Tuesday, November 9, 2010

အန္တရာယ်ပေးသော အဆိပ်နှင့် အဆိပ်မမည်သော အဆိပ်များ



အန္တရာယ်ပေးသော အဆိပ်နှင့် အဆိပ်မမည်သော အဆိပ်များ

လူနှင့်ပတ်ဝန်းကျင်တွင် လူတို့အသက်ကို လက်တလော သေကြေ ပျက်စီးစေတတ်သော အဆိပ်များ၊ တစ်ဖြည်းဖြည်း သေကြေပျက်စီး စေတတ်သော အဆိပ်များနှင့် မူရင်းအားဖြင့် အဆိပ်မမည်ပေ။ သို့သော် အဆိပ်ကဲ့သို့ပင် ထပ်တူ အန္တရာယ်ပေးတတ်သော အဆိပ်မမည်သော အဆိပ်များ လွန်စွာ ပေါများလှပါသည်။ နေ့စဉ် မှီဝဲစားသောက်နေသော အစာအာဟာရမှလည်း အဆိပ်ဖြစ်နိုင်၏။ ဥပမာ။ ။ ပလောပီနံနှင့် ဥဒေါင်းသား၊

ခိုသားနှင့် မုန့်ညင်းဆီ၊ ပေအူနှင့် ၀က်သား၊ ခံသီးနှင့် ဘဲဥ၊ ဖရီးသီးနှင့် ဘဲဥ၊ စိန်နှင့် သံပုရာ စသည်အားဖြင့် ဆန့်ကျင်ဘက် အာာဟာရတို့ပင် ဖြစ်ပါသည်။

လက်တလော သေကြေပျက်စီးစေတတ်သော လူလုပ် အဆိပ်များလည်း ရှိသေး၏။ ဥပမာ။ ။ ဇီဝလက်နတ်များ၊ ဓါတုလက်နတ်များ၊ အဏုမြူလက်နတ်များ၊ နျူကလီးယား လက်နတ်များပင် ဖြစ်ပါသည်။ ထို့ပြင် ပတ်ဝန်းကျင် သဘာဝမှဖြစ်သော အဆိပ်များလည်း ရှိသေး၏။ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ကြောင့် အဆိပ်သင့်မှုများ၊ အိုဇုန်းလွှာ ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော ခရမ်းလွန်ရောင်ခြည် အဆိပ်သင့်မှုများ၊ အဏုမြူဓါတ်ပေါင်းဖိုမှ စိမ်းယိုသော အဆိပ်များ၊ ပိုးသတ်ဆေးဖြန်းထားသော ဟင်းသီး ဟင်းရွက်များကို စားသောက်မိ၍ တစ်ဖြည်းဖြည်းခြင်း အဆိပ်သင့်မှုများ စသည်ဖြင့် ပတ်ဝန်းကျင်မှ မမျှော်လင့်ဘဲ ပေါ်ပေါက်လာသောတတ်သော အဆိပ်များပင် ဖြစ်ပါသည်။

အဆိပ်သည် ပုံသဏ္ဍာန်အမျိုးမျိုးနှင့် ရှိနေတတ်ကြ၏။ ပါးစပ်မှ တစ်ဆင့် လည်ချောင်း၊ အစာအိမ်သို့ ရောက်မှ အန္တရာယ်ရှိသည်ဟု ထင်မှတ်တတ်ကြ၏။ အမှန်မှာမူ ပတ်ဝန်းကျင်အာရုံကို ခံစားနိုင်သော မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်ခန္ဓာစသော ပသာဒရုပ်(၅)ပါးမှာပင် အဆိပ်သည် အလိုအလျှောက် ၀င်ရောက်နိုင်သည်။ ဤသည်တို့မှာ ထင်ရှားသည့် အဆိပ်များပင် ဖြစ်ပါသည်။

အဆိပ်မမည်သော အဆိပ်များ။ ။

ဘုရားဟောဒေသနာပိဋကတ်စာပေတို့တွင် လာရှိသည့် အဆိပ်မမည်သော်လည်း အဆိပ်ကဲ့သို့ အန္တရာယ်ပေးနိုင်သော အဆိပ်များလည်း ရှိပါသည်။ လည်ချောင်းမှ တစ်ဆင့် အစာအိမ်ရောက်မှ အန္တရာယ်ဖြစ်နိုင်သော အဆိပ်များမဟုတ်ကြပေ။ မြင်ရာ၊ ကြားရာ၊ နံရာ၊ ရှူရာ၊ ထိတွေ့ရာ အာရုံ(၅)ပါးတို့မှ ဖြစ်လာနိုင်သော အဆိပ်များပင် ဖြစ်ပါသည်။

