အထင်လောက်နဲ့ ဘ၀င်မမောက်ပါနဲ့
အခု ဘ၀င်မြင့်နေတဲ့ကြားမှာ ဘ၀င်နိမ့်ပါဆိုတာက
မာနကိုရည်ညွှန်းတဲ့ ဘ၀င်ဖြစ်ပါတယ်။ အရပ်ထဲမှာ ပြောနေကြတဲ့ ဘ၀င်ပေါ့။ မာနနဲ့
ဘ၀င်မြင့်နေသူတွေရဲ့ ကြားမှာတော့ မာနမရှိသောအားဖြင့် ဘ၀င်နိမ့်ပါတဲ့။ဘ၀င်နိမ့်အောင် နှလုံးသွင်းဆင်ခြင်ခြင်းအားဖြင့်လည်း ဘ၀င်ကို နှိမ့်ချလို့ ရပါတယ်။ နှလုံးသွင်းဆင်ခြင်နေတဲ့ ကြားထဲက ဘ၀င်မြင့်လာတယ်ဆိုရင်လည်း အဲဒီမြင့်လာတဲ့ ဘ၀င်ကို သတိပဋ္ဌာန်ဝိပဿနာလေးနဲ့ ရှုမှတ်ပြီးတော့ နှိမ့်ချပစ်လို့ ရပါတယ်။
မာနစိတ်ပေါ်လာတယ်ဆိုရင် ဘယ်လိုရှုမတုံး။ အဲဒီမာနစိတ်လေးကိုပဲ စူးစိုက်ပြီး ရှုရမှာပါပဲ။ စကားလုံးအနေနဲ့ ဘယ်လိုရှုရမလဲ စဉ်းစားမနေပါနဲ့။ စဉ်းစားနေရင် ဘယ်လိုရှုရမှန်းမသိဘူး ဖြစ်သွားလိမ့်မယ်။
ဘ၀င်မြင့်တဲ့စိတ်ပေါ်လာရင် ဘ၀င်မြင့်တယ်၊ ဘ၀င်မြင့်တယ်လို့ အရှိအတိုင်း ရိုးရိုးရှင်းရှင်းလေး မှတ်လိုက်ရုံပါပဲ။ သတိပဋ္ဌာန်ဝိပဿနာလောက်လွယ်တာ မရှိတော့ဘူးနော်။ မလုပ်ကြလို့သာ။
ကိုယ့်စိတ်မှာ မာနဖြစ်လာရင် မာနဖြစ်တယ်၊ မာနဖြစ်တယ်လို့ မှတ်လည်းရပါတယ်။ မာနဖြစ်တယ်၊ မာနဖြစ်တယ် ဆိုတဲ့စကားလုံးက အဓိကမဟုတ်ဘူး။
အဓိကမဟုတ်ဘူးဆိုပေမယ့် မာနဖြစ်လာတယ်ဆိုရင် အဲဒီမာနလေးကို အာရုံပြုပြီးတော့ မာနဖြစ်တယ်၊ မာနဖြစ်တယ်၊ ဘ၀င်မြင့်နေတယ်၊ ဘ၀င်မြင့်နေတယ်၊ အထင်ကြီးနေတယ်၊ အထင်ကြီးနေတယ်။ အဲဒီလို လေးငါးဆယ်ချက်လောက် မှတ်လိုက်တယ်ဆိုရင်ကိုပဲ ကိုယ်စိတ်ကလေးက ကိုယ်မာနဖြစ်နေတဲ့ အာရုံဆီ မရောက်တော့ဘဲ မြင့်နေတဲ့ မာနစိတ်ကလေး ဆီကိုပဲ အာရုံရောက်နေတယ်။
အဲဒီအခါကျတော့၊ မာနစိတ်ကလေးကို တည့်တည့်တွေ့ပြီဆိုတဲ့အခါကျရင်တော့ ဘ၀င်မြင့်တယ်၊ ဘ၀င်မြင့်တယ်၊ မာနကြီးတယ်၊ မာနကြီးတယ် ဆိုတဲ့စကားလုံးတွေသုံးပြီးတော့ မှတ်နေစရာ မလိုတော့ဘူး။ ကိုယ့်စိတ်မှဖြစ်နေတဲ့ အဲဒီမာနလေး ကိုပဲ စိုက်ပြီးတော့ ကြည့်နေလိုက်ရုံပါပဲ။
အဲဒီလို ကိုယ့်မှာဖြစ်နေတဲ့ မာနစိတ်ကလေးကို ချက်ချင်းရှုပစ်လိုက်လို့ရှိရင်မာနစိတ်ရဲ့ သဘောသဘာဝကို သိလာပြီး တဖြည်းဖြည်းနဲ့ မာနအရှိန် လျော့လျော့သွားပါလိမ့်မယ်။ နောက်ဆုံးတော့ ဖြစ်နေတဲ့ မာန ပျောက်သွားမှာပါပဲ။
