Friday, September 2, 2011

ရှင်သန်တဲ့ဘဝ



ရှင်သန်တဲ့ဘဝ


ရင်းနှီးတဲ့ မိတ်ဆွေတစ်ဦး ရုတ်တရက် ဆုံးပါးသွားတယ်။ နေ့မြင်ညပျောက်လို့ ပြောရမယ့် (တိတိကျကျ ပြောရရင်) ခုမြင်ခုပျောက်လို့ပင် ပြောနိုင် တဲ့ ဒီအဖြစ်ကို တွေ့လိုက်ရတော့ သေခြင်းအကြောင်းကို လတ်လတ်ဆတ်ဆတ် ပြန်လည် စဉ်းစားမိပါတယ်။ နေ့လယ်က ဆွမ်းဝိုင်းမှာ ကိုယ်နဲ့အတူ ဘုဉ်းပေး သုံးဆောင်သွားသူ။ နာရီပိုင်း အတွင်းမှာပဲ ဖြစ်ပျက်သွားခဲ့တာ။ညနေ (၄) နာရီကျော်ကျော် ရတနာ့ဂုဏ်ရည် သင်တန်းမစမီ ခမ်းမထဲ ဝင်ခါနီး မှာပဲ ဝေယျာဝစ္စ ကူညီဆောင်ရွက်နေတဲ့ ဒကာလေးတစ်ဦးက မိတ်ဆွေရဟန်း ဆုံးတဲ့အကြောင်း အကြောင်းကြားလာတယ်။ အဖြစ်က မြန် ဆန်လွန်းလိုက်တာလို့ အောင့်မေ့မိလိုက်ပါတယ်။ ဒါပေမယ့် သေခြင်းတရားဆိုတာက မျက်စိတစ်မှိတ် လျှပ်တစ်ပြက် အတွင်းမှာတောင်မှပဲ ရောက်လာ နိုင်တယ်ဆိုတာ ကောင်းကောင်း သဘောပေါက်ထားလို့ သိပ်ပြီးတော့တော့ မအံ့သြမိပါဘူး။

သင်တန်းမစမီမှာ လူငယ်တွေက လာမည့်တနင်္ဂနွေနေ့ ကျင်းပပြုလုပ်မယ့် ရန်ပုံငွေပွဲအကြောင်း ခဏရှင်းပြ တယ်။သူတို့ရှင်းပြရာမှာ ပါဝါပွိုင့်နဲ့ ဓာတ်ပုံမှတ်တမ်းတွေလည်း ပါဝင်လို့ ရေအငတ်ဘေး တွေ့နေကြရတဲ့သူတွေ ရဲ့ ဆင်းရဲဒုက္ခစုံကို လူကိုယ်တိုင် မတွေရပေမယ့် ပုံတွေကတဆင့်ခံစားမိလို့ စိတ်မကောင်းဖြစ်ရတယ်။ ရေရှားပါး မှုကတဆင့် ဖြစ်လာနိုင်တဲ့ ရောဂါဆိုးတွေ၊ အသက်ဘေးတွေကိုလည်း မှန်းဆ တွေးမိတယ်။ ပျောက်လွယ် ပျက်လွယ် ရှိတတ်လွန်းတဲ့ ဘဝတစ်ခုရဲ့ ရှင်သန်မှုမှာ ဘာဖြစ်လို့ ခုလိုပြုပြင်ဖန်တီးယူလို့ရနိုင်တဲ့ နယ်ပယ် အတွင်းမှာရှိတဲ့ အခက်အခဲမျိုးကြောင့် အလွန်တန်ဖိုးကြီးတဲ့ လူ့အသက်တွေ ဆုံးရှုံးနေကြရတာလဲဆိုတာကို လည်း တစ်ဆက်တည်း စဉ်းစားမိလိုက်တယ်။ သူတို့ရှင်းပြအပြီး ကိုယ့်သင်တန်းစတော့ သတင်းတစ်ခု ပြော စရာရှိတယ်။ ဒါပေမယ့် သတင်းကောင်းတော့လည်း မဟုတ်ဘူးလို့အစချီပြီး မိတ်ဆွေ ဆုံးပါးသွားတဲ့ အကြောင်း ကို သင်တန်းသားတွေကို ပြောပြဖြစ်တယ်။