သီဟိုဠ်ခေတ်ဖြစ်စဉ်များကို မှတ်တမ်းတင်ထားသော မဓုရရသ၀ါဟိနီကျမ်း၌ “မြွေ၏ အဆိပ်ကိုသာ အဆိပ်ဟု မဆိုအပ်။ မင်းဘဏ္ဍာကိုလည်း အဆိပ်ဟု ဆိုအပ်၏။ မြွေဆိပ်ကား အဆိပ်သင့်သူ တစ်ယောက်တည်းကိုသာ သတ်တတ်၏။ မင်းဘဏ္ဍာကား အလုံးစုံသော အမျိုးစဉ်ဆက်ကို သတ်တတ်၏။” ဟုပြဆို၏။ ထို့ကြောင့် ဤကျမ်းအဆိုအရ မင်းဘဏ္ဍာကိုလည်း အဆိပ်ဟု မှတ်ယူရပေမည်။ (ဥတ္တရောရိယ၀တ္ထု၊ မဓုရရသ၀ါဟိနီကျမ်း။)

သေရည် အဆိပ်။ ။

စူဠနာရဒဇာတ်၌ ဖခင်ရသေ့သည် သားငယ်ရသေ့အား “အဆိပ်ကို မမှီဝဲနှင့်။” ဟုဆုံးမ၏။ သားငယ်က “အဘယ်အရာဟာ အဆိပ်ပါလဲ” ဟုမေးရာ “ချစ်သား၊ လောက၌ အရက်ကို သုရာဟုဆိုအပ်၏။ စိတ်ကို နှစ်သက်စေတတ်၏။ ကောင်းသော အနံ့လည်း ရှိ၏။ ရဲရင့်သော အဖြစ်သို့လည်း ရောက်စေတတ်၏။ သဘောကျနှစ်သက်စေတတ်သော ယင်ပျားအရသာနှင့်တူ၏။ ထိုအရက်ကို မြတ်သောအကျင့်ကို ကျင့်သူတို့အတွက် အဆိပ်ဟု မှတ်အပ်၏။” ဟုပြောဆို ဆုံးမခဲ့ပါသည်။ (ဇာတက၊ ၁၊ ၂၆၁၊ စူဠနာရဒဇာတ်။)

ဤဇာတ်တော်အလိုအရ အရက်ကို အဆိပ်ဟု ဆိုလိုပါသည်။

ကာမဂုဏ် အဆိပ်။ ။

ဘုရားရှင်ဇေတ၀န်ကျောင်းတော်၌ သီးတင်းသုံးတော်မူစဉ် သာသနာတော်ကို ငြီးငွေ့နေသော ရဟန်းတစ်ပါးကို အကြောင်းပြု၍ ဟောတော်မူသော ဂု မ္ဘီယဇာတ်၌ “လူတို့တွင် ကာမဂုဏ် (၅)ပါးအပေါင်းသည် အဆိပ်မည်၏။ ထိုကာမဂုဏ် (၅)ပါးအပေါင်းဟူသော အဆိပ်သည် အာမိသလည်း မည်၏။ အနှောင်အဖွဲ့လည်း မည်၏။ ခန္ဓာကိုယ်တည်းဟူသော လှိုဏ်၌ ကိန်းအောင်းတည်နေတတ်သော သေမင်းနှင့် တူ၏။” ဟု ဟောတော်မူခဲ့ပါသည်။ (ဇာတက၊ ၁၊ ၁၃၀၊ ဂု မ္ဘီယဇာတ်။)

ဤဇာတ်တော်အလို ကာမဂုဏ် (၅)ပါးကို အဆိပ်ဟု ဆိုလိုပါသည်။

နီတိကျမ်းလာ အဆိပ်များ။

စာဏကျဆရာကြီး ရေးသားသော သက္ကတနီတိကျမ်း၌ ပြဆိုသော အဆိပ်များမှာ……

၁။ ညဥ့်အခါ၌ လှည့်လည်သွားလာခြင်း။

၂။ ပြည့်ရှင်မင်းနှင့် ပေါင်းခြင်း။

၃။ သူတစ်ပါး သားမယားအပေါ် တပ်မက်သောသူ။

၎။ မကုစားဘဲထားသော အနာ။

(တနည်း)

၁။ အပြီးတိုင် မသင်အပ်သော ပညာ။

၂။ မကြေညက်သော အစာ။

၃။ ဆင်းရဲသောသူတို့အတွက် ပွဲလမ်းသဘင်။

၎။ အသက်အရွယ်ကြီးသူတို့အတွက် ငယ်ရွယ်သော မိန်းမ။

တို့သည် အဆိပ်မည်၏ ဟုဆို၏။

ဤနီတိကျမ်းအဆိုအရ အဆိပ်(ဂ)မျိုးဟု မှတ်ယူရပါမည်။

ရတနာ(၃)ပါး အဆိပ်။ ။

“ထက်မြတ်ဝှန်ဆူ၊ အဆိပ်ဟူသည်၊ သင့်သူသာမျှ၊ သေတတ်စွရှင့်။ သမဏ ဗြဟ္မဏာ၊ အရိယာဟု၊ သံဃာ ရဟန်း၊ ကျင့်ခန်းမြတ်သူ၊ အဆိပ်မူကား၊ ရှင်လူနီးရင်း၊ ဆွေသင်းပင်းနှင့်၊ မကြွင်းပျက်စီး၊ လောင်သည့်မီးသို့၊ သေပြီးဆက်ဆက်၊ ငရဲဆက်၏။” (မဃဒေ၀၊ ၄၇၃။)

