Sunday, September 4, 2011

အသူတစ်ရာချောက်ကြီးနဲ့ မွေ့ရာ

အသူတစ်ရာချောက်ကြီးနဲ့ မွေ့ရာ

“အသူတစ်ရာမကနက်တဲ့ ချောက်ကြီးထဲကို မလွဲမသွေ ခုန်ဆင်း ရတော့မယ် ဆိုတဲ့အခါ အောက်မှာ အလွန်ထူတဲ့ စပရင် မွေ့ရာကြီးခံထားးရင် ကြောက်ရွံ့မှု နည်းမသွား ပေဘူးလား” (တောင်တွင်းကြီးနတ်မှီတောရဆရာတော်)

တစ်ခါက ဆရာတော်ကြီးထံ ဒကာနှစ်ယောက် ရောက်လာတယ်။ တစ်ယောက်က ရင်းနီးပြီးသားတပည့်။တစ်ယောက်က သူ့အဖော်။ ဆရာတော်ကြီးကို ကန်တော့ဝတ်ပြုပြီးတဲ့အခါ တပည့်ဒကာက သူ့အဖော်ကို ဆရာတော်ကြီးနဲ့ မိတ်ဆက် ပေးတဲ့ အနေနဲ့-

“ဆရာတော်ဘုရား၊ သူကတပည့်တော် မိတ်ဆွေပါ၊ ဘာသာရေးနဲ့ပတ်သက်ပြီး ဘာမှမယုံကြည်ပါဘူးဘုရား၊ အခု ဆရာတော်နဲ့ တွေ့ချင်တယ် ဆိုလို့ ခေါ်လာတာပါ”လို့ လျှောက်ထားပါတယ်။

မိတ်ဆွေဆိုတဲ့ ဒကာကတော့ “တပည့်တော်ဘာရယ်လို့တော့ မဟုတ်ပါဘူးဘုရား၊ ဘာသာရေးနဲ့ မနီးစပ်ခဲ့တာလည်းတစ်ကြောင်း၊ တချို့အကြောင်းအရာတွေကို သိပ်မကျေညက် တာလည်း တစ်ကြောင်းကြောင့် ဘာသာရေးနဲ့ ခပ်ကင်းကင်းနေခဲ့တာပါပဲဘုရား”လို့ လျှောက် ထားပါတယ်။

ဆရာတော်ဘုရားကြီးက တုံးလုံးလှဲနေရာကထထိုင်ပြီး ဒကာကိုကြည့်နေတယ်။ တအောင့် လောက်ကြာတော့မှ “ဘာသာရေးဆိုတာ ဘာလဲလို့တော့ မောင်ရင်သဘောပေါက်သလား”လို့ မေးလိုက်တယ်။ “တပည့်တော် တိတိကျကျ မသိပါဘူးဘုရား”ဆိုတော့-

“အေး ဒီလိုရှိတယ်ကွဲ့၊ ဥပမာဆိုပါတော့ကွာ၊ အသူတစ်ရာမက အလွန်နက်တဲ့ ချောက်ကြီး ထဲကို ခုန်ချရမယ်ဆိုရင် မင်းခုန်ချရဲပါ့မလား”

“တပည့်တော် အမှန်အတိုင်း ၀န်ခံရမယ်ဆိုရင် ခုန်မချရဲပါဘူးဘုရား” “အေး အဲဒီ ချောက် ကြီးထဲမှာ အလွန်ထူတဲ့ စပရင်မွေ့ရာကြီးကို ခံထားပေမယ်ဆိုရင်ကောကွာ”

“မှန်ပါ၊ ဒီလိုဆိုရင်တော့ မလွဲမသွေ ခုန်ချရမယ်ဆိုရင် ခုန်ချရဲလောက်ပါတယ်ဘုရား”

“အေး အဲဒီမွေ့ရာကြီးဟာ ဘာသာရေး ပဲကွဲ့”လို့ မိန့်ကြားလိုက်တဲ့အခါ ဒကာရဲ့ မျက်နှာမှာ ဖျက်ခနဲ လက်သွားသလို ကျေနပ်တဲ့အမူအရာ တွေ့လိုက်ရတယ်။ ဆရာတော်ကြီးက ဆက်လက်ပြီး--

