Tuesday, September 27, 2011

ဓမ္မကထိက ဟူသည်


ဓမ္မကထိက ဟူသည်

စာမိတ်ဆက်
ဒီပို့စ်လေးဖြစ်လာပုံကတော့ မနေ့တနေ့ကမှ စာရေးသူအကောင့်ကို ဖိတ်ပြီး မေးခွန်းတခု မေးလာပါတယ်၊ သူကတော့ အရှင်မြတစ်ပါးဖြစ်ပါတယ်။ အရှင်က မေးတယ်‘‘ အရှင်ဘုရား၊ မေးခွန်းတခုလောက် မေးပါရစေ၊ ဓမ္မကထိက တပါးဖြစ်ဖို့ ဘယ်အချက်အလက်တွေနှင့် ပြည့်စုံရပါမည်ဘုရာ?’’ တဲ့။ စာရေးသူ ဖြေလိုက်ပါတယ် ‘‘အရှင်ဘုရား တပည့်တော်က ဓမ္မကထိက မဟုတ်လို့ ဓမ္မကထိကတွေ ဘာတွေ ပြည့်စုံရမည်ဆိုတာ မသိပါဘုရား၊ ဒါပေမဲ့ စာတွေထဲမှာတော့ တွေ့ဖူးပါတယ်ဘုရား။’’ ရှာကြည့်လိုက်ပါဦးမယ်ဘုရား၊ ငယ်ငယ်က လေ့လာဖူးခဲ့တာဆိုတော့ မေ့နေပြီ၊ ဘယ်နားမှာ ပါရှိတယ်ဆိုတာလောက်ပဲ မမှတ်မိတော့ပါဘုရားဟူ၍ပဲ ပြန်ကြားလိုက်ရပါသည်။

မေးသူသည် ဓမ္မကထိကတစ်ပါးလဲ ဖြစ်ကောင်းဖြစ်နိုင်ပါသည်၊ သို့မဟုတ် ဓမ္မကထိကတစ်ပါး ဖြစ်ချင်သူလည်း ဖြစ်နိုင်ပါသည်၊ ဒါမှမဟုတ် ယနေ့ခေတ်သစ် ခေတ်ပေါ် ဓမ္မကထိကဆရာတော်လေးများကို စိတ်ဝင်စားနေသူလဲဖြစ်နိုင်ပါသည်။ ခေတ်သစ်ဓမ္မကထိက ဆရာတော်လေးများသည် အရှိန်မြင့်စွာ တဟုန်ထိုး ပေါ်လာပြီး မကြာမီမှာပဲ အရှိန်ပြင်းစွာ ကျဆင်းသွားသူတွေလဲ ရှိနေသည်၊ တချို့လည်း တဖြည်းဖြည်းချင်း ကျသွားနေသူတွေလဲ ရှိသည်။ အချို့လဲ ရပ်တန့်နေသူတွေလည်းရှိနေသည်၊ တချို့ကျတော့ အရှိန်မြင့်စွာ တက်လျှက်ပင်၊ အောင်မြင်လျှက်ပင် ရှိနေသည်။ ထိုအသွင်အမျိုးမျိုးသော ဓမ္မကထိကများကို မြင်တွေ့နေ ရသော ထိုအရှင်သည် ဤကဲ့သို့ မေးဟန်တူပါသည်။