မာနပျောက်ခြင်း ဆိုတဲ့အကျိုးက ဒုတိယအဆင့်ပဲရှိတယ်။ ပထမအဆင့် အရေးကြီးတာက အဲဒီမာနရဲ့ သဘော သဘာဝကို သိဖို့ပါပဲ။ ` မာနစိတ်ဟာ ဘယ်လိုသဘောရှိလဲ၊ မာနစိတ်ဆိုတာ ဘယ်လိုဖြစ်နေတာလဲ၊ မာနစိတ်ကလေးရဲ့ အခြင်းအရာလေးက ဘယ်လိုလဲ၊ ဘယ်လိုလေးဖြစ်နေတာကို မာနလို့ခေါ်တာလဲ ´ လို့ စိတ်ဝင်တစားနဲ့ မာနရဲ့ သဘောလေးကို စူးစိုက်ကြည့်တာကိုပဲ မာနဖြစ်ရင် ` မာနဖြစ်တယ် ´ လို့ မှတ်လို့ ပြောတာပါ။ အဲဒီလိုသဘောသိအောင် စူးစိုက်ကြည့်ရင်း မှတ်နေရင် မာနရဲ့ သဘောသဘာဝကို လက်ဝါးပေါ်တင်ကြည့်သလို မြင်လာပါလိမ့်မယ်။
ဘယ်ကိလေသာပဲဖြစ်ဖြစ်ပေါ့။ ပယ်တယ်ဆိုတဲ့နေရာမှာ အဲဒီကိလေသာရဲ့ အပြစ်ကို ဆင်ခြင်ခြင်းအားဖြင့်လည်း ပယ်လို့ရပါတယ်။ အဲဒီကိလေသာကို တိုက်ရိုက် သတိပဋ္ဌာန်ဝိပဿနာ ရှုမှတ်ခြင်းအားဖြင့်လည်း ပယ်လို့ရပါတယ်။
သတိပဋ္ဌာန်နဲ့ တိုက်ရိုက်ရှုမှတ်ပြီးပယ်တဲ့နည်းကတော့ ပြောပြီးသားပါ။ မာနမဖြစ်အောင် နှလုံးသွင်းဆင်ခြင်တဲ့နည်း။ မနေ့ကတော့ ` ကိုယ်ပိုင်ဘာမှမရှိဘူး ´ ဆိုတာဆင်ခြင်ဖို့အတွက် အဖေရဲ့ သဘောသဘာဝနဲ့ နှိုင်းယှဉ်ပြီးပြောခဲ့ပြီးပြီ။ `သေမှအေးမယ်´ တရားမှာလေ။
အမှန်ကတော့ လူတွေမာနဖြစ်လို့သာဖြစ်နေကြတာပါ။ တကယ်တော့ မာနဖြစ်လောက်စရာ ဘာမှရှိတာ မဟုတ်ပါဘူး။ ဦးဇင်းတို့ ` ငြိမ်းအေးသော ဘ၀ပိုင်ရှင် ´ စာအုပ်ထဲမှာလည်း ရေးခဲ့ဘူးပါတယ်။ မာနတစ်ခုဖြစ်နေပြီဆိုရင် အဲဒီမာနဖြစ်နေတဲ့အာရုံနဲ့ ပတ်သက်ပြီးတော့ အမြင့်ဆုံးစံချိန်ကို စဉ်းစားလိုက်ပါ။
ပစ္စည်းဥစ္စာကိုအကြောင်းပြုပြီးတော့ မာနဖြစ်နေတယ်ဆိုရင်……… ` ဟုတ်ပြီ။ ငါဒီပစ္စည်းဥစ္စာကြောင့် မာနဖြစ်တယ်။ ငါဘယ်လောက်များ ချမ်းသာနေလဲ။ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့သူတွေ ဘာအလုပ်မှ မလုပ်ဘဲ တစ်နှစ်လုံး ထိုင်စားနိုင်လောက် အောင် ငါကျွေးနိုင်ပြီလား၊ မြန်မာနိုင်ငံသား အားလုံးကို တစ်နှစ်လုံး အလကား ကျွေးနိုင်လောက်အောင် ငါချမ်းသာလို့လား။ ´
စဉ်းစားကြည့်လိုက်နော်။ အဲဒီလို စဉ်းစားကြည့်လိုက်ရင် တစ်ရက်ကျွေးဖို့တောင် မလွယ်ပါဘူး။ အဲဒီလိုကျွေးနိုင်တဲ့ သူလည်း တစ်ယောက်မှ မရှိသေးပါဘူး။ မြန်မာနိုင်ငံသူနိုင်ငံသားတွေ သန်းပေါင်းခြောက်ဆယ်နီးပါးရှိမှာပေါ့။ အဲဒီ သန်းပေါင်း ခြောက်ဆယ်ကို အခမဲ့ တစ်ရက်ကျွေးဖို့တောင် မလွယ်ဘူး။ အဲဒီလောက်တောင်မှ မချမ်းသာသေးဘဲနဲ့ ဘာလို့များ မာနကြီးဦးမှာလဲ။