“ ‘ချားလ်စ်ဒါဝင်’ကိုကြားဖူးတယ်မဟုတ်လား၊ {Origin of Species} မျိုးစိတ်တို့ရဲ့မူလ အစဆိုတဲ့ သဘောတရားကို တင်ပြခဲ့သူလေ” “မှန်ပါ၊ သူ့အကြောင်းနဲ့ သူ့သီဝရီကို ဖတ်ဖူးပါ တယ်ဘုရား”

“အေး၊ သူ့ကြောင်းကို သူ့သားကရေးတဲ့အထဲမှာ ‘ချားလ်စ်ဒါဝင်’ဟာ အသက်ကြီးပိုင်း ရောက်တော့ စိတ်မရွှင်မလန်း ဖြစ်တဲ့အခါ ပြတင်းပေါက်ဖွင့်ပြီး ကောင်းကင်ကို အကြာကြီး ကြည့်နေလေ့ရှိသတဲ့ကွဲ့၊ အဲ ဒါ စဉ်းစားကြည့်ပေါ့ကွာ”ဆိုပြီး ခုတင်ပေါ်ပြန်လှဲရင်း အနားယူ လိုက်ပါတယ်။

ဘာသာရေး ဆိုတာ ဘာလဲ။

‘ဒါဝင်’ဟာ ဘာကြောင့် ကောင်းကင်ကို အကြာကြီး ကြည့်နေလေ့ရှိသလဲ၊ သူမလွှဲမသွေ ရင်ဆိုင်ရတော့မယ့် တမလွန်ဘ၀ဆိုတာ သူ့အတွက် အသူတစ်ရာမက နက်ရှိုင်းလှတဲ့ ချောက်ကြီးပဲလား၊ ဖန်ဆင်းရှင် တန်ခိုးရှင်များက ကျေနပ်လို့ ခေါ်ယူခဲ့ရင် ရောက်ရမည်ဆိုတဲ့ ကောင်းကင်ဘုံက ဘယ်ဆီနားမှာလဲ။ မိမိရဲ့ အနာဂတ်ကို အခု အသက်ရှင်စဉ်ကာလမှာ မိမိတို့ ပြုထားတဲ့ ကံများအရ ဆုံးဖြတ်ခွင့်မရှိဘဲ ကောင်းကင်ဘုံနဲ့ နရက်ချောက်ကြီးတို့ရဲ့ ၀င်ရာတံခါး ပေါက်ကို ဖန်ဆင်းရှင် တန်ခိုးရှင်ကသာ ဖွင့်နိုင်ပိတ်နိုင်တယ်လို့ ယုံကြည်နေရသူတို့ရဲ့ ဘ၀ဟာ နရက်ချောက်ကို တွေးကြောက်ပြီး ကောင်းကင်ကို ငေးမျှော်ကြည့်ရုံမှတစ်ပါး တခြားဘာမျှ မတတ်နိုင်ကြတော့ဘူးလား။

လူတိုင်းလိုလို တွေးတောစဉ်းစားနေကြတဲ့ အခု လက်ရှိ ပစ္စုပ္ပန်ဘ၀၊ သေဆုံးခြင်း၊ တမလွန် ဘ၀ဆိုတဲ့ အပိုင်းကြီးသုံးပိုင်းနဲ့ ပတ်သက်လို့ မြတ်ဗုဒ္ဓရဲ့ အဆုံးအမ သာသနာတော်အရ ကတော့-

