“အရှင်ဘုရား…..တပည့်တော်တို့မှာတော့ စားဝတ်နေရေးအတွက်ရှာဖွေရတာ နေ့စဉ်မိုးသောက်ပါပဲ၊ မျက်စိနှစ်လုံးပွင့်လာက တည်းက ရှာဖွေကြရပါတယ်။ဒီလိုရှာဖွေရတဲ့အခါမှာ အဆင်ပြေတဲ့အခါဆိုတော်ပါရဲ့ဘုရား၊ အလုပ်အကိုင်အဆင်မပြေတဲ့အခါမျိုးဆိုရင် စိတ်ဖိစီးမှုတွေ၊စိတ်ဆင်းရဲမှုတွေနဲ့ များစွာကြုံရပါတယ်ဘုရား၊ ဒါကြောင့်လဲ ပြည်ပမှာအချို့သူများဟာ စိတ်ဖိစီးမှုများတဲ့အတွက် မခံနိုင်လို့ ထွက်ပေါက်အဖြစ် ကိုယ့်ကိုယ်ကို သတ်သေကြတဲ့အထိတောင်ဖြစ်ကြရတယ်ဘုရား။ဒါဟာ လူသားတွေရဲ့ နေ့စဉ် တွေ့ကြုံရတဲ့ ပရိယေသန ဒုက္ခတွေပါဘုရား၊ အရှင်ဘုရားတို့မှာတော့ အေးဆေးလိုက်တာ အချိန်ကျရင် ဆွမ်းက အဆင်သင့်ပဲ၊ စားဝတ်နေရေးအတွက် ပူစရာမလိုဘူး လို့ထင်ပါတယ်ဘုရား။ တပည့်တော်တို့နဲ့နှိုင်းယှဉ်ရင် အရှင်ဘုရားတို့ရဲ့ရဟန်းဘ၀ဟာ အေးချမ်းလှပါတယ်ဘုရား” ။
အထက်ပါစကားများဟာ ပြည်ပနိုင်ငံမှာ အလုပ်လုပ်နေရှာတဲ့ ရင်းနှီးတဲ့အမျိုးသမီးတစ်ဦးထံက အီးမေးလ်ပို့လာတဲ့ စာထဲမှ အချို့ဖြစ်ပါတယ်။ လူ့ဘ၀နဲ့ရဟန်းဘ၀ဟာ မတူညီတာမှန်ပေမဲ့လို့ လူ့ဘ၀အနေတတ်ရင် အထက်တန်းရောက်နိုင်သလို၊ ရဟန်းဘ၀မှာ မနေတတ်ရင် အဆင့်အတန်းနိမ့်ကျပြီး အပါယ်ငရဲကျရောက်ရပါလိမ့်မယ်။ တကယ်တော့ ရဟန်းဘ၀ဆိုတာ စားဝတ်နေရေးအတွက် ပင်ပင်ပမ်းပမ်းမရှာဖွေရဘူး ဆိုပေမဲ့ ဓါးသွားပေါ်လမ်းလျှောက်နေရတဲ့ဘ၀ အနေခက်လှတယ်ဆိုတာ သိစေချင်ပါတယ်။ ရဟန်းတို့စောင့်ထိန်းရတဲ့ သီလကိုကြည့်မယ်ဆိုရင် သိက္ခပုဒ်ပေါင်း ၂၂၇ပုဒ်ရှိတဲ့အပြင် အကျယ်အားဖြင့် ကုဋေကိုးထောင်ကျော်ရှိပါ တယ်။ ဒီသိက္ခာပုဒ်တွေကို သတိကြီးစွာထားပြီး စောင့်ထိန်းကြရပါတယ်။ စာဖတ်သူများသိအောင် ရဟန်းဘ၀အမြင်ကို တင်ပြပေးလိုပါတယ်။
