အိပ်လည်းအိပ်ပျော်၍ နိုးလည်း နိုးကြားသူ
တစ်ခါတုန်းက ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းကြီး အုပ်စိုးနေစဉ် ဘုရားလောင်းသည် ပုဏ္ဏားမျိုး၌ ဖြစ်ပါတယ်။ ဘုရာလောင်းသည် ရသေ့ပြု၍ ဟိမ၀န္တာ၌ နေပြီး ညဥ့်အချိန်အခါများမှာ အိပ်စက်ခြင်းမပြုပါ၊ ရပ်ခြင်း၊ သွားခြင်း တည်းဟူသော ဣရိယာပုတ်နှစ်ပါးဖြင့် တရားရူမှတ်ကာ မိုးလင်းအချိန်အထိ စင်္ကြန်လျှောက်ပါတယ်။
တစ်နေ့တွင် ဘုရားလောင်း၏ ကျင့်စဉ်ကို သဘောကျသော ရုက္ခစိုးနတ်သမီးက-
“အရှင်ရသေ့ ဤလောက၌ အဘယ်သူသည် နိုးကြားနေသူများကြား၌ နိုးကြားနေသူမည်ပါသနည်း” ဟု မေးပါတယ်။
ရသေ့ကြီးက- “ နတ်သမီး ငါသည်
နိုးကြားနေတော်မူကြသော ရဟန္တာကြီးများ၏ကြား၌ အိပ်ပျော်နေသူပါ၊
ငါသည်ပင်လျှင် အိပ်ပျော်နေသူများကြား၌ နိုးထနေသူပါ” ဟု ဖြေလိုက်ပါတယ်။
ထို့နောက်
နတ်သမီးက-“ အရှင်ရသေ့ ၊ သင်သည် နိုးကြားနေသူများကြား၌ အဘယ်သို့လျှင်
အိပ်ပျော်နေသူဖြစ်ရပါသနည်း၊ အိပ်ပျော်နေသူများကြား၌ အဘယ်သို့လျှင်
နိုးကြားနေသူဖြစ်ပြန်သတုန်း” ဟု မေးပြန်ပါတယ်။
ရသေ့ကြီးက-“ နတ်သမီး၊ အရိယာဖြစ်သောရဟန္တာများသည် ရာဂ၊ ဒေါသ၊ အ၀ိဇ္ဇာတရားများမရှိကြ၊ နိုးကြားနေတော်မူကြသော ထိုအရိယာဖြစ်သောရဟန္တာကြီးများ၏အလယ်၌ ငါက တကယ်အိပ်ပျော်နေသူပါ၊ အကြင်သူများသည်
မဂ်ဖြင့်လာသော သီလဟူ၍လည်းကောင်း၊ ဣန္ဒြိယသံဝရသီလဟူ၍လည်းကောင်း၊
လောကုတ္တရာတရားကိုးပါးကိုလည်းကောင်း မသိကြချေ၊ ကိလေသာတည်းဟူသော
အိပ်ပျော်ခြင်းဖြင့် မေ့လျော့နေကြပါတယ်၊ ငါက ထိုသူများ၏အလယ်၌ နိုးကြားနေသူ
တစ်ယောက်ဖြစ်ပါတယ်” ဟု ဖြေကြားလိုက်ပါတယ်။
နတ်သမီးသည် ရသေ့၏ ရှင်းလင်းဖြေဆိုချက်ကိုသဘောကျသဖြင့် သာဓုခေါ်ပြီး သူ့ရဲ့နေရာဗိမာန်သို့ထွက်ခွားသွားပါတော့တယ်။
အထက်ပါဇာတ်လမ်းလေးကို
ကောက်ချက်ချကြည့်ရအောင်ပါ။ တကယ်တမ်းတော့ ဘုရားလောင်းဟာ အိပ်လည်းအိပ်ပျော်၍
နိုးလည်းနိုးကြားနေသူပါ။ အတွေးလေးတစ်ချက်ဝင်မိတာက မိမိက
အိပ်ပျော်နေသူတစ်ယောက်ဖြစ်နေသလို နိုးကြားနေသူတစ်ယောက်မဖြစ်သေးတာတော့
သေချာနေပါတယ်။ မိမိက သီလတရားတွေကိုသိတယ်၊
လောကုတ္တရာတရားတွေကိုသိရုံဖြင့်လည်း အိပ်ပျော်နေသူများ၏ကြား၌
နိုးကြားနေသူတစ်ယောက်မဖြစ်နိုင်လောက်ပါဘူး။ မိမိက
တကယ့်လက်တွေ့ကျင့်သုံးမှသာလျှင် ကိလေသာတည်းဟူသော အိပ်ပျော်ခြင်းဖြင့်