သေဆုံးခြင်း(မရဏ)နဲ့ တမလွန်ဘ၀ (ဇာတိ) ဆိုတာ ဆင်းရဲအမှန် ဒုက္ခသစ္စာ ဖြစ်တယ်။ ဒီ ဒုက္ခသစ္စာဆိုတာ တွေးတော ပွားများနေရမည့် တရားများ မဟုတ်ကြဘူး။ မွေးဖွားလာသူတိုင်း သေရမည့်သဘော ရှိတယ်။ သံသရာဝဋ်ဇာတ် မဆုံးသေးလို့ ဖြစ်ခွင့်ရှိရင် ဖြစ်နေရဦးမယ်ဆိုတဲ့ ဒီသဘာဝတရားများရဲ့ သဘောအမှန်ကို (ပရိညေယျ)ပိုင်းခြားသထားဖို့ပဲ လိုအပ်တယ်။ လူတိုင်းရဲ့ တကယ့် အရေးအကြီးဆုံးအပိုင်းဟာ အခု ပစ္စပ္ပန်အသက်ရှင်နေစဉ် ဘ၀ဖြစ်တယ်၊ ဒီဘ၀ကို မြတ်ဗုဒ္ဓက ‘မနုဿတ္တဘာဝေါ ဒုလ္လဘော၊ ရတောင့်ရခဲအခွင့်ထူးဘ၀’လို့ ချီးမွမ်းဂုဏ် ပြုတော်မူခဲ့ပါတယ်။

ရခဲတဲ့ လူဘ၀ကို ရတုန်းရခိုက်မှာ ကြုံရခဲတဲ့ မြတ်ဗုဒ္ဓရဲ့ အဆုံးအမများနဲ့အညီ ကောင်းမွန်တဲ့ ကိုယ်ကျင့်တရား (သီလ) ဖြူစင် တည်ကြည်တဲ့ စိတ်ထား(သမာဓိ) ကြောင်းကျိုးဆက်စပ် ဆင် ခြင်သိမြင်မှု(ပညာ)တရားများနဲ့ ကြိုးစားအားထုတ် နေထိုင်သွားမယ်ဆိုရင် ဒီလူဟာ အခုပစ္စုပ္ပန် မှာ ဘ၀ကို အကောင်းဆုံး အသုံးချနိုင်သူဖြစ်တဲ့အတွက် အသက်ရှင်စဉ် ဘ၀တစ်လျှောက်လုံး အတွက် အကောင်းဆုံး ကြိုတင်ပြင်ဆင်ပြီးဖြစ်သလို သံသရာမဆုံးသေးလျှင် ကြုံတွေ့ရအုံးမည့် တမလွန်ဆိုတဲ့ ချောက်ကြီးကိုလည်း အလွန်ထူတဲ့ မွေ့ရာကြီးများနဲ့ ဖို့ထားပြီးဖြစ်သွားမယ်။ သူရဲ့ကိုယ်ကျင့် တရား မြင့်မားသလောက် ချောက်ကြီးကို ဖို့ထားနိုင်တာမို့ ဒီချောက်ကြီးအတွက် စိုးရိမ် ကြောက်ရွံစရာ မလိုတော့ဘူး။

သူရဲ့ ကိုယ်ကျင့်တရားများဟာ အမှန်တရား (သစ္စာ)ကို ထိုးထွင်းသိမြင်နိုင်တဲ့အထိ့ မြင့်မား လာပြီဆိုရင် ဒီပုဂ္ဂိုလ်ရဲ့ တမလွန်ခရီးဟာ ချောက်ကြီး ဆိုတာ လုံးဝမရှိတော့ဘဲ ကျန်သေးတဲ့ သံသရာခရီးလမ်းဟာ ဆူးငြောင့်ခလုတ်ကင်းပြီးချောမွေ့တဲ့လမ်း ဖြစ်သွားမယ်။ သစ္စာကို ထိုးထွင်းသိမှုရဲ့ အမြင့်ဆုံးဖြစ်တဲ့ အရဟန္တ(ကိလေသာအညစ်အကြေးအားလုံးကင်းစင်သူ) အဆင့်ရောက်သွားတဲ့အခါမှာတော့ တမလွန်ဆိုတာ လုံးဝ မရှိတော့တဲ့ အခြေအနေမျိုး ဖြစ်သွားပြီ။

