Monday, September 12, 2011

ရွာခံဘုန်းကြီးတရားပွဲ


ရွာခံဘုန်းကြီးတရားပွဲ

"အရှင်ဘုရား တို့ကျောင်း ညတရားပွဲမှာ ဘယ် ဆရာတော်တွေ တရားချီးမြှင့် မှာလဲဘုရား" “ဒီအနီးအနား တစ်ဝိုက်က ဆရာတော်တွေကို ပင့်ထားတယ် ဒကာကြီး" "ဒီအနီးအနား တစ်ဝိုက်က ဆရာတော်တွေ ဆိုတော့ တရားတွေက ရိုးနေပြီဘုရာ့၊ တရားနာ ပရိတ်သတ် သိပ်စည်ကားမှာ မဟုတ်ဘူး၊ တခြားက ဓမ္မကထိက အကျော် နာမည်ကြီး ဆရာတော် တွေကိုလည်း ပင့်သင့်ပါတယ်ဘုရား" ။

**************
 နယ်မြို့လေးတစ်မြို့၏ ကျောင်းသေးသေးလေး တစ်ကျောင်းတွင် ကံပစ်ချရာအတိုင်း ကျောင်းထိုင် တာဝန်ကို မလွှဲမရှောင်သာ ယူခဲ့ရစဉ်က တစ်နှစ်လျှင် တစ်ကြိမ်(တစ်ကြိမ် လျှင် ၃ ည မှ ၅ ညထိ) ညတရားပွဲလေး တစ်ပွဲဖြစ်အောင် ကြိုးစားခဲ့ဖူးပါ၏။အထက်ပါ ဖြစ်ရပ်ကား ထိုအတောအတွင်း ဤအရှင် ကိုယ်တိုင် ကြုံတွေ့ခဲ့ရသောဖြစ်ရပ်မှန်ဖြစ်ပါ၏။ "ရွာနားကဘုရား ရွာသားမရိုသေ"ဆိုသကဲ့သို့သော အဖြစ်မျိုးကို ကျောင်းထိုင် ဘုန်းကြီးတိုင်းလိုလို အနည်းနှင့်အများ ကြုံဖူးကြလိမ့်မည် ထင်ပါ၏။

*************
 ရွာခံ (ဒေသခံ) ဆရာတော်တို့သည် သည်ရွာမှာပင် နေသည့်အလျှောက် သည်ရွာမှ ဒကာ/မများကို ဝါတွင်းကာလ အပတ်စဉ် ဥပုသ်နေ့များ၊ သင်္ကြန်ကာလ စသည်အဝင်အပါ အခါကြီးရက်ကြီးများတွင် တရားဓမ္မများ ဟောကြား ပြသကြရ၏။ ထို့ပြင်တဝ သုမင်္ဂလ (ရှင်ပြု,ရဟန်းခံ,မင်္ဂလာဆောင် စသောသာရေး) အမှု၊ ဒုမင်္ဂလ( မသာ,အသုဘရက်လည်ဆွမ်းကျွေး စသောနာရေး) အမှု တို့၌လည်း ထိုက်သည့်အားလျော်စွာ တရားဓမ္မများ ဟောကြားပြသကြရ၏။ဤသို့ဖြင့်လျှင် သည်ရွာမှာ သီတင်းသုံးနေသော ဆရာတော်သည် သည်ရွာမှာ နေသည်လူတွေကို တစ်ခါလာတစ်မျိုး မရိုးရလေအောင် အဘယ်မှာ စွမ်းဆောင်နိုင်ပါအံ့နည်း။ (အနည်းငယ်မျှသော ဆရာတော်များသာ ခြွင်းချက်အနေဖြင့် ရှိကောင်းရှိနိုင်ပါ၏။)

