Saturday, November 27, 2010

သောကကင်းဝေး နေနိုင်ရေး



သောကကင်းဝေး နေနိုင်ရေး

ပုထုဇဉ်သတ္တ၀ါတိုင်းလိုလိုပင် သောက တစ်ခုမဟုတတစ်ခု အကြောင်းအားလျော်စွာ ဖြစ်ပေါ်တတ်ကြပါသည်။ သောကမဖြစ်ဖူးသူဟူ၍ လောကတွင် မရှိနိုင်ပါ။ သို့သော် လူတိုင်းလူတိုင်းပင် သောက မဖြစ်ချင်ကြပေ။ သောကကင်းကွာ အေးချမ်းစွာ နေလိုကြသည်။ ထို့ကြောင့် ပညာရှင်များသည် သောကကင်းဝေး နေနိုင်ရေး နည်းလမ်းများကို ရှာကြံခဲ့ကြသည်။ အချို့သော ပညာရှင်တို့က သောကကင်းဝေ နေနိုင်ရေး နည်းလမ်းများကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဖော်ထုတ်ရေးသားခဲ့ကြပေသည်။

သုံးလောကထွတ်ထား ရှင်တော်မြတ်ဘုရားသည် လွန်ခဲ့သော နှစ်ပေါင်း (၂၅၅၄)နှစ်ကျော်ကပင် သောကကင်းဝေး နေနိုင်ရေး နည်းလမ်းများကို ဖော်ထုတ်ဟောကြားတော်မူခဲ့ပြီး ဖြစ်ပါသည်။ ရှင်တော်မြတ်ဘုရား ဟောကြားတော်မူခဲ့သော နည်းလမ်းများမှာ ပုဂ္ဂိုလ်အမျိုးမျိုး၏ အလိုဆန္ဒ အမျိုးမျိုးအားလျော်စွာ ဟောကြားတော်မူခဲ့ခြင်းဖြစ်၍ နည်းအမျိုးမျိုးပင် ရှိလေသည်။

ရောဂါတစ်ခု ကင်းပျောက်စေရန် ကုသသော သမားတော်သည် ရောဂါ၏လက္ခဏာနှင် ရောဂါဖြစ်ကြောင်းကိုလည်းကောင်း၊ ရောဂါ ပျောက်ကင်းစေနိုင်သည့် ဆေးကိုလည်းကောင်း နားလည်သိရှိထားရသကဲ့သို့ သောကကင်းဝေးနေနိုင်ရေးကို အလိုရှိသောသူသည်လည်း သောက၏လက္ခဏာနှင့် သောကဖြစ်ကြောင်းတရားများကိုလည်းကောင်း၊ သောကပျောက်ငြိမ်းစေသော နည်းလမ်းများကိုလည်းကောင်း သိရှိနားလည်ထားရမည် ဖြစ်ပါသည်။

သောက၏ တရားကိုယ်။ ။

သောက၏ တရားကိုယ်မှာ ဒေါသမူစိတ်(၂)နှစ်ပါး၌ရှိသော ဒေါမနဿ ဝေဒနာစေတသိတ်၊ (တစ်နည်း) ဒေါသမူစိတ်နှစ်ပါးဖြစ်တိုင်း မကွေမကွာ ပါမြဲဖြစ်သော ဒေါမနဿ ဝေဒနာစေတသိတ်ပင် ဖြစ်ပါသည်။ ခန္ဓာအားဖြင့် ဝေဒနက္ခန္ဓာ၊ အာယတနအားဖြင့် ဓမ္မာယတန၊ ဓာတ်အားဖြင့် ဓမ္မဓာတ်၊ သစ္စာအားဖြင့် ဒုက္ခသစ္စာတရားပင် ဖြစ်ပါသည်။