ဘုန်းကံရှိသော ဓမ္မကထိက
ကျမ်းပြုအကျော် တောင်မြို့မဟာဂန္ဓာရုံဆရာတော် ဘုရားကြီးကမူ‘‘ ဓမ္မကထိက တစ်ပါးဖြစ်ဖို့ထက် စာချဘုန်းကြီးဖြစ်ဖို့ အလွန်ခက်ခဲပါတယ်’’ဟူ၍လည်း မှတ်ချက်ပေးသွားသည်။ ဆရာတော်ကြီးသည် စာချဘုန်းကြီများကိုလည်း စာချပျက်မည်ဆိုးသဖြင့် တရားဟောခြင်းကို မလိုလားပေ။ စာချဘုန်းကြီး တစ်ပါးဖြစ်ဖို့ဆိုရင် နှစ်ပေါင်းများစွာ စာသင်တိုက်ကြီးထဲမှာ ပင်ပင်ပန်းပန်း ပေးဆက်ရသည်။ သံဃာထုပရိသတ်ကို စာချ စာသင်ပေးနိုင်ဖို့ဆိုတာ လွယ်ကူလှသည်မဟုတ်သော်လည်း အာဝဇ္ဖန်း ကောင်းသော သူများ ဓမ္မကထိကတစ်ပါးဖြစ်ဖို့ရန်မှာ ခက်ခဲလိမ့်မည်မဟုတ်။ သို့သော် အောင်မြင်ကျော်ကြား အကျိုးများသည့် ဓမ္မကထိကတပါး ပေါ်ထွန်းလာဖို့ကလည်း အလွန်ရှားပါးလှပါသည်၊ ခက်ခဲပါလိမ့်မည်။ ဘာပဲဖြစ်ဖြစ် ဓမ္မကထိက ဆိုသော ဂုဏ်ပုဒ်သည် ဘုရားလက်ထက်တော်ကထဲကပင် ရှိနေခဲ့သည်။ အပြောကောင်း အဟောကောင်း ဓမ္မကထိက တစ်ပါးဖြစ်ဖို့သည် သူ၏ ရှေးဘုန်းရှေးကံကြောင့်ဖြစ်နိုင်သည်။ ဘုရားရှင်လက်ထက် အမျိုးသားဘက်ကရော အမျိုးသမီးဘက်ကရော တရားဟော အကောင်းဆုံး ဘွဲ့ (ဓမ္မကထိကဘွဲ့)ထူးများကို ဘုရားရှင်ကိုယ်တော်တိုင် ချီးမြှောက်ခဲ့သည်။ လက်ယာရံ ပညာအရာအတော်ဆုံး အရှင်သာရိပုတ္တရာနှင့် လက်ဝဲ တန်ခိုးအကြီးဆုံး အရှင်မောဂ္ဂလာန်တို့ကို ထူးချွန်သူများ ဖြစ်ကြသော်လည်း တရားဟော ဓမ္မကထိကအရာ၌ကား အရှင်ပုဏ္ဏမထေရ်နှင့် ဓမ္မဒိန္နာရဟန်းမတို့လောက် မပြောင်မြောက် သောကြောင့် ဓမ္မကထိကရာထူး ဘွဲ့ထူးမရကြ။ ထို့ကြောင့် ဓမ္မကထိကဟူသော ဂုဏ်ပုဒ်သည်လည်း ထူးခြားသော ဂုဏ်တခုဖြစ်ရကား အများစုက အားကျကြသည်။

လူကြည်ညိုများ
အဒ္ဓမိဒံ ဘိက္ခဝေ လာဘာနံ ယဒိဒံ ဓမ္မကထိကတ္တံ= ဘုန်းကံကြီးကြောင်း များစွာထဲက တရားဟောဓမ္မကထိကသည်လည်း တပါးအပါဝင်ဖြစ်သည်။ ဘုန်းကြီးလိုလျှင် တရားဟောဟု ဆိုလိုသည်။ ထိုအဂုင်္တ္တရ နိကာယ်ထဲမှာပဲ လောကမှာ လူအများ ကြည်ညိုခြင်းအကြောင်း လေးမျိုးကို ပြထားသည်။ ဘုန်းကြီးကြောင်း ၄ မျိုးလို့လဲ ခေါ်ပါတယ်။

၁။ ရူပပ္ပမာဏော= ရုပ်ကို ကြည့်၍ ကြည်ညိုသူ။ စာက ဆိုတယ် ၃ ယောက်တွင်၂ ယောက်သောသူက ရုပ်ကိုပဲ ကြည့်ပြီး ကြည်ညိုကြသည်။
၂။ ဃောသပ္ပမာဏော= အကျော်အဇောကို သို့မဟုတ် အသံကောင်းသူကို ကြည့်ပြီး ကြည်ညိုသူတို့သည် ၅ ယောက်တွင် ၄ ယောက်သောသူများဖြစ်ကြသည်။
၃။ လူခပ္ပမာဏော= ခြိုးခြိုးခြံခြံ၊ ခေါင်းခေါင်းပါးပါး ကျင့်သောသူကို ၁၀ ယောက်တွင် ၉ယောက်သော သူတို့ ကြည်ညိုကြ၏။
၎။ ဓမ္မပ္ပမာဏော= သူ၏သန္တာန်မှာ ရှိသောတရားတော်ကို သို့မဟုတ် သူဟောသော တရားကို ကြည်ညိုသူများကတော့ တသိန်းမှ တယောက်ပဲ ရှိသည်တဲ့။ ဆိုလိုသည်မှာ သဒ္ဓါကဲ ပညာနဲသူတွေ များပြားသည်ဟု ဆိုလိုသည်။
ယနေ့ခေတ်တွင်လည်း အဟောပြောကောင်းတာချင်း တူနေရင်တောင်မှ ဥပရိရုပ်ကောင်းသော ဓမ္မကထိကများက နေရာပိုပေးခံရသည်။ အချို့ ပြောင်ချော်ချော်ဓမ္မကထိက က‘‘ ဘုန်းဘုန်းက (ဦးဇင်းက) ဘယ်သူနဲ့တူတယ် ဘယ်ဝါနဲ့တူသည်’’ ဆိုပြီး ရုပ်ရှင်မင်းသား နာမည်တပ်ခါ ပြောလေ့ရှိသည်။