နေ့လယ်ကမှ ဆွမ်းတစ်ဝိုင်းတည်း အတူတူဘုဉ်းပေးသွားသူ။ ခုတော့ ဘဝတစ်ပါး ပြောင်းသွားကွယ်လွန် သွား ခဲ့ပြီ။ လူသားတစ်ဦးရဲ့ အသက်ဟာ ဘယ်လောက်တောင် ထိလွယ်ခိုက်လွယ် ပျက်စီးဖို့ လွယ်ကူတယ်ဆိုတာ စဉ်းစားကြည့်ကြဖို့နဲ့၊ အသက်ရှင်ရပ်တည်နေကြတဲ့ လူသားတွေရဲ့ ဘဝကို ဆက်လက်ရှင်သန်နိုင်စေဖို့ ဝိုင်းဝန်း ကူညီခြင်းဟာ မွန်မြတ်တဲ့အလုပ်ဖြစ်ကြောင်း ပြောဖြစ်တယ်။ နောက်ပြီးလည်း အခြားအခြား တန်ဖိုးကြီးမားတဲ့ ဆေးဝါးဓာတ်စာတွေ မသုံးဆောင်ရလို့၊ ခက်ခက်ခဲခဲ ရှာဖွေယူရတဲ့ တန်ဖိုးကြီးလူ့အသုံးဆောင်တွေ မရနိုင်လို့ သေကြရတာမျိုး မဟုတ်ပဲ ကိုယ့်မြေကိုယ့်ရေ ကိုယ့်ပထဝီအနေအထားနဲ့ဆို အလွန်မှ လွယ်လွယ်ကူကူ ရရှိနိုင် တဲ့ ပစ္စည်းတစ်ခုဖြစ်တဲ့ သောက်စရာ ရေမရှိလို့ သေဆုံးကြရမယ်ဆိုလျင် အလွန်မှပဲ ဝမ်းနည်းဖွယ် ကောင်းမယ် ဆိုတာကိုလည်း ပြောဖြစ်တယ်။ ကိုယ်မတတ်နိုင်တဲ့အရာကို ကူညီရတာမျိုးမဟုတ်ပဲ ကိုယ်တတ်နိုင်တာလည်း ဖြစ်၊ ကိုယ့်အတွက်လည်း အလွန်မပင်ပန်းပဲနဲ့ လူသားတစ်ဦးဦးရဲ့ အသက်ကို ကယ်တင်တဲ့လုပ်ငန်းမျိုးကို လုပ် ခွင့်ရခြင်းမျိုးကို မရှောင်လွှဲသင့်ကြောင်းကိုလည်း ပြောဖြစ်တယ်။ ရေလှူဒါန်းခြင်းဟာ အသက်ကိုလှူဒါန်းခြင်း ဖြစ်တယ်ဆိုတာကိုလည်း ပြောဖြစ်ပါတယ်။