သောက၏ လက္ခဏာ။ ။

ထိုသောကအမည်ရှိသော ဒေါမနဿဝေဒနာသည် စိတ်နှလုံးကို ပူပန်စေတတ်သော လက္ခဏာ ရှိပါသည်။ ထိုဒေါမနဿဝေဒနာ ဖြစ်ပွါးဖန် များလာသောအခါ နှလုံးပူပန်မှုများလာသဖြင့် နှလုံးသွေးကို ခန်းခြောက်စေနိုင်ပါသည်။ နှလုံးနှင့် ပတ်သက်သော ရောဂါဝေဒနာများလည်း ဖြစ်ပေါ်တတ်ပါသည်။ ရင်ကွဲနာကျ၍ သေသည်ဟုဆိုသော ပုဂ္ဂိုလ်များသည် ဤသောက၏ဒဏ်ကို ပြင်းထန်စွာ ခံကြရခြင်း ဖြစ်ပါသည်။

သောက၏ မှီရာ။ ။

သောကသည် နှလုံးသွေးဟုဆိုအပ်သော ဟဒယ၀တ္ထုကို မှီ၍ဖြစ်ပေါ်၏။ ထိုသို့ နှလုံးသွေးနှင့် သောက ဆက်စပ်နေသဖြင့် သောကဖြစ်တိုင်းဖြစ်တိုင်း နှလုံးသွေးမှာ ပြောင်းလဲလာရပြီး နှလုံးမှာ ရောဂါဖြစ်လာကြရခြင်း ဖြစ်ပါသည်။ သောက၏ အပူဒဏ်ကို နှလုံးသွေးက ခံနေရ၍ အပူဒဏ် ပြင်းထန်သည်နှင့် အမျှ ရောဂါသည်လည်း ပြင်းထန်လာလေ့ရှိပါသည်။

(အဘိ၊ ၂၊ ပါ၊ ၁၀၄။ ဋ္ဌ၊ ၉၆။)

သောကဖြစ်ကြောင်း တရားများ။ ။

သောကသည် အကြောင်းအမျိုးမျိုးတို့ကြောင့် ဖြစ်ပေါ်လာတတ်ပါ၏။ လူတိုင်း၏ အတွင်းသဏ္ဍာန်၌ဖြစ်သော ကာမာသ၀၊ ဘ၀ါသ၀၊ ဒိဋ္ဌာသ၀၊ အ၀ိဇ္ဇာသ၀ ဟူသော အာသဝေါတရား (၄)ပါး တို့ကြောင့်လည်း ဖြစ်ပေါ်လာတတ်၏။

သန္တတိအမတ်ကြီး စသောသူတို့ကဲ့သို့ လိုချင်ဖွယ် ကာမဂုဏ် အာရုံတို့ကို လိုချင်မှုဟူသော ကာမာသ၀ကြောင့်လည်း သောကဖြစ်ကြရသည်။ သိကြားမင်းနှင့် သုဗြဟ္မာနတ်သား စသူတို့ကဲ့သို့ ဘ၀ကို လိုချင်တပ်မင်မှုဟူသော ဘ၀ါသ၀ကြောင့်လည်း သောကဖြစ်ကြရသည်။ ထိုအပြင် အမြင်မှားမှု (ဒိဋ္ဌိ) ဟူသော ဒိဋ္ဌာသ၀ကြောင့်လည်း သောကဖြစ်ကြရသည်။ သစ္စာ(၄)ပါး စသည်တို့၏ သဘောအနက်ကို ပြတ်ပြတ်ထင်ထင် မသိမြင်ခြင်းတည်းဟူသော အ၀ိဇ္ဇာသ၀ကြောင့်လည်း သောကဖြစ်ကြရသည်။