` မာ ´ ရင်တော့ ` န ´ သွားမှာပါပဲ။
မြင့်သူတွေရဲ့ကြားမှာ နိမ့်တဲ့အတွက်
ကိုယ့်ဘ၀နိမ့်သွားမယ်လို့ မထင်ပါနဲ့။ မြင့်သူတွေရဲ့ကြားမှာ နိမ့်လိုက်မှ
ကိုယ့်ဘ၀ မြင့်နိုင်တာပါ။ စကားလုံးတွေက ဆန့်ကျင်ဘက်တွေချည်း လုပ်ထားတာ။
ဂါထာမှာ နှစ်ခုတည်းပါတာ။ `မြင့်သူတွေရဲ့ကြားမှာ နိမ့်ပါ။ ´ ကိုယ်က
လုပ်လိုက်တော့ သုံးခုတောင် ဖြစ်သွားတာနော်။ ဒါက အကျိုးဆက်အနေနဲ့ ပြောတာပါ။ `
မြင့်သူတွေရဲ့ကြားမှာ နိမ့်လိုက်လို့ နိမ့်မသွားပါဘူး။ မြင့်လာပါလိမ့်မယ်။
´……..မြင့်သူကြားမှာ၊ နိမ့်မှသာ၊ မြင့်ရာရောက်နိုင်သည်။ မာနတွေကြီးပြီးတော့ ဘ၀င်မြင့်နေတဲ့သူတွေကြားမှာ မာနကို နှိမ့်ချပြီးတော့ ဘ၀င်နိမ့်မယ်ဆိုရင် အဆင့်အတန်းမြင့်တဲ့ ဘ၀ကိုရောက်နိုင်ပါတယ်။ လူတိုင်းသိကြပါတယ်။ မာနကြီးရင် သံသရာအကျိုးပေးအနေနဲ့ ဘာဖြစ်တက်သတဲ့တုန်း။မာနကြီးတဲ့ပုဂ္ဂိုလ်တွေ အမျိုးယုတ်တက်တယ်တဲ့။ အမျိုးညံ့တက်တယ်တဲ့။ ဖြစ်လေရာဘ၀မှာ ယုတ်ညံ့တဲ့အမျိုးမှာ ဖြစ်တက်တယ်။
အကြီးဆုံးအကျိုးကတော့ အပါယ်လေးပါးပေါ့လေ။ ဟိုလိုကြီး အကုသိုလ်တွေနဲ့မှ အပါယ်လေးပါးရောက်တာ မဟုတ်ဘူးနော်။ မာနကြီးရင်လည်း အဲဒီမာနကြောင့် အပါယ်လေးပါးကိုရောက်မှာပဲ။ အပါယ်လေးပါးကလွတ်ပြီး လူပြန်ဖြစ်ပြီ ဆိုရင်လည်း အမျိုးညံ့မှာ ဖြစ်တက်တယ်။ နိမ့်ကျတဲ့အမျိုးမှာ ဖြစ်တက်တယ်။
ကိုယ်ရဲ့ အထင်နဲ့ကတော့ တစ်ခြားဆီ ဖြစ်သွားတယ်။ ငါအမျိုးမြတ်တယ်၊ ငါအမျိုးမြင့်တယ် ဆိုပြီး လက်မထောင် ပြီးတော့ ဘ၀င်မြင့်လိုက်တယ်။ အဲဒါ အကျိုးပေးတော့ ကိုယ်မလိုချင်တဲ့၊ ကိုယ်နှိမ့်ချပြောထားတဲ့ အမျိုးယုတ် အမျိုးညံ့မှာပဲ သွားပြီးတော့ ဖြစ်ရပါတယ်။ မြင့်တဲ့အတွက် နိမ့်သွားတာပါ။ ဘ၀င်မြင့်တဲ့အတွက် ဘ၀နိမ့်သွားတာပါ။ မြင့်ရင် မမြင့်ပါဘူး။ နိမ့်ပါတယ်။ ဆိုလိုတာကတော့…..ဘ၀င်မြင့်ရင် ဘ၀မမြင့်ဘူး။ ဘ၀ နိမ့်ပါတယ်။
ဆန့်ကျင်ဘက်အနေနဲ့….. ဘ၀င်မမြင့်ဘူး၊ မာနမကြီးဘူးဆိုရင် ဖြစ်လေရာဘ၀အမျိုးမြတ်ပါတယ်။ အမျိုးမြင့်ပါတယ်။ နိမ့်တဲ့အတွက် မြင့်သွားတာပါ။ ဘ၀င်နိမ့်တဲ့အတွက ဘ၀မြင့်သွားတာပါ။ နိမ့်ရင် မနိမ့်ပါဘူး၊ မြင့်ပါတယ်။ ဆိုလိုတာကတော့….. ဘ၀င်နိမ့်ရင် ဘ၀မနိမ့်ပါဘူး၊ ဘ၀မြင့်ပါတယ်။ဒီမာနအကြောင်းချည်းပဲ တစ်ရက်ဟောဖို့တောင် ကောင်းတာနော်။ ဂါထာတစ်ပုဒ်ထဲမှာ စကားရပ်က လေးခု ရှိတော့ စကားတစ်ခုကို တစ်ရက်နှုန်းနဲ့ လေးရက် အခန်းဆက်ဟောဖို့ ကောင်းပါတယ်။ ဒါပေမယ့် တရားသိပ်ရှည်ပြီး ငြီးငွေ့သွားမှာ စိုးလို့ နှစ်ရက်နဲ့ပဲ ပြီးအောင်ဟောပါမယ်နော်။ စီခြောက်ဆယ် နှစ်ခွေစာပေါ့။