အခါတစ်ပါး ဘုရားရှင်ဟာ ရဟန်းသံဃာတော်များနဲ့အတူ ကုရုတိုင်းကြီးအတွင်း ဒေသစာရီကြွချီတော်မူခဲ့ရာ ကုရုတိုင်းသူ-တိုင်းသားတို့နေထိုင်ရာ ထုလ္လကောဌိက နိဂုံးကြီးတစ်ရွာကို ရောက်ရှိတော်မူပါတယ်။ ဘုရားရှင်ဟာ နောက်ပါသံဃာတော်များစွာနဲ့အတူ ထိုနိဂုံးရွာကြီးရဲ့မနီးမဝေး တောအုပ်ကြီးအတွင်း သီတင်းသုံးနေတော်မူပါတယ်။ ဘုရားရှင်ဟာ ခရီးတစ်ခုကို ကြွတော်မူတယ်ဆိုတာ အကြောင်းရှိလို့သာကြွတာပါ၊ အကြောင်းမဲ့မကြွတတ်ပါဘူး။ အခုလဲ ဒီထုလ္လကောဌိကနိဂုံးရွာမှာ နေထိုင်တဲ့ သူဌေးသား တစ်ယောက်ကို အကြောင်းပြုပြီး ကြွတော်မူခဲ့တာပါ။ သူဌေးသားရဲ့နာမည်က ‘ရဋ္ဌပါလ’ ဖြစ်ပါသတဲ့။ ဒါကိုကြည့်ခြင်းဖြင့် ဘုရားရှင်ဟာ ကျွတ်တန်းဝင်မဲ့သူ တစ်ဦးလောက်ပဲရှိစေဦးတော့ ထိုသူရှိတဲ့နေရာဆီသို့ ကိုယ်တော်တိုင်အပင်ပမ်းခံကာ ကြွတော်မူခဲ့ပါတယ်။ ဒါဟာ ဘုရားရှင်ရဲ့ အတုမရှိ ကရုဏာမေတ္တာတော်တွေပါပဲ။
ဘုရားရှင်ဟာ ထုလ္လကောဌိကနိဂုံးရွာသူ-ရွာသားများအား တရားဟောတော်မူပါတယ်။ တရားနာပရိသတ်ရဲ့အစွန်ဆုံးမှာ ရဋ္ဌပါလသူဌေးသားလဲတရားလာနာပါတယ်။ တရားအဆုံးမှာ ရဋ္ဌပါလသူဌေးသားဟာ ဘုရားရှင်ဟောတော်မူခဲ့တဲ့တရားတော်အပေါ် သူ့အမြင်ကို သုံးသပ်တယ်။ ဘုရားရှင်ဟောတော်မူတဲ့တရားအရဆိုရင်တော့ လူ့ဘောင်မှာနေလို့မသင့်၊ ရဟန်းဘောင်တက်ပြီး ကျင့်မှဖြစ် မယ်ဆိုတာကို သဘောပေါက်တယ်။ဒါနဲ့ အမိအဘများထံခွင့်ပန်တယ်၊ ဒီနေရာမှာတိုတိုပဲပြောရအောင်။ ရဟန်းပြုခွင့်ရတယ်ဆိုရင်ပဲ ဘုရားရှင်ထံပြန်လာပြီး ရဟန်းပြုပါတယ်။ဒီလိုနဲ့ ရဋ္ဌပါလရဟန်းတော်ဟာ ဘုရားရှင်နဲ့အတူ သာဝတ္ထိမြို့ကို လိုက်ပါလာခဲ့ပါတယ်။
သာဝတ္ထိမြို့ဇေတ၀န်ကျောင်းတော်ရောက်တယ်ဆိုရင်ပဲ အရှင်ရဋ္ဌပါလဟာ တစ်ပါးတည်း ဆိတ်ငြိမ်တဲ့နေရာကို သွားပြီး တရားအားထုတ်လိုက်တာ ရက်အနည်းငယ်အတွင်း အာသဝေါကင်းကွာရဟန္တာဖြစ်တော်မူခဲ့ပါတယ်။ တစ်နေ့ ရဟန်းတော်ဟာ ဘုရားရှင်ထံခွင့် ပန်ကာ ဇာတိချက်ကြွေ မွေးရပ်မြေဖြစ်တဲ့ ထုလ္လကောဌိကနိဂုံးရွာကို ပြန်ကြွတော်မူလာခဲ့တယ်၊ ကုရုတိုင်းရဲ့တစ်နေရာရောက်တော့ မင်းရဲ့ ဥယျာဉ်တော်အတွင်း နေ့သန့်စင်တော်မူနေပါတယ်။ ထိုအခိုက် ဥယျဉ်မှုးက သူဌေးသားရဟန်းတော် ဥယျာဉ်တော်အတွင်း ရောက်နေပါကြောင်း ကောရဗျမင်းအား အကြောင်းကြားလိုက်ပါတယ်။