ခေါင်းခေါင်းပါးပါး ခြိုးခြံစွာ နေသူထက် တောက်တောက် ပြောင်ပြောင် သန့်သန့်ပြန့်ပြန့် နေသူကို ပိုအထင်ကြီးနေကြသည်ဟု ထင်မိသည်။ စာထဲမှာတော့ ၁၀ ယောက်တွင် ၉ ယောက်က လောဘနဲ၍ ခေါင်းခေါင်းပါးပါး ကျင့်ကြံအားထုတ်နေသူကို ကြည်ညိုကြ၏ဟု ဆို၏။ ဖြစ်နိုင်ပါသည်၊ အမှန်တကယ် ခေါင်းခေါင်းပါးပါး ကျင့်နေသူများကို ကြည်ညိုသူများကိုလည်း စာပေမှာ များစွာတွေ့ရသည်။ အရှင်မဟာကဿပ မထေရ်ကြီးကဲ့သို့ ဓုတင်အကျင့်ကို အားထုတ်သူများကို ကြည်ညိုသူတို့သည် ဥာဏ်နှင့်ယှဉ်သော သဒ္ဓါတရားရှိသူတို့ ဖြစ်ကြသည်။ ယနေ့ မျက်မှောက်ခေတ် သာသနာမှာ ဥာဏ်ရှိသူများ များစွာလိုအပ်ပေသည်။ ဘိုးတော်ယောင်ယောင် ဘွားတော်ယောင်ယောင် အကြားအမြင်ယောင်ယောင် သာသနာကို ဗန်းပြပြီး အသက်မွေးဝမ်းကြောင်း ပြုနေသည်ကို ပညာမွဲ သဒ္ဓါကဲတဲ့သူတွေက အားပေး အားမြောက် လုပ်ပေးနေသည်တို့သည် သာသနာအတွက် များစွာ အန္တရာယ်ဖြစ်ပါသည်။ သာသနာတော်ကို အနီးကပ် တိုက်ဖျက်နေသူများဖြစ်ကြသည်။ အတွင်း ရန်သူဟူ၍လဲ ခေါ်နိုင်ပါသည်။ မှန်ပါသည်၊ သဒ္ဓါတရားအားကောင်းပြီး ပညာနဲတဲ့ (ဗလ၀ သဒ္ဓေါ မန္ဒပညော) သူတွေအတွက် မုဓပ္ပသန္န= အချည်းအနှီး အကျိုးမများတဲ့ နေရာတွေမှာ ကြည်ညိုတတ်ကြသည်။

ဘုရားရှင် လက်ထက်တော်အခါက ဇမ္ဗူကအမည်ရှိ တက္ကဒွန်း တစ်ယောက် ရှိခဲ့ဖူးသည်။ သူ၏ ရှေး အကုသိုလ်ကံကြောင့် ည အခါ လူ့မစင်တွေကို စားပြီး မြေကြီးပေါ်မှာ အိပ်လေ့ရှိသော ထိုတက္ကဒွန်းကြီးကို လူတွေက သိပ်ကြည်ညိုကြတယ်၊ လူတွေရှေ့မှာတော့ ခေါင်းခေါင်းပါးပါး အကျင့်ယောင်ဆောင်ပြီး လူတွေ လှူသော ကောင်းပေ့ဆိုသည့် အစားအစာများကို လူတွေ ကျေနပ်အောင်ဆိုပြီး မြတ်ဖျားလေးဖြင့်တို့ကာ စားပြသည်၊ လှူသမျှ အ၀တ်တွေကိုလည်း ငါမ၀တ်ဟု ပယ်ကာ အမိမွေးတိုင်းအဖမွေးတိုင်းသာ နေသည်၊ မြေကြီးပြိုမှာစိုး၍ ခြေတစ်ဖက်ပဲ ထောက်ထားပြီး ရပ်ထားပြလေ့ရှိသည်၊ လေကိုပဲ စားသည်ဟု ဆိုကာ ပါးစပ်ကို အမြဲတမ်း ဟ ထားပြသည်။ လူတွေကို ၀ါကြွားသည်၊ လှည့်ပတ်ပေမဲ့ လူတွေကတော့ အဟုတ်ထင်ပြီး ကြည်ညိုလိုက်ကြသည်၊ ညရောက်သောအခါ လူသူ မရှိသောအခါမှ အပြင်ထွက်ပြီး လူ့မစင်ကို စားသည်၊ မြေကြီးပေါ်မှာပဲ အိပ်သည်။ ဒါကိုပဲ မုဓပ္ပသန္န ဟုခေါ်သည်၊ သဒ္ဓါလွန်ပြီး ပညာနဲသောသူတို့သာ ဖြစ်သည်။