တစ်ဖန် ပျက်စီးခြင်း (ဗျသန) တရား ငါးပါးတို့နှင့် ကြုံတွေ့ရသည့် အခါမျိုးတွင်လည်း သောကတရား ဖြစ်ပွါးကြရသည်။ ဘုရားရှင် လက်ထက်တော်က ပဋာစာရီ၊ ကိသာဂေါတမီ တို့ကဲ့သို့ ဆွေမျိုးသားချင်းတို့၏ ပျက်စီးခြင်း (ဉာတိဗျသန) နှင့် ကြုံတွေ့ကြရသောကြောင့်လည်း သောကတရား ဖြစ်ပွါးကြရသည်။ ဘာရဒွါဇအနွယ် ပုဏ္ဏားကြီးကဲ့သို့ စည်းစိမ်ဥစ္စာ ပျက်စီးခြင်း (ဘေဂဗျသန) နှင့် ကြုံတွေ့ကြရသောကြောင့်လည်း သောကတရား ဖြစ်ပွါးကြရသည်။ ဆန္ဒမထေရ်ကဲ့သို့ ရောဂါပြင်းထန်စွာ နှိပ်စက်ခံရခြင်း (ရောဂဗျသန) နှင့် ကြုံတွေ့ကြရသောကြောင့်လည်း သောကတရား ဖြစ်ပွါးကြရသည်။ ဣသိသိင်္ဂ ရသေ့ကလေးကဲ့သို့ အလမ္ဗုသာ နတ်သမီး၏ ဖြားယောင်းသွေးဆောင် ဖျက်ဆီးမှု ခံရခြင်းဟူသော (သီလိဗျသန) နှင့် ကြုံတွေ့ကြရသောကြောင့်လည်း သောကတရား ဖြစ်ပွါးကြရသည်။ ဘုရားရားရှင် လက်ထက်တော်က နကုလပိတာ သူကြွယ်အား ဟောကြားသကဲ့သို့ အမြင်မှားခြင်း (ဒိဋ္ဌိဗျသန) နှင့် ကြုံတွေ့ကြရသောကြောင့်လည်း သောကတရား ဖြစ်ပွါးကြရသည်။ ခြုံ၍ ပြောရပါမူ အာသဝေါတရား (၄)ပါး ဖြစ်ပွါးသည့် အခါမျိုး၌လည်းကောင်း၊ ဗျသနတရား (၅)ပါးနှင့် တွေံကြုံကြရသည့် အခါမျိုး၌လည်းကောင်း ပုထုဇဉ်သတ္တ၀ါတိုင်းမှာ သောကဖြစ်ပွါးကြရခြင်း ဖြစ်ပါသည်။

သောကကင်းကြောင်း နည်းလမ်းကောင်း။ ။

ဖော်ပြခဲ့သော အကြောင်းအမျိုးမျိုးကြောင့် သောကဝေဒနာ၊ သောကရောဂါဒဏ်ကို ခံစားနေကြရသော ပုဂ္ဂိုလ်များအတွက် သောကကင်းဝေး နေနိုင်ရေး ဆေးနည်းကောင်း တရားတော်များကို အတုမဲ့သမားတော်ကြီး ဖြစ်တော်မူသော ဘုရားရှင်သည် ပိဋကတ်ပါဠိတော်တွင် နေရာများစွာ၌ပင် နည်းပေး ဟောကြားတော်မူခဲ့ပါသည်။ ထိုသို့ဟောကြားတော်မူခဲ့သော တရားတော်များတွင် မဟာသတိပဋ္ဌာနသုတ္တန် တရားတော်သည် အထင်ရှားဆုံး ဖြစ်ပါသည်။ ထိုသုတ္တန်တရားတော်တွင်

“သတ္တ၀ါတို့၏ စိတ်စင်ကြယ်စေရန်၊ စိုးရိမ်ပူပန်ခြင်း ကင်းစေရန်၊ ငိုကြွေးပူဆွေးခြင်းတို့ လွန်မြောက်စေရန်၊ ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်းတို့ ချုပ်ငြိမ်းစေရန်၊ အရိယာမဂ်ကို ရစေရန်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်စေရန်အတွက် တစ်ကြောင်းတည်းသော လမ်းမှာ (တစ်ခုတည်းသော နည်းလမ်းမှာ) ဤသတိပဋ္ဌာန်တရား (၄)ပါးတို့ပင် ဖြစ်ပါသည်” ဟု မြတ်စွာဘုရား ဟောကြားတော်မူခဲ့ပါသည်။