ဦးဇင်းတို့ မြတ်စွာဘုရားလက်ထက်တုန်းက ပုဏ္ဏိကာထေရီဆိုတာ ရှိပါတယ်။ သူက လူ့ဘ၀ရတုန်းက အနာထပိဏ် သူဌေးကြီးရဲ့အိမ်မှာ ရေခပ်ကျွန်မရဲ့ဝမ်းမှာ ၀င်စားပြီးတော့ ကျွန်မဖြစ်နေပါတယ်။ ဘာကြောင့် သူက ဒီလိုကျွန်မဖြစ်ရတာလဲ ဆိုရင်…..သူဟာ ရှေးဘုရားခြောက်ဆူရဲ့လက်ထက်မှာ ပိဋကတ်သုံးပုံကို အာဂုံဆောင်နိုင်တဲ့ တိပိဋကဓရ ဘိက္ခုနီမ ဖြစ်ခဲဖူးပါတယ်။ ခြောက်ဘ၀လုံးနော်။ တရားဟောကလည်း အင်မတန်ကောင်းတယ်။ ဗဟုသုတကလည်း အင်မတန် ပြည့်စုံတယ်။
ပညာဗဟုသုတ ပြည့်စုံတာ၊ ပိဋကတ်သုံးပုံကို အာဂုံဆောင်နိုင်တာ၊ တရားဟောကောင်းတာကို အကြောင်းပြုပြီးတော့ မာနတွေ ကြီးနေတယ်။ ခြောက်ဘ၀လုံး မာနတွေကြီးခဲ့တယ်။ ဘ၀င်တွေ မြင့်ခဲ့တယ်။ မာနတွေကြီး၊ ဘ၀င်တွေမြင့်ပြီးတော့ ဘုန်းကြီးလည်း ဘုန်းကြီးမထင်၊ ဘိက္ခုနီမလည်း ဘိက္ခုနီမ မထင်ဖြစ်ခဲ့တယ်။ ဟိုလူလည်း လူမထင်၊ ဒီလူလည်း လူမထင်နဲ့ မာနတွေကြီးပြီးတော့ ဘ၀င်တွေမြင့်ခဲ့တယ်။
ပိဋကတ်သုံးပုံ အာဂုံဆောင်ပြီးတော့ သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါးကို ဖြည့်ကျင့်ပေမယ့်၊ ၀ိပဿနာအလုပ်ကို ကြိုးကြိုးစားစား အားထုတ်ပေမယ့် မာနတွေကြီးနေတာကြောင့် ကိလေသာတွေကို အပြီးသတ်ပယ်သတ်ဖို့ မစွမ်းနိုင်ခဲ့ပါဘူး။ တရားထူး တရားမြတ် လုံးဝမရခဲ့ဘူး။
သိပ်ကိုသံဝေဂရစရာကောင်းပါတယ်။ ပိဋကတ်သုံးပုံ အာဂုံဆောင်နိုင်၊ ပရိယတ္တိတွေလည်းပြည့်စုံ၊ ပဋိပတ္တိတွေလည်း ပြည့်စုံ၊ သူများကိုလည်း ကျွတ်တမ်းဝင်နိုင်အောင် ဟောနိုင်ပြောနိုင်ပါလျက်နဲ့ ကိုယ်ကိုယ်တိုင်ကတော့ မာနတွေ ခံနေတဲ့အတွက်ကြောင့် တရားထူးတရားမြတ် မရခဲ့ဘူးတဲ့။
မာနဓာတုကတ္တာ ပန ကိလေသေ သမုစ္ဆိန္ဒိတုံ နာသက္ခိ။
ပုဏ္ဏိကထေရီမအလောင်း ပရိယတ်၊ ပဋိပတ်ပြည့်စုံပါလျက် တရားထူး မရခြင်းရဲ့ အကြောင်းကို သေချာမှတ်နော်။ ဘာဖြစ်လို့လဲ။ ` မာနကြီးလို့၊ ဘ၀င်မြင့်လို့ ´ …..။ စာဘယ်လောက်တက်တက်၊ တရားဘယ်လောက်အားထုတ် အားထုတ်၊ မာနကြီးနေရင်၊ မာနခံနေရင်၊ ဘ၀င်မြင့်နေရင်၊ ဘ၀င်ခံနေရင် ဘယ်တော့မှ တရားထူး တရားမြတ်မရပါဘူး။
