Monday, September 26, 2011

“မီးသွေးလိုလူ”…

“မီးသွေးလိုလူ”…
ဤစကားလေးကို ဟိတောပဒေသ ဆုံးမစာလေ့လာ ဖတ်ရှုစဉ်က သတိပြုမိခဲ့၏။
တိုက်တိုင်ဆိုင်ဆိုင်ပင် ရွှေဥမင် ဆရာတော်ကြီး၏ ဆုံးမသြ၀ါဒ စာအုပ်လေးတွင်လည်း ဤစကားလုံးကို အသုံးပြု၍ ဆုံးမသြ၀ါဒ ပေးထားသည်ကို ဖတ်လိုက်ရ၏။

ဟိတောပဒေသဆုံးမစာတွင် လူတော်လူကောင်းနှင့် လူဖျင်းလူမိုက် နှစ်မျိုးအနက် လူမိုက်သည် မီးသွေးနှင့်တူကြောင်း ဥပမာပေးထား၏။ မီးသွေးသည် မီးအပူရှိန် ရှိနေချိန်တွင် ပူလောင်နေပြီး မီးငြိမ်းသွားသည့်အခါတွင်ကား မည်းညစ်ပေကျံမှုကို
ဖြစ်စေ၏။ မီးရှိသည့် မီးသွေးသည် ကိုင်သူကို ပူလောင်စေပြီး မီးငြိမ်းသွားသည့် မီးသွေးသည်ကား ကိုင်သူ၏လက်ကို မည်းညစ်စေ၏။ ထို့အတူ လူမိုက်သည် မိမိကိုယ်တိုင်လည်း မကောင်းမှု ဒုစရိုက်များဖြင့် ပျက်စီးတတ်သကဲ့သို့ ပေါင်းဖော်သူ မိတ်ဆွေ အပေါင်းအသင်းများကိုလည်း မကောင်းမှုဒုစရိုက်များဖြင့် ပျက်စီးစေတတ်၏။ ထို့ကြောင့် လူမိုက်သည် စင်စစ်အားဖြင့် လူဟုဆိုသော်လည်း “တန်ဖိုးမရှိသည့်လူ၊ မီးသွေးလိုလူ”သာ ဖြစ်ကြောင်း ဆိုခြင်းဖြစ်၏။

မှန်၏။ လောကတွင် မီးသွေးလိုလူများ အများအပြားရှိ၏။ မိမိအတွက်လည်း အကျိုးမရှိ အများအတွက်လည်း အကျိုးမပြုသည့် လူများသည် ဆုတ်ကပ်ကာလတွင် တဖြည်းဖြည်း တိုးပွားများပြားလာ၏။ အသိဉာဏ်ကင်းပြီး အကြောင်းအကျိုးမသိ မိမိအတွက် တစ်ခုတည်းသာ ကြည့်သူများ၊ မိမိကောင်းစားမည်ဆိုလျှင် ဘယ်သူသေသေ ငတေမာပြီးရော ဆိုသူများ၊
တစ်ဘ၀ တစ်နှပ်စာကြည့်ကာ ပစ္စုပ္ပန်အကျိုး တမလွန်အကျိုးကို မကြည့်သူများ၊ လုပ်ချင်တာတစ်ခုပဲသိပြီး မိမိအကျိုးလည်း မရှိ၊ အများအကျိုးလည်း မရှိသည့်လုပ်ရပ်များကို ဇွတ်အတင်းလုပ်နေသူများ စသူစသူများသည် အတ္တလည်းမဖြစ်
ပရလည်းမဖြစ်သည့် မီးသွေးလိုလူများသာ ဖြစ်ပါ၏။

“ခေတ်ကာလက ဖန်တီးပေးလိုက်တော့လည်း လိုက်လုပ်ဖြစ်နေတာပေါ့”ဟု ခေတ်ကာလကို အကြောင်းပြုကာ မကောင်းမှုများ လုပ်ဖြစ်နေ၊ “လုပ်သာလုပ်စမ်းပါ၊ ဘာမှပူမနေနဲ့ နောင်ခါလာ နောင်ဈေးပေါ့”ဟု မိမိလုပ်သည့် မကောင်းသည့် လုပ်ရပ်များကို မိမိနှင့်အတူ အခြားမိတ်ဆွေ အပေါင်းအသင်းများကိုပါ လုပ်ဖြစ်အောင် တိုက်တွန်းနေသူများသည် စင်စစ် မီးသွေးလိုလူများသာ ဖြစ်၏။