ဓမ္မကထိကများ တာဝန်
နိုင်ငံမှာ အဟောအပြောဖြင့် အရေးပါအရာရောက်နေသူများဟု ဆိုသော ဓမ္မကထိကများကသာ ထိုအတွင်းရန် အပြင်ရန်တွေကို ကျယ်ပြန့်စွာတားဆီးနိုင်ခြင်း၊ အသိဥာဏ်နဲသူများကို ကျယ်ကျယ်ပြန့်ပြန့် ဗဟုသုတများ ပေးနိုင်ကြသဖြင့် မုဓပ္ပသန္နပုဂ္ဂိုလ်များ လျော့သွားနိုင်ဖွယ်ရှိသည်။ ထိုဓမ္မကထိကများကိုတော့ အလင်းရောင်ပေးသူ၊ အမတဒဒေါ- အမြိုက်နိဗ္ဗာန်ကို ပေးသူဟူ၍ ခေါ်ကြသည်။ ဒါ့ပြင် သာသနာတော်အတွက် အကျိုးများမည့် သာသနာပြုလုပ်ငန်း၊ ပရဟိတ လုပ်ငန်းများ၊ လူမှုရေးလုပ်ငန်းများကို ထိုဓမ္မကထိက များက တက်နိုင်သဖြင့် သာသနာအတွက် အားကိုးထိုက်သူများ (ဗဟုဇနဟိတဓရ-အများအကျိုးသယ်ပိုးသူ) ဟု ဆိုနိုင်သည်။ သို့သော် နှမြောစရာကောင်းသည်မှာ ယနေ့ ခေတ်သစ်ဓမ္မကထိကများသည် တဖြုတ်ဖြုတ်နဲ့ ပြုတ်ကျနေသည်တို့မှာ သဒ္ဓါတရားအားနဲခြင်း၊ ပညာနဲခြင်း၊ အစွန်းရောက် ပညာများကြောင့် ဖြစ်သည်ဟု ထင်ပါသည်။

ထို့ကြောင့် သီတဂူဆရာတော်ကြီးက အိန္ဒိယရောက် ပညာတော်သင် မြန်မာရဟန်းတော်များကို ‘‘ရဟန်းတော်တွေအနေနဲ့ ပိဋကတ်တော်က လေးနက်တဲ့ ကျမ်းကြီး ကျမ်းခိုင်တွေကို ပိုင်နိုင်အောင် လုပ်ထားကြ။ လေးနက်တဲ့အတွေးတွေနဲ့ လေ့လာထားရင် ပညာရှိကြီးတွေကြား မှာ ကြာရှည်တည်တံ့တယ်။ အဲလိုမဟုတ်ဘဲ ပေါ်ပြူလာလိုက်နေရင်တော့ စတာနဲ့ဆုံးနိုင်တယ်။ ယနေ့မြန်မာ နိုင်ငံက ဓမ္မကထိက တွေကြားမှာ ခုပေါ်လိုက် ခုပျောက်လိုက်ဖြစ်နေကြတာဟာ ဗုဒ္ဓရဲ့ လေးနက်တဲ့ ပိဋကတ်တော်တွေကို ပိုင်နိုင်အောင် မကိုင်ကြလို့ဖြစ်တယ်။ ဓမ္မကထိကလုပ်ချင်ရင် ပဋိသမ္ဘိဒါမဂ် ၀ိသုဒ္ဓိမဂ် မဟာသတိပဋ္ဌာန သုတ်တွေကို ကြေညက်အောင်လေ့လာပြီး ကိုယ်နဲ့အတူ ဆောင်ထားရမယ်။ ဒါတွေဟာ ပိဋိကတ်တော်ထဲက လေးနက်တဲ့ ကျမ်းကြီးတွေပဲ’’ ဟု သတိပေးစကား အမိန့်ရှိသည်။ ကိုယ်နှင့်အတူဆောင်ထားရမည် ဆိုသည်မှာ ထိုတရားတော်တွေကို ကိုယ့်နှလုံးသားထဲမှာ ထည့်ထားဖို့ပင်ဖြစ်သည်။

‘‘ပလ္လင်ပေါ်က အောက်ဆင်းမသွားနဲ့၊ ရွှေပလ္လင်ပေါ်ထိုင်နေတဲ့သူသည် ရွှေပလ္လင်နှင့်တန်အောင်ပြော၊ ရွှေပလ္လင်က စကားကိုပဲ ပြော၊ လမ်းဘေးက လူလေ လူလွင့်တွေရဲ့စကားကို ပလ္လင်ပေါ်ယူပြောလျှင် ကိုယ် ဘယ်ရောက်သွားမလဲ? လမ်းဘေးက လူဖြစ်သွားမည်’’ ဟု စံကင်းဆရာတော်ကြီးက ဓမ္မကထိကအကျော် အနီးစခန်းဆရာတော်အား သတိပေးစကား ပြောခဲ့သည်။ ပိဋကတ်ကျမ်းလာ မဟုတ်ဘဲ သူပြော လူပြော လမ်းဘေးက စကားများကို ပလ္လင်ပေါ်သယ်လာပြီ တွင်တွင်ကြီး ဟောနေလျင် မိမိလည်း လမ်းဘေးကလူဖြစ်သွာမည်တဲ့။