ဤသတိပဋ္ဌာန်တရား (၄)ပါးကို ပွါးများလျှင်…

၁။ သတ္တ၀ါတို့၏ စိတ်အညစ်အကြေးကို စင်ကြယ်စေနိုင်ခြင်း၊

၂။ သောကမီး၊ သောကဝေဒနာကို ပျောက်ကင်းစေနိုင်ခြင်း၊

၃။ ငိုကြွေးရမှုများ ရပ်ဆိုင်းသွာနိုင်ခြင်း၊

၎။ ကိုယ်ဆင်းရဲမှုများ ချုပ်ငြိမ်းသွားနိုင်ခြင်း။

၅။ စိတ်ဆင်းရဲမှုများ ချုပ်ငြိမ်းသွားနိုင်ခြင်း။

၆။ အသိဉာဏ် တိုးတတ်ရရှိနိုင်ခြင်း။

၇။ သံသရာ မီးတောက်မီးလျှံများ အပြီးတိုင် ငြိမ်းအေးသွားနိုင်ခြင်း

ဟူသော အကျိုးတရား (၇)ပါးကို ရရှိနိုင်ပါသည်။

ထို့ကြောင့် သောကကင်းဝေး အေးချမ်းစွာ နေနိုင်ရေးအတွက် နည်းကောင်းမှာ သတိပဋ္ဌာန်တရားကို ပွါးများ အားထုတ်ခြင်းပင် ဖြစ်ပါသည်။ ယင်းသတိပဋ္ဌာန်တရား (၄)ပါးကို အကျဉ်းချုပ် တင်ပြရပါမူ ဤသို့ဖြစ်ပါသည်။

၁။ ရုပ်အပေါင်းဟု ဆိုအပ်သော ကာယကို (၀ါ) ထွက်လေ ၀င်လေ အစရှိသော ကာယကို အမြဲမပြတ် ရှုမှတ်နေခြင်းအားဖြင့် သတိကုသိုလ်တရား ဖြစ်ပွါးနေအောင် ပြုလုပ်ခြင်း။ (ကာယာနုပဿနာ သတိပဋ္ဌာန်)။

၂။ မိမိသန္တာန်၌ ဖြစ်ပေါ်နေသော ခံစားမှု (ဝေဒနာ) အပေါင်းကို (၀ါ) မိမိသန္တာန်၌ဖြစ်စေ၊ အပသန္တာန်၌ဖြစ်စေ၊ ဖြစ်ပေါ်နေသော ချမ်းသာခံစားမှု၊ ဆင်းရဲခံစားမှု၊ မချမ်းသာ မဆင်းရဲ အလယ်အလတ်ခံစားမှု စသောခံစားမှုအပေါင်း ပေါ်တိုင်းပေါ်တိုင်း အမြဲမပြတ် ရှုမှတ်နေခြင်းအားဖြင့် သတိကုသိုလ်တရား ဖြစ်ပွါးနေအောင် ပြုလုပ်ခြင်း။ (ဝေဒနာနုပဿနာ သတိပဋ္ဌာန်)။

၃။ မိမိသန္တာန်၌ ဖြစ်ပေါ်နေသော သိမှု (စိတ်) အမျိုးမျိုးကို (၀ါ) လိုချင်တပ်မက်စိတ်၊ လိုချင်တပ်မက်မှု ကင်းသောစိတ်၊ အမျက်ထွက်သောစိတ်၊ အမျက်ထွက်မှု ကင်းသောစိတ် စသောစိတ်အမျိုးမျိုး ပေါ်တိုင်းပေါ်တိုင်း အမြဲမပြတ် ရှုမှတ်နေခြင်းအားဖြင့် သတိကုသိုလ်တရား ပွါးများနေအောင် ပြုလုပ်ခြင်း။

