတ်ကြပါတယ်။


ဒီနေရာမှာ အရိပ်အာဝါသ အမျိုးမျိုးနဲ့ ပတ်သက်လို့ ဗုဒ္ဓဘာသာဝင်များ ကြားဖူးနားဝ ရှိထားပြီး ဖြစ်တဲ့ အရိပ်အမျိုးမျိုး အကြောင်း ကလေးကိုလည်း နည်းနည်းတော့ ထပ်ပြီးပြောချင်ပါသေးတယ်။


နေပူစပ်ခါး ခရီးသွား နေကြသူတွေအတွက် သစ်ရိပ် ဝါးရိပ်ဟာ အလွန်အေးမြ ပါတယ်တဲ့၊ သစ်ရိပ် ဝါးရိပ်ဆိုတာ မှတ်သားရ လွယ်ကူအောင် ပြောလိုက်တာပါ၊ အမှန်ကတော့ အိုးအိမ် အဆောက် အအုံးစတဲ့ သက်မဲ့ခိုလှုံစရာ အားလုံးကိုပဲ ပြောလိုတာပါ။


ခိုလှုံတဲ့ အရိပ်အာဝါသဆိုတာ ပဌာန်းဒေသနာတော်ကြီးမှာတော့ “ သေနာသနံပိ ဥပနိဿယ ပစ္စယေန ပစ္စယော- မှီခိုနေထိုင်တဲ့ အဆောက်အုံ အရိပ်အာဝါသမှန်သမျှဟာလည်း လူတွေ (သတ္တဝါတွေ အားလုံး)ကို ချမ်းသာအောင် ကျေးဇူးပြုပေးနေ တဲ့ ကျေးဇူး ရှင်တွေပဲ” လို့ ဘုရားရှင်က ဟောတော်မူ ပါတယ်။


ဒါကြောင့်လည်း ရှေးလူကြီး သူမများက “အရိပ်နေနေ အခက်ချိုးချိုး မလုပ်ကြနဲ့”လို့ သတိပေး ခဲ့တာပေါ့။ ဟုတ်ပါတယ် ကျေးဇူးရှင် တို့ရဲ့ ကျေးဇူးတရားကို ရေရှည်ခံစားချင်ရင် သက်ရှိ ကျေးဇူးရှင် များကို မဆိုထားနဲ့ သက်မဲ့ ကျေးဇူးရှင်များဖြစ်တဲ့ သစ်ပင်သစ်တောတို့ ဥယျာဉ်ခြံမြေတို့ အဆောက်အုံတို့ အပေါ်မှာတောင် ကျေးဇူးစောင့်သိနိုင်မှ ကျေးဇူးခံစားခွင့်ရကြမှာပါ။


မိမိတို့ ငယ်ငယ်တုန်းကဆိုရင် ဇာတိနယ်မြေ အလယ်ရိုးမတောင်ခြေ တစ်ဝိုက်မှာရှိတဲ့ ရွာတွေမှာ ရွာက ထွက်လိုက်ပြီဆိုတာနဲ့ ပင်ကြီးပင်ငယ် သစ်ရိပ် ဝါးရိပ်တွေဟာ အဆက်မပြတ် စိမ်းစို ညို့မှိုင်းနေတာပဲ။ သစ်ပင် တောတောင်က စိမ်းစို အေးမြနေလေတော့ စိမ့်စမ်းတွေ၊ ရေကျရေဝပ် ရေစလုပ်တွေကလည်း နွေရာသီ ရောက်သည်အထိ မခန်းခြောက်ကြဘူး။ နွေရာသီမှာ ဘုန်းတော်ကြီးတွေ အလှူအတန်းကြွတဲ့အခါ နောက်ပါ ကျောင်းသားအဖြစ် လိုက်ကြရတော့ ဘယ်ကွေ့မှာအရိပ်ခိုနားစရာ ဘာအပင်ကြီး ရှိတယ်ဆိုတာ မှတ်မိနေတယ်။