သီတဂူဆရာတော်နှင့်ဓမ္မကထိက
ယခုဆိုလျှင် သီတဂူဆရာတော်ကြီး၏ သက်တော်သည် ၇၄ နှစ်ရှိပြီး လာမည့်တပေါင်းလပြည့်နေ့ဆိုရင် ၇၅ နှစ်ပြည့်မှာ ဖြစ်ပါသည်။ သက်တော်ကြီးရင့်ပေမဲ့ လူငယ်တွေ ထက်ပင် သာသနာနှင့် လူမျိုးအတွက် သွက်သွက်လက်လက် အလုပ် လုပ်နိုင်နေသေးသည်မှာ အံသြစရာပင်ဖြစ်သည်။ နှစ်ပေါင်း ၄၀ ကျော်အထိ သီတဂူဆရာတော်ကြီးသည် ဓမ္မကထိက လောကမှာ ထိပ်ဆုံးက နေရာယူနိုင်ခြင်းသည် အဘယ့်ကြောင့်နည်း? သီတဂူဆရာတော်ကြီးသည် ဓမ္မကထိကအသိုင်းအ၀ိုင်းတွင် သဲကုန်းဆရာတော်ဟူ၍၎င်း၊ သပိတ်အိုင် ဆရာတော်ဟူ၍၎င်း လူသိများ ကျော်ကြားလာခဲ့ရာမှ သီတဂူသာသနာပြု အဖွဲ့ဟူ၍ အမည်သစ်တင်ကာ သာသနာပြု လုပ်ငန်းများကို အင်တိုက်အားတိုက် မရပ်မနား နှစ်ပေါင်း ၄၀ ကျော် အလုပ်လုပ်လာရာက သီတဂူဆရာတော်ဟူ၍ တကမ္ဘာလုံးက သိလာကြသည်။ ဓမ္မကထိကလောကတွင် လူငယ် လူလတ် လူကြီးတွေ တဖြုတ်ဖြုတ်ကျလိုက် အသစ်အသစ်တွေ ပေါ်လာချိန်မှာ ထိုအရွယ်မျိုးစုံဓမ္မကထိက အသိုင်းအ၀ိုင်းထဲမှာ ယနေ့အထိ ရှေ့တန်းက ရပ်တည်နိုင်နေခြင်းသည် သူ၏ သာသနာပြု စိတ်ဓာတ်နှင့် သာသနာပြု ပြယုဂ်များကြောင့် ဖြစ်သည်။

ရေစီမံကိန်း (ရေအလှူတော်)၊ ဆေးရုံများစီမံကိန်း (ဆေးအလှူတော်)၊ တက္ကသိုလ်များ စီမံကိန်း (ပညာရေးအလှူတော်)နှင့် သာသပြုအသင်းအဖွဲ့များ (လူမှုရေးအလှူတော်)များအပြင် ဆရာတော်ကြီးသည် နိုင်ငံတကာတွင် နိုင်ငံတော်ကိုယ်စားပြုအဖြစ် ကမ္ဘာ့ဗုဒ္ဓဘာသာများတွင် မြန်မာက ရှေ့တန်းက ရပ်တည်နိုင်စေခဲ့သည်။ နိုင်ငံတကာ ဘာသာရေးအစည်းအဝေးများ၊ နိုင်ငံတကာ ပညာရေးနှီးနှောဖလှယ်ပွဲများ၊ ဟောပြောပွဲများစွာကို တက်ရောက်ကာ မြန်မာ့ဂုဏ် သာသနာ့ဂုဏ်ကို ဆောင်နိုင်ခဲ့သည်။ ထိုသို့သော ဂုဏ်များကို ဆောင်နိုင်ရန်မှာ ပိဋကတ်တော်ကို ပိုင်ပိုင်နိုင်နိုင်ရှိသောကြောင့်၎င်း၊ သာသနာပြုလိုစိတ် သဒ္ဓါတရားစိတ်ကို (Mind power) ကို ရှေ့တန်းတင်ကာ မိမိကိုယ်တိုင်ကပင် ပဋိပတ်တွင် နှစ်မြုပ်၍ နှစ်များစွာ အားထုတ်ခဲ့ဖူးသော စရဏအစွမ်းတွေနှင့် အဟောအပြော စွမ်းရည်တို့ပေါင်းစပ်ကာ အားထုတ်သောကြောင့်ပင် ဖြစ်သူဟု သုံးသပ်မိပါသည်။