ရတနာ(၃)ပါးနှင့် ရတနာ(၃)ပါးတို့၏ ပစ္စည်းတို့သည် အဆိပ်မဟုတ်သော အဆိပ်စာရင်းတွင် တင်သင့်၏။ အဘယ့်ကြောင့်ဆိုသော် ရတနာ(၃)ပါးတို့မှ သင့်ရောက်သော အဆိပ်သည် ပစ္စုပ္ပန်တွင် လက်တလော သေစေတတ်သည်သာ မဟုတ်သေး။ တစ်သံသရာလုံးပင် ဒုက္ခရောက်စေနိုင်။ ဆိုးကြိုး ဖြစ်စေနိုင်သောကြောင်ပင် ဖြစ်ပါသည်။

သက်သေပြစရာ သာဓကပေါင်းများစွာပင် ရှိပါသည်။ ဘုရားရှင်ကို စွပ်စွဲသော စိဉ္စမာန၊ ဘုရားရှင်ကို ပြစ်မှားသော သုပ္ပဗုဒ္ဓ၊ သံဃာသင်းခွဲသော ဒေ၀ဒတ် တို့သည် ထိုအပြစ်ကြောင့် အရှင်လတ်လတ် မြေမြိုခြင်း ခံကြရ၏။ ရှင်မဟာကစ္စည်းကို စိတ်အကြံမျှဖြင့် ပြစ်မှားမိ၍ မိန်းမဖြစ်ခဲ့ရသော သောရေယျ သူဋ္ဌေးသား၊ သီလရှိသော ခန္တီဝါဒီရသေ့အား ပြစ်မှားသော ကလာဗုမင်း၊ ကိသ၀စ္ဆရသေ့အား ပြစ်မှားသော ဒဏ္ဍကီမင်း စသည်တို့ ဖြစ်ပါသည်။ ကလာဗုမင်းနှင့် ဒဏ္ဍကီမင်းတို့သည် မိမိတို့ တစ်ဦးတည်းသာ ပျက်စီးခဲ့ကြသည် မဟုတ်။ ပြည်သူ ပြည်သားအားလုံးနှင့် တိုင်းပြည်ပါ ပျက်စီးဆုံးရှုံးခဲ့ကြခြင်း ဖြစ်ပါ၏။

အရှင်မဟာမောဂ္ဂလာန်နှင့် အရှင်လက္ခဏတို့ ဂိဇ္ဈဂုတ်တောင်မှ ဆင်းသက်လာကြစဉ် တွေ့မြင်ရသော ပြိတ္တာများဝတ္ထုတွင် မစင်စားနေရသော ပြတ္တာ၊ ကျီးကန်းပြိတ္တာ တို့သည် သံဃာတော်များအား ပြစ်မှားခဲ့သောကြောင့် သင့်ရောက်သောအပြစ်၊ အဆိပ်များပင် ဖြစ်လေသည်။ (စတုတ္ထပါရာဇိက၊ ၀ိနီတ၀တ္ထု၊ ၀ိ၊ ၁၊ ပါ၊ ၅၈။)

မည်သည့်အဆိပ်ပင်ဖြစ်စေ သင့်ရောက်လျှင် အန္တရာယ်ရှိသည်ချည်းပင် ဖြစ်သည်။ အဆိပ်စစ်ထက် အဆိပ်မဟုတ်သော အဆိပ်တို့က ပိုမို၍ အန္တရာယ်ပေးနိုင်လေသည်။ အဆိပ်စစ်က အဆိပ်မှန်းသိ၍ အလွယ်တကူ ရှောင်နိုင်ကြ၏။ အဆိပ်မဟုတ်သော အဆိပ်က အဆိပ်မှန်းမသိ၍ ပြုမိ၊ ပြောမိ၊ လုပ်မိတတ်ကြ၏။ ထို့ကြောင့် ပိုမို၍ အန္တရာယ်ကြီးခြင်း ဖြစ်လေသည်။ သို့ဖြစ်၍ ကျန်းမာလိုသူ၊ အသက်ရှည်လိုသူ၊ ဘေးအန္တရာယ်ကင်းလို သူတိုင်းသည် လူကို အန္တရယ်ပေးတတ်သည့် အဆိပ်နှင့် အဆိပ်မဟုတ်သော အဆိပ်တို့မှ ကင်းဝေးအောင် ရှောင်ကြဉ်ကြရမည် ဖြစ်ပါသည်။

တက္ကသိုလ် မောင်ကိုရင်