အသီးမှည့် သီးကြွေ ကောက်စားစရာ ခူးစားစရာ တည်ပင်၊ လွန်ပင်၊ ကြို့ပင်၊ ဆီးဖြူ ဖန်ခါးပင်တို့ဆိုတာ ဘယ်တော့မှ မပြတ်ဘူး။ ကလေးသူငယ် ဘဝမှာတော့ တည်သီး၊ လွန်သီး၊ ကြို့သီးအမှည့်ကြွေတွေကလည်း တောလမ်းခရီးမှာတော့ အမောပြေ အဆာပြေ စားရတာ တယ်အရသာရှိတာပဲ။ အဲဒီလို အသီး မှည့်ကြွေတွေ မတွေ့ရင်လည်း ဆီးဖြူ ဖန်းခါးသီး ခူးစားပြီး သစ်ရိပ် ဝါးရိပ်ခိုထားတဲ့  စိမ့်ရေ စမ်းရေ စလုပ်ရေအေးအေးကို သောက်လိုက် ရတာကလည်း အခုခေတ် ကာလပေါ် ဖျော်ရည်တွေထက်ကို ချိုမြိန် တယ်လို့ အောက်မေ့ရတယ်။


အဲခုတော့ တစ်ရွာနဲ့တစ်ရွာ သွားကြရတဲ့အခါ ကုန်းခေါင်ခေါင် တောင်ကတုန်းတွေနဲ့ ဟင်းလင်းပြင်ကြီးတွေဖြစ်ပြီး ဘာအရိပ်မှ အမောပြေ အပူပြေလောက်အောင် ခိုလှုံစရာလည်း မရှိတော့ဘူး၊ သစ်ရိပ်တောတောင်တွေ ပြောင်ကုန်ပြီ ဆိုတော့ မိုးကလည်းခေါင် စမ်းရေတွေလည်း ခန်းခြောက်နဲ့ တောလမ်းခရီးမှာ ရေဘူးမပါရင် ခရီးသွားလို့ကို မရတော့ဘူး။ အဲဒါဟာ အကြောင်းရင်း စစ်လိုက်တော့ အရိပ်နေနေ အခက်ချိုးချိုး လုပ်ရုံတင်မကဘူး အပင်ခုန် အမြစ်တူးပြီး မီးသွေးဖုတ်ပစ်ကြလို့ပဲ။ မီးသွေးနဲ့ မိုးခေါင်တာကလည်း… မိုးခေါင်တော့ သီးနှံမရ၊ သီးနှံမရလို့ စားစရာ မရှိတော့ မီးသွေးဖုတ်၊ မီးသွေးဖုတ်တော့ သစ်တောပြုန်းတီး၊ သစ်တောပြုန်းတီးတော့ မိုးခေါင်၊ မိုးခေါင် တော့ သီးနှံမရ၊ သီးနှံမရတော့ မီးသွေးဖုတ်နဲ့ ဂျာအေး သူ့အမေရိုက်တာထက်တောင် လုံးခြာ လိုက်နေ ကြပြီ။ ဆိုလိုတာ ကတော့ သက်မဲ့ဖြစ်တဲ့ သစ်ပင်တို့ အပေါ်မှာလည်း ကျေးဇူး စောင့်သိမှ ကျေးဇူးခံစား ရတယ် ဆိုတာပါပဲ။


အိုးအိမ် အဆောက်အသုံးတွေလည်း ဒီအတိုင်းပဲ မပြုပြင် မထိန်းသိမ်းရင်တော့ တိုက်တာ အဆောက်အအုံကြီးတွေတောင် မိုးယိုတာတို့ ညောင်ပင်ပေါက်ပြီး အက်ကွဲပြိုပျက်တာတို့ဆိုတာ ဖြစ်သွားကြစမြဲပဲ မဟုတ်လား။


အဲ… သစ်ရိပ်ဝါးရိပ် အဆောက်အအုံရိပ်ဆိုတာ နေပူစပ်ခါးဒဏ်၊ လေးဒဏ် မိုးဒဏ်တို့ကိုသာ ကာကွယ် ပေးနိုင်တာ၊ ကိုယ်ရေး ကိုယ်တာ လောကဓံ အပူဘေးနဲ့ ကြုံတွေ့ရပြီဆိုရင်တော့ မိရိပ် ဖရိပ် ခိုလှုံခွင့်ရမှသာ အပူဘေးမှ သက်သာ ခွင့်ရတာပါ။ ဒါကြောင့်လည်း သစ်ရိပ် ဝါးရိပ်ထက် မိရိပ် ဖရိပ်က ပိုပြီး အေးမြတယ်လို့ ဆိုရတာပါ။