(စိတ္တာနုပဿနာ သတိပဋ္ဌာန်)။

၎။ မိမိသန္တာန်၌ ဖြစ်ပေါ်နေသော နီဝရဏတရား (၅)ပါးစသော တရား(ဓမ္မ)ကို (၀ါ) လောဘတရား၊ ဒေါသတရား၊ မောဟတရား စသော တရား(ဓမ္မ) အမျိုးမျိုး ပေါ်တိုင်းပေါ်တိုင်း အမြဲမပြတ် ရှုမှတ်နေခြင်းအားဖြင့် သတိကုသိုလ်တရား ပွါးများနေအောင် ပြုလုပ်ခြင်း။ (ဓမ္မာနုပဿနာ သတိပဋ္ဌာန်) တို့ဖြစ်ပါသည်။

ဤသတိပဋ္ဌာန်တရား (၄)ပါးမှာ ဘုရားရှင်ကိုယ်တော်တိုင် သောကကင်းဝေး အေးချမ်းစွာ နေနိုင်ရန်အတွက် အာမခံကာ နည်းပေးဟောကြားတော်မူခဲ့သော နည်းလမ်းကောင်းများပင် ဖြစ်ပါတော့သည်။ ဤနည်းလမ်း (၄)မျိုးတို့တွင် တစ်မျိုးတည်းကိုပင်ဖြစ်စေ၊ (၄)မျိုးလုံးကိုပင်ဖြစ်စေ အချိန်အခါနှင့် အခြေအနေအားလျော်စွာ အမြဲမပြတ် ရှုမှတ် ပွါးများနေသူသည် သောကဖြစ်စရာအာရုံ တစ်စုံတစ်ခုနှင့် ကြုံတွေ့ရပါသော်လည်း အထက်ပါ လောဘ ဒေါသ စသောတရားများ ကြမ်းတမ်းစွာ ဖြစ်ပေါ်လာတော့မည် မဟုတ်ပေ။ ရှုမှတ်သူသည် သောက၏ဒဏ်ကို ခံနိုင်ရှိသူ ဖြစ်လာပေလိမ့်မည်။ ထို့ကြောင့် ရောဂါတစ်ခုကို မဖြစ်ပေါ်မီ ကြိုတင် ကာကွယ်ရသည့်နည်းတူ ပြင်းထန်သော သောကဝေဒနာတရားနှင့် မတွေ့ကြုံရမီကပင် ဤသတိပဋ္ဌာန်တရား (၄)ပါးကို ကြိုတင်လေ့လာ ပွါးများ အားထုတ်သင့်လှပါသည်။

(ဒီဃ၊ ၂၊ ၂၃၁။ ဋ္ဌ၊ ၃၃၄။)

အရှင်အာနန္ဒာနှင့် သောက။ ။

အရှင်အာနန္ဒာသည် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးစမှစ၍ နေ့စဉ်နေ့တိုင်းပင် ဖြေမဆည်နိုင် ငိုကြွေးနေခဲ့သည်။ မြတ်စွာဘုရား သီတင်းသုံးတော်မူခဲ့ရာ ဇေတ၀န်ကျောင်းတော်၏ ဂန္ဓကုဋိကျောင်းဆောင်အတွင်းဝယ် ကုတင်ညောင်စောင်းတော်ကို မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်က ပြုစုလုပ်ကျွေးခဲ့သည့် ၀တ္တရားများအတိုင်း မျက်ရည်ဖြိုင်ဖြိုင်ကျရင်း ဆက်လက်ပြုလုပ်နေခဲ့သည်။