ကောရဗျမင်းဆိုတာက ကုရုတိုင်းကို အစိုးရတဲ့ရှင်ဘုရင်ဖြစ်တယ်။ ဘုရင်ကြီးဟာ ရဋ္ဌပါလသူဌေးသား ဘာ့ကြောင့်ရဟန်းပြုတယ် ဆိုတာနဲ့ပတ်သက်ပြီး စိတ်ဝင်စားနေပါတယ်။ မင်းကြီးအံ့သြမယ်ဆို လဲအံ့သြစရာပါပဲ။ အရွယ်ကြည့်ပြန်ရင်လဲ ငယ်ရွယ်သူဖြစ်သလို သူဌေးသားလဲဖြစ်တော့ ကာမဂုဏ်တွေကို အလိုရှိတိုင်းသုံးဆောင်နိုင်တဲ့အခွင့်အရေးလဲရှိနေတယ်။ ကျန်းမာရေးကလဲကောင်းနေတယ်၊ ဒီလို လောကီစည်းစိမ်မျိုးကို ဘယ်သူမှ အဆုံးရှုံးခံမှာမဟုတ်ဘူး။ အခုတော့ ရဋ္ဌပါလသူဌေးသားဟာ သူထင်ထားတာနဲ့တစ်ခြားစီ ကာမဂုဏ်စည်းစိမ်အားလုံးကိုစွန့်ပြီး ရဟန်းပြုသွားတယ်။ ဒါနဲ့စပ်ပြီး ဘုရင်ကြီးဟာ သူဌေးသားအပေါ် အရမ်းစိတ်ဝင်စားနေတာကြောင့် ရဟန်းကိုတွေ့မြင်သူရှိရင် အကြောင်းကြားရမယ်လို့ အမိန့်တော်ရှိထားတာဖြစ်တယ်။
ဒါကြောင့်လဲ ဥယျာဉ်စောင့်တဲ့လူဟာ ရဟန်းကိုမြင်လို့ ဘုရင်ကြီးအား လျှောက်ခြင်းဖြစ်တယ်။ ကောရဗျမင်းလဲ ချက်ချင်းဆိုသလို မင်းဥယျာဉ်တော်သို့ ရောက်လာကာ ရဋ္ဌပါလရဟန်းတော်အား ရှိခိုးဦးချပြီး “အရှင်ဘုရား…. လောကမှာ ကံမကောင်းအကြောင်းမလှ ဒုက္ခရောက်လို့ပဲဖြစ်စေ၊ အနာရောဂါ ထူပြောပြီး ကျန်းမာရေးမကောင်းလို့ပဲဖြစ်စေ၊ စီးပွားဥစ္စာများဆုံးပါးကာ ဘ၀မှာ ရစရာမရှိအောင် ဆင်းရဲသွားလို့ပဲ ဖြစ်စေ၊ အိုမင်းမစွမ်းလို့ပဲဖြစ်စေ အကြောင်းကြောင်းကြောင့် ရဟန်းပြုကြတာ တွေ့ရပါတယ်ဘုရား၊ အခုတော့အရှင်ဘုရား မှာ အရွယ်ကလဲငယ်ူ၊ကျန်းမာရေးကလဲကောင်း၊ စီးပွားဥစ္စာများလဲ ချမ်းသာနေပါရက်နဲ့ ဘာ့ကြောင့် ရဟန်းပြုရတာလဲဘုရား”… လို့ ရဟန်းတော်အားမေးလျှောက်ပါတယ်။
ထိုအခါ ရဟန်းတော်ဟာ သူလူ့ဘ၀ဖြစ်စဉ်တုန်းက ရဟန်းဘ၀သို့ မရောက်ရောက်အောင်တွန်းပို့ပေးလိုက်တဲ့ ဓမ္မသဘာဝတရား လေးမျိုးကို ဘုရားရှင်ထံမှ နာယူခဲ့ရတဲ့အတိုင်း ပြန်လည်မိန့်ကြားတော်မူပါတယ်။