သာမန် လောကဓံ စားဝတ်နေရေး အပူဘေးထက် လောကပြဿနာ အပူဘေးနဲ့ ကြုံရပြီ ဆိုရင်တော့ မိဖတို့ရဲ့ ရင်ခွင်ရိပ်နဲ့တင် မလုံလောက်ပါဘူး၊ အကြံကောင်း ဉာဏ်ကောင်းများနဲ့ ညွန်ကြားဆုံးမ သွန်သင်ပြတဲ့ ဆရာသမားတို့ရဲ့ အရိပ်ကို ခိုလုံခွင့် ရမှသာ အေးမြနိုင်မှာပါ။ ဒါကြောင့် မိရိပ် ဖရိပ်ထက် ဆရာသမားရိပ်က ပိုအေးမြတယ်လို့ မိန့်ဆိုတာပေါ။


လောကဓံဘေးတွေနဲ့ ဘယ်လောက်ပဲ ဝေးဝေး ပြဿနာ အခက်အခဲတွေကို ဘယ်လိုပဲ ကျော်လွှားနိုင်သည်ဖြစ်စေ အို၊ နာ၊ သေရေး ဆိုတဲ့ အပူဘေးကတော့ ဘယ်သူမှ ရှောင်လွှဲမရ ပါဘူး။ ဒီအပူဘေးကိုတော့ မိရိပ် ဖရိပ် ဆရာသမား အရိပ်ကလည်း မအေးမြနိုင်စေ ပါဘူး။ ဘုရားရိပ်၊ တရားရိပ်ကသာ အေးမြစေနိုင်မှာပါ။ ဒါကြောင့်လည်း အရိပ်အားလုံးတို့ထက် ဘုရား၊တရား၊ သံဃာ ဆိုတဲ့ ရတနာ သုံးပါး အရိပ်က အအေးမြဆုံးလို့ ဆိုကြတာပါ။


အဲဒီသက်ရှိ အရိပ်များနဲ့ ပတ်သက်လို့ ဘုရားရှင်က“ အရိပ်ကိုမြင်လျက် အရိပ်နှင့်မတွေ့ရသူ၊ အရိပ်ကိုမမြင်ရသော်လည်း အရိပ်နှင့် တွေ့နေရသူ” ဆိုပြီး နှစ်မျိုးခွဲခြား ပြပါတယ်။ (ထပ်ပြီးခွဲရင်တော့ အရိပ်ကို မြင်လည်းမြင် အရိပ်နဲ့လည်း တွေ့နေရသူ၊ မမြင်လည်းမမြင် မတွေ့လည်း မတွေ့ရသူတို့ကို လည်း မှန်းဆ သိနိုင်ပါမယ်)။


ဒီအကြောင်းကို ဘုရားရှင် ဟောတော်မူတာကတော့ ဘုရားရှင်ရဲ့ မျက်နှာတော်ကို မမှိတ်တဲ့ မျက်လုံးနဲ့ အမြဲတမ်း ဖူးမြင်နေလို တဲ့အထိ ဘုရားရှင်အပေါ် အကြည်ညိုလွန်လှတဲ့ အရှင်ဝက္ကလိ မထေရ်ကို ဆုံးမတဲ့ အနေနဲ့ ဟောတော်မူတာပါ။ ဘုရားရှင် ဟောပြ ချက်ကတော့..