သင်တန်းပြီး ညအိပ်ရာမဝင်မီမှာတော့ သေခြင်းအကြောင်းကို ပြန်လည်စဉ်းစားမိတယ်။ နောက်ပြီး သင်ကြား ပေးနေတဲ့ ဓမ္မပဒကျမ်းစာထဲက အပ္ပမတ္တာ န မီယန္တိ ၊ ယေ ပမတ္တာ ယထာ မတာ- မမေ့မလျော့သော သူတွေက မသေသူတွေ၊ မေ့လျော့နေသူတွေက သေနေသူတွေ- ဆိုတဲ့ ဗုဒ္ဓမိန့်ကြားချက်လေးကိုလည်း သတိရမိတယ်။ ဒီစကားကို နားလည်စေဖို့ အနည်းငယ်ရှင်းလင်းပြတဲ့ အဋ္ဌကထာဆရာက 'တကယ်တော့ လောကထဲမှာ မသေ တဲ့သူဆိုတာ မရှိတဲ့အတွက် မမေ့လျောသောသူတွေဟာ မအိုဘူး မသေဘူးရယ်လို့ ပြောလိုတာတော့လည်း မဟုတ်ဘူးပေါ့။ မေ့မေ့လျော့လျော့ ပေါ့ပေါ့တန်တန် ဘာသိဘာသာ နေတဲ့သူတွေက ဝဋ်ဘဝဆင်းရဲက လွတ် မြောက်အောင်လုပ်ဖို့ သတိမရတဲ့အတွက် သူတို့အတွက်က ဘဝဆင်းရဲတွေကနေ လွတ်မြောက်ဖို့ လမ်းစမမြင် နိုင်ဘူးလေ။ ဒါကြောင့် ထပ်ခါထပ်ခါ ဘဝတွေဖြစ်၊ ထပ်ခါထပ်ခါ သေဆိုတော့ အသေမဆုံးနိုင်မည့်သူတွေ ဖြစ် တာကြောင့် ခုလိုမေ့မေ့လျော့လျော့ နေသူတွေကို အသက်ရှင်နေပေမယ့်လည်း သေသူတွေလို့ ပြောရတာတဲ့။ မမေ့မလျော့နေသူတွေကတော့ ဘဝဆင်းရဲက လွတ်မြောက်ကြောင်းအလုပ်ကို လုပ်ဖို့သတိရသူတွေ၊ လုပ်နေ သူတွေဖြစ်တာကြောင့် ဝဋ်ဆင်းရဲ အဆုံးအပိုင်းအခြားရှိတဲ့သူတွေ၊ ထပ်ခါထပ်ခါ သေဖို့မလိုတော့ပဲ ဒီဘဝမှာပင် ဖြစ်စေ၊ ဒါမှမဟုတ်လည်း နောင်ဘဝအနည်းငယ်လောက်နဲ့ပင် ဘဝဖြစ်စဉ်အဆုံးကို ရောက်ရှိနိုင်သူတွေဖြစ် တယ်။ ဒါကြောင့် မမေ့မလျော့ နေသူတွေကိုတော့ အသက်ရှင်လျက်ပဲ ဖြစ်နေဖြစ်နေ၊ အသက်သေနေခိုက်မှာ ပင်ဖြစ်စေဦး ရှင်နေသူတွေလို့ ဆိုနိုင်ပါတယ်' လို့ ရှင်းပြတယ်။ မှတ်သားဖွယ်ရာပါ။

မမေ့လျောနေသူတွေဆိုတာ ကိုယ့်ကောင်းကျိုး အများကောင်းကျိုးကို နည်းမျိုးစုံနဲ့ ဆောင်ရွက်နေသူတွေပဲ လေ။ မမေ့လျော့တတ်သူတွေဟာ ကိုယ်ပိုင်ဆိုင်တဲ့အရာတစ်ခုခုကို အများအတွက် အသုံးပြုတဲ့၊ အများတွေနဲ့ မျှဝေသုံးစွဲတဲ့ အလုပ်တစ်ခုကို လုပ်နေသူတွေဖြစ်တယ်။ ခန့်ခန့်လေးပြောရင်ဖြင့် ဒါနလုပ်သူတွေပေါ့။ သူတို့ ပိုင်ဆိုင်တဲ့ အရာဆိုတာ ပစ္စည်းဝတ္ထုတစ်ခုခုလည်းဖြစ်နိုင်သလို တတ်ကျွမ်းတဲ့ပညာ၊ သိထားတဲ့အသိ၊ ပိုင်ဆိုင် တဲ့အချိန် စသည် တစ်ခုခုလည်း ဖြစ်နိုင်တာပေါ့။ အသပြာမရှိပေမယ့် စွန့်ကြဲပေးကမ်းနိုင်တဲ့အရာတွေက အများ ကြီးပါ။ ကိုယ်ပိုင်ဆိုင်တဲ့ ဘယ်အရာကိုပဲဖြစ်စေ၊ အများအတွက် မျှဝေတတ်တဲ့သူတွေ များလာရင်ဖြင့် တို့တွေ နေထိုင်နေတဲ့ ဒီကမ္ဘာလောကကြီးက ပိုမိုလှပလာမှာ အသေအချာပါပဲ။ ကိုယ်ပိုလျံမှ၊ ကိုယ်အားလပ်မှ အများ အတွက် မျှဝေနိုင်မယ်ဆိုတဲ့ အတွေးမျိုးရှိနေပြန်လျင်လည်း မျှဝေဖို့ ခက်ခဲတတ်ပါတယ်။ ပိုလျှံမှုဆိုတာက ကျေနပ်ရောင့်ရဲခြင်းဆိုတာ မရှိသမျှ ဖြစ်နိုင်တာမျိုးမှ မဟုတ်တာ။ အများဆင်းရဲကို မကြည့်ရက်တဲ့ ကရုဏာ ရှင်တွေဆိုတာ ဘယ်မှာလာ ပိုလျံခြင်းတွေ၊ အားလပ်ချိန်ဆိုတာတွေကို စောင့်နေပါ့မလဲ။ မအားတဲ့ ကိုယ့်အချိန် ကို အများအတွက် မျှဝေခြင်း၊ မများတဲ့ ကိုယ့်ပိုင်ဆိုင်မှုကိုပင် အများနဲ့ မျှဝေတတ်ခြင်းဆိုတာ သူတော်ကောင်း နှစ်လုံးသားရှိသူတွေရဲ့ အမှတ်လက္ခဏာတွေပဲလေ။ ရောင့်ရဲကျေနပ်တတ်မှုနဲ့ကြင်နာမှု ရှိနေသူတွေအတွက် တော့ မျှဝေမှုဆိုတဲ့ ဒါနအလုပ်ကိုလုပ်ဖို့ အခက်အခဲ ဘယ်မှာရှိပါ့မလဲ။