(၁) “ဒကာတော်မင်းကြီး…..သတ္တလောကကြီးအတွင်း ရှိကြတဲ့ လူနတ်ဗြဟ္မာ သတ္တ၀ါအားလုံးဟာ သတ္တ၀ါရယ်လို့ ဖြစ်လာကတည်းက စက္ကန့်၊ မိနစ်၊နာရီ ၊ နေ့၊ ရက်၊ လ၊ နှစ် တဖြေးဖြေးနဲ့ကြီးရင့်လာကြတယ်။ ဒါဟာ မွေးလာကတည်းက အိုခြင်းတရားကြီးဟာ အချိန်နဲ့အမျှ ကြီးရင့်အောင် တွန်းပို့ ခံနေကြရတာပါ။ ဒါတင်မက နောက်ဆုံးဘ၀တစ်ခုရဲ့အဆုံးနိဂုံ်းဖြစ်တဲ့ သေခြင်းတရားဆီကိုလဲ တွန်းပို့ခံနေကြ ရပါတယ်။ ဒါကြောင့်လဲ သတ္တ၀ါတွေဟာ အိုမှု သေမှု အဆင့်ဆင့်တွန်းပို့ခံနေကြရတဲ့အတွက် မတည်မြဲကြဘူး၊ ဘာ့ကြောင့်ဆိုရင် ကြီးရင့်မှုမရှိတဲ့ဘ၀၊ သေခြင်းမရှိတဲ့ဘ၀ရယ်လို့ မရှိလို့ပါပဲ။
ကျုပ်ဟာ လူ့ဘ၀တုန်းက ချမ်းသာတယ်၊ငယ်ရွယ်တယ်၊ ကျန်းမာရေးကောင်းတယ်ဆိုပေမဲ့ ကြီးရင့်ခြင်း၊သေခြင်းဆိုတဲ့ သဘာဝ တရားတွေရဲ့ အတွန်းပို့ကိုခံနေရသူတစ်ဦးပါ။ ကျုပ်သာမဟုတ် အရှင်မင်းကြီးလဲ ထို့အတူပါပဲ၊ သူဌေးသား၊ဆင်းရဲသား၊ကုန်သည်၊လယ်လုပ် စတဲ့အလွှာအသီးသီးမှာ ရှိနေကြတဲ့ သူများအားလုံး ကြီးရင့်ခြင်း၊သေခြင်းတရားတွေရဲ့ အတွန်းအပို့ကို မခံချင်ဘဲခံနေကြရပါတယ်။ ထိုမျှသာမက သုံးဆယ့်တစ်ဘုံရှိ လူနတ်ဗြဟ္မာသတ္တ၀ါအားလုံးလဲ ထိုနည်းတူစွာပါပဲ။
သတ္တ၀ါများဟာ အထက်ကပြောခဲ့သလို အဆင့်ဆင့်တွန်းပို့မှု ခံနေကြရတာဟာ ဘာ့ကြောင့်လဲဆိုရင် ကိလေသာတဏှာတရား ကြောင့်လို့ပြောရပါလိမ့်မယ်။ ဓမ္မစင်္ကြာသုတ်တော်မှာ အကြင်ကိလေသာတဏှာတရားဟာ ဘ၀အသစ်ကို တစ်ဖန်ဖြစ်စေတတ်တယ် လို့ဆိုထားပါတယ်။ ဒါကြောင့်မို့လို့ လက်သည်တရားခံဖြစ်တဲ့ ကိလေသာတရားတွေကို အရင်ရှင်းမှာရပါ့မယ်။ ကိလေသာကသုံးမျိုးရှိတယ်။ (က) ၀ိတိက္ကမကိလေသာ…တဲ့။ ၀ိတိက္ကမကိလေသာဟာ ကိုယ်နဲ့နှုတ်လွန်ကျုးတဲ့ အကြမ်းစား ကိလေသာဖြစ်တယ်။ ဒီဝိတိက္ကမ ကိလေသာကိုတော့ သီလနဲ့ပယ်ရပါတယ်။ (ခ) ပရိယုဋ္ဌာနကိလေသာ..