 ယော ဟိ ပဿတိ သဒ္ဓမ္မံ-
ငါဘုရားဟောညွန်ဆုံးမတဲ့ သူတော်ကောင်းတရားနဲ့ အမြဲတွေ့ နေသူဟာ..
သော မံ ပဿတိ ပဏ္ဍိတော-
(ငါဘုရားရှင်ကို မမြင်ရသော်လည်း) ငါဘုရားကို တွေ့နေ တဲ့ ပညာရှိဖြစ်တယ်။


အပဿမာနော သဒ္ဓမ္မံ-
ငါဘုရားဟောကြားတဲ့ သူတော်ကောင်းတရားကို မတွေ့ရဘူးဆိုရင် တော့…

မံ ပဿမ္ပိ နပဿတိ-
ငါဘုရားကို မြင်နေသော်လည်း ငါဘုရားနဲ့ မတွေ့ရသူ ဖြစ်တယ်တဲ့၊  (အပ.၂.၁၁၇ )


အရှင်ဝက္ကလိဆိုတာ ဘုရားရှင်ကို အလွန်ကြည်ညိုတဲ့ ပုဂ္ဂိုလ်ပေါ့၊ သူကြည်ညိုတာက လက္ခဏာ ကြီးငယ် အသွယ်သွယ်တို့နဲ့ တင့်တယ်တော်မူတဲ့ ဘုရားရှင်ရဲ့ ရူပကာယကိုသာ ကြည်ညိုတာ၊ စက္ကဝက်ငှက်များဟာ လမင်းကြီး သာနေတဲ့အခါ မမှိတ်တဲ့ မျက်လုံးနဲ့ ကြည့်နေသလို အရှင်ဝက္ကလိ ကလည်း တစိမ့်စိမ့်ကြည့်နေချင်တာ၊ ဘုရားရှင်ဆုံးမတဲ့အတိုင်း သီလ၊ သမာဓိ၊ ပညာဆိုတဲ့ သိက္ခာ သုံးပါးကို ကျင့်ကြံ အားထုတ်ဖို့ကျတော့ လုံးဝစိတ်မပါဘူး။



ဒါကြောင့် ဘုရားရှင်က “ အပုပ်ကောင် ဖြစ်တဲ့ ငါဘုရားရှင်ရဲ့ ရူပကာယကြီးကို ကြည့်နေလို့ ဘာအကျိုးရှိ မှာလည်း ၊ ငါဘုရား ဟောညွန်ပြတဲ့ အတိုင်း မလိုက်နာ မကျင့်သုံးဘူးဆိုရင် ငါဘုရားရှင်ရဲ့ သင်္ကန်းစ ကို ဆွဲပြီး လိုက်နေပေမယ့် ငါဘုရားရှင် နဲ့ ဝေးနေမှာပဲ၊ ငါဘုရားရှင်ရဲ့ အရိပ်ကို ရသူမမည်ဘူး။ ငါဘုရား ဟောညွန်တဲ့ သိက္ခာ သုံးပါး အကျင့်တရားတို့ကို လေးစား လိုက်နာ သူကတော့ ငါဘုရားရှင် နဲ့ ခရီးမိုင်တာ ကုဋေ ကုဋာပဲ ဝေးနေနေ၊ နှစ်ပရိစ္ဆေဒတွေ ဘယ်လောက်ပဲ ကွာနေနေ ငါဘုရားနဲ့ အမြဲတွေ့နေ သူ၊ ငါဘုရားရဲ့ အရိပ်ကို အမြဲခိုလှုံနေသူ စင်စစ်ဖြစ်မယ်”လို့ ဟောတော်မူတာပါ။