သက်တော်ထင်ရှားဘုရားခြောက်ဆူနဲ့ ခြောက်ကြိမ်တိုင်တိုင် ဆုံရတာတောင် မာနခံနေလို့ တရားမရဘူးဆိုမှတော့ သက်တော်ထင်ရှားဘုရားနဲ့ မဆုံရတဲ့ အခုလိုအချိန်မျိုးမှာဆို ပြောမနေနဲ့တော့ပေါ့။ မာနတွေ……မာနတွေ…သိပ်ကြောက်စရာ ကောင်းတယ်နော်။ ကိုယ့်ဘာသာကိုယ် မာနကြီးတာဘာဖြစ်လဲလို့ ခါးမထောက်ပါနဲ့။ ဘာမှမဖြစ်ပါဘူး။ တရားထူး တရားမြတ် မရရုံ။ အပါယ်ငရဲကျရုံနဲ့ အမျိုးညံ့ရုံ (အမျိုးယုတ်ရုံ) လေးပါပဲ။ သိပ်မဆိုးပါဘူးနော်။
ဘုရားခြောက်ဆူလုံးလက်ထက်မှာ ပရိယတ်၊ ပဋိပတ်ပြည့်စုံခဲ့ပေမယ့် ဦးဇင်းတို့မြတ်စွာဘုရားရှင်လက်ထက်ကျမှ ရဟန္တာဖြစ်ရပါတယ်။ ရဟန္တာဖြစ်တော့လည်းပဲ အမျိုးမြတ်တဲ့ဘ၀ကနေ ဘိက္ခုနီမ ၀တ်ပြီးတော့ ရဟန္တာဖြစ်ရတာလားဆိုတော့ မဟုတ်ဘူး။ ကျွန်မဘ၀ကနေ ဘိက္ခုနီမ ၀တ်ပြီးတော့ ရဟန္တာဖြစ်ရတယ်။
အဲဒီ ကျွန်မဖြစ်ရတာ ဘာကြောင့်လဲဆိုတော့ မာနကြီးခဲ့လို့ပါပဲ။ တရားထူးမရတာလည်း မာနကြီးလို့၊ ကျွန်ဖြစ်ရတာလည်း မာနကြီးလို့……..။ ဒါကြောင့် မာနကတော့ ကြီးကိုမကြီးသင့်ပါဘူး ယောဂီတို့ရယ်။ ` မာန်မာန မထားသင့်ပါတယ် ´ ဆိုတဲ့ သီချင်းစာသားလေးကို တရားသဘောလေးနဲ့ အမြဲနှလုံးသွင်းကြပေါ့နော်။
ယောဂီတို့ စွန်လွှတ်တာ တွေ့ဖူးမှာပေါ့။ ယောင်္ကျားလေးတွေဆိုရင်တော့ လွှတ်ဖူးကြမှာပါပဲ။ ဦးဇင်းတို့လည်း ငယ်ငယ်တုန်းက လွှတ်ဖူးပါတယ်။ စွန်လွှတ်တဲ့အခါကြတော့ စွန်က အမြင့်ကြီးတက်သွားတယ်။ စွန်က ` ငါ့အစွမ်းအစနဲ့ အမြင့်ကို တက်တာ ´ဆိုပြီးတော့ မာနကြီးရင် မှားလိမ့်မယ်။
ကြိုးမရှိဘဲနဲ့ စွန်အမြင့်တက်လို့ ရပါ့မလား။ မရဘူး။ ကြိုးရှိရုံနဲ့လည်း မပြီးသေးဘူး။ ကြိုးကို လျှော့သင့်တဲ့အခါလျှော့၊ တင်းသင့်တဲ့အခါတင်းပြီး ရစ်ပေးနေတဲ့ ဘီးလည်းရှိရမယ်။ စွန်လည်းရှိပါပြီ၊ ကြိုးလည်းရှိပါပြီ၊ ဘီးကလည်းရှိပါပြီ။ အဲဒီဘီးကို လက်နဲ့ကိုင်ပြီး အသုံးပြုနေတဲ့လူ မရှိဘဲလည်း မဖြစ်သေးဘူး။ ဘီးကိုင်တဲ့လူလည်း ရှိရတယ်။ စွန်လည်းရှိပါပြီ၊ ကြိုးလည်းရှိပါပြီ၊ ဘီးလည်းရှိပါပြီ။ အဲဒီဘီးကို အချိုးတကျ ရစ်တက်၊ လျှော့တက်၊ တင်းတက်သူလည်းရှိပါပြီ။ ဒါပေမယ့် လေမတိုက်ဘူးဆိုရင် စွန်ကအမြင့်ကို တက်ပါဦးမလား။ မတက်ဘူး။ လေကလည်း တိုက်ဦးမှ အမြင့်ကိုတက်မှာ။