တဲ့။ ပရိယုဋ္ဌာနကိလေသာက စိတ်ထဲမှာ ထကြွသောင်းကျန်းတဲ့ အလတ်စားကိလေသာ ဖြစ်တယ်။ ထိုပရိယုဋ္ဌာနကိလေသာကိုတော့ သမာဓိနဲ့ပယ်ရပါတယ်။ (ဂ) အနုသယကိလေသာ…တဲ့။ အနုသယကိ လေသာဟာ ဘ၀သံသရာအဆင့်ဆင့်က ကိန်းအောင်လာခဲ့တဲ့ ကိလေသာတွေပါ။ ဒါဖြင့် ဒီအနုသယကိလေသာတွေက ဘယ်နားမှာ ကိန်း အောင်းနေပါလဲလို့မေးကြည့်မယ်ဆိုရင် ဥပမာ မီးဟာ မီးချစ်ဆံမှာလဲမရှိဘူး၊ မီးခြစ်ကျောက်မှာလဲ မရှိပါဘူး၊ မီးခြစ်ဘီးမှာလဲမရှိပါဘူး။ ဒါပေမဲ့ အားလုံးတိုက်ဆိုင်စွာ ခတ်မိတဲ့အခါမှသာ မီးပွင့်လာရသလို အနုသယကိလေသာတွေဟာ အကြောင်းတိုက်ဆိုင်မှုရှိမှ ဖြစ်ပေါ်လာကြတာပါ။ လောဘ၊ဒေါသ ဖြစ်ဖွယ်ရာအာရုံတွေနဲ့ကြုံတဲ့အခိုက်မှာသာ လောဘ၊ဒေါသကိလေသာတွေဟာ ဘွားကနဲပေါ်လာကြ တာပါ။ အကြောင်းမတိုက်ဆိုင်ဘူးဆိုရင် ကိုယ့်သဏ္ဍာန်မှာ အနုသယအနေနဲ့ပဲကိန်းအောင်းနေပါတယ်။ ထိုအနုသယကိလေသာတို့ကိုတော့ ပညာနဲ့ပယ်မှရပါတယ်။
ဒါကြောင့် အိုခြင်း၊ သေခြင်း ဆိုတဲ့ ဓမ္မသဘာဝတရားတွေကနေ လွတ်ငြိမ်းချမ်းသာခွင့်ရအောင် တရားခံဖြစ်တဲ့ကိလေသာတွေကို ပယ်သတ်ဖို့အတွက် ရဟန်းဘ၀ဟာ အသင့်တော်ဆုံးပါ။ ရဟန်းဘ၀မှာ အိုမှု၊နာမှုမှ ထွက်မြောက်ကြောင်း ကောင်းမြတ်တဲ့ သီလ၊သမာဓိ၊ပညာတရားများကို အပြည့်အ၀ကျင့်သုံးနိုင်ပါတယ်။ ဒီလိုကျင့်သုံးနိုင်အောင်ဖို့အတွက် “ထောင်မြင်ရာစွန့်”ဆိုတဲ့အတိုင်း တန်ဖိုးနည်းတဲ့ကာမဂုဏ်စည်းစိမ်ချမ်းသာတွေကို စွန့်လွတ်ကာ ရဟန်းဝတ်လာခဲ့ရခြင်းဖြစ်တယ်”…။
(၂)ဒကာတော်မင်းကြီး…သတ္တ၀ါတွေဟာ ဘေးရောဂါဆိုးတွေနဲ့ ရင်ဆိုင်လာရတဲ့အခါ အားကိုးစရာရှာကြတာ သဘာဝပါ။ ဒါပေမဲ့ သတ္တ၀ါတွေမှာ ရောဂါဆိုးကြီးတွေမှ ကင်းလွတ်အောင် စွမ်းဆောင်ပေးနိုင်တဲ့သူ အားကိုးရတဲ့သူကိုရှာဖွေလို့ မတွေ့ရတဲ့အတွက် အားငယ်နေကြရသူတွေပါ။ ဒါကြောင့်လဲ ဘုရားရှင်က လောကမှာမိဘသားသမီးမကယ်နိုင်တဲ့ဘေးဆိုးကြီးတွေဆိုတာရှိတယ်။ အဲဒါကို “အမာတာ ပုတ္တိကဘယာတိနာမ” လို့စာပေကဆိုပါတယ်။ အိုမှု နာမှု သေမှုတွေနဲ့ရင်ဆိုင်ရပြီဆိုရင် မိဘကလဲသားသမီးကို မကယ်နိုင်သလို သားသမီးကလဲ မိဘကို မကယ်နိုင်ကြ။ တောင်မင်းကို မြောက်ကမင်းမကယ်နိုင်ဆိုသလိုပါပဲ။