မှန်ပါ၏။ တရားတစ်ပွဲ ဟောကြားနိုင်ဖို့ရန်အတွက် ဓမ္မကထိက ဆရာတော်တိုင်းသည် ဆိုင်ရာ ပါဠိတော်များကို ကျက်မှတ်ရ၏။ အဋ္ဌကထာလာ သဘောသဘာဝများကို လေ့လာရ၏။ နိဿယ ချောမွေ့စေရေး အနက်ပေးရ၏။ တရားသဘောလည်းသက်ဝင် တရားနာပရိတ်သတ်များလည်း ထင်မြင်လွယ်မည့် ဥပမာ ဥပမေယျများကိုရှာဖွေကြံဆကြရပါ၏ ။

ထို့ပြင်တ၀ မဃဒေဝ စသည်ထိုထိုမှ သက်ဆိုင်ရာ ကဗျာလင်္ကာကလေးများကိုပါရွေးထုတ် ကျက်မှတ်ရ၏။ ရံခါကိုယ်တိုင်ပင် သီကုံးကြရလေသည်။ ထိုဒကာကြီးပြောသကဲ့သို့ပင် ဒေသခံ ဘုန်းတော်ကြီးများ ဟောတော်မူအပ်သော တရားများသည်
ဒေသခံ ဒကာ/ ဒကာမများအတွက် မရိုးပဲ ခံနိုင်ပါအံ့လော။ ရိုးပေလိမ့်မည်သာ။

*************

 အနည်းငယ် ဆန်းစစ်ကြည့်ကြပါဦးစို့--။ နာမည်ကြီးသည်ဖြစ်စေ၊ မကြီးသေးသည်ဖြစ်စေ အာဂန္တုဆရာတော်တို့ ဟောသမျှ ပြောသမျှတို့ကား အသစ်အဆန်းတို့သာများတတ်လေသည်။ အကြောင်းကား အနေမကြာသေးသောကြောင့်ဖြစ်ပေ၏။ တဖန် အကယ်တန္တု ထိုအာဂန္တုဆရာတော်သည်ပင် ထိုရွာ၌ကျောင်းထိုင်ဖြစ်သွားပါက ကာလမကြာမြင့်မီပင်လျှင် သူ့တရားတော်များလည်း ရိုးနေပါပြီ ဘုရားဟု လျှောက်ထားခံရမည်မှာ သေချာသလောက်ရှိပါ၏။[/B]

 (လူတို့၏ သဘာဝကား အနှစ်သာရကိုမဖမ်းဆုပ်မိနိုင်သေးသ၍ အသစ်အသစ်ကိုသာရှာရင်း လုံးလည်လိုက်နေတတ်ကြပါချေ၏။)

ဒကာ/ဒကာမများအနေဖြင့် ဤနေရာမှဆရာတော်နှင့် ထိုနေရာမှဆရာတော်တို့သည် အပြန်အလှန်ရွာခံ-အာဂန္တု ဖြစ်နိုင်ကြကြောင်း ကောင်းစွာသဘောပေါက်ကြစေချင် လှပါ၏။ ထို့ထက် နားလည်အောင် ပြောရပါလျှင် ဓမ္မကထိက ဆရာတော် တစ်ပါးတည်း၏ ဟောသမျှတရားပွဲများ၊ တရားခွေများကို နာကြားကြည့်ကြပါလျှင် ဤအချက်ကို ပို၍သဘောနိုင်ကြမည်သာဖြစ်ပါ၏။

ဤနေရာ၌ စကားစပ်မိ၍ တစ်ဆက်တည်း ပြောပြချင်သည်မှာ မြတ်စွာဘုရားရှင် ဟောကြားတော် မူခဲ့သော တရားတော်တိုင်းသည် "ဆင်းရဲငြိမ်းအေး ချမ်းသာရေးကို ဆောင်ကြဉ်း ပေးနိုင်ပါကြောင်း"ပင် ဖြစ်ပါ၏။ပဋာစာရီနှင့် ကိသာဂေါတမီတို့၏ အတ္ထုပ္ပတ္တိတို့သည် မတူ ကွဲပြားကြသော်လည်း ၎င်းတို့ သိအပ်သောတရား၊ ပယ်အပ်သောတရား၊ ဆိုက်ရောက်ရာတရား၊ ပွါးများအပ်သော တရားတိုသည် အတူတူပင်ဖြစ်ကြပါ၏။