မြန်မာစကားတွင် “ဆန်ကုန်မြေလေး”ဟူသော စကားရှိ၏။ မကောင်းသည့်သူ၊ တန်ဖိုးမရှိသည့်သူ၊ မိုက်မဲသည့်သူ စသည့် သူများသည် လူ့လောကတွင် အသက်ရှင်နေသော်လည်း မိမိအတွက်လည်း အကျိုးမရှိ၊ အများအတွက်လည်း အကျိုးမပြုသည့် အပြင် နေ့စဉ်စားသောက်နေသဖြင့် ဆန်သာကုန်ကုန်သွား၊ သူ့ကို ကမ္ဘာမြေကြီးပေါ်မှာ ထားပေးရသဖြင့် ထမ်းထားရသည့် မြေကြီးသာ လေးလေးသွားသဖြင့် ထိုသို့သောသူများသည် ဆန်ကုန်ပြီး မြေကြီးသာ လေးလံစေသည့်သူများ
ဖြစ်ကြောင်းသုံးနှုန်း ပြောဆိုကြခြင်း ဖြစ်၏။ ထိုဆန်ကုန်မြေလေးများသည် မိမိအတွက်လည်း အကျိုးမပြီး အများအတွက်လည်း အချည်းနှီးသာဖြစ်သဖြင့် မည်သည့်ဘက်ကကြည့်ကြည့် အကျိုးမဲ့စေသဖြင့် ပူလည်းမကောင်း၊ အေးလည်းမကောင်းသည့်
မီးသွေးသဖွယ်ဖြစ်နေသည့် လူသာဖြစ်ကြောင်း ဆိုခြင်းဖြစ်၏။

မိမိအတွက်၊ အများအတွက် မည့်သည့်ဘက်မှ အကျိုးမရှိသော လူများသည် မီးသွေးလို လူများသာဖြစ်ကြောင်း ဟိတောပဒေသ အဆုံးအမကို ဖတ်ရင်း အတိတ်က မီးသွေးလိုလူအချို့ကို သတိရမိ၏။ ထိုကဲ့သို့သော သူများသည် မည့်သည့်အချိန်၊
မည်သို့သော သူများနှင့်တွေ့နေစေကာမူ မီးသွေးကား မီးသွေးသာ ဖြစ်နေပေတော့၏။
နောက်ဆုံး မြတ်ဗုဒ္ဓကဲ့သို့ အနှိုင်းမဲ့အရှင်နှင့် တွေ့ကြုံခဲ့သော်လည်း အကျိုးမပြီး အချည်းနှီးဖြင့် မီးသွေးလိုလူအဖြစ် ဘ၀နိဂုံးချုပ်သွားခဲ့သူ
အချို့ပင်ရှိခဲ့၏။ ဗုဒ္ဓလက်ထက်ရှိ မီးသွေးလိုလူများတွင် အထင်ရှားဆုံးသူမှာ မြတ်ဗုဒ္ဓ၏ ယောက်ဖတော်ဖြစ်သည့် ရှင်ဒေ၀ဒတ်ပင်ဖြစ်၏။ ရှင်ဒေ၀ဒတ်သည် အမှန်ပင် မီးသွေးလိုလူ ဖြစ်ခဲ့၏။

မြတ်စွာဘုရားနှင့်တွေ့၊ ဘုရားသာသနာနှင့်ကြုံကာ အမြတ်ဆုံး ရဟန်းဘ၀ကို ရနေခဲ့သော်လည်း ရဟန်းတရားကို ရအောင် အားမထုတ်ခဲ့သည့်အပြင် သူ့ကိုအမှီပြုခဲ့သည့် အဇာတသတ်ကဲ့သို့သော သူများကိုပင် မကောင်းမှု အကုသိုလ်ကြီးများ လုပ်ဖြစ်အောင် ဖျက်ဆီးခဲ့၏။ ရှင်ဒေ၀ဒတ်၏ အသက်ရှင်ခဲ့မှုသည့် အကျိုးမရှိ အချည်းနှီး သက်သက်သာ ဖြစ်ခဲ့၏။ မီးသွေးသည် ပူနေသည့်အချိန် ကိုင်သူကို ပူလောင်စေပြီး၊ အေးနေသည့်အချိန် ကိုင်သူကို မည်းညစ်စေသကဲ့သို့ ရှင်ဒေ၀ဒတ်သည် အသက်ရှင်စဉ် အချိန်တွင် မိမိကိုယ်ကိုလည်း မဂ်ဖိုလ်မပြီး အချည်းနှီးသာ ဖြစ်စေ၊ သူတစ်ပါးကိုလည်း ပစ္စုပ္ပန် သံသရာ နှစ်ဖြာအကျိုးမဲ့ကို ဖြစ်စေခဲ့ပေ၏။