ဘုရားရှင်ရဲ့ အရိပ်ကို ခိုလှုံခွင့်ရသူ၊ မရသူတို့ ထုံးကို နှလုံးမူပြီး မိဖရိပ် ဆရာသမားရိပ် ခိုလှုံခွင့်ရသူ မရသူတို့ကိုလည်း မှန်းဆသိနိုင်ပါ လိမ့်မယ်၊ ဥပမာ အခုအချိန်မှာ မိဖနှစ်ပါးလုံး ဆုံးပါး ကွယ်လွန်သွားကြလို့ ကျန်ရစ်တဲ့ သားသမီးများ ဆိုပါစို့၊ မိဖနှစ်ပါးလုံး ကွယ်လွန် သွားကြရုံနဲ့ ဒီ သားသမီးတွေဟာ မိမဲ့ဖမဲ့တွေ၊ မိရိပ် ဖရိပ်ခိုလှုံခွင့် မရတော့သူတွေလို့ ဆိုကြရမလား၊ မြတ်စွာဘုရား ရှင်ရဲ့ ဆုံးဖြတ် ချက်အရဆိုရင် ကျန်ရစ်သူ သားသမီးတွေဟာ မိဖများ မရှိတော့ပေမယ့် မိဖရဲ့ ကျေးဇူးဂုဏ်တွေကို ကျောက်ထီးပမာ အလေးပြုပြီး မိဖများ ဆိုဆုံးမတဲ့အတိုင်း မိဖ မကြိုက်တဲ့ အလုပ်မျိုးကို ရှောင်ရှားကြဉ်နေကြမယ်၊ မိဖ ဖြစ်စေချင်၊ လုပ်စေချင်တာတွေကို မဖြစ်ဖြစ်အောင် လုပ်ဆောင်နေကြမယ်ဆိုရင် ဒီလို လိုက်နာသေးသမျှ ဒီသားသမီးများဟာ မိမဲ့ဖမဲ့တွေ၊ မိရိပ် ဖရိပ်  ကင်းကွာနေ သူတွေလို့ မဆိုနိုင်ဘူး၊ အမြဲတမ်း မိရိပ် ဖရိပ်နဲ့ ဘဝခရီး သွားနေသူများလို့သာ ဆိုရ မှာပါ။


အဲ… မိဖနှစ်ပါး  သက်ရှိထင်ရှား ရှိနေကြပေမယ့် မိဖတို့ရဲ့ ကျေးဇူးဂုဏ်တွေကို မသိတတ်ဘူး၊ အသိအမှတ်မပြုဘူး ၊ လေးစား လိုက်နာမှုလည်း မပြုဘူး ဆိုရင်တော့ ဒီသားသမီးမျိုးဟာ မိဖများနဲ့ ကျောချင်းကပ်ပြီး အရှိုက်ကို ထိုးနေသူများ လို့သာ ဖြစ်နေကြ မှာပါ၊ မိရိပ်ဖရိပ် ခိုနေသူ မဖြစ်နိုင် တော့ပါဘူး၊ ဒီလိုလူများဟဟာ အရိပ်အောက်မှာ အပူမိနေကြသူများ ဖြစ်ကြလို့ နေပူအောက်မှာ အပူမိနေကြသူများထက် အန္တရာယ်ကြီးပါတယ်။

ဟုတ်ပါတယ်၊ နေပူအောက်မှာမိတဲ့ အပူက ပူရုံသာပူမှာပါ၊ မလောင်မြိုက်ပါဘူး၊ အရိပ်အောက် မှာ အပူမိနေပြီ ဆိုရင်တော့ ဒီပူဟာ နေပူ မဟုတ်တော့ပါဘူး၊ နေပူ မဟုတ်တဲ့ အတွက်ကြောင့်ပဲ ပူရုံသာပူမယ့် အပူမျိုးမဟုတ်တော့ဘဲ လောင်မြိုက်မယ့် အပူမျိုး ဖြစ်နေပါပြီ၊ လောင်မြိုက်တယ်ဆိုတာ တောင်မှ သာမန် မီးလို လောင်မြိုက်တာမျိုး မဟတ်ုပါဘူးတဲ့၊ သာမန် မီးလောင်တာက အပြင်း ထန်ဆုံး လောင်မြိုက်ဦးတော့ တစ်ဘဝ အသက်ခန္ဓာကိုသာ လောင်မြိုက်စေပါတယ်၊ ကျေးဇူး ရှိသူများအပေါ် ကျေးဇူး ကန်းတဲ့အတွက် လောင်မြိုက်တဲ့ဆိုးကျိုး ဒုက္ခမီးကတော့ သံသရာ အဆက် ဆက် အထိ  ဘဝများစွာကို လောင်မြိုက် စေတတ် ပါတယ်တဲ့။