စာရေးခြင်း (ကျမ်းပြု)၊ စာချခြင်း၊ ပဋိပတ် (စရဏ) နှင့် တရားဟောခြင်းတို့ကို တပြိုင်တည်း အလုပ်လုပ်သောကြောင့် စာဆိုတော် ဓမ္မကထိက၊ ကျမ်းပြုဓမ္မကထိကဟူသော စွမ်းရည်သတ္တိ တို့သည် ပလ္လင်ကို ခိုင်မြဲစေရုံမက ရှေ့သို့တိုး၍တိုး၍ပင် ချီတက်စေနိုင်သည်။

ဓမ္မကထိက အင်္ဂါများ
အခါတစ်ပါး အရှင်အာနန္ဒာက ဘုရားရှင်အား ပရိသတ်ပေါင်း ထောင်နဲ့ချီ ခြံရံလျက် ဥဒါယီအရှင်မြတ် တရားဟောနေတယ်ဆိုတဲ့ အကြောင်း လျှောက်ထားတော့ ညီဘွားအာနန်! တရားဟောဓမ္မကထိကကောင်း တပါးဖြစ်ဖို့ဆိုတာ မလွယ်လှပါဘူး၊ ဓမ္မကထိက (တရားဟော) ကောင်းတပါးဖြစ်ဖို့ဆိုတာ ကိုယ်တွင်းမှာ အချက် ၅ ရပ် ရှိထားဖို့ လိုတယ်။ ကိုယ့်သန္တာန်မှာ အဲဒီ အင်္ဂါ (၅) ရပ် ပြည့်စုံနေကာမှ ဓမ္မကထိကကောင်း တယောက်ဖြစ်မှာ အမှန်ပင် ဖြစ်သည်။ ပလ္လင်ပေါ်တက်ပြီး ဟောပြောနေသူတိုင်းကို ဓမ္မကထိကဟု မဆိုနိုင်ဟူ၍လည်း မှတ်သားရမည်။ (အင်္ဂုတ္တရနိကာယ်၊ ပဉ္စကနိပါတ်၊ ဥဒါယီသုတ်)

ထိုအင်္ဂါ များက--
(၁) အနုပုဗ္ဗိံ ကထံ ကထေဿာမိ= တရားတော်ကို အစဉ်အတိုင်း ဟောကြားခြင်း။
တရားဟောသည့်အခါ ဒါနကထံ သီလကထံ သဂ္ဂကထံ စသည်အားဖြင့် အစဉ်အတိုင်း ဟောရမည်၊ အနုပုဗ္ဗီကထာ ဟူ၍လည်း ခေါ်သည်။ အနုပုဗ္ဗီကထာ ဟူသည်- ဒါန၏အကျိုးကျေးဇူး သီလ၏အကျိုးကျေးဇူး ထိုဒါန သီလတို့ကြောင့် ဘ၀မှ လွတ်မြောက်ပုံ စသဖြင့် ဟောကြားခြင်း။ ဒေသနာ အစဉ်အတိုင်းကိုသော်၎င်း၊ သုတ္တန် ဂါထာလာစသည်တို့၏ သင့်တင့်လျောက်ပတ်သော တရားတော်ကို ဟောမည်ဟူ၍ စိတ်တွင် ထားရှိရပါမည်။ ဆိုလိုသည် ထိုဒါန သီလ သုတ္တန် ဂါထာတို့မှ သွေဖယ်သော မလျော်သော ဆန့်ကျင်သော အခြားစကားများကို မဟောသင့်ဟု ဆိုလိုသည်။ မြတ်ဗုဒ္ဓ၏ အဆုံးမမှ သွေဖယ်သော ဆန့်ကျင်သော တရားများ မဟောသင့်ဟု မှတ်သားရမည်။

(၂) ပရိယာယဒဿာဝီ ကထံ ကထေဿာမိ= အကြောင်းအကျိုးကို ပြလျက် တရားတော်ကို ဟောကြားခြင်း။ ပရိယတ္တိစာပေများ ကျွမ်းကျွမ်းကျင်ကျင် နိုင်နှင်း (၀ိဇ္ဇာ) ပြီး ပဋိပတ် (စရဏ) ပါအားထုတ်ကာမှ ဤကဲ့သို့သော အကြောင်းအကျိုး သဘာဝတရားများ ဆက်စပ်လျှက် လေးလေးနက်နက် ဟောနိုင်ပြောနိုင်မှာ ဖြစ်ပါသည်။
(၃) အနုဒ္ဒယတံ ပဋိစ္စ ကထံ ကထေဿာမိ= အစဉ်သနားခြင်းကို အကြောင်းပြု၍ (သနား စောင့်ရှောက်လို သဖြင့်) တရားတော်ကို ဟောကြားခြင်း။