ယခုမျက်မှောက်ခေတ်တွင်လည်း ထိုကဲ့သို့ မီးသွေးလိုလူများကို အများအပြားတွေ့ဖူး၏။ မိမိကိုယ်တိုင်လည်း မကောင်းသည့် အကုသိုလ် ဒုစရိုက်များကို စိတ်ဝင်တစား လုပ်နေမိသကဲ့သို့ သူတစ်ပါးကိုလည်း မကောင်းမှု အကုသိုလ် ဒုစရိုက်များ
လုပ်ဖြစ်အောင် တိုက်တွန်းပေးနေသူများသည် စင်စစ် မီးသွေးလိုလူများပင် ဖြစ်၏။ တစ်ခါက တရားပွဲတစ်ခုသို့ကြွစဉ် ဘုန်းကြီးနောက်ကွယ်တွင် ပြောနေကြသော ဒကာလေးနှစ်ဦး၏ စကားများကို ပြန်လည်ကြားယောင်မိပါ၏။ တစ်ယောက်က
“ကျွန်တော်ဒီနိုင်ငံကို မရောက်ခင်က အရက်လည်းမသောက်တတ်၊ ဖဲလည်းမရိုက်တတ်၊ လောင်းကစားလည်း မလုပ်တတ်ဘူး၊ အခု ဒီမှာလာပြီး ခင်ဗျားနဲ့တွေ့မှ ဒါတွေအကုန် လုပ်တတ်သွားတယ်..”ဟု နောက်သလို ပြောင်သလို ပြော၏။ ထိုအခါ နောက်တစ်ယောက်က “မုဆိုးနားနီးမုဆိုး၊ တံငါနားနီးတံငါ ဆိုသလို မင်းလည်းငါနဲ့နီးတော့ ငါ့ဆီက
ပညာတွေ ရသွားတာပေါ့ကွာ..”လို့ ပြန်ပြောသံကိုလည်း ကြားလိုက်၏။ ထိုကလေးနှစ်ယောက် ပြောသံများသည် နောက်သလို ပြောင်သလို အပျော်သဘော ဖြစ်သော်လည်း စာရေးသူ
အတွေးများကား မိတ်ကောင်းဆွေကောင်းနှင့် မကောင်းသည့် အဆွေခင်ပွန်းများ၏ သဘောများကို သတိတရ ဖြစ်စေခဲ့၏။

မိမိကိုယ်တိုင်လည်း မကောင်းမှု ဒုစရိုက်များကို ပြုလုပ်နေပြီး မိတ်ဆွေအပေါင်း အသင်းများကိုလည်း အပါယ်အထိ လားစေတတ်သည့် မီးသွေးလိုလူမျိုး သို့မဟုတ် မကောင်းမှု၌ အပေါင်းအဖော်ဖြစ်သည့် မိတ်ဆွေတုနှင့် မိမိနှင့်အတူ မိတ်ဆွေအပေါင်း
အသင်းများကိုလည်း ကောင်းကျိုးကို ဖြစ်စေတတ်သည့် မိတ်ဆွေစစ်တို့၏ သဘောလက္ခဏာများကို သိင်္ဂါလောဝါဒသုတ်တွင် ဖော်ပြထား၏။
ထိုသုတ်တွင်
“၁။ သေရည်သေရက်သောက်ခြင်း၌ အပေါင်းအဖော်ဖြစ်ခြင်း၊
၂။ အခါမဲ့ခရီးသွားခြင်း၌
အပေါင်းအဖော် ဖြစ်ခြင်း၊
၃။ ပွဲလမ်းသဘင် ကြည့်ရှုနားထောင်ခြင်း၌
အပေါင်းအဖော်ဖြစ်ခြင်း၊
၎။ လောင်းကစားခြင်း၌ အပေါင်းအဖော်ဖြစ်ခြင်း။ ဟူသော
ဤလေးပါးသော အကြောင်းတို့ဖြင့် ပျက်စီးကြောင်း၌ အပေါင်းအဖော်ဖြစ်သော
မိတ်ဆွေစစ်မဟုတ်သည့် မိတ်ဆွေတုကို သိအပ်၏။” ဟူ၍လည်းကောင်း
“၁။ မကောင်းမှုမှ
တားမြစ်တတ်ခြင်း၊
၂။ ကောင်းမှု၌ သက်ဝင်စေရန် တိုက်တွန်းတတ်ခြင်း၊
၃။ မကြားဖူးသော
တရားစကားကို ပြောကြားတတ်ခြင်း၊
၎။ နတ်ပြည်ရောက်ကြောင်း ခရီးလမ်းကို
ပြောကြားတတ်ခြင်းဟူသော ဤလေးပါးသော အကြောင်းတို့ဖြင့် ချမ်းသာအတူ၊
ဆင်းရဲအတူဖြစ်သော ကောင်းသော စိတ်နှလုံးရှိသည့် မိတ်ဆွေစစ်ကို သိအပ်၏”
ဟူ၍လည်းကောင်း ဖော်ပြထား၏။