စွန်တစ်ခု၊ စွန်တစ်ကောင် အမြင့်တက်ဖို့အတွက် စွန်သက်သက်ရဲ့ အရည်အချင်းနဲ့ လုံးဝမရပါဘူး။ ကြိုး၊ ရစ်ဘီး၊ ကျွမ်းကျင်သူ၊ လက်၊ လေ…..စတဲ့ အကြောင်းတရားမျိုးစုံ ညီညွတ်မှ စွန်တစ်ကောင် အမြင့်တက်ခွင့်ရတာပါ။အဲဒီတော မိမိရဲ့ ဘ၀လေးက စွန်လေးလို အမြင့်တက်နေပြီဆိုရင် စဉ်းစားကြည့်လိုက်။ ကြိုးနဲ့တူတဲ့ ကူညီပံ့ပိုးသူတွေလည်း ရှိတာပဲ။ ရစ်ဘီး နဲ့တူတဲ့ ကူညီပံ့ပိုးသူတွေလည်း ရှိတာပဲ။ လေနဲ့တူတဲ့ ကူညီပံ့ပိုးသူတွေလည်း ရှိတာပဲ။ အနည်းဆုံး ကိုယ်ရဲ့ ဆရာသမား၊ ကိုယ်ရဲ့ မိဘဆိုတာကတော့ ရှိကြတာချည်းပါပဲ။
ကိုယ့်မိဘတွေက ငယ်စဉ်တုန်းက တင်းသင့်တဲ့အခါ တင်း၊ လျှော့သင့်တဲ့အခါ လျှော့၊ ရိုက်သင့်တဲ့အခါ ရိုက်၊ အလိုလိုက်သင့်တဲ့အခါ အလိုလိုက်။ အဲဒီလို အလျှော့အတင်းလေးတွေနဲ့ ပြုစုပျိုးထောင်လာခဲ့လို့ ကိုယ့်ရဲ့စိတ်ကလေးတွေ နေရာတကျဖြစ်၊ ကိုယ့်ရဲ့အပြောအဆို၊ အပြုအမူလေးတွေ နေရာတကျဖြစ်ပြီးတော့ ဣနြေ္ဒရရ၊ သိက္ခာရှိရှိနဲ့ ဘ၀က တစ်ဆင့် ထက်တစ်ဆင့် တိုးတက်လာရတာ။ ရစ်ဘီးရစ်ပေးတဲ့သူရဲ့ ကျေးဇူးကိုမမေ့လိုက်ပါနဲ့။
ဆရာသမားကလည်း ဒီအတိုင်းပဲပေါ့။ ကိုယ်ရဲ့ ဆရာသမားကလည်း ခြောက်သင့်တဲ့အခါခြောက်၊ မြှောက်သင့်တဲ့အခါ မြှောက်နဲ့ စွန်လွှတ်သလို လျှော့လိုက် တင်းလိုက် ပြုစုပျိုးထောင်ခဲ့လို့ တဖြည်းဖြည်းချင်း အရည်အချင်း ပြည့်ဝလာခဲ့ရတာ။ ရစ်ဘီး ရစ်ပေးသူရဲ့ ကျေးဇူးကို မမေ့လိုက်ပါနဲ့။
စွန်လွှတ်တဲ့ မိဘဆရာသမား၊ ရစ်ဘီးရစ်တဲ့ မိဘဆရာသမားတွေကလည်း ရှိပါတယ်။ ကိုယ်ရဲ့ လုံလ၀ီရိယ ကိုယ့်ရဲ့ အသိဉာဏ်၊ ကိုယ်ရဲ့ကံ ဆိုတဲ့ ကြိုးလေးကလည်း ရှိနေပါတယ်။ ဒါပေမယ့် အမြင့်ရောက်ပြီလားဆိုတော့ မရောက်သေးဘူး။ လေကလည်းတိုက်ဦးမှ။ လောကဓံ လေတွေပေါ့နော်။
အခြံအရံရှိခြင်း၊ မရှိခြင်း။ လာဘ်ရခြင်း၊ မရခြင်း။ ဆင်းရဲခြင်း၊ ချမ်းသာခြင်း။ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း ဆိုတဲ့ အဲဒီ လောကဓံလေတွေက တိုက်တိုက်ပေးလိုက်တော့မှ လောကဓံကို မခံချင်စိတ်နဲ့ ကြိုးစား၊ လောကဓံကို အန်တုရင်း ကြိုးစား၊ လောကဓံကို အရှုံးမပေးရင်း ကြိုးစားနဲ့ တဖြည်းဖြည်း အောင်မြင်လာရတာဆိုတော့ အဲဒီလောကဓံတွေကိုက ကိုယ့်ကို အဆင့်မြင့်အောင် မြှင့်တင်ပေးနေတာပဲ။