သတ္တ၀ါတို့သည် သံသရာ ဒုက္ခတည်းဟူသော ကျဉ်းမြောင်းအရပ်မှာ ဖြစ်နေရသဖြင့် အို နာ သေ သောက ပရိဒေ၀ စသော ဒုက္ခများစွာ ခံစားနေကြရသည်။ ထိုဒုက္ခမှ ကယ်တင်မယ်ဆိုတဲ့ သနား ကရုဏာစိတ် ထားဖြင့် တရားတော်ကို ဟောကြားခြင်းဖြစ်သည်။

(၄) န အာမိသန္တရော ကထံ ကထေဿာမိ= လာဘ သက္ကာရ (အာမိသ) ကို မငဲ့ကွက်ဘဲ (မလိုလားဘဲ) တရားတော်ကို ဟောကြားခြင်း။

ဒုတိယသပိတ်အိုင်တောရ ဆရာတော်ကြီးက ‘‘ မင်းတို့ နယ်လှည့်ဓမ္မကထိကများ ငွေတွေ သိပ်ရတယ်၊ အဲဒါ အဆိပ်ပြင်းတဲ့ မြွေတွေကွ၊ မင်းတို့က တရားဟောပြီး မြွေဟောက်တွေ ကျောင်းယူပြန်လာတာကိုးကွ၊ သတိထားကွ ကိုက်လိမ့်မယ်‘‘ ဟု ဓမ္မကထိကများအတွက် မှတ်သားစရာပြောခဲ့သည်။ ရလာတဲ့ အဆိပ်ပြင်းမြွေနှင့်တူသော ငွေတွေကို ဘယ်လိုအသုံးချမလဲ How to apply? ဓမ္မပူဇာမှ ရရှိလာသော အဆိပ်ပြင်းသော မြွေနှင့်တူသော ငွေများကို သာသနာရေးအတွက်နှင့် လူမှုရေးတွေအတွက် ကောင်းကောင်း အသုံးချနိုင်လျှင် ထိုအဆိပ်ပြင်းမြွေကို လယ်ပင်နာနာညစ်နိုင်သလိုပင် ဖြစ်သည်။ အသုံးချမှုမှန်ကန်သည်ဟု ဆိုလိုသည်။

(၅) အတ္တာနဉ္စ ပရဉ္စ အနုပဟစ္စ ကထံ ကထေဿာမိ= မိမိကိုယ်ကို၎င်း သူတပါးကို၎င်း မထိပါး မပုတ်ခတ်ဘဲ တရားတော်ကို ဟောကြားခြင်း။

အထက်ဖော်ပြပါ ဂုဏ်အင် ၅ မျိုးတို့တွင် ၁ နှင့် ၂ သည် ပရိယတ္တိအရည်အချင်း (Learned or Learned power, Knowledge) ကို ပြသည်။ ၃၊၄နှင့် ၅ အချက်တို့သည် ဓမ္မကထိက၏ စိတ်ဓာတ် (Mintal power, Mental quality) ကိုပြသည်။ ဆိုလိုသည်မှာ ၀ိဇ္ဇာနှင့်စရဏ ၂ မျိုးလုံးပြည့်စုံထားဖို့ပဲဖြစ်သည်။ စာပေပရိယတ္တိများစွာ လေ့လာပြီးသော သူသည် မြတ်ဗုဒ္ဓ၏တရားတော် အဆုံးအမများကို မှန်မှန်ကန်ကန် ဟောနိုင်ပြောနိုင်မည်။ သဒ္ဓါ သီလ စသော သူတော်ကောင်းတရား စရဏများ မိမိသန္တာန်ကိန်းဝပ်နေသော သူသည် သံသရာဝဋ်ဆင်းရဲတွင် ကျနေသော သတ္တ၀ါတွေ အပေါ် သနားစိတ် မေတ္တာစိတ်များ ထားရှိကာ လာဘသက္ကာရ=အလှူဝတ္ထု (ဓမ္မပူဇာ)အပေါ်မှာ ignorance လုပ်နိုင်မှာ အမှန်ပင်ဖြစ်သည်။

နံပါတ် ၅ အရည်အချင်းသည် ဓမ္မကထိကများအဖို့ သတိထားစရာ တစ်ခုဖြစ်ပါသည်။ အချို့သောပုဂ္ဂိုလ်များက မိမိကိုယ်ကို မြင့်တင် သို့မဟုတ် ကြွားဝါလိုသောကြောင့် သူတစ်ပါးအား ရှုံ့ချ အပြစ်ဝေဖန်တတ်သည်။ ကိုယ်ကပဲ တတ်သလိုလိုနဲ့ ရှေးက ကျမ်းအပြုကျော်ဆရာတော်ကြီးတွေ၊ သာသနာတော်အတွက် စွမ်းစွမ်းတမံအလုပ်လုပ်နေသူတွေကို သေးငယ်သော မပြောပလောက်သော အကြောင်းအရာလေးကိုပင် အပြစ်ကြီးလုပ်ကာ ချဲ့ထွင်တက်သည်။ ဒါကို စာက အတ္တုက္ကံသန ပရ၀မ္ဘန ဟု ခေါ်သည်။