ပြီးတော့ ဒီလို အို နာ သေဆိုတဲ့ဘေးဆိုးကြီးတွေကို မရင်ဆိုင်ချင်လို့ ရင်ဆိုင်ရမှာကြောက်လို့ဆိုပြီး တောင်အောက်လှိုဏ်ဂူမှာပဲ ပုန်းပုန်း၊ သမုဒ္ဒရာရဲ့အနက်ရှိုင်းဆုံးကြမ်းပြင်အောက်မှာပဲ ပုန်းပုန်း၊ ကောင်းကင်ပေါ်မှာပဲပုန်းပုန်း၊ ဘယ်လိုပဲပုန်းပုန်း ဒီဘေးဆိုးတွေက ပြေးလို့လွတ်မှာ မဟုတ်ဘူး။ ဒီလိုပါပဲ ကျုပ်လဲ သူဌေးသားဆိုပေမဲ့ ဒီဘေးဆိုးကြီးတွေနဲ့ရင်ဆိုင်ရအုံးမှာအမှန်ဖြစ်တယ်။ဒါကြောင့် ဒီဘေးဆိုးကြီးတွေနဲ့ မရင်ဆိုင်ရလေအောင် ဘေးဆိုးတွေကလွတ်ရာလွတ်ကြောင်း ကောင်းမြတ်တဲ့မဂ္ဂင် အကျင့်တရားတွေကို ကျင့်သုံးဖို့ မြတ်ဘုရားထံမှာ ရဟန်းဝတ်ခဲ့သူဖြစ်ပါတယ်..”။
(၃)ဒကာတော်မင်းကြီး…..သတ္တ၀ါတွေမှာကိုယ်ပိုင်ဥစ္စာ မရှိကြဘူး။ ကိုယ်ပိုင်ဆိုင်တယ်လို့မှတ်ထင်နေတဲ့အရာတွေကို မပြောက်ပျက်သွား အောင် ဆုတ်ကိုင်ထားလို့မရပါဘူး။ တစ်နေ့ကျရင် ကိုယ်ချစ်လှတဲ့ သက်ရှိသက်မဲ့အရာမှန်သမျှကို စွန့်ခွါသွား ကြရမှာအမှန်ပါ။ ဒါကြောင့် ယခုလက်ရှိဘ၀မှာ ကိုယ့်သဘောအတိုင်းဆုတ်ကိုင်ထားလို့မရတဲ့ပစ္စည်းဥစ္စာတွေကို ကိုယ်ပိုင်ဖြစ်အောင် စွန့်ကြဲပေးကမ်းလှူဒါန်းမှုနဲ့ ပြောင်းလဲယူရမှာပါ။ မိမိနဲ့ပတ်သက်တဲ့ ဇနီးမယား၊သမီးသား၊ လင်သားဆွေညာများဟာ ဘယ်လောက်ပဲ ချစ်ခင်ပါတယ်ပြောပြော၊ မခွဲနိုင်ဘူးလို့ပဲပြောပြော၊ တစ်နေ့ကျရင် ကိုယ့်ကိုယ်စွန့်ခွာသွားကြမြဲဖြစ်တယ်ဆိုတာ လက်ရှိဖြစ်ပျက်နေတာတွေကိုကြည့်ပြီး ငြင်းစရာမရှိ တော့။ ကိုယ်နဲ့ပတ်သက်တာတွေကို မပိုင်ဆိုင်သလို၊ မိမိကိုယ်ကိုလဲ မပိုင်ဆိုင်ပါ၊ ဒီလိုအကြောင်းအရာတွေကို ဘုရားရှင်က လမ်းကြောင်းညွန်ပြတော်မူခဲ့တဲ့အတွက် အသိအမြင်တိုးတက်လာရခြင်းဖြစ်တယ်။ ဒီလိုနဲ့ ကျုပ်လဲ တစ်နေ့မှာ အားလုံးကို စွန့်ခွာပြီး ဘ၀ခန္ဓာဟောင်းကို စွန့်ခွာသွားကြရမှာဖြစ်တဲ့အတွက် ကျုပ်ဟာ ရဟန်းဘ၀ရောက်လာရခြင်းဖြစ်ပါတယ်..”။