ဒါကြောင့် ` သြော်….ငါ့ဘ၀တစ်ခု မြင့်မားလာရတာ၊ ဘ၀တစ်ခု ပြည့်စုံလာရတာ သက်ရှိကျေးဇူးရှင်တွေရော၊ သက်မဲ့ ကျေးဇူးရှင်တွေ အားလုံးရဲ့ ကူညီပံ့ပိုးမှုတွေကြောင့်ပါလား ´ လို့ ဒီလိုလေး နှလုံးသွင်းတက်မယ်ဆိုရင်ကိုပဲ မာနကလည်း ကြီးစရာမရှိတော့ပါဘူး။ ကူညီပံ့ပိုးမှုဆိုတာ နေရာတိုင်းမှာရှိရတာပဲ။ ဦးဇင်းတို့ ခေါင်းထဲပေါ်လာလို့ ပြောရမယ်ဆိုရင်တော့ အခုသင်္ကြန်ဆိုတော့ သင်္ကြန်သီချင်းကောင်းလေးတစ်ပုဒ် နာမည်ကြီးလာပြီဆိုရင် သီချင်းစာသားရေးသူက သူ့စာသားလေး ကောင်းလို့ နာမည်ကြီးတယ်ဆိုပြီးတော့ မာနကြီးတော့မယ်ဆိုပါတော။
စာသားကောင်းရုံနဲ့ အဲဒီသီချင်းက ကောင်းပါ့မလား။မကောင်းသေးဘူး။သံစဉ်ကလည်းကောင်းဦးမှ၊ ဆိုတဲ့သူကလည်း ကောင်းဦးမှ။ အသံကောင်းရုံလည်း မပြီးသေးဘူး၊ ဆိုပုံကလည်း စနစ်ကျဦးမှ။ အဆိုကောင်းရုံနဲ့လည်း ပြီးသလားဆိုတော့ မပြီးသေးဘူး။ သင်္ကြန်သီချင်းဆိုတော့ ဒိုးပတ်ကလေးကလည်း ပါဦးမှ။ လင်ကွင်းလေးကလည်း ပါဦးမှ။
သင်္ကြန်သီချင်းဆိုပြီးတော့ နိုင်ငံခြားကော်ပီသီချင်းပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်သံစဉ်သီချင်းပဲဖြစ်ဖြစ်ဆိုကြတယ်ပေါ့လေ။ ကော်ပီသံစဉ် သင်္ကြန်သီချင်းမှာပဲဖြစ်ဖြစ် တူးပို့သံလေး မပါဘူးဆိုရင်၊ တုံချမ်းသံလေး မပါဘူးဆိုရင် အဲဒီသီချင်းက သင်္ကြန် သီချင်းလို့ကို ပြောလို့မရဘူး။
စာသားတွေ ဘယ်လောက်ကောင်းကောင်း ဆိုဟန်နဲ့ အသံတွေ ဘယ်လောက်ကောင်းကောင်း၊ တီးကွက်တွေ ဘယ်လောက်ကောင်းကောင်း၊ တူးပို့သံ၊ တုံချမ်းသံ မပါဘူးဆိုရင်တော့ သင်္ကြန်သီချင်းလို့ကို မခေါ်ပါနဲ့တော့။ တူးပို့သံ မပါတဲ့ သင်္ကြန်သီချင်း၊ တုံချမ်းသံ မပါတဲ့ သင်္ကြန်သီချင်းဆိုရင်တော့ နားထောင်ရတာလည်း ဘာမှအရသာမရှိပါဘူး။
သင်္ကြန်သီချင်းလေးတစ်ပုဒ် ကောင်းဖို့အတွက် တူးပို့လေးလည်း ပို့ပေးဖို့လိုသလို၊ တုံချမ်းလေးလည်း ချမ်းပေးဖို့ လိုသလို…….မိမိရဲ့ ဘ၀အဆင့်အတန်း မြင့်မားလာဖို့အတွက်၊ မိမိရဲ့ ဘ၀အရည်အသွေးတွေ တောက်ပြောင်လာဖို့အတွက် တူးပို့နဲ့ ပို့ပေးတဲ့သူတွေလည်း အများကြီးပါပဲ။ တုံချမ်းနဲ့ ချမ်းပေးတဲ့သူတွေကလည်း အများကြီးပါပဲ။ အဲဒါလေးကို မမေ့ဘူးဆိုရင်….ဘယ်လိုအောင်မြင်မှုမျိုးကြောင့်မှ မာနကြီးစရာမရှိတော့ပါဘူး။
ကဗျာလေးတစ်ပုဒ်ရှိပါတယ်……..