ထိုလက္ခဏာများကို ကြည့်ပါက မိတ်ဆွေတုနှင့် မိတ်ဆွေစစ်တို့၏ ကွာခြားချက်ကို ကောင်းစွာသိနိုင်၏။ အထူးသဖြင့် မိတ်ဆွေတု၏ သဘောများသည် မျက်မှောက်ခေတ် လူ့လောကတွင် ပေါင်းသင်းနေကြသည့် လက်တွေ့ဘ၀များနှင့် ကိုက်ညီနေသည်ကို တွေ့ရ၏။
စာရေးသူနှင့် နီးစပ်သည့် ကလေးများတွင် အချို့လူငယ်များသည် အပေါင်းအသင်းကြောင့် ယခင်က မလုပ်ဖူးသည့် မလုပ်တတ်သည့် အလုပ်များကိုပင် လုပ်တတ်နေကြသည်ကို သတိထားမိနေ၏။ မြန်မာပြည်တွင် ရှိစဉ်က အရက်မသောက်တတ်၊ ဖဲမရိုက်တတ်သည့်
ကလေးများသည် ယခုအခါတွင် အရက်သမားလေးများ၊ ဖဲသမားလေးများပင် ဖြစ်နေကြ၏။

ထိုကလေးများသည် မုဆိုးနားနီးမုဆိုး၊ တံငါနားနီး တံငါဆိုသလို အရက်သောက်တတ်၊ ဖဲရိုက်တတ်၊ လောင်းကစားလုပ်တတ်သည့် သူများနှင့် တွေ့ဆုံပေါင်းသင်းမိရာမှ ထိုအတတ်များ တတ်လာခဲ့ကြ၏။ ထိုလူငယ်လေးများနှင့် ပေါင်းသင်းနေထိုင်
ပျော်မွေ့နေသူများသည် ရှေးယခင်ကတည်းပင် ထိုအလုပ်များတွင် ကျင်လည်နေသူများဖြစ်၏။ ထိုသူတို့ ကိုယ်တိုင်လည်း မိမိတို့ လုပ်ဆောင်နေကြသည့် အလုပ်များအပေါ်တွင် နောင်တမရ သတိသံဝေဂ မဖြစ်ကြဘဲ ပျော်ပျော်ပါးပါးဖြင့် ရုန်းမထွန်နိုင်
ဖြစ်နေကြသည်ကို သတိထားမိ၏။ မိမိတို့သည် မကောင်းသည့် အလုပ်များကို လုပ်နေသည်ကို သတိမပြုမိကြသည့်အပြင် အခြားသူများကိုပါ အတူလုပ်ဖြစ်ကြရန် ဆွဲခေါ်နေပေတော့၏။

မကောင်းမှု၌ အပေါင်းအဖော်ဖြစ်သည့် မိတ်ဆွေတုဟူသည် ၎င်းတို့ကို ဆိုရမလိုပင် ဖြစ်နေတော့၏။ သေချာသည်မှာ ထိုကဲ့သို့ မကောင်းမှု ဒုစရိုက်များတွင် မိမိကိုယ်တိုင်လည်း ပျော်ပျော်ပါးပါး လုပ်ဆောင်နေသကဲ့သို့ သူတစ်ပါးတို့အားလည်း
အတူပါဝင်စေကာ မကောင်းမှု၌ အပေါင်းအဖော်ဖြစ်သည့် ထိုသူများသည် မိမိအကျိုးနှင့် သူတစ်ပါးအကျိုး နှစ်မျိုးလုံးကို ပျက်ဆီးစေပြီး ပစ္စုပ္ပန် သံသရာ ဆိုးကျိုးများကိုသာ ဖြစ်စေကြသည့် မီးသွေးလိုလူများသာ ဖြစ်နေကြခြင်းပင် ဖြစ်၏။