ဓမ္မကထိက ၄ မျိုး
ထို့ပြင် ထိုအင်္ဂုတ္တရနိကာယ်လာ ဓမ္မကထိကသုတ်နှင့် အဘိဓမ္မာပုဂ္ဂလပညတ် ပါဠိတော်တို့မှာလည်း ဓမ္မကထိက ၄ မျိုးကိုပြဆိုထားသည်။
၁။ အချို့သော ဓမ္မကထိကသည် တရားကို အနည်းငယ်သာ ဟော၏၊ ထိုတရားသည် လူတို့ အကျိုးစီးပွားနှင့်လည်း မပတ်သက်။ ထိုဓမ္မကထိက၏ ပရိသတ်သည်လည်း အကျိုးရှိ မရှိကို နားမလည်။ ဤအုပ်စုကို ဗာလဓမ္မကထိကနှင့် ဗာလ ပရိသတ်ဟု ခေါ်သည်။
၂။ အချို့သော ဓမ္မကထိကသည် အနည်းငယ်သော တရားတော်ကို ဟောပေမဲ့ အကျိုးစီးပွားနှင့်ဆက်စပ်မှုရှိ၏၊ သို့သော် ထိုသူ၏ ပရိသတ်ကမူ အကျိုးစီးပွားနှင့်ဆက်သည် မဆက်သည်ကို မသိ နားမလည်။ အနီးစခန်းဆရာတော် ပြောသလို အိုးကွဲထဲ ရေလောင်းထည့်သလိုပဲတဲ့။ ကွဲနေသာ အိုးထဲ ရေဘယ်လောက်ပင် လောင်းထည့်ထည့် ဘာမှ ကျန်လိမ့်မည်မဟုတ်။ ဤအုပ်စုကိုတော့ သဘာဝ ဓမ္မကထိကနှင့် ဗာလပရိသတ် ဟု ဆို၏။
၃။ အချို့သော ဓမ္မကထိကတော့ များများဟောပေမဲ့ အကျိုးကားမရှိ၊ သို့သော်လည်း ပရိသတ်သည် အကျိုးစီးပွားနှင့်ဆက်စပ်သည် မဆက်စပ်သည်ကိုတော့ ကောင်းကောင်း သိ၏၊ နားလည်၏။ ဗာလဓမ္မကထိကနှင့် ပဏ္ဍိတပရိသတ် ဟုမှတ်။
၎။ အချို့သော ဓမ္မကထိကကတော့ များများလည်းဟော၏၊ အကျိုးစီးပွားနဲ့လည်းယှဉ်၏၊ သူ၏ပရိသတ်ကလည်း အကျိုးရှိ မရှိကိုလည်း ကျွမ်းကျင်လှ၏။ ဤအုပ်စုကိုတော့ ပဏ္ဍိတဓမ္မကထိကနှင့် ပဏ္ဍိတပရိသတ် ဟု ခေါ်၏။
ဤသို့အားဖြင့် ဟောသူ နာသူတို့၏ အရည်အချင်းအစုံတို့ကို ထုတ်ပြထားသည်၊ ကိုယ် ဘယ်အုပ်စု ဘယ်အစုံမှာ ပါဝင်နေသလဲဆိုတာ ကိုယ့်ဘာသာကို ပြန်လည်ဆန်းစစ်ကြရပေလိမ့်မည်။ နံပါတ် (၁)အုပ်စုသည် အညံ့ဆုံးဖြစ်သည်၊ နံပါတ် (၄) အုပ်စုသည်ကား အကောင်းဆုံး အတော်ဆုံး ဖြစ်သည်။

နိဂုံး
ဓမ္မကထိကနှင့် ပတ်သက်သော အကြောင်းအရာများကို စာပေမှာ များစွာ ရှာဖွေ တွေ့နိုင်ပါသည်၊ သို့သော် မိမိလက်လှမ်းမီသလောက်ကိုသာ တင်ပြရသဖြင့် ဝေေ၀ဆာဆာ ဖြစ်လိမ့်မည်မဟုတ်။ နားလည်ပေးနိုင်ပါလိမ့်မည်ဟု မျှော်လင့်မိပါသည်။

ကျမ်းကိုးများ
၁။ အင်္ဂုတ္တရနိကာယပါဠိတော် ပထမအုပ်
၂။ အင်္ဂုတ္တရနိကာယအဋ္ဌကထာ ပထမအုပ်၊ ဒုတိယအုပ်
၃။ ဓမ္မပဒအဋ္ဌကထာ
၎။ သရုပ်ပြအဘိဓာန်
၅။ သီတဂူဆရာတော်၏သြ၀ါဒများ
၆။ ပုဂ္ဂလပညတ်ပါဠိတော် (၎င်း အဋ္ဌကထာ)

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၇-၁၂-၂၀၁၀