` မင်းမပါ ဘယ်ဟာမှ မပြီး၊ မင်းချည်းတော့လည်း ဘာမှမပြီး။ သူမပါ ဘယ်ဟာမှ မပြီး၊ သူချည်းတော့လည်း ဘာဟာမှ မပြီး။ ငါမပါ ဘယ်ဟာမှ မပြီး၊ ငါချည်းတော့လည်း ဘယ်ဟာမှ မပြီး။ မင်း- သူ- ငါ၊ စုပေါင်းညီညာမှ၊ အရာရာအကုန်ပြီး၊ ပြုကြစုစည်း ´
ကဗျာရဲ့ အဓိပ္ပါယ်ကတော့ ပြောစရာကိုမလိုတော့ဘူး။ ရှင်းနေတာပဲနော်။ မဟာဂန္ဓာရုံအနွယ်ဝင် ဆရာတော်ကြီး တစ်ပါးရဲ့ ကဗျာတစ်ပုဒ်ပါ။ အများနဲ့ စုပေါင်းအလုပ်လုပ်နေတဲ့သူတွေ အမြဲနှလုံးသွင်းသင့်တဲ့ ကဗျာပါပဲ။ ဆိုပါတော့။ ဦးဇင်းတို့ ရွှေပါရမီစာစဉ်ဖြန့်ဝေတဲ့လုပ်ငန်းဆိုရင် အတိုင်းအတာတစ်ခုထိ အောင်မြင်တယ်လို့ ပြောရမှာပေါ့။ အဲဒါကို ဦးဇင်းက `ဟာ…ငါစာရေးကောင်းလို့ အောင်မြင်တာ။ ငါတော်လို့ အောင်မြင်တာ ´ ဆိုပြီးတော့ ဘ၀င်မြင့်နေရင် ရယ်စရာကြီးနော်။
ကိုယ့်ဘာသာကိုယ် စာရေးချင်သလောက်ရေး အပ်စပ်အောင် ဆောင်ရွက်ပေးကြတဲ့ ဝေယျာဝစ္စ ဒကာ၊ ဒကာမတွေ၊ အရင်းအနှီး မတည်လှူဒါန်းတဲက အလှူရှင်တွေ မရှိလည်းမဖြစ်ဘူး။ ပုံနှိပ်တိုက်သွားမယ့် ပုဂ္ဂိုလ်တွေ၊ စာပေစိစစ်ရေးရုံးသွားမယ့် ပုဂ္ဂိုလ်တွေ၊ ဖြန့်ချီမယ့်ပုဂ္ဂိုလ်တွေ၊ စာအုပ်ရောင်းပေးမယ့်ပုဂ္ဂိုလ်တွေ၊ အကြွေးနဲ့ဝယ်သွားတဲ့ ပုဂ္ဂိုလ်တွေဆီ အကြွေး သွားတောင်းမယ့်ပုဂ္ဂိုလ်တွေ မရှိဘဲနဲ့ စာအုပ်ဖြန့်ဝေတဲ့လုပ်ငန်းက အောင်မြင့်ပါ့မလား။ အအောင်မြင်ဘူး။
ရေးတဲ့သူပဲ ရှိပြီးတော့ လှူတဲ့သူမရှိဘဲနဲ့ရော စာအုပ်ထုတ်လို့ရပါ့မလား။ မရဘူး။ ရေးတဲ့သူလည်းရှိတယ်။ အလှူရှင်လည်းရှိတယ်။ ဒါပေမယ့် ရုံးသွားပေးမယ့်သူ၊ စာအုပ်ဖြန့်ဝေပေးမယ့်သူ၊ အကြွေးသွားတောင်းပေးမယ့်သူ၊ စာအုပ်ရောင်းပေးမယ့် သူတွေ မရှိဘူးဆိုရင်ရော စာအုပ်ထုတ်လို့ ရပါ့မလား။ မရဘူး။
ရေးတဲ့သူကလည်း ရေး၊ လှူတဲ့သူကလည်း လှူ၊ စာစီတဲ့သူကလည်း စီ၊ ရုံးသွားတဲ့သူကလည်း သွား၊ ပုံနှိပ်တဲ့ သူကလည်း နှိပ်၊ စာအုပ်ချုပ်တဲ့သူကလည်း ချုပ်၊ ဆိုင်တွေ လိုက်ဖြန့်တဲ့သူကလည်း ဖြန့်၊ စာရင်းကိုင်တဲ့သူကလည်း ကိုင်၊ ငွေထိန်းတဲ့သူကလည်း ထိန်း၊ ရောင်းပေးတဲ့စာအုပ်ဆိုင်တွေကလည်း ရောင်းပေးနဲ့ တက်ညီလက်ညီ ကိုယ်တာဝန်ကိုယ် ကျေပွန်စွာ စုပေါင်းကြိုးစားကြလို့သာ ရွှေပါရမီတရားစာအုပ် ထုတ်ဝေဖြန့်ချီရေးလုပ်ငန်းကြီး၊ ရွှေပါရမီ ဓမ္မစာပေ သာသနာပြု လုပ်ငန်းကြီး အခုလို အတိုင်းအတာ တစ်ခုထိ အောင်မြင်နေရတာပါ။ အခြားလူတွေရဲ့ အမြင်နဲ့ ပြောရမယ်ဆိုရင်တော့ အကြီးအကျယ် အောင်မြင်နေတာပေါ့လေ။
လုပ်ငန်းတစ်ခု အောင်မြင်ဖို့အတွက် အားလုံးညီညီညာညာနဲ့ စုပေါင်းပြီးတော့ လုပ်ကြရတာပါ။ ဒါကြောင့် အများနဲ့စုပေါင်းပြီးလုပ်မှ အောင်မြင်နိုင်တဲ့လုပ်ငန်းကို အကြောင်းပြုပြီးတော့ မာနမဖြစ်သင့်ပါဘူး။ ဒါကြောင့်ဆိုလိုက်ပါ။
မြင့်သူကြားမှာ နိမ့်မှသာ၊ မြင့်ရာရောက်နိုင်သည်။
by အရှင်ဆန္ဒာဓိက( ရွှေပါရမီတောရ) ၏ ထူးမှထူး မှ