ဝတ္ထုကြောင်းတို့သည်သာ ကွဲလွဲကောင်း ကွဲလွဲကြမည် ဖြစ်သော်လည်း သဘောတရားတို့ကား အသစ်အဆန်းများ မဟုတ်ကြပါချေ။ သို့သော် ဟောတော်မူသော ဓမ္မကထိကဆရာတော်တို့၏ ဝိစရဏဉာဏ်သို့ လိုက်၍ကား နားလည်နိုင်မှု နားမလည်နိုင်မှုကွာခြား ချက်များ ရှိနိုင်သေးကြောင်း ဝန်ခံရမည်သာ ဖြစ်ပါ၏။

************
 တရားပွဲ ကျင်းပရဖြင်း၏ အဓိက ရည်ရွယ်ချက်သည် ဒကာ/မများ ဓမ္မဗဟုသုတတိုးပွါးလာစေဖို့ ပင်ဖြစ်ပါ၏။ တရားဓမ္မ မနာကြားရလျှင် ဓမ္မဗဟုသုတ ဘယ်ကရမည်နည်း။ ဓမ္မဗဟုသုတမရှိလျှင် ဆင်းရဲကင်းဝေး ချမ်းသာရေးအတွက် အဘယ်ကဲ့သို့ ကျင့်နိုင်ကြပါမည်နည်း။ ဤအရှင်တို့လည်း ထိုဒကာကြီး လျှောက်ထားသကဲ့သို့ နာမည်ကြီးဆရာတော်များကို မိမိတို့ဒေသသို့ ပင့်ဖိတ်ချင်ကြ၊ ရောက်စေချင်ကြ၊ ဟောကြားတော်မူကြစေချင်ကြသည်သာ ဖြစ်ပါ၏။ ရဟန်းကောင်းမှန်က ထိုသို့သဘောရှိသော ဓမ္မကထိက ဆရာတော်များကို မိမိတို့ဒေသသို့ မရောက်ရှိစေချင်သူအဘယ်မှာ ရှိပါအံ့နည်း။  မစ္ဆရိယတရား လေးပါးတွင် ဓမ္မမစ္ဆရိယနှင့် ကုလမစ္ဆရိယတို့သည် ရဟန်းတို့၌သာ အဖြစ်များကြောင်း ဆရာမြတ်တို့ထံမှ ကြားနာ မှတ်သားဖူးပါသည်။  အခြေအနေ အခွင့်အခါ မသာသေး၍သာ မပင့်ဆောင်ပေးနိုင် သေးသည်ကို နားလည် သဘောပေါက် နိုင်ကြပါလျှင် ကောင်းလေစွ။

မည်သို့ဆိုစေ ဒကာ/မတို့ အနေဖြင့် အဆိုပါ နာမည်ကြီး ဆရာတော်များ၏ တရားဓမ္မများကို နာကြားရ ကောင်းမှန်း၊ တရားပွဲသို့ သွားရကောင်းမှန်းသိနေကြသည်မှာ ရိုးနေပြီဆိုသောရွာခံ၊ ဒေသခံဆရာတော်တို့၏ တရားဓမ္မများကို နာကြားခဲ့ကြရ၍ပင် မဟုတ်ပါလော။

ထင်ရှားစေပါဦးအံ့၊ ဘာသာခြား ဖြစ်သောသူတို့မှာ အဘယ်မျှ နာမည်ကြီးသော ဓမ္မကထိက ဆရာတော်ပင်လာလာ တရားနာ ရကောင်းမှန်း သိကြပါ၏လော။ ထိုနာမည်ကြီး ဆရာတော်တို့သည်လည်း သူ့နေရာနှင့်သူ သီတင်းသုံးတော်မူ ကြရသဖြင့်မိမိတို့ရွာကို မိမိတို့ရွာက ဆရာတော်ကဲ့သို့ အစဉ်စောင့်ရှောက် နိုင်ပါမည်လော။ သင်တို့ရွာက ဆရာတော်သည်လည်း ထိုဆရာတော်များဒေသကိုထိုဆရာတော်များကဲ့သို့ အစဉ်စောင့်ရှောက် ပေးနိုင်မည်ကား မဟုတ်ချေ။