ကိုယ်ကျေနပ်ပျော်ရွှင်စေဖို့ အတွက်ပဲဖြစ်ဖြစ်၊ ကိုယ့်ဘဝရှင်သန်မှုအတွက်ပဲဖြစ်ဖြစ် အခြားသူများရဲ့ပိုင်ဆိုင်ခွင့်တွေကို မတရား မယူတတ်ခြင်းဆိုတာ လူ့ကိုယ်ကျင့်တရားကို စောင့်ရှောက်ခြင်းဖြစ်တယ်။ ဒါက သီလထိန်း ခြင်းပါ။ မလုပ်သင့်တာကို မလုပ်ပဲထိန်းသိမ်း စောင့်ရှုတာဖြစ်လို့ ဒါကိုဝါရိတ္တသီလလို့ ခေါ်ပါတယ်။ စောင့်ထိန်းမှု သီလအပြင်၊ တစ်နည်းပြောရရင်၊ မလုပ်သီလအပြင် လုပ်သီလကိုလည်း ဖြည့်ဆည်းဖို့ လိုပါတယ်။ လူ့ယဉ်ကျေး မှု အဆင့်ဆင့်တိုးတက်ခြင်းအကြောင်းပြောကြရင် မလုပ်သီလအပြင် လုပ်သီလကိုလည်း လုပ်ဆောင်တဲ့ခေတ် မျိုးဟာ တိုးတက်တဲ့ခေတ်၊ အပြောင်းအလဲရှိတဲ့ခေတ်လို့ သုံးသပ်ပြောဆိုကြတယ်။ မကောင်းတဲ့ မလုပ်သင့်တဲ့ အရာမှန်သမျှ ရှောင်ကြဉ်ဖို့အပြင် ကောင်းတဲ့လုပ်သင့်တဲ့အရာမှန်သမျှ လုပ်ကြဖို့ဆိုတာကလည်း အရေးကြီးတဲ့ အချက်တစ်ခုဖြစ်တယ်။ ဒါကို ဗုဒ္ဓစကားအရ 'ကုသလဿ ဥပသမ္ပဒါ'-ကောင်းတာတွေကို လုပ်ဆောင်ပါလို့ ပြောလို့ရသလို သီလအနေနဲ့ ပြောရင်လည်း စာရိတ္တသီလ-လိုက်နာပြုလုပ်ရမယ့် သီလလို့ ပြောလို့ရပါတယ်။ မဆိုင်သလို နေတတ်မှုသီလတွင်ပါမက ဆိုင်သလိုနေတတ်အောင်ပြုကျင့်တတ်တဲ့ ဒီစာရိတ္တသီလကိုလည်း ဖြည့်ကျင့်ကြဖို့ အထူးလိုအပ်ပါတယ်။