“ကတညုတ၊ ကတဝေဒိ၊ မသိတတ်သူ၊ လူမသမာ၊ ထိုများစွာတို့၊ ဥစ္စာစည်းပွား၊ လျှော့ပါး ယိမ်းယိုင်၊ မြဲမခိုင်ဘူး၊ ဓမ္မကရိုဏ်စစ်ရေ၊ ကျဖျားရေသို့၊ သရေမတိုး၊ ဘုန်းရောင်ညှိုးလျက်၊ တန်ခိုး နေ့ည၊ ဆုတ်လပမာ၊ ယုတ်တတ်စွာ၏” ဆိုတဲ့ မဃဒေဝ ဆုံးမ လင်္ကာ အတိုင်းပါပဲ။


ဒါနဲ့ ပတ်သက်လို့ ရှေးလူကြီးများရဲ့ ဆိုရိုး တစ်ခုရှိပါသေးတယ် “အပူအားလုံးထဲမှာ စိုတဲ့ လက်ကို ခြောက်ခန်းစေတဲ့ အပူဟာ အပြင်းဆုံးပဲ” တဲ့ ဒီစကားထဲမှာ “ စိုတဲ့လက်”ဆိုတာ ရေစို နေတဲ့ လက်ကို ပြောတာ မဟုတ်ပါဘူး၊ ဒီမှာ ဆိုလိုတဲ့ “စိုတယ်” ဆိုတဲ့ စကားက မြတ်စွာဘုရားရှင် ဟောတော်မူတဲ့ “မေတ္တာသိနေဟ” မေတ္တာအစိုဓာတ်” ဆိုတာကို ရည်ညွန်းပြောဆိုတာပါ၊ မိမိ အပေါ်မှာ အေးမြတဲ့ မေတ္တာအစိုဓာတ် ပေးနေကြတဲ့ မိဖတို့ ဆရာသမားတို့ကို ဆိုလိုပါတယ်၊ “ ခြောက်တယ်” ဆိုတာကတော့ ကျေးဇူး ကန်းမှု၊ အမျက်ဒေါသ အာဃာတတွေနဲ့ တုံ့ပြန်မှုများကို ရည် ညွန်းတာ ဖြစ်ပါတယ်၊ အတိုချုပ်ကတော့ “ကျေးဇူးရှိသူတို့ အပေါ်မှာ ကျေးဇူး ကန်းသူဟာ အပြင်းထန်ဆုံး အပူဒဏ်ကို ခံစားရမယ်”လို့ ဆိုလိုက်တာပါပဲ။


စိုတဲ့လက်ကို ခြောက်စေတဲ့အပူဟာ အပူဟူသမျှထဲမှာ အပူဆုံး ဖြစ်သလို စိုတဲ့လက်ကို အေးမြစေတဲ့ အအေးဓာတ်ဟာလည်း အေးမြမှု ဟူသမျှထဲမှာ အအေးမြဆုံးလို့ ဆိုရပါလိမ့်မယ်၊ ဒါကြောင့် အခုလို မိဖတို့ရဲ့ ကျေးဇူးဂုဏ်ကို အာရုံပြုပြီး သားသမီး ဝတ္တရား ဖြစ်တဲ့ “လှုမျှဝေ၍” ဆိုတဲ့တာဝန်ကို မပျက်မကွက် နှစ်စဉ်မှန်မှန် ပြုလုပ်ကြခြင်းဟာ စိုတဲ့လက်များကို မိမိတို့စွမ်းနိုင် ရာက အေးမြစေခြင်း ပဲဖြစ်လို့ ဒီလို သားသမီးများဟာ အမြဲတန်း အေးမြနေသူများ အမြဲတန်း မိနဲ့ ဖနဲ့ တွဲနေရသူများ၊ မိရိပ် ဖရိပ်နဲ့ ဘဝခရီး ဆက်နေကြသူ များသာ ဖြစ်ပါတယ်။ ဘယ်တော့မှ မိမဲ့ဖမဲ့ မိဝေး ဖဝေးများ မဖြစ်နိုင်ကြပါဘူး။


အားလုံး သံသရာ ခရီးတစ်လျေက် အရိပ်များနဲ့ ခရီးသွားနေကြသူများ ဖြစ်ပါစေလို့ ဆုတောင်း ရင်း နိဂုံးချုပ်လိုက်ပါတယ်။



ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)