ကျောင်းတော်ကို တံမြက်လှဲခြင်း၊ အိပ်ယာခင်းခြင်း၊ မျက်နှာသစ်ရေ ပြင်ဆင်ပေးခြင်း စသည့်ဝတ္တရားများကို ဆက်လက်ပြုလုပ်လျက် “မြတ်စွာဘုရား၊ ဤအချိန်ကား ဆွမ်းခံချိန်ပါဘုရား။ ကိုယ်တော်တစ်ပါးတည်း ကိန်းအောင်းချိန်ပါဘုရား။ ပရိဿတ်များ ဖူးမျှော် ကန်တော့ခံချိန်ပါဘုရား။ ရဟန်းတော်များကို သြ၀ါဒစကား ချီးမြှင့်ရန် အချိန်ပါဘုရား” စသည်ဖြင့် ငိုယိုလျက် နေ့စဉ် အချိန်မှန်မှန် လျှောက်ထားမြဲ လျှောက်ထားနေခဲ့၏။ စိုးရိမ်ပူဆွေး ငိုကြွေးနေခဲ့၏။ နောက်တွင်မှ အသိတရားရကာ ပညာဉာဏ်ဖြင့် ဆင်ခြင်၍ သောကကို ထိန်းနိုင်ခဲ့ပါသည်။ ထိုစဉ်က အရှင်အာနန္ဒာသည် အာသဝေါကင်းကွာ ရဟန္တာ မဖြစ်သေးပေ။ သောတာပန်မျှသာ ဖြစ်သောကြောင့် သောကမီးလောင်ခြင်းဒဏ်ကို ခံရခြင်း ဖြစ်ပါသည်။ သို့သော်လည်း ပထမသင်္ဂါယနာ မတင်မီအချိန်တွင် အရှင်အာနန္ဒာသည် ကိလေသာကင်းကွာ၍ ရဟန္တာအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါသည်။ (ဒီဃ၊ ၁၊ ဋ္ဌ၊ ၇၊ ဂ။)

ရဟန္တာပုဂ္ဂိုလ်တို့မှာမူ ကိလေသာ အာသဝေါ ကုန်ခမ်းပြီးဖြစ်၍ စိုးရိမ်ပူဆွေးမှု သောက မဖြစ်တော့ချေ။ မိဘ ဆွေမျိုး မိတ်ဆွေများ၏ ပျက်စီးမှုကို မဆိုထားဘိ၊ မိမိကိုယ်တိုင် သတ်ဖြတ်ခြင်းခံရ၊ ညှဉ်းဆဲခြင်းခံရခြင်းနှင့် ကြုံတွေ့ရလျှင်သော်မှလည်း ကြောက်ရွှံ့ထိတ်လန့်ခြင်း၊ စိုးရိမ်ပူဆွေး ငိုကျွေးခြင်း၊ နှလုံးမသာယာခြင်း မဖြစ်တော့ချေ။ အကြောင်းမူ မိမိခန္ဓာ(၅)ပါး အပါအ၀င် အရာခပ်သိမ်းအပေါ်၌ တွယ်တာကပ်ငြိမှုမရှိ။ စွန့်လွှတ်ပြီး ဖြစ်သောကြောင့်တည်း။

ပုထုဇဉ်ပုဂ္ဂိုလ်များမှာမူ ဘာကိုမျှ မစွန့်လွတ်နိုင်။ သက်ရှိ သက်မဲ့အားလုံးကို တွယ်တာကပ်ငြိနေသောကြောင့် အမြဲတမ်း စိုးရိမ်သောက ရောက်နေကြရ၏။ ကြောက်ရွှံ့ထိတ်လန့်တတ်ကြ၏။ တစ်သက်တာ တွေ့ကြုံရသည့် သောကများကို စုပုံလိုက်မည်ဆိုပါက တောင်တစ်ခုစာမျှ ရှိပေလိမ့်မည်။ လူ့ဘ၀ကို အူဝဲဟူသော ငိုသံဖြင့် စခဲ့ရ၍ ထိုနည်းတူ ငိုသံဖြင့်ပင် လူ့ဘ၀ကို အဆုံးသတ်ကြရသည်။ အစမထင် သံသရာတွင် တစ်ယောက်တည်း ကျခဲ့ရသော မျက်ရည်များသည်ပင် သမုဒ္ဒရာရေ ပမာဏမျှ များသည်ဟု မြတ်စွာဘုရားရှင် ထုတ်ဖော်ဟောကြားတော်မူခဲ့ပြီး ဖြစ်ပါသည်။