မည်သို့ပင်ဆိုစေ မီးသွေးလိုလူသည်လည်း ပြုပြင်လိုက်မည်ဆိုလျှင် နောက်ကျသည်ဟူ၍ မရှိပေ။ မကောင်းမှုကို မကောင်းမှုဟုသိပြီး ပြုပြင်နိုင်လျှင် အပြုကောင်းဖြစ်ကာ အပြုကောင်းလာလျှင် အကောင်းဖြစ်လာမည်သာ ဖြစ်ပါ၏။ “မမှားသော ရှေ့နေ၊ မသေသော ဆေးသမား မရှိ” ဟုဆိုသကဲ့သို့ အမှားမလုပ်မိသူ၊ မမှားဖူးသူမည်သည် မရှိလှပေ။
အမှားကို အမှားဟုသိပြီး အမှန်ဖြစ်အောင် ကြိုးစားမည်ဟူသော စိတ်ဆုံးဖြတ်ချက်ကိုသာ ပိုင်ပိုင်ချကာ ပြုပြင်ကြရန်သာ လိုအပ်ပေ၏။

မင်းကွန်းဆရာတော် ဘုရားကြီး၏ “ယခုလက်ရှိ အချိန်ထက် ကောင်းသောအချိန်သည် မရှိ”ဟူသော စကားကို
နှလုံးသွင်းဆင်ခြင်ကာ မိမိ၏ မကောင်းသည့်လုပ်ရပ်ကို ယခုချက်ချင်း ပြုပြင်နိုင်အောင် ကြိုးစားနိုင်ခြင်းသည်သာ ကျန်ခဲ့သည့် အတိတ်ကာလနှင့် မရောက်သေးသည့် အနာဂတ်ကာလများထက် သာလွန်သည့် အကောင်းဆုံး အချိန်ဖြစ်ပါ၏။
သေချာသည်မှာ မီးသွေးလိုလူသည်လည်း ပတ္တမြားလိုလူ ဖြစ်နိုင်သည်ဟူသည့်
အချက်ပင်ဖြစ်၏။

ထို့ကြောင့် ရခဲလှသည့် လူ့ဘ၀ကို ရရှိထားသည့်အပြင် အကောင်းဆုံးဘ၀ကို ပိုင်ဆိုင်ထားသည့် လူသားများသည် ရရှိထားသည့် မိမိတို့၏ အကောင်းဆုံးဘ၀တွင် တန်ဖိုးရှိသည့်သူများ၊ မိမိအကျိုး သို့မဟုတ် အများအကျိုး၊ သို့မဟုတ် မိမိသူတစ်ပါး အကျိုးတစ်ခုခုကို ထူးချွန်အောင်မြင်အောင် လုပ်နိုင်သည့်သူများ မဖြစ်သော်လည်း မိမိလည်းမကောင်း၊ သူတစ်ပါးကိုလည်း မကောင်းဖြစ်စေသည့်
မီးသွေးလိုလူမျိုးကား မဖြစ်ကြရန် အထူးလိုအပ်လှ၏။ အကယ်၍ မိမိသည် မီးသွေးလိုလူ ဖြစ်နေခဲ့သည်ရှိသော် မိမိ၏ မကောင်းသည့် လုပ်ရပ်များကို ပြုပြင်နိုင်လျှင် နောက်မကျသေးသဖြင့် အမြန်ဆုံး ပြုပြင်နိုင်အောင် ကြိုးစားသင့်၏။
လက်ရှိအချိန်သည်သာ အကောင်းဆုံး အချိန်ဖြစ်သဖြင့် အကောင်းဆုံးအချိန်ကို မိမိလည်းအကျိုး မရှိ၊ အများအတွက်လည်း အကျိုးမရှိနိုင်သည့် မီးသွေးလိုလူမျိုး မဖြစ်အောင် ကြိုးစားနေထိုင်ရင်း မိမိဘ၀ကို မိမိလှအောင်သာ သတိတရား လက်ကိုင်ထားကာ
ပြုပြင်နေထိုင်ကြပါဟု တိုက်တွန်းစကား ပါးလိုက်ပါ၏။ အားလုံး မီးသွေးလိုလူ အဖြစ်မှ ရုန်းထွက်နိုင်ကြပါစေ…

စာရေးသူ အရှင်ဝိစိတ္တ(မနာပဒါယီ)