 ထိုသို့အပြန်ပြန် အလှန်လှန် ကျကျနန စဉ်းစားကြည့်ပါလျှင် ရွာခံဆရာတော်တို့၏ ကျေးဇူးတရားတို့ကို ထင်ထင် ရှားရှား တွေ့မြင် ကြရမည်သာဖြစ်ပါ၏။ သူ့ကျေးဇူးကိုသိခြင်း(ကတညုတ) ဂုဏ်နှင့်သူ့ကျေးဇူးကို တတ်သရွေ့ မှတ်သရွေ့ ပေးဆပ်ခြင်း(ကတဝေဒီ) ဂုဏ်ရည်တို့သည် သူတော်ကောင်းတို့၌သာကိန်းအောင်းကြပါ၏။

**************
 ဥယျာဉ်မှူးများသည် သစ်ပင်ပန်းပင်များကို ရေလောင်းပေးရ ၊ မြေဆီသြဇာထည့်ပေးကြရ၏။ ခြံတွင်းဖြစ် မြက်ရိုင်း,ဆူးပင်စသော အသုံးမဝင်သောသစ်ပင်များကိုရှင်းလင်းပစ်ရ၏။ ပြင်ပမှ ဝင်ရောက်လာသော အဖျက်ပိုးမွှားများရန်မှကာကွယ်နှိမ်နင်းရ၏။ အသစ်အသစ်သော သစ်ပင်ပျိုကလေးများကိုပြုစု ပျိုးထောင်ပေးကြရ၏။ ထို့အတူ---ရွာခံဆရာတော်များသည် ရွာနေဒကာ/မများကို တရားဓမ္မများ ဟောကြားပြသပေးကြရ၏။ ပြင်ပမှ ကောင်းမြတ် သင့်တော်သော ဓမ္မကထိက ဆရာတော်များကို ပင့်ဖိတ် ဟောပြောစေရ၏။ ရွာတွင်းပေါက်ဖွါး ဝါဒဆိုး ဆူးပင်များကို ရှင်းလင်းပစ်ရ၏။
ပြင်ပမှ ဝင်ရောက်လာသော ဝါဒဆိုး ပိုးမွှားများရန်မှ ကာကွယ် နှိမ်နင်းကြရ၏။ မျိုးဆက်သစ် ကလေးငယ်များကိုလည်း ဘာသာယဉ်ကျေးမှုများ ကိန်းအောင်းလာစေရန် ပြုစုပျိုးထောင်ပေးကြရကုန်၏။

****************
 ဤသို့ဖြင့်လျှင် အပြန်အလှန် ရွာခံ-အာဂန္တု မည်သို့ပင်နာမပြုစေ၊ ထိုထိုဆရာတော် သံဃာတော် အရှင်သူမြတ်တို့သည် --
"မကောင်းမြစ်တာ ၊ ကောင်းရာညွှန်လစ်
အသစ်ဟောကြူး ၊နာဖူးထပ်မံ
နတ်ထံတင်ရာ ၊ မေတ္တာလည်းပြု
ရဟန်းမှု-ခြောက်ခုလွန်သေချာ"-

ဟူသည်နှင့်အညီ-ဒေသရပ်ရွာအသီးသီးတို့၌ ဓမ္မစည်ကြီး ရိုက်ဆော်တီးနေကြဆဲပင် ဖြစ်ပါသတည်း။ ရွာခံ-အာဂန္တု ကန့်သတ်မှုမပြုမူ၍ အယူဖြောင့်စွာ တရားတော် နာနိုင်ကြပါစေသတည်း။


 အရှင်ဝိသာရဒ (ရမ္မ၀တီ)