လူတို့သည် စိုးရိမ်သောကများ အဆက်မပြတ် ခံစားနေရပါလျက် အားမရ တင်းမတိမ်နိုင်သေးဘဲ၊ အလွမ်းဇာတ်ကားများကြည့်ကာ အငှါးမျက်ရည်ကျပြီး၊ သောကခံစားကြသေးသည်။ ချစ်သူအတွက် မည်မျှစိုးရိမ်ရကြောင်း ထုတ်ဖော်ပြောကြားခြင်းဖြင့် အချစ်ကို သောကဖြင့် သက်သေထူကြသည်။ သေချာစွာ စိစစ်ကြည့်ပါက ပုထုဇဉ်လူသားတို့၏ဘ၀ကို သောကဖြင့် တည်ဆောက်ထားပုံရသည်။ အမှန်စင်စစ် သောကဖြစ်ရမည်ကို မည်သူမျှ မလိုလားကြချေ။ သို့သော်လည်း ထိုသောကဖြစ်စေမည့် အကြောင်းတရားကိုလည်း မစွန့်လွှတ်လိုကြချေ။ အကောင်းထင်နေကြ၏။ သောက၏အကြောင်းရင်းမှာ “ပီယ” ခေါ် ချစ်ခြင်မေတ္တာပင်တည်း။ တစ်လောကလုံးသည် အချစ်ကို အမွှမ်းတင်ကာ ဂီတသီချင်းအသွင်ဖြင့် အမြတ်တနိုး ဖွဲ့ဆိုနေကြ၏။ အချစ်ကြောင့် အသက်ရှင်နေရ၍ အချစ်မရှိလျှင် ဘ၀အဓိပ္ပါယ် ကင်းမဲ့နေပြီဟု ထင်ကြ၊ ပြောဆိုနေကြ၏။ ထိုေ့ကြောင့် အချစ်ကို ရှာဖွေ၍ တယုတယ ပြုစု မွေးမြူနေကြ၏။ အမှန်မူ ထိုသို့ပြုမူနေခြင်းသည် သောကကို ရှာဖွေပြုစ မွေးမြူုနေခြင်းဖြစ်ကြောင်း သဘောမပေါက်ကြချေ။

ကောသလနှင့် သောကအဖြေ။ ။

မြတ်စွာဘုရားရှင်က

“ပိယတော ဇာယတေ သောကော၊

ပိယတော ဇာယတေ ဒုက္ခံ။

ပိယတော၊ ချစ်ခင်နှစ်သက် စုံမက်မြတ်နိုးမှုကြောင့်။ သောကော၊ စိုးရိမ်ခြင်းသည်။ ဇာယတေ၊ ဖြစ်ပေါ်ရ၏။ ပိယတော၊ ချစ်ခင်နှစ်သက် စုံမက်မြတ်နိုးမှုကြောင့်။ ဒုက္ခံ၊ ဆင်းရဲဒုက္ခသည်။ ဇာယတေ၊ ဖြစ်ပေါ်ရ၏။” ဟူ၍ ဇေတ၀န်ကျောင်းတော်၌ ဟောတော်မူခဲ့ပါသည်။ ထိုတရားတော်ကို သာဝတ္ထိပြည်ရှင် ကောသလမင်းကြီး ကြားသိရသောအခါ မလ္လိကာ မိဖုရားကြီးအား “ဘုရားဟောတာ မှန်နိုင်ပါ့မလား။ လူတိုင်းက အချစ်ကို မြတ်နိုးနေကြတာ၊ တောင့်တနေကြတာ မဟုတ်လား။ အချစ်ကြောင့် ၀မ်းသာရွှင်ပျ ပျော်မြူးကြရသည့် ချမ်းသာသုခကို ရနေပါလျက် အချစ်ကြောင့် သောကနှင့် ဒုက္ခ ဖြစ်ရတယ်ဆိုတာ ဟုတ်နိုင်ပါ့မလား။” ဟု မေးမြန်းဆွေးနွေးခဲ့သည်။