ဒါကို ဓမ္မနွယ်တဲ့ သံသရာနဲ့ဆက်စပ်တဲ့ ရှင်းပြချက်လို့ ယူဆကောင်း ယူဆနိုင်ပါမယ်။ လောကနယ်ပယ်မှာလဲ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကိုမလုပ်ပဲ အချိန်တွေဖြုန်းတီးနေသူတွေဟာလည်း သေသူနဲ့ အတူတူပါပဲ။ အ သက်ဝိဉာဉ်ကင်းမဲ့နေတဲ့ သေသူအလောင်းကောင်ဆိုတာ သစ်တုံးတစ်ခုနဲ့ အတူတူပါပဲ။ သစ်တုံးတစ်ခုဟာ ပြု ပြင်ဖန်တီးသူမရှိရင် သူကိုယ်တိုင် ဘာမှမလုပ်နိုင်သလို အလောင်းကောင်ဆိုတာလည်း လောကကောင်းကျိုး တစ်ခုခုကို ဘာမှ မလုပ်နိုင်တော့ပါဘူး။ လုပ်နိုင်ပါလျက် တာဝန်မဲ့စိတ်ကြောင့် လောကကောင်းကျိုး၊ နိုင်ငံ ကောင်းကျိုး၊ မိသားစုကောင်းကျိုးစတာတွေကို မလုပ်ပဲ ဘာသိဘာသာနေသူတွေလည်း သေသူအလောင်းလို ပါပဲ။ သူတို့နဲ့စပ်ပြီး ကမ္ဘာလောကကြီး ဘာကောင်းကျိုးမှ ဖြစ်ဖွယ်မရှိပါဘူး။ လောကကြီးကသာ၊ လူ့အဖွဲ့အစည်း ကသာ သူတို့အတွက် လုပ်ပေးရဖို့ သူတို့ဝန်ကို ထမ်းရဖို့ ရှိပါတယ်။

ဒါကြောင့် အသက်ရှည်ဖို့ထက် အသက်ရှင်သန်ဖို့ကသာ ပိုအရေးကြီးပါတယ်လို့ ပြောကြတာပါ။ အများစုသော သူတွေကတော့ အသက် ရှင်သန်ရေးထက် အသက်ရှည်ဖို့အရေးကိုပဲ ဦးစားပေးကြပါတယ်။ ကိုယ်ကျင့်တရား (သီလ-မလုပ်ခြင်းခြင်းနဲ့လုပ်ခြင်းတရား) နဲ့ ယှဉ်လာပါက အသက်ကိုစွန့်ရမယ်ဆိုတဲ့ ဗုဒ္ဓအဆုံးအမစကားဟာ ရှည်ရေးထက် ရှင်ရေးကို ဦးစားပေးရမယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။ အသက်ရှည်ရေးတွက် ကြောင့်ကြစိုက်နေ တာထက်စာရင် ရှင်သန်နေတဲ့အခိုက်မှာ အဓိပ္ပါယ်ရှိရှိ နေထိုင်ဖို့ကသာ ပိုအရေးကြီးကြောင်းကိုလည်း ပြောကြ တာပါ။ သေနေတဲ့ဘဝနဲ့ အသက်ကြာကြာ ရှည်နေခြင်းထက် ရှင်နေတဲ့ဘဝနဲ့ တစ်နေ့တစ်ရက် တစ်မနက်မျှ နေထိုင်ရခြင်းက ပိုမိုမွန်မြတ်တယ်ဆိုတဲ့ မြတ်ဗုဒ္ဓရဲ့ စကားကိုလည်း အမှတ်ရနေမိပါတယ်။ ။

ဓမ္မပဒကျမ်းကို အခြေခံပါသည်

အရှင်ဉာဏိကာဘိဝံသ