မေ့လျော့နေသူများမှာကြားမှာ နိုးကြားသူတစ်ယောက်ဖြစ်နိုင်ပါလိမ့်မယ်။
ဒါကြောင့်မို့လည်း မြတ်ဗုဒ္ဓက ဓမ္မပဒမှာ-
“ဘုရားဟောပိဋကတ်သုံးပုံပါဠိတော်များကို ရွတ်ဖတ်နေသောငြားလည်း
ပေါ့ပေါ့ဆဆနေပြီး တရားဟော်နှင့်အညီ လက်တွေ့မကျင့်ကြံသောသူသည် သူတစ်ပါးတို့၏
နွားများကို ရေတွက်သော နွားကျောင်းသားတစ်ယောက်နှင့်တူ၏။ သူသည်
မဂ်ဖိုလ်၏အကျိုးကျေးဇူးများကို မခံစားရပေ။”
ဘုရားဟော
ပိဋကတ်သုံးပုံပါဠိတော် အနည်းအကျဉ်းမျှကို ရွတ်ဖတ်နေသော်ငြားလည်း
တရားတော်နှင့် အညီလက်တွေ့ကျင့်ကြံသော ရာဂ၊ ဒေါသ၊မောဟ တို့ကို အမြစ်နှင့်တကွ
နုတ်ပစ်သောတရားတော်ကို ရှင်းလင်းစွာ နားလည် သဘောပေါက်သော
ကိုယ်ကျင့်တရားနှင့်ဆိုင်သော ညစ်ညူးသည့်အရာများမှ လွတ်မြောက်ပြီးသော
စိတ်ရှိသော ဤဘ၀ကို
လည်းကောင်း၊နောက်ဘ၀ကိုလည်းကောင်း၊စွဲလမ်းမူမရှိတော့သောသူသည် ရဟန်းဘ၀၏
အကျိုးကျေးဇူးများကိုခံစားရ၏။ ဟုမိန့်တော်မူခဲ့ပါတယ်။ ပြောချင်တာက-မိမိက
တရားတော်တွေကိုဘယ်လောက်ပဲသိသိ၊ မကျင့်ကြံရင် အကျိုးမရှိပါ၊ မိမိက
တရားတော်ကို တစ်ပုဒ်တစ်ပါဒလေးပဲသိသိ၊ သိတဲ့အတိုင်းကျင့်ကြံသွားရင်
မိမိကတရားတော်တွေအများကြီးသိတဲ့သူထက်အများကြီးအကျိုးကျေးဇူးများပြီး
သူ့ထက်မြင့်မြတ်သူ တစ်ယောက်ဖြစ်သွားပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ် မိမိက
အိပ်ပျော်နေသူတစ်ယောက်ဖြစ်နေတာတော့သေချာပါတယ်။ ဒါဆိုရင် နိုးကြားနေသူတစ်ယောက်အဆင့်အထိဖြစ်သွားအောင်
ကြိုးစားလိုက်မိဖို့ပါပဲ။ နိုးကြားနေသူတစ်ယောက်အဆင့်အထိဖြစ်သွားဖို့
ဘယ်လိုကြိုးစားကြမလဲ၊ ဒါကလွယ်လွယ်လေးပါ၊ မိမိက သရဏဂုံတွေဆောက်တည်၊
သီလတွေစောင့်ထိန်း၊ မေတ္တာတွေပွားများ၊ ၀ိပဿနာတရားတွေကို လက်တွေ့ကျကျ
ကျင့်သုံးသွားနိုင်မယ်ဆိုရင် မိမိက ကိလေသာဖြင့်အိပ်ပျော်နေသူများ၏ ကြား၌
မိမိက နိုးကြားသူတစ်ယောက်ဖြစ်ပြီး၊အရိယာဖြစ်သောရဟန္တာများ၏ကြား၌ တော့
အိပ်ပျော်နေဆဲဖြစ်နေဦးမှာပါ။ ဘာဖြစ်လို့လဲဆိုတော့
ကိုယ်ကတစ်မဂ်တစ်ဖိုလ်မှမရသေးရင်တော့ အရိယာစာရင်းမ၀င်သေးလိုပါ။ ကဲ ဖတ်သူ
ရေးသူနစ်ဦးစလုံး- အိပ်လည်းအိပ်ပျော် ၍
နိုးလည်းနိုးကြားသူအဆင့်ရောက်အောင်ကြိုးစားသွားကြပါစို့ဟု
တိုက်တွန်းရင်းနိဂုံးသတ်လိုက်ရပါတယ်။
လပြည့်ဝန်း(သာစည်)
ဘ၀အရေး စိတ်အေးရဖို့ ဓမ္မအသိရှိလျှက်နေကြစို့။