မလ္လိကာ မိဖုရားကြီးက မြတ်စွာဘုရား ဟောတော်မူသော တရားတော်မှာ တစ်သွေမတိမ်း မှန်ကန်ပါကြောင်း ထောက်ခံပြောကြားခဲ့သည်။ ထိုအခါ ကောသလမင်းကြီးက “သင် မိဖုရားကြီးသည် ဘုရားဟောသမျှ အားလုံးမှန်သည်ချည်းပင်။ နည်းနည်းမျှ ဝေဖန်ခြင်းမပြု။ စဉ်းစားခြင်း မပြု။ ဘာဟောဟော ဟောသမျှ ထောက်ခံဖို့ အသင့်ဖြစ်နေတာဘဲ” ဟု အပြစ်တင်ခဲ့လေသည်။

မိဖုရားကြီးက “အရှင်မင်းကြီးသည် ဤနန်းတော်တွင်း၌ မည်သူ့ကို အချစ်ဆုံး ဖြစ်သနည်း၊ အမှန်အတိုင်း ပြောကြားပါလော့။” ဟုမေးမြန်း၏။ မင်းကြီးက “၀ဇီရ အမည်ရှိသော သမီးတော်လေးကို အချစ်ဆုံးပါ” ဟု ဖြေဆို၏။ “အကယ်၍များ ထိုသမီးတော်လေး အပြင်းအထန် နာမကျန်း ဖြစ်ပါက စိုးရိမ်သောက မဖြစ်ဘဲ နေပါမည်လား” ဟုမေး၏။ ကောသလမင်းကြီးလည်း “စိုးရိမ်သောက ဖြစ်မည်သာ” ဟုဝန်ခံ ဖြေဆိုလိုက်ရလေသည်။ ထိုသို့ဖြစ်လျှင် အချစ်ကြောင့် စိုရိမ်သောက ဖြစ်ရပါသည်ဟူသော ဘုရားဒေသနာမှန်၊ မမှန်မေးမြန်းခဲ့ရာ ကောသလမင်းကြီးသည် ဘုရားဟောဒေသနာတော် မှန်ကန်ပါကြောင်း ၀န်ခံလိုက်ရတော့သည်။

(သဂါထာ၊ သံ၊ ပါ၊ ၇၄။ ဋ္ဌ၊ ၁၂၉။ ဥဒါန၊ ပါ၊ ၁၃၃။ ဋ္ဌ၊ ၂၄၈။)

ထို့ကြောင့် ဘုရားရဟန္တာတို့ကဲ့သို့ စိုရိမ်သောက ကင်းဝေးရန် မဖြစ်နိုင်သော်လည်း စိုးရိမ်သောက လျော့နည်းသွားအောင် သောက၏အကြောင်းဖြစ်သော အချစ်ကို လျှော့ပေးသင့်၏။ အသိဉာဏ် ပညာဖြင့် ဆင်ခြင်ထားပါက သောကနှင့် အမှန်တကယ် တွေ့ကြုံကြရသည့်အခါ စိုးရိမ်ပူဆွေးခြင်း မရှိဘဲ၊ သောကကို ဖြေဖျောက်ကာ ကျော်လွှားနိုင်ပေလိမ့်မည်။ ဘုရားပေးသော နည်းဖြစ်သည့် သတိပဋ္ဌာန်တရားကို ပွါးများအားထုတ်ခြင်းအားဖြင့်လည်း သောကနည်းနိုင်၊ သောကကို ကျော်လျှားနိုင်ပါကြောင်း သောကကင်းဝေး နေနိုင်ရေးနည်းလမ်းကောင်းများကို ရှာဖွေတင်ပြလိုက်ရပါသည်။ ။

အရှင်ဥက္ကံသ သာသနတက္ကသီလ မဟာဓမ္မာစရိယM.A.(Buddhism)