ဆန့်ကျင်ဘက်အနေနဲ့ ကိုယ်ကျင့်တရား၊ စိတ်ထားနဲ့ အသိပညာ ညံ့ဖျင်းသူများအတွက် တော့ မိမိတို့ ကိုယ်ကျင့်တရား ပျက်စီးတဲ့ အတိုင်းအတာနဲ့အညီ ပစ္စပ္ပန်ဘ၀ခရီးကလည်း စိုးရိမ် ပူပန်စရာတွေနဲ့ ပြည့်နေမှာဖြစ်သလို တမလွန်ဆိုတဲ့ ချောက်ကြီးကိုလည်း နက်သည်ထက် နက်အောင် တူးနေသလိုဖြစ်နေမယ်လို့ ယုံကြည်လိုက်နာရမှာ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဝင်တို့ရဲ့ အနာဂတ်ခရီးဟာ ပစ္စပ္ပန်ဘ၀မှာ မိမိတို့ပြုလုပ်တည်ဆောက်ထားတဲ့ ကံများကို အခြေခံပြီး ကိုယ်တိုင်ပိုင်းဖြတ် သိမြင်ခွင့် ရှိပါတယ်။

ကောင်းမွန်တဲ့ ကိုယ်ကျင့်တရားများနဲ့ အညီ အသက်ရှင်နေထိုင်သူအတွက် ဘယ်လို တန်ခိုး ရှင် ဖန်ဆင်းရှင်ကမှ သူ့ကို မကိုးကွယ် မ,ပသရ ကောင်းလား ဆိုပြီး တမလွန်ချောက်ကြီးထဲ ဆွဲမချနိုင်သလို ကိုယ်ကျင့်တရား ချို့ယွင်းပျက်စီးသူများကိုလည်း အထက်ဘုံကို ဆွဲတင်ခွင့် မရှိဘူး။ ကံနဲ့ ကံရဲ့ အကျိုးကြားထဲမှာ ဘယ်လိုတန်ခိုးရှင် (ကြားလူ)မှ မရှိတဲ့ဝါဒဖြစ်လို့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရှိတဲ့ဝါဒ ပဲ ဖြစ်ပါတယ်။

ပစ္စပ္ပန်နေထိုင်ခြင်း၊ သေဆုံးခြင်းနဲ့ တမလွန်ဆိုတဲ့ အပိုင်းကြီးသုံးပိုင်းကို ယနေ့တစ်နေ့တာ၊ ညဥ့်အိပ်ခြင်း၊ မနက်ဖြန် တို့နဲ့အနီးစပ်ဆုံး ဥပမာ ပြုနိုင်ပါတယ်။ ဒီနေ့ အပြစ်ကင်းစင်ပြီး အကောင်းဆုံး လုပ်ကိုင်ကြိုးစားနေသူအတွက် ညဥ့်အိပ်ချိန်မှာလည်း ကောင်းသော အိပ်ခြင်းနဲ့ အိပ်နိုင်သူဖြစ်သလို မနက်ဖြန်ဟာလည်း ကောင်းသောမိုးသောက်ခြင်းနဲ့အတူ နိုးထနိုင်သူဖြစ်မှာ သေချာတယ်။ ဘာမျှ စိုးရိမ်ပူပန်စရာမရှိဘူးဆိုတဲ့ သဘောမျိုးပါပဲ။

ဒါကြောင့် မြတ်ဗုဒ္ဓရဲ့ အဆုံးအမ သာသနာတော်ဆိုတာ တမလွန် ဆိုတဲ့ ချောက်ကြီးကို တွေးပြီးကြောက်ရေး၊ ကောင်းကင်ကို ငေးပြီးမျှော်နေနေရေးဝါဒ မဟုတ်ဘဲ ပစ္စပ္ပန်အသက်ရှင် စဉ်ဘ၀ကို စည်းကမ်းတကျ အသုံးချနေထိုင်ရေးဝါဒ သာဖြစ်တယ်လို့ သဘောပေါက်ရမှာ ဖြစ်ပါတယ်။

အကြောက်အမျှော်ကင်းဝေးပြီး ရခဲတဲ့လူ့ဘ၀ကို ကောင်းမွန် မှန်ကန်အောင် အသုံးချ နိုင်ကြပါစေသော်။

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)