(၄)ဒကာတော်မင်းကြီး…. သတ္တ၀ါတွေဟာ ဘယ်လောက်ပဲ ပြည့်စုံတယ်ပြောပြော လိုချင်မှုတရားတွေကို ထိန်းချုပ်လို့မရပါ။ တစ်ထောင်ရသူက တစ်သိန်းလိုချင်တယ်၊တစ်သိန်းရလာသူက တစ်သန်းလိုချင်တယ်၊ ရသမျှနဲ့မရောင့်ရဲနိုင်ဘူး။ အမြဲတမ်းလိုချင်နေ ပါတယ်။ တဏှာကခိုင်းတဲ့အတိုင်း အငြင်းသာ လုပ်ဆောင်ပေးနေရတဲ့အတွက် သတ္တ၀ါအားလုံးဟာ တဏှာ့ကျွန်တွေချည်းပါပဲ၊ အားလုံးဟာ တဏှာဆိုတဲ့ အရှိန်ဝါရှိတဲ့သူရဲ့ ခိုင်းစေမှုကို အမြဲတမ်းလိုက်နာကာ လုပ်ဆောင်ပေးနေကြရတာပါ။ ဘာလေးစားချင်တယ်ဆိုရင် ကိုယ်တိုင်ပဲ ရအောင်ရှာဖွေပြီး စားရတယ်၊ ပူတယ်ဆိုရင် ရေချိုးပေးရတယ်။ မကျန်းမာဘူးဆိုရင် ဆေးခန်းသွားပေးရပြန်တယ်။ ဘာလေးဝတ်ချင် တယ်ဆိုရင် တန်ဖိုးကြီးတာပဲဖြစ်ပါစေ ပင်ပမ်းခံရှာဖွေပြီး ရအောင် ၀တ်ပေးရပြန်တာပဲ။ ကျုပ်လဲ သူဌေးသားဖြစ်ပေမဲ့ လိုချင်မှုတဏှာရဲ့ကျွန်အဖြစ်ခံခဲ့ရသူပါ။ တဏှာရဲ့အလိုအကြိုက်လိုက်ကာ ရွက်ဆောင်ပေးခဲ့ရပါတယ်။ ဒီလိုရွက်ဆောင်ပေးမှုဟာ အရင်ဘ၀များစွာကလဲ ရွက်ဆောင်ပေးခဲ့ရပြီ၊ အခုလဲ ရွက်ဆောင်ပေးရမြဲ၊ နောင်လဲ ဘ၀မပြတ်သမျှ ရွက်ဆောင် ပေးနေရဦးမှာပါ။ ဒီလို တဏှာကျွန်အဖြစ်မှ လွတ်အောင်ရုန်းချင်တဲ့အတွက် ကျုပ်ရဟန်းပြုလာရတာဖြစ်တယ်” လို့ ရဋ္ဌပါလရဟန်းတော်က ကောရဗျမင်းအားမိန့် တော်မူခဲ့တယ်ဆိုတာ ပြောရင်း ငယ်ရွယ်စဉ်က သြ၀ါဒတက်စဉ် ဆိုခဲ့ရတဲ့သံဝေဂလင်္ကာလေးကိ ကြားယောင်လာမိပါတော့တယ်။
ငါတို့နေရာ ဤကမ္ဘာ တဏှာအုပ်စိုးသည် ။တဏှာစေရာ မနေသာ ဖွေရှာဆက်ရသည်။ ရသည့်ဥစ္စာ ချစ်သူပါ စွန့်ခွာသွားရမည်၊ ခဏမစဲ အိုစမြဲ ကိုယ်လဲသေဘက်နီးခဲ့ပြီ၊ ဇရာမီးတောင် အိုမင်းလောင် သေအောင်မြိုက်တော့သည်။ မသေရခင် သွားလမ်းစဉ် ကြိုတင်ပြင်သင့်သည်။
ရွှင်လန်းချမ်းမြေ့ပါစေ
ဦးကောဝိဒ(မြိတ်)